Saturday, June 09, 2007

လိုက်ကြမလား .. သွားကြရအောင် …

ကျမငြီးငွေ့နေပါတယ်။
အလုပ်တွေ လုပ်ရတာ၊ လူတွေနဲ့ ဆက်ဆံရတာ… ငြီးငွေ့လှပြီ။
မလုပ်ချင်ဘဲ လုပ်ရ၊ မပြုံးချင်ဘဲ ပြုံးရ၊ နှုတ်မဆက်ချင်ဘဲ ဆက်ရ။ မတတ်နိုင် ဘူးလေ …လောက၀တ္တရားပေကိုး။ လောကွတ်တွေကို မနှစ်မြို့တဲ့ကျမ …လောက၀တ် ခြုံထည်ကို မလုံတလုံ ခြုံပြီး … လူတွေနဲ့ ဆက်ဆံရပြန်တယ်။ ပါးလျားလျော့ရဲနေတဲ့ ဒီခြုံထည်ဟာ ကျမပခုံးထက်က လျောကျလိုက် ပြန်ခြုံ တင်လိုက်နဲ့ လူ့အသိုင်းအ၀ိုင်းထဲ တခါတလေ ၀င်မဆန့်တဲ့ လူ့ကန့်လန့်လည်း ဖြစ်လိုဖြစ်ပေါ့။

ဒီလိုနဲ့ ကျမနံဘေးနားက လူတွေနဲ့ ခပ်ခွါခွါနေရင်း အင်တာနက်ထဲမှာ ပျော်မွေ့ ခဲ့ရပြန်တယ်။ ၀န်းကျင်အသစ်ဟာ ကျမအတွက် တပ်မက်စရာ ရင်ခုန်စရာ … ပစ္စက္ခ လောက ကနေ ခေတ္တပြေးပုန်းစရာ နေရာကလေးပါ။ ဒါပေမဲ့ ဒါဟာ တကယ့် လောက အစစ်ပေပဲလား။ တကယ့်ဘ၀ အမှန်လား။ ကျမ သေချာ မသိခဲ့ပါဘူး။ နှစ်တွေကြာလာတာနဲ့အမျှ အသိအကျွမ်းတွေ များလာရင်း ကျမရဲ့ အင်တာနက် အသိုင်းအ၀ိုင်းလေးဟာ တဖြည်းဖြည်း ကျယ်ပြန့်လို့လာခဲ့ရာက အပြင်လောကထိ ပါလာကြပြန်ရော … ။

ဒီလိုနဲ့ …ကောင်းသည်လည်းရှိ၊ ဆိုးသည်လည်းရှိ … ဒီ ကွန်ယက် အသိုက်အမြုံ လေးထဲက ရုန်းမထွက်နိုင်ဘဲ တ၀ဲဝဲလည်နေခဲ့မိ ပြန်ပါတယ်။ တနေရာရာကို ခရီးထွက်မယ်ကြံရင် အင်တာနက်ကိုစိတ်က မပြတ်နိုင်ဘူး။ အွန်လိုင်းမိတ်ဆွေ တွေကို သတိရတယ်။ ကိုယ့်မေးလ်ဘောက်စ်ထဲ မေးလ်တွေများ ၀င်နေမလား နောက်ဆံတငင်ငင်နဲ့။ အင်တာနက်သုံးလို့ရတဲ့ ဒေသမျိုးဆိုရင် အပြေးအလွှား မေးလ်စစ်မိသေးတယ်။ ပြီးတော့ ဘာသတင်းတွေ ထူးနေပြီလဲ။ ကိုယ့်ပြည်တွင်း မှာ မကြားရ မဖတ်ရတဲ့ ပြည်တွင်းက အဖြစ်အပျက်တွေ။ ကမ္ဘာ့နိုင်ငံ အသီးသီး က သတင်းတွေ။ သတင်းစာ တရက်မဖတ်ရင် တရက်ခေတ်နောက်ကျသတဲ့။ ခုတော့ အွန်လိုင်းတရက်မတက်ရင် တရက်ခေတ်နောက်ကျတယ်လို့ ဆိုရလေ မလား။ ခေတ်ကို မျက်ခြေ မပြတ်စေဖို့ … ကမ္ဘာ့အခြေအနေ အရပ်ရပ်ကို သိဖို့ အင်တာနက်ဟာ မရှိမဖြစ် လိုအပ်တဲ့အရာတခုပေပဲ။

ဒါတွေကို သိရတော့ ဘာဖြစ်နိုင်သလဲ … ။ သိရတော့ အကောင်းအဆိုး ခွဲခြား ဝေဖန် သုံးသပ် နိုင်တယ်။ စာနာ သနား ကရုဏာထားနိုင်တယ်။ ကိုယ်မတတ် နိုင်တဲ့အခါ စိတ်ပျက် ၀မ်းနည်း ကြေကွဲ ဒေါသတွေလည်း ဖြစ်လာနိုင်တယ်။ ကိုယ်မသိသေးတဲ့ ပညာရပ်တွေ အများကြီးလည်း တိုးပွါးစေနိုင်ပါတယ်။ ဒါပေမဲ့ …. ကြာလာတော့ အင်တာနက်ကိုပါ ငြီးငွေ့လာပြန်ရော။
“အင်တာနက် တရက် မသုံးရရင် ဘယ်လိုနေသလဲ …” တဲ့။
မိတ်ဆွေ တယောက်က မေးဖူးပါတယ်။
“နေမထိ ထိုင်မထိ ကလိကလိနဲ့ပေါ့” လို့ ပြန်ဖြေမိတယ်။ အင်တာနက်ကို ငြီးငွေ့ပေမဲ့ အင်တာနက်ရှိတဲ့ နေရာမှာ နေနေရတော့ မသုံးဘဲ မနေနိုင်ပါဘူး။ မရှိတဲ့နေရာမှာဆိုရင်တော့ ဒီလိုပဲ ကြံဖန် နေရမှာပေါ့။ ဒါကြောင့် ကျမ တခါတလေ လူသူနဲ့လည်း ကင်းဝေး အင်တာနက်လည်းပဲ မရှိတဲ့ နေရာဒေသ တခုခုမှာ တိတ်တိတ်ကလေး သွားနေလိုက်ချင်တယ်။ တလကိုးသီတင်း မပျင်းမချင်း ဆိုပါတော့ … ။

အဲဒီအတွေးတွေးမိရာက ကဗျာလေးတပုဒ် သတိရမိပါတယ်။ အားလုံးလည်း သိကြမယ်လို့ ထင်ပါတယ် … ။ တဟီတီ သွားရအောင် … တဲ့။
***
“တဟီတီသွားရအောင်”

သရက်ပွင့်တို့၊
နီကျင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ၊
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့၊
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့၊
တဟီတီဆိုတဲ့ ကျွန်းကလေးလေ … ။

အို-ဘယ်ဘယ်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်စွန်း၍၊
ရွက်ပွန်းထိရှက်၊ သရက်ရွက်တို့၊
ဖြန်းပြက်နီနီ၊ ဂိုဂင်နီနှင့်၊
တဟီတီဆိုတဲ့ ကျွန်းကလေးလေ … ။

အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ၊
နိုင်ငံရေးလဲ မရှိဘူးကွဲ့။

လူ့ဘ၀၏၊
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး၊
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု၊
အတုရုပ်ရှင်လဲ မရှိဘူး။

အဖွားလုပ်သူ၊
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ၊
ဆဲရေးသံများ၊ မကြားရဘူး၊
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်၊
ငှက်သံကိုသာ ကြားရမယ်။

ရေညှိအောက်မှ၊
မြွေဟောက်ဝါကျား၊ တို့ကစားပြီး၊
စွန့်စားခန်းလဲ တွေ့နိုင်သေး။

ရှမ်ပိန်အရက်၊
မချက်လိုဘူး၊ အုန်းရေကိုသောက်၊
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး၊
သဲငွေသောင်မှာ၊ အိပ်နိုင်သေး။

ဆာရင်လဲလေ၊
တွဲလဲငုံဆိုင်၊ ငှက်ပျောခိုင်မှ၊
ခူးကိုင်ဆွတ်ကာ၊ အခွံနွှာပြီး၊
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ၊
ပလုပ်ပလောင်း စားနိုင်သေး။

ဘာလိုသေးလဲ၊
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှာ၊
နှစ်ယောက်ထဲပဲ၊ လက်တွဲချင်တွဲ၊
မေလဲသီချင်း၊ လွတ်လပ်ခြင်းနှင့်၊
ရှိုက်မြှင်းတေးကို၊ အော်ဆိုချင်ဆို၊
ပျက်ပြိုအက်ကွဲ ကြောင်သွားပစေ။

ဘာလိုသေးလဲ၊
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ၊
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍၊
တွေးတောကြံဖန်၊ ကာရန်ကိုရှာ၊
ကဗျာစပ်ကာ ရူးနိုင်သေး။

ဘယ့်နှယ့်လဲမေ ..
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် ပြောစမ်းပါ .. ။ … ။


ဒဂုန်တာရာ
(ရှုမ၀မဂ္ဂဇင်း၊ အမှတ် ၂၆၊ ၁၉၄၉၊ ဇူလိုင်လ)
***
ဘယ်ခါလိုက်မယ် ပြောစမ်းပါ … တဲ့။
ဟုတ်ကဲ့ …
ဖြစ်နိုင်ရင် အဲဒီနေရာကလေးကို အခုပဲရောက်အောင် သွားလိုက်ချင်ပါရဲ့။ တခုတော့ရှိပါတယ် … ။ ကဗျာထဲမှာတော့ မိန်းကလေးကို သူ့ချစ်သူက သွားရ အောင်လို့ ဆွယ်ပြီးခေါ်တာ၊ အခု .. ကျမက ဘယ်သူ့ခေါ်ရကောင်းမလဲ စဉ်းစား မိတယ်။ တယောက်ထဲဆို ပျင်းစရာကြီးလေ … ။ သူတို့တောင် နှစ်ယောက် သွားမှာမဟုတ်လား။ ဒါနဲ့ပဲ အတူသွားဖို့ ၀ါသနာတူ မိတ်ဆွေတွေနဲ့ ကိုယ် ချစ်ခင်သူတွေ စဉ်းစားမိတော့ ….

အင်း …
ပန်းပွင့်လေးတွေချစ်တတ်ပြီး ဓာတ်ပုံလှလှလေးတွေ ဖန်တီးတတ်တဲ့ ဟန ဆိုရင်တော့ ကျမခေါ်ရင် လိုက်မယ်ထင်ပါရဲ့။
မမေသွားရင် ညီမလေးလည်းလိုက်မယ်ဆိုပြီး ဆိုးဝှက်လေး လိုက်လာဦးမှာ သေချာတယ်။ သူပါတော့ ဘေးနားက စကားတွတ်ထိုးနေမှာနဲ့ မပျင်းရဘူးပေါ့။
ခရီးထွက်တာ ၀ါသနာပါတဲ့ ခရီးသည်တဦး စပိုင်ဂျစ်တူးလေးလည်း ခေါ်ခဲ့ချင် သေးတယ်။ (အားရင်ပေါ့လေ)
ပန်ဒိုရာ လိုက်လာရင်တော့ ဂိုဂင်နီတွေသုံးပြီး ရေးဆွဲထားတဲ့ ပန်းချီကား လှလှ လေးတွေ ကဗျာအပျံစားတွေ ထွက်လာလိမ့်မှာမို့ သူ့လည်းရအောင် ခေါ်ဦးမှပါပဲ။ (ခေါင်းကိုက်ပျောက်ပြီလားမသိ)
သွားရည်ယိုအောင် ဟင်းအမျိုးမျိုးချက်တဲ့ ညလေးနဲ့ ကွိကွိကွိကွိ အော်တတ်တဲ့ ဘာညာလဲ အပါ ခေါ်မှဖြစ်မယ်။ (ဒါမှ အစားအသောက်အတွက် အဆင်ပြေမှာ)
အင်း .. ကိုယ့်ထက်ငယ်တဲ့သူတွေချည်း ဖြစ်နေပြီ။ မမေငြိမ်းကို ရအောင် ဆွဲခဲ့ရ မယ်။ မဟုတ်ရင် သူတို့တွေဂျီကျတဲ့အခါ ကိုယ်တယောက်ထဲ မခံနိုင်ဘူး။ (အမရေ ကလေးတွေ ခဏပစ်ထားပြီး လိုက်ခဲ့ပေးပါနော်)
ဟို မြွေဟောက်တို့ ဘာတို့တွေ့ရင် စွန့်စားခန်းလုပ်ဖို့ရာ ယောက်ျားဘသား ကိုသံလွင်ကြီး ….. အဟမ်း …. ။ (ယိစ် လို့အော်ပြီး လိုက်ခဲ့ဖို့သာပြင်ပေတော့)
အုန်းသီးတက်ခူးဖို့တော့ ကိုပုထုဇဉ်များ အဆင်ပြေမလား မသိဘူး။ (သူက အနှစ်တထောင် အတွင်းအား ရှိတယ်ဆိုလို့)
ယောက်ျားလေးအင်အား နည်းနေတာကြောင့် … ကိုကဒေါင်းလည်း ခေါ်ခဲ့ချင် သေးရဲ့။ လိုက်ပါ့မလားတော့မသိ၊ သူက အလုပ်က ခပ်ရှုပ်ရှုပ်ရယ်။
ကျွန်းပေါ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်ရအောင် ကိုနတ္ထိကြီးလည်း ခေါ်ခဲ့ချင်တာ … သူက နှုတ်ဆက်သွားပြီဆိုတော့ ….. အင်း …. ။
တဟတ်ဟတ် ရယ်တတ်တဲ့ ကိုရန်လေးကိုတော့ ငှက်ပျောသီးခူးဖို့ တာဝန်ပေး တာ သင့်တော်မယ်ထင်ပါရဲ့။ အဲ … ကိုရန်လေးက သူ့မေပယ်လ်ရွက်လေး မပါရင် မလိုက်ဖူးဖြစ်နေမှာစိုးလို့ ….. မေပယ်လ်ရွက်ကလေးနဲ့ အတူပေါ့။

ကဲ … ဘယ်နှယ့်လဲဟင် …
လိုက်ကြမလား …. သွားကြရအောင်လေ … ။
***
မေဓာဝီ
8th June, 2007
10:55 pm

ဖြည့်စွက်ချက် .. ။ .. ။
မင်းမင်းကလေး ခေါ်ဖို့ မေ့သွားတယ်။ တကယ်က မေ့တာတော့ဟုတ်ဘူး။ သူက အလုပ်သွားလုပ်နေတယ်ဆိုတာနဲ့ အလုပ်ပျက်မှာစိုးလို့ မခေါ်တာပါ။ ကွန်မန့်ထဲမှာ ဖတ်ရလို့ စိတ်တောင် မကောင်းဘူး။ ကိုမင်းမင်း လိုက်ချင်သပဆို ခေါ်မှာပေါ့ .. ဒါပေမဲ့ ဘာတာဝန်ပေးရမလဲ စဉ်းစားအုံးမယ် … ။ မြွေဟောက်ဖမ်းသူကို ကူမလား၊ အုန်းပင်တက်တဲ့သူကို ကူမလား။ ငှက်ပျောသီးခူးဖို့ ကတော့ ကိုရန်လေး တယောက်နဲ့ဆို လုံလောက်မယ်ထင်တာပဲ။
မှီရာ စက်ဘီးနဲ့ အမြန်လိုက်ခဲ့နော် … ။ ချော်တော့ မလဲစေနဲ့။ :)

17 comments:

ကလိုစေးထူး said...

ဆရာကောက် (ကောက်နွယ်ကနောင်) ရဲ့ ကျွန်းကလေးမှာ တပြုံလုံး ၀တ္ထုထဲကလို နေမှာ..။ အဲဒီ ၀တ္ထုမှာကတော့ ဆရာကောက်က ခေါင်းဆောင်၊ ဒီမှာကတော့ ဆရာမမေငြိမ်းကို ခေါင်းဆောင်တင်ရမယ်.. အဟမ်းးးးး။ မြွေဟောက်တွေ့ရင် ဘာလုပ်ရမယ်ဆိုတာသာ ကြိုပြောထား.. တောက်တောက်စင်းကြော်စားရမလား..၊ မြွေဟောက်ဖမ်းတုန်းမှာ ဟိုကောင်မလေး ဆိုးဝှက်ကိုတော့ တိတ်တိတ်နေခိုင်းရမယ်.. သူ သိပ်စကားများတယ်.. (အကွက်ဝင်တုန်း နှိပ်ကွပ်မှ .. :D) ကိုပုတယောက်ကတော့ လူရှေ့မှာ စတယ်ကြီးနဲ့ လူလစ်မှထန်းပင်လိုက်တက်နေမှာ မြင်ယောင်သေး.. ။ :D ဂျစ်တူးကတော့.. အဟမ်းးးး။ တော်ပါပီ..အဟမ်းနဲ့ပဲ ရပ်တော့မယ်.. မောင်ရန်ရေးးးး.. သို့သော်..........။ :D

Yan said...

ခုပဲလိုက်မယ်
ဟန်သွယ်ပြင်လို့၊ လက်တို့ပြီးခေါ်
မျှော်သူပျော်ဆောင်၊ ကိုရန်အောင်မှ
ထွင်နွှာပြလျက်၊ ငှက်ပျောနှစ်ဖီး
ဆိုတီးဂစ်တာ၊ တေးသံသာဝဲ
နွှဲစို့တူပျော်၊ ချစ်ကြင်ဖော်ငယ်
မေပယ်လ်ပင်အောက်၊ လရောင်တောက်စို
ပြေးဆီးကြိုမည်၊
ကြည်ရွှင်သာယာ၊ ထိုကျွန်းသာပွဲ
ခုပဲလိုက်မယ် ပြောစမ်းပါ ..။ … ။

ဟတ်ဟတ်ဟတ်...

s0wha1 said...

မမေက အရမ်းလိမ္မာတာပဲ...
"ဒါကြောင့် ကျမ တခါတလေ လူသူနဲ့လည်း ကင်းဝေး အင်တာနက်လည်းပဲ မရှိတဲ့ နေရာဒေသ တခုခုမှာ တိတ်တိတ်ကလေး သွားနေလိုက်ချင်တယ်။ တလကိုးသီတင်း မပျင်းမချင်း ဆိုပါတော့ …" ကို ဖတ်ပြီးထဲက ညီမလေးလည်း လိုက်မယ်လို့ စိတ်ထဲက ပြောနေတုန်းရှိသေး "မမေသွားရင် ညီမလေးလည်းလိုက်မယ်ဆိုပြီး ဆိုးဝှက်လေး လိုက်လာဦးမှာ သေချာတယ်။" တွေ့လိုက်တော့ ဒီလောက်တော်တဲ့အမ မတွေ့ဖူးဘူးပေါင်နော်...;))

ဟိုကိုကြီးစေးထူး မြွေဟောက်ဖမ်းတာနဲ့ စကားများတာနဲ့ ဘာမှဆိုင်ဘူး...ဟွန်းဟွန်း...
ပြောထားဦးပေါ့ကွာ...အလှည့်ဆိုတာ ကြုံဦးမှာပါ...ယိစ်(((((

pandora said...

လိုက်မယ် လိုက်မယ် ဒါပေမယ့် ခေါင်းကိုက်ပျောက်အောင် လက်စွဲတော် ဗော်ဒဂါ ပုလင်းလေး တော့ ယူခဲ့ပါရစေနော်.. ငါးပါးသီလ ပျက်တယ်လို့ ဆူနဲ့နော်..
ကိုပု .. ကိုစေးထူး.. မောင်ရန်.. အာ .. ဘာမျက်စောင်း ထိုးတာလဲဗျ။ မရှယ်နိုင်ပါဘူး။

May Nyane said...

တဟီတီတော့ လိုက်ချင်တာအမှန်..
ဒါပေမဲ့ မရွှေမေတို့ရက်စက်ပုံများ..
အမလုပ်သူကို ကလေးတွေ ထားခဲ့ခိုင်းတယ်
ဘယ့်နှယ်..ဒီမီးရထားတွဲက ဖြုတ်လို့မှ မရတဲ့ဟာကို။
ချစ်ခြင်းကို မခွဲပါနဲ့.. ချစ်ခြင်းကိုမခွဲပါနဲ့
ချစ်ခြင်းနဲ့ အသက်ဆက်နေတဲ့ နှလုံးသားလေးကျွမ်းသွားမယ်…

(စကားမစပ်..ကိုရန့်လက်တန်းကဗျာကလဲ အမိုက်စားတော့။)

Thet Oo said...

မမေ … ဒဂုန်တာရာရဲ့ အဲဒီ့နာမည်ကျော်ကဗျာကို သော်တာဆွေက ပြန်လှောင်ထားတာ ကျနော်ဖတ်ဖူးတယ်။ အံသြစရာကောင်းတာက မူလကဗျာရော၊ ပြန်သရော်ထားတဲ့ကဗျာရော နှစ်ခုစလုံးတမျိုးစီ ဖတ်လို့ကောင်း တာပါပဲ။

ဂျစ်တူး - gyit_tu said...

မမေရေ.. လိုက်မယ် လိုက်မယ်း) မြွေသားဆိုတာ သိပ်ကောင်းတာလို့ ကြားဖူးတယ် ။ ဟို ကိုစေးထူးကြီးကို မြွေသားဟင်းချက်ခိုင်းရမယ် အဟဲ ။ သူက အဟမ်းဆိုပြီး ရပ်ထားလို့ ။

(ရှမ်ပိန်အရက်၊
မချက်လိုဘူး၊ အုန်းရေကိုသောက်၊
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး၊
သဲငွေသောင်မှာ၊ အိပ်နိုင်သေး။)

အပေါ်ကဟာလေး ဖတ်ပြီး ...

ရှန်ပိန်မပါ ၊ မူးနောက်ဝေမည့် ထိုအုန်းရေအား ၊ ဂျစ်တူးတယောက် စိတ်ကူးနှင့် စွဲမက်မိ တအား ။း)

တပြည်သူ အိမ့်ချမ်းမြေ့ said...

“ဒီလိုနဲ့ ကျမနံဘေးနားက လူတွေနဲ့ ခပ်ခွါခွါနေရင်း အင်တာနက်ထဲမှာ ပျော်မွေ့ ခဲ့ရပြန်တယ်။ ၀န်းကျင်အသစ်ဟာ ကျမအတွက် တပ်မက်စရာ ရင်ခုန်စရာ … ပစ္စက္ခ လောက ကနေ ခေတ္တပြေးပုန်းစရာ နေရာကလေးပါ။ ဒါပေမဲ့ ဒါဟာ တကယ့် လောက အစစ်ပေပဲလား။ တကယ့်ဘ၀ အမှန်လား။ ကျမ သေချာ မသိခဲ့ပါဘူး။ နှစ်တွေကြာလာတာနဲ့အမျှ အသိအကျွမ်းတွေ များလာရင်း ကျမရဲ့ အင်တာနက် အသိုင်းအ၀ိုင်းလေးဟာ တဖြည်းဖြည်း ကျယ်ပြန့်လို့လာခဲ့ရာက အပြင်လောကထိ ပါလာကြပြန်ရော … ”

မမေ……… ကျွန်မခံစားချက်တွေနဲ့ သိပ်တူနေပါလား

မမေက ကျွန်မကိုတောင် မခေါ်ဘူး….. မခေါ်လဲ လိုက်မှာပဲ.. ဟွန်းဟွန်း

Maydarwii said...

ကွန်မန့်တွေဖတ်ရတာ ပျော်ဖို့ကောင်းလိုက်တာ။
ကိုသံလွင်ကြီး မြွေဟောက်နဲ့တီကောင် မှားဖမ်းမိနေအုံးမယ်နော်။ သတိလဲထား။ အဲ … အုန်းပင်ပါဆိုမှ ကိုပုထုဇဉ်ကို ထန်းပင်တက်ခိုင်းမလို့လား။ ထန်းရေသောက်ချင်တာနဲ့ပဲ တလွဲတွေဖြစ်ကုန်ပြီထင်ပါ့။

ကိုရန်လေး .. ငှက်ပျောနှစ်ဖီးနဲ့ ဒီလူအုပ် လောက်ပါ့မလား စဉ်းစားပါအုံးနော်။ အင်း ကိုရန်လေးလည်း မေပယ်လ်မပါရင် ကဗျာမဖြစ်ဆိုသလိုပဲ … ဟင်းဟင်းဟင်း။

ဆိုးဝှက်လေးက ကိုသံလွင်မြွေဖမ်းနေတုန်း ကြက်သွန်နွှာထား။ စကားသိပ်မများနဲ့ပေါ့။

ပန်ပန် … အုန်းရည်ရှိနေမှ .. ဗော်ဒဂါမလိုဘူးလေဟယ် … စိတ်ထိန်းအုံး.. တော်ကြာဟိုလူတွေ ဝေစုလာခွဲနေမယ်။

အမမေငြိမ်းရေ .. ချစ်ခြင်းကို ခွဲတာတော့ဟုတ်ဖူး။ ကလေးတွေပါလာရင် တော်ကြာ မြွေဟောက် ဘာညာ ရှိသေးတယ်မဟုတ်လား။ ဒါကြောင့်နော် .. :P

ကိုသက်ဦး … ကျမ အဲဒါ မဖတ်ဖူးဘူးရှင့် ပြောပြတာ ကျေးဇူးပါ။

ဂျစ်တူးရေ မမေလည်း အဲလို အုန်းရည်မျိုး သောက်ချင်ပါဘိ။

ညီမလေး အိမ့်ချမ်းမြေ့ …. မမေ မခေါ်လည်း လိုက်မယ်ဆိုတာ သိနေတယ်လေ …. လာလာ လိုက်ခဲ့… မှီသေးတယ် … :P

အားလုံးပျော်ရွှင်ပါစေ …
မေဓာဝီ

ပုထုဇဉ် said...

ပြောကို မပြောချင်ဘူး… ဟီး… ဒေါ်မြလေးကို သတိရလို့၊ (မပြောချင်ဘူး ဆိုကတည်းက ပြောချင်လို့ပေါ့နော… :D) ဒီလိုဗျ၊ ခုနက ရေချိုးခန်း မ၀င်ခင်ကလေးတင် ဒီပို့စ်ကို ဖတ်မိတယ်၊ ဒီကဗျာကို တစွန်းတစတော့ ကြားဖူးတယ်၊ ဒါပေမယ့် အပြည့်အစုံကို အခုမှ ဖတ်ဖူးတယ်၊ ကဗျာကိုလည်း သဘောကျ၊ နောက်ဆက်တွဲ ရေးထားတာကိုလည်း ရယ်ရနဲ့ (အုန်းသီးခူးခိုင်းတာတော့ ငပုကို သေကြောင်းကြံတာ ဖြစ်ရမယ်၊ :D) ပြီးတော့ ရေချိုးခန်းထဲ ၀င်သွားရော၊ ရေချိုးရင်း စိတ်ထဲမှာ ဆရာကြီး မင်းသုဝဏ်ရဲ့ ဆွမ်းအုပ်နီနီ ကဗျာက ဘယ်လိုပေါ်လာမှန်း မသိဘူး၊ အဲဒါနဲ့ စိတ်ထဲတွေ့ရာ လျှောက်စပ်ပြစ်လိုက်တယ်၊ ဆရာကြီးတော့ တမလွန်ကနေ ကျိန်ဆဲနေမလားပဲ၊ ရလဒ်က…

ဆွမ်းအုပ်ပန်းနီ*၊ မမေရွက်လို့
တဟီတီဘက်၊ ခရီးထွက်မယ်။

ဒို့လည်းလိုက်မယ်၊ ချန်မထားနဲ့
မမေသွားတော့၊ ပျင်းလှတယ်။

ကျွန်လေးပေါ်မှာ၊ ဘလော့ဂါတွေ ဆော့တော့
အော့မေ ဂိုဏ်းချုပ်၊ ရိုက်လိမ့်မယ်။

မောင် မဆော့ပေါင်၊ စိတ်ပုတီးနဲ့
ကစေးထူးကြီးလို၊ နေပါ့မယ်။

ယိစ်… မယ်၊ ယိစ်… မယ်၊ အဲ… လိုက်မယ်၊ လိုက်မယ်။

ကိုရန်အောင်ကြီးက ငှက်ပျောသီးခွာ၊ အဲဒါကို ကစေးထူးကြီးက စား၊ အားတွေရှိ၊ ယိစ်…၊ အော့မေ ဂိုဏ်းချုပ်ကြီးလည်း မျက်စိနောက်… ကျန်တဲ့ ဘလော့ဂါတွေ သောက်ပြီးမှောက် (အုန်းရည်) ဟီး…။

* ဆရာတာရာရဲ့ ကဗျာကို ဦးထိပ်ဆင်ပြီး တဟီတီကို သွားချင်တာ ဆိုတော့ ဆွမ်းအုပ် ‘နီနီ’ တော့ မဖြစ်နိုင်ဘူး၊ ဆရာ့ကို ပန်းနုရောင် တော်လှန်ရေးသမားလို့ ခေါ်ကြတယ် မဟုတ်လား၊ အဲဒီတော့ ဆွမ်းအုပ် ‘ပန်းနီ’ ပေါ့။ ;)

ညလေး said...

မမေရေ ညလေးကို ဟင်းချက်ခိုင်းမယ်ဆိုရင်တော့ ဟိ အောက်မှာ ဆက်လက်ရှုစားပါလို့ ပြောမယ်။
*****
မမေပြောတဲ့ တဟီတီကျွန်း
ဂယ်ရှိဦးက ရွှင်မြူးကာသာ
မနှေးအမြန် ခွင့်ပန်ပါသည်
ညလေးပါတယ် လိုက်ခဲ့မယ်။

ဟင်းချက်လာခိုင်း ခုမဆိုင်းပဲ
သရက်ပွင့်ပြီး အသီးသီးက
အဟုတ်တကယ် သုပ်ကာကျွေးမယ်
ရှူးရှဲစပ်က အုန်ရည်သောက်ဖို့ ပြင်ပေရော့။

ဦးဦးစေးထူး ဖမ်းပေးဦးမည့်
မြွေကြီးငန်းကျား ရလာငြားက
အရေခွံစုတ် အကောင်လိုက်ကင်
ပါးပါးလှီးကာ မဆလာခတ်
ကျွန်းလုံးမွှေးအောင် ချက်ကျွေးဦးမည်
ပြင်ဆင်ကာထား စားဖို့သာ။

ထပ်ဆင့်၍များ ဦးဦးရန်မှ
ငှက်ပျောသီးမှည့် ခူးလာပေးက
အုန်းရည်ညှစ်ကာ ပေါင်းကျွေးပါမည်
သူငှာအများ စားဖို့ရည်...

စားပြီးသောခါ
အုန်းရည်စုတ်ရင်း
ဆရက်မင်း၏
ရစ်စည်းစိမ်ဖြင့်
သောင်ပြင်စပ်နား
ပက်လက်ကလေး
နားနေဦးမည်
လိုက်ချင်သူများ
ခုပင်မနှေး
လက်တို့ဟေးးးးးးးးးးးးးးးးး
*****
ဝင်ပြီးလက်တည့်စမ်းကြည့်လိုက်တယ် ကောင်းမှာဟုတ်ပါဘူး။ :P
*****
ညလေး

A Blog Reader said...

ကျွန်တော်နားလည်သလောက်တော့ တဟီတီကဗျာလေးဟာ သာမန်ကဗျာတစ်ပုဒ် မဟုတ်ဘူး။ Thomas More ဖန်တီးခဲ့တဲ့ Utopic လို့ ခေါ်တဲ့ Social, Legal and Political System အယူအဆ တစ်ခုကို ဒဂုန်တာရာက ဗမာမှု ပြုထားခြင်း ဖြစ်တယ်။ ဒီအယူအဆက Idealism တစ်ခုဖြစ်ပြီး လက်တွေ့ မှာတော့ မဖြစ်နိုင်ပေမယ့် တချိန်တခါက တော်တော် ခေတ်စားခဲ့ဖူးတယ်။ ကွန်မြူနစ်အတွေးအခေါ်ကလည်း Utopia အယူအဆအပေါ် တော်တော်အခြေခံတယ်။ သူ့ ခေတ်သူ့ အခါက ဒဂုန်တာရာလည်း လက်ဝဲယိမ်းဖြစ်ခဲ့တော့ Utopia အယူအဆနဲ့  ပတ်သက်ပြီး ကဗျာရေးခဲ့တာ သိပ်တော့ မဆန်းပါဘူး။ Utopia အယူအဆဟာ အနောက်တိုင်းရဲ့ idealism တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာကတော့ အရှေ့ တိုင်းရဲ့ idealism တမျိုးဟု ဆိုကြတယ်။ ဒါကြောင့်မို့ လည်း Buddhist idealism အားကောင်းတဲ့ ဗမာနိုင်ငံမှာ တချိန်က လက်ဝဲအယူအဆ တော်တော်လွှမ်းမိုးမှု ခံခဲ့ရတယ်လို့  ကျွန်တော်ကောက်ချက်ဆွဲမိတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး ဒီကဗျာပိုစ့်လေးဖတ်ပြီး ဆက်စပ်တွေးမိတာလေး ချရေးလိုက်တာပါ။

Min Min said...

Where is me_ ma may didnt included my name. i wanna go too, i am tired of working now..:(

hana said...

Ma May,
Thanks soooooooo much.
Kissssssss..
Yes, I will come along with you to that island. Please let me bring along my laptop and handphone for GPRS connection . Beacuse I cannot survive without internet.
:D tain

ဘာညာ said...

မကြီးမေ ရေ.. အနော်လည်းလိုက်မယ်.. ကွိကွိ.. မကြီးမေပျင်းနေမှာဆိုးလို့ အနော်က ကပြအုံးမှာနော်.. ကွိကွိ

Min Min said...

hae hae, khu mha pae.nay tar..htaing tar shi twar tot tae..thanks ma may,, hehe. really happy now..thanks thanksp.s; ma hana, look for Wimax .. no longer gprs .hehe.you can internet everywhere now wth wimax..cool huh..lets go to tahiti, hope there would be wimax lol..

ကိုကိုမောင်(ပန်းရနံ့) said...

မမမေဓာ xxx သဟာများနှင့်
ပင်လယ်ခြားဘက် xxx ထွက်သွားတယ်။

ပင်လယ်ခြားဆို xxx တို့လဲကြိုက်ပါ့
တူတူလိုက်ဖို့ xxx ကြံသေးတယ်။

တူတူလိုက်ရင် xxx စိတ်ဝယ်ဆိုးလို့
မျက်နှာသိုးကြီး xxx ကြောက်လှတယ်။

မျက်နှာသိုးရင် xxx မနေတတ်လို့
အိမ်ပေါ်ထပ်မှာ xxx နေခဲ့မယ်။

နေမယ် xxx နေမယ်..။းဝ)


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)