Thursday, August 18, 2011

အားရနေလို့ … အားကျစေဖို့ …

ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၁ ခုနှစ်။

လန်ဒန်တက္ကသိုလ် (SOAS) ရဲ့ ဘွဲ့နှင်းသဘင် အပ်နှင်းတဲ့ အခမ်းအနားကို အွန်လိုင်းကနေ စောင့်ကြည့်နေခဲ့တယ်။ အဲဒီနေ့မှာ မဟာဝိဇ္ဇာဘွဲ့ယူသူ ၃ ဦးက ကျမနဲ့ ခင်မင်ရင်းနှီးနေတာမို့ သူတို့ကို အားပေးချင်စိတ်နဲ့ စောင့်ကြည့်နေခဲ့တာပါ။ သူတို့ ၃-ဦးက M.A Religions: Buddhist Studies Pathway (မဟာဝိဇ္ဇာ ဘာသာရေး ဗုဒ္ဓဘာသာလေ့လာရေးလမ်းစဉ်) ဆိုတဲ့ ဘွဲ့ကို ယူကြတဲ့သူတွေ ဖြစ်ပြီး ၃ ဦးအနက် ၂ ဦးက မြန်မာပြည်က သံဃာ ၂ ပါးနဲ့ ကျန် တဦးကတော့ ကျမနဲ့ ခင်မင်ရင်းနှီးနေတဲ့ ပြည့်ပြည့် (ပြည့်ဖြိုးကျော်) ဆိုတဲ့ မိန်းကလေးပါပဲ။


လန်ဒန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား

ပြည့်ပြည့်ကို ကျမသိတာ ကြာပါပြီ။ ဒီနိုင်ငံကို ရောက်ခါစ လွန်ခဲ့တဲ့ လေးနှစ်ခန့်က စသိခဲ့တယ်။ အဲဒီတုန်းက သူက အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ကျောင်းတက်နေတာလို့ သိရတော့ ချီးကျူးဂုဏ်ယူမိတယ်။ ကျမ ငယ်ငယ်ကတည်းက ခုချိန်ထိ သိပ္ပံမောင်ဝရဲ့ “အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း” စာအုပ်ကြီးကို မရိုးနိုင်အောင် အခေါက်ခေါက် ဖတ်ပြီး အောက်စ်ဖို့ဒ်နဲ့ ရင်းနှီးနေခဲ့တဲ့အပြင် အောက်စ်ဖို့ဒ်လို့ အသံကြားတာနဲ့ ရင်ခုန်မိသလို အောက်စ်ဖို့ဒ်မှာ ကျောင်းတက်ခွင့်ရသူတွေကို ဆိုရင်လဲ သိပ်အထင်ကြီး အားကျတာပဲ။

ပြည့်ပြည့်က အောက်စ်ဖို့ဒ်ကနေ ဘတ်ချလာ ဒီဂရီ ရသွားပြီး လန်ဒန်မှာ မာစတာ ဆက်တက်တယ် ကြားတယ်။ အဲဒါက မထူးဆန်းပေမဲ့ ထူးဆန်းတာက မာစတာဒီဂရီကို ယူတဲ့ ဘာသာရပ်က အောက်စ်ဖို့ဒ်မှာ တက်ခဲ့တဲ့ ဘာသာရပ်နဲ့ မတူဘဲ လုံးဝ ပြောင်းလဲသွားလို့ပါပဲ။ သူတက်တဲ့ ဘာသာရပ်က အထက်မှာ ရေးခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ (Buddhist Studies Pathway) ဆိုတော့ ထူးခြားနေတာပေါ့။ အဲဒီကတည်းက ကျမသူ့ကို စိတ်ဝင်စားနေမိတယ်၊ သူနဲ့ အေးအေး ဆေးဆေး စကားပြောချင်တယ်၊ သူကလဲ အလုပ်က ခပ်များများ၊ ခရီးတွေ ဟိုသွားဒီသွားနဲ့၊ နောက်ပြီး စာဂျပိုးလေးဆိုတော့ စာကလွဲရင် ဘာမှ အာရုံမရှိသူ။ စာတွေ သိပ်လုပ်လွန်းလို့ ဆရာမတွေကတောင် တားနေရတယ်လို့လဲ တဆင့်စကား သတင်းတွေကြားရဲ့။

နောက်တော့ မာစတာဒီဂရီကိုလဲ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီး အခု PhD အတွက် ဆက်လုပ်နေပြီ ဆိုတော့ ကျမအတော်လေးကို အံ့သြရင်း ချီးကျူးမိသလို ၀မ်းလဲ ၀မ်းသာဂုဏ်ယူမိတယ်။ နိုင်ငံရပ်ခြားရောက် မြန်မာမိန်းကလေး (လူဝတ်ကြောင်) ထဲမှာ ခုလို ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်ကို စိတ်ဝင်တစားနဲ့ တစိုက်မတ်မတ် PhD အဆင့်ရောက်အောင် လေ့လာတဲ့သူ (ကျမသိသလောက်ဆိုရင်) အင်မတန်မှ ရှားပါတယ်။ သူ့ကို အားကျစိတ်၊ သူ့လုပ်ရပ်တွေကို အားရကျေနပ်စိတ်ကြောင့် အင်တာဗျူးလုပ်ချင်လို့ မေးခွန်းလေးတွေ စီစဉ်ပြီး ဇူလိုင်လရဲ့ နေ့လည်ခင်း တခုမှာ သူ့အိမ်ကို သွားတွေ့ဖြစ်ခဲ့တယ်။
***

(၁) အင်တာဗျူးနေ့က လျှပ်တပြက်ရိုက်ချက် (၂) ပါဠိသင်တန်းတခု၌စိတ်ဝင်စားစွာ နားထောင်နေစဉ်

မေ - ပြည့်ပြည့် အောက်စ်ဖို့ဒ်က ရတဲ့ဘွဲ့ နာမည်နဲ့ ခုနှစ်ကို ပြောပြပါဦး။

ပြည့် - B.A (Hons) Economics and Management ပါ။ စီးပွါးရေးနဲ့ စီမံ အုပ်ချုပ်ရေးပေါ့။ ၂၀၀၈ ခုနှစ်က ဘွဲ့ရခဲ့ပါတယ်။

မေ - အောက်စ်ဖို့ဒ် တက္ကသိုလ်ဝင်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ၊ ၀င်ခွင့်ရဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်လဲ။
ပြည့် - ၀င်ခွင့်ရဖို့က Grade A level မှာ အနည်းဆုံး 3 A ရမှ လျှောက်လို့ရတယ်။ အဲဒီအတွက် GCSE မှာရော A Level မှာရော တောက်လျှောက် ကြိုးစားခဲ့ရပါတယ်။ ကျောင်းလျှောက်ဖို့အတွက် အက်ဆေး ၂ ပုဒ်နဲ့ application form ကို အောက်တိုဘာမှာ နောက်ဆုံးထားပြီး တင်ရတယ်၊ အဲဒါကို ကြည့်ပြီးးမှ သူတို့က လက်ခံတယ်ဆိုရင်ရင် အင်တာဗျူး ခေါ်တယ်။

မေ - အက်ဆေးကို သူတို့ ဘာခေါင်းစဉ်ပေးထားလဲ၊ စာလုံးရေရော သတ်မှတ်ထားလား။
ပြည့် - ဘာခေါင်းစဉ်ရယ်လို့ မပြောဘူး၊ စာလုံးရေလဲ သတ်မှတ်မထားဘူး။ အဲဒီတုန်းက ကံကောင်းချင်တယ်လို့ပဲ ပြောရမှာပေါ့၊ A level မှာတုန်းက ဘိုင်အိုတို့ Business study တို့မှာ အက်ဆေးအရှည်တွေ extra class အနေနဲ့ ဆရာတွေက လုပ်ခိုင်းထားတာ ရှိတယ်၊ တချို့လူတွေကတော့ မလုပ်ကြဘူး၊ မလုပ်လဲရတယ်။ သမီးကတော့ လုပ်ထားတာ ရှိတယ်ဆိုတော့ ပို့လိုက်တာပေါ့။ နောက်ပြီး Reference တွေလဲ ဆရာတွေဆီက ရတယ်။ application form ကို အောက်တိုဘာမှာပို့လိုက်တယ်၊ ဒီဇင်ဘာလဆန်းမှာ အင်တာဗျူးသွားရတယ်။

မေ - အင်တာဗျူးမှာ မေးတဲ့မေးခွန်းတွေ မှတ်မိသေးလား။ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
ပြည့် - အင်တာဗျူးက ၂-ရက်မေးတာ၊ ပထမနေ့မှာ ရေးဖြေ၊ သင်္ချာနဲ့ အင်္ဂလိပ်စာ ဖြေရတယ်။ နောက်တနေ့ အီကိုနဲ့ Management ဆိုတော့ အင်တာဗျူး ၂-ကြိမ် ဖြေရတယ်။ အီကိုက တကြိမ် Management က တကြိမ်ဆိုတော့ စုစုပေါင်း ၃-ကြိမ်ပေါ့။ မေးတာကတော့ အစုံပဲ။ နာရီဝက်စီလောက် ကြာတယ်။ မေးတဲ့သူက နှစ်ယောက်၊ တယောက်က ဘာသာရပ်ဆိုင်ရာမေးတာ၊ နောက်တယောက်ကတော့ အထွေထွေပေါ့။ အဲဒီတုန်းက မှတ်မှတ်ရရ အာရှဘက်က တက်နေတဲ့အချိန်၊ အီကိုမှာမေးတာ … အနောက်နိုင်ငံက စတော့မားကတ်တွေနဲ့ အရှေ့နိုင်ငံက စတော့မားကတ်တွေကို နှိုင်းယှဉ်ခိုင်းတယ်။ အရှေ့ကတော့ အနောက်ကို မှီမှာမဟုတ်ဖူး … လို့ ။ အရှေ့နိုင်ငံက institution အနေနဲ့ လုပ်ထားတဲ့ law တွေဘာတွေက သိပ်ပြီး strong မဖြစ်ဘူး။ အနောက်နိုင်ငံက ကြာလှပြီ၊ အကုန်လုံး ဖွဲ့စည်းတည်ဆောက်ပုံက စနစ်တကျ ရှိပြီးသား။ ဒါတောင်မှ crash ဖြစ်တာဆိုတော့ အရှေ့နိုင်ငံမှာ ဆိုရင်တော့ ပိုဆိုးမှာပေါ့။ အဲဒါကတော့ မှတ်မှတ်ရရပဲ။

မေ - ဒါနဲ့ ပြည်ပြည့်က ဘာဖြစ်လို့ ဒီဘာသာရပ်ကို ရွေးခဲ့တာလဲ။
ပြည့် - Business Study လုပ်ထားတယ်ဆိုတော့ Eco နဲ့ Management ကို ရွေးလိုက်တာပါ။ အောက်စ်ဖို့ဒ်မှာ သမီးစ၀င်တော့ အဲဒီကို့စ် စတာ ၄ နှစ်လောက်ပဲ ရှိသေးတယ်။ အရင်က B.A Eco ပဲ ရှိတယ်။ Management နဲ့ မပေါင်းဘူး။ နောက်မှပေါင်းလိုက်တာ။ ဒီကို့စ်က အောက်စ်ဖို့ဒ်မှာ competition အများဆုံးဖြစ်လို့ ၀င်ဖို့ ခက်တဲ့ ကို့စ်တခုပဲ။

မေ - အောက်စ်ဖို့ဒ်မှာ ဘယ်နှနှစ်ကြာခဲ့လဲ။
ပြည့် - ပုံမှန်က ၃ နှစ် ကို့စ်၊ ၂၀၀၄ ကနေ ၂၀၀၇ ဆိုရင် ပြီးရမှာ။ ဒါပေမဲ့ သမီးက ၁ နှစ် gap ယူလိုက်တာ။ အမေဆုံးလို့ ရန်ကုန်ပြန်တာနဲ့ ၂၀၀၆-၂၀၀၇ တနှစ်နားလိုက်တယ်။ အဲဒါကြောင့် ၂၀၀၈ မှ ပြီးတယ်။


(၁) အောက်စ်ဖို့ဒ်တက္ကသိုလ်ဘွဲ့နှင်းသဘင် (၂) ဆရာတော်ဦးဓမ္မသာမိနှင့်

မေ- ပြည့်ပြည့် အဲဒီမှာ သင်နေတဲ့ ကာလတလျှောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေ ဘာတွေများရှိလဲ။
ပြည့် - ကြုံရတဲ့ အခက်အခဲကတော့ အောက်စ်ဖို့ဒ်မှာ သင်တဲ့စနစ်က တခြားတက္ကသိုလ်တွေနဲ့ ကွာတယ်။ ဘက်ခ်ျလာ လယ်ဗယ်မှာတောင် independent study မို့ ဆရာတွေကိုချည်း သိပ်ပြီး အားကိုးလို့ မရဘူး။ နောက်ပြီး အောက်စ်ဖို့ဒ်မှာက ကျူတိုရီယာယ် စနစ်၊ အက်ဆေးစနစ် ဆိုတာ ရှိတယ်။ အက်ဆေးက တပတ်ကို ပျမ်းမျှခြင်း ၂ ပုဒ် အမြဲရေးရတယ်၊ တပုဒ်ကို စာလုံးရေ ၁၂၀၀ နဲ့ ၁၅၀၀ကြား ဆိုတော့ စုစုပေါင်း တပတ်ကို စာလုံးရေ ၃၀၀၀ လောက်က အမြဲရေးနေရတယ်။ အဲဒီအတွက် စာကလဲ အနည်းဆုံး source ၁၀ ခုလောက် ဖတ်ရတယ်။ စုစုပေါင်းဆို ၂၀ လောက် သွားကျတာပေါ့။ chapter ဆိုလဲ ၂၀၊ article တွေ ဖတ်ရင်လဲ ၂၀ ပေါ့။ အဲဒီလိုမျိုးဖတ်ရတော့ time pressure ရှိတယ်၊ အောက်စ်ဖို့ဒ်မှာ essay crisis က အမြဲတမ်းဖြစ်တယ်။ တင်ခါနီး မနက်ဖြန် တင်ရမယ်ဆိုရင် ဒီနေ့ညက အိပ်ချိန်က တော်တော်နည်းသွားပြီ။

နောက်တခုက သမီးရဲ့ ကို့စ်မှာ လက်ချာနဲ့ ကျူတိုရီယာယ်နဲ့က အံဝင်ခွင်ကျ မဖြစ်ဘူး။ ပုံမှန်က လက်ချာပြီးမှ ကျူတိုရီယာယ်ဖြစ်ရမယ်။ ဒါပေမဲ့ တခါတလေ ဒီ term က လက်ချာကို နောက် 3rd term လောက်ကျမှ ကျူတိုရီယာယ် ၀င်ရတယ်။ တခါတလေ ကျူတိုရီယာယ် အရင်ဝင်ပြီးမှ လက်ချာလာတယ်။ အဲဒီတော့ စာကို ကိုယ့်ဟာကိုယ် ဖတ်ရတယ်။ ကောင်းတာကတော့ ကျူတိုရီယာယ်မှာ ကျောင်းသား အများဆုံး ၃ ယောက်လောက်ကို ဆရာတယောက် ဆိုတော့ ဆရာက ပိုပြီး attention ပေးနိုင်တာပေါ့။ အဲဒါကတော့ အားသာချက်ပေါ့။ အားနည်းချက်ကတော့ ဆရာတွေက မရှင်းပြနိုင်ဘူး။ သူတို့မှလဲ အချိန်မရှိဘူး။ ကိုယ်စာဖတ်ပြီး နားမလည်ရင် အဲဒါ ကိုယ့်ရဲ့ ပြဿနာပဲ။ ဆရာတွေက ဘာမှ လုပ်ပေးလို့မရဘူး။ လက်ချာကလဲ နောက်မှလာမှာဆိုတော့ မသိဘူး။ အဲဒီတော့ တကယ့် Independent study ပဲ။

နောက်ပြီးတော့ အကုန်လုံးက competition များတယ်။ ၀င်ဖို့လဲ competition ရှိသလို ကျောင်းသားတွေကလဲ တယောက်နဲ့ တယောက် အမြဲတမ်း ပြိုင်နေကြတာ။ နောက်တခုက အဲဒီက အားနည်းချက်လို့ ဆိုရမှာပေါ့လေ … ကိုယ်သာလျှင် အညံ့ဆုံးလို့ ကျောင်းသားတိုင်းလိုလိုက တွေးတာ။ အဲဒါက မှန်ခြင်းမမှန်ခြင်း ဘေးချိတ်၊ ကျောင်းသား အများစုက တွေးကြတာ။

မေ - ဘာဖြစ်လို့ အဲဒီလိုတွေးတာလဲ။ သူများတွေက ကိုယ့်ထက်သာတယ်လို့ ထင်တာလား။
ပြည့် - ဟုတ်တယ် … ထင်တာ … အထင်နဲ့ချည်း ဖြစ်နေကြတာ။

မေ - အဲဒါဆို စိတ်ဓာတ်ကျတဲ့ သဘော ဖြစ်နေကြတာပေါ့။
ပြည့် - ဟုတ်တယ်၊ စိတ်ဓာတ်ကျတဲ့ ရောဂါက အဲဒီမှာ တော်တော်များတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ တနှစ်ကို အနည်းဆုံး ၂ ယောက် ၃ ယောက်လောက် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။

မေ - ဆရာတွေကရော ကျောင်းသားတွေကို စိတ်ဓာတ်အင်အား မြှင့်တင်မပေးကြဘူးလား။
ပြည့် - လုပ်တော့လုပ်တယ်၊ ဒါပေမဲ့ ဆရာတွေနဲ့ ကျောင်းသားနဲ့က ထိတွေ့မှု သိပ်မရှိဘူး။ အောက်စဖို့ဒ် တက္ကသိုလ်က ကောလိပ်တွေနဲ့ အုပ်ချုပ်တာမို့ ကိုယ်က ဒီကောလိပ်မှာနေပေမယ့် တခြားကောလိပ်က ဆရာဆီမှာ ကျူတိုရီယာယ်သွားယူရတာဆိုတော့ ဆရာနဲ့ ကျောင်းသားနဲ့က ထိတွေ့မှုသိပ်မရှိဘူး။ အထူးသဖြင့် ဘတ်ချလာ လယ်ဗယ်ဆိုရင် ထိတွေ့မှုပို နည်းတယ်။

ပထမနှစ်က အီကိုလက်ချာဆိုရင် သွားသာထိုင်တယ် ဘာမှ နားမလည်လိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတွေက စာသင်ချိန် ၂ နာရီအတွင်း သင်ရတဲ့ ခေါင်းစဉ်တွေက အရမ်းများတော့ အမြန်သင်ရတယ်။ ဘာသာစကားကို ရွေးတာကိုက စကော်လာတွေကို သင်သလို terminology တွေသုံးတာဆိုတော့ နားလည်ရခက်တယ်။ ကိုယ်က ကြိုမဖတ်ထားရင် နားမလည်ဘူး။

နောက်တခုက … အောက်စ်ဖို့ဒ်ကို ၀င်တဲ့ ဗြိတိသျှ ကျောင်းသားအများစုက ပရိုက်ဗိတ်ကျောင်းတွေက လာကြတာ၊ အဲဒီကို ၀င်တဲ့ နိုင်ငံတကာက ကျောင်းသားတွေဆိုရင်လဲ ပရိုက်ဗိတ်ကျောင်းထွက်တွေပဲ။ သမီးရဲ့ အတန်းဖော်တွေက ပရိုက်ဗိတ်ကျောင်းက၊ သမီးတယောက်ထဲ စတိတ်ကျောင်းက ဆိုတော့ သူတို့ ပရိုက်ဗိတ်ကျောင်း ယဉ်ကျေးမှုနဲ့ကွာတာပေါ့။ ဒါကြောင့် သမီးအနေနဲ့ adjust လုပ်ရခက်ခဲ့တယ်။

မေ - အဲဒီတော့ ပြည့်ပြည့် စာသင်တဲ့တလျှောက် စိတ်ဖိစီးမှုတွေ ဖြစ်တာကို ဘယ်လို တွန်းလှန်ခဲ့လဲ။
ပြည့် - ၂၀၀၅ ဒီဇင်ဘာမှာ ဆရာတော်ဦးဓမ္မသာမိ အောက်စ်ဖို့ဒ်ကျောင်း အဟောင်းကို ပြောင်းလာပြီ။ အဲဒီမှာ သောကြာညဆို စုပေါင်း တရားထိုင်တာ ရှိတယ်။ အဲဒါက တော်တော်ကယ်သွားတယ်။ အဲဒီကနေ မျိုးစေ့ပျိုးသလို ဖြစ်သွားတာပေါ့။ ပထမတုန်းကတော့ စာသင်ပြီး ပင်ပန်းတာနဲ့ ဆိုတော့ အိပ်ငိုက်တာက များတယ်။ အိပ်ငိုက်ပေမဲ့လဲ အဲဒါက အစပျိုးသလို ဖြစ်သွားပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေကို တော်တော်လေး လျော့ကျစေပါတယ်။

မေ - အဲဒီအရင်ကရော ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ခဲ့လဲ။
ပြည့် - အရင်ကတော့ မိရိုးဖလာ ဘုရားရှိခိုး ပုတီးစိပ်တာလောက်ပဲ။ တရားထိုင်တာက ဆရာတော်နဲ့တွေ့မှ၊ ဆရာတော်က အခြေခံကစပြီး ဘယ်လိုထိုင်ရမယ် ဆိုတာသင်ပေးတယ်။ ဆရာတော်က ပရိယတ္တိဘက်လဲ အားသန်တယ်ဆိုတော့ စာလေးတွေနဲ့ ရှင်းပြတယ်။ သောကြာနေ့တိုင်း ၄၅ မိနစ်တရားထိုင် ပြီးရင် group discussion လုပ်တယ်။ အဲဒီအချိန်မှာ မသိတာရှိရင် မေးလို့ရတယ်၊ ဆရာတော်က ရှင်းပြပေးတယ်။

မြန်မာပြည်၌ သီလရှင်ဝတ်စဉ်

၂၀၀၇ မှာ မြန်မာပြည်ကို တနှစ်ပြန်တော့ သဲအင်းဂူမှာ ၁၀ ရက်စခန်းဝင်တယ်။ အဲဒါက ပထမဆုံး တရား စခန်း စ၀င်ဖူးတာပဲ။ သီလရှင်ဝတ်တာကတော့ ၂၀၀၈ အောက်စ်ဖို့ဒ်မှာ ဖိုင်နယ် စာမေးပွဲဖြေပြီးမှ မြန်မာပြည် ပြန်ပြီး သီလရှင် ၅ ပတ် ၀တ်တယ်။ ပြည်က သဲအင်းဂူမှာ တရားထိုင်တယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် တရားထိုင်ဖြစ်တယ်။ ဒီကို ပြန်လာတော့ ပဋိပတ္တိက လက်တွေ့လုပ်ထားပြီးပြီ ဆိုတော့ ပရိယတ္တိ လေ့လာချင်စိတ် ပေါ်လာတာပေါ့။ ဆရာတော် ဦးဓမ္မသာမိကတော့ သီအိုရီပိုင်းတွေ ရှင်းပြတယ်။



မေ- ပြည့်ပြည့် မဟာဝိဇ္ဇာဘွဲ့ ယူခဲ့တဲ့ M.A Buddhist Study ကို လေ့လာဖို့ စိတ်ကူးဖြစ်ခဲ့ပုံကို ပြောပြပါအုံး၊
ပြည့် - ၂၀၀၈ နိုဝင်ဘာမှာ ဒီကိုပြန်ရောက်ပြီး အောက်စ်ဖို့ဒ်မှာ ဘွဲ့နှင်းသဘင်ရှိလို့ နေတဲ့အချိန်မှာ တည တိပိဋက ဆရာတော် ဦးဂန္ဓမာလာကို ပဋ္ဌာန်းအကြောင်း သိချင်လို့ မေးရင်း ပဋ္ဌာန်းဆိုတာ အရမ်းခက်တယ် အရမ်းရှုပ်တယ်ဆိုတော့ စာသင်ရင်ကောင်းမလား လျှောက်တော့ ဆရာတော်က အားပေးတယ်။ အဲဒါနဲ့ ဆရာတော် ဦးဓမ္မသာမိဆီက အကြံဉာဏ်တောင်းပြီး SOAS မှာ M.A Buddhist Study ရှိတာနဲ့ လျှောက်လိုက်တယ်။

အဲဒီဟာ လျှောက်တဲ့အချိန်မှာပဲ ဘာမင်ဂန်မှာလဲ M.A Eco Development study ကို လျှောက်လိုက်သေးတယ်။ B.A ပြီးသွားတော့ M.A ဆက်လုပ်ချင်တာလဲ ပါတယ်။ စီးပွါး စီမံနဲ့ ဘီအေဘွဲ့ရပေမဲ့ စီးပွါးရေး မလုပ်ချင်ဘူး။ အရင်ကတည်းက စာသင်တာဝါသနာပါတယ်၊ စာရေးတာဝါသနာပါတယ်၊ စကော်လာ ဖြစ်ချင်တာကိုး။ ဒီ Buddhist Study မလုပ်ဖြစ်ရင်တောင် Development Study နဲ့ လုပ်ပြီး စာသင်တဲ့ လိုင်းဘက်သွားမှာ။ အခုက subject ပြောင်းပေမဲ့ career အနေနဲ့ကတော့ မပြောင်းဘူး။

အဲဒါနဲ့ ဘာမင်ဂန်မှာ Development Study လျှောက်တော့လဲ ၀င်တယ်။ အဲဒီအချိန်မှာ အဖေက အလုပ်ရှာလို့ပြောလို့ အလုပ်လျှောက်လိုက်သေးတယ်။ နောက်တော့ ဖေဖော်ဝါရီ ၂၀၀၉ မှာ ဦးဂိုအင်ကာ စခန်းသွားတယ်။ စခန်းက ထွက်ထွက်ချင်း အလုပ်က အင်တာဗျူး လှမ်းခေါ်တယ်၊ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ SOAS ကလဲ လှမ်းခေါ်တယ်၊ အလုပ်လုပ်ပြီဆိုရင် ကျောင်းတက်ရမှာ မဟုတ်တော့ဘူး၊ နောက်ဆုံးတော့ အလုပ်ကို မသွားတော့ဘူး။ SOAS အင်တာဗျူးပဲ သွားတော့တယ်။ အင်တာဗျူးတာကတော့ ခဏပါပဲ၊ ဘာကြောင့် social science ကနေ ဒီဘာသာရပ်ကို ပြောင်းတာလဲ ဆိုတာမျိုးလောက်ပဲ မေးတယ်။

အဲဒါကတော့ စိတ်ဝင်စားလို့ပေါ့၊ လေ့လာချင်တယ်၊ ကိုယ်လဲ meditation လုပ်ထားတဲ့ အခံရှိထားတော့ ဘာသာရေးကို တကယ့်ပညာရပ်တခုလို လေ့လာချင်လို့ ဖြေလိုက်တယ်။ နောက်ပြီး သမီးရဲ့ Reference တွေက အရမ်းကောင်းတယ်ပေါ့လေ၊ ဆရာတော်ဦးဓမ္မသာမိနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်က ဆရာရဲ့ reference ဆိုတော့ အရမ်းကောင်းလွန်းလို့တဲ့။ အင်တာဗျူးကတော့ လွယ်လွယ်ကူကူပဲ ပြီးသွားပါတယ်။
***
ပထမပိုင်းကို ဒီနေရာမှာ ခဏရပ်လိုက်ပါတယ်။ နောက်အပိုင်းမှာ …
- ဗုဒ္ဓဘာသာဆိုင်ရာ မဟာဝိဇ္ဇာကို လေ့လာသင်ယူတဲ့အတွက် မိဘဆွေမျိုးတွေရဲ့ အားပေးမှု (သို့) ကန့်ကွက်မှု အနေအထားတွေ …
- ဘာသာရေးနဲ့ ပတ်သက်လို့ ငယ်စဉ်ကနေ ခုချိန်ထိ အမြင်ပြောင်းလဲ လာပုံတွေ …
- မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုစာတမ်းအမည်နဲ့ အချက်အလက် စုဆောင်းခဲ့ရပုံတွေ …
- လက်ရှိလုပ်နေတဲ့ ပီအိတ်ခ်ျဒီဘွဲ့အတွက် ရွေးချယ်ထားတဲ့ ခေါင်းစဉ်၊ ပြီးစီးမှု အခြေအနေတွေ …
- ပီအိတ်ခ်ျဒီဘွဲ့ရပြီးနောက် အနာဂတ် ရည်မှန်းချက် … စသဖြင့် ဆက်လက်ဖော်ပြသွားပါမယ်။

စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ရှုအားပေးကြပါအုံး။ ပြီးခဲ့တဲ့ လကတည်းက အင်တာဗျူးခဲ့တဲ့ အသံဖိုင်ကို အားတဲ့အချိန်လေးမှာ နည်းနည်းချင်း နားထောင်ပြီး ပြန်ရေးထားတာမို့ အချက်အလက် အမှားအယွင်းများ ပါရှိခဲ့ရင် ကျမတာဝန်သာ ဖြစ်ပါကြောင်း။
***
မေဓာဝီ
၁၈၊ သြဂုတ် ၂၀၁၁
၂၂း၄၂ နာရီ

31 comments:

Anonymous said...

Nice interview.. Thanks..

sonata-cantata said...

ဆက်ရန်ကို အားရ၊ အားကျ စွာဖြင့် စောင့်မျှော်နေပါတယ်။

မောင်မျိုး said...

ဒီပို့စ်လေးပြီးရင် ပြည်တွင်းက လူတွေကိုလည်းဖတ်စေချင်လိုက်တာ ဂျာနယ်တစ်စောင်စောင်ကိုပို့ကြည့်ပါလား အားကျစရာကြီးဗျာ တကယ်တော်ပြီး လေးစားဖို့တော်တော်ကောင်းတယ် ။

နေ၀သန် said...

အင်း.. တကယ်စိတ်ဝင်စားဖို့ကောင်းတယ်.. ဖတ်နေရင်း အသက်ရှူဖို့တောင်မေ့တယ်... စိတ်ဝင်စားလို့.. ဆက်ပြီးတင်ပေးပါဦး..

ခင်မင်လျက်
နေ၀သန်

Than Lae said...

ဖတ်ခွင့်ရလို့  ကျေးဇူး အစ်မရေ ... ခဏ ခဏ လာဖတ်ဖြစ်ပေမဲ့ မန့် တော့မမန့် ဖြစ်ဘူးရယ် .. အခု ဒီမပြည့်ပြည့်ကိုတော့ အရမ်းချီးကျူးမိတယ် ..သိပ်လည်း အားကျတယ်ဗျာ .. နောက်အပိုင်းလေးတွေလည်း စောင့်ဖတ်နေမယ်နော် .. ဖေ့ဘွတ်မှာ ရှယ်ပါရစေလို့  ...

SHWE ZIN U said...

မမေဓါ ရေ

M.A Religions: Buddhist နဲ့ မြန်မာပြည်က ၃ယောက် အဲ ၂ပါး နဲ့ တယောက် တောင် ဘွဲ့ယူ မှာ ဆိုတော့ အားကျစရာဘဲ တကယ်ကိုချီးကျူး ဂုဏ်ယူ ပါတယ်

စာလေး ဖတ်ရင်းနဲ့ နံမည်ကြီး ဟားဘတ် ဆေးတက္ကသိုလ် ကို သိပ်တက်စေချင် တဲ့ အဖေ့ အတွက် သားက နောက်ဆုံး မတတ်နိုင်တော့ သူခန္ဒကိုယ် ကိုဘဲ ဟားဘတ် အတွက် လှူဒါန်း ခဲ့တယ် ဆိုတာကို သတိရသွားတယ်

ဟားဟားးးး အခုလည်း ဘယ်လို လုပ်ရပါ့မလည်း

စိတ်ဝင်စားစွာ ဆက်ရန် လေးကို မျှော်နေမယ်နော်

နတ္ထိ said...

referenceတွေ အရမ်း ကောင်းလွန်းတယ်ဆိုတာလေးကို အရမ်း စိတ်ဝင်စားသဗျာ။

Anonymous said...

နောက်တစ်ပိုင်းဖတ်ဖို့
စောင့်နေမယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ရီမိုးပြည့်  said...

မပြည့်ပြည့်က စာတွေ အရမ်းဖတ်နိုင်တာပဲနော်။ အားကျမိပါတယ်။ ရီမိုးက စာတွေအဲဒီ့လောက်လဲ မဖတ်နိုင်၊ ဖတ်ဖို့လဲ အခွင့်အရေးမရခဲ့တော့၊ အခုလို မပြည့်ပြည့်ရဲ့ ကြိုးစားအားထုတ်မူ့ ကိုအစွမ်းကုန်ချီးကျူးမိပါကြောင်း........

seesein said...

ကြီးမေ
တခါတည်း အပြီးဖတ်ချင်ပါတယ်ဆိုနေ မြန်မြန်နော် မြန်မြန် ကျေးဇူး


ခင်မင်တဲ့
စစ

Kay said...

ကျေးဇူး..မမေ
စိတ၀င်စားစွာ ဆက်ဖတ်နေပါ့မယ်

ကိုကိုမောင်(ပန်းရနံ့) said...

အချိန်ဆွဲမနေနဲ့ မြန်မြန်ရေးးးး))))

ဖတ်မဲ့သူတွေ တန်းစီနေကြပြီ။


ခင်မင်လျက်

mstint said...

ထူးချွန်ပြီး ပါရမီပါသူများ အားကျဖို့ကောင်းလိုက်တာ။ အခုလိုပြည့်ပြည့်စုံစုံလေး ဗဟုသုတတွေ မျှဝေပေးတာကျေးဇူးပါ မေဓာဝီရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

ဟုတ်တယ် ကြီးမေရေ မောင်မျိုးပြောသလိုပဲ အဆင်ပြေရင် လုပ်ကြည့်ပါလား။ ချီးကူး၊ ဂုဏ်ယူ၊ လေးစားမိပါတယ် ကြီးမေရေ။ နောက်အပိုင်းအပိုင်းတွေကိုလည်း စောင့်မျှော်နေမယ်ဆိုတဲ့အကြောင်း။ ကျန်းမာပျော်ရွှင်ကြပါစေ...

Anonymous said...

let me share on facebook

khin oo may said...

စုဖတ်သည် မေဓါဝီ။

Anonymous said...

အစ်မရေ..

စောင့်မျှော်လျက်ပါ..အရမ်းကိုအားကျပြီး ဂုဏ်ယူလွန်းလို့ပါ..
တတ်နိုင်ရင် မြန်မာပြည်မှာပါ သတင်းအဖြစ်ပါစေချင်ပါတယ်..

ဟန်ကြည် said...

သိပ္ပွံမောင်ဝရဲ့ အောက်စ်ဖို့တက္ကသိုလ်ခရီးသွား မှတ်တမ်းကို ပြန်ဖတ်ဖြစ်တာ ဒီလအတွင်းမှာ သုံးခါရှိပြီအစ်မရေ...အသက်တွေကြီးလာပေမယ့် အောက်စ်ဖို့အိပ်မက်ကတော့ အခုထိရှိနေဆဲမို့ အောက်စ်ဖို့အကြောင်းကို မကြာမကြာရှာဖတ်ဖြစ်တယ်...

မြန်မာပြည်ပေါက်တွေ၊ မြန်မာပြည်သူပြည်သားတွေ အောက်စ်ဖို့မှာတက်ကြတာ ဘွဲ့ယူကြတာတွေမြင်ရရင် အင်မတန်မှကို ၀မ်းသာဂုဏ်ယူမိပါရဲ့...ဒီတစ်ယောက်ကတော့ မဟာဘွဲ့တောင်ရခဲ့တာ ပိုလို့ဂုဏ်ယူမိပါတယ်...

ဒါတင်မကဘဲ သူယူတဲ့ဘွဲ့ကို ကြည့်လိုက်တော့ ဂုဏ်အယူမိဆုံးဖြစ်သွားပါတော့တယ်...ဒါတင်မကသေးဘဲ ခရစ်ယာန်အများစုရှိတဲ့ အဲဒီတိုင်းပြည်မှာ Buddhist Studies Pathway လိုဘွဲ့မျိုးထားတာ အင်မတန်မှကို ချီးကျူးဖို့ကောင်းတဲ့အပြင် ဘာကိုပဲလုပ်လုပ် ကျကျနနနဲ့ စေ့စေ့စပ်စပ်လေ့လာတတ်တဲ့ သူတို့လူမျိုးရဲ့ အကျင့်စရိုက်ကိုလည်း အတုယူသင့်တယ်လို့ ယူဆမိပါတယ်...

ကိုယ့်တိုင်းပြည်မှာက မိရိုးဖလာဗုဒ္ဓဘာသာဝင်အများစုပဲ ဖြစ်နေကြပြီး ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့ အနှစ်သာရနဲ့ လမ်းစဉ်ကို အခြေခံကျကျမသိတဲ့လူတွေများနေတာကို ကိုယ်တိုင်တွေ့နေ၊ မြင်နေရတော့ ကိုယ့်ဆီမှာလည်း အဲဒီလိုဘွဲ့မျိုး ရှိသင့်တယ်လို့လည်း ယူဆလိုက်မိပါသေးတယ်...တစ်နေ့နေ့ကျရင်တော့ ဖြစ်အောင်လုပ်နိုင်လိမ့်မယ်လို့လဲ ယုံကြည်မိပါရဲ့...အရာအားလုံးဟာ ယုံကြည်မှုအပေါ်မှာ မူတည်တယ်မဟုတ်ပါလား အစ်မရေ...

ဒီပို့စ်အတွက် ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပါရစေ...ကိုယ်တိုင်လည်း ဆက်ကြိုးစားချင်တဲ့စိတ်တွေ ပေါ်ပေါက်လာစေလို့ပါ...

Anonymous said...

If I were her, I will apply PhD in
Econ or Biz at Warwick (better than
University of Birmingham) as there are 17 chancellor scholarships.
http://www2.warwick.ac.uk/services/academicoffice/gsp/scholarship/wprs/

sosegado said...

စိတ်ကျလွယ်သူတွေအတွက်မလွယ်ပါလား။
စိတ်ဝင်စားစွာဖြင့် ဆက်ရန်ကိုစောင့်နေပါမယ်၊

မေဓာဝီ said...

ကွန်မန့်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ဖေ့စ်ဘုတ်မှာ ရှယ်ပေးတာလဲ ကျေးဇူးပါ။ နောက်အပိုင်းကို အားတဲ့အချိန်လေး ရေးပြီး တင်ပေးပါမယ်။ စောင့်ဖတ်မယ့်သူများကိုလဲ အားနာပါတယ် ... လောလောဆယ် မအားသေးလို့ ... မကြာမီ လာမည် မျှော် ...

...အလင်းစက်များ said...

အတော်ကို ထက်မြက်ပြီး ရင့်ကျက်တဲ့သူလို့  ပြောရမယ်ထင်တယ်.... သူ့ လိုသာ လုပ်လိုက်လို့  ကတော့ ဂေါက်သွားမလားပဲ..... Independent study တွေ ကျနော်တို့ အားနည်းလွန်းတယ်။ သူဒီဘာသာရပ်ကို ပြောင်းလိုက်ပေမယ့် ကယ်ရီယာ မပြောင်းဘူးဆိုတာလေး စိတ်ဝင်စားမိတယ်။ ဘယ်လိုရပ်တည်ပါလိမ့်နော်။

san htun said...

အားလည်း ကျတယ်..ဂုဏ်လည်း ယူတယ်..အောက်စ်ဖို့ စ် နဲ့  ဟားဘတ်နဲ့ တက်ရတဲ့ သူတိုင်းကို အထင်ကြီး လေးစားတယ်..ဆက်ဖတ်ရန် စောင့်မျှော်နေပါသည်...

T T Sweet said...

အားကျစရာ၊ အားရစရာတွေ လာဖတ်သွားပါတယ်။

ဂုဏ်ယူပါတယ် မပြည့်ပြည့်။
ကျေးဇူးပါ မမေရေ ။

မြစ်ကျိုးအင်း said...

ဂုဏ်ယူစရာ မြန်မာမိန်းကလေး တစ်ဦးပါပဲ။ သေသေချာချာ ဂရုတစိုက်နဲ့ အမေးအဖြေလေးတွေက ဖတ်ရသူတွေကို စိတ်အား တက်ကြွစေပါတယ်။
ကိုယ့်လူမျိုးတွေရဲ့ ကောင်းသတင်းကြားတိုင်း ဂုဏ်ယူမိပါတယ်။

Nanda said...

ဆက်လက်စောင့်စား ဖတ်ရှုချင်ပါတယ်။
ဖြစ်နိုင်လျှင် သူ့ရဲ့ သီးစစ်အတွက် guideline ကိုဆရာက ဘယ်လိုချပေးသလဲ၊ သီးစစ်ရဲ့ contribution က ဘာလဲ၊ သီးစစ် examiner တွေက ဘယ်လိုလူတွေလဲ စသည်အပြင် future career path က ဘာလဲ၊ မာစတာ အတွက် ကျောင်းစားရိတ်တွေကို ဘယ်လို finance လုပ်သလဲ နဲ့ ယခင်က ဗုဓ္ဒဘာသာအပေါ်အမြင်နှင့် ယခုအခါအမြင် ဘယ်လိုကွာခြားသလဲ ဆိုတာလေးတွေ ထည့်မေးပေးစေချင်ပါတယ်။

Anonymous said...

part 2????? can't wait..thanks

မင်းဧရာ said...

တော်လိုက်တာဗျာ
တကယ့်ကို လေးစားအားကျ ဖို့လည်းကောင်းတယ်
ဂုဏ်လည်းယူတယ်ဗျာ အဲလို အသိပညာရှင် အတတ်ပညာရှင် တွေကို ထို့ထက်မက မြင်ပါရစေ
အမကြီးရေ။

Thet Oo said...

ဖတ်လို့ကောင်းလိုက်တာ...

Anonymous said...

ပျံနိုင်သမျှ မြင့်မြင့် ပျံပါလေ
မိခင်ဧရာဝတီရဲ့ သမီးတော်တစ်ပါးအကြောင်း ဖတ်ရတာ
ကျေနပ်အားရမိပါတယ်။
လူတော် လူကောင်းတစ်ယောက်ကို အားရမိသလို
ကံကြမ္မာ နိမ့်ပါးသူများကိုလဲ သတိရမိပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အောင်နိုင်သူကို အားပေးသလို ရှုံးနိမ့်နွမ်းပါးသူများကိုလဲ လက်ခုပ်တီးအားပေးနိုင်အောင် ကြိုးစားပါ့မယ်။
ကျေးဇူးပါပဲ မမမေ.

Thet Oo said...

နှစ်ထပ်ရှိမှ မှတ်မိအောင် နောက်တကြိမ်လာဖတ်ပါသည်။