Sunday, June 10, 2007

တဟီတီ နှင့် ဆရာကြီးဦးရန်အောင်

မနေ့ကပို့စ်တင်ပြီး မကြာခင်မှာပဲ ကိုရန်အောင်က ကဗျာတပုဒ် လက်တန်းရေးစပ်ပြီး ကွန်မန့်ပေးသွားခဲ့ပါတယ်။ ထုံးစံအတိုင်း တဟတ်ဟတ် နဲ့ပေါ့။

Yan said...

ခုပဲလိုက်မယ်
ဟန်သွယ်ပြင်လို့၊ လက်တို့ပြီးခေါ်
မျှော်သူပျော်ဆောင်၊ ကိုရန်အောင်မှ
ထွင်နွှာပြလျက်၊ ငှက်ပျောနှစ်ဖီး
ဆိုတီးဂစ်တာ၊ တေးသံသာဝဲ
နွှဲစို့တူပျော်၊ ချစ်ကြင်ဖော်ငယ်
မေပယ်လ်ပင်အောက်၊ လရောင်တောက်စို
ပြေးဆီးကြိုမည်၊
ကြည်ရွှင်သာယာ၊ ထိုကျွန်းသာပွဲ
ခုပဲလိုက်မယ် ပြောစမ်းပါ ..။ … ။

ဟတ်ဟတ်ဟတ်...
6/09/2007 10:14 AM

(တော်လိုက်တဲ့ ကိုရန်လေး။ ချီးကျူးပါ၏။) ဘလော့ဂါ ကိုရန်အောင်ရဲ့ လက်တန်းကဗျာလေးကို ဖတ်ပြီး စာရေးဆရာကြီးဦးရန်အောင်ကို သွားသတိရ မိတယ်။ (နာမည်ကလည်းတူနေတာကိုး။) ဆရာကြီးဦးရန်အောင်ဟာ “တဟီတီသွားရအောင်” ကဗျာကိုဖတ်ပြီးတဲ့နောက် ဗားရှင်းနောက်တမျိုးနဲ့ ကဗျာတပုဒ် လက်တန်းစပ်ဆို ခဲ့ဖူးပါသတဲ့။

အဲဒီအကြောင်းအရာ စုံလင်စွာပါတဲ့ စာအုပ်ကလေးကတော့ အခုလတ်တလော ကျမဖတ်နေတဲ့ “စာဝင်္ကပါ” စာအုပ်ပါပဲ။ ရေးသူက ဦးကြီးမောင် ခေါ် ငွေဥဒေါင်း ပါ။ ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တခေါက် ဖတ်ပြီးသား ဖြစ်ပေမဲ့ မမှတ်မိတော့ဘူး။ တလောကတော့ အကိုတင့်ဦးက ဒီစာအုပ် ဖတ်ပါလား လို့ ကျမကို အကြံပေးတိုက်တွန်းတာနဲ့ ရှာပေးဖို့ အဖေ့ကို ပူဆာမိတယ်။ တနေ့က တော့ အဖေက ဒီစာအုပ်လေးယူလာပေးတာကြောင့် ပြန်ဖတ်ဖြစ်ပါတယ်။

ဒဂုန်တာရာရဲ့ ဒီကဗျာဟာ အဲဒီခေတ်အခါက တော်တော်လေးကို အပြောခံ ဝေဖန်ခံရတဲ့ ကဗျာတပုဒ်ပါပဲ။ ဒီကဗျာနဲ့ပတ်သက်ပြီး ဆရာကြီးဦးရန်အောင်နဲ့ ငွေဥဒေါင်းတို့ အပြန်အလှန်ပြောကြပုံ၊ ဆရာကြီးဦးရန်အောင်က ကာရန်ပါတဲ့ ကဗျာတပုဒ် ပြန်စပ်ဆိုရေးသားပုံ အဲဒါလေးတွေကို မဖတ်ဖူးတဲ့သူများ ဖတ်ရှုရ အောင် မူရင်းအတိုင်း ပြန်ရိုက်ပေးလိုက်ပါတယ်။
***
၁၉၄၉-ဇွန်လ၊ ၁၅-ရက်။
ရှုမ၀ အမှတ် ၂၆-ဇူလိုင်လထုတ်တွင် ပါဝင်မည့် ဒဂုန်တာရာ၏ “တဟီတီသွားရအောင်” ကဗျာပါဝင်သော စာဖောင်ကို ယနေ့ရိုက်နှိပ်နေခိုက် ဆရာရန်အောင် ရောက်လာသည်။ ဒဂုန်တာရာ၏ ကဗျာမှာ အောက်ပါအတိုင်း ဖြစ်၏။
(ကဗျာကို မနေ့က ဖော်ပြပြီးသားမို့ ထပ်မံ မဖော်ပြတော့ပါဘူး။)
ဆရာရန်အောင်သည် အထက်ပါ ကဗျာပါရှိသော ရိုက်နေဆဲ စာရွက်ကြီးတရွက် ကို ယူ၍ ဖတ်ပြီးနောက်

“ဒီလို ကာရန်ရော အစပ်အဟပ်ပါ မပြီသ မခိုင်မြဲတဲ့ ကဗျာမျိုးကို ဒိပြင် တယောက်ကစပ်တယ် ဆိုယင်တော့ သူ့ခမျာ မစပ်တတ်ရှာလို့ဘဲလို့ ခွင့်လွှတ်ဖို့ အကြောင်းရှိသေးရဲ့။ တာရာဆိုတဲ့လူကတော့ တမင့်ကိုလုပ်နေတာနဲ့တူတယ်”
ဟု တဟီတီကဗျာအပေါ်တွင် မကျေနပ်သံဖြင့် ဝေဖန်လိုက်သည်။

“တူတာမဟုတ်ဖူးဆရာ။ တမင်လုပ်နေတာမှ တမင်လုပ်နေတာအစစ်ပဲ။ သူကလဲ တမင်လုပ်ပါတယ်လို့ ၀န်ခံသံကြားရဘူးပါတယ်”

“တမင်လုပ်တယ်ဆိုယင် ဘာဖြစ်လို့ ဖျက်ပစ်ချင်ကြတာပါလိမ့်ဗျာ … ကျုပ်တော့ နားမလယ်ဘူး”

“ဖက်ရှင်ပေါ့ဆရာရဲ့ …ခေတ်မှီဖက်ရှင်ပေါ့။ ရှေးထုံးတမ်းစဉ်လာတွေဟာ ရိုးတယ်။ ရိုးတာကို ဆန်းရော့ဆိုပြီး လုပ်တဲ့နည်းပေါ့။ သူတို့ရည်ရွယ်ချက်ဟာ ဘယ်လောက်အောင်မြင်သလဲ၊ အခုဆိုယင်ကြည့်။ ဆရာတို့ ကျွန်တော်တို့ ကိုယ်တိုင်ဘဲ သူ့လက်ရာဆန်း မပီမသဆိုတာတွေအပေါ်မှာ ဘယ့်လောက် စိတ်ဝင်စားပြီး ဘယ့်လောက်ဝေဖန်နေကြရပြီလဲ။ အခုခေတ်က ဆရာလဲ သိတဲ့ အတိုင်းဘဲ မပြီမသရေးတတ်မှ၊ မပြီမသ နားလယ်ရမှ ဟုတ်လှပြီလို့ ထင်တဲ့ ခေတ် မဟုတ်လား”

“ဒါတော့ ခင်ဗျာ့အထင်သာ ဖြစ်ပါလိမ့်မယ်။ ကဗျာဆိုတာ ၀တ္ထုတို့ ဘာတို့ ဖတ်သလို စိတ်နဲ့သာဖတ်ရှုဖို့ သက်သက်မဟုတ်ဖူး။ နှုတ်နဲ့ ရွတ်ဆိုနိုင်တဲ့ဘက် ကိုလဲ ငဲ့ရသေးတယ်။ ကဗျာဆိုတာ အသံထွက် စာပေဘဲ။ တကယ်ဆိုတော့ ကဗျာဆိုတာ ရွတ်ဆိုဘို့သာ အဓိကဖြစ်ပါတယ်။ ရွတ်ဆိုရတယ် ဆိုကတဲက သုတိသာယာ နားဝင်ဖြောင့်ဘို့ လိုတာပေါ့။ အဲဒီသုတိသာယာ နားဝင်ချိုဖို့ အတွက်ပဲ သူ့နည်းနဲ့သူ ကာရံစည်းစံနစ်တွေ ထားခဲ့တာပေါ့။ အခုတော့ သူတို့ ကဗျာတွေက အသံထုတ်ဖတ်လို့မှ မရတော့ဘဲဟာ”

“ဒီလိုဆိုယင် ရွတ်ဆိုဘို့မဟုတ်ဘဲ အတွေးအခေါ်ကို ၀တ္ထုတို့ ဆောင်းပါးတို့လို စိတ်နဲ့သာဖတ်ရမဲ့ ကဗျာတမျိုးဟာ စစ်ပြီးခေတ်မှာ ပေါ်ပေါက်လာပြီလို့ မှတ်ကြဘို့ ရှိတာပေါ့ဆရာ။ ပီးတော့ သူတို့ကဗျာထဲမှာ ပါတတ်တဲ့ အတွေးအခေါ် ဆိုတာတွေလဲ စိတ်နဲ့သာကူးပြီး စိတ်ထဲကသာ ဖတ်ရမဲ့ အတွေး တွေလို့ ကျွန်တော်တော့ ထင်မိတယ်။ ဥပမာအားဖြင့် အခု ဒဂုန်တာရာရဲ့ တဟီတီကဗျာကိုဘဲ ဆိုပါတော့။ ဆရာပြောသလို အသံသာသာ ကာရံညီညီနဲ့ စပ်မယ်ဆိုယင် သူ့ကဗျာရဲ့ အတွေးအခေါ်တွေဟာ အဓိပ္ပါယ်ပျက်သွားလိမ့်မယ် လို့ ကျွန်တော်ထင်တယ်။ အနဲဆုံးအားဖြင့် သူ့အတွေးအခေါ်တွေ လျော့ပါးကုန် လိမ့်မယ်လို့ ထင်တယ်”

“ဒါကတော့ ခင်ဗျားကိုယ်တိုင် မှိုင်းမိပြီး မျက်စိလယ်နေတဲ့ အထင်ပါ။ မူလ အတွေးအခေါ်သာ တကယ်ကောင်းလို့ အသံသာသာယာယာ ကာရံညီညီနဲ့ ထပ်လောင်းလိုက်မယ်ဆိုယင် ပိုပြီး ကောင်းမွန်ပြည့်စုံလာဘို့သာ ရှိတော့မပေါ့”

“ကျွန်တော်က ငြင်းနေတာမဟုတ်ပါဘူး၊ အထင်နဲ့ပြောနေတာပါပဲ ဆရာ၊ လက်တွေ့သိရအောင် အဲဒီတဟီတီကဗျာကို အသံသာသာ ကာရံညီညီနဲ့ ပြင်ပြီး စပ်မပြနိုင်ဘူးလား”

“လွယ်ပါ့ဗျာ၊ ကဲ-ပြောနေကြာတယ်၊ ပေးစမ်း စက္ကူတရွက်” ဟုဆိုတာ ဆရာဦးရန်အောင်သည် အထက်ပါတဟီတီကဗျာကို အောက်ပါအတိုင်း ချက်ချင်းပင် ပြင်ဆင်ရေးစပ်သည်။

သရက်ပွင့်ဝါ၊
နီတျာထိန်လဲ့၊ ရင့်ကြွေခဲ့၍၊
ထိန်းမဲ့ပမာ၊ ကမ်းစပ်သာတွင်၊
ထပ်ကာနေတည်၊ ပင်လယ်ဆီဝယ်၊
တဟီတီမည်ရ-ကျွန်းသာစွာ့။

ဘယ်ဝယ်မြောက်တောင်၊
ရှုတိုင်းပြောင်သည်၊ နေရောင်ပေါ်ထွက်၊
ပင်သရက်တို့၊ ထိယှက်တင့်ရွှန်း၊
နီရောင်စွန်းပြီ၊ ကျင့်ကျင့်ရီသည်၊
တဟီတီမည်ရ-ကျွန်သာစွာ့။

ထိုသည့်ကျွန်းတွင်၊
မိန့်ခွန်းမြွက်ဟ၊ ၀ိဝါဒနှင့်
အုံကြွပြည်ရေး၊ ဝေးကြီးဝေးခဲ့။

မနုဿတ္တ၊
လူ့လောက၏၊ ပြင်ပအာရုံ၊
ဇာတ်စုံဝတ္ထု၊ ကြည့်ရှုရုပ်ရှင်၊
စင်ကြီးစင်၏။

ကြီးနိုင်ငယ်ညှင်း၊
စိုးမင်းတမှောင့်၊ စိတ်နှောင့်စရာ၊
စကားနာတို့၊ ကင်းကွာပြတ်စဲ၊
သိုက်မြုံထဲမှ၊ နွှဲငှက်ဖိုမ၊
ခွန်းဟသံသာ ကြားရသည်။

ရေညှိအောက်တွင်၊
မြွေဟောက်ဝါကျား၊ ပေါက်ကစားသည်၊
ကြောက်ပါးလိဘွယ် မြင်ရသည်။

သုရာပါန၊
မသောက်ရဘဲ၊ ပင်လှစိမ်းစို၊
အုန်းရည်ချိုကို၊ သောက်မြိုပြီးလျှင်၊
ငွေသဲပြင်တွင်၊
ကြည်ရွှင်အိပ်စက် နိုင်တော့သည်။

ဆာလောင်ကာလ၊
အိပ်ရာထ၍၊ ပင်လှငှက်ပျော၊
သီးချောဆွတ်ယူ၊ ၀မ်းပူငြိမ်းရေး၊
ရသာပေး၍၊ ကြည်အေးအာသာ၊
ဒို့ဝမ်းစာ၊ လွယ်ကာမတ္တ ရတော့သည်။

လူ၏ဆန္ဒ၊
ရှိသမျှတို့၊ လုံးဝပြည့်ညီ၊
တေးသီခွန်းချို၊ မ, ဖိုယှဉ်တွဲ၊
ပျော်ပွဲခံရာ၊ ၀တိံသာသို့၊
သုခါသုခ၊ ရကြီးရသည်၊
ဌာနနိဗ္ဗာန် ပေတကား။

ထို့ပြင်တ၀၊
ရိပ်သာလှတွင်၊ စိတ်ကရည်ကာ၊
ကဗျာသီချင်း၊ စောင်းညှင်းဂီတ၊
သီရရေးရန်၊ ကာရန်ကိုတွေး၊
လွန်စိတ်အေးသည်၊
ပဂေးခေါင်ချုပ်ပေတကား။

ချစ်သူမေခင်၊ လှရွှေစင်ရယ် …
ငြိုငြင်စရာ၊ လူ့ရပ်ရွာမှ၊
ဖဲခွါတော့မည်၊ တဟီတီကို၊
ကေသီဘယ်တော့ လိုက်မည်နည်း။ … ။

-----------------------------------------(ရန်အောင်)
***
တဟီတီနဲ့ ပတ်သက်လို့ ဒီစာအုပ်ထဲပါတာကတော့ ဒီမျှပါပဲ။ ဆရာကြီးတွေ ပြောဆိုဆွေးနွေးကြတာ အင်မတန် နှစ်လိုဖွယ်ပါပဲ။ မှတ်သားစရာတွေလည်း ပါပါတယ်။ ဒီစာရိုက်နေစဉ် တ၀က်တပျက်လောက်မှာ ကိုသက်ဦးရဲ့ ကွန်မန့်ဝင် လာပါတယ်။

Thet Oo said...
မမေ … ဒဂုန်တာရာရဲ့ အဲဒီ့နာမည်ကျော်ကဗျာကို သော်တာဆွေက ပြန်လှောင်ထားတာ ကျနော်ဖတ်ဖူးတယ်။ အံသြစရာကောင်းတာက မူလကဗျာ ရော၊ ပြန်သရော်ထားတဲ့ကဗျာရော နှစ်ခုစလုံးတမျိုးစီ ဖတ်လို့ကောင်း တာပါပဲ။
6/09/2007 8:37 PM

သော်တာဆွေ သရော်တဲ့ ကဗျာတော့ ကျမလည်း မဖတ်ဖူးပါဘူး။ သိသူများ လက်လှမ်းမီသူများ ပြောပြကြမယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာပါပဲ။
***
မေဓာဝီ
၁၀၊ ဇွန်၊ ၂၀၀၇
၁၀ နာရီ ၃၀ မိနစ်

5 comments:

Thet Oo said...

အဲဒီခေတ်က အတော်ဂယက်ရိုက်သွားတဲ့ ကဗျာတပုဒ်ပါ။ သော်တာဆွေက “ကျွန်တော့်ဘ၀ဇတ်ကြောင်း” မှာ အဲဒီကဗျာကို ဝေဖန်ရေးလုပ်ပြီး ပြန်ရေးပြသွားတာလည်း အနုပညာမြောက်ပါပေတယ်။ ကျွန်တော့်စာအုပ်စင် မှာ ရှိတဲ့ ကျွန်တော့်ဘ၀ဇတ်ကြောင်းက အမှတ် ၃ ပါ။ အဲဒီထဲမှာ ရှာကြည့်တော့ မတွေ့ပါဘူး။ တခြားအတွဲ တွေမှာ ရှာကြည့်ရင် တွေ့နိုင်ပါတယ်။
ဆရာကြီး ဦးရန်အောင် နဲ့ ငွေဥဒေါင်းအပြန်အလှန်ဆွေးနွေးကြတာရော၊ ဦးရန်အောင် ပြန်ရေးပြသွားတာတွေ ကိုပါ ဖတ်ခွင့်လိုက်ရတဲ့အတွက် မမေဓါဝီကို ကျေးဇူးတင်ရှိပါကြောင်း။

TZA said...

အစဉ်အားပေးလျက်ပါမမေ..

တခုလောက်မေးလိုပါတယ်၊ စာလုံးပေါင်းကိစ္စပါပဲ၊ အဟဲ..

ဒါပေမယ့် နဲ့ ဒါပေမဲ့ ဘယ်ဟာမှန်သလဲခင်ဗျာ။
နောက်ပြီး အောက်ကမြင့်ကို ဘယ်အချိန်မှာ အက္ခရာရဲ့ အောက်တည့်တည့်မှာ ရိုက်(ရေး)သင့်ပြီး ဘယ်အချိန်မျိုးမှာ ဘေးဖက်မှာ ရိုက်(ရေး)သင့်ပါသလဲ။ ဥပမာ မဲ့ နဲ့ မဲ့ ဆိုတာမှာ အရှေ့က မဲ့က မှန်တယ်လို့ ကျနော်ထင်ပေမယ့် မယ့် နဲ့ မယ့်ကျတော့ ဘယ်ဟာအမှန်မှန်း မသိဘူးခင်ဗျာ။

မမေ ကျန်းမာပါစေ။

hana said...

Thanks for Saya Gyi U Yan Aung's poem, Ma May.
And Saya Lay Yan Aung's poem is cool!
cheers! Saya Lay Yan Aung.

mg gyi said...

Thanks for all new posts. i have not much time to come to blog as before. today my little time took me here, oh.. lots of new posts. Thanks a lot ma may.

tzm said...

သော်တာဆွေရဲ့ ကျွန်တော်ဘ၀ဇာတ်ကြောင်း ပါတဲ့ ရှုမ၀ မဂ္ဂဇင်းတွေကို ရပ်ကွက်စာကြည့်တိုက်တွေ ဖွင့်မယ်ဖွင့်မယ် ဆိုပြီးလုပ်တုန်းက စာကြည့်တိုက်ကို လှူလိုက်တယ်.. ခုတော့ ရောသောပေါသောနဲ့ ဘယ်တွေရောက်ကုန်ပြီလဲတောင် မသိတော့ပါဘူး။ ရပ်ကွက်လူကြီးတွေ အသုံးမကျမှုကြောင့်..
အဲ့ထဲမှာများပါမလား မသိဘူး.. ကျွန်တော်အချိန်ရရင် ပြန်ငှားပြီးရှာပေးပါ့မယ်..

tzm