ဒီနေ့ ကျမ ရေချိုးနေရင်း ဖြူဖြူကျော်သိန်းရဲ့ ဝါတာပါတီ ရေပါတီ ဂယက်က ခေါင်းထဲရောက်လာတယ်။ သူ့ကို လက်မခံသူတွေအပေါ် သူ့ရဲ့ တုန့်ပြန်ချက်ကို နားထောင်ဖြစ်တဲ့အခါ ကျမ ဘိလပ်မှာ ကျောင်းတက်တုန်းက ဦးရီးတော် ကျမကို အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ အကြောင်းတွေပါ အစီအရီ ဆက်တွေးမိတယ်။ အင်္ဂလိပ်စာ သိပ်မတော်ပေမဲ့ ကျောင်းကောင်းတွေမှာ တက်ခဲ့တာဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ခဲ့တဲ့ ကျမ … ဘိလပ်ရောက်မှ ဒုက္ခ ရောက်တဲ့အကြောင်း အရင်ကလည်း ရေးဖူးပါတယ်။ အသံထွက်နဲ့ ပတ်သက်ရင် ဦးရီးတော်က သိပ် sensitive ဖြစ်တာ။ အင်္ဂလန်မှာနေတာ အင်္ဂလိပ်အသံပဲ ထွက်ရမယ် ဆိုတာမျိုး၊ အမေရိကန်သံထွက်ရင် သူက လက်မခံချင်ဘူးပေါ့။ ဒါနဲ့ အောက်စ်ဖို့ဒ် အသံထွက် အဘိဓာန်ဖွင့်ပြီး နောက်ကနေ ၅ ခေါက်ဆို ၁၀ ခေါက်ဆို ဆိုပြီး လိုက်ဆိုခဲ့ရတယ်။ အဲဒီမှာ ဖြူဖြူပြောတဲ့ water မှာ ပြဿနာတက်တော့တာပဲ။ ငယ်ငယ်က ကျောင်းမှာ ဝါးတားပဲ ပြောလာတာ နှုတ်ကျိုးနေပြီ၊ ခုကျမှ ဝါးတားမဟုတ်တော့ဘူး ဖြစ်နေတာကိုး။ သေချာနားထောင်တော့ ဝေါထား ဆိုလား ဝါးနဲ့ ဝေါကြားက ကြားသံ ဆိုပါတော့။ အဲလိုနဲ့ ဝါးတားတားနဲ့ ဝါးတားခဲ့ရာက ဝေါထား လို့ ဖတ်ခဲ့ရ မှတ်ခဲ့ ထွက်ခဲ့ရတယ်။
တခါ ဘောလုံးပွဲတွေကြည့်ပြန်တော့ ကိုယ်သိခဲ့တဲ့ နိုင်ငံအမည် ဥရုဂွေးက တက်တက်စင်ကြီးလွဲပြီး ယူရဂွိုင်း ဖြစ်နေပြန်တယ်။ ဒါပေမဲ့ တချို့ နိုင်ငံတွေက ဥရုဂွေးလို့လဲ အသံထွက်တယ်ဆိုတာ နောက်မှ သိခဲ့ရတယ်။ သူ့ဒေသနဲ့သူ အသံထွက်က အမျိုးမျိုးထွက်ကြတာကလား။ ကျမ မှားတတ်လို့ ဦးရီးတော်အမြဲပြင်ပေးခဲ့ရတဲ့ အသံထွက်တွေက water အပါအဝင် work နဲ့ walk, bomb စသဖြင့်ပေါ့။ နောက်ပြီး ကျမတို့ နှုတ်ကျိုးနေတဲ့ ဘောနပ်စ် bonus က ဘိုးနပ်စ်တဲ့၊ ဆီမီးဖိုင်နယ် semi final ဆိုရင် ဆမ်မီးဖိုင်နယ်၊ ပရီးမီးယား Premier ကို ပရမ်းမီးယား … စသဖြင့် ပြောဖို့ရာ သင်ပေးပါတယ်။ ကိုယ်က နေးတစ်အသံနဲ့ မပြောနိုင်သည့်တိုင် အတတ်နိုင်ဆုံး အမှန်ထွက်ရမယ်လို့ ဦးရီးတော်က ပြောတယ်။ တခါတခါကျတော့လဲ နှုတ်ကျိုးနေတာက ပြင်ဖို့ခက်သားလား။
အသံထွက် မှားသွားမှန်းသိလို့ ပြန်ပြင်ပြောရင်း ကိုယ်ပြောချင်တဲ့စကား မေ့သွားပြီး ဆက်မပြောတတ်တော့တာ မျိုးလည်း ဖြစ်ဖူးတယ်။ နောက်တော့လဲ နေ့စဉ်ပြောဆို သုံးစွဲကြတဲ့အခါ တယောက်နဲ့တယောက် နားလည်အောင် communicate လုပ်နိုင်ရင်ပြီးတာပဲလို့ သဘောထားလိုက်ရတယ်။ မဟုတ်ရင် နဂိုကမှ အင်္ဂလိပ်လို မနည်းပြောနေရတဲ့အထဲ အသံထွက်မှန်ဖို့က စိတ်ထဲအရမ်းရောက်နေတော့ ပြောမယ့်စကားတွေ ဆွံ့အသွားတာ ကိုယ်တွေ့ပါပဲ။ ဒါကြောင့်လည်း တော်ရုံတန်ရုံဆို ဦးရီးတော်ရှေ့ အင်္ဂလိပ်လို ပြောမထွက်တော့ဘူး။ မှားမှာစိုးတဲ့ စိတ်က ကြီးစိုးနေတာကိုး။
သီချင်းစာသားထဲက အင်္ဂလိပ်အသံထွက်နဲ့ ပတ်သက်ပြီးတော့ ထွန်းအိန္ဒြာဗို ပြောခဲ့ဖူးတာ သွားသတိရမိတယ်။ 1999 သီချင်း ထင်ပါရဲ့။ နိုင်တီ-နိုင်းတီ-နိုင်း ကိုကိုရေ ကြင်နာချင်တယ် ဆိုလား … အဲဒီလိုဆိုတဲ့အခါ နိုင်တင်းနိုင်တီနိုင်း ဖြစ်ရမယ် ဘာညာနဲ့ ဝေဖန်ကြတော့ သူက ပြန်ပြောတယ်၊ “ကျမ သီချင်းဆိုနေတာ အင်္ဂလိပ်စာ သင်နေတာ မဟုတ်ဘူး” တဲ့။ အင်းလေ … သူပြောတာလဲ ဟုတ်သား အင်္ဂလိပ်စာသင်တဲ့ ဆရာ/ဆရာမ ဆိုရင်တော့ အသံထွက် မှန်ဖို့ အရေးကြီးတာပေါ့။
နောက်တခုက သူ့အရပ်နဲ့ သူ့ဇာတ် ဆိုတာလဲရှိသေးတယ်။ ကျမတို့ အင်္ဂလိပ်စာ ဆရာမတယောက် ပြောပြဖူးတာလေးပေါ့။ တီချာမေလို့ ကျမတို့ခေါ်ကြတဲ့ ဒေါ်မေလေးဆွေပါ။ တီချာမေက အင်္ဂလန်မှာ ပညာသင်ပြီး ပြန်လာခါစ လက်ဖက်ရည်ဆိုင်မှာ အိုဗာတင်းသောက်မလို့ Ovaltine အသံထွက်အမှန်နဲ့ အိုဗယ်လ်ထင်းန် တခွက်လို့မှာတော့ … “မရှိပါဘူး အန်တီ” လို့ စားပွဲထိုးလေးက ပြောတယ်ဆိုပဲ။ ဒါနဲ့ ဆရာမသမီးက “အမေနေ … သမီးမှာပေးမယ်” ဆိုပြီး “အိုဘာတင်း” လို့ ခပ်ပြင်းပြင်း အသံထွက်ပြီး မှာမှ ဆရာမ သောက်ချင်တဲ့ အိုဗာတင်းက ရောက်လာပါတော့တယ်။ မားစီးဒီးလို့ ကျမတို့ပြောနေကြတဲ့ကားက မဆေးဒီးစ်၊ ချက်ပလက်ဆိုတဲ့ကားက ရှဲဗလေ ဆိုပေမဲ့ သူ့အရပ်နဲ့ သူ့ဇာတ် ငပိသံနဲ့ထွက်မှ အများက နားလည်ကြမယ် မဟုတ်လား။
နောက်တခါ P ကို ပီလား ဖီ လား .. T ကို တီလား ထီလား ဆိုတာနဲ့ ပတ်သက်လို့လဲ တီချာမေက ဖန်ခါလေးဖိတ် (ပန်ကာလေး ပိတ်) ဆိုတဲ့ ဆောင်းပါးနဲ့ ခပ်သောသောလေး ရေးခဲ့ဖူးပါတယ်။ ဘယ်လိုပဲအသံထွက်ထွက် မှန်တယ်ဆိုတဲ့အကြောင်း၊ ပီကို ဖီလို့ မပြောလဲ ရပါတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါ့အပြင် ကျမ အင်္ဂလန်မှာနေတုန်းက ထူးဆန်းတဲ့အသံထွက် တခု ကြားခဲ့ရပါသေးတယ်။ H ကို တသက်လုံး အိတ်ခ်ျ ပဲ အသံထွက်ခဲ့တာ … ဟိုကလူတချို့က ဟိတ်ခ်ျ လို့ ထွက်ပါတယ်။ တီဗီကြော်ငြာတချို့မှာတောင် HSBC ကို ဟိတ်ခ်ျလို့ပြောတာ ကြားခဲ့တယ်။ ဒါနဲ့ ဦးရီးတော်ကို မေးကြည့်တော့ အိတ်ခ်ျက အမှန်ပါလို့ ပြောတယ်။ ဟိတ်ခ်ျဆိုတာ စာမတတ်တဲ့ သူတွေ ထွက်တာ ဆိုပဲ။ ဒါပေမဲ့ ကျမတက်ခဲ့တဲ့ Huddersfield University က ဆရာမတယောက်တောင် ဟိတ်ခ်ျလို့ ထွက်သေးတယ်။ အဲဒါကလည်း သူ့ခေတ်နဲ့သူ ထင်ပါရဲ့။
ဆရာမဆိုလို့ နောက်ဆရာမတယောက်ရဲ့ အသံထွက်ကတော့ ကျမတို့အတွက် အတော်လေး ရယ်စရာ ဖြစ်ခဲ့ရပါတယ်။ သူက အင်္ဂလန်မြောက်ပိုင်း ဇာတိပေါ့။ အဲဒီဘက်က အသံထွက်လို့ ပြောတာပဲ။ Plug ကို ပလွတ်၊ mug ကို မွတ်၊ but ကို ဘွတ်လို့ တကယ်ကို ထွက်တာပါ။ တိတိကျကျကြီးတော့ မဟုတ်ဘူးပေါ့လေ။ ရေးပြရခက်တဲ့ ကြားသံပေါ့။ နောက်ပြီး day ဆို ဒိုင်း တဲ့။ အဲဒီအကြောင်းလဲ တီချာမေက ဆောင်းပါးရေးဖူးသေးတယ်။ I am going to hospital today. ဆိုတဲ့ ဝါကျမှာ တူဒေးကို တူဒိုင်း လို့ထွက်လိုက်တော့ I am going to hospital to die. လို့ ဖြစ်သွားပါလေရော။ တီချာမေကတော့ ရယ်စရာအနေနဲ့ ရေးတာပါ။ တကယ်တမ်းက A ကို အေ လို့ ကျမတို့ အသံထွက်နေတာတောင် အတိအကျကြီး မှန်မှ မမှန်ဘဲ။ ဒါပေမဲ့ အေ လို့ပြောရင် ဘယ်သူကမှ B လို့ မရေးဘူး မဟုတ်လား။
ပြောချင်တာကတော့ အင်္ဂလန်လိုနိုင်ငံ သေးသေးလေး တနိုင်ငံထဲမှာတောင် ဒေသအလိုက် အသံထွက် အမျိုးမျိုးထွက်ကြတယ် … ကမ္ဘာနဲ့ အဝှမ်းဆိုရင် ပြီးပါလေရော။ ကမ္ဘာပေါ်မှာ အင်္ဂလိပ်စကားကို မိခင်ဘာသာ စကားအဖြစ် ပြောတဲ့နိုင်ငံဆိုတာ ယူကေအပါအဝင် စုစုပေါင်းမှ ၆ နိုင်ငံပဲ ရှိပါတယ်။ မိခင်ဘာသာစကား အနေနဲ့ ပြောတဲ့ အဲဒီလို နိုင်ငံတွေမှာတောင် ဒေသအလိုက် အသံထွက်တွေ မတူကြတဲ့အခါ ဒုတိယဘာသာစကား အနေနဲ့ ပြောဆိုကြရတဲ့ ကျမတို့နိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာ အသံထွက်တွေက အမျိုးမျိုးအဖုံဖုံ ကွဲလွဲကြမှာပါပဲ။ ဆိုတော့ အင်္ဂလိပ်လို ပြောဆို ဆက်ဆံကြတဲ့အခါ အပီသဆုံး အမှန်ကန်ဆုံး ထွက်နိုင်ရင် အလွန် ကောင်းပါတယ်။ အဲဒီလို အသံ မထွက်နိုင်တော့ရော … ဘာဖြစ်နိုင်ပါသလဲ … ဆိုတာ … ဆက်ပြီး ကျမတွေးနေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ ဇွန်၊ ၂၀၁၅
၁၈း၂၈ နာရီ
1 comment:
ဟုတ်တယ် မမေရေ
အဲဒီအသံထွက်ကိစ္စကရှင်းလိုက်
ပြသနာတက်လိုက်နဲ့
ဂျာအေးသူ့အမေ ရိုက်သလိုဖြစ်နေတော့တာ..
Post a Comment