Saturday, August 31, 2013

310813

ကျမ စာမရေးဖြစ်တာ ကြာပါပြီ။
ဘလော့တွေဆီလဲ ခြေဦးမလှည့်ဖြစ်တာ ကြာပြီ ဆိုပါတော့ ... ။
ကိုယ့်ဘလော့ကိုယ်လဲ တရက်နေလို့ တခါ မရောက်၊ ပို့မယ့်သူ မရှိတော့တဲ့ အီးမေးလ်ကိုလဲ ဝင်မစစ်ဖြစ်နဲ့ … များပြားလှစွာသော အလုပ်တာဝန်တွေကြားမှာ ပိနေခဲ့တယ်။

အရင်က အလုပ်များတယ်ဆိုတာ စာရေးဖို့ အချိန်ရသေးတယ်။ အခုအလုပ်များပုံကတော့ စာရေးဖို့ မပြောနဲ့ စိတ်ကူးဖို့တောင် အချိန်မရတော့ဘူး။ တခါတလေတော့ အမှတ်တရ နေ့ရက်လေးတွေ အကြောင်း ရေးမယ်ဆိုပြီး အင်တာနက် ကွန်နက်ရှင် ကောင်းရင် ကောင်းသလို ပုံလေးတွေ upload တင်ထားပြီး အမှတ်တရ နေ့ရက်တွေသာ တရက်ပြီး တရက်ကုန်လွန်သွားတယ် ဘာစာမှ မရေးဖြစ်လိုက်ဘူး။

တကယ်တမ်းတော့ … သြဂုတ်လဟာ ကျမအတွက် အမှတ်တရ နေ့ရက်လေးတွေနဲ့ ပြည့်နေတဲ့ လ-တလပါ။ လွန်ခဲ့တဲ့ တပတ်လောက်က ပြီးသွားခဲ့တဲ့ ကျမမွေးနေ့ … မနေ့က ၇ - နှစ်ပြည့်သွားတဲ့ ကျမဘလော့လေး မွေးနေ့ အပါအဝင် အမှတ်တရနေ့ရက်တွေကို ခါတိုင်း နှစ်တွေကလို ဘလော့မှာ မှတ်တမ်း မတင်နိုင်ခဲ့ဘူး။ အဓိက အချိန် … နောက်ပြီး ကွန်နက်ရှင် … နောက်ပြီး အာရုံဝင်စားမှု … စသည် စသည် အဆင်မပြေတဲ့အခါ ဘလော့လေးနဲ့ ကျမ တော်တော်လေး ကင်းကွာသွားခဲ့ပါတယ်။

ဘလော့ထက် ပိုပြီး တင်ရပြုရလွယ်တဲ့ ဆူလွယ်နပ်လွယ် ဖေ့စ်ဘွတ်ဘက် ဦးလှည့်သွားလို့ ဘလော့ကို လှည့်မကြည့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘလော့ကို ကျမ ခုချိန်ထိ ရူးသွပ်စွာ ခုံမင်နေဆဲပါ။
***
ဖေ့စ်ဘွတ်မှာ ကိုရန်အောင်က Blog day အတွက် စာရေးဖို့ tag ထားတယ်။ မအားလို့ ကိုယ့်ဘလော့ ၇ နှစ်ပြည့်တောင် မရေးဖြစ်ဘူးဆိုတော့ မြန်မာဘလော့ဂါတွေကို ကိုယ်စားပြုတဲ့ ဒီနေ့မှာတော့ ရေးပါ … တဲ့။ အဲဒီလို ပြောလာမှတော့ မရေးလို့ မကောင်းတော့ဘူး။ (ကိုယ်ကလဲ ရေးချင်ချင်ပါ) ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ကိုယ် ဖုန်သုတ်ရင်း ဘလော့ဒေးအမှတ်တရ ပို့စ်တပုဒ် ရေးလိုက်ရပါတယ်။
***
ကျမနဲ့ ဘလော့

ကျမ ဘလော့စရေးတဲ့နေ့က ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … ဘလော့ဒေးက သြဂုတ်လ ၃၁ ရက် … တဲ့။

ခဏခဏ ရေးဖူးခဲ့သလိုပါပဲ၊ ဖိုရမ်တွေကနေ ဘလော့ကို ရင်းနှီးခဲ့ရတယ်၊ ဖိုရမ်တွေက မော်ဒရေတာတွေကို စိတ်ပျက်ပြီး လွတ်လပ်တဲ့ ဘလော့စာမျက်နှာကို ရောက်လာခဲ့တယ်။ ရေးခါစမှာတော့ ကိုယ့်ထက်အရင် ရေးနေကြတဲ့  ညီလင်းဆက်တို့လို စီနီယာ ဘလော့ဂါတွေကို အတုခိုးပြီး ရေးရတာပါပဲ။ စာရေးချင်စိတ် တခုတည်းနဲ့ ဘလော့ကို ရေးတာမို့ နည်းပညာပိုင်းနဲ့ ပတ်သက်ရင် ဟိုလူ ဒီလူ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ရပါတယ်။
***
ဘလော့နဲ့ ဖောင့်များ (Blog and fonts)

ဘလော့စရေးမယ်ဆိုတော့ ဇော်ဂျီနဲ့ ဝင်း ဘာကိုရွေးမလဲ စဉ်းစားတဲ့အခါ တသက်လုံးသုံးခဲ့တဲ့ ဝင်းဖောင့်ကို စွန့်လွှတ်ပြီး ဇော်ဂျီကိုပဲ ဇွတ်ရွေးခဲ့လိုက်တယ်။ (အဲဒီအချိန်တုန်းက ညီမလေး ဟနက ဝင်းဖောင့်နဲ့ ဘလော့တခု လုပ်ခဲ့ဖူးပါတယ်။) အခု နောက်ပိုင်း ဇော်ဂျီနဲ့ ယူနီကုတ်မှာတော့ ကျမ ဇော်ဂျီကို မစွန့်လွှတ်ဖြစ်ခဲ့ဘူး။ တခြားသူတွေတော့ မသိဘူး၊ ကျမကတော့ ခုထိ ဇော်ဂျီကို ခုံမင်နှစ်သက်စွာ သုံးစွဲနေဆဲပါပဲ။
***
ဘလော့နဲ့ ပုံစံဒီဇိုင်း (Blog and template)

ဘလော့ ပုံစံဒီဇိုင်းကိုရွေးတော့ အဲဒီတုန်းက ကျမ နှစ်သက်တဲ့ ဘလော့ဂါ အများစု သုံးကြတဲ့ အနက်ရောင် ဒီဇိုင်းလေးကို ရွေးချယ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘလော့ပုံစံတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးမှုလေးတွေ ဖြစ်ခဲ့ကြသေးတယ်။ copy cat ပြဿနာဆိုပါတော့။ ကျမကတော့ ဘလော့ ဒီဇိုင်း လှပ ဆန်းကြယ်မှု ရှိမရှိဆိုတာထက် ပါဝင်တဲ့စာကိုသာ အဓိက ထားတာမို့ ဘယ်လို ဒီဇိုင်းဖြစ်ဖြစ် ဖတ်တာပါပဲ။ ဒါပေမဲ့ တချို့ဘလော့တွေ ဝင်လိုက်ရင် အသံတွေထွက်လာတာမျိုး၊ ဆန်းပြားလွန်နေပြီး တော်ရုံကွန်နက်ရှင်နဲ့ ဖွင့်မရဘဲ လေးနေတာမျိုးဆိုရင်တော့ သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် ကျမရဲ့  ဘလော့ကို တတ်နိုင်သမျှ အရိုးရှင်းဆုံးပုံစံပဲ ထားခဲ့ပါတယ်။

ကျမဘလော့ရဲ့ အနက်ရောင်ကို ကြည့်ရတာ အဆင်မပြေဘူးလို့ လူပြောများလွန်းမက များတော့မှ (ကိုရန်အောင် အကူအညီနဲ့) အရောင်နဲ့ ဒီဇိုင်း ပြောင်းခဲ့တာပါ။ အဲဒီအတွက် ကိုရန်အောင်ကို ကျေးဇူးအထူး တင်ပါတယ်။
***
ဘလော့နဲ့ ပို့စ်များ (Blog and posts)

ဘလော့ရေးခါစက တနေ့တပုဒ် မှန်မှန် တင်ခဲ့တယ်။ ဒါတောင် တခါတလေ နှစ်ပုဒ် သုံးပုဒ် တင်ချင်နေသေးတာ။ အဲဒီတုန်းက ဘလော့အရေအတွက်ကလဲ နည်းသေးတော့ တနေ့တပုဒ် မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်လို့လဲ … စသဖြင့် မေးကြမြန်းကြ ဂရုစိုက်ကြပါတယ်။ ဘလော့မှာ တနေ့တပုဒ် ရေးဖြစ်တဲ့အတွက် ဘလော့ဟာ ကျမအတွက်တော့ လေ့ကျင့်ကွင်းတခုလိုပါပဲ။ စာအရေးအသား ပြေပြစ်ချောမွေ့အောင် လေ့ကျင့်ဖြစ်သလို၊ ကဗျာရေးဖို့ လက်သွေးတဲ့ နေရာလဲ ဖြစ်ခဲ့တယ်။

“စာမတတ်ရင် လမ်းမှာဖတ်” … ဆိုတဲ့စကားလို စာရေးတတ်ချင်ရင် ဘလော့ရေးလို့ ကျမကတော့ ပြောချင်တယ်။ စာမတတ်ရင် လမ်းမှာဖတ်တော့ အမှာပါရင် သိတဲ့လူက ကြားပြီး ပြင်ပေးနိုင်တာပေါ့။ အဲဒီလိုပါပဲ ဘလော့မှာ စာရေးဖြစ်တော့ ကိုယ်မှန်တယ် ထင်ထားတဲ့ အချက်အလက် တခုက မှားနေရင် သိတဲ့လူက အမှန် ဝင်ပြင်ပေးသွားနိုင်တာမို့ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ကျမကတော့ ခံယူထားပါတယ်။ ဒါပေမဲ့လဲ အယူအဆရေးရာပိုင်းမှာတော့ တယောက်နဲ့တယောက် ကွဲလွဲတတ်တာမို့ အငြင်းပွါးစရာဖြစ်ပြီး မိတ်ပျက်ရပြန်ပါတယ်။
***
ဘလော့နဲ့ မှတ်ချက်လေးများ (Blog and comments)

ဘလော့မှာ ပို့စ်တခု တင်လိုက်လို့ မှတ်ချက်လေးတွေ ဝင်လာရင် သိပ်ပျော်ပါတယ်။ တစုံတယောက်က ကိုယ့်စာကို အရေးတယူ ဖတ်တယ်၊ ဖတ်ရုံမကဘူး ထင်မြင်ချက်လေးတွေပါ ရေးပေးတယ် … ဆိုတော့ ဘယ်လောက် ဝမ်းသာဖို့ ကောင်းသလဲ။ ဒါပေမဲ့ လောကဓံဆိုတာ အကောင်းရော အဆိုးပါ ဒွန်တွဲနေတာမို့ ကိုယ့်ကို ချီးကျူးတဲ့ မှတ်ချက်တွေချည်း မျှော်လင့်ထားရင် မှားသွားမှာပါ။ တခါတရံ အပြစ်တင်တဲ့၊ တခါတရံ အငြင်းပွါးတဲ့၊ ဒီထက်ပိုရင် ဆဲဆိုတဲ့၊ မှတ်ချက်တွေကိုလဲ ကြုံရပါသေးတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘလော့ကိုယ် တချိန်လုံး မကြည့်နိုင်တာမို့ မှတ်ချက်တွေကို မော်ဒရိတ် လုပ်ထားလိုက်တော့တယ်။
***
ဘလော့နဲ့ စီဘောက်စ် (Blog and c-box)

ဆီပုံးလို့ ချစ်စနိုးသုံးစွဲကြတဲ့ chat box ခေါ် c-box ကို ဘလော့အတော်များများက တပ်ကြပေမယ့် ကျမက လုံးဝ မတပ်ခဲ့ပါဘူး။ ကြိုက်လဲ မကြိုက်ဘူး၊ ပြီးတော့ … ဘလော့ရေးခါစ အနေအထိုင်မတတ်ဘဲ ဆရာသိပ်လုပ်ချင်တဲ့ကျမ … ခဏခဏ အဆဲခံရတော့ စီဘောက်စ်ထဲမှာ အထိမ်းအကွပ်မဲ့ လာဆဲနေမှာကို မလိုလားလို့ စီဘောက်စ် မတပ်ခဲ့တာပါ။ ခင်မင်ရင်းနှီးသူတွေနဲ့ တချို့စာဖတ်သူတွေက စီဘောက်စ်တပ်ဖို့ တိုက်တွန်းကြပေမဲ့ ခုထိလဲ ခေါင်းမာစွာ မတပ်သေးပါဘူး။
***
ဘလော့နဲ့ စာလုံးပေါင်း (Blog and spelling)

ဘလော့အပါအဝင် အင်တာနက် စာမျက်နှာတွေမှာ စာလုံးပေါင်းတွေ မှားကြတယ်။ မှားတတ်တဲ့ အမှားမျိုးက သိပ်အကြောင်းမဟုတ်ပေမဲ့ “ဘုရားသွားကျမယ်” … ဆိုတာမျိုး။ “ဒါကို နေ့တိုင်းလုပ်နေကြ” … ဆိုတာမျိုး (ယပင့် ၊ ရရစ် မှားရေးတာတွေ) “ငါမလုပ်တက်ဘူး … အတက်ပညာ” … စသဖြင့် က-သတ်နဲ့ တ-သတ် မှားတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တာပါပဲ။ ဒါပေမဲ့ ဖြစ်မြဲ ဖြစ်နေဆဲပါပဲ။ သတ်ပုံနဲ့ ပတ်သက်ပြီး ပြောမိလို့ လူမုန်းခံရ အဆဲခံရတာတွေလဲ ရှိခဲ့ဖူးပါတယ်။ ခုတော့ ဖေ့စ်ဘွတ်မှာ ပိုပြီး ဆိုးတာတွေ မြင်နေရတာမို့ အတော်လေး မျက်စိမချမ်းသာ ဖြစ်ရတယ်။ ဒါဟာ …. ခေတ် ခေတ် ခေတ် … ဆိုပြီး စိတ်လျှော့ထားလိုက်ပါပြီ။
***
ဘလော့နဲ့ လှုပ်ရှားမှုများ (Blog and activities)

ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာဘလော့တွေကို လူသိများလာခဲ့တယ်။ ကျမ ဘလော့ကတော့ ရွှေဝါရောင် မတိုင်ခင်ရက်ပိုင်းလေးမှာပဲ ခဏ ရပ်နားခဲ့ရပြီး နောက်မှ ပြန်ရေးခဲ့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘလော့တွေရဲ့ ကဏ္ဍဟာ အရေးပါလာခဲ့တယ်။ များသောအားဖြင့် ဘလော့ဂါတွေကလဲ ညီညွတ်ကြပါတယ်။ ဥပမာ နာဂစ်လိုမျိုး၊ ဧရာဝတီကိစ္စ လိုမျိုးတွေမှာ ဘလော့ဂါတွေလဲ တတ်နိုင်သမျှ ပါဝင်အားဖြည့်ကြ ကူညီကြတယ်။ လူမှုရေးလုပ်ငန်းတွေ၊ အလှူအတန်းတွေမှာလဲ ဘလော့ဂါတွေ တတ်အားသရွေ့ လူအား၊ ငွေအား၊ ဉာဏ်အားတို့ ပါဝင်ပြီး ဆောင်ရွက်ကြတယ်။
***
ဘလော့နဲ့ ဘဝ (Blog and life)

ဘလော့က ကျမဘဝမှာ တစိတ်တဒေသ အရေးပါခဲ့တယ်။ ဘလော့ကြောင့် အကောင်း/အဆိုး ပြောင်းလဲခြင်း နှစ်မျိုးလုံးကို ကြုံခဲ့ရတယ်။ ဒီ ၇ နှစ်အတွင်း မိတ်ဆွေတွေ တိုးလာသလို လျော့လဲ လျော့သွားခဲ့တယ်။ ဆရာကြီး ဒဂုန်တာရာပြောသလို ရန်သူမရှိ မိတ်ဆွေသာရှိချင်သော်လည်း ကိုယ့်ကို အငြိုးတကြီး မုန်းတီးနေသူတွေ ရှိနေဆဲဆိုတာ သိခဲ့ရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဘလော့ဂါ အသိတွေ ပိုတိုးလာခဲ့ပေမဲ့ … သိသာသိလျက် အကျွမ်းခက် … လို့ ဆိုရလေမလား … ။ အန်တီတင့် ဖိတ်လို့ သွားရတဲ့ ညစာစားပွဲတခုက ဘလော့ဂါ ညီမလေးတွေရဲ့ စကားဝိုင်းမှာ ကျမ အတွက် ခေါင်းစဉ်ပျောက်နေသလို ခံစားခဲ့ရတယ်။

ဒီလိုနဲ့ …. မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ … ဗြဟ္မစိုရ်တရားလေးပါးဟာ ဘလော့မှာ ရှိနေခဲ့တယ်။

တကယ်တမ်း ဘလော့က ဘဝမဟုတ်သလို … ဘဝကလဲ ဘလော့မဟုတ်ပါဘူး။
ဘလော့က ကျမ ဘဝရဲ့ အစိတ်အပိုင်းတခုမျှသာ … ။
***
မေဓာဝီ
31.08.13
10.32 pm

မှတ်ချက်။ ။ ခေါင်းစဉ်တခုချင်း အောက်မှာရော၊ နောက်ထပ် ခေါင်းစဉ်ခွဲတွေရော ရေးချင်တာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အချိန်မရ တော့လို့ ဒီမှာပဲ ရပ်လိုက်ပါတယ်။ ဘလော့ဂါများ ကိုယ်စိတ် နှစ်ပါး ချမ်းမြေ့ပါစေ … ။

21 comments:

Yan said...

ဟုတ်တယ် မမေရေ... ကျွန်တော်လည်း ဘလော့ဂ်မှာ လက်ရည်သွေးခဲ့ရတာ... စာရေးကောင်းတဲ့ ဘလော့ဂါတွေကို အတုယူလေ့ကျင့်ခဲ့ရတာ. မမေလည်း ကျွန်တော်အတုယူခဲ့ရတဲ့ ဘလော့ဂါတစ်ယောက်ပေါ့. :)

ဆရာကြီး ဒဂုန်တာရာ ပြောသလို ရန်သူမရှိ၊ မိတ်ဆွေသာ ရှိချင်သော်လည်း ကိုယ့်ကို မုန်းတီးနေသူတွေ ရှိနေဆဲ ဆိုပေမယ့် ရန်သူမရှိတဲ့ လူတစ်ယောက်မှာ မိတ်ဆွေစစ်မရှိဘူး ဆိုတဲ့ စကားလေးလည်း ရှိသေးတယ်မဟုတ်လား။ တစ်ဖက်ကလှည့်တွေးလိုက်ရင် မမေမှာ မိတ်ဆွေစစ်တွေ ရှိလို့ ခါးခါးသည်းသည်း မုန်းတီးနေတဲ့ ရန်သူစစ်တွေလည်း ရှိနေတာ ဖြစ်ပါလိမ့်မယ်။ ရန်သူကို ရန်သူမှန်း သိနေရတာကိုက ကံကောင်းခြင်းတစ်မျိုးပဲလေ။ မဟုတ်ရင် မြွေပွေးကို ခါးပိုက်ပိုက်မိလျက်သား ဖြစ်နေဦးမှာ...

ဘာပဲပြောပြော ဒီပို့စ်လေးကို ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် မမေ.
ဆက်လက်ပြီး စာကောင်းပေမွန်လေးတွေ ရေးသားနိုင်ပါစေဗျာ...

Angelhlaing(May everybody be happy and healthy! said...

ဘလော့ဒေးလေးကို မအားတဲ့ကြားကနေပဲ ပြည့်ပြည့်စုံစုံလေး ရေးထားတာမို့ ဖတ်ရတာ ကျေနပ်စရာပလေးပဲ ..မမ .. Happy Blog Day ..ပါမမ :)

cool emerald said...

ဒီဘလော့က ပို့စ်တော်တော် များများကို နှစ်သက်မိပါတယ်။ စောင့်မျှော် ဖတ်နေဦးမှာပါ။

ညီလင်းသစ် said...

အချိန် အခက်အခဲ၊ ကွန်နက်ရှင် အခက်အခဲတွေ ကြားကနေ ဘလော့ဂ်လေးဆီကို အပြေးအလွှား ပြန်လှည့်ဝင်လာတာ ဝမ်းသာမိတယ် မမေ...၊း) ဟိုး..အရင်တုန်းက တစ်နေ့တစ်ပုဒ် ရေးခဲ့သလို ကျနော့်ဆီမှာ ပို့စ်အသစ် တက်တိုင်းလည်း (အချိန်အားဖြင့်လည်း သိပ်မကွာတော့) အမြဲလိုလို ချက်ချင်းရောက်လာပြီး လာအားပေးခဲ့တဲ့ ကာလတွေကို ပြန်သတိရတယ်...၊

မမေရဲ့ ဘလော့ဂ်.. အနက်ရောင် ဖြစ်ခဲ့ဖူးတာ အခုမှ သိရတယ်၊း)) ကျနော်သိတဲ့ အချိန်မှာ ပြာနေပြီ၊ အင်း.. တစ်ခါမှတော့ မ “နီ” ခဲ့ဖူးပါဘူးနော်...၊းP ဘယ်လိုအကြောင်းပဲ ရှိရှိပါ၊ ဘလော့ဂ်လောကကို သံယောဇဉ်ရှိပြီး စာရေးကောင်းတဲ့ မမေ.. ကျန်းမာစွာနဲ့ ရှိနေဖို့နဲ့ တစ်နေ့မှာဖြစ်ဖြစ် ဘလော့ဂ်မှာ စာတွေ ဆက်ရေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ...။ ပျော်ရွှင်ဖွယ်ရာ ဘလော့ဂ်နေ့ ဖြစ်ပါစေနော်...။

SHWE ZIN U said...

မမေဓါဝီ ရေ

နှစ်တိုင်း ဒီနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော် ခွန်အားတွေ အများကြီးပေးခဲ့တဲ့ ဘလော့ဂ်လေး ကို ဘယ်တော့မှ မမေ့ဘူး

ချစ်တဲ့
အမကြီး

နတ္ထိ said...

blogနဲ့ ဗြဟ္မဝိဟာရ အမြဲ သဟဇာတဖြစ်နေပါစေဗျာ။

ညိုလေးနေ said...

Happy Belated Blog Day Ma Ma !

seesein said...

ရွှေပြည်က ဘလော်ဂါတွေရဲ့ ဇွဲသတ္တိကို အံ့မခန်းချီးကျူးဂုဏ်ယူပါတယ်ဗျာ.....ဘ၀ရဲ့တစိတ်တပိုင်းဖြစ်တဲ့ ဘလော့လေးကို မမေ့ဘဲစာတွေများများကြီးရေးနိုင်ပါစေ....

ရွှေအိမ်စည် said...

စိတ်ဝင်စားစရာတော်တော်များများကို ဖတ်သွားခဲ့တယ် မမ...။
ဘလော့ဂ်ဟာ စာရေးသားခြင်းကို အားပြည့်စေခဲ့တယ်ဆိုလည်း မမှားပါဘူးလေ...။
ဘလော့ဂ်ဂါတွေရဲ့ စိတ်ခံစားချက်တွေကို ဒီပို့စ်လေးတွေက တဆင့်မြင်ခွင့်ရလိုက်တယ်...။
ပျော်ရွှင်ပါစေ မမ..။ :))

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးမင်း မှတ်မိသလောက်တော့ အပြာရောင်ခေတ်ပါ။ အခုပုံစံမျိုးလေးအတိုင်းပါဘဲ။ ဟိုတုန်းက နက်ခဲ့ဖူးတာ အခုမှ သိရတယ်။ အင်း... နက်ပြာပိုင်ရှင်လေးကိုး။း)

အမ ရွှေစင်ဘလော့ကိုလဲ နေ့စဉ် ဟိုကပတ်ဝင် ဒီကပတ်ဝင်နဲ့ ၀င်ကြည့်တာ တစ်ခါမှ ၀င်လို့မရခဲ့ဘူး။ ဘာတွေဖြစ်နေကြတယ်မသိ အမရွှေစင်နဲ့ စစ တို့။

Kay Thwel said...

ပြည်တွင်းကနေပြီး နာမယ်အစစ် နဲ့ ရေးစရာရှိတာ ရဲရဲရင့်ရင့် ရေးခဲ့လို့ ဘလော့သွေးစည်းမူ နဲ့ စိတ်ပူပေးခဲ့ရဘူးတဲ့ ခေတ်ဦးဘလော့ဂါ တယောက်။

လရိပ်အိမ် said...

စာတွေအများကြီးရေးနိုင်တဲ့ မမဘဲနော်။ ဘလော့ဂ်ဒေးမှာရေးထားတဲ့ ဘလော့ဂ်နဲ့ပတ်သက်သော အကြောင်းအရာများဖတ်သွားပါတယ်။

ဟန်ကြည် said...

မမေဘယ်ရောက်
ခြေထောက်ပေါက်
စာမမြင်ရ ပျင်းခြောက်ခြောက်...

ဘလော့ဒေးမှာ ပေါ်လို့လာ
ကိုယ်ထင်ပြလေရာ
တဂ်စာတွေကို တောင်းနဲ့ထည့်
ပို့မည်စိတ်ကူးခဲ့...း)

ပျောက်တော်မူလိုက်တာဗျာ...ဒီကြားထဲမှာ သုံးပုဒ်လား ခပ်ဝါးဝါး ဖတ်ရတယ် ထင်တာပဲ...အလုပ်များတာလဲ များတာပေါ့ ဘလော့ရွာလေးကိုလည်း လှည့်ကြည့်ပါဦး...

ဘ၀ဟာ ဘလော့မဟုတ်ပေမယ့်
ဘလော့ဟာ ဘ၀ကို တစ်နည်းတစ်ဖုံ ဖျော်ဖြေမှုပေးနိုင်ပါလိမ့်မယ်ဗျာ...

တန်ခူး said...

အကြိုက်ဆုံးဘလော့ဂါမို့  မနက်မိုးလင်း ဘလော့တွေဆီအလည်သွားရင် ပထမဆုံးလည်ဖြစ်တဲ့ဘလော့လေးပါ. အလုပ်ရှုပ်နေတာသိနေပေမယ့် စာလေးတွေလဲမကြာမကြာဖတ်ချင်နေမိတာ ခွင့်လွတ်ပါ မေရေ. အမမှာလဲ ခုထိစီဘောက်စ်မရှိဘူးလေ.

မြသွေးနီ said...

မမေရေ...
ဆရာမပီပီ ခေါင်းစဉ်လေးတွေနဲ့ ခွဲရေးသွားလိုက်တာ..ဖတ်လို့ကောင်းမှကောင်း။
မမေစာတွေ ဘလော့မရေးခင် ဟိုးထဲက ဖတ်ခဲ့သူပါ။ စီဘောက်စ်ကတော့ ကိုယ်တိုင်လဲ နာမည်ဝှက်နဲ့ လူ့အန္ဓတွေကြောင့် ဖြုတ်ထားရတယ်။ အဆုံးသတ် ဘ၀ရဲ့အစိတ်အပိုင်းမျှသာဆိုတာလေး သဘောကျတယ်။ ဘယ်အရာမှ ကိုယ်ပိုင်ဆိုင်နိုင်တာမှ မရှိတာလေနော်။ စာလေးတွေတော့ မကြာမကြာ ရေးပါ..။ အမြဲတမ်းအားပေးလျှက်ပါ။

မြသွေးနီ said...

မနေ့က ရေးခဲ့တဲ့ ကွန်မန့်မတက်ဘူးထင်လို့ ထပ်လာကြည့်တာ မမေရေ.. ထင်တဲ့အတိုင်းပဲ..။ ဒါနဲ့ ထပ်ရေးသွားတယ်.. :D
ဆရာမပီပီ ခေါင်းစဉ်လေးတွေ ခွဲပြီး ရေးပြသွားတော့ မမီခဲ့တဲ့ ဘလော့အစကိုပါ မျက်လုံးထဲ ပုံဖော်နေမိတယ်။
မမေစာတွေကို ဘလော့မရေးခင်ထဲက ဖတ်ခဲ့သူဆိုတော့ စာတွေ ရသလောက်ရေးပါလို့ပဲ တောင်းဆိုပါရစေနော်..။

San Htun said...

တကယ်တမ်း ဘလော့က ဘဝမဟုတ်သလို … ဘဝကလဲ ဘလော့မဟုတ်ပါဘူး။
ဘလော့က ကျမ ဘဝရဲ့ အစိတ်အပိုင်းတခုမျှသာ …

မမမေ ပျောက်ချက်သား ကောင်းလှချည်လား...အားရင် ဘလော့ဆီ ပြန်လာပါဦး...
Happy Belated Blog Day !

ဘုန်းတောက် said...

ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်လေးတွေနဲ့ တော်တော်လေးကို ဝေေ၀ဆာဆာ၊ လှလှပပ၊ ကျကျနန၊ ဂဃနဏ၊ ပီပီပြင်ပြင်ကို ရေးသားထားတယ်နော်။ ဖတ်လို့အရမ်းကောင်းတယ်...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ မမေရေ...

သိ င်္ဂါ ရ said...

ပြည့်စုံတဲ့ ... ဂရုတစိုက် ... သုံးသပ်ဖော်ပြချက်လေးတွေပါ ခင်ဗျာ ... ။ တကယ် ... Blogger တစ်ယောက် ဖြစ်ချင်လွန်းခဲ့ပါတယ် ။ Ning.com မှာ ... ဖတ်ခဲ့ရတာတွေ ... ဟိုး အစ Blogger တွေ ... ရွှေဝါရောင် တော်လှန်ရေး အချိန်တွေ ... Blogging Sphere ထဲကို ပါဝင်ခဲ့ချင်တာပါပဲ ။ ဒါပေမယ့် ... နည်းပညာ က ဘာမှ မတတ်တော့ ... သတင်းတွေနဲ့ Mail ထဲကို ရောက်လာသမျှတွေနဲ့ပဲ ကျေနပ်ခဲ့ရတာပါ ခင်ဗျာ .. ။

ဒီနှစ် Blog Day အထိမ်းအမှတ် နဲ့ Blogging Sphere က ပြန်ပြီး အသက်ဝင်လာသလို ... တကယ့် Blogger ကြီးတွေ Post တွေ ပြန်ရေးလာတာကို ဖတ်ရတော့ ... တကယ်ပဲ ထပ်ထူထပ်မျှ ၀မ်းသာပီတိ ဖြစ်မိပါတယ် ခင်ဗျာ ... comment ရယ်လို့တော့ မဟုတ်ပါဘူး အစ်မရေ ... ။ အစ်မ ပြောသလို c-box က လည်း မရှိတော့ ... ကိုယ် ပြောချင်တာလေးတွေ ပေါ်လာတာကို ပြောတတ်သလိုလေး ပြောခဲ့တာပါ ... ။ ကျေးဇူးပါ ခင်ဗျာ ...

ညိမ်းနိုင် said...

ဟောဗျာ....ဘလော့ဒေးမှာ တို့အစ်မလည်း ပြန်ပေါ်
လာပါရောလား...၊ဝမ်းသာတယ်ဗျား...။ပျော်ရွင်ဖွယ်
ဘလော့ဒေးလေးဖြစ်ပါစေကြောင်း နောက်ကျဆုတောင်း
ပေးလိုက်ရကြောင်းပါဗျာ

မောင်မျိုး said...

ကျနော်ကတော့ အစ်မကို ဟိုးအစကတည်းက သိတယ် စာတွေ တိတ်တိတ်ကလေး ဖတ်ဖူးတယ် ဒါပေမယ့် ဒီတစ်ခေါက်ကျနော် စာပြန်ရေးပြီးမှ ကော့မန့်လေးတွေရေးရင်း အသွားအပြန် ရှိလာတော့တာ ။ အဲ့တော့မှပဲရင်းနှီးလာသလို မမေ ကော့မန့်လေးတွေရရင်ပျော်တယ် သေသေချာချာလေး ဂရုတစိုက်ဖတ်တာ သိသာတယ် ။

ဟူတ်ပါ့ အရင်က ဘလော့မှာပျောက်ကြရင် တကယ့်ကိုယ့်အိမ်သာ ကိုစိတ်ပုသလို နေကောင်းရဲ့လား အလုပ်များနေလားမေးရတာ အမော ။

ဒီိတိုင်းလေး စီးမျောကြအုံးစို့း)