ခရစ်စမတ်နေ့ နဲ့ boxing day (၂၆ ဒီဇင်ဘာ) မှာ မေဓာဝီတယောက် ပွဲဆက်တွေများပြီး အိမ်သိပ်မကပ်နိုင်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ဆိုရမလားပဲ၊ ဦးရီးတော်ကို အကြောင်းပြုပြီး ၀ါးတီးတွေ သွားနေရတာ ည ၉ နာရီကျော် ၁၀ နာရီမှ အိမ်ပြန်ရောက်ပါတယ်။ အေးလဲအေး၊ ချမ်းလဲချမ်း၊ ပျော်လဲ ပျော်စရာကောင်းတဲ့ နေ့ရက် နှစ်ရက်ပါပဲ။
ပြာလွင်ကောင်းကင် နှင်းဖြူစင်လမ်း သစ်ပင်တန်းနှင့် ...
ခရစ်စမတ်နေ့က နေသာတယ် ... ဒါပေမဲ့ အပူချိန်က နေ့ခင်းမှာတောင် အနုတ် ၅။ ပြီးခဲ့တဲ့ တပတ်ကတည်းက ကျခဲ့တဲ့ နှင်းတွေ ... အပူချိန် သုညဒီဂရီအထက် မတက်တော့ နေရောင်ကို အံတုတဲ့ နှင်းထုထူထူက ခုထိဖြူလို့မဆုံးနိုင်သေး။ အဖြူရောင် ခရစ်စမတ်ကို တောင့်တသူများ အကြိုက်ပေါ့။
အဟမ်း ... လည်ချောင်းရှင်း ၀မ်းခေါင်းချဲ့ စားမယ့်ဟန်အပြင်ကျွေးသူ စားသူ ဘယ်သူမှ ခရစ်ယာန် မဟုတ်ကြပေမဲ့ ဒီလို ပိတ်ရက်မျိုးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံကြ ... စားသောက် ပျော်ရွှင်ကြ ... တဒင်္ဂတော့ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေ ကင်းဝေးလို့ပေါ့။
ချိုချို အီအီ စားကြမည်
"ချိုလွန်းလို့ မစားနိုင်ဘူးလား၊ ပါဆယ်ထည့်ပေးလိုက်ပါမည်၊ အစားအစာ လူနှင့်တည့်သည်။ မကြာမကြာ စားပေးပါ။" (မှတ်ချက်။ သင်ပုန်းကြီး ဖတ်စာမဟုတ်ပါ။ အချိုပွဲ မုန့်တွေ အိမ်ရှင် အန်တီ ထည့်ပေးလိုက်သမျှ မေဓာဝီ အကုန် မ-လာပါတယ်)
ကူဆွဲပေးကြပါ .....
စားသောက်ပြီးတော့ ဆော့ကြတယ်။ ကလေးတွေရော လူကြီးတွေရော ... လူမကြီးတကြီးတွေရော ... ။
ဆွဲထား ဆွဲထား ပဲမများနဲ့
ဒီလိုပါပဲ။ အပျော်ဆိုတာ ကိုယ်ရှာမှတွေ့တာမဟုတ်လား။ ပျော်အောင်ကြံဖန် နေကြရတာပေါ့။ ကလေးတွေ ပျော်နေကြတော့ ကိုယ်လဲ ပျော်ပါတယ်။ ပျော်နေတဲ့ သူတို့ပုံလေးတွေ ရိုက်လိုက်တာ အပျော်လွန်လို့ လက်တုန်ပြီး ၀ါးသွားတယ်။
နှင်းမွေ့ရာထက် အအိပ်မက်သူ
နှင်းတောထဲ ထွက်ဓာတ်ပုံရိုက်ကြ ကစားကြ။ တူတူသွားတဲ့ ကလေးမလေးကို နှင်းတွေထဲ အိပ်ခိုင်းပြီး ဓာတ်ပုံရိုက်ပေးလိုက်တယ်။ သူ့ခမျာ အေးးးးလို့ ... ။ အေးတယ် အမ .. မြန်မြန်ရိုက်ပေးပါတဲ့။
သစ်ကိုင်းငုတ်တို သစ်ပင်အိုလဲ နှင်းကိုအံတု နေသလော
အရွက်တွေ ဝေစဉ်ကလဲ သိပ်လှတဲ့ သစ်ပင်ကြီး။ ခုလို အကိုင်းအဆစ်တွေ ဖြတ်ခံရပြီးနောက် နှင်းတောထဲမှာ မြင်ရတော့လဲ တမျိုးတဖုံ ကြည့်ကောင်းသလိုပဲ။
ရွှေရောင်တကန့် နှင်းတကန့်နှင့် ရှင်းသန့်စင်သည် မြတ်စေတီ
boxing day (၂၆ ဒီဇင်ဘာ) မှာ ဘာမင်ဂန်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းသွားပို့ကြတယ်။ ဘုရားပရ၀ုဏ်ထဲ ၀င်လိုက်တာနဲ့ မြင်ကွင်းက ထူးခြားဆန်းကျယ်လို့ ... ။
နှင်းဖြူဖုံးလွှမ်း စေတီနန်းလဲ ဆောင်းကြမ်း၏ဒဏ် ကြံ့ကြံ့ခံလျက် ...
ကျောင်းဝင်းတခုလုံး အဖြူရောင် လွှမ်းနေတယ်။ နှင်းဖြူတွေကြားမှာ ရွှေရောင်စေတီက ခန့်ငြားသပ္ပါယ်လို့။ စေတီနဲ့ ကျောင်းဝင်းကို ဓာတ်ပုံတွေ လှည့်ပတ်ရိုက်ပြီး ဘာမင်ဂန်က ပြန်တော့ ညနေ ၃ နာရီ ခွဲလုလု။ နောက်တနေရာ သွားရအုံးမှာမို့ ဘုန်းဘုန်းတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။
တုံးလုံးပက်လက် ကြက်ဆင်ငှက်လဲ ပန်းကန်ထဲဝယ် သနားဖွယ် ဘုန်းကြီးကျောင်းကအပြန် ဆက်ရတဲ့ နေရာက ၀ါးတီးတပွဲ ဆိုပါတော့။ မိတ်ဆွေကြီး ကိုအောင်ဘု လက်စွမ်းပြထားတဲ့ ကြက်ဆင်ကင်ပါ။ မစားခင် အညှော်အ၀ခံပြီးမှ စားရတဲ့ အမှတ်တရ ကြက်ဆင်မို့ မှတ်တမ်းတင်လိုက်ပါတယ်။
စားရတော့မည် ရယ်ရယ်ပြုံးပြုံး ... (သြော် ... ကြက်ဆင်ကလေးကတော့ ကိုယ်တုံးလုံး)
စောင့်ရကျိုးနပ်အောင်ပင် စားလို့လဲ ကောင်းပါတယ်။ အောင်ဘုရဲ့ ပထမဆုံးလက်ရာတဲ့ ... နောက်ဆုံးလက်ရာတော့ ဟုတ်ဟန် မတူပါဘူး။ နောက်နှစ်လဲ ဖိတ်ကျွေးဖို့ စကားခေါ်ခဲ့ပါတယ် ... ။ အောင်ဘုနဲ့ အိမ်သားများ အားလုံးကို ကျေးဇူးတင်ပါတယ်။
အိမ်ပြန်ရောက်တော့ ည ၉ နာရီကျော်ပါပြီ။ အ၀တ်လဲ သိမ်းဆည်း၊ အဒေါ်တွေနဲ့ ဖုန်းပြော၊ လက်ဆောင်လေးတွေ ဖောက်ကြည့်၊ ရိုက်ထားတဲ့ ပုံလေးတွေ ပြန်ကြည့်၊ ဘလော့မှာ တင်ဖို့ စိတ်ကူးနဲ့ ပုံတွေရွေး upload တင် ... အားလုံးပြီးချိန်မှာ ည သန်းခေါင်ကျော်ပြီ ... အိပ်ချင်ပြီ ... ပင်ပန်းတယ် ... ဒါပေမဲ့ ပျော်တယ်။ စာမေးပွဲပြီးကတည်းက ရာသီဥတု ဆိုးလွန်းလို့ အိမ်ထဲမှာ ကုပ်နေခဲ့ရတဲ့ ကျမ ဒီနှစ်ရက်တာက စိတ်ကို relax ဖြစ်စေသလို ဝေယျာဝစ္စကုသိုလ် ဒါနကုသိုလ်တွေလဲ ပြုဖြစ်ခဲ့တယ်။ ပိုက်ဆံတပြားမှ မကုန်ဘဲ ... ကုသိုလ်လဲရ ၀မ်းလဲဝ ... အဟောဝတ ကောင်းလေစွ ... ။
***
မေဓာဝီ
၂၇၊ ဒီဇင်ဘာ၊ ၂၀၁၀
၀၀း၅၆ နာရီ
15 comments:
ကြက်ဆင်ကြီးစားပြီး မွှေ့ယာဖြူပေါ်အိပ်ချင်လိုက်တာ ။
အစားအသောက်လူနဲ့တည့်၏
ဓါတ်ပုံတွေထဲတော့နှင်းက အလွန်ချစ်စရာကောင်းတယ်
အပြင်မှာ အအေးဒဏ်ခံရတဲ့သူတွေ့သိဘူးဗျို့
ကြီးမေရေ အစားအသောက်တွေရော နှင်းတွေရော ကြည့်ပြီး ပျော်သွားတယ်ဗျို့
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
seesein
အပျော်တွေ copyကူးသွားတယ် မေရေ... Notebook ရှေ့ ချပြီး ပျင်းရိပျင်းတွဲနဲ့ ရုံးက အလုပ်တွေလုပ်လိုက် တီဗွီကလာတဲ့ မယ်ရွေးပွဲတွေကြည့်လိုက်နဲ့ ကုန်သွားတဲ့ တို့ ခရစ္စမတ်နဲ့ များကွာပါ့ကွယ်...ဘုန်းဘုန်းကို ဘာဟင်းတွေကပ်... အဲဒီလိုရာသီနဲ့ ဆို ဟင်းခါးပူပူလေးက လိုက်ဖက်မလားပဲ...
ပုံတွေကြည့် စာတွေဖတ်ပြီးတော့ မစားရ မသွားရပေမဲ့လဲ Relax ဖြစ်သွားတယ်၊
ပုံတွေကြည့်ရုံနဲ့တင် အအေးဓါတ်က စိမ့်လာတယ် ဆရာမ။ ဆိုးရွားတဲ့ ရာသီဥတုကို အဆိုးမမြင် ချစ်ခင်စရာ စကားလုံးလေးတွေနဲ့ ကဗျာဆန်ဆန် စာကြောင်းလေးတွေဖွဲ့ နိုင်တဲ့ အတွက် အရာရာကို အကောင်းမြင်စိတ်မွေးနိုင်ဖို့ ဆရာမဆီက အများကြီး အတုယူရဦးမယ်။ အရင်က ဆရာမ ဒီလောက် အကောင်းမမြင်တတ်ပါဘူး။ မှတ်မှတ်ရရ ဆရာမင်းသိင်္ခနဲ့ ပတ်သက်တဲ့ ပိုစ့်တစ်ခုရေးတာတောင် မှတ်မိနေပါတယ်။ ဘာသာတရားလိုက်စားလွန်းတော့လည်း အကောင်းမြင်စိတ်များသွားတယ်ထင်တယ်။ ဒီရက်တွေထဲ စိတ်တိုင်းမကျစရာတွေများတယ်။ စိတ်တိုင်းကျတဲ့ ကဗျာတွေလည်း မရေးဖြစ်ဘူး။ ဘလော့မှာကဗျာတွေလာပြင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ် အခုတလော လူနဲ့အတူတူရှိမနေတဲ့အတွက် စာလုံးပေါင်း တွေမှားရင် လာပြင်ပေးပါဦး။ နှစ်သစ်မှာ ဒီထက်မက အရာရာကို အကောင်းမြင်နိုင်ပါစေ။ ခင်မင်စွာဖြင့်...
တုံးလုံးပက်လက် ကြက်ဆင်ကင်ကြီးစားပြီး
နှင်းမှုန်ဖွေးဖွေးပေါ် ပြေးလွှားကစားချင်လိုက်တာ
သစ်ပင်ကြီးကတော့ ကြည့်ရတာ အထီးကျန်လိုက်တာ
အေးရတဲ့အထဲ တစ်ပင်တည်း မွဲခြောက်ခြောက်
သနားစရာ
ရို့စ်က အစ်မမေဓာဝီ ဓါတ်ပုံကို လိုက်ရှာနေတာ။ နှင်းပေါ် လှဲအိပ်နေတဲ့ မိန်းကလေးကို အစ်မ မှတ်လို့....။ ပျော်ရွှင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေလို့ ကြိုဆုတောင်းပေးပါတယ်။
အစားသောက်တွေမှ တင်ထားတယ်။ ရက်စက်လိုက်တာ။ ဒီမှာ ကာရီပတ်နဲ့ မနက်စာပြီးနေရတာဗျ။
သွားနိုင်ကြပါစေ။ ၀ါးနိုင်ကြပါစေ။ စားနိုင်ကြပါစေ။ ကြွားနိုင်ကြပါစေ။ ဟားနိုင်ကြပါစေ။
ပျော်နိုင်ကြပါစေ။ မော်နိုင်ကြပါစေ။ ကျော်နိုင်ကြပါစေ။ ပေါ်နိုင်ကြပါစေ။ အော်နိုင်ကြပါစေ။
ရာသီဥတုအေး၏။ အ၀တ်ထူထူဝတ်ပါ။ ကလေးများနှင့် တု မကစားရ။ မေဓာ နု ချင်သလား။ ပု နေရင် ဘားတန်းဆွဲပါ။းဝ))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အနုတ် ၅ ဒီဂရီဆိုပြီး ကြက်ဆင်တော့ ကိုယ်တုံးလုံးနဲ့။
အဖော်အပေါင်းတွေနဲ့ စုံတွေ့ရတာ ပျော်စရာပေါ့။ ကျနော်တို့တော့ ဘယ်မှမသွားဖြစ်ဘူး။ မိုးတွေကရွာနေတော့ အပြင်ထွက်ဖို့ စိတ်ကူးလို့ကို မရဘူးဖြစ်သွားတယ်။
အစ်မေ၇းတင်တဲ့စာတွေဖတ်၇တာ ဗဟုသုတကော အသိညဏ်ကောတိုးစေလို့ ကျေးဇူးတင်ပါတယ် အစ်မ
မမမေ က သူများစားတာတွေကြရိုက်တယ်..
မမမေစားတာကျမရိုက်ထားဘူးပုံတွေ..
ဘယ်သူမှမပြောပါဘူးနော်..မမမေကိုအစား
ကြီးလိုက်တာလို့...
ဝါးတီးတွေလိုက်ဆွဲနေရတော့ သားသားသန့်ကို
မေ့နေရော...စိတ်ဆိုးသွားပြီ..
သားသားသန့်
မမေ ရေ
သူများကို အရမ်းနှိုတ်စက် တယ် ကြက်ဆင်ကင် ကြီး ကြည့်ပြီး စားချင်လိုက်တာ သားရေကျတယ် ဟားးးးး
ဘာဘဲဖြစ်ဖြစ် ကြည့်ရတာ ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကြက်ဆင်တော့ မစားလို...
မေ့ဓါတ်ပုံသာ ကြည့်လို....း))
ကိုအောင်ဘုကကြက်ဆင်တွေဘာတွေတောင်ကင်နေပြီးလား...မမေ...
Post a Comment