Tuesday, January 16, 2007

ဈေးဝယ်ထွက် ညည်းချင်း

ခုရက်ပိုင်း နှစ်ရက်ခြား သုံးရက်ခြားဆိုသလို မနက်ခင်းတွေမှာ ခေါင်းကိုက်ကိုက်နေပါတယ်။ ဘာကြောင့်ရယ်မသိပေမဲ့ သတိထားမိတာတော့ ကျမဈေးဝယ်ထွက်ရမဲ့ မနက်ခင်းမျိုး ဖြစ်နေတတ်တာပါ။ တိုက်ဆိုင်တာလို့ ဆိုရလေမလားမသိ။ တကယ်ပဲ ဈေးသွားရမယ့် မနက်မနက်ဆို ခံရခက်စွာ ခေါင်းထဲက ကိုက်လှပါတယ်။ အဲဒီလိုနေ့မျိုးဆိုရင် လူကလည်း ခပ်မှိုင်းမှိုင်း … စိတ်တွေလည်း ထုံထိုင်းထိုင်းနဲ့ ခါတိုင်းလို မဟုတ်တာကြာပါပြီကော။

အမေခရီးသွားခါစ ဈေးစသွားစဉ်ကာလတုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ မနက်ခင်း အညောင်းပြေ လမ်းလျှောက်တယ် သဘောထားပြီး ဈေးခြင်းတောင်းလေးဆွဲ …ပေါ့ပေါ့ပါးပါး ဈေးသွားခဲ့တာပါပဲ။
ဈေးတန်းထဲလမ်းလျှောက်ရင်း ကောင်းနိုးရာရာ ချက်စားဖို့စဉ်းစား ၀ယ်ခြမ်းရင်း အဆင်ပြေနေခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ဈေးဝယ်သက်က ရက်ပိုင်းကနေ လပိုင်းကူးပြီး ကြာလာတာနဲ့အမျှ ဈေးသွားရတာ စိတ်ဓာတ်ကျ ကျလာပါတော့တယ်။

အမေသွားခါစ ..အောက်တိုဘာလကုန်ပိုင်းတုန်းက ကြက်သွန်နီ တပိဿာ အလတ်စားဆို ၁၈၀၀- ၂၀၀၀ကျပ် ၀န်းကျင်ကနေ .. အခုတော့ ၂၅၀၀ ဆိုတာတောင် ခပ်ညံ့ညံ့အမျိုးအစားဖြစ်နေပြီ။ ၂၈၀၀ - ၃၀၀၀လောက်မှ အသင့်အတင့်ရပါတယ်။ ကြက်သွန်ဖြူ၊ အာလူးနဲ့ ငရုတ်သီးမှုန့် တို့လည်း ထိုနည်းလည်းကောင်းပါပဲ။ ကြက်သွန်ဖြူ၊ နီ ငရုတ်သီးဆိုတာမျိုးဟာ ဟင်းချက်ရင် မပါမဖြစ်ဆိုတော့လည်း ဈေးဘယ်လောက်တက်တက် မ၀ယ် မဖြစ် ၀ယ်နေရတော့တာပေါ့။

ပဲဆီကလည်း ၃၂၀၀ဈေးတဲ့။ စားအုန်းဆီတောင် ၂၀၀၀ ကျော်နေပြီလို့ပြောကြတယ်။ အရင်ကဆို ဆီကို ဘုန်းဘောလအော သုံးနေကျ ကျမဟာ အခုလိုကိုယ်တိုင်ဈေးဝယ်ရမှ တော်တော်လေးကို ချွေတာတတ်နေပါပြီ။ ဆီတပိသာကို ဘယ်နှစ်ရက်သုံးရတယ် ဆိုပြီး မှတ်သားသုံးစွဲတတ်နေပါပြီ။ အရင်ကလို အားနေ ဟိုဟာကြော်စား ဒီဟာကြော်စား မလုပ်တော့တဲ့အပြင် တချို့ဟင်းဆို ဆီသတ်တောင်မချက်တော့ဘဲ လုံးချက်ကလေးတွေပဲ ချက်စားတတ်နေပြီ။

ဒီလိုနဲ့ ဈေးသွားရမဲ့နေ့ ရောက်လာပြန်ပြီပေါ့။ ရှောင်လွှဲလို့လည်း မရတဲ့အဆုံး ကြုံးရုန်းထပြီး ဈေးကိုအသွား ဦးကြင်ဥကို အားကျတာကြောင့် ညည်းချင်း ခေါ်မလား ဖြီးချင်း ခေါ်မလား ဘာခေါ်ခေါ် ကြိုက်သလိုခေါ်နိုင်တဲ့ ကဗျာမဟုတ် ဘာမဟုတ် ကဗျွတ် ကဗျောင် ကဗျက် တပုဒ် အတွေးစုတ်စုတ်နဲ့ ရေးထုတ်လိုက်ရကြောင်းပါ။
***
ရော … သည်တခါ မေဓာဝီ ပျင်းမရ၊ ဟင်းချကာ အတင်းထပါလို့၊ ခြင်းမ-ကာ ဈေးကိုလစ်ရတယ် … ကွယ် … ညစ်ပြန်ပေါ့ မနက်ခင်း။

သက်ပြင်းကို အသာချပါလို့၊ ပါသမျှပိုက်ဆံလေးရယ်နဲ့၊ ဈေးဘယ်လို ၀ယ်ရပါ့၊ အကြံရခက်ပါဘိတောင်း၊ ခေါင်းကိုသာတွင်တွင်ကုတ်၊ ငုတ်တုတ်ဖြင့်မေ့ချင်ပြီ၊ ဆီကလည်း ဈေးတွေတက်၊ ရေနဲ့ချက်မရလို့သာပ၊ ချက်ရရင် ရေလုံပြုတ်၊ အဟုတ်သာ စားလိုက်ချင်တော့ရဲ့၊ သြော် ဘယ့်နှယ့် လုပ်ရပါ့၊ ဒုက္ခ … ဒုက္ခ … ဒုက္ခ … ပါတကား။

ကြက်သွန်နီ/ဖြူ အာလူး၊ မထူးပေါင် အတက်သာရှိပေသမို့၊ ခက်ပါဘိလို့ တိတ်တခိုးညည်း၊ လိပ်ကျိုးကြီး လမ်းသွားသလို၊ ဈေးတန်းမှာ စမ်းတ၀ါးဝါး၊ လမ်းသလားကာ ဟိုသည်ကြည့်နေသမို့၊ လာပါလို့ လှမ်းကာခေါ်၊ ဒီမှာနော် ၀ယ်မှာလား၊ ငါးကြင်းက သုံးရာ့ငါးဆယ်၊ ငါးဖယ်က ရှစ်ရာဈေး၊ ညစ်ကာတွေးမနေနဲ့ ၀ယ်လို့ချက်၊ ၀က်သားက လေးရာ၊ ဘယ်ဟာကို စားမလဲ၊ အားခဲကာ စဉ်းစားလျက်၊ တွက်ချက်ရပြန်တော့တယ်။

ဈေးတန်းက အိမ်အပြန်၊ လက်ကျန်ငွေ နတ္ထိပေမို့၊ သတ္တိရှိရှိ ခေါင်းကိုမော့လို့၊ တောင်းကိုတော့ ဆွဲခဲ့ပါတယ်၊ ကဲ … ဒီနေ့ ချက်စရာ၊ ဒီမှာလေ ချဉ်ပေါင်ရွက်၊ ကြက်သွန်တတက်- ဆီတစက်နဲ့ ချွေတာရေးဟင်းချက်ပေရော့၊ ဟော့ဟိုမှာလေ … ငပိရည် နှစ်ရာဖိုး၊ ဆားထိုးလို့ ရေရော၊ ငရုတ်သီးမှုန့်မနှောဘဲ၊ ကျဲတောက်တောက် ညိုတိုတို၊ ဒီလိုသာ မြိုကြပါစို့၊ တို့စရာက ဆလတ်ရွက်၊ လိုက်ဖက်လို့ညီပါသည်၊ ဗီတာမင် အပြည့်အ၀၊ အားပါးတရ စားကြပေတော့၊ သွားပြန်ပေါ့တရက်၊ ဈေးဝယ်ထွက် မနက်ခင်း၊ ညည်းချင်းဖွဲ့ မဖြေသာပြီ၊ မေဓာဝီ ရူးချင်ပေါ့လေး။ ။
***
15.1.07
11:54 pm

8 comments:

Anonymous said...

ညီးချင်းပေမယ့် ဖတ်ပြီး ပြုံးဖြစ်တယ်။ မမေဓာရေးတာ လှလို့ပါ။

Anonymous said...

မမေဒါဝီ တော်တော်စာရေးကောင်းတာပဲဗျာ။ စာရေးဆရာမလုပ်ပါလား။

ကလိုစေးထူး said...

မမေဓာဝီဟာ အကြောင်းအရာ ရိုးရိုးစင်းစင်းလေးကို တင်ပြတဲ့ အဖွဲ့မှာ တော်တော်ပိုင်နိုင်တာပါပဲလား.. ဒီတခါတော့ ညည်းခြင်းမဟုတ်တော့ပါလား.. ညည်းချင်းပဲဖြစ်သွားပြီပေါ့လေ.. ကဗျာက အတော်ကောင်းတယ်...

Anonymous said...

ummm that is true situation...
Living in Burma is more touch than any other countries, onion is cheaper outside than Burma compared to price, so as the other too... meat are expensive in Yangon. We have a chat with my pals here and compare to prices to Burma and the neighboring countries, Yangon living cost is a bit expensive...

I can see the clear picture of prices that are mentioned in your poem.....

Goodie good indeed..

Prince

Anonymous said...

Hi sis,
Realli nice !
I like it!
Keep going...


-Moeyae

Anonymous said...

မမေဒါဝီနဲ့ ဘလော့ဂ် ဖတ်သူများခင်ဗျား
သိပြီးဖြစ်ရင်လည်း ဖြစ်ပါလိမ့်မယ်။ ဒီလထဲ မှာ ထိုင်းနိုင်ငံမှာ King Naresuan ဆိုတဲ့ ထိုင်းဘုရင်၊ သူရဲကောင်း နရဲစွမ် (ဗြနရာဇ်) အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ပြပါတော့မယ်။ ဇာတ်ကားက ဟောလိဝုဒ် ဇာတ်ကားတွေလို သုံးကားတွဲကြီးပါ။ ဒါရိုက်တာက နာမည်ကြီး ဆူရီယိုထိုင်း ရိုက်တဲ့ဒါရိုက်တာ သန်းမွီ ပါ။ ဘတ် သန်း ၇၀၀ ကျော် အကုန်အကျခံရိုက်ကူးထားတယ်လို့ သိရပါတယ်။ မမေဒါဝီ စာစောင်အတွက် စတိုရီ တစ်ပုဒ်ရနိုင်ပါတယ်။ ကျနော်လည်း စိတ်ဝင်စားတာနဲ့ ဘလော့ဂ်တစ်ခုလုပ်ပြီး Bangkok Post နဲ့ The Nation က ဒီရုပ်ရှင်နဲ့ဆိုင်တဲ့ ဆောင်းပါးတွေတင်ထားပါတယ်။ http://tunmyanmar.blogspot.com ပါ။ ဘလော့ဂ်ဝင်ကြော်ငြာတာမဟုတ်ပါဘူး။ ဇာတ်ကားရဲ့ ၀က်ဘ်ဆိုက်က www.kingnaresuanmovie.com ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမည်လိုဂိုနဲ့ အမှတ်တရပစည်းလေးတွေနဲ့ ပိုစတာကြီးတွေ ဈေးဝယ်စင်တာတွေနဲ့ ကုန်တိုက်ကြီးတွေမှာ တွေ့နေရပါပြီ။ ဇာတ်ကားပိုစတာက အရမ်းမိုက်ပါတယ်။ မှုန်ပြပြနောက်ခံမှာ ပုဂံ ဘုရားပုထိုးပုံတွေလည်းပါပါတယ်။

Anonymous said...

မမေတို့များရေးတတ်လိုက်တာနော် ညလေးတို့ဆို ဘယ်လိုရေးရမယ်မှန်းမသိဘူး တော်တယ်ဗျ

Anonymous said...

its really good sis
i like ur poem