(၁) စမ်းချောင်းလေးဘ၀ .. ပထမအရွယ် ..
အစကတော့ ..
သူဟာ ချောင်းငယ်လေးစီးဆင်းသလိုပါပဲ ...
ဖြည်းညင်း ညင်သာစွာ စီးဆင်းခဲ့ပါတယ်။
စီးဆင်းရာလမ်းကြောင်းတလျှောက် ..
အမှိုက်သရိုက်တွေ .. အညစ်အကြေးတွေနဲ့လည်း တွေ့ခဲ့ရတယ်၊
ကြာဖြူပန်းလေးတွေ ဗေဒါပွင့်လေးတွေကြောင့်လည်း ရင်ခုန်လှိုက်မောခဲ့ရတယ်။
တခါတရံ .. စီးဆင်းရင်းနဲ့ ရပ်တံ့ပြီး တနေရာထဲမှာ တ၀ဲလည်လည်ဖြစ်လိုဖြစ် ...
တခါတလေတော့လဲ .. အရှိန်အဟုန်ပြင်းပြင်း ပျော်ရွှင်စွာ စီးဆင်း လို့ ..။
တခါတခါ .. ကြည်လင်အေးမြတဲ့ ရေလေးတွေကို သယ်ဆောင်ရင်း ..
တခါတခါတော့လဲ နောက်ကျုညစ်ထေးတဲ့ ရေတွေကိုအဖော်ပြုရင်း ..
ဘယ်အရာမှ မတည်မြဲတဲ့ဘ၀မှာ ..
ချောင်းငယ်ကလေးကတော့ စီးဆင်းဆဲ .. စီးဆင်းမြဲ ..ပေါ့။
***
(၂)မြစ်တစင်းရဲ့ ဖြစ်တည်မှု .. ဒုတိယအရွယ်
ဒီလိုနဲ့ ..
ချစ်ခြင်း .. မုန်းခြင်း .. ကြင်နာမြတ်နိုးခြင်း အပါအ၀င် ..
ကိုယ့်ရာဇ၀င်တွေ ကိုယ်ထုတ်ပိုးရင်း
တဖြည်းဖြည်း စီးဆင်းလာလိုက်တာ ..
မြစ်တစင်း ..ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ။
ဘယ်တော့မှ နောက်ပြန်မစီး ..
ရှေ့ကိုပဲ အားတင်းပြီး
စီးဆင်း ..
စီးဆင်း ..
စီးဆင်း ရင်း .. စီးဆင်း လို့ .. ။
ရေတက် ရေကျ .. သဘာဝဒဏ်တွေ ..
အပြုံးနဲ့ အရှုံး ..လောကဓံတွေ ..
ခါးသီးတဲ့အတွေ့အကြုံတွေကို ဖက်တွယ် ..
အရယ်တွေ .. အမောတွေ ..
သောကတွေ ဒဏ်ရာတွေအပြည့်နဲ့ ..
မြစ်တစင်းဟာ
စီးဆင်းရင်း ကြီးပြင်းလာခဲ့ပေါ့ ..
တနေ့တော့ ..
***
(၃) လှိုင်းတံပိုးများနဲ့ ပင်လယ် .. တတိယအရွယ်
စီးဆင်းနေတဲ့ မြစ်တစင်းရဲ့ အဆုံးသတ်ရာ ..
ပင်လယ်ပြင်မှာတော့ လှိုင်းဂယက်တွေနဲ့လေ .. ။
သာယာတဲ့အခါ ..ငြိမ်သက် ..
လှိုင်းကြက်ခွပ်လေးတွေ .. တလက်လက်နဲ့ပေါ့။
ဘ၀မုန်တိုင်းတွေနဲ့ ကြုံရတဲ့အခါမှာတော့ ..
လှိုင်းတွေထန် .. မာန်တွေတက် ..
တ၀ုန်းဝုန်း ရုန်းကန်ရိုက်ခတ်လို့ပေါ့။
ကောင်းကင်က ပြာရင် ပင်လယ်ကပြာ ..
ကောင်းကင်က မှောင်ရင် ပင်လယ်က မှောင် .. နဲ့ ..
ကောင်းကင်ရဲ့ အရောင်အတိုင်း ပြောင်းလဲနေရတဲ့ ..
ပင်လယ်ရဲ့ရေလှိုင်းတွေဟာ ..
ခိုင်မာတဲ့ ကျောက်ဆောင်တွေကိုတောင်
လဲပြိုအောင် တိုက်စားနိုင်ခဲ့ပေမဲ့ ..
နောက်ဆုံးတော့လည်း
ဘယ်လောက်ကြီးတဲ့ လှိုင်းတံပိုးပဲဖြစ်စေ
သဲသောင်ပြင် ကမ်းစပ်ခြေရင်းမှာ
ဝပ်ဆင်းခဲ့ရတာပဲလေ .. ..။
***
(၄) ကန်ရေပြင်ဘ၀ .. စတုတ္ထအရွယ်
နောက်ဆုံးတနေ့မှာတော့ ..
စီးဆင်းမှုတို့ ဖြည်းညင်းစွာ ရပ်တံ့
အားမတန်ပေမဲ့ မလျှော့ခဲ့တဲ့ မာန်တွေနဲ့လဲ ကင်းကွာ ..
ဒဏ်ရာတွေကိုချွေးသိပ်
အိပ်မက်တွေကို ဖြေဖျောက်
ကျောက်ဆောင်တွေကို ကျောခိုင်း ..
မုန်တိုင်းတွေကို အရှုံးပေး
ကမ်းခြေတွေရဲ့အဝေးဆုံးကို စွန့်ခွာ ..
ကန်ရေပြင်ပမာ ..ငြိမ်သက်အေးစက် ..
ရပ်တည်နေခဲ့ရပြန်ပေါ့ ..
အခုတော့လေ .. .. .. ။
ငြိမ်သက်နေတဲ့ ကန်ရေအိုဟာ ..
တခါတခါ ရောက်လာတတ်တဲ့
သစ်ရွက်ကြွေလေးတွေ ..
နွမ်းနယ်နေတဲ့ ပန်းပွင့်လေးတွေ ..
အထီးကျန်ငှက်ငယ်လေးတွေကို အဖော်ပြုရင်း ..
စွန့်လွှတ်ခြင်းတွေ .. ဆုံးရှုံးခြင်းတွေ .. နစ်နာခြင်းတွေကို မေ့လျော့
ငြိမ်းချမ်းတဲ့ ခွင့်လွှတ်မှုတွေနဲ့ ..
သူ့ဘ၀ အဆုံးသတ်မဲ့ နေ့ရက်တွေကို
စောင့်စားရင်း ..
တချိန်က သူဟာ ..
စီးဆင်းရင်း ရှင်သန်ခဲ့တယ်ဆိုတာ ..
ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေငေးမော ..
အတိတ်ကို လွမ်းမောလို့နေပါသတဲ့။
***
မေဓာဝီ
၂၉ သြဂုတ် ၂၀၀၆
(ည ၁၁း၂၁ နာရီ)
Monday, September 04, 2006
Subscribe to:
Post Comments (Atom)
No comments:
Post a Comment