Monday, March 12, 2007

နွေကျောင်းပိတ်ရက်မှာ …

နွေရာသီ ကျောင်းပိတ်ရက်ကို ရောက်လာပါပြီ။
အဖြူအစိမ်းနဲ့ ကျောင်းသားလေးတွေ အတန်းတင် စာမေးပွဲကြီးပြီးလို့ ကျောင်းကြီးပိတ်ချိန် ရောက်ပြီပေါ့။
ကျမတို့ငယ်ငယ်တုန်းကတော့ ဒီလို နွေကျောင်းပိတ် ရက်ရှည်ကိုပဲ မျှော်လိုက်ရတာ။ စာမေးပွဲ နောက်ဆုံးနေ့ ပြီးတာနဲ့ ကျောင်းလွယ်အိတ်ကို ရောက်ချင်တဲ့နေရာရောက် ၀ှီးကနဲ ပစ်ထည့်လိုက်ပြီး စိတ်ရော လူရော ပေါ့ပါးစွာ ဆော့လိုက် ကစားလိုက် ကာတွန်းဖတ်လိုက် အိမ်အလုပ်ကူလုပ်လိုက် နေခဲ့ကြရတယ်။

ကျမတို့ရဲ့ နွေကျောင်းပိတ်ရက် အချိန်တွေကို ဘယ်လို ကုန်ဆုံးစေသလဲ …ပြန်စဉ်းစားကြည့်မိတော့ … ။
ကျောင်းပိတ်ပြီဆိုတာနဲ့ …
စာအုပ်အငှားဆိုင်ကနေ ကာတွန်းစာအုပ်တွေ တပုံကြီးငှားဖတ်တယ်။ အဖေ၀ယ်ပေးတဲ့ ပုံပြင်စာအုပ်တွေ ဖတ်တယ်။ အိမ်ထဲမှာပဲ မောင်နှမတတွေ (၀မ်းကွဲတွေရော)ရောက်တတ်ရာရာ ကစားကြတယ်။ အိုးပုတ် ချိုးရုပ်နဲ့ ငြိမ်ငြိမ်လေး ကစားတာထက် စစ်တိုက်တမ်း၊ ဂေါ်လီကျင်းစိမ်၊ စစ်သားရုပ်ထောင်ပစ်၊ စိမ်ပြေးတမ်း၊ တူတူပုန်းတမ်း၊ ထုပ်ဆီးတိုးတမ်း အဲဒါမျိုးတွေပဲ ပိုကစားဖြစ်ပါတယ်။ တခါတလေတော့လည်း လူနည်းတယ်ဆိုရင် အငြိမ်ကစားရတဲ့ မာစတာမိုင်း တို့ ချိုင်းနိစ်ချက်ကာတို့ သဘောင်္စစ်တိုက်တာတို့ ကစားကြတယ်။

အဲဒီကစားနည်းတွေထဲမှာ ပိန္နဲသီးပုပ် စစ်တိုက်တမ်းကစားရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ အိမ်က ပိန္နဲပင်ကြီးအောက်မှာ ကြွေကျတဲ့ အသီးနုလေးတွေကိုကောက် အဲဒါနဲ့ ပစ်ပေါက်ပြီးဆော့တာပါ။ အသီးတွေက ပုပ်နေပြီဆိုတော့ မဲမဲလေးတွေမို့ ထိလိုက်တာနဲ့ အမဲမှုန်တွေဖွားကနဲ ပေပါတယ်။ မထိဘူးလို့ ငြင်းလို့မရဘူးပေါ့။ မျက်နှာထိရင် မျက်နှာက မဲကနဲ၊ အင်္ကျီ ထိရင် အင်္ကျီ မှာ အမဲတွေပေတတ်တာကိုး။ တော်တော်ကြီးတဲ့အထိ … တစ်-နေရာယူ ဆိုပြီး စစ်တိုက်တမ်း ကစားခဲ့တာ မှတ်မိနေသေးပါရဲ့။

ဒီလို နွေကျောင်းပိတ်ရက်ဆို အိမ်နောက်ဖေး ရေတွင်းနားက စပယ်ရုံမှာ စပယ်ကြက်ရုံးတွေ ဖွေးနေအောင် ပွင့်တတ်တယ်။ မနက်ခင်းဆိုရင် စပယ်ပန်းလေးတွေ ဇကာကုံးလေးနဲ့ ခူး သီပြီး ဘုရားတင်၊ ညနေခင်းဆို တခြံလုံးက သစ်ပင်တွေ ရေလောင်း၊ မြေကြီးတွေ ရေဖြန်း၊ နေ့လည် နေ့ခင်းမှာတော့ စပါးလုံးရွေးတာတို့ ဘာတို့ ဆော့ရင်းပြုရင်း လုပ်ကြရသေးတယ်။ တခါတလေလည်း ဗလာစာအုပ် အဟောင်းထဲက စာရွက်တွေကို စက္ကူအိတ်လုပ်ပြီး ကပ်၊ ဈေးမှာသွားသွင်းရင် မုန့်ဖိုး စာအုပ်ဖိုး ရပါတယ်။

နောက်ပြီးတော့ အဘိုးရဲ့ အနားမှာ ဝေယျာဝစ္စ လုပ်ပေးရပါသေးတယ်၊ အဘိုးက ကျောင်းစာမဟုတ်တဲ့ အင်္ဂလိပ် ကဗျာတွေ ပုံပြင်လေးတွေ သင်ပေးသလို၊ ဘုရားစာတို့၊ လက်နှိပ်စက် ရိုက်တာတို့လည်း သင်ပေးပါတယ်။ အဘိုးရဲ့ ညွှန်ကြားချက်နဲ့ တအိမ်လုံးက ပြတင်းပေါက် သံတိုင်တွေ ကော်ပတ်စား၊ ဆေးသုတ် အဲဒီလို အလုပ်တွေလည်း ခုလို နွေပိတ်ရက်မှာ လုပ်ကြရတာပါပဲ။ ကျောင်းစာကလွဲလို့ ကျန်တာအားလုံး စိတ်ဝင်စားလေ့ရှိတဲ့ ကျမဟာ နွေ ကျောင်းပိတ်ရက် လေးတွေကို အင်မတန်မှ နှစ်သက်မိပါတယ်။ ဇွန်လဆန်းလို့ ကျောင်းပြန်ဖွင့်တဲ့အခါ နွေသုံးလ အနားရထားတဲ့အတွက် စိတ်သစ်လူသစ် အားအင်အသစ်တွေနဲ့ အတန်းသစ်မှာ ခပ်တည်တည် တက်နိုင်ပြီပေါ့။
***
ခုခေတ် ကလေးတွေအဖို့တော့ ကျမတို့တုန်းကလို မနားကြရပါဘူး။ အခုပဲကျောင်းပိတ်တယ်၊ နွေရာသီ သင်တန်းတွေ တက်ဖို့ တခါ ပြင်ဆင်ကြရပြန်ပါပြီ။ ခုခေတ်မှာ သင်စရာကလည်း ပေါများပါတယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ လို ပညာရပ်မျိုး ကစပြီး ရေကူး၊ တန်းနစ်စ် တို့လို အားကစားတွေ ပန်းချီ၊ စန္ဒယား စတဲ့ အနုပညာတွေ သင်မယ်ဆိုရင် သင်စရာတွေ တပုံတပင်ကြီးပေါ့။ သူတို့လေးတွေ ကံကောင်းကြသားလို့ တခါတခါ ကျမက မနာလိုစိတ်နဲ့ တွေးမိပါသေးရဲ့။

မနှစ်တုံးက ကျောင်းသားမိဘ တယောက် ကျမကို ညည်းတွားရင်း ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ သူ့ကလေးက ILBC မှာ တက်ချင်တယ်ဆိုလို့ နွေပိတ်ရက်မှာ သွားထားပါသတဲ့။ ကျောင်းလွှတ်ချိန် ကြိုဖို့ စောင့်နေတုန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ရှေ့ကနေ လက်ပိုက်-ခေါင်းငုံ့ပြီး ဖြတ်သွားတော့ ဆရာမတယောက်က ပြန်ခေါ်ပြီး
“လူလူချင်း ဦးညွှတ်စရာမလိုဘူး၊ ကိုယ့်ကိုယ်ကို နှိမ့်ချစရာမလိုဘူး၊ မတ်မတ်ပြန်လျှောက်ပါ” လို့ ပြောဆို ဆုံးမတာကို ကြားခဲ့ မြင်ခဲ့ရပါသတဲ့။

အဲဒါကိုတွေ့တော့ သူက သူ့ကလေးအတွက် စိတ်မအေးနိုင်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ကျမတို့ မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ့်ထက် သက်ကြီး ၀ါကြီးသူတွေကို ဂါရ၀ထားတဲ့အနေနဲ့ ရှေ့ကဖြတ်ရင် ခေါင်းငုံ့သွားရမယ် ဆိုတဲ့ အလေ့အထ ရှိပါတယ်။ ဒါဟာ ဂါရဝေါစ နိဝါတောစ ဆိုတဲ့ မင်္ဂလာတရားတော်နဲ့လည်း ကိုက်ညီပါတယ်။ မင်္ဂလာရှိတဲ့ အပြုအမူမျိုးကို မှားယွင်းတယ်လို့ ပစ်ပယ်သင့်ပါသလား။

အဲဒီလို ပြောကြားတဲ့ ဆရာမဟာ မြန်မာအမျိုးသမီး တယောက် မဟုတ်ပါဘူး။ (မြန်မာတိုင်းရင်းသားလည်း မဟုတ်ပါဘူး) နိုင်ငံခြားသားဖြစ်ပါတယ်။ ဒါကြောင့်လည်း သူကခုလိုပြောခဲ့တာပေါ့။ ကျောင်းသားမိဘဟာ ဒီနှစ်တော့ သူ့ကလေးကို အဲဒီကျောင်းမှာ မထားချင်တော့ဘူးလို့ ညည်းညူပါတယ်။ ကလေးက အင်္ဂလိပ်စာတော်မယ်၊ ပတ်ဝန်းကျင်လေ့လာမှု နဲ့ အခြား တိုးတက်တဲ့ အမြင်တွေ ရှိမယ် ဆိုပေမဲ့ အဲဒီလို ဆရာမတွေရဲ့ ဆိုဆုံးမမှုကြောင့် မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးသွားမှာတော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

သူပြောတာလည်း ဟုတ်ပါရဲ့။ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ ကလေးတွေ စိတ်ထဲ ဇဝေဇ၀ါ ဒွိဟအတွေးတွေ ၀င်သွားနိုင်ပါတယ်။ ဒီလိုမျိုး ယဉ်ကျေးမှု မတူတဲ့ နိုင်ငံအသီးသီးက စာလာသင်မယ့် ဆရာ/ဆရာမတွေဟာ ကိုယ်လာရောက် သင်ကြားပေးမယ့် နိုင်ငံရဲ့ အခြေခံယဉ်ကျေးမှု လောက်ကိုတော့ သိထားသင့်တယ် ထင်တာပါပဲ။ ဒီလိုမှ မဟုတ်ဘဲ … ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်အယူအဆအတိုင်း နှိုင်းယှဉ် သင်ကြားဆုံးမမယ်ဆိုရင် ခုနလို ဂါရ၀တရား ဆိုတာကြီးဟာ မလိုအပ်သလို ဖြစ်သွားမှာပေါ့။

ဘာပဲဖြစ်ဖြစ် ကလေးတွေကို ယဉ်ကျေးမှု မပျက်ယွင်းစေဘဲ တိုးတက်တဲ့အမြင် ရင့်သန်စေချင်ပါတယ်။ တခါတလေလည်း ကျောင်းစာတွေနဲ့ ကင်းဝေးတဲ့ ပတ်ဝန်းကျင်လေးမှာ ပျော်မွေ့စေချင်ပါသေးတယ်။
တနှစ်တာလုံး ကျောင်းနဲ့ ကျူရှင် ပြေးလွှားနေရပြီး ဒီနွေကျောင်းပိတ်ရက်မှာလည်း မိဘရင်ခွင်မှာ မပျော်ဝင်ရဘဲ သင်တန်းခန်းမတွေထဲမှာသာ ကျင်လည်နေရတဲ့ ခုခေတ် ကလေးတွေအဖို့ ကံကောင်းတာလား ကံဆိုးတာလား ကျမလည်း မခွဲခြားတတ်တော့ပါဘူး။
***
မေဓာဝီ
12.03.07
12:30 pm

2 comments:

Anonymous said...

မကြီး မေ၊ အချိန် ရရင် ဂါရဝေါစ နိဝါတောစ ဆိုတာလေးကို အကျယ်တ၀င့် ရှင်းပြပေးပါလား

Anonymous said...

ကို(သို့မဟုတ်) မ ပိစိရေ ..
အချိန်မရလို့ အကျဉ်းချုပ်လေးရှင်းပြလိုက်ပါတယ်။

ဂါရဝေါစ - ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစားခြင်း
နိဝါတောစ - ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း
ဖြစ်ပါတယ်။
မင်္ဂလာဆိုတာ ကြီးပွားတိုးတက်ကြောင်းကို ဆိုလိုတာပါ။
ဒါကြောင့်မို့ ကြီးပွားတိုးတက်လိုပါလျှင် ရိုသေလေးစားထိုက်သော ရတနာမြတ်သုံးပါး၊ မိဘ ဆရာသမား၊ ကိုယ့်ထက် အသက်ကြီး ဂုဏ်သိက္ခာကြီး သူတို့ကို ရိုသေလေးစားရပါမယ်။
ပညာမည်မျှတော်တော်၊ ဥစ္စာမည်မျှပေါပေါ၊ ရုပ်ရည်မည်မျှချောချော၊ ရာထူးမည်မျှကြီးကြီး မာန်မာန မတက်ပါနဲ့၊ မိမိကိုယ်ကို နှိမ့်ချရပါမယ် … တဲ့ ရှင်။

ကျေးဇူးတင်ပါတယ်။