Saturday, December 16, 2006

လေးခွတလက် နဲ့ ရက်ပေါင်းများစွာ

‘အဖေ .. အဲဒီကောင်မလေးကို မသိမသာလေးကြည့်လိုက် …ပြီးရင် သမီးပြောပြမယ်…’
ကျမက ရုတ်တရက်ပြောလိုက်လို့ အဖေက ဘုမသိ ဘမသိ လှမ်းကြည့်တယ်။ အဖေကြည့်တာက သိသိသာသာကြီး။
‘အဲ .. အဖေကလဲ မသိမသာကြည့်ပါဆိုတာ’
‘အေး …အေး …’
အဖေက ကမန်းကတန်းမျက်နှာပြန်လွှဲလိုက်ပြန်ရော။ အဖေလုပ်တာနဲ့ သိတော့မှာပဲလို့ စိတ်ထဲကတွေးရင်း အဖေ့ကို အဲဒီကောင်မလေးနဲ့ ခပ်ဝေးဝေးကို ခေါ်သွားလိုက်ရတယ်။
‘ဘာဖြစ်လို့လဲ အဲဒီကောင်မလေးက’
‘အဲဒီကောင်မလေးကလေ … ငယ်ငယ်တုန်းက သမီးလေးခွကို ခိုးတဲ့ ကောင်မလေးပဲ … သိလား … အဖေ’
‘ဟင် … သမီးလေးခွ ဟုတ်လား …’
အဖေက တအံ့တသြနဲ့မေးတယ်။
အဲဒီတော့မှ ကျမလဲ အဖေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရတော့တယ်။
***
မှတ်မှတ်ရရ ကျမ ၆ တန်း နှစ်တုန်းကပါ။
ပြောရရင်တော့ … သူခိုးလက်က သူဝှက်လုတယ် ဆိုရမလားဘဲ .. ။
တကယ်တော့ လေးခွက ကျမလေးခွလည်း မဟုတ်ပါဘူး။ အဖေက မောင်လေးဖို့ ၀ယ်ပေးထားတဲ့ ကျွဲချို လေးခွလေးပါ။ အိမ်မှာ လေးခွ နှစ်လက်ရှိတော့ ကျမက တလက်ကို မသိမသာနဲ့ ကျောင်းကို ယူသွားတယ်။ ကျောင်းမှာလက်စွမ်းပြမယ်ပေါ့ … သူငယ်ချင်းတွေကိုလဲ လေးခွယူခဲ့မယ်လို့ ပြောခဲ့ပြီးသား။ အိမ်မှာလဲ နဲနဲပါးပါး လေ့ကျင့်လာပါတယ်။

ကျောင်းရောက်တော့ လွယ်အိတ်လေးကို ထိုင်ခုံနောက်မီမှာ ချိတ်ပြီး စာသင်တာလိုက်နားထောင် … ကျွဲချိုလေးခွလေးကိုတော့ လွယ်အိတ်ရဲ့ ထောင့်လေးမှာထိုးထားခဲ့တာပါ။ ကျမတို့ကျောင်းက မနက်ပိုင်း စာသင်ချိန် ၄ ချိန် ရှိပြီး ညနေပိုင်း ၃ ချိန်ရှိပါတယ်။ ကြားထဲမှာတော့ မုန့်စားဆင်းချိန်ပေါ့။ မနက်ပိုင်း စာသင်ချိန် ၂ ချိန်လောက်ထိ လေးခွက လွယ်အိတ်ထဲမှာ ရှိနေသေးပါတယ်။
မုန့်စားဆင်းချိန်လဲရောက်ရော … ကျမတို့သူငယ်ချင်းတွေ ထမင်းစုစားအပြီးမှာ အဲ .. ခုနက ကောင်မလေးရဲ့ လက်ထဲ ကျမလေးခွ ရောက်နေတာကို တွေ့ရတယ်။
ကျမတုံးပုံများ …တွေးရင် ကိုယ့်ကိုယ်ကို ဒေါသထွက်တာ ခုချိန်ထိပဲ။ သူ့လက်ထဲကလေးခွကိုကြည့်ပြီး
သူလဲ ကိုယ့်လို လေးခွတလက်ပါလာတယ် လို့ပဲ ထင်နေတာ။ ကိုယ့်လွယ်အိတ်ကိုယ်လဲ ပြန်မကြည့်ဘူး။ သူ အဲလို ယူမယ်လို့လဲ မထင်မိတာပါပါတယ်။

နောက်မှ ကျမနဲ့ သူငယ်ချင်းတစု လေးခွပစ်ကွင်းသွားဖို့ လွယ်အိတ်ကိုယူလိုက်တဲ့အခါမှာ လေးခွ မရှိတော့ပါဘူး။ လွယ်အိတ်ထဲက စာအုပ်တွေအကုန်ထုတ် မှောက်လှန်ပြီးရှာနေသေးတယ်။ ဘယ်တွေ့ပါ့မလဲ။ လေးခွက ခြေထောက်ပေါက်ပြီး ဟိုတယောက်လက်ထဲ ရောက်သွားပြီလေ။
ကျမမှာ မျက်နှာအပျက်ပျက်နဲ့ … ငါ့လေးခွ မရှိတော့ဘူး … လို့ ပြောတော့ … နင်ကလဲ လေးခွရောပါလာလို့လား .. တဲ့ …။
ကျမတော်တော် စိတ်ညစ်သွားပါတယ်။ ကျမ လေးခွပါလာတာကို သိတဲ့သူ ဘယ်သူမှမရှိပါဘူး။ ကျွဲချိုလေးခွတလက် ပျောက်ဆုံးသွားမှုကို ဆရာမဆီ သွားတိုင်ရင်လဲ ‘လေးခွဘာဖြစ်လို့ ယူလာရတာလဲ၊ လေးခွနဲ့ နင်နဲ့ဘာဆိုင်လဲ’ ဆိုပြီး ကိုယ်သာ အရင် ဆော်ပလော်တီးခံရမှာ အသေအချာပါပဲ။ ယူသွားတဲ့ ကောင်မလေးကိုလဲ ငါ့လေးခွ လို့ ပြန်သွားတောင်းရင်လဲ … သူ့ဟာပါလို ဇွတ်ငြင်းချင်ငြင်းအုံးမယ်။ ကျမမှာ က သက်သေမှ မရှိဘဲ။
ဒီလိုနဲ့ပဲ ကျမမှာ လေးခွ လက်စွမ်းပြခွင့်မရတဲ့အပြင် လေးခွတလက်သာ ဆုံးရှုံးသွားခဲ့ပါတယ်။ ပိုဆိုးတာက … သူငယ်ချင်းတွေက ကျမ လေးခွယူလာတယ်ဆိုတာကို မယုံကြည်ကြတာပါပဲ။
စိတ်ထဲမှာ တနုံ့နုံ့ ကသိကအောက်ဖြစ်ရင်းနဲ့ ကျမလေးခွလေးကို ယူသွားတဲ့ အဲဒီ ကောင်မလေးရဲ့ မျက်နှာကို ကျမ ခုထိ မှတ်မိနေခဲ့ပါတယ်။
***
အခုတော့ သူက လူကြီးလူကောင်း အမျိုးသမီးတယောက်ပုံစံနဲ့ ကျမတို့ဆီကိုရောက်လာတာပါ။
မသိတဲ့ တခြားသူတွေကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံကြပေမဲ့ ကျမကတော့ ရယ်ပြရတာတောင် အောင့်သက်သက်ကြီးနဲ့ ဖြစ်နေပါတယ်။ ကျမ က အဲဒီလိုပါပဲ၊ တခုခုဆို မျက်နှာက ဟန်ဆောင်လို့ သိပ်မရပါဘူး။ အမတို့ အမေတို့က အမြဲသတိပေးရတယ်။ လူအမြင်ကတ်အောင် လုပ်တတ်လွန်းလို့။

သူက နာမည်တွေဘာတွေတောင် ပြောင်းထားပါသေးတယ်။ ငယ်ငယ်က သိခဲ့တဲ့ နာမည်မဟုတ်တော့ဘူး။ ကျမကတော့ သူ့ကိုတွေ့တိုင်း
‘ဟွန်း … ငါ့လေးခွ ခိုးတဲ့သူ’ ဆိုပြီး မကျေမနပ်ဖြစ်နေမိသေးတာ။ ဒါကြောင့်လဲ အဖေနဲ့ တွေ့တော့ အဖေ့ကို ပြောမိခဲ့တာပေါ့။ အဖေ့ကို အကြောင်းစုံရှင်းပြပြီးတော့ အဖေက ရယ်ပြီး
‘သူ့ကို မေးကြည့်လိုက်ပါလား … ကျွဲချိုလေးခွလေး မှတ်မိသေးလား.. လို့’
ကျမ အဲဒီလိုဖြစ်နေတာကို စိတ်ပြေပါစေတော့ရယ်လို့ ခပ်နောက်နောက်ပြောပါတယ်။ အဲဒီတော့မှ ကျမလဲ စဉ်းစားလိုက်မိတယ်။

ကျမကသာ ဒါကို မသိစိတ်ထဲ တေးမှတ်သလို ထည့်ထားမိပြီး ခုထိ တနုံ့နုံ့ ပူလောင်နေခဲ့တာ … သူကတော့ မှတ်တောင်မှတ်မိတော့မှာ မဟုတ်ဘူး။
ခိုးခဲ့တာကတော့ သူ .. ပါပဲ။ ဒါပေမဲ့ သူက တကြိမ်သာ ခိုးခဲ့တဲ့ သူပါ။ ခိုးတဲ့အပြစ်အတွက် ဖြစ်မဲ့ သူ့ရဲ့ အကုသိုလ်ဟာလဲ အဲဒီတုန်းက တကြိမ်တည်းသာပါပဲ။ ကျမကတော့ အကြိမ်ကြိမ် အခိုးခံရသလို ဒါကို မမေ့မလျော့နိုင်ဘဲ သူ့ကိုမြင်တိုင်း အထပ်ထပ် ဒေါမနဿတွေ ပွားများပြီး ပူလောင် နေခဲ့မိပါတယ်။

တကယ်တော့လဲ ကလေးဘ၀တုန်းက မသိလို့ လိုချင်လို့ အဲဒီလို မှားခဲ့တာရှိကောင်း ရှိနိုင်တာပဲ မဟုတ်လား။ ဒါကို ကျမက ဘာလို့မမေ့ပျောက်နိုင်ရတာလဲ။ ဘာလို့ အကုသိုလ် အထပ်ထပ်ပွားနေရတာလဲ။ ဘာမဟုတ်တဲ့ ကျွဲချိုလေးခွလေး တခုအတွက် ရက်ပေါင်းများစွာ စိတ်တွေပူလောင်နေမိတယ်။ အတေးအမှတ် အာဃာတ ဆိုတာ ထားကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကျမဟာ စာတွေ့အသိ သညာသိ တွေရှိနေပေမဲ့ တကယ့်လက်တွေ့မှာ မကျင့်သုံးမိလောက်အောင် ညံ့ဖျင်းလွန်းလှပြီး … ပညာသိမရှိဘူး လို့ ကိုယ့်ကိုယ်ကို ဝေဖန်မိပါတယ်။
အဲဒီလို စိတ်ထားမျိုး ထားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုလည်း ရှက်ရွံ့ မိပါရဲ့။
***

6 comments:

TZA said...

ကွန်ကလူးရှင်းကိုကြိုက်တယ်ဗျာ.. ဟဲဟဲ..
သူကလေးဘဝက ခိုးခဲ့တာ မေ့လိုက်ပါတော့ဗျာ.. အခုထိ ဆက်ခိုးမနေရင် ပြီးတာပဲ။ ကျနော်တို့ ခွင့်မလွှတ်သင့်တာက ကယ်တင်ရှင်ယောင်ဆောင်ပြီး အသက်ကြီးတဲ့အထိ ခိုးမြဲခိုးနေတဲ့ သူတွေကိုပါ။

Philtre said...

သိပင်သိသော်လည်း
လက်တွေ့မကျင့်သုံးပါက အကျိုးမရှိနိုင်ပါ...
မိမိမိုက်သည်ကို မိမိကို်ယ်တိုင်
ဝေဖန်ဆန်းစစ်၍သိခြင်းသည် ပညာရှိမည်ပါသေးတယ်...
မိမိမိုက်သည်ကို မိမိကိုယ်တိုင်
ဝေဖန်ဆန်းစစ်၍ မသိနိုင်သူသာလျှင်
တကယ့်လူမိုက်အစစ်ဖြစ်တာပါ...

Anonymous said...

Yeah....... I also feel like U until now...
When i was 6 standard, my fren like one guy. She didn't like me to tell his bf. One day, I talk with her bf. She came and said " Do u like my bf?"
I was so shy and I never call her until now.
I think she will forget what she was talking about. But I still remember !!!!!!!
If u have idea to forget that rubbhist things, write in ur blog pls...

ကလိုစေးထူး said...

မိမိရဲ့ စိတ်အမှားကို ၀န်ခံပြီးရေးတဲ့ စာ... ဒါနဲ့ဆို ၂ ပုဒ်ရှိပြီနော်.. အားလုံးအတွက် သင်ခန်းစာယူထိုက်ပါတယ်ဗျာ... ကျနော် အကြိုက်ဆုံး ပို့စ် တွေထဲမှာ အခု အမပို့စ်ကတင် ၂ ခုလောက်ပါနေပီဗျ.. :)

Maydarwii said...

ရှေ့လျှောက်လဲ ၀န်ခံစရာတွေ ရှိပါတယ်။
ဘ၀တလျှောက်လုံး ကောင်းတာတွေရော ဆိုးတာတွေရော လုပ်လာခဲ့တာဆိုတော့ …
အမှားကို အမှားမှန်းသိတဲ့အချိန်မှာ ၀န်ခံစရာရှိတာ ၀န်ခံတဲ့သဘောပါပဲ …
ကိုသံလွင်က .. ၀န်ခံတဲ့ ပို့စ်တွေ ကြိုက်တယ်ဆိုလို့ ခဏခဏ အမှားလုပ်ပြီး နောက်မှ မှားပါတယ် လို့ ပြန်ဝန်ခံရင် ကောင်းမလား စဉ်းစားနေမိသေးတယ် … :P

Mg gyi said...

u nu ye, tar te sa nay thar, sunday born son, sar auk the hmar lo pyit nay lar ma thi buu, u nu ga, thu ko thu, tone that tel, thu ga, oo hnauk thet , hnit lone thar ga kyii te thu dae, hni lone thar kyee daw, khan sar lwe dar po, pee yin oo hnauk ne pyan sin sar daw, wan ne ya dar po, thu myar thar pyaw dar par, kya naw le, dee lo kha na kha na, pyit tat par dal, thanks for article , i think it remind me too.