Wednesday, October 31, 2007

သတိရခြင်း ကဗျာ နှစ်ပုဒ် ...

ဒီကဗျာလေးကို ရေးဖြစ်တာ သီတင်းကျွတ်လပြည့် မတိုင်ခင် တညနေခင်းမှာပါ။
အဲဒီနေ့က အိမ်ကို အရမ်း သတိရနေမိတယ်။
အိမ်ကိုရော … ခွဲခွါခဲ့ရတဲ့ ဒေသကိုရော ဆိုပါတော့ … ။
ဒီအချိန်ဆိုရင် … လို့ … လွမ်းလွမ်းဆွေးဆွေး တွေးလိုက်မိရာက …
ဒီကဗျာလေးကို ရေးဖြစ်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါဦး … ။
***
ဒီအချိန်ဆို …

ဒီအချိန်ဆို
မိခင်အိုသည်
ဘုရားစင်ရှေ့
မျက်ရည်ဝေ့ကာ
ပုတီးစိပ်နေရှာရော့မည် … ။

ဒီအချိန်ဆို
ဖခင်အိုသည်
သတင်းကိုဖွင့်
နားကိုစွင့်ရင်း
သက်ပြင်းချကာ နေရော့မည် … ။

ဒီအချိန်ဆို
လုလင်ပျိုသည်
လုပ်ငန်းခွင်တွင်း
လှုပ်ရှားရင်းသာ
သောကဖြာနေရှာရော့မည် … ။

ဒီအချိန်ဆို
ကိုယ်တို့တိုင်းပြည်
ဆီမီးထိန်ဝင်း
လရောင်လင်းလျက်
မြတ်ဗုဒ္ဓကို ကြည်ညို ပူဇော်နေရော့မည် … ။

ဒီအချိန်ခါ …
လုံမေမှာကား …
တိုင်းခွါပြည်ခွဲ
ဝမ်းနည်းစိတ်ငယ်
ပြုံးရယ်မရှိ
တို့အားလုံး၏
အနာဂတ်ကို ပူမိသည် … ။

မေဓာဝီ
၂၄.၁၀.၀၇
***
ဒီကဗျာလေးရေးပြီးလို့ ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေတွေကို ပြတဲ့အခါ …
ကျမ မိတ်ဆွေကြီး ကိုစေးထူးက ကျမနဲ့ ထပ်တူ ခံစားပြီး ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါတယ်။
အဲဒီ ကဗျာကိုလည်း အမှတ်တရ ကျမဘလော့မှာ ဖော်ပြပေးလိုက်ပါတယ်ရှင် .. ။
***
ဒီအချိန်ဆို …

ဒီအချိန်ဆို
မြန်ပြည်တခို
စိမ်းစိုစိုသည်
ဝါလကင်းလွတ်
သီတင်းကျွတ်မို့
ဆီမီးထိန်ထိန်
လင်းရှိန်လိမ့်မည်..။

ဒီအချိန်ဆို
ဇရာထောင်းဖြို
မိခင်အိုသည်
သားဆိုးကို လွမ်း
မျက်ရည်စမ်းဖြင့်
ပူပင်စိတ်ဖြာ
များဗျာရော့မည်။

ဒီအချိန်ဆို
စိတ်ထားဖြူချို
ညီငယ်ကို သည်
နယ်မြို့သေးငယ်
ဇာတိနယ်တွင်
ဝမ်းစာဇောတွက်
ပန်းမောရော့မည်။

ဒီအချိန်ဆို
လှအားပိုပို
နှမပျိုသည်
ကြည်စင်ဝင်းမွတ်
ပြုံးဖြူဆွတ်ဖြင့်
မယ့်ရင်မှာ မှေး
ထွေးနွေးလိမ့်မည်။

ဒီအချိန်ဆို
သခင်မဲ့ငို
အိမ်အိုအိုသည်
အမှောင်ရယ်ပိန်း
ဖုန်လိမ်းလိမ်းဖြင့်
ပျော်ရွှင်ဆိတ်သုဉ်း
ညှိုးခြုံးရော့မည်။

ဒီအချိန်ဆို
မှေးအိပ် ပိုရို
ချစ်သူပျိုသည်
ကျွန့်မေတ္တာထွေး
ကြင်နာနွေးဖြင့်
ဆွေးပူသောကဝေးလိမ့်မည်။

ဒီအချိန်ဆို
ဒီအချိန်ဆို
ဒီအချိန်ဆို…..။


ကလိုစေးထူး

11 comments:

Winkabar said...

ကဗျာကအရမ်းကောင်းတယ်အစ်မ။
အစ်မရေးတာကော ကိုစေးထူးရေးတာကော။

Thet Oo said...

မေဓာဝီ ဘလော့ဂ် ပြန်ပေါ်လာတာ အားလုံးအတွက် သတင်းကောင်းပါ။ တိုင်းပြည်အတွက်လည်း သတင်းကောင်းမကြာခင်လာတော့မယ့် အတိတ်နိမိတ် လို့လည်း မှတ်ယူမိပါတယ်။

မျှားပြာ said...

စာတွေပြန်ရေးလို့ ၀မ်းသာမိပါတယ်အစ်မရေ ..
ကျွန်တော်တို့အတွက် အသိပညာတွေ တိုးဦးမှာပေါ့...
အဆင်ပြေပါစေခင်ဗျာ

zarny win said...

welcome back! :D
1- now, your readers are satisfied with your blog. Last month, what we saw is only a white page whenever we visited your blog.
2- i need to copy some of your old posts especially the one on your dog. (for future reference :D )
3- the bloggers in Burma should have more than one blog. The current condition is very sensative. So, you guys can upload the sensative writings on the Unidentified blogs.
take care

ကလိုစေးထူး said...

ကဗျာက ဒိတ်လွန်နေလို့ မတင်တော့ဘဲ နေမလားလို့ဟာ သူက ဦးသွားတယ်။ :P ဆားချက်တယ်လို့တော့ မပြောတော့ပါဘူးလေ။ ပြန်လာခါစဆိုတော့ မနှိပ်ကွပ်ချင်သေးဘူး။ :D

Anonymous said...

ဒီ အချိန်ဆို...
အ ကိုတယောက်...
တွဲ လက်ပျောက်၍...
က တောက်ကဆ...
အ ကျဉ်း၀၀ယ်...
ရမ်း ဆမျှော်မှန်း...
အ ပြန်လမ်းကို...
မြင် လိုစိတ်ပေါ်...
ကပ် ကျော်ဖို့အရေး...
စ လို့တွေးကာ...
ရာ ထူးကိုချိတ်...
ကြီး ပွားလိုစိတ် ကုန်ရော့မည်....

chim said...

I miss my family.

မာန်လှိုင်းငယ် said...

အဲဒီကဗျာတွေဟာ ကျနော်နဲ့ ထပ်တူ ကျပါတယ်ဗျာ။ ကျနော် အားလည်းကျတယ်။ ၀မ်းလည်း နည်းတယ်။ ပိုသတိရလားတယ်။ ဒီအတွက်ကြောင့် ကျနော် ဖတ်ရင်းနဲ့တောင် မျက်ရည်ဝဲနေမိတယ်ဗျာ။ ကောင်းလိုက်တာ မမေရေ။

Nhin Pwint Phyu Lay said...

ကဗျာနှစ်ပုဒ်လေးက အရမ်းကို ကောင်းတယ် အစ်မမေ ..
အစ်မရေးသော ကဗျာများကိုမျှောနေပါတယ်

ညလေး said...

မမေနဲ့ အကိုသံလွင်ရေ အမည်မသိရေးတဲ့ ရှေ့စာလုံးတွေကို ရှင်းပေးပါ။ :P

Anonymous said...

hi, please explain anonymous' poem .
like nyalay request.:P