Monday, August 30, 2010

၎ နှစ် နှင့် ၅၂၈ + ၁

လွန်ခဲ့တဲ့ ၄-နှစ် ...
၂၀၀၆ ခုနှစ် သြဂုတ် ၃၀ ရက်နေ့မှာ ဘလော့ကို ကြောင်ဆိုးလေး ဂါးဖီးနဲ့ စဖွင့်ဖြစ်ခဲ့တယ်။

ဘာရယ်မဟုတ်ပါဘူး၊ ကိုယ့်ရှေ့က ဘလော့လုပ်သူတွေကို ကြည့်ပြီး အားကျလို့ … ပြီးတော့ ကိုယ်ရေးချင်တဲ့ စာတွေကို လွတ်လွတ်လပ်လပ် ရေးချင်လို့ … မလုပ်တတ်ဘဲ စမ်းလုပ်ကြည့်ရင်း ဘလော့ကို စွဲသွားပြီး ဘလော့ထဲမှာ ပျော်ဝင် … ဘလော့ကမ္ဘာမှာ ကျင်လည် … ဒီလိုနဲ့ ၄ နှစ်တောင် ကြာသွားပါပကော … ။ အချိန်တွေကုန်တာ မြန်လွန်းတယ်၊ တကယ်ကို ဘာမှ မကြာလိုက်သလိုပဲ။ အဖြစ်အပျက်တွေက ခုထိ လတ်ဆတ်နေတုန်း နွေးထွေးနေတုန်း ပြန်တွေးရင် သွေးပူတုန်း ... ။
ဒီကနေ့ ... ၄-နှစ်ပြည့်ပြီဆိုတော့ လျှောက်ခဲ့တဲ့ လမ်းမှာ မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေကို လည်ပြန် လှည့်ကြည့်မိတယ်။

ဒီပို့စ်က ဘလော့တွေ ပိတ်ခံရရင် … လို့ တွေးမိပြီး ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ အဲဒီတုန်းကတော့ ကိုယ့်ဘလော့ရဲ့ အနာဂတ် တနည်းအားဖြင့် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် မသိခဲ့မိဘူး။

လွတ်လပ်မှုကို မြတ်နိုးနှစ်သက်တဲ့ ကျမက လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ဒီပို့စ် ရေးခဲ့ဖူးတယ်။

မေဓာဝီ ဆိုတဲ့ကလောင်နာမည် ယူဖြစ်ပုံကို ဒီပို့စ်မှာ ရေးထားခဲ့တယ်။

မေဓာဝီ မဖြစ်ခင် တခြားကလောင်အမည်နဲ့ မဂ္ဂဇင်းမှာ ရေးခဲ့စဉ်တုန်းက … ဒီဝတ္ထုလေးကို ကိုယ်တိုင် သဘောကျ နှစ်သက်ခဲ့ဖူးတယ်။ (စာမူခ ၃၀၀ ကျပ် ကြီးများတောင် ရခဲ့တာ။)

အဲဒီတုန်းက နေရာတကာ ဆရာသိပ်လုပ်မိတာပဲ။ ပြောခံရလဲ အမှတ်မရှိ။ ခုတော့ လက်ကို ပြန် ဘရိတ်အုပ်ထားပါတယ်။ (ဒါပေမဲ့ နည်းနည်းပါ၊)

လူတွေကို ငြီးငွေ့... အင်တာနက်ကို ငြီးငွေ့ပြီး တနေရာရာကို သွားချင်တုန်းက ဒီပို့စ်လေး ရေးဖြစ်ခဲ့တယ်။ ကြာတော့သည်လဲ ... ကြာခဲ့ပြီဆိုပါတော့လေ။

ဒီလိုနဲ့ မေဓာဝီတယောက် ဘလော့နာလဲ ကျခဲ့ဖူးရဲ့။

ကွန်မန့်အများဆုံးရတဲ့ ပို့စ်။ မင်းသားနဲ့ လုပ်စားတယ် ပြောလဲ ပြောချင်စရာပေါ့လေ။ ခုထိလဲ ဂူဂဲလ် search engine မှာ ဒီပို့စ်ကတဆင့် ရောက်လာနေကြတုန်း။

ဒီပို့စ်နဲ့ ကျမဘ၀ တစိတ်တဒေသ ပြောင်းလဲခဲ့တယ်လို့ ဆိုရမလား မသိ။

ဒါကတော့ နောက်ဆက်တွဲ အဆဲခံဖို့ ဖြစ်လာစေတဲ့ ပို့စ်ပါ။ အဲဒီတုန်းက ဆဲတဲ့ ကွန်မန့်တွေကို မဖျက်ခဲ့ပေမဲ့ ဆဲတဲ့စကားလုံးကြီးနဲ့ ရှာပြီး ရောက်ရောက်လာတတ်လို့ နောက်တော့ ဖျက်လိုက်တယ်။ ဒါလဲ ရောက်လာကြတုန်းပဲ။

ဒီလိုနဲ့ မေဓာဝီတယောက် မွေးဌာနေကို ခွဲခွါပြီး ဘိလပ်မြေကြီးမှာ ပညာတွေ အိုးနင်းခွက်နင်း သင်ယူရင်း မိသားစုရဲ့ တားမြစ်ချက်နဲ့ ဘလော့ကို ၆-လလောက် ရပ်နားခဲ့ရပြန်တယ်။ ဒါက မနားခင် နှုတ်ဆက်တဲ့ ပို့စ်လေး ဆိုပါတော့။

နောက်တော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ရေးဖြစ်ခဲ့တယ်။ ပြန်ရေးဖြစ်အောင် စေ့ဆော်တာက ဒီကိစ္စကြောင့်ပါ။

အဲဒီပို့စ်တင်လိုက်တော့ အကိုတယောက်ကပြောတယ်။ မေဓာဝီ စာတွေက လမ်းဘေးက ကျောက်ခဲတွေပဲ၊ စိန်ရွှေရတနာတွေမှ မဟုတ်တာ၊ ဘယ်သူခိုးမှာလဲတဲ့။ ဟုတ်တယ် ... ကျမကလဲ ကျောက်ခဲလေးပဲ ဖြစ်ချင်သူပါ။ ဖိတ်ဖိတ်လက် မှန်ခန်းထဲမှာ ၀ယ်သူကို ငံ့လင့်နေတဲ့ တန်ဖိုးကြီး စိန်တပွင့်ထက် ကမ်းခြေရေမတိုက်စားအောင် ချထားတဲ့ ပင်လယ်ကမ်းစပ်က ကျောက်ခဲလေးဖြစ်ဖြစ် လူတကာနင်းဖို့ ခင်းထားတဲ့ လမ်းပေါ်က ကျောက်ခဲလေးဖြစ်ဖြစ် ... အဲဒီလို အသုံးဝင်တဲ့ ကျောက်တခဲသာ ဖြစ်ချင်ခဲ့တာပါ။

ကျောက်ခဲတလုံးလို လိမ့်နေရင်း ၃-နှစ် ပြည့်ခဲ့ပြန်တယ်။ အဲဒီတုန်းက ရှေ့ဆက်ရမလား ရပ်လိုက်ရမလား တွေဝေခဲ့မိသေးတယ်။ စာမေးပွဲနီးရင် ရပ်လိုက်၊ စာမေးပွဲပြီးတော့ ဆက်လိုက် ဒီလိုပဲ ကြိုကြားကြိုကြား ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ယတိပြတ် သံယောဇဉ်မှ မဖြတ်နိုင်သေးဘဲ။

ခု ... ဒီနေ့ဆို ၄-နှစ်ပေါ့။ လှည့်ကြည့်ရတာလဲ လည်ပင်းတွေ ညောင်းသွားပြီ။ ရေးခဲ့ တင်ခဲ့တဲ့ ပို့စ် စုစုပေါင်း ၅၂၈၊ ဒီပို့စ်နဲ့ပါဆို ၅၂၈ + ၁ ပေါ့။ ၄ နှစ်အတွင်း ပို့စ် ၅၀၀ ကျော် တင်ခဲ့တယ်၊ ကိုယ်တိုင်ရေးရော နှစ်သက်ရာရာတွေရော ဆိုပါတော့။ ဒီပို့စ်တွေကို အမြဲလာရောက် ဖတ်ရှုသူတွေ၊ တခါတလေ လာရောက် ဖတ်ရှုသူတွေ၊ မတော်တဆ လာရောက် လည်ပတ်သူတွေ၊ မှတ်ချက်ချီးမြှင့်ပေးသူတွေ အားလုံးအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ စာရေးတာကို အသွေးအသားထဲက ၀ါသနာပါတဲ့အလျောက် ဘာပဲဖြစ်နေနေ ရေးနေအုံးမှာပါပဲ။

ကျမစာတွေဟာ အဖိုးတန် စိန်တပွင့်မဖြစ်သလို စိန်တပွင့်အဖြစ်ကိုလဲ မမျှော်လင့်ပါဘူး၊ လမ်းပေါ်က အသုံးဝင်တဲ့ ကျောက်ခဲလေးတလုံး အဖြစ်ကိုသာ ပိုမိုနှစ်သက် မြတ်နိုးစွာနဲ့ မေဓာဝီ စာတွေရေးနေပါဦးမယ်။
***
မေတ္တာဖြင့် ...
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၀
၂၃း၅၀ နာရီ

25 comments:

အိမ့်ချမ်းမြေ့ said...

Ma may....

Long live the twinkling stars :))


Love,
Malay

ကိုကိုမောင်(ပန်းရနံ့) said...

တွေးဖြစ်ရင်တော့
လေးနှစ်ဆိုတာကြီးကို
ထွေးပစ်ရက်စရာရှိပါဘူး။

အတွေးတွေ...
အရေးတွေ..
တရေးနိုးဖတ်ကြည့်ရင်တောင်
ဆွေးမြေ့လောက်စရာကောင်းတယ်။

အတွေးနက်နက်..
အရေးခက်ခက်ပေမဲ့...
တမှေးလေးစက်ရရင်
သူရေးထွက်နိုင်လွန်းတယ်။

အငေါက်ငမ်းခံဘ၀နဲ့
လျောက်လှမ်းခဲ့ရပေမဲ့
သူ.. နောက်တန်းတော့ မရောက်ခဲ့ဘူး။

ဒီနေ့ကစပြီး...
လေးနှစ် လေးနှစ်တွေ
တွေးဖြစ် ရေးဖြစ်ပါစေ။

မေဓာ မေဓာလဲ
သေချာ သေချာပါစေ။
နေရာ နေရာ မှန်ပါစေ။
ဘယာ ဘယာ ဝေးပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချစ်ကြည်အေး said...

Ma May...All the way :)

ရေတမာ said...

အိမ်မည်းမည်းလေး ကတည်းက ရောက်ဖြစ်တယ်။ ဂစ်တာတီးတာ၊ ကဗျာတွေရေးတာ တွေအားကျခဲ့တယ်။
မမဗန် အကြောင်းတွေဖတ်ရတော့ စိတ်မကောင်းဘူး။ ဖောင်တိန်လေး သိမ်းတုန်းကလည်း ပြန်ရေးပါစေ ဆုတောင်းနေမိတယ်။ အခုပြန်ရေးတော့ ဝမ်းသာမိတယ်။ နောင်လည်း အများကြီးရေးနိုင်ပါစေ


ခင်တဲ့
ရေတမာ

Ko Paw said...

မမေဓာဝီရဲ့ လက်ရာတွေကို အစောပိုင်းကတည်း အမြဲလိုလို နှစ်သက်အားပေးနေခဲ့မိပါတယ်။

စိန်ပွင့်လေးတွေ မဖြစ်ရတာ ကံကောင်းတယ်မှတ်ပါ။ မဟုတ်ရင် နိုင်ငံကျော်မင်္ဂလာဆောင်တခုက သူ့ကေသာမှာ နေရာယူပြီး အသုံးတော်ခံရနေရပါဦးမယ်။း-)

လေးနှစ်ကနေ နှစ်ပေါင်းများစွာ စာကောင်းပေမွန်တွေ ရေးမြဲ ရေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Anonymous said...

ထမင်းမစားဘဲ မနေနိုင်သလို ဘလော့မရေးဘဲ မနေနိုင်တဲ့ အမမေ စာတွေများများရေးနိုင်ပါစေ
စိတ်ထဲတော့ ဘာမှ မကြာသေးသလိုဘဲ
စာတွေတင်ထားတာ အများကြီးပေမယ့် ဖတ်ရတာ ရိုးတယ်မရှိ အီတယ်မရှိ ဖတ်ပြီးရင်း ဖတ်ချင်ပါတယ်


ခင်မင်စွာဖြင့်
seesein

Heartmuseum said...

မမေဓာဝီရေ.....
မြန်လိုက်တာနော်.... ၄နှစ်တောင် ရှိသွားပြီလားးး
အစကတဲက လေးလေးစားစား ဖတ်ခဲ့တဲ့၊ ဖတ်နေတဲ့ blog တခုပါဗျာ.... ရေးနိုင်ပါစေ.. တွေးနိုင်ပါစေ..

နေ၀သန် said...

ဝါး.. မိုက်ရယ်..မဂ္ဂဇင်းမှာရေးခဲ့တာ ချီးကျူးစရာပဲ... အမရေ...း))))


ခင်မင်တဲ့
နေ၀သန်

sonata-cantata said...

မမေဓာဝီ ဘလော့ဂ်ကို ကိုဧရာက အယင်တွေ့ပြီး ဖတ်နေတာ...အဲ့ဒီတုန်းက မသီတာက ဘလော့ဂ်ဆိုတာကို မသိသေးဘူး...နောက်မှ မမေဓာဝီဘလော့ဂ်ကို ဖတ်ဆိုပြီး မိတ်ဆက်ပေးတာ...

စာတွေ ဆက်လက်ရေးသားနိုင်ပါစေ

မြစ်ကျိုးအင်း said...

ရှေ့ကရေးခဲ့တဲ့ သူတွေရဲ့ စာကို ဖတ်ရင်းနဲ့ ဘလော့လုပ်ဖြစ်သူက ပိုများမယ်ထင်တယ်။ ကျွန်တော်လည်း အဲဒီအထဲမှာ ပါပါတယ်။
သက္ကရာဇ် တစ်ခု အနေနဲ့ဆို ၄ နှစ်ဆိုတာ မများလွန်းပေမယ့် ဘလော့ဂ်ပေါ်မှာတော့ ၁ နှစ် ရပ်တည်ဖို့တောင် ခက်ခဲပါတယ်။
စိတ်အားတင်းပြီး ရေရှည် ရပ်တည်နိင်ခဲ့တာ ချီးကျူးပါတယ်။ ကိုယ့်ထက် ဘလော့ဂ် ဝါ ၊ သမ္ဘာ ရင့်တယ်ဆိုတဲ့ အသိနဲ့တင် အမှန်တကယ် လေးစားမိပါတယ်။ ဆက်လက်ချီတက်နိင်ပါစေလို့ ဆုတောင်းပေးပါတယ်

SHWE ZIN U said...

မမေဓါဝီ ရေ

၎နှစ်တာ ခရီး ကို အခက်အခဲ များနဲ ကျော်ဖြတ်လာခဲ့ တဲ့ ဇွဲသတ္တိကို ချီးကျူးပါတယ် ပိုစ်လေး တွေ လိုက်ဖတ်သွားတယ် စာဖတ်ရင်း စာရေးရင်း နဲ့ ထာဝရ ရှင်သန်နေတဲ့ ဘလော့ဂ် လေး ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ

ခင်မင်လေးစားစွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ဟာ.....ဒေါ်လေးမေ တောင် ၄ နှစ်ရှိသွားပြီ...
တားတားကျောက်က အခါတောင် မလည်သေးဘူး...
၎ နှစ်ပြည့်အောင် ရေးအားက တော်ယုံတန်ယုံ ဝမ်းစာနဲ့ မလွယ်ပါဘူး..အများလက်ခံအောင် ရေးနိုင်ဖို့ဆိုတာပိုခက်သေးတယ်...
အခုကိုယ်တိုင် ရေးတာတနှစ်တောင်မပြည့်သေးဘူး ပျင်းတာနဲ့နားပင်းတာနဲ့ အတော်ပဲဆိုသလို ကျန်းမာရေးအကြောင်းပြပြီး post အတင်ကျဲသွားမိတယ်.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီချိန်ထိ အားမာန်အပြည့်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာ ချီးကျူးအားကျ လေးစားမိပါတယ်..
ကျောက်ခဲလေးတစ်လုံး ရှေ့ဆက် အတားအဆီးမဲ့စွာ စိတ်တိုင်းကျ လိမ့်နိုင်ပါစေ...
လိမ့်တဲ့ လမ်းတစ်လျှောက်မှာလည်း ဆူးညှောင့်ခလုတ်များ ကင်းဝေးပါစေလို့ ခင်မင်စွာ ဆုတောင်းပေးသွားပါသည်။

Kay said...

ရေးလိုက် ကြစို့..သငယ်ချင်း.. အောက် အီး.. ( အဲ ...)
း)

ဝါအရင့်ဆုံး ဖြစ်သွားပြီ..မမေ

စုချစ် said...

၎နှစ်မြောက် ဘလော့မွေးနေ့မှသည် စာကောင်းပေမွန်များကို စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွှင် စဉ်ဆက်မပြတ် ရေးနိုင်ပါစေလို့ ... ဆန္ဒမွန်ဖြင့်...
ချစ်ခင်စွာ... စုချစ်

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့မှာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံက
မနဲမနောပဲ၊ လေးနှစ်ကနေ နောင်နှစ်ပေါင်းများစွာ
ဘလော့နိုင်ပါစေ မမေရေ။

Crystal said...

နှစ်ပတ်လည်နေ့ဆိုတော့ ကြာဆံချက်လေး ချက်ပြီး ဘလော့ဂါတွေကို ကျွေးရင် ဘယ်လောက် ကောင်းမလဲနော် အဟီးးးးး

sosegado said...

လေးနှစ်ရေးနိုင်တာ လေးစားမိပါတယ်၊ မေဓာဝီ လို့သိရတုန်းက စစ်ကိုင်းက တန်ဆောင်တိုင်မှာ ဝိုင်းသွားထိုင်ခဲ့တဲ့ ချောင်ကလား ဘာလားပေါ့ နောက်တော့ အသစ်ထွက်တိုင်းလာဖတ်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် စုစုပေါင်းက ၅၂၈ မေတ္တာဖြစ်ရတယ်လို့၊

khin oo may said...

နစ်သက်ပါတယ် ဆက်ရေးပါ။

မေဓာဝီ said...

မှတ်ချက်ထဲက အားပေးစကားများအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ကျောင်းပြန်ဖွင့်တော့မှာမို့ စာအတင် ကျဲချင် ကျဲပါအုံးမယ်။ ဘလော့မောင်နှမများထံ ပြန်လည် လည်ပတ်ဖို့ ပျက်ကွက်ခဲ့ရင်လဲ နားလည် ခွင့်လွှတ်ပေးကြစေလိုပါတယ်။ အချိန်အား၊ စွမ်းအား၊ ဉာဏ်အား ရှိသရွေ့ စာရေးနေမယ်လို့ ကတိပေးပါတယ်ရှင်။

Mhu Darye said...

မမေ..

ဆုတောင်းလှလှတွေပိုက်ပြီး အရောက်လာခဲ့တယ်..။

အပေါ်ကမိတ်ဆွေတွေပန်ခဲ့သော တောင်းဆုများ ချွင်းချက်မရှိ ပြည့်ပါစေရပါစေ။
^.^

ညီမ မှူးဒါရီ

ကလူသစ် said...

၎နှစ်ပဲရှိသေးသကိုး။ ကလူသစ်ထက် တနှစ်ကြီးတာပဲ။ မရေးနဲ့ဆိုတာတောင် လစ်တာနဲ့ ရေးနေတာ နှစ်ပေါင်းများစွာ ရေးနိုင်ပါစေလို့ ဆုတောင်းစရာတောင် မလိုလောက်ဘူး။ ခွိခွိ

pandora said...

ဘလော့ဂ်မှာ လေးနှစ် မတိုင်ခင်ကတည်းက ဖိုရမ်တွေမှာ အွန်လိုင်းထဲက တခြားနေရာတွေမှာ ဖြတ်သန်းခဲ့တဲ့ စာရေးအတွေ့အကြုံတွေကိုလည်း ပြောဦးလေ မမေ..။ :)
အခုလို စာရေးချင်စိတ် တစ်ခုတည်းနဲ့ အလေးအနက်စာတွေကို ဆက်ရေးဖြစ်နေတဲ့ စေတနာကို စာဖတ်သူတွေကလည်း နားလည်ကြမှာပါ။ စိန်လို့ပဲခေါ်ခေါ် မခေါ်ခေါ် အမြဲတမ်း လင်းလက်တောက်ပြောင်နေဦးမှာ သေချာပါတယ်။

The Queen said...

မမေ ..အမြဲလာဖတ်ပေမယ့် ကွန်မန့်မရေးဖြစ်ခဲ့ဘူး ။ ဘာလို့လဲဆိုတော့ ကွန်မန့်မပေးတတ်လောက် အောင် မမေ စာတွေကို အရမ်းကြိုက်တယ်။ ဆက်လက်ပြီး ရှေ့သို့ ရဲရဲ ချီတက် နိုင်ပါစေ လို့ ဆုတောင်းပါတယ်။

Nyi Linn Thit said...

ဒီ ၄ နှစ်ပြည့် ပို့စ်လေးကို ဖတ်ရတာ တကယ့်ကို တဝကြီး ပါပဲ..၊ လျှောက်ခဲ့တဲ့ လမ်းကို လည်ပြန်ကြည့်တဲ့ ပို့စ်ဖြစ်တဲ့အလျောက် မမေရဲ့ စိတ်အတင်အချနဲ့ နွယ်ပြီး ရေးခဲ့တဲ့ ပို့စ်အဟောင်းတွေ ကို ပြန်တင်ပေးထားတာ အားရစရာပဲ..၊ အတော်များများလည်း လိုက်ဖတ်ကြည့်ဖြစ်တယ်..၊ အဆဲအခံရဆုံး..၊ ကွန်မန့်အများဆုံး...၊ ဝမ်းနည်းနေတဲ့ အချိန်...၊ နှုတ်ဆက်တဲ့ပို့စ်..၊ အစရှိသဖြင့်၊ တချို့ဟာတွေကတော့ အဲဒီကတည်းက ဖတ်ခဲ့ဖူးတယ်၊ အခု ဒီကွန်မန့်ရေးနေရင်း စဉ်းစားမိသေးတယ်၊ ကျနော်လည်း နှစ်ပတ်လည် ပို့စ်တွေကို နှစ်တွေ အတော်လေး လည်ပြီးမှ လိုက်လည်နေမိပါလား-လို့..။း)