Tuesday, March 10, 2009

တပေါင်းလပြည့် အလွမ်း

ဒီနေ့ မနက် တပေါင်းလပြည့်နေ့ ဆိုတဲ့ အသိနဲ့ အိပ်ရာကနေ နိုးထလာခဲ့တယ်။
အမေက လပြည့်နေ့မှာ ဘုရားကို ဆွမ်း၊ ရေချမ်း ကပ်ခိုင်းပေမဲ့ ဆွမ်းချက်ဖို့ အချိန်မမီတော့တာကြောင့် ခါတိုင်းလိုပဲ ကိုယ်စားမယ့် မနက်စာကို ဘုရားအရင်ကပ်၊ ဘုရားရှိခိုး၊ ပြီးတော့မှ ပြန်စွန့်ပြီးစား၊ နောက် … အ၀တ်လဲ၊ ကျောင်းသွားဖို့ ပြင်ပေါ့။ အင်္ဂါနေ့ဆို ကျောင်းက မနက် ၉ နာရီ ၁၅ ကနေ ညနေ ၆ နာရီ ၁၅ ထိ တနေကုန် တက်ရတာမို့ ဥပုသ်လဲ မစောင့်နိုင်တော့ဘူး။

ကျောင်းနဲ့ အိမ်က နာရီဝက် သာသာ၊ မိနစ် လေးဆယ် နီးပါးလောက် လမ်းလျှောက်ရတာမို့ အိမ်ကနေ နောက်အကျအဆုံး ၈ နာရီ ၄၅ ထွက်မှ ကျောင်းချိန်မီပါတယ်။ ဒါတောင် အပြေးတပိုင်းနဲ့ လျှောက်ရတာပါ။ ဘယ်လိုပဲ အပြေးတပိုင်း လျှောက်ပေမဲ့ ကလေးကအစ ကိုယ့်ကို ကျော်တက်ကြတယ်။ သူတို့ ခြေလှမ်းတွေကိုတော့ ဘယ်လိုမှကို လိုက်လို့ မမီနိုင်သေးဘူး ခုထိ။

စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေ ပို့ချတဲ့ သင်ခန်းစာတွေကို စိတ်ဝင်တစား နားထောင်လိုက်၊ စိတ်တွေ ပျံ့လွင့်လိုက်၊ ပျင်းရိ ငြီးငွေ့ စွာ အိပ်ငိုက်လိုက်နဲ့ပဲ ညနေ ၆ နာရီ ၁၅ မှာ အတန်းပြီးတယ်။ နွေဦးရာသီ အစပျိုးပြီမို့ နေ၀င်ချိန်ကလည်း တဖြည်းဖြည်း နောက်ဆုတ်လို့ပေါ့။ ဒီကနေ့ မိုးလေကင်းစင်ပြီး ရာသီဥတု သာယာတာနဲ့ မြို့ထဲဘက်က ပတ်ပြီးအိမ်ပြန်ခဲ့တယ်။

အိမ်အပြန်လမ်းမှာ လမင်းကြီးက ထိန်ထိန်သာလို့။ ကင်မရာ မယူလာမိတာနဲ့ ထွက်ခါစ လမင်းကြီးကို မှတ်တမ်းမတင်လိုက်ရဘူး။ တပေါင်းညရဲ့ ပြည့်ဝန်းလှပနေတဲ့ လမင်းကြီးကို ကြည့်ပြီး တဘက် ကမ္ဘာမှာလည်း သာနေမှာပဲ လို့ မမြင်ရတဲ့ ကမ္ဘာတဘက်ခြမ်းကို စိတ်ကူးနဲ့ လှမ်းမျှော်ရင် လွမ်းနေမိတယ်။ ဒီလမင်းကြီးဟာ လူတိုင်းအပေါ် သာတူညီမျှ သူ့ အလင်းရောင်တွေ ဖြန့်ကျက်ပေးနေတယ် ဆိုပေမဲ့ မခံစားတတ်သူရဲ့ ကမ္ဘာမှာ လပြည့်ညဆိုတာ ရှိနိုင်ပါ့မလား ... ။
***
အိမ်ပြန်ရောက်တော့ တပေါင်းလနဲ့ ပတ်သက်တဲ့ ကဗျာဖတ်ချင်တာနဲ့ ကဗျာစာအုပ်ကလေးထဲ ရှာဖွေတဲ့အခါ ဦးယာ ရေးတဲ့ “တပေါင်းငယ်မှ ညှာကျင်” အစချီ အဲချင်းကဗျာကို သွားတွေ့ပါတယ်။

တပေါင်းငယ်မှ ညှာကျင်
နွေဦးဆန်းသစ်
ရွက်ရော်လှစ်လို့
ပုရစ်ကယ် ရွှေဥ
ပင်တိုင်းစုကြသည်
နုညိုစင် ငယ်တဲ့လေ။ … ။

ဝန်းကျင်ငယ်မှ ပတ်ကုံး
တွန်ထူး ဘာသာ
ငှက်တို့မှာလဲ
စုကာရုံးလို့
ခြိမ့်အုံးငယ်မှ ကျူးသီ
အမ သံညောင်း
သိုက်နန်းအောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က
လှိုင်ရှာလေကော။ … ။

ညှာကြောငယ်မှ ဖူးသစ်
ရဂုံတခွင်
သာပေါင်းငယ် ရွှင်သည်
မင်းလွင်လှစ်လို့
မူးမြစ်ကယ် ကမ်းယံ
ငထွေ ငမြင်း
ငပူတင်းတို့
သောင်ရင်းငယ်ဆန်သည်
ငတန်ငယ် ၀ဲခိုလို့
ပိုက်ခြေတိုဆင်း။ … ။

ပျော်ခင်းငယ်မှ သာလှ
သည်ချိန်ကျလျှင်
တောဝ ဂနိုင်
စုံသာမြိုင်မှာ
မခိုင် ရွက်ညောင်း
ကြွေကျပြောင်းလို့
ထောင်းထောင်းငယ် လျှံငွေ့
တောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ
အလို သေရချည့်
စိတ်ဖြေလို့ မနိုင်
ဘယ့်နှယ်လူ ခိုင်ပါ့မယ်
ယုဂန်မြိုင် ရှင်သိကြားတို့
မာန်တား ရင်းလေ … ။ … ။
***
လွမ်း၍ငယ် တစေ … အလို သေရချည့် … တဲ့။ တပေါင်းလက ဒီလောက်ပဲ လွမ်းစရာ ကောင်းနေသလား။ အင်း ... ဟုတ်မှာ ... တပေါင်းလက ဘယ်ဒေသမှာမဆို သာယာနေတယ် ထင်ပါရဲ့။

ဒါကြောင့်လည်း မြတ်စွာဘုရားကို ကာဠုဒါယီအမတ်ကြီးက ကပိလ၀တ် နေပြည်တော်ကို ပြန်ကြွဖို့ တပေါင်းလရဲ့ သာယာပုံတွေနဲ့ ဖွဲ့ဆို လျှောက်ထားခဲ့ပေါ့။ တပေါင်းလပြည့်ဟာ မြတ်ဗုဒ္ဓ ပြည်တော်ဝင်တဲ့ နေ့ ... တဲ့။

နာသိတံ နာသိဥဏံွ၊ နာတိ ဒုဗ ၻိကၡ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။


မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား … ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။ ကောက်ပဲ သိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည် ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက် ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည် လန်းဆန်းနေပါသည် ဘုရား။ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်သို့ ကြွချီရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါ ဘုရား။

အဆိုပါ ဂါထာက မြတ်စွာဘုရားကို ကာဠုဒါယီ လျှောက်ထားတဲ့ နောက်ဆုံး ဂါထာလေးပါ။ ကာဠုဒါယီ လျှောက်ထားတဲ့ ဂါထာပေါင်း ၆၄ ဂါထာကို ရှင်အုန်းညိုက ပျို့အဖြစ် ရေးစပ်ခဲ့ပါတယ်။ ဂါထာခြောက်ဆယ်ပျို့ အဖြစ် ထင်ရှား ကျော်ကြားပါတယ်။ ကြုံကြိုက်လို့ ဂါထာခြောက်ဆယ်ပျို့ထဲက တပိုဒ်ကို ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။

လူ့ဘုံ သုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ကာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်န
ာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလည်း ပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ … ။
***ရာသီရဲ့ သာယာမှု … လရောင်ရဲ့ ဖြားယောင်းမှုတို့ကြောင့် ကျောင်းစာအလုပ်တွေ ခဏမေ့ပြီး အတွေးကမ္ဘာထဲ ခဏမျောလွင့် သွားမိတယ်။ တဖြည်းဖြည်း ညဥ့်နက်လာသလို တဖြည်းဖြည်း မြင့်တက်လာတဲ့ လမင်းကို ပြတင်းပေါက်က အသာငေးရင်း … ပြည်တော်ဟောင်းကို အောက်မေ့နေမိပါတော့တယ်။
***
မေဓာဝီ
၁၀၊ မတ်၊ ၂၀၀၉
တပေါင်းလပြည့်ည
၉ နာရီ

ကိုးကား ။ ... ။
(၁) မြန်မာကဗျာနှင့် ရတုရွေးချယ်ချက် (ဟံသာဝတီ)
(၂) အခါတော်နေ့များ (မာဂဓီ-သာစည်)

14 comments:

ဝင်းပေါ်မောင် said...

လတပေါင်း
ရွက်ဟောင်းငယ်က ကြွေခဲ့ပြီ။
ရိုးတံမှာ ရွှေရည်လူးတယ်
ဖူးကိုက်ညွန့်စီ။
နွေဂိမ္မာန် ခါသာစွပေမို့
လွမ်းစရာ့ လရာသီ
ရွှေပြည်နှင့် မနီး။
ချောင်လျှိုရိုးဆီက
ရွှေချိုး တောင်စွန်ဖြူတို့ရယ်
လွမ်းမူနှင့်ညည်း။

(ရှေးက တပေါင်းလဘွဲ့ လေးချိုးလေးပါ။)

Nyein Chan Aung said...

ဦးယာရဲ့ တပေါင်းငယ်မှ ညှာကျင် ကဗျာက တော်တော်ကို လွမ်းစရာကောင်းပါတယ်။

ပြည့်စုံ said...

မေ့မေ့ပျောက်ပျောက်နဲ့
သတိရမချင်တာတွေကိုပါ.... သတိရလာပြီ....
နားထဲမှာ.. ဥသြအသံကို ကြားနေရတယ်... ဖတ်နေရင်းနဲ့...

မြင်ကွင်းတွေက.... သတိရစရာတွေချည်းဖြစ်ဖြစ်နေတယ်...

နေ့သစ်တွေတိုင်းမှာ...ပျော်ရွှင်ပါစေ....

တန်ခူး said...

လိမ္မာလိုက်တဲ့မေ…
တို့ ဆို တပေါင်းလပြည့်နေ့ မှန်းကို မသိဘူး..
အိမ်ကို ဖုန်းဆက်မှ မေမေပြောမှသိတယ်…
သားနေမကောင်းလို့  အပူတွေများနေတာလေ…
မေရေ… ဒီလို မြန်မာဆန်ဆန်လက်ရာလေးတွေ မဖတ်တာကြာပြီနော်…
မေ့လက်ရာ မေ့ဟန်လေးနဲ့  မြန်မာဆန်ဆန် တပေါင်းအလွမ်းလေးဖတ်ရတော့… ပိုလွမ်းသွားတယ်… အရှေ့ ခြမ်းနဲ့  အနောက်ခြမ်းသာတဲ့လချင်း မတူတာတော့ အမှန်ပဲမေရေ…

zizawa said...

စာတွေပြန်ရေးတာ ၀မ်းသာပါတယ်။ ဘယ်နိုင်ငံမှာရောက်နေလဲအမ။ အင်္ဂလန်မှာဆို တွေ့ ချင်ပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

တပေါင်းလပြည့်အကြောင်း လာရောက်ဖတ်ရူသွားပါတယ်
အားပေးလျက်ပါ။

Nyein Chan Aung said...

ဦးကြင်ဥ တို့ ဦးကျော့တို့ တခြားရှေးဆရာကြီးတွေရဲ့ လက်ရာတွေလည်း အလျှဉ်းသင့်ရင် တင်ပေးပါလို့ တောင်းဆိုပါတယ်။

Maydarwii said...

ကိုကြီးပေါ် ... တပေါင်းလဖွဲ့ လေးချိုးလေးအတွက် ကျေးဇူးများကြီးတင်ပါတယ်။ အကြွေးဆပ်ဖို့လဲ မမေ့ပါနဲ့နော်။ :D

ပြည့်စုံ ... သတိရအောင် လုပ်မိသလို ဖြစ်သွားရင် ဆောရီး ;)

မခိုင် ... လိမ္မာတယ် မထင်နဲ့ ... တနင်္ဂနွေနေ့က အမေနဲ့ စကားပြောဖြစ်လို့ အမေက သေချာမှာထားတာမို့ပါ။ :P

ဇီဇ၀ါ ... အင်္ဂလန်မှာပါပဲ။ ကွန်မန့်အတွက် ကျေးဇူး။

ကိုအောင် ... နောက်လဲ လာဖတ်ပါရှင်။ အားပေးတာ ကျေးဇူးပါ။

ကိုငြိမ်းချမ်းအောင် ... ၂ ခါ ကွန်မန့်ထားတာမို့ နောက်ဆုံးမှ ပေါင်းရေးလိုက်တာပါ။ ရှေးစာဆိုကြီးများရဲ့ လက်ရာတွေ အလျဉ်းသင့်ရင် တင်ပေးပါမယ်။

လာရောက်ဖတ်ရှုသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

မေဓာဝီ

စုချစ် said...

မမေ... မမေလို့ ခေါ်မယ်နော်...

မမေရဲ့ တပေါင်းလပြည့် အလွမ်းကို တွေ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နဲ့လာတူနေလို့ စိတ်မရှိတဲ့ အပြင် ပိုတောင် ကျေနပ်သေးတယ်။ မမေက တို့သဘောကျတဲ့ စာရေးဆရာမလေးကိုး..။ ဟိုးအရင်ကတဲက မမေဘလော့ရဲ့ ပရိတ်သတ်ပါ။ တိတ်တိတ်လေးပဲ ဖတ်ပြီး ပြန်သွားလေ့ရှိတယ်။

ကိုယ်ကမမေလောက် စာရေးမကောင်းလို့... စာရေးကောင်းတဲ့၊ တော်တဲ့သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းစဉ်ပေးတဲ့ အတွေးချင်းတူနေလို့ ကြံဖန် ဂုဏ်ယူမိပါရဲ့...။

မိတ်ဆွေ သူငယ်ချင်း ဖြစ်တဲ့အနေနဲ့ တပေါင်းလဖွဲ့ ရှေးဟောင်းကဗျာလေး မမေအတွက် လက်ဆောင်ချန်ခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ....။

စုချစ်

တပေါင်းလ

တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့၊
ဥသြတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်း၊ လန်းပြန်ခဲ့ပြီ။
တပေါင်းလရယ်တဲ့ ပွဲတော်မှီ၊ သရဖီနဲ့
ကံ့ကော်ပန်း။
ပုပ္ပါးတောင်တော်သာက
မွှေးလာချက်ဆန်း။

(အမည်မသိ ရှေးစာဆို)

မေ့သမီး said...

အစ်မရေ ပြိုင်လွမ်းမလား။ လပြည့်ဝန်းကြီးကိုကြည့်ပြီး တော့လွမ်း။ လွမ်းပါတယ်ဆိုမှ မိုးရွာတိုင်းပွင့်တဲ့ ပိတောက်ပန်းတွေကိုကြည့်ပြီးလွမ်း။ (အမှန်ပြောရရင် စင်္ကာပူမှာ ပိတောက်ပွင့်တာကိုမနာလိုဘူး။ ပိတောက်ဆိုရင် ကိုယ့်နိုင်ငံကအမှတ်သင်္ကေတလို ဖြစ်နေတော့ စင်္ကာပူမှာလာပွင့်တဲ့ ပိတောက်ကို နည်းနည်းအမြင်ကတ်တယ်။):P ပြီးတော့ ဒီမှာက ဥသြကတစ်နှစ်မှာ ၁၂လုံးအော်နေတာ။

Anonymous said...

အလွန်ကောင်းသည့် အဖွဲ့များပါ.. ကျနော် အလွတ်ရထားဘူးသော ဂါထာ ၆၀ ပျို့မှ စာလုံး နှစ်လုံးခန့် မူကွဲနေလို့.. ဘယ်ဟာက မှန်သလဲ သိချင်လို့ပါ.. ပထမ အပုဒ်ရဲ့ နောက်ဆုံး အပိုဒ်မှာ “ဘုန်းတော်ထွန်းလစ် တို့ရှင်ချစ်” လို့ရဘူးပါသည်၊ ကာဠုဒါရီက လျှောက်ထားလို့ “မြတ်“ အစား “တို့“-လို့ ရဘူးလို့ပါ။ သူနဲ့ အလားတူ ”ငါ့သခင်ကို“ လို့ ရင်းရင်း နှီးနှီး သုံးထားတဲ့ အပိုဒ်လဲ အောက်မှာ ပါပါသည်၊
နောက် ဒုတိယပုဒ်ရဲ့ နောက်ဆုံး စာပိုဒ်မှာလည်း ”သွားခါကာလ တန်ပြီတည်း”လို့ ရဘူးလို့ ပါ။ ”သွားခါကာလ တန်ပြီ ဘုရား“ တစ်လုံးတည်း ကွဲနေလို့။ နှစ်ခုစလုံး အဓိပါယ် ပျက်အောင်လွဲတာ မဟုတ်ပေမဲ့ ရဘူးတာနဲ့ ကွဲနေလို့ မေုးကည့်တာပါ ခင်ဗျာ.. လေးစားလျှက်..
ကျနော်.. မောင်ုကီး

သက်ထွန်းညိမ်း said...

ဖတ်လိုက်ရတာ လွန်စွာအားရကျေနပ်လှတယ်ခင်ဗျာ...
ဒီဘလော့ကို ခုမှရောက်ဖြစ်တယ်...တကယ်ကိုစံထား
လေးစားလောက်တယ်...ကျနော်လည်း ခုလို မြန်မာစာ
ပေတွေကို လိုက်ရှာနေတာ..စကားမစပ် မဲဇာ နဲ့
ပုရေနိသင်ကို ကျနော်ယူသွားတယ်အမ...အစအဆုံး
ဖတ်ချင်တာခုမှဖတ်ရတယ်...အရင်က ဟိုတစ်ပိုဒ်စ
ဒီတစ်ပိုဒ်စပဲ ဖတ်နေရတာ...ဘယ်မှာ ရှာဖတ်ရမှန်းမသိခဲ့ဘူး...အမရေ ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ...ဒါနဲ့ ခင်ဗျာ
ရှင်တေဇောသာရရဲ့
သောက်ရှူးသော်တာ လအ၀ါသို့ ပြင်လျာဆုံ့ဆည်း ရွှေဖျဉ်းပည်းဝယ် စုလည်းမထင်
နောက်ထုံးရှင်နှင့် မြင်လျှင်ပင်ကို ကြိုးပါလိုလည်း ကုသိုလ်ကြမ္မာ မမီပါခဲ
အဲဒီကဗျာအပြည့်အစုံ လိုချင်ပါတယ်ခင်ဗျာ...
အမမှာ အချိန်အားတယ် အဆင်ပြေတယ်ဆိုရင် တင်ပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ...

သက်ထွန်းညိမ်း

Maydarwii said...

မစုချစ်ပြောတာနဲ့ နည်းနည်းတောင် မြောက်သွားသလိုပဲ။ :) အားပေးတာ ကျေးဇူးတင်သလို ... တပေါင်းလကဗျာလေးအတွက်လည်း အထူး ကျေးဇူးတင်ပါတယ်။

မေ့သမီး ... ဒီလိုပဲ လွမ်းနေရဦးမှာ။ တပေါင်း ပြီးတော့ တန်ခူး .. ကဆုန် ... လွမ်းစရာတွေ လာဦးမယ်။ တကယ်တမ်း လွမ်းချင်ရင် ဆယ့်နှစ်လရာသီလုံးက လွမ်းစရာချည်းပဲနော် ... ။ :(

ကိုမောင်ကြီး ပြောတာလဲ ဖြစ်နိုင်ပါတယ်။ ကျမကိုးကားတဲ့ စာအုပ်ထဲမှာ ပါတဲ့အတိုင်း ရိုင်ပြိး တင်ပေးလိုက်တာပါ။ အခု ပြန်စဉ်းစားတော့ ဇဝေဇ၀ါ ဖြစ်နေတယ်။ သွားခါကာလ တန်ပြီတည်း ဆိုတာ ဖတ်ခဲ့ဖူးသလိုပဲ။ သေချာတော့ မမှတ်မိတော့ဘူး။

လာရောက်ဖတ်ရှုတာ ကျေးဇူးတင်ပါတယ် ... ကိုသက်ထွန်းညိမ်း။ ကျမပါလာတဲ့ စာအုပ်ထဲမှာတော့ ရှင်တေဇောသာရရဲ့ "နှစ်ကူးလည်၍" အစချီ ရခိုင်မှ မြန်မာကို တမ်းတဖွဲ့ဆိုထားတဲ့ ပိုဒ်စုံ ရတုပဲ တွေ့တယ်ရှင့်။ ဒီကိုလာတော့ နိုင်သလောက်ပဲ သယ်လာခဲ့ရတာမို့ အရင်လို အလွယ်တကူ ရှာဖွေပြီး တင်မပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဲဒီစာအုပ်ထဲ ပါသလောက် ရတု ကဗျာလေးတွေ အချိန်ရရင် ရသလို တင်ပေးသွားပါမယ်ရှင်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Anonymous said...

အဓိက က ”တို့ရှင်ချစ်နဲ့” မြတ်ရှင်ချစ်” ကို ကျန်တော် ပြောချင်တာပါခင်ဗျာ၊ ကာဠုဒါယီကို့ ဘုရားရှင်ကို ”တို့ရှင်ချစ်” လို့ ခေါ်ဟန်တူပါတယ်၊ တို့ ချစ်တဲ့ ဘုရား လို့ အဓိပါယ်ရပါတယ်၊။ မြတ်ရှင်ချစ် ဆိုတဲ့ ကဗျာစာသားကို စကားပြေပြန်လို့ အဓိပါယ် ထောက်ပါသည်၊ တို့ရှင်ချစ်က ဒီနေရာမှာ အဓိပါယ် ရှိမယ် လို့ ယူဆပါသည် ခင်ဗျာ။ အဲဒီ တစ်ပိုဒ် လုံး ဘုရားကို ခေါ်တဲ့ အာလုပ်ပုဒ်ပါခင်ဗျာ၊ ကျန်တော်လတ်ထဲ လဲ မူရင်းစာအုပ် မရှိပါဘူး ဒါပေမဲ့ သေချာသ လောက်ပါဘဲ ခင်ဗျား ကျေးဇူးတင်စွာဖြင့်
မောင်ုကီး