Sunday, March 15, 2009

လက်ဖက်သုပ်

သူတို့ အငြင်းပွါးနေကြတယ်။
ပန်းကန်တချပ်ထဲမှာ … ။
***
ဒီလိုပါ … ။
ပြီးခဲ့တဲ့ ခရစ်စမတ်ပိတ်ရက် ဦးရီးတော်အိမ်သွားပြီး မပြန်ခင် ကိုယ်စားချင်တာလေးတွေ ယူခဲ့ရအောင် ဟိုဟိုဒီဒီ လိုက်ရှာတော့ ရေခဲသေတ္တာထဲမှာ ပင်ပျိုရွက်နု လက်ဖက် နှစ်ထုပ် ၀မ်းသာအားရ တွေ့လိုက်တယ်။ လက်ဖက်ချည်းဘဲတော့ မဖြစ်သေးဘူး။ အကြော်ဆံလေးလည်း ပါအုံးမှလို့ ဆိုပြီး မွှေနှောက်ပြန်တော့ နှမ်းနဲ့ ကုလားပဲခြမ်းကြော် တွေ့ပြန်တယ်။ တခြား အကြော်ဆံတွေတော့ ရှာမတွေ့ဘူး။ ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင် တော်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ ရှိတာလေး မ-လာခဲ့လေရဲ့။

လက်ဖက်ထုပ်တွေ ယူသာလာခဲ့ရတယ်၊ တော်တော်နဲ့ မစားဖြစ်ပါဘူး။ လက်ဖက်ဆိုတာမျိုးကလည်း အဖော်လေး အပေါင်းလေးနဲ့ စကားတပြောပြော စားမှ ပိုစားမြိန်တယ် မဟုတ်လား။ တယောက်ထဲ ငုတ်တုတ် စားရမှာဆိုတော့ ပျင်းလည်း ပျင်း စိတ်လဲ မပါတာနဲ့ သုတ်မစားဖြစ်ဘဲ ကြာသွားတယ်။ ကျမက လက်ဖက်ဆိုရင် ချဉ်ငံစပ် အသင့် နှပ်ပြီးသားထက် ဘာမှ မလုပ်ရသေးတဲ့ အခါးသက်သက်ကို ကိုယ့်စိတ်ကြိုက် အရသာဖြစ်အောင် သုတ်စားရတာ ပိုကြိုက်တယ်။ ယူလာတဲ့ လက်ဖက်ထုပ်ကလည်း မနှပ်ရသေးတဲ့ လက်ဖက်ခါး အညွန့်လေးတွေပါ။ အဲ … အဲဒီ လက်ဖက်ကို သုပ်ပြီးတော့သာ မစားဖြစ်တာ အဲဒီအညွန့်လေးတွေ နဲနဲယူယူပြီး ရေနွေးထဲတော့ ခပ်သောက်ဖြစ်ပါသေးတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လက်ဖက်သုပ် စားချင်တဲ့ ချဉ်ခြင်းဖြစ်လာတယ်။ ရေနွေးကြမ်း ခပ်သောက်ရင်း မရှိမဲ့ ရှိမဲ့ လက်ဖက်ကလေး ကုန်သွားမှာ စိုးတာက တကြောင်း၊ လက်ဖက်သုပ်အတွက် လိုအပ်တဲ့ အဆာပလာ တချို့လည်း အိမ်မှာ အဆင်သင့် ရှိနေတာက တကြောင်းမို့ ပျင်းမနေတော့ဘဲ စွန့်စွန့်စားစား လက်ဖက်သုပ် လုပ်စားဖို့ ကြံစည်မိပါရော။

ဒါနဲ့ပဲ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေ လှီး၊ လက်ဖက်နဲ့ တကွ နှမ်း၊ ကုလားပဲကြော်တွေကို တပုံစီပုံ ပြီးတော့ ရောသမ မမွှေခင် ပထမဆုံး ကိုယ်တယောက်ထဲ သုပ်စားဖြစ်တဲ့ လက်ဖက်သုပ်အဖြစ် မှတ်တမ်းတင်ဖို့ ကင်မရာလေးယူပြီး ရိုက်လိုက်တယ်။ မြင်တဲ့ အတိုင်းပါပဲ။

ပုံရိုက်ပြီးတော့ ဂျီတော့ခ်မှာ တွေ့တဲ့ ကျမမိတ်ဆွေ ဘော်တယ်ကုလားကို “လက်ဖက်သုပ် စားမလား” လို့ နောက်ပြီး ဓာတ်ပုံကလေး လှမ်းပို့တော့ သူက … “နင့်လက်ဖက်သုတ်ကလည်း လက်ဖက်သုပ်သာ ဆိုတာ လက်ဖက်က နည်းနည်းလေး” တဲ့ … ။ ဟုတ်သား … ကျမက အလကားရတဲ့ လက်ဖက်ကို နှမြောလို့ နည်းနည်းပဲ ထည့်မိတာလေ။ အလကားသာ ရတာ ပေါမှ မပေါဘဲ။

လက်ဖက်သုပ် မစားခင် ကျမ တယောက်ထဲ အလုပ်ရှုပ်နေတုန်း စကားသံ ကျွက်စီ ကျွက်စီ ကြားလို့ ဟိုဟိုဒီဒီ လိုက်ရှာတော့ … သူတို့တတွေလေ … ။
ဟုတ်တယ် …
သူတို့ ငြင်းခုန်နေကြတာ။
ပန်းကန်တချပ်ထဲမှာပေါ့ … ။
***
ဘာတွေများ အငြင်းပွါးနေကြပါလိမ့်လို့ အသာလေး အကဲခတ် နားထောင်လိုက်တော့ … ခုလိုတွေ ကြားရတော့တာပါပဲ။

လက်ဖက် ။ … ။ ဟေ့ … လက်ဖက်သုပ် တပွဲဖြစ်ဖို့ ငါက အရေးအကြီးဆုံးကွ၊ ငါမပါရင် လက်ဖက်သုပ် ဆိုတာ ဘယ်နည်းနဲ့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ အားလုံး သာမင်ညောင်ည၊ ငါသာလျှင် အဓိက။

ဂေါ်ဖီ ။ … ။ ဟား ဟား ဟား … အပြောကြီးရန်ကောဗျာ။ ခင်ဗျားက အရသာတွင် ခါးတာမဟုတ်ဘူး၊ ခင်ဗျား စကားတွေကလည်း နားခါးစရာ ပါလား။ ဒီမှာ သေချာစဉ်းစား၊ လက်ဖက်သုပ် ဆိုကတည်းက လက်ဖက် တမျိုးတည်းမှ မဟုတ်တာ။ ဘာပဲ သုတ်သုတ် ဂေါ်ဖီထုပ် မပါရင် အသုပ်ဆိုတဲ့ အင်္ဂါရပ်နဲ့ ညီပါ့မလား၊ စဉ်းစဉ်းစားစားလည်း ပြောပါဗျာ … ။

ကုလားပဲခြမ်း ။ … ။ အံမယ် … အံမယ် … အာကျယ် အာကျယ်နဲ့ အသံသာအောင် အဆံချောင်နေတဲ့ ဂေါ်ဖီထုပ်ကြီးကလည်း လာလာချည်သေး၊ ဒီလို ပြောကြကြေးဆို ကျနော်မပါလည်း လက်ဖက်သုပ်က ပြည့်စုံမှာ မဟုတ်ပါဘူး။ လက်ဖက်သုပ်နဲ့ အကြော်ဆံ၊ အကြော်ဆံနဲ့ ကုလားပဲခြမ်းဆိုတာ … ခွဲခြားမရစကောင်းဘူးလေ … ။

ခရမ်းချဉ်သီး ။ … ။ ဟေ့ရောင်တွေ … ငါ့လို ဗီတာမင်ဓာတ် ပြည့်ဝတဲ့ အသီးအနှံက လက်ဖက်သုပ် အရသာရှိဖို့ အတွက် အထောက်အကူ ဖြစ်စေသလို ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း … အဲ … အဲ …

နှမ်း ။ … ။ အို … လက်ဖက်သုတ်ထဲ ရှင်တို့မပါလည်း အကြောင်းမဟုတ်ပေါင်။ ကျမကမှ အဓိက … ရှင့် ။ ဘယ် လက်ဖက်သုပ်မှာများ နှမ်းမပါတာ မြင်ဖူးကြသလဲ … ပြောစမ်းပါအုံး … ။

ငရုတ်သီးစိမ်း ။ … ။ အောင်မာ … နှမ်းစေ့မ … လူသေးသလောက် စွာလှချည်လား။ ဒီမယ် … ငါပြောတာလည်း နားထောင်ကြဦး။ မင်းတို့ ဘယ်လောက် အရသာရှိတယ်ဆိုဆို လက်ဖက်ထဲမယ် ငရုတ်သီးစိမ်းကလေးပါမှ ရှူးရှူးရှဲရှဲနဲ့ တကယ်ထိ တကယ်မိတဲ့ ရသကို ခံစားရမှာ … သဘောပေါက်။

သံပုရာ ။ … ။ တော်ကြစမ်းပါဗျာ … ။ ခင်ဗျားတို့ ဘယ်လောက်ပဲ အရသာရှိတယ် ထိတယ် ဆိုဆို ကျုပ်လို အနံ့ရော အရသာပါ ပြည့်စုံကြလို့လား။ သံပုရာသီးကလေးများ ညှစ်ထားရင် မစားခင်က သံပုရာနံ့ကလေး မွှေးပြီး စားမယ့်သူ သွားရည်ယိုကြရော မဟုတ်လား။ ဒါကြောင့် ဒီလက်ဖက်သုပ်တပွဲ ထဲမှာ ကျုပ်က အဓိက။ ဒါပဲ … ။

လက်ဖက် ။ … ။ ငါ အဓိက ကွ )))
ဂေါ်ဖီ ။ … ။ ငါ ပါမှ အသုပ်ကွ )))
ကုလားပဲ ။ … ။ မဟုတ်ဘူး … ကျနော်ရှိမှ ပြည့်စုံမှာ ... )))
ခရမ်းချဉ် ။ … ။ ငါက အရေးကြီးတာ )))
နှမ်း ။ … ။ ကျမ မရှိလို့ မဖြစ် )))
ငရုတ် ။ … ။ ငါပါမှ ထိထိမိမိ အရသာရှိ )))
သံပုရာ ။ … ။ ကျုပ်က အနံ့ အရသာ နှစ်ဖြာ … )))

ဖက် ။ … ။ $%^&!@
ဖီ ။ … ။ @ #$%?^!~
ပဲ ။ … ။ ^#$*@!#$
ချဉ် ။ … ။ ?”+!@#$%^&
နှမ်း ။ … ။ +!`@#$%^&*
ရုတ် ။ … ။ #@$*&^%\?
ရာ ။ … ။ ~!@$%^&*
***
သူတို့ စကားစစ်ထိုးပွဲကို ကျမ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိချိန်မှာ … ပန်းကန်နှုတ်ခမ်းပေါ်က ကိုသံပုရာခြမ်းက တစခန်း ထလာပြန်တယ်။

သံပုရာ ။ ... ။ တော်ပြီ … ဒီလောက်တောင် ဖြစ်လှတာ … ဒီလက်ဖက်သုပ်ထဲ ကျုပ်မပါဘူး၊ သွားမယ်။

သူက ပန်းကန်နှုတ်ခမ်းပေါ်က ခုန်ချမလိုလို ဟန်ပြင်နေစဉ်မှာပဲ နှမ်းစေ့မက ထဖောက်ပြန်ပါရော။

နှမ်း ။ … ။ အင်း … ဘယ်လိုဟာတွေပါလိမ့် … ဒင်းတို့နဲ့ တူတူနေလို့ မဖြစ်ပါဘူး၊ အကုသိုလ်များလိုက်တာ။ ဘေးနားက ခရမ်းချဉ်သီးကလည်း စိုစိစိုစိနဲ့ စိတ်ပျက်စရာကြီး။ ဒီပန်းကန်ထဲက အမြန်ထွက်မှပါပဲ။

နှမ်းစေ့မက ပန်းကန်နှုတ်ခမ်းပေါ် တက်ဖို့ အားယူချိန်မှာ ခရမ်းချဉ်သီးနဲ့ ငြိပြန်တယ်။

ခရမ်းချဉ်။ ... ။ ဟဲ့ မိစွာတေး … နင့်ဟာနင် သွားတာ သွားပါလား၊ ငါ့ကိုများ စိုစိစိလေး ဘာလေးနဲ့ အဖျားလာခတ် နေသေးတယ်။ နင်ပဲ ငါ့အနားလာကပ်နေတာ။

နှမ်း ။ … ။ ရှင့်နား ကပ်ချင်လို့ ကပ်တယ်များ ထင်မနေနဲ့။ ပန်းကန်ထဲက ထွက်ဖို့ အရှိန်ယူရတာရှင့် … ဟွန်း မပြောလိုက်ချင်ဘူး … ။

ဒီလိုနဲ့ သူတလူ ငါတမင်း အငြင်းပွါးကြရင်း ဟိုလူကလည်း ထွက်မယ်၊ ဒီလူကလည်း မနေဘူး ဖြစ်လာကြပြန်တယ်။ (အဲ … လူမဟုတ်ဘူး မှားလို့) ဟိုအမယ်ကလည်း ထွက်မယ်၊ ဒီအမယ်ကလည်း မနေဘူး … ဖြစ်လာကြတယ် ဆိုပါတော့ … ။

ဒီတော့မှ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ကျမလည်း မျက်လုံးပြူးသွားတယ်။ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ တော်ကြာ အားလုံးထွက်သွားရင် ကျမ လက်ဖက်သုပ် ဘယ်နှယ့်လုပ် စားရတော့မှာလဲ။ မဖြစ်ချေဘူး။ ၀င်ပါမှပဲ … လို့ တွေးမိပြီး …

((((အဟမ်း))))

လုပ်ချောင်း ကလေး တချက် ဟန့်လိုက်တော့ ကျွက်စီ ကျွက်စီ ဖြစ်နေတဲ့ အသံတွေ ခဏငြိမ်သွားတယ်။

“ဘယ်လိုတွေ ဖြစ်နေကြတာတုန်း၊ တပန်းကန်ထဲ အတူနေပြီး ဒီလောက်တောင် အငြင်းပွါးနေရသလား … ကဲကဲ … အားလုံး နားထောင် … တကယ်တော့ ပြည့်စုံ ကောင်းမွန်တဲ့ လက်ဖက်သုပ် တပွဲ ဖြစ်ဖို့က အားလုံး လိုအပ်တာ ချည်းပါပဲ …”

ဟမ် … ဆိုတဲ့ အသံရှည် ခပ်အုပ်အုပ် အားလုံးဆီက ပြိုင်တူဆိုသလို ထွက်လာတယ်။ ဒါဟာ ရန်ပြေငြိမ်းရေး ချွေးသိပ်ပေးတဲ့ စကား … သူတို့ သိတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

“နေပါအုံး … စကားမဆုံးသေးဘူးလေ၊ ကဲ … လက်ဖက်၊ မင်းပြောသလို လက်ဖက်သုပ် ထဲမှာ လက်ဖက်က အရေးပါတယ် ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကြက်သားဟင်းထဲတော့ လက်ဖက်ကို ထည့်ချက်လို့ မရဘူး။ လက်ဖက်ဆိုတာ လက်ဖက်သုပ် တနေရာမှာပဲ အသုံးဝင်တာ … ။

“အဲ … ဂေါ်ဖီ … မင်းကတော့ လက်ဖက်သုပ်ထဲမှာ အဓိက ဇာတ်ဆောင် မဟုတ်ပေမဲ့ ဟိုအသုပ် ဒီအသုပ်ထဲ ပါဝင်ဆင်နွှဲနိုင်သလို ခေါက်ဆွဲကြော် အစိမ်းကြော် တွေထဲမှာလည်း အားဖြည့် ကူညီ ပေး နိုင်သေးတယ်။

“ဒီလိုပဲ … နှမ်း၊ ကုလားပဲခြမ်းကြော်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ သံပုရာသီးတို့ ကလည်း သူ့နေရာနဲ့သူ အသီးသီး အသုံးဝင်ကြပါတယ်။ တခုနဲ့ တခု အသုံးဝင်ပုံချင်း မတူသလို အသုံးကျတဲ့ နေရာချင်းတော့ မတူဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ်စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားဖို့ပဲ အရေးကြီးတာ မဟုတ်လား။

“တခုရှိတာက လက်ဖက်ဆိုလည်း မှိုမတက်၊ ဆေးမဆိုး၊ အမှိုက်သရိုက်ကင်းပြီး သန့်ရှင်းမှ စားမယ့်သူတွေ ဘေးဥပါဒ် ကင်းမယ်။ ကျန်တဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သံပုရာသီးနဲ့ ငရုတ်သီးစိမ်းတို့လည်း ဒီလိုပဲ … လတ်လတ် ဆတ်ဆတ် ရှိမှ။ အင်း … နှမ်းဆိုရင်တော့ သဲမပါ ခဲမပါတဲ့ သန့်စင်တဲ့ နှမ်းဖြစ်ဖို့ အရေးကြီးပြန်တယ်။ မဟုတ်ရင် စားနေရင်း သဲဝါးမိတဲ့အခါ သိပ်အရသာ ပျက်တာကလား။ ကုလားပဲခြမ်းထဲလည်း စုန်းပြူးအမာတွေ မပါမှ စားလို့ ကောင်းမှာ။ ဒီတော့ … လက်ဖက်သုတ် ထဲမှာ ပါဝင်ရမယ့် အမယ်အားလုံး ဟန်ချက်ညီညီ ကိုယ့်တာဝန် ကိုယ်ကျေအောင် အကောင်းဆုံး ပါဝင် လုပ်ဆောင်နိုင်မှ လက်ဖက်သုပ်ကောင်း တပွဲ ဖြစ်တော့မပေါ့ …”

ပြောရင်း အာခြောက်လာတာမို့ အေးစပြုနေတဲ့ ရေနွေးကြမ်း တခွက် သောက်လိုက်ရတယ်။ အဲ … လက်ဖက်ညွန့်လေးတွေ ခပ်ထားတဲ့ ရေနွေးကြမ်းပေါ့။

“ဒီမှာကြည့် … လက်ဖက်။ ခုနပြောသလို လက်ဖက်သုပ်မှာသာ လက်ဖက်က အသုံးဝင်တယ် ဆိုပေမဲ့ … ကိုယ့်ရဲ့ အသုံးကျမှုဟာ အသုံးချတဲ့သူ ပေါ်လည်း မူတည်သေးတယ်။ ခုသောက်နေတဲ့ ရေနွေးကြမ်းဟာ လက်ဖက်စိမ်း ခပ်ထားတဲ့ ရေနွေးကြမ်းပဲ။ တချို့ကတော့ မကြိုက်ဘူး၊ ငါကတော့ ကြိုက်လို့ တကူးတကကို လုပ်သောက်တာ။ တချို့ကလည်း လက်ဖက်ကို အဆာပလာ မျိုးစုံနဲ့ သုပ်စားရတာထက် လက်ဖက် အသားချည်း ဆီလေးဆားလေးနဲ့ နှပ်ပြီး မြုံ့ရတာ ကြိုက်ကြသေးတယ်။ အဲ … တချို့ကတော့ လက်ဖက်သုပ် တပွဲထဲမှာကို ထည့်သင့်တဲ့ အဆာပလာထက် ပိုပြီး ကောင်းမယ်ထင်တာတွေနဲ့ မွမ်းမံ လား မွမ်းမံရဲ့။ ပုဇွန်ခြောက်၊ သီဟိုဠ်စေ့၊ တချို့က အုန်းသီးဆံ၊ တချို့က ကြက်ဥပြုတ်၊ တချို့လည်း စောင်းလျားသီးတို့ တညင်းသီးတို့ ထည့်ကြတယ်။ ဒါကတော့ စားမယ့်သူရဲ့ အကြိုက်နဲ့ လိုအပ်ချက်အရ ခေတ်နဲ့ လျော်ညီစွာ အတိုး အလျော့ လုပ်ရတာပေါ့ … ။

“အင်း … ခုလို ရွေးချယ်ခွင့် ကြေးများခွင့် မရှိတဲ့ နေရာမှာ ရောက်နေတဲ့ ငါ့အတွက်တော့ ရှိသလောက် ကလေးနဲ့ ရောင့်ရဲ တင်းတိမ်နေရတာပါ ။ ဒါကို မင်းတို့က သူအဓိက ငါအဓိက အငြင်းပွါးလို ပွါး၊ သူရှိရင် ငါမနေ … ငါရှိရင် သူမနေဆိုပြီး ထွက်မယ်ပြုမယ် တကဲကဲ လုပ်လိုလုပ် … ဆိုတော့ … မရှိမဲ့ ရှိမဲ့ အမယ်ကလေးတွေ စုစည်းပြီး လက်ဖက်သုပ် တပွဲ မဖြစ်ဖြစ်အောင် လုပ်နေရတဲ့ အချိန်မှာ ရှင်နည်းရာ အဂ္ဂလူထွက် မဖြစ်ချေဘူးလား … ။ ဒီလို မလုပ်ကြပါနဲ့ကွာ … အချင်းချင်း နည်းနည်းတော့ နားလည်ပေးကြပါ …”

အသံတွေလည်း တိတ်စပြုနေပါပြီ။ ဒါနဲ့ပဲ ကျမလည်း အမြန်စကားစ သတ်လိုက်ပါတယ်။
“အဲ … တကယ်တမ်း ပြောရရင်တော့ လက်ဖက်သုပ် တပွဲဖြစ်ဖို့က မင်းတို့ အားလုံး ဟန်ချက်ညီညီ သူ့နေရာနဲ့သူ ပါဝင်ဖို့ လိုအပ်တယ် ဆိုပေမဲ့ … ဘယ်သူ့ ဘယ်သူမှတော့ အဓိက မဟုတ်ဘူး။ အဓိကက … စားမယ့်သူပဲ။ အင်း … ခုချိန်မှာ ငါက စားမယ့်သူဆိုတော့ ငါသာ အဓိက ဆိုပါတော့ …”

ကျမ စကားအဆုံးမှာ တချို့ကလည်း ပြုံးစေ့စေ့၊ တချို့ကလည်း ရှုသိုးသိုး၊ တချို့ကလည်း ဂြိုဟ်ကြည့် ကြည့်လို့ပေါ့။ ကိစ္စမရှိပါဘူး။ ကျမလည်း ဗိုက်ဆာနေပြီ။ ဒါနဲ့ပဲ … ပုံထားတဲ့ လက်ဖက် ပန်းကန်ထဲ ဆီဆမ်း၊ ငံပြာရည်ဆမ်းပြီး အားရပါးရ နယ်ပြီးတဲ့ သကာလ … ။
…. …. …. …. …. ….
…. …. …. …. …. ….
…. …. …. …. …. ….
ကောင်းသလားတော့ မမေးပါနဲ့။

ရေမဆေးမိတဲ့ လက်ဖက်က အလွန်ခါးသက်လို့။
ခပ်ကြမ်းကြမ်းလှီးထားတဲ့ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးက အာခေါင်ကို လာလာထိုးသေး။
ရက်လွန်နေတဲ့ ကုလားပဲခြမ်းက ပျင်းတွဲတွဲ၊ နှမ်းက ဆီချေးစော်နံတံတံ။
သံပုရာသီး အညှစ်လွန်သွားတော့ ချဉ်စူးစူး။
ငရုတ်သီးစိမ်း တခါဝါးမိတိုင်း စပ်လွန်းလို့ မျက်ရည်တွေ ၀ိုင်း။
ဒါပေမဲ့ … ကျမ တလုတ်ပြီး တလုတ် စားနေမိတယ်။ ဇွန်းကိုတောင် မချမိဘူး။

ဘာပဲပြောပြော … ခုချိန်မှာတော့ ဒီလက်ဖက်သုပ်ဟာ ကျမအတွက် အရသာအရှိဆုံး အကောင်းဆုံးပါပဲ။

ဟုတ်တယ် ….
ကျမ … လက်ဖက်ငတ်နေတာ အတော် ကြာပြီလေ … ။
****
မေဓာဝီ

၂၅၊ ဖေဖော်ဝါရီ၊ ၂၀၀၉
၀၀း၁၇ နာရီ (ပဏာမ ရေးပြီးချိန်)

၇၊ မတ်၊ ၂၀၀၉
၀၀း၃၄ နာရီ (အဆုံးသတ်ပြီးချိန်)

၁၅၊ မတ်၊ ၂၀၀၉
၂၀း၂၆ နာရီ (ဘလော့ပေါ်တင်ချိန်)

*လက်ဖက်သုပ်* စာလုံးပေါင်းမှားနေ၍ ပြန်ပြင်လိုက်ပါသည်။

၁၈၊ မတ်၊ ၂၀၀၉

9 comments:

ကလိုစေးထူး said...

ပြောင်မြောက်လိုက်တဲ့ သရော်စာ... ...။ တကယ်ပါပဲ၊ ကျနော်လဲ အငြင်းပွားနေကြတဲ့ လက်ဖက်သုပ်တန်ဆာပလာထဲက တခုအပါအ၀င်ဖြစ်နေပြီလား မသိဘူးဆိုပြီး ကိုယ့်ဘာသာကိုယ် မလုံမလဲတောင်ဖြစ်ရသေး။ မမေ ဒီစာမှာထူးခြားချက်တခုတွေ့တယ်၊ စာစတင်ရေးချိန်၊အဆုံးသတ်ချိန်၊ ဘလော့ဂ်ပေါ်တင်ချိန်တွေကို တခုတ်တရမှတ်တမ်းတင်ထားတယ်။ :)

naynyoyint said...

အမ.. တော်တော်ရက်စက်တယ်နော်.. သူတို့ လေးတွေ ခမျာ အခု နတ်ပြည်လား ငရဲပြည်လား ရောက်နေရောပေါ့.. :P

ဟနစံ said...

ဟဲဟဲ..လက်ဖက်သုပ်စားရင်း သွားလေးဖြီး ရယ်မိပြန်ပြီ။
ဟီးဟီး။
အတော်လေးကို အိုင်ဒီယာ ဂွဒ်နေပါလား မမေ။
မရေးတာ ကြာပေလို့ပဲနော်။ ဆက်တိုက်သာ ရေးနေမယ်ဆိုရင် အိုင်ဒီယာတွေ လိုက်မီမှာ မဟုတ်တော့ဘူး။ မိစွာတေး ဆိုတဲ့ အသုံးလေးကို မြင်တော့ မလုံမလဲ ပြုံးမိသေးတယ်။ မိစွာတေး ဆိုတဲ့ မြန်မာချက်က နစ်နိမ်းလေး။

Anonymous said...

မင်း သူ ငါ စုံညီမှ

မင်း မပါ ဘယ်ဟာ မပြီး
မင်းချည့်တော့လည်း ဘယ်ဟာ မပြီး။

ငါ မပါ ဘယ်ဟာ မပြီး

ငါ့ ချည့်တော့လည်း ဘယ်ဟာ မပြီး။

သူ မပါ ဘယ်ဟာ မပြီး

သူ့ ချည့်တော့လည်း ဘယ်ဟာ မပြီး။

မင်း သူ ငါ စုံညီမှ

မှု့ကိစ္စ အကုန်ပြီး

ပြုက စုစည်း။

(ဆရာတော် တစ်ပါးရဲ့ ကဗျာပါ ခင်ဗျာ ဒီပို့စ်နဲ့ လိုက်မယ် ထင်လို့ မျှဝေ လိုက်တာပါ)

မောင်ုကီး

တန်ခူး said...

မေရေ… အရမ်းကောင်းတဲ့ အတွေးလေးနဲ့ အရေးလေးပါ… ဒါလေးဖတ်ပြီး ဟိုဟာလေးသွားသတိရတယ်… ဘယ်ဟာလေးလဲဆိုတာ မေသိမှာပါ…

သက်ဝေ said...

အရမ်းကောင်းတဲ့ လဘက်သုပ်လေးပါ မေ...
ကိုယ်တိုင်က နှမ်းသိပ်မကြိုက်ပေမယ့် အားလုံးထဲမှာ နှမ်းစေ့မ ဆိုတဲ့ နာမည်လေးကိုတော့ အချစ်ဆုံးပဲ...

မေ့ဘလော့ဂ်ကို ဟိုးအရင်တုန်းထဲက အမြဲလာဖတ်ဖြစ်ပါတယ်.. Comment ရေးဖြစ်တာကတော့ ဒါပထမဦးဆုံးပါ... စာမရေးပဲ အချိန်တော်တော်ကြာ ပျောက်နေရာက အခုလို စာတွေပြန်ရေးနေတာတွေ့ရလို့ ၀မ်းသာပါတယ်..။
နောက်လဲ လာလည်မယ်နော်...။

Maydarwii said...

ဟဲဟဲ မလုံဘူးလား ကိုစေးထူး ... ဒါကတော့ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲပေါ့နော .. ။ ;)

မပူပါနဲ့ ကိုနေညိုရင့်ရယ်... ကောင်းရာသုဂတိ လားကြမှာပါ ... :)

ဒေါ်လေးက မိစွာတေးလား ... ထင်တော့ထင်သား။ ဒါကြောင့် ... :P

ကိုမောင်ကြီး ... ကဗျာအတွက် ကျေးဇူး။

မတန်ခူး ... သိရင် တေတေနိတ်နော် ... ဟီး။ :D

မသက်ဝေ ... စာလာဖတ်တာ ကျေးဇူးပါ။ နောက်လဲ လာအားပေးပါရှင်။

အားလုံးကို ကျေးဇူးတင်စွာဖြင့်
မေဓာဝီ

ချော said...

အရမ်းကိုကောင်းတဲ့Idea နဲ့အရေးအသားလေးပါဘဲ..
လက်ဘက်သုပ်ကိုချက်ခြင်းစားချင်လာတယ်...မနက်ဖြန်တော့သုပ်စားဖြစ်တော့မယ်ထင်ပါရဲ့

သစ်သစ် said...

လက်ဖက်သုတ်ပို့စ်ကိုဖတ်ပြီးတော့ မမဘလော့တစ်ခုလုံး မွှေနှောက်ဖတ်သွားတယ်နော် ။ ပထမဆုံးရောက်ပေမယ့် အရေးအသားအရမ်းကောင်းလို့ မပိတ်နိုင်တော့ဘူး..။