Monday, March 23, 2009

ပန်းကလေးများနဲ့ ကဗျာတွေ ...

သောကြာ၊ စနေ၊ တနင်္ဂနွေ ခရီးထွက်ပြီး ပြန်အလာ ဘလော့တွေ လိုက်ဖတ်တော့ ပန်ဒိုရာ ဘလော့မှာ ခရေပန်းလေး သုံးပွင့်၊ မတန်ခူးဘလော့မှာ ကံ့ကော်ပန်းလေး တပွင့် တွေ့ရပြီး ပိတောက်ပန်းတွေလည်း ပွင့်နေတယ်လို့ ရေးထားတာတွေ ဖတ်ရတော့ ပိတောက် ခရေ ကံ့ကော်မဝေတဲ့ ရပ်ဝေးမြေကနေ ချစ်တဲ့ ပန်းလေးတွေကို လွမ်းမိသွားတယ်။

ခရေပန်းလေးတွေကို မြင်ရရင် …

လယ်တောကပြန်
ပန်ချင်တယ်
ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး … ။ … ။
ဆိုတဲ့ ကဗျာလေးနဲ့ …

မောင်လေးရေ ထပါတော့ …
ရောင်နီလာလှပေါ့၊
တကျော့ နှစ်ကျော့ တေးကိုသီ
ငှက်ကျားနှုတ်ပလီ၊
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း၊
ဗန်းကလေး ယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ကွယ်၊
ပန်းသည်လုပ်လို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး … ။ … ။
ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတွေ …

ကံ့ကော်ပန်းတွေမြင်တော့ …

ပန်းကံ့ကော် ရွှေစံကား
ငွေသားနု စံပယ်မှန်
မြတ်လေး ခတ္တာနှင့်
ရွှေယင်းမာ ကြာခ၀ဲ
ဖွဲစ နှင်းလျံ …
ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဆယ့်နှစ်လရာသီ ပန်းကဗျာလေး …

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်စီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း … ။ … ။
ဆိုတဲ့ ကဗျာလေးတွေ …

ပိတောက်ပန်းတွေမြင်တော့ …

လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။
ဆိုတဲ့ ဦးကြော့ရဲ့ ပိတောက်ပန်း လေးဆစ်ကဗျာလေး …

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်လို့
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ် …
ပန်းပိတောက်များ … ။ … ။
ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာလေး …

စတဲ့ စတဲ့ … ကဗျာလေးတွေကိုပါ သတိရမိပြီး … ပိတောက် ကံ့ကော် ခရေ ရနံ့လေးတွေ အနားမှာ သင်းပျံ့လာသလိုတောင် ထင်ယောင် ထင်မှားဖြစ်ပြီး သတိရ တမ်းတစိတ်တွေ လွန်ကဲ နေမိတယ်။

ခုချိန် ခုရာသီဟာ ဒီမြေ ဒီဒေသမှာလည်း ပန်းကလေးတွေ ပွင့်နေကြပါပြီ။ တချို့ ပန်းကလေးတွေလည်း ပွင့်ဖို့ တာစူဆဲပေါ့။ ဒါပေမဲ့ အနီးက ပန်းကို ပန်းမထင်မိ၊ ဂရုမစိုက်မိ။ ကိုယ့်မြေက ပွင့်တဲ့ ပန်းမှ လှတယ်၊ မွှေးတယ်၊ ရင်ခုန်စရာ ကောင်းတယ်ရယ်လို့ အစွဲအလမ်း ကြီးစွာ တမ်းတနေမိတယ်။ အနီးအနားက ပန်းကလေးတွေသာ စကားပြောတတ်ရင် ကဲ့ရဲ့ ပြစ်တင် ရှုံ့ချလေမလား မသိ။

ဒီလိုနဲ့ ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိတော့မှ … ချယ်ရီတွေလည်း ဖူးနေပြီ။ daffodils တွေလည်း ပွင့်လို့ … ။ နောက် … ဘာမှန်းမသိတဲ့ ပန်းကလေးတွေ … ကိုယ့်ဝန်းကျင်မှာ လှနေလိုက်ကြတာ … ။

daffodils ပန်းကလေးတွေ တွေ့မှပဲ ငယ်ငယ်က အင်္ဂလိပ်စာမှာ သင်ခဲ့ရတဲ့ William Wordsworth ရဲ့ ကဗျာလေး သွားသတိရမိပြန်တယ်။

I wander’d lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.

Continuous as the stars that shine
And twinkle on the Milky Way,
They stretch'd in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.

The waves beside them danced; but they
Out-did the sparkling waves in glee:
A poet could not but be gay,
In such a jocund company:
I gazed -- and gazed -- but little thought
What wealth the show to me had brought:

For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils.

***
စာဆို ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ရဲ့ သဘာဝကို ကိုယ်ခံစားမိသလို အမျိုးမျိုး သရုပ်ဖော်ပြီး စာလုံးလေးတွေနဲ့ သီဖွဲ့ကုံးကာ လှသည်ထက် လှအောင် ခြယ်မှုန်းပေးသူတွေပါလား … လို့ တွေးမိပြီး စာဆိုကြီးများကို လေးစားစွာ ဂါရ၀ ပြုလိုက်မိပါတယ်။

တကယ်တော့ ... သဘာဝဟာ သူ့နေရာနဲ့သူ လှနေတာပါပဲ။
ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ချစ်သောမျက်စိနဲ့ ကြည့်ရင် အရာရာဟာ လှပနေမယ် မဟုတ်လား ... ။
***
မေဓာဝီ
၂၃၊ ၃၊ ၂၀၀၉
၂၂း၁၅ နာရီ

9 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ပို့စ်အသစ်ကို ဖတ်ရူသွားပါတယ်၊ အားပေးလျက်ပါ
ခင်ဗျာ။

ကလိုစေးထူး said...

ကျနော့်ဆီမှာတော့ အပင်တွေက ရိုးတံပြိုင်းပြိုင်းနဲ့ အဖူးမဲ့နေတုန်းပဲဗျာ။ မမေ အခုပို့စ်မှာ ကျနော် သတိထားမိတဲ့ ပုံဖော်မှုတခုကို တွေ့မိတယ်။ ပိတောက်ပန်းအတွက် ကဗျာမှာ ပိတောက်ရောင်နဲ့ အနီးစပ်ဆုံး စာလုံးအရောင်နဲ့ ကံ့ကော်ပန်းကဗျာမှာတော့ ကံ့ကော်ရွက်နဲ့ဆင်ဆင် စာလုံးအရောင် နဲ့ ပုံဖော်ထားတယ်။ အဲ...၊ ခရေပန်းအရောင်ကျတော့ font အရောင် ရှာရခက်သွားလား မသိပါဘူး။ :D

Co2zenith said...

မမေ ပန်းလေးတွေကို လာကြည့်သွားတယ်၊၊

တန်ခူး said...

မေရေ… ဟုတ်တယ်နော်… မေပြောသလို အနီးက ပန်းကို သိပ်မခံစားဖြစ်ပဲ ကိုယ့်မြေကိုယ့်ရေကပန်းကို လွမ်းနေတာ… အမဆို ကံ့ကော်၊ ပိတောက်တွေ တွေ့ နေရတောင်မှ မြန်မာပြည်က နွေရာသီလေးနဲ့ လိုက်ဖက်စွာ ပွင့်လန်းတဲ့ ကိုယ့်တိုင်းပြည်က ကံ့ကော်၊ ပိတောက်ကို လွမ်းမိနေသေးတာ… ပန်းလေးတွေနဲ့  လိုက်ဖက်တဲ့ ကဗျာလေးတွေကို စုစုစည်းစည်း ဖတ်ရတာ ကျေးဇူးပါမေ… အဲဒီမှာ ပွင့်တဲ့ပန်းလေးတွေကလဲ ချစ်စရာနော်… ဟုတ်ပါတယ်မေရေ… ပန်းဆိုမှတော့ အလှကိုယ်စီရှိကြဆဲမို့  ဘယ်နေရာရောက်ရောက် သဘာဝက ပေးထားတဲ့ လက်ဆောင်လေးတွေကို ခံစားကြည်နူးသင့်တာပေါ့နော်… သြော်… ကိုယ်တွေကလဲ အစွဲအလန်းကြီးတတ်လိုက်တာလေ…

မေ့သမီး said...

မမေကကဗျာတွေအကုန်လုံးမှတ်မိနေတာပဲနော်။ မမေတင်ပေးထားတဲ့ကဗျာတွေအားလုံးက ညီမအကြိုက်တွေချည်းပဲ။ WW ရဲ့ Daffodilsက ကျောင်းမှာ ပထမနှစ်တုန်းကသင်ခဲ့ရတဲ့ကဗျာလေ။ ကဗျာရွတ်ရင်းနဲ့ စိတ်ထဲမှာအ၀ါရောင်ပန်းလေးတွေကို မြင်ယောင်ကြည့်မိတယ်။ တစ်ခါမှတော့ အပြင်မှာမမြင်ဘူးခဲ့ရဘူး။ အခုအမတင်ထားတဲ့ပုံတွေ့မှပဲ မြင်ဘူးတော့တယ်။

ဟနစံ said...

မမေ...ဟဲဟဲ...ထုံးစံအတိုင်းပဲ ဟနတော့ ကဗျာတွေ သယ်မ သွားပြီ။ သိုင်းကျူး..သိုင်းကျူး...

Melody said...

တစ်ချိန်တုန်းက အလွတ်ရခဲ့တဲ့ ကဗျာတွေပေါ့.. မရယ်။ ဖတ်ပြီး လွမ်းသွားတယ်။

Zephyr said...

အစ်မရေ ...

ကဗျာတွေ အတွက်ကျေးဇူးပါ ...

William Wordsworth ရဲ့ gay က .. အခုတော့ သုံးလို့မကောင်းအောင်ကို ပျက်စီးသွားပါပြီ ... :)
(A poet could not but be gay,)
... အဲဒီကဗျာကို ကိုးတန်းတုန်းက သင်ခဲ့ရတယ် ...။ လန်ဒန် စီးကရက် ကြော်ငြာမှာမှ ဒပ်ဖဒယ်ပန်းလေးတွေကို မြင်ဖူးတော့တယ် ...။

သတိထားမိတာတစ်ခုကတော့ ... အခုခေတ်ကဗျာတွေမှာ ... သဘာဝတရား အကြောင်းကို လှလှပပ ခံစားထားတာ ရှားလာသလိုပဲ ...။ သဘာဝကြီးကပဲ မလှတော့တာလား ... လူတွေကပဲ မခံစားနိုင်တော့တာလား ....။ သဘာဝတရားကိုပဲ အရေးကြီးတယ်မထင်တော့တာလားမသိဘူးနော် ...။

ခင်မင်စွာဖြင့်
Z

Yan said...

မြန်မာမှုရနံ့တွေ ထုံမွှမ်းနေတဲ့ ဒီပို့စ်လေးကို Myanmar Blogs Digest Page လေးအတွက် အမှတ်တရ ယူသွားပါတယ် မမေရေ... ကျေးဇူးအထူးတင်ပါ၏...

ခင်မင်လေးစားလျက်

Yan.