Tuesday, October 31, 2006

ဟာသအတွေး … ဟာသအမြင်

ရသ ကိုးပါးထဲမှာ .. ဟာသ ဆိုတာ လူတွေရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေတဲ့ ရသ တမျိုးပါ၊ ရယ်စရာ ဆိုကတည်းက စိတ်ညစ် စိတ်ဆိုး ဒေါသမျိုးနဲ့ ဆန့်ကျင်ဘက်မဟုတ်လား။
ဒါကြောင့်မို့လဲ ဟာသစာပေ၊ ဟာသရုပ်ရှင်တွေဟာ လူကြိုက်များကြတယ်။ ကျမတို့ငယ်ငယ်ကဆိုရင် အငြိမ့်ကြည့်ရင် လူရွှင်တော်ပြက်လုံးပဲကြည့်ချင်တယ်။ မင်းသမီး က တာ မကြည့်ချင်ဘူး .. ပျင်းလို့လေ။ အဲဒီလောက်ထိ ဟာသ ရသဟာ လူတွေအပေါ် ဖမ်းစားနိုင်ပါတယ်။
ဟာသစာပေကို ကျမသဘောကျတယ်။ ပိုသဘောကျတာကတော့ သရော်စာကိုပါ။
လောကကြီးရဲ့ ကမောက်ကမ ဖြစ်မှုတွေကို ဟာသအမြင်နဲ့ ကြည့်ပြီး သရော်ထားတဲ့ စာတွေကို ကျမ အလွန်နှစ်သက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ .. ကျမတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မညီမျှမှုတွေ .. အမြင်မတော်မှုတွေ .. စိတ်ပျက်စရာ ဒေါသထွက်စရာ စတာတွေကို ဆိုးညစ်တဲ့ စိတ်မျိုးနဲ့ မခံယူဘဲ ဟာသ အမြင်နဲ့ကြည့် ဟာသအတွေးနဲ့တွေးပြီး ခပ်ရွတ်ရွတ် ရေးထားတာကြောင့် သရော်စာတွေကိုနှစ်ခြိုက်မိတာပါ။ စိတ်ညစ်ရမဲ့အစား ပြုံးမိတယ်၊ ဒေါသထွက်ရမဲ့အစား ရယ်မိတယ်။
ကိုယ်ကိုယ်တိုင် သရော်စာမရေးတတ်ပေမဲ့ .. တခါတလေ ကိုယ်တိုင် ဒီလိုကမောက်ကမအဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ .. စိတ်ညစ် စိတ်တိုမနေမိတော့ဘဲ .. ရယ်စရာဟာသလိုသာခံစားပြီး ရယ်မိဟားမိတယ်။
အဲဒီတော့ ကိုယ်လဲ အကုသိုလ်ကင်းပြီး စိတ်လဲ အတော်အတန်တော့ သက်သာရာရတယ်လို့ ထင်တာပဲ။
***
အဲဒီအကျင့်က အဖေ့ဆီကရလာတာလို့လဲ ဆိုနိုင်ပါရဲ့။ အိမ်မှာ အဖေနဲ့ကျမက တခုခုဆို ဟာသလုပ်ပြီး ပြောလေ့ရှိကြတာကိုး။
အဖေက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ .. ရှေးဟောင်းနှောင်းဖြစ်ကလေးတွေထဲက စိတ်ပျက်စရာကို အသွင်ပြောင်းထားတဲ့ ဟာသတွေ ကျမကို ပြန်ပြန်ပြောပြတတ်ပါတယ်။
အလျဉ်းသင့်လို့ …အဖေပြောပြဖူးတဲ့ အကြောင်းအရာလေးတခုကို ..ဒီမှာရေးလိုက်ပါရစေ။

တခါက အဖေနဲ့ သူ့မိတ်ဆွေတချို့ CMCC ဆိုတဲ့ စစ်တုရင်အသင်းရဲ့ နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဖို့စီစဉ်ကြပါသတဲ့။ မဂ္ဂဇင်းအတွက် စာမူစုဆောင်းတဲ့သူက အသင်းဝင်မဟုတ်တဲ့လူကြီးတယောက်ကို စာမူ သွားတောင်းပါတယ်။ အဲဒီလူကြီးကလဲ အားတက်သရော စာမူတပုဒ်ရေးပြီးပေးလာတဲ့အခါ အသင်းရဲ့အတွင်းရေးမှူးအပါအ၀င် အဖေတို့က သူ့စာမူကြီးကို ကြည့်ပြီး တော်တော် စိတ်ပျက်ကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူဟာ စာရေးတတ်တဲ့သူလဲမဟုတ်တဲ့အပြင် သူရေးထားတဲ့ဆောင်းပါးတပုဒ်လုံးက သူ့ကိုယ်သူ ကိုယ်ရည်သွေးထားတာတွေချည်းပဲမို့ပါ။
စစ်တုရင်မှာ သူဟာ ဆရာမရှိဘူး၊ သူဘယ်လိုတွေ ဇွဲနဘဲနဲ့ ကြိုးစားခဲ့တယ် .. သူတော်ကြောင်း တတ်ကြောင်းတွေချည်း ရှည်ရှည်လျားလျားရေးထားတယ်လို့ဆိုပါတယ်၊ သူကလဲ လူကြီးတယောက်ဆိုတော့ ..တောင်းပြီးမှတော့ မထည့်လို့လဲ မဖြစ်ဘူး၊ ဘယ်လိုလုပ်မလဲ .. ။
ဒီလိုနဲ့ တာဝန်က အဖေ့ဆီရောက်လာပါလေရော။
‘ကဲ .. ခင်ဗျားပဲ တည်းဖြတ်ပြီး ထည့်လိုက်တော့ဗျာ၊ ခေါင်းစဉ်လဲ ခင်ဗျားပဲ ကြည့်တပ်လိုက်တော့’ ဆိုပြီး စာမူကြီးက အဖေ့လက်ထဲရောက်လာတယ်ဆိုပါတော့။
သူက သူ့စာမူကို ခေါင်းစဉ်တပ်မထားဘူး၊ ‘ရေးသူ-ကျော်သန်း’ ဆိုပြီးပဲ ရေးထားတယ်တဲ့။
ဒါနဲ့ အဖေလဲ စိတ်ပျက်ပျက်နဲ့ စာတွေ ဖြတ်လို့ရတန်သလောက် တည်းဖြတ်ပြီးနောက် ..ခေါင်းစဉ်ကို ‘ဇွဲသတ္တိရှင် ဦးကျော်သန်း’ ဆိုပြီး ခပ်တည်တည်နဲ့ တပ်လိုက်တယ်။
ဒီလိုနဲ့ စာအုပ်ထွက်လာရော၊ စာရေးသူ ဦးကျော်သန်းကြီးကတော့ သူ့စာမူပါတဲ့ မဂ္ဂဇင်းလေး ချိုင်းကြားညှပ်ပြီး စစ်တုရင်ထိုးတဲ့ စားပွဲဝိုင်းတွေမှာ ဟိုလူ့လိုက်ပြ ဒီလူ့လိုက်ပြနဲ့ လိုက်ကြွားနေတာပေါ့။
စတဲ့ နောက်တတ်တဲ့ အဖေ့မိတ်ဆွေတယောက်က မဂ္ဂဇင်းကို ဟိုလှန်ဒီလှောကြည့်ပြီး ..ပြုံးစိစိနဲ့ ..
‘ခင်ဗျားတို့မဂ္ဂဇင်းက ဟာသ နည်းတယ်နော် .. ’ လို့ဆိုလာတော့
‘ဟာ .. ပါပါတယ်ဗျ ခင်ဗျားကလဲ ..’ လို့ အဖေတို့က ပြန်ပြောကြပါတယ်။
တကယ်တမ်း စာအုပ်ထဲမှာ စစ်တုရင်လောကရဲ့ ဟာသအတိုအထွာလေးတွေ ၄-၅ ပုဒ် ထည့်ထားတယ်တဲ့။
‘ကျနော်တော့ ဟာသ တပုဒ်ပဲတွေ့တယ်’
‘ဘယ်ဟာလဲ’
‘ဒီမှာလေ .. ဇွဲသတ္တိရှင် ဦးကျော်သန်း၊ ရေးသူ-ကျော်သန်း ဆိုတာ’ ဆိုပြီး အဲဒီဆောင်းပါးကိုပြတော့ .. အဖေတို့မှာ ရယ်လိုက်ရတာတဲ့။
အဲဒီအဖြစ်အပျက်လေး အဖေပြောပြပြီးနောက်ပိုင်းမှာ ကျမတို့လဲ တခုခု ကိုယ်ရည်သွေးထားတာမျိုးတွေ့ရင် ‘ဇွဲသတ္တိရှင်ဦးကျော်သန်း -ရေးသူကျော်သန်း’ ဆိုပြီး ပြောစမှတ်ဖြစ်သွားကြတယ်။
ခုချိန်ထိပဲ ဆိုပါတော့။
***
မနေ့ကတော့ အဖေနဲ့ထိုင်စကားပြောနေရင်း ကျမက
‘မြန်မာပြည်မှာ ဂျာနယ်၊ မဂ္ဂဇင်းတွေအများကြီးထုတ်ပေမဲ့ ဟာသပါတာက နည်းတယ်နော် ..’ လို့ အဖေ့ကို ရုတ်တရက်ပြောတော့ .. အဖေက ကျမ တခုခုပြောတော့မယ်ဆိုတာ သဘောပေါက်ပါတယ်။
‘နည်းလို့လား’ လို့ စကားထောက်ပေးတာနဲ့
‘ဟုတ်တယ်လေ .. ဟာသ ပါတာဆိုလို့ ၂စောင်ပဲ ရှိတယ်’
‘ဘာတွေလဲ’
‘မြန်မာ့အလင်းနဲ့ ကြေးမုံ’
အဖေက ရယ်ပါလေရော ..။
‘အဲဒီထဲမှာ ခုရက်ပိုင်း နေ့တိုင်းလိုလိုပါနေတဲ့ ဘောင်ခတ်ထားတဲ့ သတင်းလေးတွေက ဟာသအမြောက်ဆုံးပဲ ..နော်’
အဖေက ရယ်ရင်းနဲ့ သက်ပြင်းချတယ်။
***
ဘာပဲဖြစ်ဖြစ်ပါ …
နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀အမောတွေ သောကတွေအပါအ၀င် မညီမျှမှုတွေ ကမောက်ကမဖြစ်မှုတွေကို စိတ်ပျက် ၀မ်းနည်း ဒေါသတွေထွက်နေမဲ့အစား ဟာသအတွေး ဟာသအမြင်နဲ့ ပြောင်းလဲပြီး တွေးကြည့် မြင်ကြည့်လိုက်တဲ့အခါ .. ညစ်ညူးစရာလောကထဲက တဒင်္ဂတော့ လွတ်မြောက်သွားသလိုပါပဲ။
***

8 comments:

Anonymous said...

မမေေ၇..ဒီစာလေးကိုတော့ကြိုက်သွားပြီ။

Anonymous said...

Ma May,

I totally agree with you, some time we encounter hard and frustrated situation to the walk of life , then we need a cup of medicine, to sustain our strength, I found out Laughters are the best.
Only smart guys can convert a difficult situation to jokes, eg. in myanmar history U Paw Oo is the best.
Thanks for sharing.

Prince Ocean

TZA said...

ဘောင်ခတ်ထားတဲ့ သတင်းက ဘာလဲဗျ.. ကျနော် မောင်စပ်စုပါ။

Anonymous said...

ဒီပို့စ်ကိုလဲ ဖတ်ပြီးရော.. ဘောင်ခတ်ထားတဲ့ သတင်းတွေက ဘာတွေပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သတင်းစာတွေ သွားဖတ်တာ.. လားလား.. ဘောင်ခတ်ထားတာတင် မဟုတ်ဘူး.. တစောင်လုံးကို ရယ်စရာကောင်းနေတော့တာကိုး.. နောက်ဆို ဟာသ ဖတ်ချင်ရင် မြန်မာ့အလင်းနဲ့ ကြေးမုံပဲ ဖတ်တော့မယ်.. ;P

မေဓာဝီ said...

ခုရက်ပိုင်းဆက်တိုက်ပါနေတဲ့သတင်းတချို့ကို ရည်ညွှန်းတာပါ ကိုသန့်ဇင်အောင်။ ပြောရမယ်ဆိုရင်တော့ .. ကျမစပြီးသတိထားမိတဲ့ဟာသ သတင်းတပုဒ်က ‘ထူးဆန်းသောမွေးနေ့ပွဲ ကျင်းပ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ နောက်ပိုင်းလဲ အဲဒါမျိုးအကြောင်းအရာဆန်ဆန်တွေ သတင်းစာထဲ အမြဲလိုလိုတွေ့နေရတယ်လေ။

Anonymous said...

မမေဓါ ရှင်းပြမှပဲ ဘောင်ခတ်ထားတဲ့ ဟာသလေးတွေ သိရပြီ။ ကိုယ့်ဟာကိုယ်ဆို မဖတ်ဖြစ်ဘူးဗျ။ ခေါင်းစဉ်ကအစ ရယ်ရတယ်နော်။

မေ said...

သတင်းစာက ဟာသတွေတောင် မဖတ်ရတာကြာတော့ လွမ်းသား :P

Anonymous said...

လက်ရာ ပြောင်လှပါတယ် မမေ.... အကောင်းဆုံးသော တွေးခေါ်မူပါပဲ...