Thursday, August 16, 2007

ခေတ်ပြိုင် ... နှင့်ပြိုင် ...

မနေ့က သတင်းတွေဖတ်ရင်းနဲ့ ဟိုဟိုဒီဒီ သတင်းဝက်ဘ်ဆိုက်တွေ ရောက်သွား ရာက ခေတ်ပြိုင် ကိုပါ ရောက်ခဲ့ပါတယ်။ ခေတ်ပြိုင်ဝက်ဘ်ဆိုက်က ပုံမှန်ဆိုရင် ကျမတို့ဆီက ၀င်ဖတ်မရပါဘူး။ ဟိုလိုဒီလို ကျော်ဟယ် လှော်ဟယ်နဲ့ ၀င်မှ ရတာပါ။ တခါတလေ အဲဒီလိုတောင် ကျော်လို့ လှော်လို့ မရတာကြောင့် မဖတ်ဖြစ် ဘူး။ မနေ့ကတော့ မေးလ်ထဲ ရောက်လာတဲ့ news alert က ကောက်စာ (catch phrase) လေးတွေကို ဖတ်ရင်းနဲ့ စိတ်ဝင်စားတဲ့ သတင်းလေးတွေ ဖတ်ချင်လို့ ကျော်ဝင်ကြည့်တော့ ရသွားတယ်။ ဒါနဲ့ သတင်းတွေဖတ်ရင်း ဆောင်းပါးတွေ လည်း ဖတ်မလို့ ခေါင်းစဉ်တွေ လျှောက်ကြည့်တော့ ….

ဆောင်းပါးရှင် ဏီသစ်ရဲ့ “ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင်ရှိသေး လေလိမ့်လား” ဆိုတဲ့ ခေါင်းစဉ်ကို သွားတွေ့ပါတယ်။ ဒီစာသား မြင်ဖူးတယ်၊ ဖတ်ဖူးတယ်၊ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး လွဲနေတယ် … တမင်ပဲ လွဲထားတာလား။ ဘာလား ညာလား တွေးတောစပ်စုမိတာနဲ့ “အပြည့်အစုံသို့” ကို ကလစ်လိုက်ပြီး ဆောင်းပါးကို ခပ်မြန်မြန် ဖတ်လိုက်တယ်။ တွေ့ပါပြီ။ ဆောင်းပါးရဲ့ အဆုံးသတ်မှာ … ခုလို ရေးထားတယ်။

“ဒါကြောင့် အခွင့်သာခိုက် သံပူခိုက်မှာ ပြတ်ပြတ်သား မထုနှက်ဘဲ ကိစ္စပြတ်အောင် မဆောင်ရွက်ကြလျှင် ဒုက္ခများစေ၊ အကျိုးမဲ့စေကြောင်း လယ်တီဆရာတော်ဘုရားကြီး ဆိုဆုံးမခဲ့သော ဤ အလင်္ကာလေးကို နှလုံးသွင်းရင်း နှိုးဆော်လိုက်ရပါကြောင်း...။ ။
* အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင် ရှိသေးလေလိမ့်လား၊
* အခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနှင့်ပြိုင်ရှိသေးလေလိမ့်လား၊
* အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နှင့်ပြိုင်ရှိလေလိမ့်လား။”

ဒါကိုဖတ်ပြီး ကျမ မျက်လုံးပြူးသွားပါတယ်။ အနားမှာ အဖေလည်းရှိနေတာမို့ အဖေ့ကိုပါ ဖတ်ပြလိုက်မိတယ်။ အဖေကတော့ နားထောင်ပြီး ရယ်နေတာပါပဲ။ ဆောင်းပါးပါ ကျန်အကြောင်းအရာ အချက်အလက်တွေကိုတော့ ကျမ ဉာဏ်မမီ လို့ မပြောချင်ပါဘူး။ ကျမသိထားတဲ့ အကြောင်းလေးပဲ ရွေးပြောမှာပါ။

အထက်ပါ စာသားမှာ …
ပထမဆုံးပြောချင်တာကတော့ အလင်္ကာ ဆိုတဲ့ အသုံးအနှုန်းပါပဲ။
လင်္ကာနဲ့ အလင်္ကာနဲ့ မတူပါဘူး။
လင်္ကာဆိုတာ ရေးစပ်သီကုံးရတဲ့ ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ဖြစ်ပါတယ်။
အလင်္ကာဆိုတာကတော့ အဲဒီ ကဗျာ၊ လင်္ကာ၊ သီချင်းတွေသီကုံးတဲ့အခါ လှပအောင် တန်ဆာဆင်ပြီး သုံးနှုန်းတဲ့ စကားလုံးလို့ သိထားပါတယ်။ ရူပကအလင်္ကာ၊ ဥပမာအလင်္ကာ၊ အတိဿယ၀ုတ္တိအလင်္ကာ စသဖြင့်ပေါ့။

နောက်တခုက လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့တဲ့ အဲဒီ ဆုံးမစာကို ပြန်ရေးတာဟာလည်း လုံးဝကို မှားယွင်းနေပါတယ်။
ကျမသိခဲ့ မှတ်သားခဲ့ဖူးတာကတော့ …
“ခွင့်သာတုန်းမှ မရုန်းလျှင် … အရှုံး နင့်ပြင် ရှိသေးလိမ့်လား”
“ခွင့်သာဆဲမှ မခဲလျှင် … အလွဲ နင့်ပြင် ရှိသေးလိမ့်လား”
“ခွင့်သာခိုက်မှ မလိုက်လျှင် … အမိုက် နင့်ပြင် ရှိသေးလိမ့်လား”
အဲဒီလိုသာ ဖြစ်ပါတယ်။
“နှင့်ပြိုင်” မဟုတ်၊ “နင့်ပြင်” … သာ ဖြစ်ပါတယ်။

ဆိုလိုတာက …
အခွင့်သာချိန်မှာမှ ရုန်းမထွက်ဘူးဆိုပါရင် အရှုံးကြီး ရှုံးမယ့်သူဟာ နင့်အပြင် ဘယ်သူ ရှိဦးမှာလဲလို့ ဆိုတဲ့သဘောဖြစ်ပါတယ်။

ကြည့်ရတာတော့ ဆောင်းပါးရှင် ဏီသစ်က အမှတ်မှားသွားပုံရပါတယ်။ “နင့်ပြင်” ဆိုတဲ့ စာလုံးနဲ့ “နှင့်ပြိုင်” ဆိုတဲ့ စာလုံးက ဆင်တူရိုးမှားမဟုတ် လား။ ဒါမှမဟုတ် နင့်အပြင်ဆိုတာ မဟုတ်လောက်ဘူးဆိုပြီးများ အတ္တနောမတိ နဲ့ ပြင်ရေးလိုက်တာ များလား။ ကျမတို့ ဂျာနယ်လုပ်တုန်းက ဖြစ်ဖူးသလိုပေါ့၊ သုမောင်က သူ့ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ “တမင်တကာ” ဆိုတဲ့စကားလုံးကို “တမင်္ဂလာ” ဆိုပြီး တမင်တကာ ရေးလိုက်တာကို ဒီတီပီ သမားက တမင်္ဂလာ ဆိုတာတော့ မဖြစ်နိုင်ဘူး။ …. ဆိုပြီး တ၀မ်းပူကို အ-ပြောင်းလို့ “အမင်္ဂလာ” လို့ ရိုက်ထည့် လိုက်ပါလေရော။ အယ်ဒီတာကြီးကလည်း မမြင်တော့ ဒီအတိုင်း ပုံနှိပ် လိုက်တာ ပေါ့။ ဘာပြော ကောင်းမလဲ၊ အဲဒီတပတ်ဂျာနယ်လည်း ထွက်လာရော … ဦးသုမောင်ကြီးကိုလည်း တောင်းပန်ရ။ နောက်တပတ်မှာလည်း အမှားပြင်ဆင် ခြင်း ထည့်လိုက်ရတော့တာပါပဲ။

အခုရော …. ဒီဆောင်းပါးမှာ … ဆောင်းပါးရှင် ဏီသစ်က မှားတာလား။ စာရိုက်တဲ့ ပုဂ္ဂိုလ်က မှားတာလား၊ အယ်ဒီတာကြီးများကရော … ပမာဒလေခပြီး မမြင်တာ လား။ ဒါမှမဟုတ် ….
…. …. …. ….
…. …. …. ….
…. …. …. ….
အင်း … ကျမလည်း အားနေတာနဲ့ တွေးမိတွေးရာတွေ လျှောက်တွေးနေမိတာပါ။
ကျမကလည်း ကျမပါပဲ … ။ မှားတာတွေ့လည်း ကိုယ့်ဟာကိုယ် ပြင်ဖတ်လို့ ရနေတာကို …. ဘလော့ပေါ်တင်ပြီး ရေးကြီးခွင်ကျယ် လုပ်မိနေသေးပါရဲ့။
***
မေဓာဝီ
16th Aug, 2007
3:00 pm

9 comments:

ကလိုစေးထူး said...

မမေရဲ့ ဒီပို့စ်ကို တွေ့တော့ ကျနော့်စာကို အပြင်ခံရတာကို သတိရလာတယ်။ (ကြော်ငြာဝင်မှ :D) ရိုးမ-၃ ကို ကျနော် ပေးလိုက်တဲ့ `အကောင်းထူး မရှိ´ ဆိုတဲ့ စာတပုဒ်မှာ ကျနော်က တမင်တကာကို အကောင်းတွေ မရှိဘူးဆိုတဲ့ သဘောနဲ့ စာရဲ့ နောက်ဆုံးမှာ `ရှေ့ကင်းနောက်ကင်းကြောင်း အကောင်းထူး မရှိ´ လို့ နိဂုံးချုပ်ထားတာကို အဲဒီက အယ်ဒီတာက ကျနော် သတ်ပုံမှားတယ် အမှတ်နဲ့ ခေါင်းစဉ်ကိုပါ `အကြောင်းထူး မရှိ´ လို့ စေတနာနဲ့ ပြင်ပေးလိုက်တော့ ကျနော် ဆိုလိုချင်တဲ့အချက်ပါ ချော်သွားရော…။ ဒါက ဖြစ်တတ်တဲ့ သဘောပါပဲလေ လို့ တွေးပြီး ဒီတိုင်း ထားလိုက်ရတယ်။ အခုစာကိုလည်း ခေတ်ပြိုင်တာဝန်ရှိသူ၊ ဒါမှမဟုတ် ဆောင်းပါးရှင် ဆရာဏီသစ် တယောက်ယောက် လာဖတ်မိရင်တော့ ပိုကောင်းမယ် ထင်တာပါပဲ။

မြိုးထက်မင်း said...

အင်တာနက် အပါအ၀င် စာနယ်ဇင်းတွေ ဖတ်တဲ့အခါ အမှားတွေကို အမြဲခလုတ်တိုက်မိလို့ ဟပ်ထိုးမလဲအောင် မနည်း သတိထားနေရတယ်။ ကြာတော့ “ငါဘာသာ မဖတ်ဘဲနေ အကောင်းသားလို့“ ပဲ သဘောထားလိုက်တော့တယ်။ အမှားတွေ များလွန်းတော့ ကိုယ်သိထားတဲ့ အမှန်လေး ပျောက်မသွားအောင် မနည်းသိမ်းထားရတယ်။ အမှားတွေအတွက် ပထမ - စာရေးသူတွေမှာ တာဝန်ရှိတယ်။ ဒုတိယ - အယ်ဒီတာတွေမှာ တာဝန်ရှိတယ်။ မှားမှန်းလည်း မသိ၊ မှန်မှန်းလည်း မသိ၊ ရေးချင်တာတခုပဲ သိသူတွေ ရှိနေသမျှ အမှားတွေ ဒလဟော အောတိုက်နေဦးမယ် ထင်ပါရဲ့။

pandora said...

အင်း သတိထားမိတယ်..

philtre said...

လုပ်မိနေသေးပါရဲ့…..
လုပ်မိနေပါသေးရဲ့…..
လုပ်နေမိပါသေးရဲ့….
လုပ်နေမိသေးပါရဲ့……
သေးပါ နဲ့ ပါသေး… ဗမာစကားမှာ ပြောလေ့ပြောထရှိတာက
ပါသေး ဟာ သေးပါထက် အသုံးများသလို နာထောင်နေကြမို့
နားဝင်ပိုချောတယ် ထင်မိပါရဲ့….

ယူဆဂိ said...

မရေ.
တက်ထားတဲ့အကြောင်းလေးပြောချင်လို့ပါ..
အချိန်ရရင်ရေးပေးပါ
Thanks

Yan said...

အဲဒါလေးကို ဖတ်မိလိုက်တယ်. မမေထောက်ပြတော့မှပဲ အမှားတွေ ပါနေတာတွေ့ရတော့တယ်. အယ်ဒီတာတွေက စာတွေကို သေသေချာချာ မဖတ်တာပဲလား. ဒါမှမဟုတ် မသိတာပဲလား မသိပါဘူးဗျာ.

သုမောင်ရဲ့ ဖြစ်ရပ်လေးကိုဖတ်ပြီး ရယ်နေမိတယ်… ဒီပို့စ်လေးကိုလည်း သဘောကျတယ် မမေရေ…

Anonymous said...

Impressive knowledge in Burmese literature.

Ni Thit said...

အမ မမေဓာဝီ ရေ
အမရဲ ဘလောက် လေး ကို သူငယ်ချင်း ရဲ့ သူငယ်ချင်း တယောက် က forward လုပ်လိုက်လို့  ဖတ်ဖြစ်လိုက်ရပါ တယ်။ “ခေတ်ပြိုင် …….. နှင့်ပြိုင် …….” ကို ဖတ်လိုက် ရ တော့ မျက်လုံး ပြူး သွား ရ ပါ တယ် ခင်ဗျ ။ ဘာကြောင့်လဲဆို တော့ ကျွန်တော် က ဒီဆောင်းပါးကိုရေး ထား တဲ့ သူဖြစ်နေလို့ ပါ။ ကျွန်တော် ဏီသစ် ပါ အမ မေဓာဝီ။ ပထမ ဦး ဆုံး ပြောချင်တာ က အမှား ကိုထော က် ပြ ပေးတဲ့ အတွက် ကျေးဇူး အထူးတင်တာ ပါ။ ဒုတိယ က ဒီအ မှား တွေ က ကျွန်တော့် အမှား ပါ။ ရေး လိုက် ကထဲ က “…နင့်…. ပြင်…” အစါး ‘ …..နှင့် ….. ပြိုင်..’ ဆိုပြီး ရေး လိုက် တာပါ။ (scan လုပ်ပြီး တိုက်တွေကို ပို့ လိုက် တဲ့လက်ရေး မူ ကို ပြန်ကြည့်တော့)

• “…….အရှုံး နှင့် ပြိုင် ရှိသေး……” ဆိုပြီး ပထမ တကြောင်း မှာ ရေးပြီး
• “…….အလွဲ နှင့် ပြင် ရှိသေး…” နဲ့  “……အမိုက် နှင့် ပြင် ရှိ သေး…” ဆိုပြီး ကျန် စါကြောင်း နှစ် ရေး လိုက် မိ ပါတယ်။

ဒါကြောင့် စပြီး မှားတဲ့ ကျွန်တော် အပေါ် မှာ သာ လုံးဝ တာဝန်ရှိ ပါတယ်၊ အယ်ဒီတာ များရဲ့ အမှား မဟုတ် ပါ။

ထို့ ထက်ပိုပြီး ၀န် ခံ ရ ရင် ကျွန်တော် လယ်တီဆရာတော် ဘုရားကြီး ရဲ့  ဤ ဆုံးမစာ မူ ရင်း ကို မဖတ်ခဲ့ဘူး ပါ။(အခု အမ မမေဓာဝီ တချို့ အပိုင်းလေးတွေတင်ထားပေးတဲ့ အတွက် ကျေးဇူး တင် ပါတယ်) ဤ အသုံး ပြု ခဲ့ သော ဆုံးမစာ လင်္ကာ မှာလည်း တခြား ဆရာကြီး တယောက် စါကိုး ထား ခြင်း မှတွေ့ ရှိခဲ့ ခြင်းဖြစ် ပါသည်။ သို့ သော် ထို ဆရာကြီး သည် မှန် ကန် စွာ စာ ကိုကိုး ထားခြင်း ဖြစ်ပြီး ကျွန်တော်ကသာ ပေါ့ဆ မှားယွင်း စွာ မှက်သားမိလိုက် ခြင်းဖြစ်သည်။ ဤအတွက် ရလိုက်သော သင်ခန်းစါ မှာ သေချာမှ စာ ကိုကိုး ရန် နှင့် မသေ ချာ လျှင် မူရင်း စာအုပ် စာတမ်း တွင်ပြန် ရှာ၊ လက်လှမ်းမမှီလျှင်အသုံးမပြု့ရန်ဖြစ်သည်။
အမမေဓာဝီရဲ့ တခြား ဆောင်းပါးတွေကိုလဲ့ဖတ်ရပါတယ်၊ အမကစါဖတ်နာပြီးစါကျေ တဲ့သူမဟုတ်တော့ပဲ စါကျွမ်း တဲ့သူဖြစ်နေလို့  အခုလို အမှားကို အခုလို ထောက်ပြပြင်ဆင်ပေးတာ ကိုပိုမိုလို့ ကျေးဇူးတင်မိပါတယ်။ကျွန်တော်ရဲ့ဒီဝန်ခံချက်ကိုလည်းအမရဲ့ blogမှာpost လုပ်ပေးထားစေချင်ပါတယ်။ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် ရဲ့ အမှား ကို အယ်ဒီတာ တွေပေါ် မှာ မသက်ရောက်စေ ချင် လို ပါ၊ ဒါကြောင့် ပါ။ ကျေးဇူး တင်ပါတယ်။

လေးစါးစွါဖြင့်
ဏီသစ်.

Anonymous said...

"...ကျမတို့ ဂျာနယ်လုပ်တုန်းက ဖြစ်ဖူးသလိုပေါ့၊ သုမောင်က သူ့ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ “တမင်တကာ” ဆိုတဲ့စကားလုံးကို “တမင်္ဂလာ” ဆိုပြီး တမင်တကာ ရေးလိုက်တာကို.."

ဆရာမရေ
ကိုသုမောင် ရေးတဲ့ တမင်္ဂလာ ဆိုတာ မမှားဖူးလို့ထင်တာပဲခင်ဗျ။ ဘာလို့လဲဆိုတော့ရှေးကဆရာကြီးတွေဖြစ်တဲ့ ဆရာကြီး ဦးထွန်းငြိမ်းရဲ့အဘိဓာန်မှာလည်း တမင်္ဂလာ လို့ရေးပါတယ်။ ဆရာကြီးဦးဟုတ်စိန် ရဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန် ကျမ်းကြီးမှာလည်း တမင်္ဂလာလို့ပဲရေးပါတယ်။ ဆရာကြီးဦးဟုတ်စိန်ဆိုတာက ဘီအေ (ဂုဏ်ထူး) ဘီအယ် ပါ။ တမင်တကာလို့ဖြစ်သွားတာက ဦးနေ၀င်းလက်ထက်က အာဏာပြပြီး မြန်မာစာလုံးပေါင်းသတ်ပုံတွေပြန်လုပ်ကြဆိုပြီး လုပ်လိုက်တဲ့အခါ ကျမှ ဆရာကြီးတွေက အပြင်မပြရင်အလုပ်ပြုတ်မှာမို့ ဟိုတစ်လုံးဒီတစ်လုံးလျှောက်ပြင်ပေးပြီး ထုတ်ဝေလိုက်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (စာအုပ်ငယ်) ထဲမှာကျမှ ပြောတော့အသံ ဆိုတဲ့ တမင်တကာ လို့ လုပ်လိုက်တာလို့ထင်ပါတယ်ခင်ဗျား။
လေးစားလျက်
ကိုထူးဆန်း