Sunday, April 25, 2010

တူညီသော်ငြား ... ခြားနားသည်

ပြီးခဲ့တဲ့ ကြာသာပတေးနေ့။
နေ့တ၀က် အတန်းပြီးလို့ အိမ်ကိုစောစော ပြန်ခဲ့တယ်။ ရာသီဥတုက သာသာယာယာ၊ နေရောင်က တောက်တောက်ပပ၊ ဒါပေမဲ့ လေကတော့ အေးအေးမြမြ တိုက်လို့နေတယ်။ ဘိလပ်သူ ဘိလပ်သားများဟာ နေရောင်ဖြိုးဖြ ပွင့်လာပြီဆိုတာနဲ့ ၀တ်စားဆင်ယင်မှုက ချက်ချင်း ပြောင်းသွားကြတော့တာပဲ။ လေအေး ဘယ်လောက်တိုက်တိုက် သူတို့ပဲ မအေးသလို အတိုတွေ အဟိုက်တွေ အကပ်တွေ ၀တ်လို့၊ နေကာမျက်မှန်ကြီးတွေကိုလည်း မျက်နှာတ၀က် ဖုံးအောင်တပ်လို့ ဂိုက်ထုတ်ကြပါတော့တယ်။ အင်းလေ သူတို့မလဲ ဒီအချိန်လေးပဲ ရာသီဥတုက ကောင်းရှာတာကိုး။ ကျမတို့အနေနဲ့တော့ အေးသေးတာမို့ အင်္ကျီထူကို မချွတ်ရဲသေးပါဘူး။

ကျောင်းနဲ့ အိမ်က လမ်းလျှောက်ရင် (ကျမခြေလှမ်းနဲ့ဆို) ၄၅ မိနစ်လောက် ကြာပါတယ်။ အိမ်အပြန်လမ်းမို့ လောစရာမလိုတာကြောင့် ခပ်ဖြည်းဖြည်းပဲ လျှောက်နေလိုက်ပါတယ်။ လူတကာက ကျမနောက်က ကျော်ဖြတ်သွားကြတာပေါ့။ (မြန်မြန်လျှောက်လဲ လူတိုင်း ကျော်တက်ကြတာပါပဲ။) ကျမကလည်းကိုယ့်နောက်က ဖြတ်ကျော်သွားတဲ့ လူတွေရဲ့ နောက်ပိုင်းကို ကြည့်ရင်း ဒီလူကတော့ လမ်းလျှောက်ပုံကတမျိုးပါလား၊ ဒီကောင်မလေးတော့ ၀တ်ထားတာ ဟော့ရှော့ပဲ … လှလိုက်တာ၊ ဟော … သူတို့ စုံတွဲကတော့ သိပ်ချစ်ကြမယ့်ပုံ၊ ဒီလူကြီးကတော့ တကိုယ်တည်း ကလေး လက်တွန်းလှည်းလေး တွန်းလို့ပါလား ဆင်ဂဲလ် ဖားသား ထင်ပါရဲ့ ... စသဖြင့် စိတ်ကူးထဲ ထင်မြင်ချက်တွေ ပေးနေမိတယ်။

တနေရာအရောက် ကျမနောက်က လူတယောက် ကျော်တက်သွားလို့ သူ့ကို လှမ်းကြည့်တော့ တီရှပ်လက်တိုနဲ့ ဘောင်းဘီဖင်ရှောနဲ့ လက်ကို ကွထားပြီး မြောက်ကြွမြောက်ကြွ လျှောက်သွားတာ တွေ့ရတယ်။ ဆံပင်ကတော့ တိုတိုကပ်ကပ် နားသယ်စပ်နားမှာ လိုင်းဖော်ထားသေးတယ်။ အဲဒီလိုနဲ့ ကျမ မီးပွိုင့်ရောက်ခါနီးမှာ အဲဒီလူက မီးပွိုင့်ဆီ ရောက်နေပြီ။ မီးပွိုင့်က လူအတွက် နီထားပါတယ်၊ ဒါပေမဲ့ သူက ခပ်တည်တည်ပဲ လမ်းဖြတ်ကူးသွားတယ်၊ တဖက်က ကားတွေက မီးစိမ်းလို့ လွှတ်လိုက်ပြီ။ သူက ခြေလှမ်းမှန်မှန် လှမ်းရင်း လမ်းဖြတ်ကူးနေတယ်။ ကျမက လှမ်းကြည့်ရင်း အသည်းယားနေတယ်၊ မတော်တဆ တိုက်မိရင် ဒုက္ခပေါ့။

အဲဒီအခိုက် လာနေတဲ့ ကားတွေထဲက ကားနီလေးတစီးက ပွမ်ပွမ်ဆိုပြီး ဟွန်းအကျယ်ကြီး တီးထည့်လိုက်တယ်။ အဲဒီလူက လှမ်းကြည့်တော့ ကားမောင်းသူက အရှိန်ကိုလျှော့ပြီး လက်ခလယ် ထောင်ပြပါလေရော။ အဲဒီလူက ဘာရမလဲ ဟိုက တချောင်းထောင်တော့ သူက လက်သုံးချောင်း ပြန်ထောင်ပြတာပေါ့။ ကားမှန်က တ၀က်ချထားပြီး ကားမောင်းသူက အဲဒီလူနားက ကားကို အဖြတ်မှာ ဘာမှန်းမသိဘူး လှမ်းအော်ပြောတယ်။ ဖြစ်နိုင်တာကတော့ ဆဲတဲ့စကားလုံးပဲ လို့ ယူဆမိပါတယ်။ ဟိုလူက ပလက်ဖောင်းပေါ် ရောက်နေပေမဲ့ သူလည်း အဆဲခံရရောာ နောက်ပြန်လှည့်ပြီး ပြစ်ပြစ်နှစ်နှစ် ဆဲထည့်လိုက်ပြန်တယ်။ လည်ချောင်းကျောကို ထောင်နေတာပဲ။ ဖြူဆွတ်နေတဲ့ သူ့မျက်နှာကြီးတခုလုံးက နီရဲလို့။ ကားမောင်းသူက လူငယ် အမျိုးသမီးပါ။ ကားထဲမှာလဲ လူအပြည့်နီးပါး ပါတယ်။ မောင်းသူရော ကားပေါ်က ကောင်မလေးတွေရော ဆံပင်တွေ မပေါ်အောင် ပုဝါအနက်တွေနဲ့ လုံအောင် ထုပ်ထားကြတယ်။ သူတို့ ဒေါသတွေက ကိုယ့်ကိုပါ အရှိန် လာဟပ်သလား မသိဘူး၊ သူတို့ကို ကြည့်ပြီး စိတ်ထဲ ညစ်ကျုကျု ဖြစ်သွားမိတယ်။

ဒါနဲ့ ကိုယ့်အလှည့်ကျတော့ ဖြတ်ခွင့်ပေးတဲ့ မီးစိမ်းပြတဲ့ထိ စိတ်ရှည်ရှည်စောင့်ပြီးမှ ဖြတ်ကူးလိုက်ပါတယ်။ ဒီလိုနဲ့ ဆက်သွားနေရင်း ၃ မိနစ်သာသာလောက် သွားအပြီးမှာ ကျမ နောက်ကနေ ကောင်လေး နှစ်ယောက် ကျော်တက်ကြပြန်ပါတယ်။ တယောက်က ကတုံးပေါက်စ၊ နောက်တယောက် နားရွက်ဖတ်လပ် ပါတဲ့ ဦးထုပ်ဆောင်းထားတယ်။ ဦးထုပ်နဲ့ ကောင်လေးက အသားခပ်ညိုညို၊ ဖလန်နယ်အကွက် ရှပ်အင်္ကျီ ၀တ်ထားတယ်။ သူတို့နှစ်ယောက် လူငယ်သဘာဝ အာပေါင်အာရင်းသန်သန် စကားပြောရင်း သွားနေကြရာက ကတုံးလေးက ရုတ်တရက် လမ်းတဖက်ကို ဖြတ်ကူးလိုက်တယ်။ အဲဒီနေရာကတော့ မီးပွိုင့်တွေ ဘာတွေ မရှိပါဘူး။

ကတုံးလေး ဖြတ်ကူးတော့ ဦးထုပ်လေးကလည်း ကမန်းကတန်း လိုက်ကူးတယ်။ အဲဒီအချိန်မှာ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ကားတစီး လာနေပြန်တယ်။ ကတုံးလေးက အရှိန်မြှင့်ပြီး ပြေးလိုက်တော့ လွတ်သွားရော။ ဦးထုပ်လေးကတော့ လမ်းခလယ်က မျဉ်းဖြူကြောင်းပေါ် ရောက်နေပြီ။ ရှေ့ဆက်သွားရမလို ရပ်နေရမလို ဒွိဟဖြစ်နေတယ်။ ကားကလည်း သူတို့ကို မြင်တော့ အရှိန်လျှော့ပြီး မောင်းလာတယ်။ သူ ကူးမယ်ဆိုရင် လွတ်တဲ့ အနေအထားပါပဲ။ ဒါပေမဲ့ သူက ရပ်လိုက်ပြီး ကားကို ဖြတ်ဖို့ လက်ပြတယ်။ ကားကလည်း အရှိန်ကို အတော်လေး နှေးလိုက်ပြီး ဘီးလှိမ့်တယ်ဆိုရုံပဲ မောင်းသွားတယ်။ ကောင်လေးရှေ့က အဖြတ်မှာ ကောင်လေးက ကားမှန်ပြတင်းကတဆင့် မောင်းသူကို ဆောရီးလို့ တောင်းပန်လိုက်တယ်။ မောင်းတဲ့သူက အသက် ၆၀ လောက်ရှိပြီလို့ ယူဆရတဲ့ မျက်နှာဖြူ အမျိုးသမီးကြီး တဦးပါ။ သူက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ကားဖြတ်သွားတော့မှ ကောင်လေးက လမ်းဆက်ကူးပြီး အေးအေးဆေးဆေး သူ့လမ်းသူ ဆက်သွားတယ်။

ကျမလည်း သူတို့ကို ကြည့်ရင်း သဘောကျလို့ တယောက်ထဲ လမ်းလျှောက်ရင်း ပြုံးနေမိပါရဲ့။
***
တနေ့ထဲမှာ တူညီပေမဲ့ ကွဲပြားတဲ့ အဖြစ်အပျက် နှစ်ခုကို မိနစ်ပိုင်းလေးပဲ ခြားပြီး ကြုံလိုက်ရတာ ကျမကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ တလမ်းလုံး အဲဒီအဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတယ်။

ပထမလူဟာ သူ့အတွက် မီးနီနေတာကို ဖြတ်တဲ့အတွက် သူမှားတယ်။ ဒါပေမဲ့ ဒါကို ကားနီက စပြီး မဆဲဘဲ လစ်လျူရှုလိုက်ရင် … နှစ်ယောက်လုံး လမ်းလယ်ခေါင် လူမြင်ကွင်းမှာ ဒေါသတွေနဲ့ ပူလောင်စရာ မလိုဘူး။ ဒုတိယလူလည်း ပြောမယ်ဆိုရင် မှားတာပါပဲ။ သူလမ်းကူးမယ်ဆိုရင် ကားရှင်းမရှင်း ကြည့်ပြီးမှ ကူးသင့်တယ်။ သူက စကားပြောရင်း သူ့သူငယ်ချင်းကူးလို့ မကြည့်ဘဲ ပြေးကူးလိုက်တယ်၊ ကားနဲ့တိုးတယ်၊ ဒါပေမဲ့ ကားမောင်းသူကလည်း နားလည်စွာ အရှိန်လျှော့ ပေးတယ်၊ ဒီလူငယ်ကလည်း သူ့အမှားသူသိလို့ တောင်းပန်တယ်။ ဒီတော့ နှစ်ဦးနှစ်ဖက် ပြေလည်သွားတယ်။ ဒေါသတွေ အမုန်းတွေ ဆဲတာတွေ ခနဲ့တာ ရိတာ ရန်တွေ့တာတွေ အညှိုးအတေးနဲ့ အာဃာတတွေ ဘာမှ မရှိတော့ဘူး။ အဲဒါတွေက တကယ်တမ်း ကိုယ့်အထုပ် ကိုယ်ဖြည်ပြနေသလိုပဲ။ ဘေးကကြည့်ရင် ရှက်ဖို့လဲ ကောင်းပါတယ်။

တကယ်တော့ … ဘယ်နေရာမဆို လူတွေဟာ ကိုယ်ပေးတဲ့အတိုင်း ကိုယ်တိုင် ပြန်ရကြတာချည်းပဲမဟုတ်လား။
***
မေဓာဝီ
၂၄၊ ဧပြီ၊ ၂၀၁၀
၁၈း၀၉ နာရီ

22 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဒီပိုစ့်ကို ပညာသား ပါပါနဲ့ ရေးထားတာ ကွန်မန့် မရေးပဲကို မနေနိုင်လို့ ရေးပါတယ်။

ကြုံတွေလိုက်တဲ့ အဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတဲ့ မမေဓါဝီ ဘာကို ဆိုလိုတယ်.., ဘယ်သူတွေကို ရည်ညွှန်းတယ် ဆိုတာ မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ကို ပေါ်လာတာပဲ။

စာရေးသူရဲ့ ပညာပါပါ ရေးသားမှု့ အဆင့်ရှိမှု့ကို လေးစားပါတယ်။

"တကယ်တော့ ဘယ်နေရာမဆို လူတွေဟာ ကိုယ်ပေးတဲ့အတိုင်း ကိုယ်တိုင် ပြန်ရကြတာချည်းပဲ မဟုတ်လား" ဆိုတဲ့အတိုင်း စာရေးသူ ပေးတဲ့ အမြင်၊အတွေးကို အရယူသွားပါတယ်။

Two thumbs up!!!

လေးစားလျက်
စိုးမြနန္ဒာသက်လွင် (SMNTL)

ကိုအောင် said...

လမ်းတွေ တစ်ခုနဲ့တစ်ခု ဖြတ်မိတဲ့နေရာမှာပဲ လူတွေက ဆုံမိကြတယ် ထင်ပါတယ်။

မေ့သမီး said...

အမရေ လောကကြီးမှာတော့ ဒီလိုပါပဲနော်။ ပေးသလိုပြန်ရတာပါပဲ။ ညီမတော့ အခုတလော တရားစာအုပ်တွေဖတ်ပြီး ပါရမီဆယ်ပါးကိုကျင့်မယ်လို့ ဆုံးဖြတ်ထားတယ်။ (တကယ်လုပ်နိုင်မလုပ်နိုင်တော့ မသိသေးဘူး။)

Nge Naing said...

မှတ်သားသွားပါတယ်။

Anonymous said...

bravo!

အရမ်းကောင်းတဲ့ပို့စ်..အမ။
အဲလိုမျိုးတွေဖတ်ချင်နေတာကြာပီ။

ညီမ

shwezinu said...

ညီမ မေဓါဝီ ရေ

အဲဒီလိုမျိုး တွေ တွေ့ ချင်ရင်တော့ မန္တလေး သာလာခဲ့..

မောင်းချင်သလို မောင်းကြ ဖြတ်ချင်သလို ဖြတ်ကြ မှားမှား မှန်မှန် ဦးအောင်သာ တောင်းပန်လိုက် အိုကေ ဘဲ..

ဂျစ်လို့ကတော့ မပြီးနိုင်မစီးနိုင် ရန်ပွဲများ..

တခါတလေတော့ ပေးလိုက်တဲ့ အတိုင်းရတတ်ပေမဲ့ တခါတလေတော့လည်း ပေး ပေမဲ့ မရတတ်ဘူး

ချမ်းမြေ့ပါစေ
ခင်တဲ့
ရွှေစင်

Vista said...

အလွန်မှန်ကန်ပါတယ် ရေးထားတာကောင်းလိုက်တာ

kiki said...

တဦးမေတ္တာ တဦးမှာ ဆိုသလိုပေါ့ မမေဓာဝီရေ ။ပြည်ကြီးသားတွေ ဒီလိုလုပ်မယ် မထင်ရဘူး (လူအမျိုးမျိုး စိတ်အထွေထွေကိုး .....)

ဒီလို လမ်းဖြတ်ကူး တဲ့ သူတွေ နေပြည်တော် ဆိုင်ကယ်သမားတွေနဲ့  တွေ့ လို့ ကတော့ မလွယ်ဘူး ဖြစ်သွားမယ် ထင်တယ်နော် ။ လက်ခလည်ထောင်ပြဖို့ တောင် အချိန်ရလိုက်မယ် မဟုတ်ဘူး ....
http://www.khitpyaing.org/news/April2010/19410b.php

ခင်တဲ့
မကိ

Unknown said...

ဝင်ရောက်ဖတ်ရှု့လေ့လာသွားပါတယ်ခင်ဗျာ-

sosegado said...

မိနစ်ပိုင်းလေးမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်အတွင်း လူတွေရဲ့ သဘော သာဘဝ ရေးထားတာ မှတ်သားရပါတယ်။ ဒီမှာလည်းရှိပါတယ်။

pandora said...

ဟုတ်လိုက်လေ..
ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ရောက်ပုံကို ဥပမာပြထားတာ မြင်သာလိုက်တာ မမေ။

ကလူသစ် said...

ရွှေပြည်အေးတရားဟောမနေနဲ့ ဂျီးတော်.. မရတော့ဘူး

စုချစ် said...

ကားမောင်းတဲ့ သူ အချင်းချင်းလဲ လမ်းတောင်းရင် မပေးချင်ပဲ တယောက်နဲ့ တယောက် လမ်းလုပြီး ရန်စောင်ကြတာတွေ ရှိတယ် မမေရေ...
ကိုယ်ကတော့ ထင်တာ... လမ်းတောင်းရင် ပေးလိုက်... ကိုယ်ပေးလိုက်တဲ့ လမ်းကနေ သူများအဆင်ပြေသွားတာမြင်ရတာ ပျော်စရာမကောင်းဘူးလားနော့....
း-)

ကိုပေါက်စ said...

အင်း.....ကိုယ်ထိလက်ရောက်တွေဖြစ်မကုန်တာပဲတော်သေး
တာပေါ့...။
လူတွေ၊စိတ်တွေ၊...ဒီလိုပါပဲ.....။
(အကြောင်းအရာ၊တင်ပြထားပုံလေးကိုအရမ်းသဘောကျမိ
ပါတယ်)

ရွှေဂျမ်း said...

Great post အမ။း)

ကိုကိုးအိမ်(မန္တလေး) said...

ဟုတ်တယ် အမရေ တကယ်ပါပဲ
လူ့အောက်ကျို့လို့လူပိမသေပါဘူးဗျာ
ကိုယ့်ဘက်ကလည်း တအားကြီအောက်ကျို့နေရတာ လည်းမဟုတ် ဆောရီးတစ်လုံးတည်းနဲ့ဖြစ်တဲ့ဟာ
ခက်ပါတယ်ဗျာ
မန်းတလေးကအဲဒါတော့စည်းရှိတယ်ဗျ မောင်းချင်သလို သာမောင်းတာ မရိုင်းစိုင်းဘူး

ခင်မင်လျှက်
ကိုကိုးအိမ်

မေငြိမ်း said...

မမေဓာဝီ
သူများပြောတာနဲ့ ကျမကို ရည်ရွယ်ပြီး ဆုံးမထားတဲ့ post လေး လာဖတ်ပါတယ်..။ ကျေးဇူးတင်ပါတယ်ရှင်..။ ဘုရားတရားနဲ့ နေတဲ့ မမေဓာဝီက ဆိုရေးရှိက ဆိုအပ်လှဆိုသလို ဆုံးမတာမို့ ကျမအတွက် တကယ်ပဲ အရှက်ရစေပါတယ်။ မမေဓာဝီက မှန်တာကို ရေးတာမို့ ကျမလိုပဲ နာမည်တပ်ပြီးရေးလည်း ရပါတယ်ရှင်..။ မမေဓာဝီလို စိတ်နှလုံးထားနိုင်အောင်ကြိုးစားပါဦးမယ်..။ လောလောဆယ်တော့ ကျမရဲ့ ဒေါသရှေ့ထားတတ်တဲ့ စိတ်ကလေးကို ထိန်းဖို့ ကြိုးစားရင်း မှန်တယ်ထင်တာလေးတွေတော့ ရေးနေဦးမှာပါ။ မမေဓာဝီလည်း အမြဲတမ်း အဲလို နှလုံးသွင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်..
လေးစားလျက်
မေငြိမ်း

Flower said...

အသိတရားပေးတဲ့ပိုစ့်ကလေးကို ပါပဲ..
ကိုယ်မြင်တာလေးကို အသိတရားလေးတွေဆွဲထုတ်ပြပြီး
ရေးသွားတာလေးက စိတ်ဝင်စားစရာကောင်းသလို
မှတ်သားစရာလေးပါဘဲ..
ဆင်ခြင်စရာလေးတွေမို့ စိတ်ထဲကနေ လေးလေးနက်နက်
ဖတ်သွားမိပါတယ်..
ကိုယ်တိုင်ကလည်း ရုတ်တရက်ဆို ဒေါသက အရင်ထွက်လာတတ်သူမို့ပါ..
ကျေးဇူးအစ်မရေ...

~ဏီလင်းညို~ said...

မမေရေ.......
ခုမှ ဖတ်ရတယ်....ဒီပို့စ်လေးကို.......။
ဖြစ်တတ်တဲ့ သဘာဝလေးကို ရေးပြထားတာ...... ကောင်းတယ်ဗျာ....။
ဒီကတော့ တချို့ကားတွေ၊ ဆိုင်ကယ်တွေဆို..... (တော်တော် များများပါပဲ) မီးပွိုင့် ၀ါနေ၊ နီနေရင်တောင် အတင်းဖြတ်မောင်းတာ ခဏခဏ တွေ့နေရလို့ ကိုယ်က ပြန်ရှောင်နေရသကိုးးးးးးး.........း))
မတော်......ကိုယ့် ၀င်ကြုံးသွားမှာစိုးလို့ပဲဗျာ....။
(များသောအားဖြင့် အလုပ် ချိန်တွေဆို ပိုဆိုးတယ်...း))

ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ.....။


ခင်မင်တဲ့
ဏီလင်းညို

စာဖတ်သူ said...

ထင်သာထင် .... သြော် ... သနားစရာ ... ဘ၀၊ ဘ၀ ၊ အမျှ. . . အမျှ . . .

ရန်ကုန်မှာကတည်းက သတင်းတွေ ကြားဖူးပါတယ် ။ အခုတော့ အရင်ကြားဖူးတာကဟန်ဆောင်ထားတာလား . . အခုလို ရန်လိုတတ်တာက အစစ်အမှန်လား . .

စိတ်ဓါတ်ကျမိပါတယ် ။

မောင်သီဟ said...

ဖတ်သွားတယ်ခင်ဗျာ့ ကောင်းတယ်ဆိုတာလက်ခံတယ်
အပိုမပြောတော့ဖူးး)

ဘာနေ ... said...

ကောင်းပါတယ် သူငယ်ချင်း
လူ့ဘဝမှာ ဒါတွေကို နားလည်ထားမှ
ဒုက္ခနည်းမယ် အဲ့ဒီလိုမှ မဟုတ်ရင်
ခက်ခဲတာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်
ကျေးဇူးပါ .. သတိ တစ်ခု ရလို့
ပျော်ရွှင်ပါစေ . ကံကောင်းပါစေ ...
အေးချမ်းပါစေ ... သူငယ်ချင်း