Thursday, November 03, 2011

၄၇ နှစ်ပတ်လည်

“ဆုံတွေ့ကြတဲ့အခါ”

ဆုံတွေ့ကြတဲ့အခါ …
ဝေဒနာတွေ သက်သာ
ဒဏ်ရာတွေ ပျောက်ကင်း
သတင်းတွေ ဖလှယ်
ရယ်သံတွေ ဝေစည်
တူစုံညီ လက်တွဲ
တသားထဲ စုဝေး
မီးပုံလေး နံဘေးမှာ
ဂီတသံ သာသာနဲ့
မြူးထူးစွာ ပျော်ကြစို့ … ။ … ။
***

ဦးရီးတော်နှင့်အတူ အဖေနဲ့အမေကို တွေ့ဖို့အသွား

အဖေနဲ့ အမေ အောက်တိုဘာ ၃၀ ရက်နေ့က အမလတ်နဲ့ အတူ ဒီကို ရောက်လာကြတယ်။ စနေ တနင်္ဂနွေ အလုပ်လုပ်ရတာမို့ ကျမက သွားမကြိုနိုင်ခဲ့ဘူး။ အဖေနဲ့ အမေက ကျမနဲ့ မိုင် ၁၄၀ နီးပါးလောက် ဝေးတဲ့ အမလတ်အိမ်မှာ နေတာမို့ ချက်ချင်းသွားမတွေ့နိုင်ဘူး။ အဲဒီခံစားချက်က အတော်ဆိုးတာပဲ၊ ၄ နှစ်တာ ခွဲခွါခဲ့ရတဲ့ အဖေ့ကို လေယာဉ်ကွင်းမှာ သွားကြိုချင်ပေမဲ့ ဆန္ဒတွေ မြိုသိပ်ခဲ့ရတယ်။ နောက်တနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်ခင်းမှာတော့ ကျမတို့ တူဝရီးနှစ်ယောက် အမလတ်နေတဲ့ မြို့ကိုသွားခဲ့ကြတယ်။ အလုပ်ရှိတဲ့ ဦးရီးတော်က အင်္ဂါနေ့မှာ သူ့အိမ်ပြန်သွားပေမဲ့ ကျမက ဒီတပတ် ကျောင်းမတက်ရဘူးဆိုတော့ နေခဲ့လိုက်တာပေါ့။ ဒါပေမဲ့လည်း သောကြာနေ့အထိပါပဲ၊ စနေ တနင်္ဂနွေဆို အလုပ်ပြန်လုပ်ရအုံးမှာမို့ ဒီထက်ပိုနေလို့လည်း မရတော့ဘူး၊ ပြန်ရမယ်။

အဖေရော အမေပါ နေ့နဲ့ည မှားနေကြတုန်းပဲ။ မြန်မာပြည် အချိန်အတိုင်း အိပ်ကြ၊ စားကြဖြစ်နေတယ်။ ကျမပါ အမေတို့နဲ့အတူ ရောယောင်ပြီး အိပ်ချိန်စားချိန် လွဲကုန်တယ်။ အဖေက နေကောင်းကျန်းမာပေမဲ့ အမေက အဲဒီဒဏ် မခံနိုင်တော့ နေလို့မကောင်းဘူး။ ဒါကြောင့် အမေ့အနားမှာပဲနေပြီး ခြေဆုပ်လက်နယ် ပြုစုပေး စားဖို့ သောက်ဖို့ ချက်ပြုတ်ပေးရတယ်။

ကိုယ်ချစ်တဲ့သူတွေနဲ့ နေရတဲ့ အချိန်တွေက အကုန်မြန်လွန်းတယ်။ ကျမကလဲ အနားမှာ နေပေးချင်တယ်၊ အဖေနဲ့အမေကလဲ ကျမကို သူတို့အနားမှာ ရှိစေချင်တယ်၊ ဒါပေမဲ့ ဒီဇင်ဘာမှာ ဖြေရမယ့် ကျမရဲ့ စာမေးပွဲကလဲ ပြန်ဖို့ကို တွန်းအားပေးနေတယ်။ စာဖတ်မယ်ဆိုပြီး ကျောင်းစာအုပ်တွေ သေတ္တာနဲ့ တလုံးသယ်လာပေမဲ့ တပုဒ်တလေကလွဲပြီး မဖတ်ဖြစ်ဘူး။ ဘယ်ဖတ်ဖြစ်မလဲ ၄ နှစ်တာအတွက် စကားတွေ အတိုးချပြီး ပြောနေကြတာ ပြောလို့မကုန်နိုင်ဘူးလေ။
***

ပုံ (၁) သားသမီးတွေ မရခင် အမေနဲ့အဖေ၊ ပုံ (၂) အမကြီးမွေးပြီး အမေနဲ့အဖေ

နိုဝင်ဘာလက အဖေနဲ့ အမေအတွက် အမှတ်တရ လတလပေါ့။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ရေးခဲ့ဖူးပါတယ်။ လ-က နိုဝင်ဘာပေမဲ့ ရက်ကို ကျမတို့ အငြင်းပွါးနေကြတယ်။ ကျမက ၇ ရက်လို့ ပြောတော့ အမေက ၃ ရက်တဲ့ … အဖေကတော့ ၂၉ ရက်လို့ ပြောတယ်။ ကျမ သိထားတာက နိုဝင်ဘာလ ၇ ရက်နဲ့ ၂၉ ရက်နေ့ပါပဲ။ ၇-ရက်နေ့မှာ အမေက အဖေ့နောက်ကို လိုက်ခဲ့တယ်၊ ၂၉ ရက်နေ့မှာ ဧည့်ခံပွဲလုပ်တယ်၊ အဲဒီလို သိထားခဲ့တာ။ နောက်တော့ အမေကပြောတယ်၊

“အမေ့ဘ၀တခုလုံး ပြောင်းလဲခဲ့တဲ့ နေ့ပဲ၊ အမေ ဘယ်မေ့မှာလဲ …” တဲ့။
“တကယ်က နိုဝင်ဘာ ၃ ရက်မှာ အမေ့ကို အဖေက ခိုးပြေးခဲ့တာ၊ ၇ ရက်မှာ ရုံးတက် လက်မှတ်ထိုးကြတယ်။ နောက်တော့ လူကြီးတွေက ပြန်ခေါ်ပြီး ၂၉ ရက်နေ့မှာ ဧည့်ခံပွဲ လုပ်ခဲ့ကြတာ”

အမေက အဲဒီလိုရှင်းပြတော့ အဖေက ဟုတ်တယ်လို့ ထောက်ခံပါတယ်။ ကျမတို့က လက်မှတ်ထိုးတဲ့နေ့နဲ့ ဧည့်ခံပွဲနေ့ကိုသာ မှတ်ထားမိကြတာ နေမှာပေါ့။ ဒီလိုဆိုရင် နိုဝင်ဘာ ၃ ရက်နေ့ (ဒီနေ့က) အမေနဲ့ အဖေ ဘ၀ကို စတင်ခဲ့ကြတာ ၄၇ နှစ် တင်းတင်း ပြည့်ပြီပေါ့။ ဒါနဲ့ပဲ ဒီနေ့ အမေနဲ့ အဖေရဲ့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာလုပ်ချင်လဲ မေးတော့ အမေက ဘုရားကို သစ်သီးပန်းကပ်ချင်တာပါပဲ လို့ပြောတယ်။ အမလတ်က မနေ့က အလုပ်ကအပြန် အမေလိုချင်တာတွေ ၀င်ဝယ်ခဲ့တယ်။ ဒီနေ့ မနက်စောစော အားလုံးအဆင်သင့်ပြင်ပေးပြီး အမေနဲ့ အဖေ အတူ ဘုရားကန်တော့ကြတယ်။


အမလတ်က အိမ်ပြောင်းခါစမို့ အိမ်ထောင်ပရိဘောဂတွေ မစုံလင်သေးဘူး။ သူ့အိမ်က ဘုရားခန်းလေးမှာ ဘုရားကန်တော့နေကြတဲ့ မိဘနှစ်ပါးကို ကြည့်ရင်း ပါရမီဖြည့်ဘက် ဆိုတဲ့စကားကို အထူးစဉ်းစားမိတယ်။ အဖေ့အတွက် အမေဟာ ၄၇ နှစ်လုံးလုံး ပါရမီအတူ ဖြည့်ဆည်းပေးခဲ့တဲ့ ပါရမီဖြည့်ဘက်ကောင်း တယောက်ပဲ။ ခင်ပွန်းကို ပါရမီဖြည့်သလို သားသမီး ၄ ယောက် အတွက်လည်း အမေပင်ပန်းခဲ့တယ်၊ အဲဒီဒဏ်တွေကြောင့် အမေ့ကျန်းမာရေးက သိပ်မကောင်းရှာဘူး။ ဆီးချို သွေးတိုး နှလုံး ရောဂါတွေ ဖိစီးလို့ အမေဟာ ဆေးတွေ အများကြီးကူနေရပြီ။ ၂၀၀၈ မေလတုန်းက အမေဒီကို တခေါက်လာစဉ်ကနဲ့တောင် အခုနဲ့ မတူတော့ဘူး၊ အမေအတော်လေး အရွယ်ကျသွားပြီ။ အမေ့ကို ဖက်ရတာလဲ အရင်လို မဟုတ်တော့ဘူး။ အမေ့အသားအရေတွေ ပျော့တွဲပြီး အားနည်းနေသလိုပဲ။

အဖေကတော့ နှာစေး ချောင်းဆိုးကလွဲလို့ ဘာမှမဖြစ်ဘူး။ ချောင်းဆိုးနေတဲ့ အဖေ့ကို ကျမက အချိန်ရခိုက် အသံသွင်းပေးဖို့ ပူဆာမိသေးတယ်။ အဖေကလဲ လည်ချောင်းရှင်းအောင် ရေနွေးနဲ့ ဇာပျံလေး လျက်ဆား စားပြီး နေ့လည် ဘယ်သူမှမရှိတုန်း ကျမလိုချင်တဲ့ အသံဖိုင်တွေ သွင်းပေးခဲ့ပါတယ်။ ကျမလဲ ဟက်ဖုန်းတွေ မိုက်တွေ ပါမလာလို့ အသံအရည်အသွေးကတော့ သိပ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ဖြစ်ဖို့နဲ့ အဖေနဲ့ ခွဲနေချိန်မှာ ကျမ အထပ်ထပ် ပြန်နားထောင်ဖို့ ဆိုပါတော့။ အဖေ အမြဲဘုရားရှိခိုးနေကျ … ကျမနားစွဲနေတဲ့ ဘုရားရှိခိုးတွေပါ။ အဲဒီဘုရားရှိခိုးတွေရဲ့ နောက်ခံ အကြောင်းကိုတော့ နောက်များမှပဲ အဖေ့ကို သေချာမေးပြီး တင်ပေးပါမယ်။ လောလောဆယ် စာမေးပွဲ အရမ်းနီးနေပြီမို့ ဒီပို့စ်လေးနဲ့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ဒီဇင်ဘာလလယ်လောက်မှ ဘလော့ရွာထဲ ပြန်လာခဲ့ပါတော့မယ်။
***
မေဓာဝီ
၃၊ ၁၁၊ ၂၀၁၁
၂၃း၃၀ နာရီ

(၁)

(၂)

(၃)

(၄)

14 comments:

Nyi Linn Thit said...

အဖေနဲ့အမေ ချောချောမောမော ရောက်လာကြတာ သိရလို့ ဝမ်းသာမိပါတယ် မမေရေ..၊ ပြီးတော့ မိဘနှစ်ပါးရဲ့ မင်္ဂလာ နှစ်ပတ်လည်နဲ့ ကြုံကြိုက်တာလည်း တကယ့်အခွင့်အရေးပါပဲ၊ ၄၇ နှစ်ဆိုတာ နည်းတဲ့ နှစ်တွေလားနော်၊ လူနှစ်ဦး အတူလျှောက်လှမ်းခဲ့ကြဖို့ ဆိုတာ တော်ရုံ သံယောဇဉ်၊ နားလည်မှုတွေနဲ့ မဖြစ်နိုင်ဘူးလေ၊

မိဘတွေ အသက်ကြီးပြီး အားနည်းလာတာကို တွေ့ရတိုင်း စိတ်မကောင်းဘူး၊ မနှစ်က ကျနော့်အဖေနဲ့အမေ လာသွားတုန်းကလည်း သူတို့တွေ အတော်လေး အရွယ်ကျ သွားတာ ဝမ်းနည်းစွာနဲ့ သတိထားမိတယ်၊ သက်ရှိထင်ရှား ရှိကြတုန်းမှာ အတတ်နိုင်ဆုံး ပြုစုဖို့ ကြိုးစား ရတော့မှာပဲ မမေရေ..၊ အေးချမ်းသော ဆောင်းကာလ အဝင်မှာ စာမေးပွဲကို အောင်မြင်စွာနဲ့ ကျော်ဖြတ်ပြီး မိဘတွေနဲ့အတူ နွေးထွေးပျော်ရွှင် နိုင်ပါစေဗျာ..။

ကိုကိုမောင်(ပန်းရနံ့) said...

ဘုန်းကြီးဝတ်ရင် ဘုန်းကြီးမဲ့ အသံမျိုးဘဲ။ အသံက နုပျိုလန်းဆန်းနေဆဲဘဲ။ ဒီလို အသံလေးတွေနဲ့ ၄၇ နှစ်လုံးလုံး နေလာခဲ့တဲ့ မေဓာ့အမေလဲ အသံစွဲ စွဲနေရောပေါ့။

မိသားစု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်ထောင်တစ်ခုကို ခုလို နှစ်ရှည်လများ ခိုင်ခိုင်မာမာ တည်ဆောက်လာနိုင်ခဲ့သူတွေကို သိပ်လေးစားချီးကျုးမိပါတယ်... အိမ်ထောင်ကွဲတွေ များလှတဲ့ ဒီခေတ်ကြီးထဲမှာ ခုလို သက်ဆုံးတိုင် အတူတကွ နေနိုင်ကြတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်ကိုးစားမှု၊ လေးစားလိုက်လျောမှု၊ အနစ်နာခံမှုတွေ ဘယ်လောက်တောင် ရှိနေကြမယ်မသိဘူးနော်..
မမေတို့ ဖေဖေနဲ့မေမေလည်း ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ ဘဝတစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေ...
၄၇နှစ်ပြည့် နှစ်ပတ်လည်မှသည်.. နောင် သံသရာထိ ပါရမီဖြည့်ဖက်ကောင်းများ အဖြစ်နဲ့ ပေါင်းဖက်နိုင်ပြီး နိဗ္ဗာန်သို့ အတူတူ ကူးနိုင်ပါစေကြောင်း ဆုမွန်တောင်းပေးပါရစေ...

comeonkiss said...

တကယ် စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုလေးပဲ ။
နွေးထွေးတဲ့ ရင်ခွင့်လေးတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတေယ် မမမေ

ညိမ်းနိုင် said...

၄၇နှစ်တဲ့လား.....နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ သံယောဇဉ်
ထုထည်ကိုခန့်မှန်းကြည့်မိတယ်..၊ကြည်နူးပျော်ရွင်းစရာပါ
ပဲဗျာ...။ဖေ မေ တို့နဲ့ ပြန်ဆုံတွေ့ရတော့ မမေလည်း အရမ်းပျော်နေဘီပေါ့လေ...၊ဝမ်းသာတယ်ဗျိုးးးးးးး။
အင်း....ဇရာရဲ့ ဖိစီးမှုတွေကို မိဘတွေမှာတွေ့ရတိုင်း စိတ်
မကောင်းတာတော့အမှန်...။တချိန်ကကျွန်တော်တို့ရဲ့
အားကိုးရာရွှေတောင်ကြီးတွေက နုပျိုသန်မာဖျတ်လတ်နေ
တာကိုပဲ စိတ်ထဲစွဲနေမိတာကိုးဗျနော်...၊တရားသံလေးတွေ
လည်း သေချာနားထောင်သွားတယ်...။

မြသွေးနီ said...

ဖေဖေမေမေနဲ့အတူတကွရှိနေသေးတာ နည်းတဲ့ကုသိုလ်မဟုတ်ပါဘူးနော်။ ဖေဖေမေမေကျန်းကျန်းမာမာရှိရင် သားသမီးတွေ ပျော်ရတယ်။ သူတို့လည်း တပြန် ပျော်ကြရှာတယ်။ ဖတ်ပြီး ကြည်နူးချမ်းမြေ့လိုက်တာ..။ တကယ့်ပါရမီဖြည့်ဖက်စစ်စစ်တွေပါ။ ဖေဖေမေမေကျန်းမာပါစေနော်။

seesein said...

နုပျိုလန်းဆန်း မှုကနေ
အိုမင်းရင့်ရော်ဆီသို့
လျှောက်လမ်းတဲ့ခရီးက
နီးခြင်း ဝေးခြင်း ပျိုခြင်း အိုခြင်း
ဘယ်လိုပြောင်းလဲစေ
သံယောဇဉ်ကြိုးတွေ တိုးသထက်တိုးလို့
သူ့သူနာရင် ကိုယ်ပြု
ကိုယ်မမာရင် သူဖေးမ
ဘ၀အစကနေ
အဆုံးထိတိုင် ပျော်ရွှင်ကြည်နှုးစွာနဲ့
ဘ၀တွေကိုဖြတ်သန်းလာခဲ့တာ လေးဆယ်ခွန်တိုင်ခဲ့ပြီ။
ပါရမီဖြည့်ဖက်ကောင်းများ နိဗ္ဗာန်သို့ အတူတူ ၀င်နိုင်ဖို့ တောင်းဆုချွေပါတယ် ။
ခင်မင်တဲ့
စစ

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးချမ်းမြေ့စရာပဲမမရယ်...အားကျလိုက်တာ...

san htun said...

အားကျမိပါတယ် မမေရေ...

mstint said...

အဲဒီလိုလေးတွေဖတ်ရတိုင်း ရင်ထဲမှာကြည်နူးနေမိတယ် မမေရေ။ မမေရဲ့မိဘတွေကို အားကျမိတယ်။ ၄၇-နှစ် ပြည့်မှ ရွှေရတု စိန်ရတု ရတုပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘဝကိုဖြတ်သန်းနိုင်ကြပါစေလို့ တောင်းဆုပြုပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

T T Sweet said...

အပျော်တွေ ကူးစပ်ခံစားရပါတယ်။ အဖေရဲ့ ဘုရားရှိခိုးသံလေးလဲ နားထောင်သွားတယ်။ မမေဓာဝီတော့ အလွမ်းတကယ်ပြေမှာပဲ။

မောင်မျိုး said...

ဘဘကြီး အသံက ဂရုဏာသံပါလိုက်တာ နားထောင်ပြီး ဘာကိုလွမ်းမှန်းမသိပဲ မျက်ရည်တွေပါ ၀ဲလာသလိုလိုနဲ့း(

ကျနော်လည်း မိဘနဲ့ နေရတဲ့အချိန်တွေ ပြန်ပြန်တွေးပြီး အားတွေ ပြန်ယူရတယ် အစ်မရေ့ ကျနော်တို့တွေ ရင့်ကျက်လာမှုတွေနဲ့ လူကြီးဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကို တွေးမိတိုင်း အမေ နဲ့ အဘကတော့ ဇရာရဲ့ ပုံရိပ်တွေက ထင်ဟပ်လို့ အိမ်လွမ်းနာကတော့ ရင်ထဲ တစ်ဆစ်ဆစ်နဲ့ သေရာပါမယ့် ဒဏ်ရာပဲ ထင်ပါတယ်ဗျာာ။

ဘဘကြီးကော ကြီးကြီးပါ ကျန်းမာပါစေဗျာာ။

jasmine(တောင်ကြီး) said...

စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုလေးပဲ
နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ သံယောဇဉ်
ထုထည်ကိုခန့်မှန်းကြည့်လို့ရပါတယ်
၄၇-နှစ်တဲ့လား.....
ဖတ်ပြီးတော့လဲ ကြည်နူးရပါတယ်ရှင်
နောင်နှစ်ပေါင်းများစွာဤမိသားစုရွှင်လန်းချမ်းမြေ့ပါစေရှင်။

SHWE ZIN U said...

မမေ ရေ

မိဘ တွေ အသက်ကြီးကြပြီနော် အမလည်း ...... ဆုံးရှုံးလိုက်ရရင် ဆိုတဲ့ အပူမီး ကို လောလော ဆယ်ဆယ် ခံစားလိုက်ရတော့ ပိုပြီး တန်ဖိုးထားတဲ့ စိတ်တွေ ပေါ်လာတယ်