(၁)
ညဥ့်က မနက်သေးပါဘူး။
မိုးပေါ်မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
***

(၂)
မိုးမရွာတော့ပေမဲ့ မိုးငွေ့ပါတဲ့ လေက တဝေ့ဝေ့ တိုက်ခတ်လို့နေတယ်။ ရေဒီယို ကက်ဆက် ရုပ်မြင်သံကြား မရှိတဲ့ နေရာ၊ ကွန်ပျူတာနဲ့ လက်ကိုင်ဖုန်းတွေကို အနားပေးထားတဲ့ အခိုက် အပြင်က စကားပြောသံ၊ သီချင်းသံ၊ တံခါး ဖွင့်သံ ပိတ်သံတွေကြားမှာ ကြားနေကျ မဟုတ်တဲ့ အသံတသံကို သတိထားလိုက်မိတယ်။ အဲဒီ အသံက ဝေးရာက တဖြည်းဖြည်း နီးလာတယ်။ မသဲကွဲရာက တဖြည်းဖြည်း ပီသ လာတယ်။ အနိမ့်အမြင့် စည်းချက်နဲ့ အညီ မှန်မှန် ရိုက်ခတ်နေတဲ့ မြည်သံ၊ အဲဒီနောက် ခွေးဟောင်သံ ခပ်သဲ့သဲ့၊ ခွေးဟောင်သံကြားက ဆွဲဆွဲငင်ငင် ထွက်ပေါ်လာတဲ့ အသံစာစာ ... ။
.
လူတွေနဲ့ ဝေး ဝေး ဝေးတဲ့ နယ်မြေ ...
အတူတူ သွား သွား သွားကြမယ်လေ ...
နက်ရှိုင်းတဲ့ တောရဲ့ ရင်ခွင်မှာ ပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ ....
သဘာဝရဲ့ ရင်သွေးငယ်တွေ ...
.
ဝါးဆစ်ဗုံကို ကွန်ကရစ်လမ်းပေါ်မှာ ခေါက်တီးနေတဲ့ မြည်သံ တတုံတုံနဲ့အတူ ဆွဲဆွဲငင်ငင် သီဆိုနေတဲ့ သီချင်းသံ။ ဝါးဆစ်ခေါက်သံက သီချင်းသံထက် ပိုပြီး ကျယ်နေတယ်။ သီချင်းသံက မပီမသ ... စည်းဝါးမကျ။ အသံတွေ တဖြည်းဖြည်း နီးလာရင်း အနီးဆုံး နေရာကနေ ခပ်ကျယ်ကျယ် ကြားနေရတယ်။ တီးတဲ့သူကလည်း အစွမ်းကုန် ရိုက်ခတ် တီးသလို သီဆိုသူကလည်း ရင်ကို ဖွင့်ပြီး ဆိုလေသလားပဲ ... ။
.
ဒီကမ္ဘာမှာ စစ် စစ် စစ် မဖြစ်ရာမြေ
တနေရာရှိ ရှိ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှုရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
သဘာဝရဲ့ ရင်သွေးငယ်တွေ ~ ~

အဆိုနဲ့ အတီး စည်းချက်မမှန် နရီမကိုက်ပေမဲ့ သီချင်းသံ စာစာလေးက ရင်ထဲထိ ထိုးဖောက် ဝင်ရောက်သွားတယ်။ ဒီကမ္ဘာမှာ စစ်မဖြစ်ရာမြေ တဲ့လား ... ။ စစ်မဖြစ်ရာမြေ တကယ်ပဲ ရှိပါ့မလား ... ။ အသံရဲ့ ဆွဲဆောင်မှုကြောင့် ဝရံတာကနေ ငုံ့ကြည့်လိုက်တော့ တိုက်လှေခါး ရင်းမှာ ကလေးနှစ်ယောက်။ အသက်က ရှိလှမှ တယောက်က ကိုးနှစ် ဆယ်နှစ်၊ တယောက်က ခြောက်နှစ် ခုနစ်နှစ် အရွယ်လေးတွေ။ အကြီးလေးက ဝါးဆစ်ဗုံကို မြေမှာခေါက်လို့ အငယ်လေးက မပီကလာ အသံစာစာနဲ့ ခေါင်းလေး မော့ပြီး သီချင်းလေးကို ဟစ်ကြွေးလို့ ... ။
.
ပိုင်ဆိုင်တာ အားလုံးစွန့်ကာလေ ...
မနာလိုစရာလည်းပဲ မရှိတော့ပေ ....
ဘယ်သူမဆို အားလုံးတန်းတူပေ ...
ညီအစ်ကိုလို ကြင်နာမှုနဲ့နေ ...
လောက အသစ်တခု တည်နေ ~ ~
.
သူတို့ ဆက်ဆိုနေကြတယ်။ ဌာန် ကရိုင်းမကျပေမဲ့ အသံ အနိမ့်အမြင့် အတက်အကျ ဆွဲဆွဲငင်ငင် စိတ်ပါ လက်ပါ သီဆိုနေကြဆဲ။ ဝါးဆစ်ဗုံခေါက်သံ တတုံတုံက ရင်ကို ရိုက်ခတ် လို့ ရင်ခုန်သံတွေ မြန်စေခဲ့တယ်။ အောက်ကို ငုံ့ကြည့်နေရင်း မကြည့်ရက်တော့လို့ ဝရံတာကနေ ခွါလိုက်တယ်။ အောက်ဆင်းသွားရ ကောင်းနိုး စိတ်ထဲမှာ ချီတုံချတုံနဲ့။ တံခါးအထပ်ထပ် ဖွင့်ရမှာနဲ့ လှေခါး အတက်အဆင်း လုပ်ရမှာတွေကြောင့် အောက်ဆင်းမယ့် ခြေလှမ်းတွေ လေးဖင့်နေဆဲ အသံလေးတွေက တဖြည်းဖြည်း ဝေးဝေးသွားကြပြီ။
.
အရာရာ လှ လှ လှပရာမြေ
အရာရာ သန့် သန့် သန့်ရှင်းရာမြေ
ထာဝရငြိမ်းချမ်းမှုရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ ....
သဘာဝရဲ့ ရင်သွေးငယ်တွေ ....
.
ဝါးဆစ်ဗုံသံ တတုံတုံက တဖြည်းဖြည်း တိုးလျလို့သွားပြီ။ သီချင်းဆိုတဲ့ အသံစာစာလေးလည်း ဝေးဝေးလို့သွားပြီ။ အတွေးတွေကတော့ မရပ်နိုင်သေး ... ။
.
စစ်မဖြစ်တဲ့နေရာ ...
ငြိမ်းချမ်းတဲ့နေရာ ...
မနာလိုခြင်းတွေ ကင်းတဲ့နေရာ ...
အားလုံးတန်းတူ ဖြစ်တဲ့နေရာ ...
လှပ သန့်ရှင်း အန္တရာယ်ကင်းတဲ့ လောကအသစ်တခု ... တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား ... အတွေးတွေနဲ့ ... ။
.
***
(၃)

မိုးပေါ်ကို မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
ဒါပေမဲ့ ...
ညဥ့်ကတော့ ... မနက်သေးပါဘူး ... ။
***
မေဓာဝီ
၂၆ ၊ ၀၈ ၊ ၁၇
၂၂း၁၀ နာရီ

1 comment:
ညဥ့်ကတော့ မနက်သေးဘူး...
မျှော်လင့်ချက်ထားနေတုန်းပါပဲ...
လည်လည်လာသွားတယ် ညီမမေ
ချစ်တဲ့
မချစ်
Post a Comment