Monday, May 07, 2007

စောင့်လေမျိုးနွယ် ...

လွန်ခဲ့တဲ့ ၂-နှစ် မေလ ၇-ရက်နေ့က …
အလုပ်ပါးလျားတဲ့ နေ့လည်ခင်းမှာ ပျင်းပျင်းရှိတာနဲ့ အင်တာနက်ထဲ လျှောက်မွှေနေမိတယ်။ အဲဒီအချိန်မှာပဲ ကျမရဲ့ မောင်တယောက်လို ခင်မင်ရင်းနှီးရတဲ့ ဖိုးချမ်း ခေါ် ပုရွက်ဆိတ် အိမ်ကို ရောက်လာတာနဲ့ သူနဲ့အတူ မြန်မာချက်ထဲဝင်ပြီး နောက်ပြောင်နေခဲ့တယ်။

မြန်မာချက်ထဲမှာ ‘သာလိကာ’ ဆိုတဲ့ ညီမလေးက ကျမကို နှုတ်ဆက်ပါတယ်။ သူနဲ့အတူ ‘ဆိုးပေ’ ပါရှိကြောင်း၊ ဒဂုန်စင်တာက အင်တာနက်ဆိုင်မှာ ဖြစ်ကြောင်း စသဖြင့် ဟိုဟိုသည်သည် ထွေရာလေးပါး စကားပြောနေတုန်း ရုတ်တရက် မီးပျက်သွားလို့ ကျမနဲ့ ပုရွက်ဆိတ်လည်း ကွန်ပျူတာပိတ်ပြီး လဖက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ်။ (ပုရွက်ဆိတ်၊ ဆိုးပေနဲ့ သာလိကာ ဆိုတာ ကျမ အင်တာနက် စသုံးစဉ်ကတည်းက ရင်းနှီးခင်မင်ခဲ့ရတဲ့ မောင် ညီမလေးတွေရဲ့ နစ်နိမ်းတွေပါ။)

လဖက်ရည်ဆိုင်ရောက်လို့ တအောင့်ကြာတော့ လူတွေ အုတ်အုတ်သဲသဲနဲ့ သတင်းတခုကို ပြောနေကြတာ ခပ်သဲ့သဲ့ကြားလို့ စုံစမ်းကြည့်တဲ့အခါ shopping centerတွေမှာ ဗုံးပေါက်လို့တဲ့။ ဟိုနေရာ သည်နေရာ ၃-၄နေရာလောက် ပေါက်သတဲ့ … ။ ဒီလိုနဲ့ လူတွေရဲ့ စကားတွေကို စုစည်းလိုက်တော့ ဗုံးကွဲတဲ့နေရာမှာ ဒဂုန်စင်တာလည်း ပါတယ်လို့ သိရတယ်။ ကျမလည်း ဆိုးပေနဲ့ သာလိကာကို စိတ်ပူသွားမိတယ်။

ဒါနဲ့ပဲ ကျမနဲ့ ပုရွက်ဆိတ် လဖက်ရည်ဆိုင်ကနေ ဆိုးပေအိမ်ကို ဖုန်းခေါ်ကြည့်တော့ ဆိုးပေရဲ့ ညီလေး (လီမွန်-လို့ ထင်ပါတယ်) လာကိုင်ပြီး ဆိုးပေ မျက်နှာမှာ ဒဏ်ရာရသွားကြောင်း ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာန ရောက်နေကြောင်း ပြောပြတယ်။

“ငါတို့ လိုက်သွားရအောင်”
ပုရွက်နဲ့ ကျမ အရေးပေါ်ကို လိုက်သွားဖို့ စီစဉ်ကြတယ်။ အိမ်မှာ အမေ့ကို ၀င်ပြောရင်းနဲ့ ပိုက်ဆံပြန်ယူအုံးမှ ဆိုပြီး အိမ်ပြန်ပြောတော့ အမေက ဒီသတင်းကြားကတည်းက သွေးက တက်နှင့်နေပြီ။
ကျမကို လိုက်မသွားစေချင်ပါဘူး။ တဖြည်းဖြည်းနဲ့ သတင်းတွေပိုစုံပြီး ကြားရသိရတာက ဗုံးက တော်ရုံတန်ရုံ ပေါက်တာ မဟုတ်ဘဲ တော်တော်လေး အခြေအနေ ဆိုးပြီး လူတွေတော်တော် ထိတယ် ဆိုတာပါပဲ။

နောက်ဆုံးတော့ အမေ့ဆန္ဒကို မလွန်ဆန်ချင်တာနဲ့ ဆေးရုံလိုက်မသွားဘဲ အိမ်မှာသာ နေရင်း သတင်းတွေ နားစွင့် နေခဲ့ရပါတယ်။
***
နောက်တနေ့မှာ ကျမတို့ဆီကို အမျိုးသမီး ၂-ယောက် ကျောင်းကိစ္စ စုံစမ်းဖို့ ရောက်လာပါတယ်။ အမျိုးသမီး တယောက်ရဲ့ လက်မှာက ပတ်တီးအဖွေးသားနဲ့။ ကျမ မမေးဘဲ သူက ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ပုဇွန်တောင်က trade center မှာ ဒဏ်ရာ ရခဲ့တယ်ဆိုတဲ့ အကြောင်း၊ ဘယ်လိုတွေ မြင်တွေ့ခဲ့တယ်၊ ဘယ်လိုတွေ ပြေးလွှားခဲ့ရတယ်၊ ဘယ်လိုတွေ ကြုံခဲ့ရတယ် ဆိုတာကို အတိအကျ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြောပြခဲ့ပါတယ်။

သူ့စကားတွေ နားထောင်ပြီး ကျမစိတ်ထဲ မကောင်းလိုက်ပုံများ၊
ရက်စက်လိုက်ကြတာ … လုပ်ရက်လိုက်ကြတာ … အပြစ်မဲ့သူတွေ ဒုက္ခရောက်လိုက်ကြတာ … လူလူချင်း စာနာမှုမရှိပါလား လို့ ရင်တနင့်နင့်နဲ့ နားထောင်ခဲ့ရတယ်။

နောက်ရက်တွေမှာတော့ လူတွေက တထိတ်ထိတ် ဖြစ်နေကြပြီ။ လူစည်စည် နေရာတွေ မသွားရဲတော့ဘူး။ ဘတ်စ်ကားဂိတ်လို နေရာမျိုးမှာ အထုတ်တွေ ဘာတွေတွေ့ရင် ဗုံးများလား လို့ သတိထားနေကြပြီ။ ကားဘီးပေါက်သံလို အသံကျယ်ကျယ် ကြားရင်ပဲ ဗုံးပေါက်သလားလို့ ကြောက်လန့်နေကြပြီ။ မြို့ကြီးတခုလုံး ခြောက်သွေ့နေသလိုပဲ။ မသွားမဖြစ်လို့ အပြင်သွားနေကြရပေမဲ့ အားလုံးရဲ့ ရင်ထဲ စိုးရွံ့ ထိတ်လန့်မှုတွေနဲ့။

ဒီလိုကြုံတွေ့ ခံစားနေရတာ ကျမတို့ မြန်မာပြည်တွင်ပဲလား …. ။
ဒီနေရာကနေ လွတ်အောင်ပြေးလို့ရော နောက်တနေရာမှာ မဖြစ်နိုင်ဘူးလို့ ပြောနိုင်လား။
9/11 က ဖြစ်ခဲ့တာတွေ … ဟိုနေရာ သည်နေရာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကမ္ဘာတ၀ှမ်း မှာ ရှိနေတာပဲ မဟုတ်လား။ ဒီတော့ … ငြိမ်းချမ်းရာ နေရာ … ဘယ်မှာပါလိမ့် … ရှာဖွေလို့ မရနိုင်ပါလား …. မရှိနိုင်ပါလား …. လို့ ကျမ တွေးမိတယ်။

ဒီလိုတွေးမိရာက … ကဗျာတပုဒ် ရေးခဲ့မိပါတယ်။ အဲဒီတုန်းက ရေးပြီးပြီးချင်း ပလန်းနက်စာမျက်နှာရဲ့ book corner မှာ တင်လိုက်ပါတယ်။ အခုဆို … ၂-နှစ် ရှိခဲ့ပြီပေါ့။ ဒီအဖြစ်အပျက်ကို တချို့လည်း မေ့ကောင်း မေ့နေကြပါလိမ့်မယ်။ ကျမကတော့ မမေ့နိုင်ပါဘူး။
***
“မေ ၇-ရက် အဖြစ်အပျက်”

နွေ၏အနှောင်း မိုးကိုပြောင်းစ
မေလ ၇-ရက် နေ့ခင်းဘက်မှာ
စနေမိုးက ဖွဲဖွဲရွာ…။

သွားလာပျော်ပါး လူအများတွေ
စကားလည်းပြော ရယ်မောမောနဲ့
ပုံမှန်လည်ပတ် လှုပ်ရှားနေ … ။

ထိုစဉ်မှာပဲ ပေါက်ကွဲသံကြီး
မီးခိုးငွေ့များ မည်းမှောင်သွားပြီး
ညည်းတွားအော်ကာ ကယ်ကြပါနဲ့
တကယ့်ငရဲ ခန်းမထဲမှာ
ဟစ်ကာအော်ပြေး ပေကျံသွေးစီး
မျက်နှာကြီးတွေ ဂယောင်ခြောက်ခြား ပြေးလွှားနေ … ။

ဆင့်ကဲဖြစ်စဉ် ထိုနေ့တွင်ပဲ
နေရာအများ ဆက်ကာသွားသည်
အဖျက်သမား ဘယ်သူများလဲ
ပြည်သားပြည်သူ ပြစ်မဲ့သူတွေ
သေကြကျေကြ သောကဝေ … ။

ဘယ်နေရာမှာ ထပ်ကာဖြစ်ပွား
ဘယ်တော့များလဲ …
ကျီးလန့်စာစား လူအများမှာ
ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းနေရာ
လုံခြုံရာကို ဘယ်လိုဖွေရှာကြရပါ့ … ။

သောကကင်းလို ဘေးကင်းလို၍
စစ်ကိုလည်းရပ် လက်နက်ဖျက်သိမ်း
ငြိမ်းချမ်းစေလို တောင်းဆုဆိုသည်
အို … ချိုးဖြူငှက်
သံလွင်ခက်ချီ … ကမ္ဘာဆီသို့
ပျံလာမည်လော …. လာမည်လော ….။ … ။

May, 2005
(ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲခဲ့သော ၂၀၀၅၊ မေလ ၇-ရက် နေ့သို့)
***
ကဗျာကတော့ ဒီမျှပါပဲ။
ဘာလို့များ လူသားအချင်းချင်း သေကြေပျက်စီးစေနိုင်တဲ့ လက်နက်တွေ တီထွင်ထုတ်လုပ် နေကြတာပါလိမ့်။ ဘာမှလည်း အကျိုးမရှိပါဘူး။ တကယ်တော့ ၀ါဒကို တိုက်ခိုက် … စနစ်ကို တော်လှန်ရင်းနဲ့ အပြစ်မဲ့တဲ့ လူတွေ ဒုက္ခ ရောက်ကြရတာပါ။

ဒီနေရာမှာ ‘စောင့်လေမျိုးနွယ်’ ဆိုတဲ့ စကားရပ်ကို ကျမတွေးမိပါတယ်။ သားသမီးကျင့်ဝတ် ငါးပါးထဲမှာ ပါတဲ့ စောင့်လေမျိုးနွယ် ဆိုတာပါပဲ။ ဒါကို အများကတော့ အမျိုး (မျိုးရိုး) ကို စောင့်ထိန်းခြင်း (ကိုယ့်လူမျိုး မပျောက်မပျက်အောင်) လို့ ယူဆကြတယ်။ တိုင်းတပါးသားနဲ့ လက်ထပ်တာကိုပဲ အမျိုးဖျက်တယ် … အမျိုးကို မစောင့်ဘူးလို့ ဆိုကြတယ်၊ စောင့်လေမျိုးနွယ် ဆိုတဲ့ ၀တ္တရား မကျေပွန်ဘူးလို့ အပြစ်တင်ကြတယ်။

ကျမကတော့ ဒီလိုမထင်ပါဘူး။
စောင့်လေမျိုးနွယ်ဆိုတာ … ကိုယ့်လူမျိုး ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်ထက် လူသားမျိုးနွယ်တခုလုံးကို စောင့်ရှောက်ခြင်း၊ စောင့်ထိန်းခြင်း လို့ ကျမအနေနဲ့ ယူဆပါတယ်။

ဗမာဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ ဘယ်သူပဲဖြစ်ဖြစ် သူတို့ဟာ လူသားတွေပါပဲ။ အားလုံးကို “လူ” ဆိုတဲ့ အမြင်တခုထဲ ထားကြည့်ရအောင်ပါ။ လူသားအချင်းချင်း ဒုက္ခရောက်အောင်၊ ပျက်စီးအောင် မလုပ်ဘဲ လူသားချင်း စာနာမယ်၊ ကူညီမယ်၊ ငြိမ်းချမ်းအောင် ဆောင်ရွက်မယ် … စသဖြင့် ကိုယ့်လူသား မျိုးနွယ်ကို မပျက်စီးအောင် စောင့်ရှောက်ခြင်းဟာ စောင့်လေမျိုးနွယ် ပဲ မဟုတ်လား။

ဒါကြောင့်မို့ တိုင်းတပါးသားနဲ့ လက်ထပ်တဲ့ လက်တွဲတဲ့ သူတွေဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ ၀တ္တရား မကျေပွန်သူတွေလို့ ကျမကတော့ မဆိုချင်ပါဘူး။ လူသတ် လက်နက်တွေ တီထွင်ပြီး လူသားချင်း ပျက်စီးအောင် ဖျက်ဆီးနေသူတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး အပြစ်မဲ့တဲ့ လူတွေကို ဒုက္ခရောက်အောင် နှိပ်စက်နေသူတွေ သာလျှင် “စောင့်လေမျိုးနွယ်” ၀တ္တရားကို ဖောက်ဖျက်သူတွေ ဖြစ်ပါတယ်။

ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးရတယ်ဆိုတဲ့ နိပါတ်တော်လာ သာဓကလည်း ရှိပါတယ်။ ဟင်္သာဟာ ဟင်္သာမျိုးနွယ်ကို စောင့်ထိန်းရမှာ ဖြစ်သလို လူသားဟာလည်း လူသားမျိုးနွယ်ကို မပျက်စီးအောင် စောင့်ထိန်းရမယ် … စောင့်ရှောက်ရပါမယ်။ ဒါမှလည်း လူသားအားလုံး ငြိမ်းချမ်းစွာနဲ့ ကမ္ဘာကြီးပေါ်မှာ ရပ်တည် နေနိုင်ကြမယ် မဟုတ်ပါလား။
***
မေဓာဝီ
5th May, 2007
7:30 pm

4 comments:

Anonymous said...

စောင့်လေမျိုးနွယ်ဆိုတာလေးကိုရှင်းသွားတာ အလွန်နှစ်သက်မိပါတယ်။ အဲလိုသာ လူသားမျိုးနွယ်ကို လူသားတို့စောင့်ထိန်းကြရင် လောကကြီးဘယ်လောက် များသာယာလိုက်မလဲ။ လူသားချင်းစာနှာနိုင်ကြပါစေ။ လူသားတိုင်းကြောက်လန့်ခြင်းမှကင်းဝေးနိုင်ကြပါစေ။ လူသားတိုင်း လူအခွင့်အရေးရရှိနိုင်ကြပါစေ။

The Northern Light said...

မမေလုပ်တော့မှပဲ မြန်မာချက်ကလူတွေကိုတောင် သတိရလာသလိုပဲဟိဟိ
သူတို့တွေနဲ့ကောတွေ့သေးလား မမေ ဆိုးပေတို့ ပွက်ဆိတ်တို့ အတော်ကြာပေါ့နော် နော်တို့တွေ မြန်မာချက်ကြီး မရှိတော့ကတည်းက မတွေကြတာ
ပျော်စရာ အချိန်တွေပဲ ဟိဟိ
တီး

Me said...

အစ်မ..
အဲဒီတုန်းက ဆိုးပေလဲ မျက်နှာမှာထိသွားတယ်လေ..
သာလိကာရော ဆိုးပေရော ရည်မွန့်ညီမလေးရဲ့
သူငယ်ချင်းတွေပါ...

pandora said...

စောင့်လေမျိုးနွယ် ဆိုတာကို မမေခံယူပုံလေး သဘောကျမိတယ်