ကံ့ကော်တွေ ပွင့်နေပြီ။
မနေ့မနက်က ဈေးအသွား လမ်းမှာ လူတချို့လက်ထဲ ကံ့ကော်ပန်းတွေကို မြင်ရလို့ ကံ့ကော်တွေတောင် ပွင့်ပြီပဲ ဆိုပြီး သိလိုက်ရတယ်။
အိမ်က ကံ့ကော်ပင်ကြီးရော … ပွင့်များနေမလားဘဲ၊ မနက်အိပ်ရာထ နောက်ကျတာမို့ အိမ်က ကံ့ကော်ပင် ကို သတိမထားမိလိုက်ဘူး။ ဈေးရောက်တော့ ဈေးထဲမှာ ကံ့ကော်ပန်းသယ် တယောက်စ နှစ်ယောက်စ တွေ့လို့ ပန်းသယ်နား မယောင်လည် သွားကြည့်မိသေးပါရဲ့။ ပန်းတွေက မလှလို့ ဈေးတောင် မမေးခဲ့မိဘူး။ ရောင်းနေတဲ့ ပန်းတွေက ၀တ်ဆံဝါဖျော့ဖျော့ ကျိုးတိုးကျဲတဲ … ပွင့်ဖတ်တွေကလည်း ဖြူဖြူသန့်သန့်လေး မဟုတ်။
တခါတခါ ကျမက အစွဲအလမ်း ကြီးတတ်ပါတယ်။ ကံ့ကော်ပန်းဆိုရင် အိမ်က ကံ့ကော်ပန်းနဲ့ ကျောင်းထဲက ကံ့ကော်ပန်းလောက် ဘယ်ပန်းမှ မလှဘူး ထင်နေတတ်လို့ပါ။ အိမ်က ကံ့ကော်ပင်ကြီးတွေဟာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲက မျိုးယူလာပြီး အမေစိုက်ထားတာ ဆိုလို့များ ဒီလိုအစွဲ ဖြစ်နေသလားတော့ မသိ။ အမေ့အသက်တောင် ၆၀ ကျော်နေမှတော့ ကံ့ကော်ပင်ကြီးရဲ့ သက်တမ်းလည်း အနှစ် ၄၀ နား နီးနေလောက်ပြီ ပေါ့။ သူ့ရဲ့ မျိုးဆက် ကံ့ကော်ပင် ပျိုလေးတွေလည်း ခြံထဲမှာ ဟိုတပင် ဒီတပင် ပေါက်ဖွား ရှင်သန်နေပါရဲ့။
နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားဟာ ကံ့ကော်ပင်အောက်မှာ ပွင့်တော်မူမှာမို့ အမေက သူစိုက်ထားတဲ့ ကံ့ကော်ပင်ကြီးတွေကို ဗောဓိပင်ဆိုပြီး မှန်မှန် ရေသွန်းလောင်းလေ့ ရှိတယ်။ တခါတရံ အပင်ခြေရင်းမှာ အမွှေးတိုင် ဖယောင်းတိုင် ထွန်းညှိပူဇော်လေ့ရှိပါတယ်။
ဒီလိုနဲ့ ဈေးကနေ အိမ်ပြန်ရောက်တော့ အိမ်ကကောင်မလေးက သူခူးထားတဲ့ ကံ့ကော်ပန်းတွေ ဘုရားကပ်ဖို့ အမေ့ကို လာပေးတာနဲ့ အိမ်မှာလည်း ပန်းတွေပွင့်သကိုး ဆိုပြီး စိတ်ထဲ ကျေနပ်သွားမိတယ်။ ကံ့ကော်ရနံ့ သင်းပျံ့ပျံ့က ဈေးကအပြန် မောလာတဲ့ ကျမကို အမောလည်း ပြေသွားစေပါရဲ့။ အမေက ဦးဦးဖျားဖျား ပွင့်တဲ့ ကံ့ကောပန်းတွေကို ပန်းအိုးလေးနဲ့ထိုးပြီး ဘုရားကို ပူဇော်ပါတယ်။ (အပေါ်က ဓာတ်ပုံက ဒီနှစ်ကံ့ကော် မဟုတ်ပါဘူး၊ ကျန်ခဲ့တဲ့ ၂ နှစ်လောက်က ထင်ပါရဲ့၊ သေချာတော့ မမှတ်မိတော့ဘူး)
ကံ့ကော်ပန်းလေးတွေကို ကျမ သိပ်ချစ်ပါတယ်။ ပွင့်ခါစမှာ ၀တ်ဆံဝါ၀ါ ပွင့်ဖတ်ဖြူ ကားကားလေးနဲ့၊ နောက်တော့ ပွင့်ဖတ်လေးတွေက လိပ်ပြီး နောက်ဖက်ကို ကုပ်ဝင်သွားတယ်။ အရွက်စိမ်းရင့်ရင့်ကြားက အ၀ါနဲ့ အဖြူ တွဲနေတဲ့ ပန်းပွင့်ကလေးက ကြည့်လို့ သိပ်လှပါတယ်။ အဖြူ၊ အ၀ါ၊ အစိမ်း ဒီသုံးရောင် ယှဉ်တွဲထားပုံ ကလည်း သဟဇာတ ဖြစ်ပါဘိ။
ငယ်ငယ်က ကံ့ကော် ၀တ်ဆံဝါ၀ါ လေးတွေကို ပါးပေါ်မှာတို့ပြီး အ၀ါရောင် ၀တ်မှုန်လေးတွေ ပါးမှာ တင်ကျန်တဲ့အခါ သဘောတကျ ဖြစ်ခဲ့ရတယ်။ သိပ်လှတဲ့ ပန်းပွင့်ကလေးတွေကို ရွေးပြီး စာကြည့်စားပွဲမှာ ပန်းအိုးကလေးနဲ့ထိုးထား၊ ခြောက်သွားတဲ့အခါမှာလည်း ယွန်းသေတ္တာလေးထဲ ထည့်သိမ်းထားခဲ့ဖူးတယ်။ ဘုရားစင်က ပြန်စွန့်တဲ့ ပန်းအနွမ်းတွေကိုတော့ ဗန်းကလေးနဲ့ အခြောက်ခံပြီး ၀တ်မှုန်လေးတွေချွေ၊ ဗူးကလေးထဲထည့်၊ သနပ်ခါးလိမ်းတဲ့ အခါ ထည့်သွေးပြီး လိမ်းကြတယ်။ သနပ်ခါးနံ့ မှာ ကံ့ကော်နံ့လေးပါ တသင်းပျံ့ပျံ့ နဲ့ပေါ့။ ကံ့ကော်ရနံ့ဟာ မောပန်း နွမ်းနယ်မှုတွေ ပြေပျောက်စေပြီး ရင်ထဲ အေးမြစေပါတယ်။
ကံ့ကော်ဝတ်ဆံဟာ ဆေးဖက်ဝင်တဲ့အတွက် ဗမာဆေး ဖော်စပ်တဲ့နေရာမှာလည်း သုံးကြတယ်လို့ သိရတယ်။
ကံ့ကော်ပင်ဟာ ဘယ်တော့မှ အရွက်အားလုံးမကြွေတဲ့ အမြဲစိမ်း သစ်ပင်မျိုးပါ။ ရာသီတိုင်းမှာ အရွက်တွေ ဝေနေတတ်ပါတယ်။ ရိုးတံပြိုင်းပြိုင်း အကိုင်းထီးတည်း ဘယ်တော့မှ ဖြစ်မနေဘဲ အရှက်အကြောက်ကြီးတဲ့ အပျိုမတယောက်လို အရွက်ချွန်းချွန်းလေးတွေနဲ့ တပင်လုံးကို အမြဲတမ်း ဖုံးအပ်ထားတတ်ပါတယ်။
ငယ်ငယ်တုန်းက ကံ့ကော်ရွက်ရင့်ရင့်တွေကို မမီမကမ်း ခုန်ခူးပြီး ထိတ်ဖြတ် နောက်ဖြတ် ဖြတ်ပြီးတော့ ပီပီမှုတ်တမ်း ကစားခဲ့ကြတယ်။ ရွက်နုလေးတွေ စထွက်တဲ့အချိန်မှာ ပန်းနုရောင်အသွေး နီဖျော့ဖျော့လေး၊ တဖြည်းဖြည်းနဲ့ ညိုနုနု၊ နောက်တော့ စိမ်းဖျော့ဖျော့ …. ဒီနောက်မှာမှ စိမ်းရင့်ရင့် … အဲဒီလို တဆင့်ပြီးတဆင့် ပြောင်းလဲသွားတာကို မှတ်မှတ်ရရ သတိထားပြီး ကြည့်ခဲ့ဖူးပါတယ်။ ကံကော်ပန်းတွေ တုန်းတဲ့အခါ အသီးလေးတွေ ဖြစ်ကုန်ကြတယ်။ မိုးတွင်းဆိုရင် အပင်အောက်မှာ ကြွေနေတဲ့ ကံ့ကော်သီးတွေ မွစာကြဲလို့ပေါ့။ နောက်တော့ အဲဒီအသီးကြွေတွေက အပင်ပြန်ပေါက် … ဒီလိုနဲ့ မျိုးဆက်အသစ်တွေ ပေါက်ဖွားလာခဲ့တာပါပဲ။
ကံ့ကော်အကြောင်း စဉ်းစားရင်းနဲ့ မနေ့ညက ကံ့ကော်ပင်ကြီးအောက်မှာ တော်တော်ကြာအောင် လမ်းလျှောက် နေခဲ့မိပါတယ်။ ခြံထဲက ကံ့ကော်ပင်ကြီး နှစ်ပင်ဟာ တပင်ကို တပင်ယှက်လို့ အရွက်တွေအုပ်မိုး နေတာကြောင့် နေ့ဘက်ဆိုရင်တောင် နေပြောက်မထိုးပါဘူး။ ခုလို ညဘက်ကျတော့လည်း အပင်အောက်မှာ အေးမြမြနဲ့ နေလို့ကောင်းလှပါတယ်။ အပင်ပေါ်မော့ကြည့်တော့ ဟိုးထိပ်ဖျားနားမှာ ကံ့ကော်ပန်းပွင့်လေးတွေ ဟိုတစု ဒီတစု … ။
တကယ်တော့ ပန်းကလေးတွေတိုင်းဟာ ပုံစံအမျိုးမျိုးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ကံ့ကော်ပန်းလည်း သူ့အလှနဲ့ သူ့ရနံ့နဲ့ ရှိသလို စပယ်ဖြူဖြူဟာလည်း သူ့အလှနဲ့သူပါပဲ။ လမ်းဘေးမှာ အလေ့ကျပေါက်ပြီး ရနံ့ ကင်းမဲ့တဲ့ ပန်းကလေးတွေဟာလည်း အလှကိုယ်စီ ရှိကြတာပါပဲ။ လူတကာ အသိအမှတ်ပြုခြင်း သိပ်မခံရတဲ့ ပန်းကလေးတွေကို တခါတလေ တကူးတက ထိုင်ကြည့်မိပါတယ်။ ငယ်ငယ်တုန်းကတော့ ပန်းတွေဆိုတာ လူခြေတိတ်တဲ့ ညဘက်မှာ ပွင့်တတ်တယ်ဆိုလို့ အဖူးလေးက ပွင့်အာလာမယ့် ပန်းကလေးတွေကို ညနက်သန်းခေါင် ခြင်ကိုက်ခံပြီး အသက်တောင်ပြင်းပြင်း မရှူဝံ့ဘဲ ထိုင်စောင့်ကြည့်ခဲ့ဖူးတယ်။
ချစ်စရာကောင်းတဲ့ ပန်းကလေးတွေ ပွင့်လန်းစေလို့ သဘာဝတရားကြီးကို ကျေးဇူးတင်မိပါရဲ့။
ပန်းဆိုတာ အချိန်တန်ရင် ညှိုးနွမ်းသွားရစမြဲ ဖြစ်ပေမဲ့ … မညှိုးခင် မနွမ်းခင် … အစွမ်းရှိသလောက် သူ့အဆင်းနဲ့ သူ့ရနံ့နဲ့ လောကကြီးကို အလှဆင်ပေးခဲ့ကြတာပဲ။ ဒီပန်းပွင့်လေးတွေ ကြွေသွားတဲ့အခါ နှမြောတသ တတမ်းတတ ဖြစ်နေကြမှာလား။ အသစ်တဖန် ပွင့်လန်းလာကြဦးမယ့် နောက်ထပ် ပန်းပွင့်လေးတွေဟာ ကမ္ဘာကြီးကို လှပစေကြဦးမယ် မဟုတ်လား။
ဒီလိုနဲ့ …. ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ … ပန်းတွေကတော့ ဖူး ငုံ ပွင့် ဝေ …ကြွေ နေကြဦးမှာပါပဲ။
***
မေဓာဝီ
27.2.07
1:00 pm

4 comments:
ကံ့ကော်ပန်းကို ရန်ကုန်တက္ကသိုလ် မိန်းထဲရောက်မှ
စမြင်ဖူးတာ..သူ့အနံ့ကို အရမ်းကြိုက်တယ်။
ရွာမှာ အလေ့ကျပေါက်နေတဲ့ ဆူးပန်းတမျိုးနဲ့တူတယ်...
အဖြူ အ၀ါတွေနဲ့...ကံ့ကော်ပန်းက အပင်ပေါ်မှာ ကတည်းက မွှေးတာ...
ခရေပန်းကျတော့ ကြွေမှ မွှေးတာ...ဟုတ်လားတော့ မသိဘူး..ဟီ
တောင်ကြီးမှာ ကံ့ကော်ပင်....ခရေပင် မရှိလို့ပါ။
(ရှိတော့ရှိမယ် ရှားမယ်ထင်တယ်) ရွာက အိမ်ဘေးမှာတော့ ခရေပင်
တပင်ရှိတယ်။ ခုတ်ပစ်လိုက်ပြီလားတောင် မသိတော့ဘူး...
ကျေးဇူး....မမေ............
Ever green tree is Gant Gaw. I also like that tree Ma May, because it gives so big shade and so sweet smell. I want to be like that tree to give people cool and sweet smell whoever i meet in this life. I will try Ma May.. thanks for your post. take care..
မမေ... ကံ့ကော်တို့ စံပယ်တို့အကြောင်းရေးထားတာ ဖတ်ပြီး ဘာရယ်မသိ လွမ်းသလိုလို ဖြစ်သွားတယ် ။ ကံကော်ပင်ကြီးနှစ်ပင် ခြံထဲမှာရှိနေတာ အားကျလိုက်တာ ။ ဖြစ်နိုင်ရင် ကံ့ကော်ပန်းကို အနီးကတ် ဓါတ်ပုံလေးရိုက်ပြီး တင်ပေးပါလားလို့ ။ အဲဒီပန်းပုံလေး ကျွန်မ ရှာနေတာ အတော်ကြာနေပါပြီ ။
ဒါနဲ့ မမေရဲ့ပို့စ်ဒ်တွေ မြန်မာရသပီစွား အရေးကောင်းလို့ အမြဲ လာဖတ်ဖြစ်ပါတယ် ။
ကျမဘလော့ကို လာလည်သူ … လာဖတ်သူ .. ကွန်မန့်ရေးသူ … အားလုံးကို ကျေးဇူးတင်ပါတယ်။
တခါတလေ ကွန်မန့်တွေကို ပြန်မပြောမိတာ စိတ်မရှိကြပါနဲ့။ ကွန်မန့်ထဲ ၀င်ရခက်လို့ပါ။ ကွန်မန့်ဝင်လာရင် မေးလ်ထဲကို ရောက်တာမို့ မေးလ်ကနေတော့ အားလုံးကို ဖတ်ဖြစ်ပါတယ်။ ပြန်ရေးတဲ့အခါ ကွန်နက်ရှင် သိပ်မကောင်းရင် ရေးမရဘူး။ ကဲ .. အခု ရတုန်းလေး ပြန်ရေးလိုက်ပါပြီ …နော်။
***
ခရေပန်းက ..ဝေလည်းမွှေး ကြွေလည်းမွှေး လို့ ထင်ပါရဲ့ စနေ …။ သေချာတော့မသိဘူး၊ အပင်အောက်သွားရင်လည်း ရနံ့သင်းသင်းလေး ရတတ်လို့ပါ။
***
မောင်ကြီးပြောသလို အေးမြပြီး မွှေးရနံ့ပေးနိုင်တဲ့ ကံ့ကော်ပင်လို လူမျိုး ကျမလည်းပဲ ဖြစ်ချင်ပါတယ်။
***
ကံ့ကော်ပန်းပုံကို အဆင်ပြေရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါမယ် ညီမလေး ဂျစ်တူးရေ … ။ အမှန်တော့ အဲဒီလို ရိုက်ပြီး တင်ချင်တာပါ။ အမြန်တင်ချင်တာနဲ့ ရှိပြီးသား ဘုရားနဲ့ပုံကိုပဲ တင်လိုက်ရတယ်။
Post a Comment