Friday, January 12, 2007

လိပ်ပြာလေ … ပျံကာသွား … ဟိုမှာ သည်မှာ နား


တနေ့က ကျမရဲ့ မေးလ်ထဲကို ဓာတ်ပုံလေးတပုံရောက်လို့လာပါတယ်။ အခုအပေါ်မှာ မြင်တွေ့နေရတဲ့ ပုံပါပဲ။
ပုံလေးကဘာမှ မထူးဆန်းပေမဲ့လို့ ထုံးစံအတိုင်း ကျမကတော့ ဒီပုံကိုကြည့်ပြီး ဟိုဟိုဒီဒီ အတွေးနယ်ချဲ့ မိပြန်ပါတယ်။

ဒီပုံက ပန်းလေးတွေဟာ လှလည်း မလှပါဘူး၊ အရောင်က ခပ်မွဲမွဲနဲ့ ဆွဲဆောင်မှုလည်း မရှိပါဘူး။ လမ်းဘေးမှာ အလေ့ကျ ပေါက်နေတဲ့ အရိုင်းပန်းကလေးတွေလို့ ထင်တာပါပဲ။ ဒါပေမဲ့ … လိပ်ပြာလေးတကောင် ကတော့ဖြင့် အဲဒီပန်းကလေးမှာ နားနေလေရဲ့။
ဒီလို မျက်နှာပန်းမလှ- လူတကာက ပန်းရာမသွင်းတဲ့ လမ်းဘေးက ပန်းကလေးကို လိပ်ပြာလေးက လာနားတယ် ဆိုတော့ ပန်းကလေးကိုယ်စား ၀မ်းသာမိတယ်။ ဒီလိုပန်းလေးကိုမှ တကူးတက လာနားနေတဲ့ လိပ်ပြာလေးကိုလည်း ချီးကျူးမိပါတယ်။

ဒါပေမဲ့လည်း လိပ်ပြာဆိုတာမျိုးဟာ ဟိုဟိုဒီဒီ လျှောက်ပျံသန်းရင်း အတောင်ညောင်းတဲ့အခါ တွေ့ရာပန်းကို နားမိနားရာ နားကြမှာပါပဲ။ ပြီးတော့လည်း နားခဲ့ဖူးတဲ့ ပန်းကလေးတွေကို လှည့်တောင်မကြည့်တော့ဘဲ ဆက်လက်ပျံသန်းသွားကြတတ်တာပဲ မဟုတ်လား။ ဒီလိပ်ပြာလေးလည်း ဒီလိုမျိုးပဲလားလို့ တွေးမိပြန်တယ်။
ဒီလိုတွေးမိရင်းက အဖေ ရေးခဲ့ဖူးတဲ့ ကဗျာပုံပြင်လေးတပုဒ် ခေါင်းထဲရောက်လာလို့ မှတ်မိသလောက်လေး ပြန်ရေးလိုက်ပါတယ်။ (ကဗျာဆိုပေမဲ့ ပုံပြင်လေးလို ရေးထားတာမို့ ကဗျာပုံပြင်လို့ ပြောလိုက်ရတာပါ။)

***
အဲဒီ ကဗျာပုံပြင်လေး နာမည်က …
“ပန်းပျို နဲ့ ကိုလိပ်ပြာ” တဲ့။
***
သာယာလှတဲ့ ဤနံနက်၊ နှင်းမှုန်ပြည့်ပြည့်နှက်
နှင်းမှုန်ကြားက ပန်းလိပ်ပြာ၊ ၀ဲကာပျံလို့လာ
သူ့ခမျာ အလုပ်များ၊ ၀တ်ရည်စုပ်ကာ စား။

ပန်းလိပ်ပြာလည်း မမောနိုင်၊ ပန်းလည်း ရနံ့ကြိုင်
ပန်းတခိုင် ၀ံ့ကာကြွား၊ လိပ်ပြာရပ်ခိုနား။

လိပ်ပြာနားခို ထိုပန်းပျို၊ စိတ်၌ဗျာပိုပို
ကပိုကရို နွဲ့ကာယမ်း၊ ရှက်သွေးများပင်ဖြန်း။

ရှက်သွေးဖြန်းတဲ့ ပန်းတခိုင်၊ လိပ်ပြာချစ်ခွင့်တိုင် …
“မူပိုင်ပိုင် ချစ်ရင်ဖြင့် … ပန်းပျိုယုံမယ်ရှင့်”
“ယုံပါတကယ် ပန်းပျိုရယ် … သက်ထက်ကြင်နာမယ်”
“နောင်ခါဝယ် ပစ်လို့ပြေး … ပန်းပျိုနွမ်းချည့်လေး”
“ပစ်ပြေးဖို့ဖြင့် မှန်တကယ် …မောင်ကြီးကြံရင်ကွယ် ..
စိန္တေ၀ယ် နှိမ်ချွေထား၊ သစ္စာစူးစေသား”

မုသားလိမ်ညာ ကိုလိပ်ပြာ၊ ၀တ်ရည်ပြည့်သောခါ
နွမ်းဝါရော်ရမ်း ဇရာပန်း၊ လိပ်ပြာကျေးဇူးကန်း။

စွဲလမ်းစိတ်ဖြာ ထိုပန်းဝါ၊ မျက်ရည်မိုးကြီးရွာ
သူ့စိတ်မှာ ပူလုံးကဲ၊ ပန်းပျိုဇီဝိန်လွှဲ။

အသဲ(သည်း) မရှိတဲ့ ထိုလိပ်ပြာ၊ ထိုဤလှည့်လည်ကာ
ဝါသနာ သူ့စိတ်ရင်း … ပွင့်ဦးဆွတ်ချွေနင်း ။ ။
***
ငယ်ငယ်ကတော့ အဲဒီကဗျာပုံပြင်လေးဖတ်ပြီး ပန်းကလေးကို သနားတယ်၊ လိပ်ပြာလေးကို မုန်းမိတယ်။
ခုချိန်မှာ စဉ်းစားကြည့်တော့ … ဒါတွေဟာ သဘာဝတွေချည်းပါပဲ လို့သာ တွေးမိပါတော့တယ်။
လိပ်ပြာကလည်း လိပ်ပြာအလုပ် … ၀တ်ရည်စုပ်ပေါ့၊ ပန်းလေးတွေကလည်း သဘာဝအလျောက် ဖူး ငုံ ပွင့် ဝေ .. အချိန်တန်တော့ ကြွေပေါ့ …။
အားလုံးဟာ သူ့သဘာဝအတိုင်း သူ့သဘော သူဆောင်နေကြတာပါပဲ … လို့ … ဖြေသိမ့်ကာတွေးလိုက်မိတော့လည်း အမုန်းတွေမရှိတော့ ပြန်ပါဘူး။

***
13.1.07
00:05 am

5 comments:

ကလိုစေးထူး said...

လေးရက်လောက် နားလိုက်လို့ထင်တယ်. မမေဓာဝီ လက်စွမ်းတွေ တော်တော်ပြနေတယ်.. :)

khunaung said...

မမေဓာ

မမေဓာ ရေးတာကို ခွန်သိပ်ကြိုက်တယ် ခွန်တောင် အဲလို မရေးတတ်ဘူး တကယ်ပါ... မမေဓာက အရေး..အတွေးနဲ့ စိတ်ကူးတွေ သိပ်ကွန့်မြူးနိုင်တယ်နော်...

ဒီလမ်းဘေးပန်းနဲ့ လိပ်ပြာ ပုံပမာကိုလည်း သဘောကျတယ်...နောက် ကဗျာပုံပြင်လေးကိုလည်း နှစ်သက်တယ်ဗျာ...

နောက် မမေဓာ ပြောသလို လိပ်ပြာကလည်း ၀တ်ရည်စုပ်မယ် လိုရာခရီးကို ပျံသန်းသွားမယ်ဆိုတာ မှန်သလို.... ပန်းဆိုတဲ့ သဘော သဘာဝဟာလည်း ဖူးချိန်တန် ဖူးမယ်...ပွင့်ချိန်တန်ပွင့်မယ်.... သင်းပျံ့တဲ့ ၀တ်ရည်တွေ ရှိမယ်..လိပ်ပြာတွေ တွေ စုပ်ယူဖို့ ၀တ်ရည်ဖြစ်ချင်ဖြစ်မှာပေါ့နော်.... နောက် ရင့်ကျက်လာမယ် ရော်ဝါလာမယ်.. နောက်ဆုံး ကြွေတဲ့အချိန်အထိ နောက်ဆုံးပေါ့နော်... အားလုံးဟာ သဘာဝပါပဲ.... မမေဓာ ပြောသလိုပေါ့...

ဒါပေမယ့်လေ... ဒါပေမယ့်... စိတ်မရှိနဲ့နော် မမေဓာ... ဘာဖြစ်လို့ လိပ်ပြာနဲ့ ပန်းကို အချစ်ဇာတ်လမ်းထွင်ပြီး လူတွေအတွက် ဖြစ်လာစေရသလဲ.... နောက်ပြီး လိပ်ပြာကို အမျိုးသား... ပန်းပွင့်လေးကို အမျိုးသမီးလို့ ခိုင်းနှိုင်းပြရသလဲဆိုတာလေ.. တခြားလူအတွက်တော့ မသိဘူး ... ခွန်အတွက်တော့ စဉ်းစားစရာဖြစ်နေလို့ပါ...

ယောက်ျားတွေဟာ လိပ်ပြာလိုသာ စိတ်ဓာတ်ရှိမယ်ဆိုရင်တော့ တည်မြဲတဲ့ အချစ်တွေ... ခိုင်မြဲတဲ့ သစ်စာတွေ ဘယ်မှာ ရှိတော့မလဲလေနော်...

မမေဓာ စဉ်းစားဝေဖန်နိုင်အောင် ခွန်မေးကြည့်တာပါ....

အားပေးနေမယ့်
ခွန်လင်းချစ်သူ

khunaung said...

မမေဓာ

မမေဓာ ရေးတာကို ခွန်သိပ်ကြိုက်တယ် ခွန်တောင် အဲလို မရေးတတ်ဘူး တကယ်ပါ မမေဓာက အရေးအတွေးနဲ့ စိတ်ကူးတွေ သိပ်ကွန့်မြူးနိုင်တယ်နော်

ဒီလမ်းဘေးပန်းနဲ့ လိပ်ပြာ ပုံပမာကိုလည်း သဘောကျတယ် နောက် ကဗျာပုံပြင်လေးကိုလည်း နှစ်သက်တယ်ဗျာ

နောက် မမေဓာ ပြောသလို လိပ်ပြာကလည်း ၀တ်ရည်စုပ်မယ် လိုရာခရီးကို ပျံသန်းသွားမယ်ဆိုတာ မှန်သလို ပန်းဆိုတဲ့ သဘော သဘာဝဟာလည်း ဖူးချိန်တန် ဖူးမယ် ပွင့်ချိန်တန်ပွင့်မယ် သင်းပျံ့တဲ့ ၀တ်ရည်တွေ ရှိမယ် လိပ်ပြာတွေ တွေ စုပ်ယူဖို့ ၀တ်ရည်ဖြစ်ချင်ဖြစ်မှာပေါ့နော် နောက် ရင့်ကျက်လာမယ် ရော်ဝါလာမယ် နောက်ဆုံး ကြွေတဲ့အချိန်အထိ နောက်ဆုံးပေါ့နော် အားလုံးဟာ သဘာဝပါပဲ မမေဓာ ပြောသလိုပေါ့

ဒါပေမယ့်လေ ဒါပေမယ့် စိတ်မရှိနဲ့နော် မမေဓာ ဘာဖြစ်လို့ လိပ်ပြာနဲ့ ပန်းကို အချစ်ဇာတ်လမ်းထွင်ပြီး လူတွေအတွက် ဖြစ်လာစေရသလဲ နောက်ပြီး လိပ်ပြာကို အမျိုးသား ပန်းပွင့်လေးကို အမျိုးသမီးလို့ ခိုင်းနှိုင်းပြရသလဲဆိုတာလေ တခြားလူအတွက်တော့ မသိဘူး ခွန်အတွက်တော့ စဉ်းစားစရာဖြစ်နေလို့ပါ

ယောက်ျားတွေဟာ လိပ်ပြာလိုသာ စိတ်ဓာတ်ရှိမယ်ဆိုရင်တော့ တည်မြဲတဲ့ အချစ်တွေ ခိုင်မြဲတဲ့ သစ်စာတွေ ဘယ်မှာ ရှိတော့မလဲလေနော် ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတွေဟာ လိပ်ပြာလို ၀တ်ရည်စုပ်ပြီး နောက်လှည့်မကြည့်ပဲ ထွက်သွားတာမှ မဟုတ်တာနော်

မမေဓာ စဉ်းစားဝေဖန်နိုင်အောင် ခွန်မေးကြည့်တာပါ

အားပေးနေမယ့်
ခွန်လင်းချစ်သူ

Maydarwii said...

အားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ် ခွန် …။
တကယ်တော့ … ပန်းနဲ့လိပ်ပြာ တို့ ပျားပိတုန်း တို့ဆိုတဲ့ ခိုင်းနှိုင်းချက်တွေက စာရေးဆရာတွေ ကဗျာဆရာတွေရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးတင်စားချက်တွေပါ။ သူ့ဟာသူ နေနေတဲ့ သဘာဝတရားတွေကို ဖောက်ပြန်ပြောင်းလဲ တတ်တဲ့ လူတွေရဲ့ စိတ်နဲ့ ခိုင်းနှိုင်းကြတာလို့ ကျမတော့ ထင်တာပါပဲ။ ယောက်ျားတွေကို လိပ်ပြာနဲ့ နှိုင်းသလို မိန်းမတွေကိုလဲ မြစ်နဲ့ ခိုင်းနှိုင်းကြသေးတယ်မဟုတ်လား။
တကယ်တမ်းတော့ …ယောက်ျားရယ် မိန်းမရယ် မဟုတ်ပါဘူး၊ ဖောက်ပြန်တတ်တဲ့သူက ဖောက်ပြန်မှာပဲ၊ သစ္စာရှိတဲ့သူက ရှိမှာပဲ။
ဒါကြောင့်မို့ လူတဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့သာ ဆိုင်တယ်လို့ ထင်ပါတယ်ရှင်။

Anonymous said...

ta kar hma ma yay buu lo kyo sar pyi phat pay par naw

di photo ka flower ka
kyan naw do small town hmar
kaw tar ka dog urine flower par
say phat win par tal
kyan naw so playing lo ya tat dan yar twi ko thu yat leave ko chay pyi htat kat tar par
a myin ma hla pay mat a kyo pyut tal