Friday, March 08, 2013

ကျမရဲ့ နွေ ...


ကံ့ကော်တွေလဲ ပွင့်ပြီ ... ။
ဥသြငှက်တေးသံနဲ့ နွေမနက်ခင်းက ချိုမြပြီ ... ။
မတ်လရဲ့ နေရောင်ခြည်ကလဲ ခပ်ရဲရဲ တောက်ပပြီ ... ။
စာသင်ကျောင်းတွေရဲ့ တံခါးကြီးတွေလဲ ခဏ အနားယူကြပြီ ... ။
ကလေးတွေကတော့ လွယ်အိတ်တွေ ပစ်ချပြီး ကစားကြမှာလား ... နားကြမှာလား ... ။
များသောအားဖြင့်တော့ ခုခေတ် ကလေးတွေဟာ ကျောင်းကြီးပိတ်တာနဲ့ နွေသင်တန်းတွေမှာ ဆက်လက် သင်ယူကြရတယ်။ မိဘတွေကလဲ ကိုယ့်ကလေးတွေ ကျောင်းမပိတ်ခင်ကတည်းက နွေသုံးလအတွက် သင်တန်းတွေ စုံစမ်းကြ အပ်ကြနဲ့ပေါ့ ... ။
***
ကျမတို့ ငယ်ငယ်တုန်းကရော ... ။
ငယ်ငယ်တုန်းက နွေကျောင်းပိတ်ရက်မှာ ဘာလုပ်ကြသလဲ ... ပြန်စဉ်းစားကြည့်တော့ ... ။
စာသင်ကျောင်းကြီးပိတ်ချိန်မှာ ကျမတို့ ညီအစ်မတတွေ ဆော့ရင်း ကစားရင်း အိမ်အလုပ်တွေ ကူလုပ်ရင်း အမေ့ကျောင်းကို တက်ကြရပါတယ်။ အိမ်အလုပ်ဆိုတာကလဲ ညနေဆို ခြံထဲက သစ်ပင်တွေ ရေလောင်းတာတို့ ... မနက်ဖက် ပွင့်တဲ့ စပယ်ပန်းတွေ ခူးသီပြီး ဘုရားကပ်တာတို့ ... တခါတလေ စပါးလုံး ကူရွေးပေးတာတို့ လောက်ပါပဲ။ ဒါပေမဲ့ နေ့လည်နေ့ခင်းဆိုရင်တော့ အမေ့ကျောင်းမှာ အမေနဲ့အတူ စက္ကူအိတ် ကပ်ကြရတယ်။

စက္ကူအိတ်ကပ်တယ်ဆိုတာက ကျမတို့ စာမေးပွဲပြီးသွားလို့ အသုံးမလိုတော့တဲ့ ကျောင်းသုံးဗလာစာအုပ် အဟောင်းတွေကို စက္ကူအိတ်လေးတွေ လုပ်တာကို ပြောတာပါ။ အဲဒီစက္ကူအိတ်တွေကို အမေက ဈေးမှာ သွင်းပေးပါတယ်။ အိတ် ၁၀၀ ဆို ဘယ်လောက် စသဖြင့်ပေါ့။ ဗလာစာအုပ်တွေကို ပိဿာချိန်နဲ့ ရောင်းတာထက် စက္ကူအိတ်လေးတွေ လုပ်ရောင်းတာက ပိုပြီး ပိုက်ဆံရပါတယ်။ နေ့လည် နေ့ခင်း ထမင်းစားပြီးချိန်ဆို ကော်မှုန့်တွေ ကျိုပြီး စက္ကူအိတ်လုပ်ဖို့ ပြင်ကြရတယ်။ စက္ကူအိတ်ကပ်တဲ့ ၀ိုင်းမှာ အမေဦးဆောင်ပြီး ကျမတို့ ညီအစ်မတွေနဲ့ တခါတလေလဲ တခြားအိမ်သားတွေပါ ကြတယ်။ အမေက ကျမတို့ မပျင်းရအောင် စက္ကူအိတ်ကပ်ရင်း ပုံတွေပြောပြတယ်။ များသောအားဖြင့် အမေပြောပြတဲ့ ပုံပြင်တွေက ပုဂံရာဇ၀င်ပါပဲ။

ပုဂံရာဇ၀င် ဒုတ်ထမ်းပြီး ပြောရတယ် ... တဲ့။ ပြောရင်းဆိုရင်း ငြင်းခုန်ကြလို့ ဒုတ်ထမ်း ပြောရတာလား ... ရှည်လျားလွန်းလို့ ဒုတ်ထမ်း ပြောရတာလား ... သေချာမသိပေမဲ့ အမေကတော့ ပုဂံရာဇ၀င်ကို စက္ကူအိတ်ကပ်ရင်း ပြောပြခဲ့ဖူးတယ်။ စက္ကူအိတ်တွေ ကပ်ရင်းနဲ့ ပုံပြင်နားထောင်ရသလို စက္ကူအိတ် ရောင်းရငွေက မုန့်ဖိုး၊ ကာတွန်းစာအုပ်ဖိုးလဲ ရတာမို့ ကျမတို့တတွေ တက်တက်ကြွကြွနဲ့ ... ။

အဲဒီလို ကျမတို့ရဲ့ နွေရာသီတွေမှာ ဆော့ရင်း ကစားရင်း အမေနဲ့ စက္ကူအိတ်ကပ်၊ အိမ်အလုပ်ဝိုင်းလုပ်၊ အဖေ့စာအုပ် ဗီရိုကြီးထဲက စာအုပ်တွေ ရှာဖွေဖတ်ရင်း ကုန်လွန်ခဲ့ရသလို ... အဘိုးနဲ့လဲ အချိန်ကုန်ရပါသေးတယ်။ နွေပိတ်ရက်တွေမှာ အဘိုးက သူ့သားသမီးတွေ ခေတ်က သင်ရတဲ့ Oxford English Reader စာအုပ်ကလေးတွေ ကျမတို့ကို သင်ပေးတဲ့အပြင် ဘုရားစာကိုပါ အင်္ဂလိပ်လို သင်ပေးပါတယ်။ အဲဒီတုန်းကတော့ အဘိုး စာသင်ချိန်ဆို သိပ်စိတ်ညစ်တာပဲ။ ပဉ္စမတန်းမှ အေဘီစီဒီ စသင်ရတဲ့ ကျမတို့ကို story တွေ ဖတ်လို ဖတ်ခိုင်း၊ cause and effect တွေ သင်လိုသင် နဲ့ ဆိုတော့ ဒုက္ခတွေ ရောက်တော့တာပေါ့။

ဒါတွင်မကသေးဘူး အဘိုးက လက်နှိပ်စက် ရိုက်တာ သင်ပေးပါသေးတယ်။ သူ့မှာရှိတဲ့ လက်နှိပ်စက် ၂ လုံးကို ကျမတို့ ညီအမ သုံးယောက် အလှည့်ကျ ရိုက်ရတယ်။ အဘိုးက မလှမ်းမကမ်း ခုံတန်းလျားကနေ အိပ်ပြီး အသံနားစွင့်နေတာ၊ အသံရပ်သွားတာနဲ့ လှမ်းခေါ်တော့တာပဲ။ အဲဒီအချိန်ဆို ကျမတို့တတွေ A S D F ; L K J လို့ အော်ဆိုပြီး လက်နှိပ်စက်ကြီးတွေ တချောက်ချောက် ရိုက်လို့ပေါ့။ အဲဒီတုန်းက လေးငါး ခြောက်တန်းလောက်ပဲ ရှိအုံးမှာ ... ။ နည်းနည်း အသက်ကြီးလာတဲ့ ၇ တန်း ၈ တန်းလောက် မှာတော့ အဖေ့အဘိဓမ္မာသင်တန်း တက်ရတယ်၊ ပရိတ်တို့ ပဋ္ဌာန်းတို့ သင်ရပါတယ်။ အဲဒီတုန်းကတော့ ကျမတို့ မောင်နှမတွေရဲ့ နွေပိတ်ရက်မှာ ... "သောမနဿ သဟဂုတ်" အသံတွေနဲ့ ဝေဆာလို့ ... ။
***
ခုပြန်စဉ်းစားကြည့်တော့ ကျမတို့ ငယ်ဘ၀ရဲ့ နွေပိတ်ရက်ဟာ သင်တန်းဆိုပြီး သတ်သတ်မှတ်မှတ် တက်ရတာ မဟုတ်ပေမဲ့ သင်ယူရင်း လေ့လာရင်း ကျော်ဖြတ်ခဲ့ရတာပါပဲ ... ။ ခုခေတ်မှာတော့ မိဘ ဘိုးဘွားတွေက ကိုယ့်သားသမီး မြေးမြစ်တွေအပေါ် အချိန်ပေးနိုင်မှု အတိုင်းအတာ လျော့နည်းလာတာနဲ့ အမျှ နွေရာသီမှာ သင်တန်းတွေ အသီးသီးပို့ကြရတယ်။ ခေတ်ရဲ့ တောင်းဆိုမှုအရ နွေသင်တန်းတွေလဲ အရင်ကထက် ပိုပြီး အများအပြား ပေါ်လာကြတယ်။ သင်တန်းတွေ များလာတာနဲ့ အမျှ မိဘတွေ အနေနဲ့ ရွေးချယ်ခွင့်တွေ ပိုများသလို ရွေးချယ်ဖို့ရာလဲ ပိုစဉ်းစားကြရပါတယ်။

မိဘတွေအနေနဲ့ အဓိက စဉ်းစားသင့်တာကတော့ သင်မယ့် subject တွေပါ။ ကိုယ့်ကလေးရဲ့ အားနည်းချက် အားသာချက်နဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး သင်မယ့်ဘာသာရပ်ကို ရွေးချယ် သင့်ပါတယ်။ နွေရာသီ သင်တန်းတွေမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ကွန်ပျူတာလို ပညာရပ်တွေ အပြင် ပန်းချီ၊ ဂီတ ... စတဲ့ အနုပညာ သင်တန်းတွေ ... ရေကူး၊ ဘတ်စကတ်ဘော စတဲ့ ကိုယ်ကာယ ကြံ့ခိုင်မှု သင်တန်းတွေလဲ ရှိတာမို့ ကိုယ့်ကလေးနဲ့ အဆင်ပြေတာကို ရွေးချယ်နိုင်ပါတယ်။

နောက်တခုက ကျောင်းရဲ့ တည်နေရာ ... ။ တချို့မိဘတွေက ကိုယ့်အိမ်နဲ့ နီးတဲ့ ကျောင်း၊ သွားရေးလာရေး အဆင်ပြေတဲ့နေရာတွေကို ဦးစားပေး ရွေးချယ်ကြပါတယ်။  ဒါပေမဲ့ အခြေအနေအရ ကိုယ့်ကလေးကို နိုင်ငံရပ်ခြားတောင် လွှတ်ပြီး ကျောင်းထား ကြရတာမို့ တချို့ကလဲ တည်နေရာကို သိပ် မကြည့်ကြပါဘူး။

facilities နဲ့ service ... ကလဲ အရေးကြီးတာပါပဲ။ နွေရာသီလို ပူပြင်းတဲ့ အချိန်မှာ ကိုယ့်ကလေးတွေ အေးဆေးသက်သာစွာ သင်ကြားနိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင် အခြေအနေ ပေးနိုင်တဲ့ ကျောင်းမျိုးဖြစ်သင့်သလို ကလေးတွေကို ဂရုစိုက် ကြည့်ရှုပေးတဲ့ ကျောင်းမျိုးကိုလဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာတော့ ကျမတို့ရဲ့ ကျောင်းလေးမှာ နွေရာသီ သင်တန်းတွေ စပြီးဖွင့်ခဲ့ပါတယ်။ ကျမတို့ ကျောင်းမှာ ကလေးတွေအတွက် နွေရာသီသင်တန်းတွေ ဖွင့်ခဲ့တာ ၁၀ နှစ်နီးပါး ရှိခဲ့ပါပြီ။ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ မိဘတွေရဲ့ လိုလားချက် ကိုက်ညီမှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ကြားပေးပါတယ်။

 
ဒီနှစ်မှာတော့ တခြား subjects တွေအပြင် ကျမက Environmental education ကိုပါ တချိန် ထည့်ပြီး သင်ပေးပါတယ်။ Save the Earth ဆိုတဲ့ သီချင်းလေးကို သံပြိုင်သီဆိုကြရင်း ကိုယ်တယောက်ထဲအပြင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်မိသားစုတွေပါ လက်တွဲပါဝင်ဖို့ ကလေးတွေကို ဆွဲဆောင်ခဲ့တယ်။ Reduce, Re-use, Recycle ဆိုတဲ့ ဆောင်ပုဒ်လေးကို ရှင်းပြရင်း ကျမတို့ ငယ်ငယ်က စက္ကူအိတ် ကပ်ကြတဲ့ အကြောင်း သူတို့ကို ပြောပြရပါသေးတယ်။ အဲဒါကလဲ Re-use and recycle ပဲ မဟုတ်လား ... ။
 

ကျမတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ ကလေးတွေ နွေရာသီမှာ စိတ်ဖိစီးမှု မရှိစေဘဲ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားရင်း သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ပါပဲ။ တနှစ်လုံး ကျောင်းသင်ခန်းစာတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ ကလေးတွေအတွက် နွေတနွေမှာတော့ လွတ်လပ်ပေါ့ပါး သင့်တယ် မဟုတ်လား ... ။


ဆော့ရင်း ကစားရင်း စာသင်ကြရတာမို့ ကလေးတွေ ပိုပျော်ကြသလို အချင်းချင်း ရင်းနှီးမှုလဲ ပိုရှိကြတယ်၊  သင်လိုက်တဲ့ စာကိုလဲ ပိုပြီး စွဲမြဲမှတ်မိစေပါတယ်။


ကျောင်းသားတွေထဲမှာ ၅ နှစ်ကျော် ၆ နှစ်အရွယ် ကလေး သေးသေးလေးတွေလဲ ပါတာကြောင့် ငြင်းကြ ခုန်ကြ အော်ဟစ်ကြတာမျိုးလဲ ရှိပါရဲ့။ ကလေးဆိုတာ စိတ်ထဲရှိတာ ပြောတတ် လုပ်တတ်ကြတာပဲ ... ကျမတို့ စိတ်ရှည်ရှည်နဲ့ နားလည်ပေးရမယ် မဟုတ်လား ... ။


ပူလောင်တဲ့ နွေကို အံတုရင်း ကံ့ကော်ရိပ်မှာ ချွေးသိပ်ကြရတယ်။ ကျောင်းသားတွေရော ဆရာ ဆရာမတွေပါ ... တပျော်တပါး ... ။

***
ကျမတို့ ငယ်ငယ်တုန်းက အဘိုးသင်ပေးတဲ့  English for Buddhism နဲ့ ကြီးပြင်းလာခဲ့သလို ခုကလေးတွေကိုလဲ နွေရာသီမှာ English for Buddhism သင်တန်းလေး ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီသင်တန်းကတော့ မနက်ဖြန် (မတ်လ ၉ ရက်) ကစပြီး စနေ တနင်္ဂနွေ ၉ ပတ်တိတိ (မေလ ၁၉ ရက်ထိ) သင်ကြားပေးပါမယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်တုန်းကတော့ ၉ ရက်သာ သင်ခဲ့ရပေမဲ့ အခု နွေပိတ်ရက်မှာ ၁၈ ရက် သင်မှာပါ။ ထုံးစံအတိုင်း ဒီသင်တန်းကို ပညာဒါန သင်ပေးမှာ ဖြစ်ပါတယ်။ ဆရာဦးသန့်စင် (ဘလော့ဂါကိုမင်းထက်) အပါအ၀င် ဘုန်းဘုန်း ၂ ပါးနဲ့ တခြားဆရာများက သင်ပေးကြပါမယ်။

 
ဒါကတော့ သီတင်းကျွတ်ပိတ်ရက်မှာ ဖွင့်ခဲ့တဲ့ English for Buddhism သင်တန်းဆင်း လက်မှတ်ပေးပွဲ နဲ့ ဆုပေးပွဲ အခမ်းအနားပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အင်းလျားလမ်းက စိမ်းလမ်းစိုပြေမှာ ပြုလုပ်ခဲ့ပါတယ်။ 
 
 
သင်တန်းပြီးတဲ့နေ့မှာ သူတို့ကို level အလိုက် test လေးလုပ်ပေးပြီး ပထမ ဒုတိယ တတိယ အသီးသီး ဆုတွေ ပေးခဲ့တယ်။  

 
သင်တန်းဆင်းပွဲနေ့က Buddhism သီချင်းတွေကို ကလေးတွေ သံပြိုင် ညီညာ သီဆိုဖျော်ဖြေခဲ့ကြတယ်။
***
ကျမတို့ရဲ့ English for Buddhism သင်တန်းလေးက အောင်မြင်တယ်လို့ ဆိုရပါမယ်။ ကျောင်းသားတွေ မိဘတွေ အားလုံး ကျေနပ်ကြတဲ့အပြင် ဒီသင်တန်းအကြောင်း နောက်မှသိတဲ့သူတွေလဲ လိုအပ်တာရှိရင် ကူညီပံ့ပိုး ပေးချင်ပါတယ်လို့ ကမ်းလှမ်းလာကြပါတယ်။ MRTV 4 ကလဲ လာရောက်ရိုက်ကူးသွားပြီး For Edu အစီအစဉ်က ထုတ်လွှင့်ပြသပေးတဲ့အတွက် သိတဲ့သူ ပိုများလာပါတယ်။ အဲဒီအတွက်လဲ MRTV 4 ကို ကျေးဇူးတင်ပါတယ်။
 
အခု နွေကျောင်းပိတ်ရက်မှာ ကလေးတွေ ဘ၀တသက်တာအတွက် သင်ယူသင့်တဲ့ သင်ခန်းစာတွေအပြင် သံသရာအတွက် အကျိုးရှိစေမယ့် ဘာသာရေး အသိလေးတွေပါ နှလုံးသားထဲမှာ ကိန်းအောင်း လာစေဖို့ ... ဒီသင်တန်းလေးကို ကြိုးစားပြီး ဖွင့်လှစ်ဖို့ အပင်ပန်းခံပြီး စီစဉ်ကြရတာပါ။ တနင်္လာကနေ သောကြာထိ ဖွင့်နေကျ Summer School အပြင် စနေ တနင်္ဂနွေမှာ English for Buddhism ပါ ဖွင့်မယ်ဆိုတော့ ဒီနွေ သုံးလမှာ ကျမကတော့ နားရက်မရှိ၊ ပိတ်ရက်မရှိ လှုပ်ရှား ရပါအုံးမယ်။
 
ဘယ်လိုပဲ ပင်ပန်းပင်ပန်း ကျမကတော့ ကိုယ်လုပ်နိုင်တဲ့အချိန်မှာ လုပ်သင့်တာရော လုပ်ချင်တာပါ တထပ်တည်းကျအောင်  လုပ်နေနိုင်တဲ့အတွက် နွေနေပူပေမယ့် ပီတိတွေနဲ့ ရင်ထဲမှာ အေးမြလို့ နေပါတော့တယ်။
***
မေဓာဝီ
၈၊ ၀၃၊ ၂၀၁၃
၁၄း၀၀ နာရီ

15 comments:

နတ္ထိ said...

ငယ်ငယ်က နွေရာသီမှာ ဘာဆိုဘာမှ မလေ့လာဖြစ်ခဲ့ဘူး။ နှမျှောစရာ နွေဦးတွေ...။
အခု ကိုမင်းထက်ကြီး သင်ပေးမယ်ဆိုတော့ စိတ်ဝင်စားမိတယ်... :)

ညိမ်းနိုင် said...

ငယ်ငယ်က စက္ကူအိပ်တွေကော်ကပ်ခဲ့ရတာသတိရမိ
တယ်.....၊တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း လက်
နှိပ်စက်သင်ခဲ့ဖူးရဲ့...၊အဖေက သူ့ရုံးခေါ်သွားပြီးသင်ပေး
ခဲ့တာရယ်....၊အစ်မတို့သင်တန်းလေးကို တော့အတော်
သဘောကျတယ်ဗျ....၊မြန်မာပြည်ပြန်ရောက်ရင် လာ
လည်ဦးမယ်နော့....။

Kay Thwel said...

မမေ ရဲ့ ကျောင်းကို ကျမ အမ ကတော့ အတော်သဘောကျနေတယ်။ သူ့ ကလေး တွေရဲ့ အဘိုး ( တီတီစီ က.. ပန်းချီဆရာကြီး ဦးမောင်မောင်သိန်း ) ကလည်း ဆန်းဖလားဝါး ဆိုတဲ့ နွေရာသီ ကလေး ပန်းချီကျောင်း ဖွင့်ထားတယ်။


မမေ ရေ..ကျမ တို့ လည်း ငယ်ငယ်က..စာမေးပွဲ ပြီး နောက်တရက်ဆို..စာအုပ်တွေ ဖြုတ်ပြီး အိတ် စကပ်တော့တာပဲ။ အဒေါ် ရဲ့ ပွဲရုံ ဒိုင် ရှိတော့..မန်ကျည်းသီး ထု တာတို့.. ကားပေါ်က ကျ တဲ့ မြေပဲ တို့ ဘာတို့ကို နို့ဆီဗူး နဲ့ လိုက်ကောက်သင်းကောက်တာ တို့ နဲ့ အတော်စုံတယ်.. စုဗုးလဲ ၀ တာပဲ..။ ပြီးရင်..ညဖက် အအေးဝယ်သောက်ကြ.. ကာတွန်းစု ငှားကြ နဲ့ တကယ့်ကို သဘာဝ ရဲ့ ရင်သွေးငယ် တွေ ဖြစ်ခဲ့တာ..လွမ်းတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

စေတနာသန့်သန့်နဲ့ အရည်အချင်းရှိ ဆရာ ဆရာမတွေ။
တက်ကြွနာယူလိုကြတဲ့ ကျောင်းသူကျောင်းသားငယ်လေးတွေ။
ပူလောင်မှုကင်း အေးမြမှု သင်းတဲ့ သင်တန်းနေရာလေးတွေ။

အကြောင်းသုံးပါးနဲ့ တိုက်ဆိုင်မှုကို တွေ့ရတိုင်း တကယ် သာဓုခေါ်မိပါတယ်။

သူကြီးမင်းကတော့ တီတင့်ပို့စ်လေးအတိုင်း ဟိုလိုလို ဒီလိုလိုပါဘဲ။း)

Ma Tint said...

မမေရဲ့ မွန်မြတ်တဲ့ အလုပ်ကလေးနဲ့ မျှော်မှန်းခဲ့တဲ့ ဆန္ဒ ထပ်တူကျတယ်ဆိုတာ ကြည်နူးဝမ်းသာစရာပါ။ မမေရဲ့ သင်တန်းကျောင်းလေးကို သဘောကျတယ်။
ကွန်မန့်လေးတွေဖတ်ရင်း ဟိုလိုလို ဒီလိုလို ဖြစ်နေတဲ့ သူကြီးမင်းကို သင်တန်းတက်စေချင်လိုက်တာ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မျိုး said...

စိတ်ဝင်စားစရာပဲ အစ်မတို့ သင်တန်းလေးက အစ်မလည်း နွေ မှာ ခလေးတွေနဲ့ဆိုတော့ မပျင်းရတော့ဘူးပေါ့ ကောင်းတယ် ။ ဒါနဲ့ အစ်မ မြန်မာပြည်ပြန်ရောက်နေတာ မသိဘူး သိရင် လာနှုတ်ဆက်ပါသေးတယ် ။

ကျနော်တို့တုန်းကတော့ နွေကျောင်းပိတ်ရင် ရွာပြန်တယ် ရေကူးတယ် ငါးဖမ်းတယ် နွားဝိုင်းကျောင်းတယ် ကျောင်းဖွင့်မှ ပြန်လာတယ် ။ ခု ခလေးတွေက စာ ပြီးရင် စာ နေရတာ တစ်ခါတလေ သနားစရာ ခေတ် ၇ဲ့ တောင်းဆိုချက်လို့ပဲ ပြောရမှာပေါ့လေ ။

နေကောင်းပါစေ အစ်မရေ ။

သဒ္ဓါလှိုင်း said...

ငယ်ဘဝတုန်းက သီးသန့်သင်တန်းကျောင်းတွေ မတက်ခဲ့ဖူးပေမယ့် အိမ်ထဲမှာ နေရတာကိုက သင်ယူလေ့လာခဲ့ကြရတာပဲနော်..အမ.
အမကျောင်းလေးကြည့်ပြီး ကြည်နူးနှစ်သက်မိပါတယ်.

ခင်မင်လျက်
သဒ္ဓါ

San Htun said...

ကျူရှင်တွေပိနေတယ့် ကလေးတွေကို နွေရာသီမှာ စိတ်ဖိစီးမှု မရှိစေဘဲ ပျော်ပျော်ပါးပါး ဖြတ်သန်းစေတာ ကောင်းလိုက်တာ...ငယ်ငယ်တုန်းက ဗုဒ္ဓဘာသာသင်တန်းတွေက ပျင်းဖို့ ကောင်းတယ်..မမေတို့ ကျောင်းက ဗုဒ္ဓဘာသာသင်တန်းက အောင်မြင်တာ ဝမ်းသာလိုက်တာ..ကလေးတွေကို ငယ်ငယ်လေးထဲက နှလုံးသားထဲမှာ ဘုရားတည်ခိုင်းလိုက်တာပဲ..ဆထက်တိုး၍ အောင်မြင်ပါစေဗျား..ပင်ပန်းပေမယ့် ပျော်တယ်ဟုတ်..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်ချင်တာရော လုပ်သင့်တာရော တစ်ထပ်တည်းကျပြီး အလုပ်အပေါ် ပျော်ရွှင်နေတဲ့ မမေဘဝလေးကို အားကျလိုက်တာ။
ကလေးတွေရဲ့ သင်တန်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်တွေသာ ငယ်တုန်းက ဒီလိုသင်တန်းမျိုးတွေရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ စဉ်းစားမိတယ်
ငယ်တုန်းကတော့ နွေရာသီဆို ဆော့တာနဲ့ အချိန်ကုန်သွားခဲ့ရတာ များတယ် မမေရေ။

သစ်နက်ဆူး said...

ညီမမေ
သာသနာဆုပ်ကပ်ဘက်ကို ဦးတည်နေချိန်မှာ...
အနာ၈တ်ရဲ့ ပန်းပွင့်လေးတွေရင်ထဲကို
ဘာသာ၊သာသနာ ရဲ့ လေးနက်မှုတွေ ညင်ညင်သာသာလေး အမြစ်တွယ်စေတဲ့.. ညီမမေ တို့ ရဲ့ 
မေ....ဆိုတဲ့ကျောင်းလေး
အရာရာတိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်..
ညီမမေနဲ့ အတူ.. ဆရာဆရာမများ၊
အထူးသဖြင့် ရဟန်းသံဃာတော်များ..
ရင်သွေးလေးများကို ပံ့ပိုးကူညီတဲ့ မိဘများ
အားလုံး...အားလုံး..
ရေလိုအေးပြီး ပန်းလိုလန်းနိုင်ကြပါစေ

ချစ်ကြည်အေး said...

ကောင်းတယ် ညီမမေရေ....ဒီလိုကျောင်းမျိုးလေးတွေ အများကြီး ရှိလာစေချင်တယ်

ရွှေအိမ်စည် said...

မမ
MAY ဆိုတာ ညီမ သိနေတယ်..။
ဒါပေမယ့် မမမှန်း မသိဘူး..။
အဲလိုပဲ ဖဘ က May Nandar ဆိုတာ ညီမ မသိဘူး..။
ညီမက ဘလော့ဂ်ဂါတွေ တကယ်အကုန်မသိဘူး.။
ကိုညီလင်းသစ်ရဲ့ ဘလော့ဂ်ကတဆင့် မမနာမည်ကို ရင်းနှီးကျွမ်းဝင်နေတာရယ်..။
ဟိုတစ်နေ့ကတည်းက လင့်ကို ဖဘ ကတွေ့တော့ လာမယ်လို့ အားခဲထားတာ..ညီမ ခရီးထွက်နေတာနဲ့ ခုမှ ရောက်တာ..။
လင့် ချိတ်ထားလိုက်ပါပြီ မမ..။

မြသွေးနီ said...

မမေရေ...
စက္ကူအိတ်ငယ်ငယ်တုန်းက ကပ်ခဲ့ဖူးတာ သတိပြန်ရမိတယ်။ မမေတို့ကျောင်းလေးက မိသားစုဆန်ပြီး နွေးထွေးမှုခံစားစေရတာကတော့ အမှန်ပါပဲ မမေရေ..။ ဗုဒ္ဓဘာသာသင်တန်းတုန်းက စာအုပ်လေးတွေလည်း သေချာချုပ်သိမ်းထားဖြစ်တယ်။ဒီနွေအတွက်ကျွန်မ ကြိုးစားကြည့်ပေမယ့် သားပြည့်ကတော့ အရင်တက်လက်စ ကျောင်းမှာပဲ ဆက်တက်ဖြစ်သွားတယ်။ သူငယ်တန်းထဲက အတူတက်လာတဲ့ သူငယ်ချင်းဟောင်းတွေနဲ့ မခွဲနိုင်ဘူးတဲ့လေ..။ နောက်တစ်ကြိမ် အခွင့်အရေးထပ်ရချင်ပါသေးတယ်ရှင်။

စံပယ်ဖြူ (Jasmine White) said...

အမ ခုလိုလုပ်ပေးနိုင်တာကို အားကျပါတယ်။ လုပ်အား၊ ငွေအားနဲ့ မကူညီနိုင်လို့ လေနဲ့ပဲ အားပေးသွားပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လုပ်သင့်တာတွေ နှစ်ရှည်လများ လုပ်ဆောင်နိုင်ပါစေ..

ဇွန်မိုးစက် said...

အဲဒီ့ကျောင်းကို သိတာကြာပြီ... မမေ။ ဇွန်တို့အရင် ၁၅၃လမ်းမှာ နေဖူးတယ်။ May ကျောင်းဘေးကပ်ရပ်ကဆိုင်မှာ ထမင်းပေါင်းတို့ ကြေးအိုးတို့လာဝယ်စားဖူးတယ်။ နောက်ပြီး ဘေးခြံက လက်ဖက်ရည်ဆိုင်မှာလည်း လာသောက်ဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်... မေမေတောင် ကျောင်းခြံဝင်းထဲ ရောက်ဖူးတယ် ထင်တာပဲ။ ဒီတစ်ခါဖုန်းပြောဖြစ်ရင် ပြန်မေးကြည့်လိုက်ဦးမယ်။
စောစောက ယောဂီဝတ်စုံလေးနဲ့ အစ်မပုံကို ကြည့်နေရင်း တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ စိတ်ကထင်လာတာ။း)

ကလေးတွေအတွက် တန်ဖိုးရှိပြီး အကျိုးများလှတဲ့ နွေရာသီသင်တန်းလေးတွေအတွက် ဂုဏ်ယူကြည်နူးမိပါတယ် အစ်မမေ။ ^_^