Monday, January 10, 2011

အချစ်သည် လေ ...

သူဟာ အသွင်ပြောင်းတတ်သော တိမ်တစဆိုလျှင် ထိုတိမ်တစကို လွင့်မျောအောင် … ထိုတိမ်တစ၏ သဏ္ဌာန်ကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်တတ်သော “လေ”သည် အချစ်သာလျှင် ဖြစ်ရပေမည်။
… … … … … … …
… … … … … … …
… … … … … … …
“အချစ်ဆိုတာ လေ ပါပဲ …”
ထိုသို့ သူကပြောတော့ တချို့က မခံမရပ်နိုင်ဖြစ်ကြသည်။ အများ နားလည်လက်ခံ သုံးစွဲလေ့ရှိသော “လေပဲ” … ဟူသည့် အသုံးအနှုန်းက အလကားပဲဟု ဆိုလိုသည်မို့ အချစ်ကို လေ ဟုပြောသည့်အခါ ထိုသူတို့ လက်မခံနိုင်ကြသည်ထင့်။ တကယ်တမ်း သူဆိုလိုသည်က ဒီထက်အများကြီးပို၍ အဓိပ္ပါယ်ရှိပါသည်။ ထို့ကြောင့်ပင် ထိုအဆိုကို မည်သူမျှ လက်မခံသည့်တိုင် သူ့ပုဂ္ဂလိက ခံစားချက် အလိုအရ အချစ်ဟူသည် လေလိုပါပဲဟု အခိုင်အမာပင် ဆိုနေမိတော့သည်။
***
လေ နှင့် အချစ်

လေသည် ရိုးတံညှာညောင်းနေသည့် ရွက်ဟောင်းတွေကို ခြွေချတတ်သလို စိမ်းစို နုမျစ်နေသည့် ရွက်သစ်တွေကိုလဲ ခြွေချနိုင်စွမ်း၏။
အချစ်သည်လည်း ထိုနည်းနှင်နှင် … စိတ်ဓာတ် နူးညံ့ပျော့ပြောင်းသူများ ယိမ်းလွယ် တိမ်းလွယ် နှလုံးသားပိုင်ရှင်များသာမက ခိုင်မာသည့် သံမဏိနှလုံးသား ရှိသူများပင် အချစ်နှင့် မကင်းနိုင်ကြ၊ ထိုသူများသည်လဲ အချစ်နှင့် ပတ်သက်လျှင် တွေကြရသည် ဝေကြရသည် နောက်တော့ ကြွေကြရသည် မဟုတ်ပါလား။

လူတယောက် အသက်ရှင်သန်ရေးအတွက် လေသည် အရေးပါသလို လူတယောက် ဘ၀ရှင်သန်ရေးအတွက် အချစ်က အရေးပါနေပြန်သည်။ ချစ်ခြင်းမေတ္တာ ကင်းမဲ့သော လူတယောက်၏ ဘ၀ဟာ ရှင်လျက်နှင့် သေသလို … ဘယ်လောက် အထီးကျန်ဆန်လိုက်မလဲ … ။

လေသည် ကိုယ့်အနားရှိနေပါလျက် သတိမပြုမိလျှင် ရှိမှန်းမသိ၊ မမြင်ရ မတွေ့ရ၊ ကိုင်တွယ် ထိတွေ့လို့လဲ မရနိုင်သလို အချစ်သည်လည်း ကိုယ့် အနီးအနားတွင် ရှိနေသော်ငြား သတိမထားမိပါက ခံစားသိ နိုင်မည်မဟုတ်။ တကယ်တော့ အားလုံးရဲ့ ၀န်းကျင်ပတ်ရံမှာ ချစ်ခြင်းမေတ္တာတွေ ရှိနေပါသည်။ နားလည်စွာ ခံစားကြည့်မှ သိရှိနိုင်မည့် အရာပင်။

လူတိုင်း စက္ကန့်နှင့်အမျှ လေကို ရှူသွင်းရှူထုတ် လုပ်နေကြသော်လဲ လေ၏ တန်ဖိုးကို ဂရုမထား နားမလည်ကြ၊ ထိုသို့ပင် မိမိဘေးမှာ ရှိနေပြီး မိမိကို ကာကွယ်ပေးထားသော ချစ်ခြင်းမေတ္တာတရားတွေ၏ တန်ဖိုးကို ရုတ်တရက် မမြင်မိ၊ ဂရုမပြုမိ၊ နားမလည်မိ။ တကယ်တမ်း သိချိန်က … အသက်ရှူရန် ခက်ခဲပြီး လေကို မွတ်သိပ်စွာ တောင့်တမိသည့် အချိန်မျိုး။

ဆိုကြပါစို့ …
ဟိုးရေအောက်ထဲ ရောက်နေသူတယောက်၊ လေထု၏ အဝေးမှာ ကြာမြင့်စွာ အသက်မရှူဘဲ နေရလျှင် တဖြည်းဖြည်း မောလာမည်၊ ရင်ဘတ်တွေ အောင့်လာမည်၊ ဦးခေါင်းတွေ နာလာမည်၊ နားတွေအူလာမည်၊ အသက်ရှင်ရပ်တည်ဖို့ရာ ဟိုစဉ်က လစ်လျူရှုခဲ့ဖူးသော လေကို တောင့်တမိလာမည်။ ကံအားလျော်စွာ ရေပေါ်ကို ရောက်၍ အသက်ပြန်ရှူခွင့် ရသည့်အခါမှာတော့ အငမ်းမရ ရှူရှိုက်မိမည်၊ နှာခေါင်းဖြင့်သာမက ပါးစပ်ဖြင့်လဲ ရှူသွင်းမိမည်၊ ထိုအချိန်မှာ ရှိုက်သွင်းခွင့်ရသည့် လေလောက် ကိုယ့်အတွက် တန်ဖိုးရှိသည့်အရာ မရှိတော့သလိုပင်။

အချစ်သည်လဲ ဒီလိုပဲ မဟုတ်လား။ ဘယ်သူတဦး တယောက်ကမှ ချစ်ခြင်းမေတ္တာတွေရဲ့ အဝေးမှာ ကြာကြာနေလို့ ရနိုင်မှာမို့လဲ။ အထီးကျန်လွန်းစွာ မျက်ရည်တွေ … နာကျင်မှုတွေ … လိုအပ်ချက်တွေ … တောင့်တခြင်းတွေ များစွာဖြင့် အချစ်ကို ရှာဖွေမိမှာပါပဲ။ လူဆိုတာ အချစ်နဲ့ ကင်းနိုင်ကြသူတွေမှ မဟုတ်ဘဲလေ … ။
***
အချစ် နှင့် လေ

တခါတရံ လေပြေလေညင်းလို ညင်သာဖွဖွ အချစ်က အနားမှာ ရှိနေပြန်သည်။ တခါတရံမှာတော့ လေငြိမ်သည့် ရက်များပမာ အချစ်က ကိုယ့်အနားမှာ မရှိသည့်နှယ်။

အချစ်က တခါတလေ နူးညံ့သော လေညင်းလို စိတ်ပျော်ရွှင် ကြည်နူးမှုကို ဖြစ်စေတတ်သည်။ တခါတလေတော့ အရိုင်းဆန်ဆန် ပြင်းထန်သော လေကြောင့် စိတ်ပင်ပန်း နွမ်းလျတတ်သလို အချစ်က နာကျင်မှုတွေ ပေးတတ်ပြန်သည်။

လေထဲတွင် ရောနှော ပါသော မီးခိုးငွေ့ အဆိပ်ငွေ့ များက လူကို ဥပါဒ်ဖြစ်စေသလို အချစ်၏ ဘေးထွက်ဆိုးကျိုးများကလဲ နှလုံးသားကို အဆိပ်သင့်စေတတ်ပြန်၏။

ဘယ်လိုပဲဖြစ်ဖြစ် … လောကကြီးမှာ လေရှိနေဖို့ လိုအပ်သလို အချစ်ရှိနေဖို့လဲ လိုအပ်သည် မဟုတ်လား။
***
သူ နှင့် အချစ်

သူဟာ အသွင်ပြောင်းတတ်သော တိမ်တစဆိုလျှင် ထိုတိမ်တစကို လွင့်မျောအောင် … ထိုတိမ်တစ၏ သဏ္ဌာန်ကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်တတ်သော “လေ”သည် အချစ်သာလျှင် ဖြစ်ရပေမည်။

အချစ်ကို ပိုင်ဆိုလိုစိတ်ဖြင့် ရှာဖွေမိခဲ့သည်။ အနီးအပါးမှ မေတ္တာတရားတွေကို ဥပေက္ခာပြုရင်း အချစ်ကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့မိသည်။ ထိုသို့ ရှာဖွေရင်းနှင့်ပင် လေပြေနှင့်တွေ့လိုက် … လေပြင်းနှင့် ကြုံလိုက် … အဆိပ်သင့် လေတွေကို ရှူရှိုက်မိလိုက် တိမ်တစလို လေနှင်ရာ လွင့်ပါး မျောပါရင်း … သတိရမိသည့် အခိုက်မှာတော့ မေတ္တာတရားတွေနှင့် ကင်းဝေးရာ လေမရှိသည့် ဟိုးရေအောက်ထဲ စုန်းစုန်းမြုပ်လုပြီ။ သြော် … တိမ်တစ … ပြိုကျခဲ့ပြီထင့်။
… … … … … … …
… … … … … … …
… … … … … … …
***
အချစ် နှင့် သူ

အသက်ရှူရန် ခက်ခဲလွန်းလှသည်။
နှလုံးသားအစုံက နာကျင်လှပြီ။
ရင်တခုလုံး မောပန်းလွန်းနေပြီ။

ဒီအတိုင်း ဘယ်အချိန်ထိ ရပ်တည်နိုင်အုံးမလဲ … သူ မသိ။

ရေနစ်နေသူလို အားကိုးတကြီး ကိုင်ဆွဲမိသည့် ကောက်ရိုးတမျှင်က လက်ထဲမှာ ကြေမွလျက် ရေစီးကြောင်းထဲ တရွေ့ရွေ့ မျောပါသွားပြန်သည်။ မခိုင်မြဲသည့် ထိုအရာများကို စွန့်လွှတ်လိုက်ရ၍လည်း နှမြောတသခြင်း မဖြစ်မိတော့။

ဒါဟာ အချစ်မှ မဟုတ်ဘဲ … ဒါဟာ စစ်မှန်တဲ့ မေတ္တာတရားမှ မဟုတ်တာ … ။ သွားပါစေလေ … ဟိုးအဝေးဆုံးထိ။ ပြိုကျသွားသော တိမ်တစ ပြန်လည် စုစည်းဖို့ဆိုတာ အချိန်တော့ စောင့်ရအုံးမှာပါပဲ။

မျက်ရည်များဖြင့် သူပြုံးနေမိသည်။
ပြုံးနေလျက်က မျက်ရည်များ ကျနေ၏။

တကယ်တမ်း အချစ်ကို နားလည်စွာ ခံစားမိသည့် အချိန်မှာတော့ စစ်မှန်သော ချစ်ခြင်းမေတ္တာတရားတွေ သူ့အနားမှာ မရှိတော့ပြီတကား။
***
မေဓာဝီ
၁၀၊ ၁၊ ၁၁
၁၃း၂၆ နာရီ


(အချစ်အကြောင်း ရေးပါဟု ဆိုလာသူ သားသား မောင်သန့်ဝေယံ အတွက် ...)

15 comments:

ရွှေရတုမှတ်တမ်း said...

အချစ်သည်..လေလည်၏ ဆိုရင်တော့ ပြေးပြီ ဒေါ်လေးမေရေ့...

သားသားသန့် said...

မမမေ..သားသားသန့်တောင်းဆိုတာလေး
ရေးပေးလို့ကျေးဇူးပါပဲ...သားသားရဲ့
တောင်းဆိုမှုက မမမေအတွက် အတိတ်ဟောင်း
ကိုပြန်ပြောင်း သတိရပြီးလွမ်းဆွေးမှုတွေ
ဝေသီသွားစေခဲ့တယ်ဆိုရင် ခွင့်လွှတ်ပါခင်ဗျာ...
သားသားအတွက်ကတော့ သူဟာလေလိုသားသား
နားမှာအမြဲမရှိပေမဲ့..သားအချစ်တွေကတော့
သူ့အတွက် လေလိုသူ့နားမှာ အမြဲရှိနေပါတယ်..
ပြောရင်းနဲ့သားသားအကြောင်းတောင်ရောက်သွားတယ်..
ကဗျာတစ်ပုဒ် ထားခဲ့မယ်နော်...
အဲတာကတော့သားရဲ့ခံစားချက်ပါ...ဟဲ...
သူ့ရဲ့ မေတ္တာ..
အကြင်နာ နှင့်...
ရင်မှာ တည်ဆောက်...
ဘဝ...ပျောက်လို့
ကွဲခြောက်လေသည်...
အချစ်တည်တဲ့ နှလုံးနီနီ...
..မမမေကိုကျေးဇူးတင်ပါတယ်..
ဒီကဗျာလေးရေးတတ်အောင်သင်ပေးလို့...
သူ့ရဲ့ မေတ္တာ..
အကြင်နာ နှင့်...
ရင်မှာ တည်ဆောက်...
ဘဝ...ပျောက်လို့
ကွဲခြောက်လေသည်...
အချစ်တည်တဲ့ နှလုံးနီနီ...
မမမေရဲ့သားသားသန့်

သားသားသန့် said...

ကဗျာမှားသွားလို့ ပြန်ပြင်ရေးလိုက်တယ်..နီတလုံးပိုနေတာ...:P

ကွဲအက်ခြင်း..

သူ့ရဲ့ မေတ္တာ..
အကြင်နာ နှင့်...
ရင်မှာ တည်ဆောက်...
ဘဝ...ပျောက်လို့
ကွဲခြောက်လေသည်...
အချစ်တည်တဲ့ နှလုံးနီ...

မမမေရဲ့သားသားသန့်

pandora said...

အခုလို ရင်ကိုထိမှန်စေတဲ့ ရသစာလေးတွေ များများရေးပါဦး မမေရယ်

သစ်နက်ဆူး said...

အချစ်ဆိုတာ...
ဝင်ကြေးကြီးတဲ့ မျက်လှည့်ဆရာဘဲ..အမျိုးမျိုးအရောင်ပြောင်းတတ်တယ် သဏ္ဍာန်ပြောင်းတတ်တယ်..
ကြေးကြီးပေးပြီး စည်းဝိုင်းအတွင်းဝင်မိတာနဲ့ ..
များများယုံလေ၊ များများခံရလေ...။

rose said...

ကဗျာဆန်လွန်းတဲ့ အရေးအသားတွေကြားမှာ ဖတ်ပြီး နစ်မျောသွားမိတယ်။ ကြိုက်၏။ အချစ်သည်လေ.....

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ၊ နောက်တစ်ပုဒ်ကျရင် အချစ်သည် ...
ရေ လို့ ရေးအုံးမှာ မလား .... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ဆိုတဲ့အရာဟာ လူုတွေအတွက် မရှိမဖြစ်လိုအိပ်သလို အသက်ရှူဖို့ လေဆိုတာလည်း မရှိမဖြစ်ပါနော်။
ဒါပေမဲ့ လေပြင်းမုန်တိုင်းတွေကြောင့် လူသားတွေရဲ့ နေရာဒေသတွေ ပျက်ရတာ ရှိသလို၊ သစ္စာမရှိတဲ့အချစ် မတည်ငြိမ်တဲ့အချစ် မာယာများတဲ့အချစ်တွေကြောင့်လည်း လူတွေရဲ့ဘ၀ တစ်ချို့ပျက်စီးရတာ ရှိပြန်ရော။
ဒါကြောင့် တည်ငြိမ်အေးမြတဲ့ လေပြေလေညင်းလိုအချစ်ကသာ အကောင်းဆုံး မဟုတ်လား မမေရေ။

မောင်မျိုး said...

ကျနော် ခံစားမိတဲ့ အချစ်ဆိုတာကတော့ လက်ထဲဆုတ်ကိုင်ထိုင်းရတဲ့ သဲနဲ့တူပါတယ် တင်းတင်းဆုတ်လိုက်ရင်လည်း သဲနဲ့တူတဲ့ အချစ်က ရုန်းထွက်သွားနိုင်တယ် စိတ်ပျက်ပြီး သည်းခံနိုင်မှုမရှိပဲ လွှတ်ချလိုက်မယ်ဆိုပြန်တော့လည်း အချစ်တွေက ယိုကျသွားအုံးမှာ ။ နားလည်မှုရှိရှိနဲ့ အပေးယူမျှမျှ ဆုတ်ကိုင်ထားနိုင်မယ်ဆိုရင် တော့ အဲ့အချစ်က ရေရှည်မယ်ထင်တာပဲ ။

အချစ်ဆိုတာကို ကျနော် သိလိုက်တဲ့အချိန်မှာတော့ ကျနော့် ဘယ်ဘတ်ရင်အုံက အလုပ်မလုပ်တော့ဘူး ။

sosegado said...

အချစ်သည်၎င်း လေသည်၎င်း နူးညံ့သိမ့်မွေ့ စွာဖြင့်ထိတွေ့၍ရပါသည်၊ ထိုအတူ အချစ်သည်၎င်း လေသည်၎င်း သူတို့ကိုယ်တိုင်ကြမ်းတမ်းလာလျှင် တွေ့ထိခံစားနိုင်ပါသည်။
အချစ်သည်၎င်း လေသည်၎င်း ကုန်ဆုံးသွားသော အရာများမဟုတ်ကြပါ၊
အချစ်အတွက် နူးညံ့သိမ့်မွေ့မှုနှင့်အတူ တဖန်ပြန်လည်မွေးဖွားနိုင်ပါစေ။
စကားချပ် …… ဂျီတော့ခ်သရဲဆိုလို့ မျှဝေပေးပါလား။

Cupid said...

ကောင်းပါတယ်၊ ဖတ်သွားပါတယ်။ ။

Anonymous said...

မမေရေ့...........

နူးနူးညံ့ညံ့စာလေးဖတ်သွားတယ်ဗျား....
အချစ်ကတော့ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်လို့ရတယ်ထင်တယ်နော်ဗျ...။

(စကားမစပ်...မောင်မျိုးကလည်း...မခေဘူးနော်ရယ်ဗျ.....း))

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ ကိုယ်ကြုံရတဲ့အပေါ်မှာပဲ ပုံဖော်နာမည်တပ်လို့ရတယ်။ လေပြေညင်းလိုအချစ်နဲ့တွေ့ရင်တော့ အကောင်းဆုံးမဟုတ်လား။

Anonymous said...

လေပူလိုအချစ်ဆိုရင်တော့ ဘယ်လိုတင်စားမလဲ ကြီးမေရေ
ခင်မင်တဲ့
seesein

ကိုကိုမောင်(ပန်းရနံ့) said...

မမမေ..
အချစ်သည် လေ ဆိုသည်မှာ မှန်သင့်သလောက် မှန်ပါသော်ငြားလည်း တစ်စိပ်တဒေသမျှသာ မှန်ချေ၏။ အမှန်မှာ လေမှ အချစ်မဟုတ် ရေ မြေ လေ မီး ဆိုတဲ့ ဓါတ်ကြီးလေးပါးလုံး အချစ်ဖြစ်ချေ၏။ ထို ဓါတ်ကြီးလေးပါး ချို့တဲ့လျှင် အချစ်သည် အဝေးတို့သာ ပြေးလေတော့၏။ မမမေ၏ ခန္ဓာကိုယ်သည်လည်းကောင်း ကျွန်ုပ်၏ ခန္ဓာကိုယ်သည်လည်းကောင်း ဓါတ်ကြီးလေးပါးအစုမျှသာ ဖြစ်ချေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဤသို့ဆို၏။

"သင်၏ခန္ဓာကိုယ်သည်လည်းကောင်း ကျွန်ုပ်၏ခန္ဓာကိုယ်သည်လည်းကောင်း အချစ်တုံးအချစ်ခဲကြီးမျှသာ ဖြစ်ချေတော့၏"

ဤတွင်ပြီး၏။းဝ)

ပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)