ဘာလိုလိုနဲ့ ကျမ ဒီနေ့တင်တဲ့ စာဟာ ကျမဘလော့အတွက် ၃၀၀ - ခုမြောက် ပို့စ် ဖြစ်လို့နေပါပြီ။ ဘလော့မှာ တင်ခဲ့သမျှ စာတွေဟာ ကျမရဲ့ခြေလှမ်းတွေဆိုရင် ခုဆို ခြေလှမ်း ၃၀၀-တိတိ ရှိပြီပေါ့။ ဒီ ခြေလှမ်းလေးတွေ တလှမ်းချင်းလှမ်းနေတဲ့ ကာလတလျှောက် စိတ်ပျော်စရာတွေ … စိတ်ညစ်စရာတွေ ကြုံခဲ့ရတယ်၊ တခါတလေ လှမ်းနေတဲ့ ခြေလှမ်းတွေ ယိုင်နဲ့ပြီး ပြိုလဲမတတ် ဖြစ်ပျက်ခဲ့ရတယ်။ ကျမစာတွေကို အမြဲမပြတ်ဖတ်ပြီး အားပေးကြသူတွေဆီက ရရှိတဲ့ ခွန်အားတွေ ကြောင့်သာ ကျမ ခုချိန်ထိ ဆက်လက် လျှောက်လှမ်းနေနိုင်တာပါ။ ကျမနဲ့ အမြင်ချင်းတူသူ အမြင်ချင်းမတူသူ မည်သူပင်ဖြစ်စေ … ကျမရဲ့စာတွေ လာဖတ် တာကိုက ကျမကို အားပေးနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျမစာတွေကို ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါတယ် … လို့ ဒီနေရာက အလေးအနက် ပြောပါရစေ။
ဒီနေ့တော့ စလှမ်းခဲ့ဖူးတဲ့ “ပထမဆုံး ခြေလှမ်းလေး” ကို မမေ့လျော့စွာ ပြန်ကြည့်မိပါတယ်။ ကျမက ကြောင်ဆိုးကလေး ဂါးဖီးလ်ကို ချစ်တယ်။ ဒါကြောင့် ပထမဆုံးပို့စ်မှာ ဂါးဖီးလ်ကာတွန်းလေး တင်ထားလိုက်တာပါပဲ။ ဒီကာတွန်းမှာပါတဲ့ I can, but I won’t ဆိုတဲ့ စာသားလေးကိုလည်း သဘောကျမိလို့ပါ။ တခါတခါ ကျမက ကိုယ်လုပ်နိုင်ပေမဲ့ မလုပ်ဘဲ ပေပေတေတေ နေတတ်တာကိုး။ ဒါကြောင့် About me ဆိုတဲ့ နေရာမှာလည်း ဒီစာသားလေး တင်ထားခဲ့မိတာပါ။ တချို့က ဘာကြောင့် အဲဒီစာသား ရေးတာလဲ ဆိုပြီး ကျမကို မေးကြတယ်။
ဘလော့ကို စရေးခါစကတော့ ကျမစိတ်ထဲ သိပ်စွဲစွဲလမ်းလမ်းကြီး မဟုတ်ခဲ့ပါဘူး။ အဲဒီကာလတွေတုန်းက ကျမမှာ ဘာမှ လုပ်စရာမရှိဘဲ ယောင်ချာချာဖြစ်လို့ နေချိန်ပေါ့။ အလုပ်ကအနားယူနေခိုက်၊ ကျန်းမာရေးပြန်လည်ကောင်းခါစ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဝေးကွာပြီး တယောက်ထဲ အထီးကျန် နေချိန်မှာ ကျမစာတွေ ရေးဖြစ်တယ်။ ရေးပြီး ဘယ်မှလဲ မပို့ဘဲ ဒီတိုင်းသာ သိမ်းထားခဲ့ ပါတယ်။ ဒီလိုနဲ့ အင်တာနက်မှာ လျှောက်လည်ပတ်ရင်း မြန်မာ ဘလော့တွေကို ဖတ်ဖြစ်ခဲ့ရာက ကိုယ်ပိုင် ဘလော့တခု လုပ်ဖို့စိတ်ကူးရပြီး စမ်းတ၀ါးဝါး လုပ်ကြည့်ခဲ့တာပါပဲ။
စမ်းတ၀ါးဝါးဆိုတာက ကျမက စာရေးတာကလွဲလို့ ကျန်တာဘာမှ မတတ်တဲ့ အတွက် ဘလော့တခုဖြစ်မြောက်ဖို့ စမ်းတ၀ါးဝါး ဟိုမေးဒီမေးနဲ့ လုပ်ခဲ့ရပါတယ်။ နောက်ခံ အနက်ရွေးချယ်ဖြစ်ပုံကတော့ အနက်ရောင်ကို သဘောကျလို့ပါပဲ။ အရင်ကတော့ ဘန်နာလေးတွေကို တလတခု ပြောင်းလဲတပ်ဆင်ခဲ့တယ်။ ခုတော့ အဲဒီလိုတွေလည်း လောလောဆယ် မပြောင်းချင်သေးဘူး။ ကျမ ဘလော့ဟာ တခြားဘလော့တွေနဲ့စာရင် အင်မတန်မှ ရိုးရှင်းနေမှာအမှန်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဓာတ်ပုံနဲ့ စာတင်တာကလွဲလို့ ထွေထွေထူးထူး မလုပ်တတ်လို့ပါ။ လုပ်တတ်ဖို့လည်း ကျမ မကြိုးစားခဲ့ပါဘူး။
အထီးကျန်သူ တယောက်အတွက် အကောင်းဆုံးအဖော်ဟာ ဘလော့ရေးခြင်းပဲလို့ ကျမကတော့ ထင်တာပါပဲ။ အဲဒီအချိန်တုန်းက ဘလော့ရေးနေဖြစ်ခဲ့လို့သာ ကျမအချိန်တွေကုန်လို့ ကုန်မှန်းမသိ မငြီးငွေ့ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ ကျမ ဘလော့ကို လာဖတ်သူတွေ တယောက်စ နှစ်ယောက်စရှိလာတဲ့အခါမှာ အားတက်ပြီး ဆက်ရေးဖြစ်တယ်။ များသောအားဖြင့် တနေ့တပုဒ် တင်ဖြစ်အောင် ကြိုးစားခဲ့တယ်။
ကျမနေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲက တချို့၊ ကျမ ဖတ်ဖြစ်တဲ့ စာအုပ် တွေထဲက ကောင်းနိုးရာရာ ကောက်နုတ်ချက်တချို့ အပြင် ကျမဘလော့ရဲ့ ခေါင်းစဉ်လိုပဲ … ကျမတွေးမိတွေးရာတွေကို နေ့စဉ်လိုလို ရေးနေမိပါတယ်။ ကျမ ပြောခဲ့ဖူးသလို “အကြောင်းတရားလေးပါး” နဲ့ မတိုက်ဆိုင်တဲ့အခါတော့ မတင် ဖြစ်ဘူးပေါ့။ ကျန်နေ့ရက်တွေတိုင်းမှာ ကျမဘလော့နဲ့ ကျမ အမြဲထိတွေ့ရင်း ပီတိ ဖြစ်နေမိပါတယ်။
ဒီလိုနဲ့ မြန်မာ ဘလော့အသိုင်းအ၀ိုင်းလေး ကျယ်ပြန့်လာတယ်။ ဘလော့ဖတ်သူ ဘလော့ဖန်တီးသူ အရေအတွက် တဖြည်းဖြည်းများပြားလာတယ်။ ဘလော့ လောက ထဲက နှုတ်မဆက်ဘဲ ထွက်သွားသူတွေ … နှုတ်ဆက်ပြီး ထွက်သွားသူ တွေ … အသစ် အသစ် ၀င်လာကြသူတွေ … ဒီလူတွေကြားမှာ … ဒီအသိုင်းအ၀ိုင်းလေးကို ကျမ တွယ်တာလာမိတယ်။ သံယောဇဉ်ဖြစ်လာမိတယ်။ ဘယ်လိုနည်းနဲ့မှ ဒီလောကထဲက ကျမ ရုန်းထွက်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒီကွန်ယက်ထဲ ကျမ ငြိတွယ်နေမိ ပါပကော။
ဘာလို့ ဘလော့ရေးနေရတာလဲ … ။
ရည်ရွယ်ချက်က ဘာလဲ … ။
ဘာအကျိုးအမြတ်ရှိသလဲ … ။
ကျမ ဒါတွေ မသိပါဘူး … ။
တခုတည်းသော ကျမရဲ့ အသိကတော့ မျှဝေခံစားလိုခြင်းပါပဲ။
ဘလော့ရေးခြင်း ဘလော့ဖတ်ခြင်းဟာ တယောက်နဲ့ တယောက် မျှဝေခံစား နားလည်ပေးခြင်း … လို့ ကျမကတော့ ယူဆပါတယ်။
နည်းပညာတွေ၊ သတင်းတွေ၊ သီချင်းတွေ၊ သုတ၊ ရသတွေ … ဒါတွေကို တယောက်နဲ့ တယောက် မျှဝေကြတယ် … ခံစားပေးကြတယ် … နားလည်ပေး ကြတယ် မဟုတ်လား။
တခါတလေမှာတော့ ခံစားချက်ခြင်း မတူကြ၊ ခံယူချက်ခြင်း မညီကြ၊ နားလည်မှု ခြင်း ကွဲလွဲကြ …ဖြစ်ကြတဲ့အခါ … ပဋိပက္ခလေးတွေ အနည်းအကျဉ်း ပေါ်ပေါက် ကြတာပေါ့။ နောက်တော့လည်း ဒါတွေဟာ ပြီးသွားတာပါပဲ။ အချင်းချင်း အမုန်းတရားတွေ အာဃာတ အညှိုးအတေးတွေ မထားစကောင်းပါဘူး။ ကျမတို့ဟာ တလမ်းထဲမှာ အတူတကွ လမ်းလျှောက်နေကြသူတွေ မဟုတ်ပါလား။ ဒါနဲ့ပဲ… ချစ်လိုက် … မုန်းလိုက် …ပျော်လိုက် … စိတ်ညစ်လိုက်နဲ့ ခံစားချက် မျိုးစုံ အတွေ့အကြုံ အထွေထွေနဲ့ တလှမ်းခြင်း လျှောက်လှမ်းလာလိုက်တာ …ခြေလှမ်း လေးတွေ တဖြည်းဖြည်း တိုးတိုးလာပါ ရောလား။
ခြေလှမ်းတွေတိုးလာပေမဲ့ ကျမ လှမ်းခဲ့တဲ့ အတိတ် ခြေရာတွေက ပျောက်ကွယ် မသွားပါဘူး။ ကျမ မရှိတော့သည်တိုင်အောင် …. ကျမလှမ်းခဲ့ဖူးတဲ့ ခြေရာတွေ … ဒီဘလော့ကမ္ဘာလေးထဲမှာ ကျန်နေခဲ့ဦးမှာပါလား ဆိုတဲ့ အသိကြောင့် ကျမ ပီတိဖြစ်ရပါတယ်။ လူ့ဘ၀ဆိုတာ တိုတိုလေးလေ … ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ကျမဘ၀ အဆုံးသတ်မယ်ဆိုတာ … ဘယ်သူက များကြိုသိနိုင်မှာလဲ … ။
“ရပ်လို့မနေ
သွားရင်းသေမည်
အမှန်တရားဆီ
ရဲရဲချီ”
တခါက ကျမရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ထဲက ဒီအပိုင်းလေးကို ထုတ်နုတ်ပြီး ဘန်နာမှာ တင်ခဲ့ဖူးပါတယ်။
အဲဒီကဗျာလေးထဲကလိုပါပဲ … ။
တိုတောင်းလှတဲ့ ဘ၀အတောအတွင်းမှာ ကျမ တွေဝေငေးမောစွာ ရပ်ပြီး မနေ ချင်ပါဘူး။ ကျမ ယုံကြည်ချက်အတိုင်း … ကျမ မျှော်လင့်ချက်အတိုင်း သေသည့် တိုင် မယိုင်မလဲ လျှောက်လှမ်းလို့ နေချင်ပါတယ်။ ကျမရဲ့ ဦးတည်ရာ ပန်းတိုင် အမှန်တရားဆီသို့ …ရှေ့ရှုလို့ပေါ့ … ။
***
လေးစားချစ်ခင်စွာဖြင့် …
မေဓာဝီ
၁၄၊ ဇူလိုင်၊ ၂၀၀၇
နံနက် ၈ နာရီ ၃၀ မိနစ်

14 comments:
>>> ကျမ ဘလော့ဟာ တခြားဘလော့တွေနဲ့စာရင် အင်မတန်မှ ရိုးရှင်းနေမှာအမှန်ပါပဲ။
I believe "simple is beautiful." :) :)
အားပေးနေတယ်။
နောက်မှာ အမြဲ ရပ်နေပါတယ် မမေ။
(ရှေ့ကနေရင် ကိုယ့်ကိုအရင် လာထိမှာစိုးလို့ အဟဲ)
အကြိမ် ၃၀၀ မြောက်ပို့စ်မှာ နောက်ခံအရောင် အနက်ကို ပြောင်းပေးဖို့ ၂ ကြိမ်မြောက် တောင်းဆိုလိုပါတယ်။
Hello May,
I am always be one of your fan.
I read your blog's everyday but I didn't write comment for everyday.
Today I wish you good work and happily for next step.
Ma Khine
ပို့စ်ပေါင်း ၃၀၀ တောင် ရှိသွားပြီ။ ဂုဏ်ယူဝမ်းသာပါတယ်ခင်ဗျာ။ မမေရေးတဲ့ စာတွေက ကျွန်တော်တို့အတွက် အမြဲတမ်း တန်ဖိုးထား စောင့်ဖတ်ရပြီး ဖတ်ပြီး မေ့ပစ်ဖို့ မဟုတ်ပဲ သေသေချာချာ သိမ်းဆည်းထားရမယ့် စာကောင်းပေမွန်တွေမို့ပါ။ နောင်ကိုလည်း မမေရဲ့ စာပေတွေ ဘလော့ဂ်ပေါ်မှာ အမြဲတမ်း လာဖတ်နေဦးမှာပါခင်ဗျာ။
ကိုလွင်မိုး၊ ပန်ဒိုရာ၊ ကိုသက်ဦး၊ မခိုင် နှင့် ကိုမျက်လုံး …
ဖတ်ရှု အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ကိုသက်ဦးကိုတော့ အားနာပါတယ်။ လောလောဆယ် ကျမ အပြောင်းအလဲ မလုပ်ချင်သေးတာမို့ အနက်ရောင် နောက်ခံလေးနဲ့သာ သည်းခံဖတ်ရှုပေးပါအုံးနော်။
မမေရေ မင်းသားဒွေး သေဆုံးပြီးနောက်ရက်ကစလို့ နှစ်လုံးထီသမားတွေ ဒွေး အသက်၊ ဒွေးနာမည် စသဖြင့် သူနဲ့ ဆိုင်တဲ့အရာတွေကို အတိတ်ကောက်ပြီး နှစ်လုံးထီ ထိုးနေကြတယ်ဆိုတာ ကြားရတဲ့အတွက် မြန်မာပြည်ရဲ့ နှစ်လုံးထီလောကကို တော်တော်လေးစိတ်ပျက်မိပါတယ်။ အရင်တုန်းကလည်း အနီးအနားက လူတစ်ယောက်သေရင် သူ့အမည် သူ့အသက်ကို အတိတ်ကောက်ပြီး နှစ်လုံးထီထိုးကြတာတွေ ကြားနေရတာကြာပါပြီ။ ကျွန်တော်သေရင်တောင် မြန်မာနိုင်ငံမှာ သေရမှာ ကြောက်တောင်လာပြီ။ နှစ်လုံးထီအတိတ်ကောက်ခံရမှာစိုးလို့ပါ။ မမေရဲ့ ပို့စ်တွေအကုန် မဖတ်ရသေးတဲ့အတွက် နှစ်လုံးထီနဲ့ပတ်သက်လို့ ရေးထားတာရှိ၊ မရှိ မသိပါ။ နှစ်လုံးထီထိုးခြင်းနှင့်ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရတာတွေများပါပြီ။ နှစ်လုံးထီနဲ့ပတ်သက်လို့ မမေစိတ်ကူးရလို့ ရေးဖြစ်မယ်ဆိုရင် စိတ်ဖြေဆေးအနေနဲ့ နှစ်သိမ့်တဲ့ စာတစ်ကြောင်းတစ်လေ ဖတ်ချင်မိပါတယ် မမေရယ်။
မမေရဲ့ ပို့စ် ၃၀၀ မှ နောင် ပို့စ်ပေါင်းများစွာကို ရေးနိုင်ပါစေရှင်း)
wish you continues writing your thought about daily life something like "this morning" post. I am a regular reader of your blog although I rare to post any comment.
ကောမန့်မပေးဖြစ်ပေမယ့် အားပေးနေပါတယ် မမေဓာဝီရေ။ ပြီးတော့ မြန်မာစာ အရေးအသားနဲ့ ဝေးနေတဲ့ ကျွန်တော်လို လူအတွက် အရေးအသားနဲ့ ပတ်သက်ပြီး မမေဓာဝီ ဘလော့ဂ်ဆီက လေ့လာနေဆဲပါဗျာ။ ဆက်ပြီးတော့လဲ ဒီထက် များများ ပို့စ်လုပ်နိုင်ပါစေ။
Ma May..
I am one of your supporters since you were not blogger till now, but no comment can be written here on public for your happiness. May your blog long life !!!!
ရောက်တာ နောက်ကျသွားတယ် အစ်မရေ။ Congratulation နော်။ ဒီထက်အဆပေါင်းများစွာ ရှေ့ဆက်လှမ်းနိုင်ပါစေလို့
Hello Ma May dar wii,
Can you pls give me ur email address? I have something Important( for me ) to tell you.thanks ur kindness.
Mee
meeain@gmail.com
ya sis..
I also love to read and write blog coz I love to read others' feeling and thoughts.
And sis, your blog is interesting and knowledge sharing. I like it and hope u keep it going.
All the best..
cizium
"Success is a journey, not a destination."
Post a Comment