(၁)
လွန်ခဲ့တဲ့ ၂ နှစ် ဒီလိုနေ့မှာ သူရှိရာ စင်္ကာပူကျွန်းငယ်ကလေးဆီ ခရီးထွက်ခဲ့တယ်။ ဧပြီလ တရက်နေ့ မနက်စောစော ထွက်တဲ့ ပိုးသားလေကြောင်းလိုင်းက လေယာဉ်ကြီးပေါ်မှာ ငြိမ်သက်စွာ စီးလာရင်း ကိုယ့်ကိုယ်ကိုယ် ဧပရယ်ဖူးလ် လုပ်မိလေသလား စဉ်းစားလို့ပေါ့။ ကောင်းကင်ပေါ်က တိမ်တိုက်တွေလိုပဲ အတွေးတွေ မျောလွင့်နေတယ်။ ရင်ခုန်လှုပ်ရှားရမယ့် အရွယ် မဟုတ်တဲ့အတွက် ရင်ထဲမှာ ဗလာသက်သက် ဖြစ်နေသလိုပဲ။
.
နာရီပေါင်းများစွာ ကြာအောင်စီးရတဲ့ လေယာဉ်ခရီးစဉ်တွေမှာတောင် ပြတင်းပေါက်ဖက်ကိုသာ ရွေးခဲ့တာမို့ သုံးနာရီလောက်သာ စီးရမယ့် ဒီခရီးမှာလည်း ထုံးစံအတိုင်း ပြတင်းပေါက်ဘေးမှာ ထိုင်ခဲ့တယ်။ လေယာဉ် ပြတင်းပေါက်ကနေ အဆုံးအစမဲ့ ကောင်းကင်ကြီးကို ငေးရင်း တိမ်တိုက်တွေနဲ့ အနာဂတ်ကို ပုံဖော်ကြည့်နေမိတယ်။
တိမ်တွေက ပုံသဏ္ဌာန်အမျိုးမျိုးပဲ။ ဘယ်လိုပုံစံနဲ့ မြင်ရမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး။ တခါတလေ တိမ်မျှင်မျှင် … တခါတလေ တိမ်အုပ်အုပ် ပုံ့ပုံ့၊ တခါတလေတော့ ကောင်းကင်ကြီးက ပြာလွင်ပြီး တိမ်ကင်းမဲ့နေပြန်ရော။ တခါတလေ တိမ်တိုက်ထူထူ ထုထဲ လေယာဉ်တိုးဝင်သွားတဲ့အခါ သိမ့်ခနဲ ငြိမ့်ခနဲ။ နေရောင် အနားကွပ်ထားတဲ့ တိမ်လေးတွေလည်း တွေ့ရသေးတယ်။ တိမ်ရဲ့ အတိမ်အနက်ကို တိမ်တွေထဲ လိုက်ရှာနေမိသေးတာလေ။
တိမ်တွေကို ကြည့်လို့အားရမှ ဘုရားစာရွတ်၊ လေယာဉ်မယ်လေးတွေ လာကျွေးသမျှ စား၊ ရုပ်ရှင်တကား ကြည့်ပြီးချိန်မှာတော့ စင်္ကာပူလေဆိပ်ကို ရောက်တော့တာပါပဲ။ လေယာဉ်ကွင်းမှာ သူလာကြိုပါတယ်။ ညဂျူတီတွေ ဆက်တိုက်ဝင်ခဲ့ရတဲ့သူက နွမ်းလျနေတဲ့ မျက်နှာနဲ့ ဝမ်းသာအားရ ဆီးကြိုခဲ့တယ်။ စင်္ကာပူနိုင်ငံရဲ့ ချန်ဂီလေဆိပ်ဟာ အေးစိမ့် နေပေမယ့် ကမ်းလာတဲ့ သူ့ရဲ့လက်တွေကတော့ နွေးထွေးလို့။
အတူနေကြမယ့် အိမ်ခန်းလေးဆီသွားဖို့ အငှားယာဉ်တစီး ငှားရတယ်။ ယာဉ်မောင်းက ဘယ်သွားမလဲ မေးတော့ … သူက ပြန်ဖြေတယ်။
"လာဗင်ဒါ အရပ်က ကမ်းခြေလမ်း" … တဲ့။
***
(၂)
လာဗင်ဒါ ဆိုတဲ့နာမည်လေးကို ရေရွတ်ရင်း လွန်ခဲ့တဲ့ နှစ်တချို့တုန်းက လာဗင်ဒါပန်းကလေးနဲ့ အပြင်မှာ စသိခဲ့တဲ့ နေ့ကလေးတနေ့ကို အမှတ်ရမိတယ်။ မှတ်မှတ်ရရ အင်္ဂလန်ကို စရောက်တဲ့နှစ် ပထမဆုံး ကြုံရတဲ့ ဆောင်းဦးရာသီ မှာပေါ့။
နွေဦးမှာ ဖူးပွင့်တဲ့ လာဗင်ဒါပန်းဟာ ဆောင်းဦးထိ ဘယ်လန်းဆန်းနိုင်မှာလဲ။ အပင်ပေါ်မှာတွင် ခြောက်သွေ့နေတဲ့ ဒီပန်းခြောက်လေးတွေကို လာဗင်ဒါမှန်းလည်း မသိခဲ့ပါဘူး။ တညနေခင်း ဦးရီးတော်နဲ့အတူ ခြံထဲမှာ မြက်ရိတ်ပေါင်းနှုတ် လုပ်နေတုန်း ဦးရီးတော်က မြက်ခင်းဘေးမှာ စိုက်ထားတဲ့ အပင်လေးကနေ ပန်းခြောက်ကလေးတခု ခူးပြီးပေးတယ်။ …
"သမီး အဲဒီပန်းခြောက်ကလေး ချေပြီး နမ်းကြည့်"
လက်ထဲရောက်လာတဲ့ အရောင်အဆင်းခပ်မွဲမွဲ ပန်းခြောက်လေးကို ရုတ်တရက် မနမ်းဝံ့ဘူး။ ဦးရီးတော်ရဲ့ တိုက်တွန်းချက် ကြောင့်သာ လက်ထဲ ပွတ်ချေပြီး မရဲတရဲ မွှေးလိုက်ရတယ်၊ အနံ့သင်းသင်းလေး နမ်းရှူမိပေမယ့် ဘာပန်းမှန်းမသိခဲ့တာ အမှန်ပါပဲ။
"ဘာလဲ သိလား"
"ဟင့်အင်း"
"သေချာ မွှေးကြည့်ပါဦး ရေမွှေးတို့ ဆပ်ပြာတို့ လုပ်တဲ့ ပန်းလေ"
ဦးရီးတော်ပေးတဲ့ သဲလွန်စကြောင့် ခေါင်းထဲမှာ လင်းခနဲ ဖြစ်သွားပြီး မရဲတရဲ မေးလိုက်မိတယ်။
"လာဗင်ဒါလား"
"အေး … ဟုတ်တယ်"
အဖြေမှန်သွားလို့ ဦးရီးတော်က သဘောကျသွားပြီး ဆက်ပြောတယ်။
"ခြောက်သွားတဲ့ထိ မွှေးတုန်းပဲ မဟုတ်လား … သူက spring နဲ့ summer မှာ ပွင့်တာလေ၊ အခု autumn ဆိုတော့ ခြောက်ပြီပေါ့"
လာဗင်ဒါနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိသူတယောက်မို့ ဦးရီးတော်က ကလေးတယောက်ကို ရှင်းပြသလို ပြောပြတယ်။ မြက်ရိတ်ပြီး အိမ်ထဲပြန်ရောက်တော့ ဘေစင်ပေါ်က လက်ဆေးဆပ်ပြာ ဗူးကလေးကို ဦးရီးတော်က ပြပြီး ဒီဆပ်ပြာက လာဗင်ဒါနဲ့ လုပ်ထားတာ လို့ပြောတယ်။ ဗူးကလေးပေါ်မှာတော့ ခရမ်းရောင် လာဗင်ဒါ ပန်းကလေးတွေက လန်းဆန်း လှပလို့။
လာဗင်ဒါပန်းကလေးနဲ့ စပြီးမိတ်ဆက်ခဲ့ရတဲ့ အဲဒီ ဆောင်းဦးရာသီ နေ့ကလေးကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။
***
(၃)
တရိပ်ရိပ်ပြေးနေတဲ့ အငှားကားလေးရဲ့ ပြတင်းကနေ အပြင်ကို လှမ်းကြည့်တော့ လမ်းနံဘေးမှာ ကုက္ကိုပင် ပိတောက်ပင် လို အပင်ကြီးတွေ ညီညီညာညာ စိုက်ထားတာ တွေ့ရတယ်။ အပင်တွေက ကိုင်းတွေတိ ထားတာမို့ သိပ်ပြီး ဖြာထွက် မနေဘူး။ ဆံပင်ညှပ်ထားတဲ့ သူလို သပ်သပ်ရပ်ရပ် ဖြစ်နေတယ်။ မိုးရွာပြီးခါစမို့ ထင်ပါရဲ့ အပင်တွေက စိမ်းစိုလန်းဆန်း လို့၊ မိုးရေဖျန်းထားတဲ့ ကတ္တရာလမ်းကလည်း ချောမွေ့ ရှင်းလင်းလို့၊ လေဆိပ်ကအထွက်တုန်းက ပြင်ပလေနဲ့ ထိထိချင်း ပူစပ်စပ် ဖြစ်နေပေမဲ့ အငှားကားထဲမှာတော့ အေးစက် မွှေးပျံ့လို့။
လမ်းညွှန်ဆိုင်းဘုတ်တွေကို ဖတ်ရင်း … အချက်ပေး မီးပွိုင့်တွေကို ဖြတ်ရင်း သူ့ရဲ့ မေးခွန်းတွေကို ဖြေရင်း လမ်းများစွာ ဖြတ်သန်းပြီးတဲ့နောက် စီးလာတဲ့ အငှားကားလေးဟာ လာဗင်ဒါအရပ်က ကမ်းခြေလမ်း ကလေးဆီ ရောက်လာခဲ့တယ်။
"အဲဒီထဲ ဝင်ရမှာ …"
အိမ်ခန်းလေးရှိရာ တိုက်တန်းတွေကိုဝင်ဖို့ ကားတန်းရှည်ကြီးက တန်းစီနေတယ်။
"ဒီနားမှာပဲ ဆင်းလိုက်ပါ အထဲဝင်ရင် queue တန်းရှည်ကြီး စောင့်နေရမှာ" ယာဉ်မောင်းက လှမ်းပြောတော့ သူက ကားမီတာနဲ့ ကျသင့်ငွေ ပြနေတဲ့ နေရာကို တချက်လှမ်းကြည့်ပြီး "အိုကေ" လို့ပြောတယ်။ ဒါနဲ့ပဲ ယာဉ်မောင်းလည်း ကားရပ်နိုင်တဲ့ လမ်းဘေး တနေရာမှာ ထိုးရပ်လိုက်တယ်။
ဒီလိုနဲ့ ခရီးဆောင်အိတ် အထုတ်အပိုးတွေကို နှစ်ယောက်သား တိုက်ရှေ့ထိ ရောက်အောင် တွန်းသွားကြရတယ်။ ခရီးရောက်မဆိုက် အထုတ်တွေ တွန်းရတာ ... ကားက အိမ်ရှေ့တန်းမရောက်တာကို စိတ်ထဲ ဖုတုတုနဲ့။ သူများနိုင်ငံမှာ ကိုယ့်ဆီကလို ကူညီမယ့်သူ ခိုင်းရမယ့်သူ ရှိတာမဟုတ်ဘူးလေ ... လို့ စိတ်ကိုလျှော့ရတယ်။ တော်သေးတာက တွန်းသွားတဲ့ လမ်းတလျှောက်က ညီညာပျံ့ပျူးတဲ့အပြင် မိုးရွာရင် မစိုနိုင်တဲ့ ကော်ရစ်ဒါ အမိုးလေး ရှိနေပေလို့။ ဘီးတပ်အိတ်တွေကို တွန်းရင်း ခေါင်းမော့ကြည့်တော့ ခရမ်းပြာရောင် တိုက်မြင့်ကြီးတွေက ပတ်ပတ်လည်မှာ။
.
ဓာတ်လှေခါးဆီသွားဖို့ နှစ်လမ်းရှိတယ်။ လှေခါးထစ်နဲ့ တက်ရတဲ့ လမ်းနဲ့ ဝှီးချဲသမားတွေ အထုတ်အပိုး ထရော်လီတွေ သွားတဲ့ ဆင်ခြေလျှောလမ်း။ ခရီးဆောင်အိတ်တွေနဲ့မို့ ဆင်ခြေလျှော လမ်းကို ရွေးကြတယ်။ ဓာတ်လှေခါးထဲ ရောက်တော့ သူက နံပါတ် 4 ခလုတ်ကို နှိပ်လိုက်တယ်။
ငြိမ့်ခနဲတက်သွားတဲ့ ဓာတ်လှေခါးလေးထဲမှာ သူ့လက်ကို ဆုပ်ကိုင်ထားရင်း မော့ကြည့်မိတယ်။ အားကိုးတကြီး ပုံစံ ဖြစ်နေမလားပဲ။ သူက ငုံ့ကြည့်ပြီး ပြုံးပြတယ်။ အားပေးတဲ့ အပြုံး၊ စိတ်မပူနဲ့ ကိုယ်ရှိတယ် ဆိုတဲ့ အပြုံး။ ခဏနေတော့ တင်းတောင် ဆိုပြီး ဓာတ်လှေခါးတံခါးလေးက ပွင့်သွားတယ်။ ဓာတ်လှေခါးထဲက အထွက် သူ့လက်ကို တင်းတင်းဆုပ်ပြီး ဘဝတခုကိုစတင်ဖို့ လာဗင်ဒါ အရပ် ကမ်းခြေလမ်းက အိမ်ကလေးဆီ ... ပထမခြေလှမ်း … လှမ်းခဲ့ရပါတယ်။
***
မေဓာဝီ
၂ ဧပြီ ၂၀၁၇
No comments:
Post a Comment