Monday, November 27, 2006

၄၂ နှစ် တာ ခရီး မှသည် …


လွန်ခဲ့တဲ့ ၄၂ နှစ်က ….
ဂျုံးဂျုံးဂျက်ဂျက် ခုတ်မောင်းနေတဲ့ မီးရထားကြီးပေါ်မှာ အသက် ၁၉ နှစ်အရွယ် လုလင်ပျိုနဲ့ လုံမငယ်တို့ဟာ ရင်ခုန်လှုပ်ရှားစွာနဲ့ စီးနင်းလိုက်ပါသွားကြတယ်။
လုံမငယ်ရဲ့ ရင်ထဲမှာတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ ရင်ခုန်လို့နေပြီး လုလင်ပျိုကတော့ ကြည်နူးပီတိတွေနဲ့ ရင်ခုန်လို့ နေလေရဲ့။
ဒါဟာ သူတို့နှစ်ဦးရဲ့ ဘ၀တဆစ်ချိုး ခရီးစဉ်လေး …။
နှစ်ယောက် နှစ်ဘ၀ကို တဘ၀ထဲအဖြစ် တထပ်တည်းကျအောင် အတူလက်တွဲဖို့ ထွက်လာတဲ့ ခရီးစဉ်လေး။
***
ဒီလိုနဲ့ တနှစ်ပြီးတနှစ်ကုန်ဆုံးသွား ….
တွဲထားတဲ့လက်တွေ ခိုင်မြဲ …
မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့
တယောက်နဲ့ တယောက် ဖေးကူပြီး
သမီးသားတွေ ကြီးပွားလာသည်ထိ
သစ္စာမပျက် မေတ္တာဖက်ရင်း
ခရီးပြင်းနှင်လာခဲ့တာ …
အနှစ် ၄၀ကျော် ကြာခဲ့ပေါ့ …
***
(၂၉.၁၁.၀၆) ဆိုရင် အဖေနဲ့ အမေရဲ့ မင်္ဂလာသက်တမ်းဟာ ၄၂ နှစ်တင်းတင်း ပြည့်ပါပြီ။
ကျမတို့ သိတတ်စအရွယ် ငယ်ငယ်ထဲက အဖေနဲ့အမေဟာ နှစ်ပတ်လည်နေ့လေးတွေမှာ ကုသိုလ်ကောင်းမှု တခုမဟုတ်တခု ပြုခဲ့ကြပါတယ်။ ဒါကြောင့် နိုဝင်ဘာ လဆန်းတာနဲ့ အဖေနဲ့ အမေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ရောက်တော့မယ်ဆိုပြီး ကျမတို့အမြဲမှတ်မိနေတတ်တယ်။

တကယ်တမ်းတော့ …
အဖေဟာ အမေ့ကို နိုဝင်ဘာ (၇) ရက်နေ့မှာ သူ့ဘ၀ထဲ အပြီးအပိုင် ခေါ်သွားခဲ့တာပါ။
လွန်ခဲ့တဲ့ ၄၂ နှစ်က နိုဝင်ဘာ ၇-ရက် ညနေခင်းမှာ အပေါ်မှာရေးခဲ့သလို … အမေဟာ ရထားကြီးပေါ်မှာ စိုးရွံ့ထိတ်လန့်မှုတွေနဲ့ ရင်ခုန်နေခဲ့ပြီး အဖေကတော့ ကြိတ်ပျော်ချင်ပျော်နေမှာပေါ့ … ။ ၉-ရက်နေ့မှာတော့ နယ်မြို့လေးတမြို့က တရားရုံးမှာပဲ လက်မှတ်ထိုးခဲ့ကြတယ်။ နောက် အမေ့ကို မိဘတွေထံ ပြန်အပ်ပြီး ၂၉- ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲကို ဒီခြံဝင်းထဲမှာပဲ ကျင်းပခဲ့ကြတယ်တဲ့။

အဖေနဲ့ အမေ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လုပ်တဲ့အခါ များသောအားဖြင့် အဖေနဲ့ အမေရဲ့ ဘ၀တဆစ်ချိုးဖြစ်တဲ့ နိုဝင်ဘာ ၇ - ရက် နေ့မှာ လုပ်တာများပါတယ်။
မင်္ဂလာဆောင်တဲ့နေ့ကတော့ အများအသိအမှတ်ပြုတဲ့နေ့မို့ ၇-ရက်နေ့မအားရင် ၂၉ ရက်နေ့မှာ လုပ်ကြပါတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့လုပ်တယ် ဆိုပေမဲ့ ဘုရားသွားပြီး ကုသိုလ်ကောင်းမှု ပြုတာမျိုး၊ ဘုန်းကြီးတွေ ဆွမ်းလောင်းတာမျိုး၊ ဘုန်းကြီးကျောင်းကို တခုခုလှူတာမျိုး နဲ့ တခါတလေ အဖေနဲ့အမေရဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျွေးမွေးတာမျိုး သားသမီးတွေနဲ့ တခုခုသွားစားကြတာမျိုး … ခပ်ရိုးရိုးပဲ လုပ်ကြတာပါ။
အမေဟာ သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေးကို ခုထိ သိမ်းထားခဲ့ပါတယ်။ ဖိတ်စာလေးက ရိုးရိုးလေးပေမဲ့ ခုချိန်ထိ ဆန်းသစ်လှပနေဆဲပါ။
***
ဒီနှစ်တော့ အမေက အဝေးမှာမို့ အဖေ တယောက်ထဲပေါ့။ ဒါနဲ့ပဲ တနေ့တော့ ကျမက အမေနဲ့ အွန်လိုင်းမှာဆုံတုန်း အောင်သွယ် လုပ်ပေးလိုက်ရပါသေးတယ်။
‘အမေ … အမေတို့ anniversary ကို မှတ်မိလားလို့ အဖေက မေးနေတယ်’ တကယ်က မမေးပါဘူး။ ကျမက လံကြုတ်လုပ်ရတာပါ။
ကျမမေးတော့ အမေက ..ပြီးသွားပြီလေ … လို့ပြောတယ်။ ၇ - ရက်နေ့ လွန်သွားပြီဆိုတဲ့ သဘောပေါ့။
ဒါနဲ့ ကျမက … ဘယ်နေ့ကလဲ အမေ .. လို့ထပ်မေးတော့ .. ဘယ်နေ့က အဖေ့နောက်လိုက်တယ်၊ ဘယ်နေ့မှာ လက်မှတ်ထိုးတယ် … ဘယ်နေ့မှာ ဧည့်ခံပွဲလုပ်တယ်ဆိုတာကို အတိအကျတွေ ပြောပါတော့တယ်။
‘အမေ … ၂၉ ရက်နေ့က မလွန်သေးဘူးလေ .. အဲဒီနေ့ကျရင် အဖေ့ဆီ ဖုန်းဆက်လိုက်လေ’
‘၂၉ ရက်နေ့ဆို ဆက်ဖို့ အဆင်မပြေဘူး … နက်ဖန်ဆက်လိုက်မယ် …မြန်မာပြည်ကအချိန် နေ့လည် ၁၂ နာရီခွဲ မှာ စောင့်ခိုင်းထား’ လို့ အမေက ပြောတယ်။
ဒီလိုနဲ့ အမေနဲ့ အဖေ ဖုန်းပြောရအောင် ကျမက ဖန်တီးပေးခဲ့တယ်။
***
ကျမ စဉ်းစားကြည့်မိပါတယ်။
လူတယောက်နဲ့ တယောက် နှစ်ပေါင်း ၄၀ကျော် မညည်းမညူ လက်တွဲဖို့ဆိုတာ တော်တော်လေးကို ခက်မှာပဲ .. လို့။ စိတ်သဘောထားဆိုတာ တယောက်နဲ့တယောက် ထပ်တူကျဖို့က အင်မတန် ခဲယဉ်းတယ်မဟုတ်လား။ အဖေနဲ့ အမေကတော့ စိတ်ချင်း သိပ်မတူကြပေမဲ့ သဘောထားချင်းတော့ တူကြပါတယ်။

စိတ်ချင်းမတူတာက …
အမေက စိတ်မြန်ပြီး အဖေက စိတ်ရှည်တယ်။
အမေက ထစ်ခနဲဆို စိတ်တိုတတ်တယ် .. အဖေကတော့ တော်ရုံတန်ရုံဒေါသမထွက်တတ်ပါဘူး။
အဖေက အကြောင်းအရာ တခုခုပြောတော့မယ်ဆိုရင် မျက်စိထဲမြင်အောင် ဖြည်းဖြည်းချင်း ဆွဲပြီး ပြောလေ့ရှိတယ်၊ အဲဒါဆိုရင် အမေက စိတ်မရှည်တော့ဘူး၊ အဆုံးကို သိချင်ပြီ .. အဖေက ဇာတ်ရှိန်တက်အောင် ပြောနေတာကို အမေဟာ ရင်တမမ နဲ့ နားထောင်မနေချင်တော့ဘူး။ အဲလိုမျိုး ခဏခဏကြုံရပါတယ်။
အမေ ပြောတဲ့အလှည့်ဆိုလဲ နောက်ဆုံးက စပြောပြီးမှ အလယ်က ပြန်ပြောတယ်။ အမေက အဲဒီလို။

သဘောထား တူတာကတော့ … စာပေမွေ့လျော်တာ၊ ဘာသာတရား ကိုင်းရှိုင်းတာ၊ သူတပါးကို ကိုယ်ချင်းစာ သနားတတ်တာ … အဲဒီသဘောထားတွေမှာတော့ တူကြပါတယ်။ အဖေနဲ့ အမေကြားမှာ တယောက်ကို တယောက် ခွင့်တောင်းစရာမလိုဘဲ လုပ်လို့ရတဲ့ ကိစ္စ တခု ရှိပါတယ်။ အဲဒါကတော့ အလှူဒါန ပြုတဲ့ ကိစ္စပါ။
အလှူအတန်းနဲ့ ပတ်သက်ပြီး အဖေလှူတာလဲ အမေ မတားသလို အမေလှူရင်လဲ အဖေက မတားပါဘူး။ ဘယ်လို အလှူခံပုဂ္ဂိုလ်ကို မဆို ကိုယ့်စိတ်ထဲက စေတနာ သုံးတန် ပြဋ္ဌာန်းပြီးလှူချင်ရင် လှူဒါန်းခွင့်ရှိပါတယ်။

သူတို့ နှစ်ယောက် အော်ကြီးဟစ်ကျယ် စကားများတာ ကျမ တသက်လုံး တခါမှ မမြင်မတွေ့ခဲ့ဖူးပါဘူး။
တခါတလေ စိတ်အခန့်မသင့်တာမျိုးတော့ ရှိမှာပေါ့၊ အမေစိတ်ဆိုးရင် အဖေ့ကို မျက်စောင်းထိုးတတ်ပါတယ်။ ပြီးရင် အဖေ့ကို ဗိုက်ခေါက်လိမ်ဆွဲတတ်တယ်၊ (ငယ်ငယ်က မြင်ဖူးတာပါ၊ ကြီးတော့ ဆွဲတာမတွေ့တော့ဘူး)
အဲဒါဆိုလဲ အဖေက တအားအားအော်ရင်း ရယ်နေတာပါပဲ။ အဖေနဲ့ အမေဟာ ခုချိန်ထိ တယောက်ကို တယောက် စကားသံမာမာနဲ့တောင် မပြောကြဘူး။

အမေဟာ အဖေ့ရဲ့ ပါရမီဖြည့်ဘက်ကောင်း တယောက်ပါပဲ။ ပါရမီဖြည့်ဘက် ဆိုတာဟာ တော်ရုံနားလည်မှု၊ တော်ရုံသည်းခံနိုင်မှုနဲ့ မဖြစ်နိုင်ပါဘူး …။ အမေ့ဘ၀တလျှောက်လုံး အဖေ လုပ်ချင်တာတွေ ဖြစ်အောင် လုပ်နိုင်ဖို့ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ယောကျာ်းတယောက် အောင်မြင်နိုင်ဖို့အတွက် သူ့ရဲ့ဇနီးသည်ဟာ ပါရမီဖြည့်ဘက်ကောင်း တယောက်ဖြစ်ဖို့ တကယ်အရေးကြီးပါတယ်။ ဇနီးသည် ညံ့ဖျင်းတယ်ဆိုရင် ဒီယောကျာ်းဟာ ပင်ကိုယ်က ဘယ်လောက် တော်တော် အောင်မြင်သင့်သလောက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ကျမထင်တယ်။

ဗေဒင်ဆရာတွေက အဖေနဲ့ အမေ့ကို ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေမို့ ဓမ္မာ-သောက-အင်းဝ-ရာဇာ အရ .. မတည့်ဘူး ကွဲတတ်တယ် လို့ ဟောလေ့ရှိကြတယ်။ ကျမကတော့ သူတို့အဲဒီလိုပြောတိုင်း ရယ်ချင်တာပဲ။ မကွဲလို့ဘဲ အနှစ် ၄၀ကျော်နေပါပကော … ။
***
နက်ဖန်ကျရောက်မဲ့ … အဖေနဲ့ အမေရဲ့ ၄၂ နှစ်တာ ခရီးမှသည် … သက်ဆုံးတိုင် လက်တွဲမဖြုတ်စတမ်း ငြိမ်းချမ်းစွာ ဒီသမီး ဒီသားများနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါစေလို့ … ဆုတောင်းလိုက်ပါတယ် … အဖေနဲ့ အမေ … ။
***

11 comments:

azuremist said...

hey, u r so lucky to b blessed with such parents.
pls cherish them as far as u can.
envy u.

ကလိုစေးထူး said...

ဒီစာကိုဖတ်မိတော့ အမတို့ရဲ့ အသိုက်အမြုံလေးရဲ့ တည်တံ့ ခိုင်မြဲမှုကို အားကျမိပါရဲ့၊ တချိန်တည်းမှာပဲ ကျနော်တို့ အသိုက်အမြုံရဲ့ ပြိုကွဲမှုကို သတိရမိပြီး တမ်းတ ကြေကွဲမိပါရဲ့၊ ဦးနဲ့ ဒေါ်ဒေါ်တို့ ၄၂ နှစ်မင်္ဂလာ ရက်မြတ်အပြင်နောက်ထပ် မင်္ဂလာ ရက်မြတ်ပေါင်းများစွာကို နောင် နှစ်ပေါင်းများစွာတိုင်အောင် အခုလိုပဲ ပျော်ရွှင်စရာ နေ့တွေနဲ့ အတူ ဆင်နွှဲနိုင်ပါစေဗျာ။

KGYG EI said...

ဝမ်းသာလိုက်တာ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေ ၄၂ ထိကြာအောင် မကွဲဘူးဆိုလို့။ ဟဲ ဟဲ စကားအကောင်း ပြောနေတဲ့ကြားထဲ ၀င်ရှူပ်ပြန်ပြီနော်။ ကိုယ်လိုရာကိုယ်ဆွဲတွေးပြီး ထင်ရာတွေ ၀င်ပြောရင်းနဲ့ မမေရဲ့ ဖေဖေနဲ့ မေမေအတွက် နှစ်တစ်ရာတိုင်ပါစေ ဆုတောင်းပေးလိုက်တယ်နော်။ အိတို့လည်း နှစ်တစ်ရာတိုင်ချင်တယ် ဟီး ဟီး ဟီး

TZA said...

နှစ်၁၀၀တိုင်ပါစေဗျာ..

အခုခေတ်မှာတော့ ဆောင်ဖို့ခပ်လန့်လန့်ပဲဗျာ.. ကလေးမွေးလိုက်တာနဲ့ကုန်ပေါက်ပဲ၊ ဘွဲ့ရတဲ့အထိရင်းနှီးဖို့က နည်းတဲ့ဂဏန်းမဟုတ်ဘူး။ ဒါကြောင့်.. စိတ်ကြိုက်ဆောင်နိုင်သူတိုင်းကို အားကျမိပါကြောင်း...(ကျနော်လာရှုပ်တာဗျ.. ဟဲဟဲ)

Maydarwii said...

ဆုတောင်းပေးသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း. ...

seinmyoutmyout said...

အမတို့ အဖေနဲ့အမေ အိမ်ထောင်ရေးကို ကျွန်တော်လည်းအားကျလိုက်တာဗျာ။ ဒါပေမယ့် မည်သူမပြုမိမိမှုပါဘဲ။

SaNay said...

ဒီခေတ်က လူတွေ အတုယူစရာပေါ့ မမေ...
တယောက်အပေါ်တယောက်နားလည် တယောက်လိုအင် တယောက်ဖြည့်ဆည်းရင်
ဘယ်လောက်ပဲ ကြမ်းတဲ့ လမ်းဖြစ်ဖြစ် လျောက်ရဲကြတယ်။ အောင်မြင်တဲ့ ယောက်ကျား
တယောက်ရဲ့ နောက်မှာ ထက်မြက်တဲ့ မိန်းမအမြဲရှိတယ်တဲ့။ မမေရဲ့ မိဘကိုအားကျမိတယ်။
မိဘအကြောင်းကို ပြောတတ်တဲ့ သားသမီးကိုလည်း အားကျတယ်။ ပျော်စရာမိသားစုတိုင်းကို
အားကျတယ်။ စနေရဲ့ အဖေအမေ မင်္ဂလာဆောင်ပုံတွေ စနေ မမြင်ဖူးဘူးမမေ။ အမေဈေးသွား
နေတုန်း ဦးလေးသမီးက ၀င်မွှေပြီး အမေပြန်လာတာမြင်တော့ ဆူမှာစိုးလို့ ဆိုပြီး ပုံတွေအား
လုံး အိမ်သာထဲထည့်ပြီး ရေလောင်းလိုက်တယ်လို့ ပြောတယ်။ ဘယ်လောက်နှမြောစရာလဲနော်။
သူတို့ ရင်ခုန်နေတဲ့ ပုံတွေ စနေတို့အတွက် ဘာမှအမှတ်တရမကျန်ခဲ့ဘူး။။။
အီး.........တော်ပါပြီ မပြောတော့ပါဘူး.....

linlin said...

hey sis, do u hav canine teeth like ur mom? :)

ဒီးဒုတ် said...

ကျွန်တော့်မိဘတွေ မင်္ဂလာဆောင်တုံးက ဓါတ်ပုံနဲ့အတော်ပုံသဏ္ဌာန်ချင်းဆင်တာဘဲဗျ။
အဲဒီခေတ်က အဲလိုဒီဇိုင်းတွေဘဲ။ အမေ့ရဲ့မျက်မှန်စတိုင်ကလည်း အတော်ဆင်တယ်။
(ဒေစီကျော်ဝင်းစတိုင်ဆိုလား..ဘာလား????)
ဒါနဲ့ မင်္ဂလာဆောင်မှာဘာကျွေးလဲဗျ။ တူနေဦးမလားမသိဘူးနော်။ အဟီး...
သူတို့ကတော့အနှစ်၄၀ရှိပြီထင်တာဘဲ။(ကျွန်တော်က ကိုယ့်အသက်တောင်မေ့မေ့နေတော့
သိတ်မမှတ်မိဘူးဗျ။)

Maydarwii said...

မင်္ဂလာဆောင်မှာ ဒန်ပေါက်ကျွေးတယ်တဲ့။ တူလားဟင်

nyalay said...

ဝမ်းသာပါတယ်မမေ
ပြီးတော့ ဒီလိုမျိုး နှစ်လေးဆယ်ကျော် သက်တမ်းတစ်လျှောက်လုံးမှာ စကားမများခဲ့ဘူးဆိုရင် နားလည်မှုတွေတော်တော်ထားခဲ့လို့နေမှာပါ။ အားကျပါရဲ့ဗျာ အဓိကကျတာတော့ နားလည်မှုပဲလို့ထင်တယ်။