Wednesday, July 11, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၆)

ပြီးခဲ့တဲ့ တပတ်က ကိုပြူးကျယ်သို့ ပေးစာ မတင်ဖြစ်လိုက်ဘူး။ နောက်ဆုံး ပြီးသွားတဲ့ အပိုင်း (၁၅) မှာ ဧကပိုဒ်ရတုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီတပတ်တော့ အဖြည့်ခံရတုအကြောင်း ဖော်ပြပေးပါမယ်။

အဖြည့်ခံရတု-ဟု ခေါ်ရခြင်း
အဖြည့်ခံရတု ဆိုတာ အချီအချ ၂-ပိုဒ် သာရှိတဲ့ ရတုပုံစံမျိုးပါ။ အချီအချ ၃-ပိုဒ်စီ ရှိတဲ့ ရတုပိုဒ်စုံ ဖြစ်စေဖို့ နောက်တပိုဒ်ဖြည့်စွက်ရန် တပိုဒ်ချန်ပြီး ရေးသားထားတဲ့ ရတုမျိုးမို့ အဖြည့်ခံရတု လို့ ခေါ်ရခြင်းဖြစ်ပါတယ်။
ဒီလို အချီအချ ၂-ပိုဒ်မှာလည်း အချီပိုဒ်အချင်းချင်း၊ အချပိုဒ်အချင်းချင်း အထပ်ကာရန် အားလုံးတူညီစေရပါမယ်။ ကျန်အပိုဒ်များကတော့ ပိုဒ်ရေနဲ့ ကာရန် တူတူ မတူတူ အကြောင်းမဟုတ်ဘူးလို့ ဆိုထားပါတယ်။

န၀ဒေးကြီးရဲ့ အဖြည့်ခံရတု နမူနာလေး ဖတ်ကြည့်ရအောင်ပါ။

(၁) ပယင်းရောင်ရည်၊ ထွန်းလင်းကြည်သား၊ ပြစ်ခြည်ဆံရွက်၊ မြူမစက်တည့်၊ ပြာညက်သွယ်ညွတ်၊ ဦး၍ချွတ်သို့၊ ထွားမွတ်ပျိုချော၊ ငယ်သဘောလည်း၊ ထုံးကျောကေရှင်၊ နှစ်တွင်မိစ၊ ရွက်ချပ်မြနှင့်၊ ပြည့်ညချမ်းသာ၊ ရှင်တော်ရာဝယ်၊ သဒ္ဓါစင်လျှင်း၊ စံသင့်ကျင်းသည် ။ … ။ ပြင်ဆင်းညိုသွယ် နွဲ့တကား ။ … ။

(၂) သလင်းထောင်ခြည်၊ ၀တ်ခဲ့သည်မူ၊ ကျေးပြည်ရပ်ဆန်း၊ သင်္ဘောကွန်းက၊ ပျံ့မွှန်းကြိုင်စွာ၊ ထုံလျက်ပါသည်၊ မလ္လာနံ့ချည်း၊ တနံတည်းကို၊ သိပ်သည်းလေပင်၊ စံပယ်တင်မှ၊ မတင်နှိုင်းရှဲ့၊ ပြာချောလဲ့ကို၊ ဘက်မဲ့မရှိ၊ နောင့်မျက်စိဝယ်၊ မသိကျိုးပြစ်၊ ကြင်သည်ဖြစ်ကို၊ သစ်သစ်နားတွင်၊ လျှောက်လိုက်ချင်စွ၊ မထင်ပြိုင်ခင်း၊ နှိုင်းရာကင်းသည် ။ … ။ တင်ခင်းဆိုဖွယ် ခဲ့တကား ။ … ။

ခုလို ရေးသားထားတဲ့ န၀ဒေးကြီးရဲ့ အဖြည့်ခံရတု နှစ်ပိုဒ်ကို ပိုဒ်စုံ သုံးပိုဒ် ပြည့်အောင် ပယ်သူငယ်ရွာစား ပညာရှိက ထပ်မံဖြည့်စွက်လိုက်ပုံက …

(၃) အဆင်းဆောင်သည်၊ လှမောရည်မူ၊ မည်သူမတူ၊ ကျွန်းလုံးသူလည်း၊ မပြူလာဝံ့၊ ပြာချောဖွံ့ကို၊ မတံ့ကြည်ဟန်၊ မျက်စိကြန်မျှ၊ စိတ်သန်ဆုရော်၊ မြတ်ရှင်တော်ဝယ်၊ သုံးဘော်ရွယ်နု၊ ခေါ်သာဓုဖြင့်၊ တခုလာရာ၊ အာရုံသာတည့်၊ မြင်ကာတော်မိ၊ လှခေါင်ထိကို၊ မျက်စိမဆုံး၊ တသက်လုံးလျှင်၊ ချစ်ထုံးမပြေ၊ ကြည့်ချင်လေစွ၊ ပြစ်ကွေတင်ခင်း၊ မရှိလျှင်းသည် ။ … ။ သွင်ဝင်းပျိုရွယ် လဲ့တကား။ … ။
***
အဖြည့်ခံရတုနဲ့ပတ်သက်လို့ တခါတုန်းက ပို့စ်တခုမှာ ကျမရေးခဲ့ဖူးပါတယ်။ န၀ဒေးကြီးရဲ့ အဖြည့်ခံရတုကို ရှင်သူရဲက ထပ်ဖြည့်ထားတဲ့ ရတု တပုဒ်ပါ။ ကျမတို့ငယ်ငယ်က “ကလူ၏သို့ မြှူ၏သို့” လို့ သင်ခဲ့ရဖူးပါတယ်။ “ဒီနေရာမှာ” ဖတ်ရှုနိုင်ပါတယ်။

ကြုံကြိုက်လို့ ပြောရမယ်ဆိုရင် … ဇန်န၀ါရီ ၃၀-ရက် နေ့က ရေးခဲ့တဲ့ “ကိုပြူးကျယ်သို့ ပေးစာ အပိုင်း (၃)” ရဲ့ ကွန်မန့်မှာ ကဗျာဝါသနာကြီးလှတဲ့ ကျမမိတ်ဆွေကြီး Mr.Philtre က အဖြည့်ခံရတု တပုဒ် ခုလို ရေးပေးခဲ့ပါတယ်။

(၁) ကျိုးမျှော်ကာရည်၊ သည်လိုစကား၊ ပြောပါငြားက၊ သည်ကားဖြစ်ရာ၊ သိနေပါလျှက်၊ သက်သက်တမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်မဲ့စွာ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ အခြားသူငှာ၊ ဂုဏ်သိက္ခာကို၊ ထိုသို့ညှိုးနွမ်း၊ ဖြစ်စေစမ်းဟု၊ စိတ်ကြမ်းရန်ငြိုး၊ အမျိုးမျိုးပြင်၊ ဖြူစင်သူများ၊ အထင်မှားအောင်၊ မီးလောင်လေပင့်၊ မြေခွေးကျင့်နှင့်၊ မသင့်ကြိုးပမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုသင့်မဆိုသင့်။ ။

(၂) နှိုးဆော်ပါသည်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ ဤကားသစ္စာ၊ ဖြစ်တည်ရာဟု၊ သူငှာအများ၊ သုတပွားအောင်၊ စကားချိုသာ၊ ပညာပြည့်ဝ၊ နှလုံးလှဖြင့်၊ ထောက်ပြဝေဖန်၊ အကြံဥာဏ်ကို၊ ညွှန်းဆိုသူအား၊ လိုလားခြိမ့်စွာ၊ ဖိတ်ခေါ်ကာလျှင်၊ အမြင်ဖလှယ်၊ ခင်တွယ်စိတ်ထား၊ မိတ်ဝတ္တရားနှင့်၊ စကားစစ်ပြင်၊ အခြေတင်ကို၊ အစဉ်ကြိုးပမ်း၊ ထိုနည်းလမ်းအား၊ လက်ကမ်းကြိုသင့် … မကြိုသင့်။ … ။

အဲဒီလို သူရေးလိုက်တဲ့ အဖြည့်ခံရတုကို ကျမကပဲ ကွန်မန့်ထဲမှာ ဖြည့်စွက်ပြီး ခုလို ရေးသားခဲ့ပါတယ်။

(၃) သို့သော် ငါသည်၊ ရွယ်ရည်စိတ်မှာ၊ စေတနာဖြင့်၊ သေချာထောက်ထား၊ မှန်မြင်အားကို၊ ပြောကြားဆိုလည်း၊ မလိုသူငါ၊ မုဒိတာမဖက်၊ ဣဿာစွက်လျက်၊ မုန်းဖက်ရန်လို၊ ဒေါသပိုကြ၊ “ငါကပညာ၊ တတ်သည်မာန”၊ ထောင်လွှားကြလျက်၊ အပြစ်စွက်၏၊ ပြောမိစကား၊ ရေးမိမှားက၊ တောင်းပန်ခကာ၊ မေတ္တာမပျက်၊ သစ္စာနက်ဖြင့်၊ ရန်ဖက်မသမ်း၊ အမှန်လမ်းကို၊ ဆက်လှမ်းလိုလင့် … မလိုလင့် … ။ … ။
***
အဲဒီရက်ပိုင်းလောက်တုန်းက ကျမမှာ တော်တော်လေး အတိုက်ခိုက်ခံ အပြောဆို ခံနေရတဲ့ ရက်တွေပါ။ ကျမရဲ့ စေတနာကို လွဲမှားစွာမြင်ကြပြီး ပြောဆိုပြစ်တင်ကြ တာ ဘလော့ရေးတဲ့သက်တမ်းမှာ အဲဒီတုန်းက ပထမဆုံး ခံရတာပါပဲ။ ခံနေကျ မဟုတ်တော့ ခံရတော့ ခက်သား။ ဘလော့ရေးတာတောင် ရပ်လိုက်ရ ကောင်းမလား စဉ်းစားမိသေးတာ။ ခုနောက်ပိုင်းတော့ ခဏခဏ ခံရလို့လားမသိ၊ ရိုးသွားပါပြီ။ စိတ်ထဲ သိပ် မခံစားဖြစ်တော့ဘူး။

အဲ … ဆိုလိုရင်းပျောက်တော့မယ်။ ဒီအဖြည့်ပိုဒ်ကိုသာ ရေးလိုက်ရပေမဲ့ ရတု ဆိုတာကို ကျမ တခါမှ မရေးဖူးပါဘူး။ သူက ကျမကို အားပေးချီးမြှောက်တဲ့ အနေနဲ့ အဖြည့်ခံရတု ရေးတော့ ကျန်တပိုဒ်ကို ကျမပဲ ဖြည့်စွက်ချင်တာနဲ့ နောက်ဆုံး အဖြည့်ပိုဒ်ကို မနည်း ဖျစ်ညှစ်ပြီး ရေးလိုက်ရတာပါ။ ဒီကနေ့ ကိုပြူးကျယ်ရဲ့ပေးစာမှာ အဖြည့်ခံရတုအကြောင်းတင်ဖို့ စာရိုက်တော့ ဒီကဗျာလေး ပြန်သတိရမိတာနဲ့ ကွန်မန့်ထဲက ပြန်ရှာပြီး တင်လိုက် ခြင်း ဖြစ်ပါတယ်။

ရတုထဲမှာ “အဖြည့်ခံ” … ဆိုတဲ့ နာမည်လေးမြင်တိုင်း ကျမစိတ်ထဲ သနားမိတယ်။ တကယ်တော့ စာဆိုသူက တခြားသူများ ဖြည့်စွက်စေချင်လို့ တမင်ချန်ပြီး ရေးထားပေမဲ့ ကျမစိတ်ထဲ မပြည့်စုံတဲ့ ကဗျာလေး၊ လိုအပ်နေတဲ့ ကဗျာလေးလို့ တွေးမိတယ်။ ကျမက လိုအပ်တဲ့နေရမှာ ဖြည့်ပေးရတာ ၀ါသနာပါပါတယ်။ တခါတခါ သူများကို ဖြည့်ဆည်းပေးရတာနဲ့ ကိုယ်ကနစ်နာရတာမျိုးလည်း ရှိတတ် ပါရဲ့။ အင်း … စကားလမ်းကြောင်းတွေ ချော်ကုန်ပြန်ပါပြီ။ ဒီတပတ်တော့ ဒီမျှနဲ့ပဲ နိဂုံးချုပ် လိုက်ပါရစေ … ။ နောက်တပတ်ကျော်မှ ပိုဒ်စုံရတုအကြောင်း ဆက်ပါမယ်ရှင် … ။

ကိုပြူးကျယ်နှင့်တကွ …မြန်မာကဗျာချစ်သူအပေါင်း … ရွှင်လန်းငြိမ်းချမ်းကြပါစေ။
ကျမသည်လည်း အမြဲတမ်းဘယ်နေရာမဆို … လိုအပ်နေသော ကွက်လပ်ကလေး များအား ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရပါစေ … လို့ ဆုတောင်းရင်း …. ။
***
မေတ္တာဖြင့် …

မေဓာဝီ
၁၁၊ ဇူလိုင်၊ ၂၀၀၇
နေ့လည် ၁၁ နာရီ ၃၀ မိနစ်

4 comments:

s0wha1 said...

ဒီနေ့အဖို့ မမေတယောက် စကားလမ်းကြောင်းကြီးပဲ ချော်နေတော့တာကိုး...:P

ke8love said...

Can I put your link on my blog as my friend! I really want to,,, if so, please kindly reply me.
KEKE

ကလိုစေးထူး said...

ညှိုးယော်ကာတည်၊ မရွှင်နှလုံး၊ အမုန်းနွံကြား၊ ခွန်အားနတ္ထိ၊ ကပ်ငြိဗျာပါ၊ သောကဖြာလဲ၊ ငါ စွဲ သွေဖယ်၊ နေကွယ် သော်ငြား၊ အားမာန် ယှက်သန်း၊ ခက်ကြမ်းထန်စေ့၊ ဆက်လှမ်းလျှောက်မည်၊ ဒီလမ်းဆီ…၊ မျက်တမ်း ပိုလင့် မပိုလင့်။

ဒီပို့စ်ကို ဖတ်ပြီးကတည်းက ရေးကြည့်ချင်နေတာ နေ့လည်က အလုပ်လုပ်ရင်းနဲ့ တွေးမိလာတာလေး ချရေးကြည့်တယ် မမေ။ ရတု စပ်နည်းအတိုင်း အတိအကျတော့ တူပါ့မလားမသိဘူး။

Maydarwii said...

Ke8love >> Yes you can put my link. thanks alot.

ကိုသံလွင် ... သိပ်မတူပေမဲ့ အဆင်ပြေပါတယ် ... ကျမသဘောအရဆို နည်းနည်းတော့ ပြင်ချင်သား ... ဒါပေမဲ့ မပြင်တော့ပါဘူးလေ ...