Sunday, June 17, 2007

အဖေပြောတဲ့ ကဗျာပုံပြင် (၂)

ဒီကနေ့ အဖေနေ့မို့ အဖေအကြောင်း မရေးဘူးလားဆိုပြီး ညီမလေးတွေက ကျမကို မေးကြတယ်။ အဖေ့အကြောင်းက ကျမရေးတဲ့စာ တော်တော် များများမှာ ပါနေကျမို့ ဒီနေ့မှ ထူးထူးခြားခြားရယ်လို့ မရေးချင်ပါဘူး။ ပြီးတော့ “အဖေနေ့” မှ အဖေ့ကို သတိရရမှာလား … အဖေ့အကြောင်းရေးရမှာလား … လို့ ကျမ စိတ်ထဲ ကတ်သီးကတ်သပ်လည်း တွေးနေမိတယ်။

ဒါပေမဲ့လည်း အဖေနေ့မှာ အဖေ့အကြောင်းရေးတော့ ပိုပြီး အမှတ်တရ ဖြစ်စေ တာပေါ့ … အကြောင်းအမျိုးမျိုးကြောင့် အဖေနဲ့ ခွဲခွါနေရတဲ့သူတွေ … အဖေ့ကို မေ့လျော့ထားခဲ့မိသူတွေ … အဖေနဲ့ လူချင်း နီးနေပါလျက်နဲ့ စိတ်ချင်းဝေးနေ ကြသူတွေ … အဲဒီလိုလူတွေအတွက် “အဖေနေ့” ဆိုတဲ့ သတ်မှတ်ချက်ကလေး တခုရှိနေတော့ မေ့လျောနေခဲ့မိရင်တောင် အမှတ်ရနိုင်တာပေါ့ … ဆိုပြီး ပြန်လည် တွေးခဲ့မိပါတယ်။

တကယ်တမ်း အဖေနဲ့ပတ်သက်လို့ ကျမရေးမယ်ဆိုရင် ရေးစရာတွေက တပုံတပင်နဲ့ မကုန်နိုင်လောက်ပါဘူး။ ဒါကြောင့် အဖေနေ့မှရယ်မဟုတ် … ကြုံရင်ကြုံသလို အဖေ့အကြောင်းတွေ အဖေ့ဖန်တီးမှုတွေ ကျမ ရေးနေမိဦးမှာ ပါ။ ကျမဘလော့မှာ အဖေ့ကဗျာတွေကို အမှတ်တရဆိုပြီး တင်ခဲ့ပေါင်းလည်း များလှပါပြီ။ (တချို့ကတော့ လုပ်စားတယ်တဲ့ ပြောကြသေး)

ဒါကြောင့် ဒီနေ့တော့ လုပ်စားတယ်ပဲဆိုဆို အဖေနေ့ အမှတ်တရပဲ ပြောပြော အဖေပြောတဲ့ ပုံပြင်ကလေးတပုဒ် တင်ချင်ပါတယ်။ ကဗျာပုံပြင် (၁) ကတင်ပြီးသားဆိုတော့ အခုတင်မှာက (၂)ပေါ့။ ဒီကဗျာပုံပြင်လေးက အဖေ့ မှတ်စုစာအုပ် အဟောင်းလေးထဲကပါပဲ။ အဲဒီပုံပြင်ကလေးကို အဖေက ကဗျာအဖြစ်လည်း ရေးထားပါတယ်။
***
“တလမ်းသွား”

*ပုံပြင်*
တခါက ခြင်္သေ့အိုကြီးတကောင်ဟာ အားအင်ကုန်ခမ်းနေပြီ ဖြစ်လို့ အစာရှာ မထွက်နိုင်တော့ဘူး။ ဒါကြောင့် သူဆုံးဖြတ်လိုက်တယ်။ ဂူထဲမှာပဲ လဲလျောင်းပြီး နာဖျားဟန်ဆောင်နေဖို့ပေါ့။

အဲဒီအခါမှာ တိရစ္ဆာန်ကလေးများဟာ ခြင်္သေ့နာကြီးပဲဆိုပြီး ဂူထဲကိုဝင်လာကြ သတဲ့။ ခြင်္သေ့ကြီးကလည်း ၀င်လာသမျှ သတ္တ၀ါတွေကို အလွယ်တကူ ဖမ်းယူ စားသောက်နေတော့တာပေါ့။

ဒီနည်းနဲ့ ၀မ်းရေးဖူလုံနေတုန်း တနေ့မှာ မြေခွေးတကောင်ဟာ ခြင်္သေ့ကြီးနေတဲ့ ဂူဝနား ရောက်လာတယ်။ သူဟာ အထဲကို မ၀င်သေးဘဲ ခြင်္သေ့ကြီးနဲ့ အလှမ်း ဝေးဝေးကနေ ရပ်ပြီး အကဲခပ် ကြည့်ရှုနေသတဲ့။

“ခက်လိုက်လေကွယ် … ဘာကြောင့် အဝေးကြီးမှာ ရပ်နေရသလဲ၊ အထဲကို ၀င်ခဲ့ပါတော့လား …” လို့ ခြင်္သေ့ကြီးက အားမလိုအားမရ မြေခွေးကို လှမ်းခေါ် လိုက်သတဲ့။

“ကျွန်တော် ၀င်ခဲ့ချင်ပါရဲ့ … ဒါပေမဲ့ ကျွန်တော်မြင်ရတဲ့ ခြေရာများဟာ ဂူထဲကို အ၀င်သာရှိပြီး အထွက်ခြေရာတော့ မရှိတာကြောင့် ခုလို မ၀င်ဘဲ နေရတာပေါ့” လို့ ဖြေပြီး ပြန်လှည့်ထွက်သွား သတဲ့ … ။ … ။

(ပုံပြင်လေးကတော့ ဒါပါပဲ။ ကဗျာလေးကို ဖတ်ကြည့်ပါဦး။)
***
တလမ်းသွား

*ကဗျာ*
တခါတုန်းက တောထဲမှာ
ခြင်္သေ့အိုကြီး ရှိလေတာ၊
အစာရှာဖို့ သူမစွမ်း
အားအင်ကုန်ခမ်း စိတ်တွေပန်း။

မပန်းဘဲနှင့် အစာကို
အလွယ်တကူ သူရလို၊
သူ့ကိုယ်ကို ဖျားဟန်ပြောင်း
ကလိန်ဉာဏ်နှင့် ဂူတွင်အောင်း။

အပေါင်းများစွာ သတ္တ၀ါ
ခြင်္သေ့နာကြီး မှတ်ထင်ကာ၊
သူရှိရာ ဂူအတွင်း
မကြောက်မရွံ့ ၀င်ချင်းနင်း။

သိန်ဖျင်းဉာဏ်ကြွယ် ခြင်္သေ့လယ်
ဝင်လာသမျှ ပွဲတော်တယ် (တည်)
“လွယ်လွယ်ကလေး ငါ့ဝမ်းရေး”
ဂုဏ်ယူသံနှင့် သူဟစ်ကြွေး။

ဝေးဝေးမကြာ သူရှိရာ
မြေခွေးတကောင် ရောက်လို့လာ၊
ဂူဝမှာ ရပ်ကာကြည့်
ကိုမြေခွေးက ပညာရှိ။

က၀ိအသွင် သားဘုရင်
ဂူဝရပ်လှာသူကိုမြင်၊
ခေါ်ငင်ဂူတွင်း အယုံသွင်း
“၀င်ပါ့ချက်ချင်း သူငယ်ချင်း”။

အကင်းပါးတဲ့ မြေခွေးမောင်
ခြင်္သေ့လှည့်ကွက် နားမယောင်၊
မျက်မှောင်ကြုတ်ကာ ပြန်လို့ပြော
“၀င်ချင်ပါရဲ့ … ကျုပ်မနော”

“ဟောဒီနားက ခြေရာတွေ …
အ၀င်ကိုသာ တွေ့ရပေ၊
မိတ်ဆွေထံပါး ၀င်ခစား
အထွက်ခြေရာ မတွေ့ငြား”

စကားတုံ့လှန် ခြင်္သေ့ထံ
ထိုအကြောင်းကြောင့် နောက်ဆုတ်ပြန်၊
အမှန်မြင်သိ ပညာရှိ
ကိုမြေခွေးက တော်ပါဘိ
မှတ်ပါသတိ … အမြဲရှိ ။ … ။
***

ဒီကဗျာပုံပြင်လေးတွေကို ၁၉၇၅ အောက်တိုဘာလတုန်းက အဖေရေးခဲ့တယ်လို့ ထိုးထားတဲ့ နေ့စွဲအရ သိရပါတယ်၊ မှတ်စုစာအုပ်ကလေးက အဲဒီတုန်းက အဖေ ဟိုမှတ်ဒီမှတ် မှတ်ခဲ့တဲ့ စာအုပ်ကလေးပေါ့။

အဖေ့ကဗျာတွေ ပုံပြင်တွေ အဖြစ်အပျက် အမှတ်တရလေးတွေ တင်ခဲ့မိသမျှ ပြန်ရှာပြီး စုစည်းထားလိုက်ပါတယ်။

အဖေပြောတဲ့ ကဗျာပုံပြင် (၁)
အဖေ့ သင်္ကြန်ကဗျာ
အဖေ့ကဗျာ (၈)
အဖေ့ကဗျာ (၇)
အဖေ့ကဗျာ (၆)
လွန်ခဲ့သောနှစ်ပေါင်း ၃၀-ကျော်က စာတစောင်
အဖေ့ကဗျာ (၅)
အဖေပြောသောပုံပြင်
အဖေ့ကဗျာ (၄)
လှံ နဲ့ ဒိုင်း (သို့မဟုတ်) အဖေမေ့သွားသော ကဗျာတပုဒ်
အဖေ့ကဗျာ (၃)
အဖေ့ကဗျာ (၂)
၄၂ နှစ်တာ ခရီးမှသည် (အဖေနဲ့ အမေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့)
story 2 (အဖေကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမကိုပြန်ပြောပြတော့ ကျမက ၀တ္ထုတပုဒ် ဖြစ်အောင် ဖန်တီးခဲ့တယ်)
အဖေ့ကဗျာ (၁)
***
၁၇၊ ဇွန်၊ ၂၀၀၇
ညနေ ၅ နာရီ ၂၀ မိနစ်

5 comments:

hana said...

Wow!! I love this post.
Thanks , Ma May.
I love stories.
My dad used to tell bed time stories when I was a kid.
But now I miss dad's stories.
Am I too old to listen to stories?
I don't think so.:D
Please pass my reagrds to your dad, ma may.
bye

Prince said...

Today is Father's day !! Someone told me, to whom I was very much appreciated...

Daddy... who is the greatest man in a family, no complain though.

In my opinion, why it is only one day in a year? questioned myself.To me is every day....


I recall a poem named " Do Pe Pe", I don't know who is the authour of that poem. But it was too good so that I don't forget.
And also, my dad had told stories before we went to bed while we were young, including the story about "The old lion and the clever fox". I did remember that.. ..... A good one indeed.
As soon as I saw that story, it will remind me of my olden golden day...and lesson learned form that story is that... "to be wise and observant" .........

Now I know the person who wrote that story.. it is copyrighted.
That is your dad... The greatest man in your family......

Thanks for sharing

s0wha1 said...

ပုံပြင် နောက်တစ်ပုဒ်ရပြန်ပြီ...ကျေးဇူးမမေ...

ဂျစ်တူး - gyit_tu said...

(ပြီးတော့ “အဖေနေ့” မှ အဖေ့ကို သတိရရမှာလား … အဖေ့အကြောင်းရေးရမှာလား … လို့ ကျမ စိတ်ထဲ ကတ်သီးကတ်သပ်လည်း တွေးနေမိတယ်။)

မမေလို ကတ်သီးကတ်သပ်တွေးတတ်တာမျိုး ညီမလည်း ဖြစ်တယ် မမေရယ် ။ ညီမက ဘာနေ့မှ celebrate မလုပ် ။ ယုတ်စွအဆုံး.. ချစ်သူများနေ့ဆိုတာကြီးတောင် တခါမှ မလုပ်ဖူးဘူး ။

yangon said...

မမေ
အဖေနဲ့ပတ်သက်တဲ့စာတွေဖတ်ရင်းက ငိုချင်လာတယ်။ ပြီးအောင်ဆက်မဖတ်နိုင်တော့ဘူး။ အဝေးရောက်နေရတဲ့ အဖေ့အချစ်ဆုံး သမီးတယောက် အနေနဲ့ ရန်ကုန်ကို ခဏလောက်ပြန်ပြီး အဖေ့ကို တွေ့ခွင့်ရရင်.. ရန်ကုန်သူ