Friday, June 29, 2007

ကူညီကြပါဦး ...

ဒီရက်ပိုင်းရဲ့ အင်တာနက်ကွန်နက်ရှင်ဆိုးဝါးပုံကတော့ ပြောချင်တော့ပါဘူး။ ဘလော့မှာစာတပုဒ် တင်ဖို့အရေး နာရီနဲ့ချီပြီး ကြာအောင်စောင့်ရတယ်။ ဒါ့အပြင် အမေ နေမကောင်းလို့ အမေ့နားစောင့်ပေးရ၊ သူငယ်ချင်း ဆေးရုံတက်နေရလို့ နေ့စဉ် သွားကြည့်ပေးရ အဖေစာသင်ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးရ … ကိုယ်ပိုင်အချိန် တော်တော်လေးကို ပါးရှားနေလို့ စာလည်း ဟုတ္တိ ပတ္တိ မရေးဖြစ် နိုင်တဲ့အပြင် တခြားဘလော့တွေလည်း အချိန်ပေးပြီး သေချာမဖတ်နိုင်ပါဘူး။ ရောက်တုန်းရောက်ခိုက် စီဘောက်စ်လေးတွေမှာသာ ပြောခဲ့ဖြစ်ပါတယ်။ ကွန်မန့် ကိုလည်း ဆရာမ မမေငြိမ်းနဲ့ ညီမလေးဆိုးဝှက်ရဲ့ ဘလော့ နှစ်ခုပဲ ရေးဖြစ်ပါတယ်။ ဒီနှစ်ခုကို ရေးဖို့တောင် တညနဲ့ တမနက် အချိန်ပေးရပါတယ်။ ကွန်နက်ရှင်ဆိုးပုံ များ။ နဂိုကမှ စိတ်မရှည်တာမို့ တော်တော်လေး သည်းခံရပါ တယ်။

စိတ်ရှင်းရှင်းလင်းလင်းမရှိလို့ စာမရေးဖြစ်ချိန်မှာ အချိန်ရသလောက် သူများစာတွေ ရိုက်ပြီးသာ တင်နေရတယ်။ စိတ်ထဲက သိပ်တော့ မကောင်းလှပါဘူး။ ဒီနေ့လည်း ကျမ မအားလို့ “အကြံပါး နဂါးဆားချက်” လိုက်ပါဦးမယ်။ မနေ့က ပို့စ်မှာ ကမ္ဘာကြီး သက်တမ်း ကုန်ဆုံးခါနီး မီဒီယာအသီးသီးက ကိုယ်သန်ရာသန်ရာ ရေးသားကြတဲ့ပုံစံကို ဖော်ပြခဲ့ပြီးတော့ မြန်မာဘလော့ဂါတွေသာဆိုရင် ဘယ်လို များ ရေးသားမလဲ သိချင်ပါဘိလို့ ကျမက အဆုံးသတ်ထားပါတယ်။ အဲဒီအတွက် ရောက်လာတဲ့ ကွန်မန့်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ ရေးပြီးသူများကို လည်း ကျေးဇူးတင်ကြောင်းပါ။

ကျမကို ကူညီတဲ့ အနေနဲ့ … ဒီပို့စ်ကို ဖတ်မိတဲ့ သူများ (ဘလော့ဂါ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ) ဘယ်လိုများ ရေးချင်ပါသလဲလို့ … ကွန်မန့်လေးတွေ ပေးခဲ့ စေချင်ပါတယ်ရှင်။ ကွန်မန့်တွေကို ပို့စ်ပေါ် ပြန်တင်ပေးသွားပါမယ်။ (ဂျစ်တူး စတိုင်ပေါ့)
သူတို့တွေ ဘယ်လိုရေးထားတယ်ဆိုတာ ဖတ်ကြည့်လိုက်ပါဦး … ။
***
pandora said...
ဒုတိယ ဟာသက သတင်းကို ပန်ဒိုရာ့ ဘလော့ဂ်မှာ ဆိုရင်လား.. ဒီလိုရေးမယ်။
“မျှော်လင့်ချက်တွေကို ထမင်းအိုးညှိလိုက်ကြပြီ..”း)
6/28/2007 2:24 PM

s0wha1 said...
ညီမလေးကတော့ ဒီသတင်းကို ညီမဘလော့ဂ်မှာ "၀ိပဿနာတရား အားထုတ်ကြပါစို့" လို့ ရေးမယ်...ဟဲ...
6/28/2007 2:31 PM

May Nyane said...
မေငြိမ်းဘလော့မှာကတော့
“ချစ်တဲ့သူတွေ အားလုံး တူတူရှိနေကြဖို့ အရေးကြီးပြီ…” လို့ ရေးမှာပေါ့..ဟဲဟဲ။
6/28/2007 2:44 PM

Thet Oo said...
ကျနော်ဆိုရင်တော့ “ကမ္ဘာပျက်ရင် စစ်တပ်လည်း ပါတယ်” လို့ ရေးမယ်။
ဘာဖြစ်လို့လဲဆိုတော့ “တိုင်းပြည်ပျက်ရင် စစ်တပ်လည်း ပါတယ်” လို့ ဦးလွင် ပြောခဲ့ဘူးတာ စိတ်ထဲစွဲနေလို့။
6/29/2007 3:27 AM

Moe Htet said...
This is my heading:
“ကမ္ဘာ့နိဂုံးကို ကိုယ်တိုင်တွေ့ကြုံခွင့်ရပြီ”
6/29/2007 10:53 AM
***
ရပြီးသလောက် ကတော့ ဒီမျှပါပဲ … ။
အားလုံးကိုကြိုဆိုလျက် …
***
ဒါက နောက်ဆက်တွဲ တွေပါ ...
ကလိုစေးထူး said...
“လမ်းတခုရဲ့ အဆုံးသတ်” လို့ ရေးမိမယ်ထင်တယ်။
6/29/2007 6:05 PM

Min Min said...
“ကမ္ဘာပျက်တော့မည် ဖြစ်သဖြင့် မြန်မာပြည်တွင် ကုန်ဈေးနှုံး ကျဆင်းလားခြင်း”
6/29/2007 6:38 PM

ဂျစ်တူး - gyit_tu said...
မမေရေ.. ညီမဘလောဂ့်မှာဆိုရင်.. ဒုတိယဟာသကို..
“ငါတို့အပိုင်းအစများကြွေကျမည့်နေ့” လို့ ခေါင်းစဉ်တပ်လိုက်မယ် ။
6/29/2007 8:48 PM
Tesla said...
To Day is EXPIRY-DATE of Oh.. My Blog! Wow! ANNATA Rock. ..ဟီး.
6/30/2007 9:20 PM

ခင်မင်းဇော် has left a new comment on your post "ဖတ်ခဲ့မိတဲ့ ရယ်စရာ":
မမေ
အမကတော့ “မြန်မာနိုင်ငံတွင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ရန်အချိန်ကျပြီ” လို့ ရေးမယ်။ ဟဲဟဲ

Posted by ခင်မင်းဇော် toတွေးမိတွေးရာ ..ရေးမိရေးရာ at 6/30/2007 9:49 PM
Ko Phyoe said...
မမေ လာရေးလို့ရမလားဗျ။
ကျွန်တော်သာဆိုရင်တော့ "ဒိုးရတော့မယ် အချစ်ရယ် အာဟ အာဟ" လို့ရေးမယ်။
ဦးကျော်ကြီးလေသံနဲ့။
7/01/2007 3:40 AM
သန့်ဇော်မင်း said...
မမေရေ.. ကျွန်တော်ဆိုရင်...
"ငါတို့တတွေ လွတ်လပ်ချိန် ရောက်တော့မည်" လို့ရေးချင်တယ်
7/02/2007 2:39 PM
***
ကျမကို ကူညီပြီး ရေးပေးကြသူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ကျမလည်း ဘယ်လိုရေးရမလဲ စဉ်းစားနေတာ … ။ အခုတော့ စဉ်းစားလို့ရပြီ .. ။

“နေ နှင့် လ တို့ ခွဲခွါချိန်” … လို့
***
Kay said...
wait..wait
“ဒီမိုကရေစီ..ပေးလိုက်ပီ”
7/03/2007 8:44 PM

mgphyu said...
“သားကောင်ချနင်းမည့်သူများခေတ်သို့တလှည့်”
7/04/2007 2:31 AM
loimwethu said...
"Que ser'a, ser'a
whatever will be, will be
The future's not ours to see..."

7/08/2007 3:51 PM
***
မေဓာဝီ
၂၉၊ ဇွန်၊ ၂၀၀၇
ညနေ ၃ နာရီ

Read More...

Thursday, June 28, 2007

ဖတ်ခဲ့မိတဲ့ ရယ်စရာ

ပျင်းပျင်းရှိတာနဲ့ ဟာသမဂ္ဂဇင်းတစောင် ကောက်လှန်တော့ ဂျာနယ်လစ်လောက ဟဒယဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဟာသ လေးငါးခြောက်ပုဒ်ကို ဖတ်မိပါတယ်။ အဲဒီထဲကမှ ကျမနှစ်သက်တဲ့ ဟာသ ၂-ပုဒ်ကို ပြန်လည်ဝေငှရယ်ကြရအောင် ပျင်းရိတဲ့ကြားက အားတင်းပြီး ရိုက်ပေးလိုက်ပါတယ်။ တချို့သူတွေရေးသလို အတုခိုးပြီး “ကျမအကြိုက်”ဆိုပြီး တင်ရကောင်းမလား စဉ်းစားပါသေးတယ်။ တော်ကြာ ကော်ပီရိုက်နဲ့ ငြိမှာစိုးလို့ ခေါင်းစဉ်ပြောင်းလိုက်တာ။ ဒီစာကို တင်ရခြင်းကတော့ ဒီနေ့အတွက် ရေးစရာ ကိုယ်ပိုင်ဦးနှောက်နဲ့ မစဉ်းစားချင်တာ က တကြောင်း၊ ဘလော့ဂါတွေထဲ ဂျာနယ်လစ်တချို့လည်း ပါနေတာဆိုတော့ ဒီဟာသလေးတွေဖတ်ပြီး အတုယူချင် ယူရလေအောင် ဖော်ပြချင်တာက တကြောင်း … ဆိုပါတော့။ တချို့လည်း ဖတ်ဖူးပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ …ပေါ့လေ … ။

(၁)
တကယ်တော်သည့် သတင်းထောက်

ဆိုဗီယက်ယူနီယံ ခေတ်ဟောင်းက မော်စကိုမြို့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်တစ်ခုရှေ့တွင် ဖြစ်သည်။ ပိုင်ရှင်ထံမှ လွတ်ထွက်လာသော အယ်ဇေးရှင်း ခွေးကြီးတစ်ကောင်က ကလေးငယ်တဦးအား ကိုက်ခဲမည်ပြုစဉ် လူရွယ်တစ်ဦးက ပြေးဝင်လာပြီး ခွေးလည်ပင်းကို ကရာတေးလက်ဝါးစောင်းဖြင့် ခုတ်ရိုက်သတ်၍ ကလေးငယ်ကို ကယ်တင်လိုက်လေသည်။ ထိုအချိန်တွင် အံ့အားသင့်နေသော လူအုပ်ထဲမှ သတင်းထောက်တစ်ဦး ပြေးထွက်လာပြီး …

ထောက်။ … ။ “သိပ်တော်တာပဲဗျာ၊ ကျွန်တော် ‘ပရာပဒါ’ သတင်းစာက သတင်းထောက်တစ်ယောက်ပါ။ ဒီသတင်းကို ဒီလိုခေါင်းစဉ်တပ်လိုက်မယ်နော်” ဟု ပြောပြီး …
“ကွန်မြူနစ်ကေဒါတစ်ဦးက ကလေးငယ်တစ်ဦးကို ခွေးဆိုးကြီးလက်မှ ရဲဝံ့စွာ ကယ်တင်” ဟု ရေးလိုက်သည်။

လူရွယ် ။ … ။ “ကျွန်တော် ကွန်မြူနစ်ပါတီဝင် မဟုတ်ပါဘူး”

သတင်းထောက်က “သြ … ဟုတ်လား” ဆိုပြီး ကွန်မြူနစ်ကေဒါတစ်ဦးနေရာတွင် မော်စကိုမြို့သားတစ်ဦးဟု ပြင်ရေးလိုက်သည်။

လူရွယ် ။ … ။ “ကျွန်တော် မော်စကိုမြို့သားမဟုတ်ပါဘူး”

ထောက် ။ … ။ “ဒါဆိုရင် ခင်ဗျား ဘာမြို့သားလဲ”

လူရွယ် ။ … ။ “ကျွန်တော် နယူယောက်ကလာတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်ဦးပါ”

ထိုအခါ သတင်းထောက်က နောက်ဆုံးရေးလိုက်သည်မှာ …
“ယန်းကီးတစ်ဦးက အိမ်မွေးခွေးလေးတစ်ကောင်ကို ရက်စက်စွာသတ်ဖြတ်”
***
(၂)
ကိုယ်သန်ရာသန်ရာ

တစ်နေ့တွင် အမေရိကန်၌ ကမ္ဘာကြီးသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်တစ်ရပ် ကြေညာလိုက်ရာ ၎င်းသတင်းနှင့်ပတ်သက်၍ မီဒီယာအသီးသီးက စက်ရပ်သတင်း ခြောက်လိုင်းစလုံး ခေါင်းစီးတပ်သွားကြသည် မှာ …

USA Today ။ … ။ “ကျွန်ုပ်တို့အားလုံးသေပြီ”

Wall Street Journal ။ … ။ “ကမ္ဘာဆုံးတော့မည်ဖြစ်ပါသောကြောင့် ရှယ်ယာ ဈေးနှုန်း တဟုန်ထိုးကျဆင်း”

National Enquirer ။ … ။ “ဒိုင်ယာနာနှင့် ချားလ်စ် ပြန်ဆုံကြတော့မည်”

Inc. Magazine ။ … ။ “ဘုရားသခင်ထံမှ နည်းလမ်း ၁၀-ချက်”

Rolling Stone ။ … ။ “သေမင်းလက်ဆုံ မဟာဂီတ ဖျော်ဖြေပွဲကြီး”

Sports Illustrated ။ … ။ “ပွဲချိန်စေ့ပြီ”

Playboy ။ … ။ “ကောင်းကင်ဘုံမှ မော်ဒယ်မလေးများ”

Lady’s Home Journal ။ … ။ “အဆုံးအဖြတ်ပေးမည့် ကမ္ဘာပျက်နေ့ကြီးတွင် ကိုယ်အလေးချိန် ၁၀-ပေါင် လျော့နည်း စားဖွယ်ရာများ”

Discover Magazine ။ … ။ “ကော့စမစ်တစ် ရောင်ခြည်များအတွင်းတွင် လူ့ဘ၀ ဆက်လက်ရှင်သန်နိုင်နည်း တွေ့ပြီ”

Microsoft Systems Journal ။ … ။ “နက်စကိတ်ကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက် ဆုံးရှုံးပြီ”

Microsoft Website ။ … ။ “ဘ၀နေ၀င်ချိန်မှာ ပျော်ရွှင်စွာနေနည်း အတွေ့အကြုံ သင့်မှာ မရှိသေးလျှင် RAPT777.exe ကို download လုပ်ပါ။

America Online ။ … ။ “system ယာယီရပ်ဆိုင်းမည်၊ ၁၅ မိနစ်ကြာမှ တစ်ခါ ပြန် ကြိုးစားကြည့်ပါ”
***
ဟာသလေးကတော့ ဒါပါပဲ ရှင်။ ရယ်ရလားတော့ မသိဘူး။
မရယ်ရရင်တော့ ကျမလည်း တတ်နိုင်ဘူးရှင့်။ ကျမတော့ ဒုတိယ ဟာသကို ဖတ်ပြီး ဘလော့ဂါတွေလည်း ကိုယ်သန်ရာသန်ရာ ရေးလေ့ရှိတတ်ကြတာကို သွားသတိရမိတယ်။ အကယ်၍သာ ဒီသတင်းကို ကိုယ့်ကိုယ်ပိုင်ဘလော့မှာ ဖော်ပြကြမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ရေးကြမလဲဆိုတာ သိချင်လှပါဘိတော့တယ်။
***
မေဓာဝီ
၂၅၊ ဇွန်၊ ၂၀၀၇
ည ၁၁ နာရီ ၃၀ မိနစ်

(၀န်ခံချက် ။ … ။ ၂၀၀၇၊ ဧပြီလထုတ် ဟဒယမဂ္ဂဇင်းမှ။)

Read More...

Wednesday, June 27, 2007

ဗိုလ်လုပ်လိုသလား (၃)

ပြီးခဲ့တဲ့ တပတ်ကျော်က ဗိုလ်လုပ်လိုသလား (၂) မှာ …
ဗိုလ်လုပ်လိုသူများသည် ဗိုလ်စိတ်နှင့် ဗိုလ်အလုပ်ကို ရှေးဦးစွာ သိထားရမည်။ … ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ ဗိုလ်စိတ်ကို တခုချင်း ရှင်းပြထားတာကို ဖော်ပြလိုက်ပါတယ်ရှင်။
***
ဗိုလ်စိတ်ကို ရှင်းပြခြင်း

ဗိုလ်စိတ်သည် ၅-မျိုးရှိပေ၏။ ၎င်း ၅-မျိုးရဲ့ သရုပ်မှာ -
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် .. တို့ဖြစ်ကြကုန်၏။

၁။ သဒ္ဓါဗိုလ်

သဒ္ဓါဗိုလ် = သဒ္ဓါ + ဗလ
သဒ္ဓါ = ယုံကြည်မှု၊ ဗလ = အားကြီးမှု
သဒ္ဓါဗိုလ် = ယုံကြည်မှု အားကြီးခြင်း။

ယုံကြည်မှုဆိုတာ ဘာကိုယုံကြည်တာလဲ။ ဒီလိုမေးသော်၊ ဘုရားနှင့် ဘုရား၏ ဂုဏ်တော်ကို တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်၊ တရားနှင့် တရား၏ ဂုဏ်တော် တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်။ သံဃာနှင့် သံဃာတော်၏ ဂုဏ်ကို တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်။ ကုသိုလ် ဆိုတာကိုလည်း ယုံကြည်တယ်။ အကုသိုလ်ကိုလည်း ယုံကြည်တယ်။ ၎င်း နှစ်ပါးရဲ့ ကောင်းကျိုး ဆိုးပြစ် ရှိကြောင်းကိုလည်း ယုံကြည်တယ်။ ဆိုခဲ့သည့် အားလုံးကို ယုံကြည် သော စိတ်ကို သဒ္ဓါလို့ ဆိုပေသည်။

ဤယုံကြည်မှုမျိုးသည် သေးသေးကွေးကွေး ယုံကြည်မှုမျိုးမဟုတ်၊ အားနှင့်အင် နှင့် မပြိုမကွဲ ခိုင်မြဲစွာ ယုံကြည်ခြင်းဖြစ်သောကြောင့် (၀ါ) အခြားယုံကြည်မှုတို့ ထက် မြင့်မြတ်ကြီးကဲခြင်းကြောင့် သဒ္ဓါဗိုလ်လို့ ဆိုပေသည်။

ယုံကြည်မှုသဒ္ဓါဆိုတာ သတ္တ၀ါတိုင်း မဖြစ်ပေါ်နိုင်။ ဗုဒ္ဓဘာသာ အမည်ခံကြသော သူတို့ပင် သဒ္ဓါတရား ဖြစ်ပေါ်နိုင်ရန် ခဲယဉ်းပေ၏။ မိဘရိုးရာ ဓမ္မတာအလေ့ အလာမို့ ပြုလုပ်သူတို့သာ များကြကုန်၏။

အချို့သောသူတို့သည် ဒုက္ခိတများ တောင်းရမ်းလာသောအခါ မကြည့်ချင်၍ အမြန်ထွက်သွားလို၍ ပေးစွန့်လိုက်ကြကုန်၏။ ဤအမှုမျိုးလည်း သဒ္ဓါတရား မဟုတ်၊ မျက်စိအေး နားအေးမျှသာ ဖြစ်ကုန်၏။ ဤမှတပါး ပြုလုပ်ကြသော အချိုးမကျသော အမှုတို့လည်း များစွာ ရှိပေသေး၏။ အမှုလမ်းကြောင်းကပင် ဟုတ်သော်လည်း စိတ်ထား မစင်ကြယ်ခြင်းကြောင့် သဒ္ဓါစစ် သဒ္ဓါကောင်း မဖြစ် ကြကုန်။ ဒါကြောင့် သတ္တ၀ါတိုင်း သဒ္ဓါတရား မဖြစ်ပေါ်နိုင်ကြောင်းကို ပြောဆို ခဲ့ပေသည်။

“သဒ္ဓါ ငါးမျိုး”
၁။ အာဂမသဒ္ဓါ - ဘုရားအလောင်းများ၏ သန္တာန်၌ ယုံကြည်မှုကိုဆိုလိုသည်။ ထိုသဒ္ဓါမျိုးသည် ဖြစ်လေရာဘ၀တိုင်း၌ ပျောက်ကွယ်ခြင်းမရှိဘဲ ယုံကြည်မှု ဖြစ်ပေါ်နိုင်သည်။

၂။ အဓိဂမသဒ္ဓါ - အရိယာတို့သန္တာန်၌ ဖြစ်ပေါ်သော ယုံကြည်မှုဖြစ်ခြင်းကြောင့် နိဗ္ဗာန်တိုင်အောင် တည်ရှိနိုင်သည်။

၃။ သြကပ္ပနသဒ္ဓါ - ဉာဏသမ္ပယုတ်သဒ္ဓါမျိုးဖြစ်သောကြောင့် တဘ၀လုံး တည်တံ့ခိုင်မြဲနိုင်သည်။

၎။ ပသဒ္ဓသဒ္ဓါ - ဉာဏ၀ိပ္ပယုတ်သဒ္ဓါမျိုး ဖြစ်သောကြောင့် ဖြစ်လွယ်ပျက်လွယ် သည်။ ယခုအခါမှာ ပသဒ္ဓသဒ္ဓါမျိုးသာ များကြကုန်၏။ အချို့သော ကျောင်းအမ ကျောင်းဒါယကာတို့သည် ဘုန်းကြီး၏ အကျင့်ကောင်းမကောင်းကို မစိစစ်ဘဲ အပေးအယူတည့်က ကြည်ညို၏၊ အပေးအယူလွဲသော အကြည်ညိုပျက်ကြ ကုန်၏။

၅။ မုဒ္ဓပသန္နသဒ္ဓါ - သဒ္ဓါတရားမဟုတ်၊ သဒ္ဓါမှလွတ်ကင်းသော ယုံကြည်မှု ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိရဲ့ တပည့်များသည် သူတို့၏ဆရာကို ယုံကြည်သောသဒ္ဓါဟု ဆိုပေသည်။ မိစ္ဆာဒိဋ္ဌိဆရာများသည် ယုံကြည်လောက်အောင် ဂုဏ်မရှိပါဘဲနှင့် မိုက်မဲသောတပည့်များက သံယောဇဉ်ကြောင့်သော်၎င်း၊ မျိုးရိုးအလိုက်သော်၎င်း ယုံကြည်ကြသဖြင့် မောဟလျှင် အကြောင်းခံသောကြောင့် မုဒ္ဓပသန္နသဒ္ဓါဟု ဆိုပေသည်။

သဒ္ဓါတရားဆိုတာ မွေးမြူရပေသည်။ မွေးမြူဆိုသော စကားသည် ယုံကြည်မှု ဖြစ်ပေါ်လာအောင် ၀ီရိယဖြင့် မိမိစိတ်ကို ပြုပြင်မှုပင်ဖြစ်ပေသည်။
ဥပမာ - အိပ်ရာဝင်တွင် ဘုရားမရှိခိုးချင်သော သူတယောက်သည် အတင်းရော အဓမ္မ မိမိစိတ်ကို လှုံ့ဆော်ကာ ဘုရားရှိခိုးလေလျှင် နောက်တနေ့၌ ၎င်းအချိန် ကျရောက်က သတိရလာလေ၏။ ရလာသော သတိအတိုင်း ပျင်းပျင်းနှင့် ထ၍ ရှိခိုးပြန်လျှင် နှစ်ကြိမ် ရှိခိုးမိလေ၏။ ဤနည်းအတိုင်း ဆက်ကာ ဆက်ကာ မပျက်မကွက် ရှိခိုးလို့လာဆင် တစတစ သဒ္ဓါတရားဖြစ်ပေါ်လို့ လာလေ၏။ ၎င်း သဒ္ဓါတရားသည် တနေ့ထက်တနေ့ စင်ကြယ်ကြီးမြင့်ပြီး ဗိုလ်ထိုက်သော သဒ္ဓါ အဖြစ်သို့ ရောက်နိုင်ပေ၏။
***
“ဥပဒေသ”

သဒ္ဓါတရားဖြစ်ပေါ်အောင် မွေးမြူပါ။ ဖြစ်ပေါ်လာသော သဒ္ဓါတရားကို တစတစ ကြီးကျယ်အောင် မြှင့်တင်ပြီး ဗိုလ်အဖြစ်သို့ ရောက်အောင်ပြုလုပ်ပါ။ သဒ္ဓါတရား ဖြစ်ပေါ်ရန် နည်းမှာ … ပထမ - ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိအောင် အားထုတ်ပါ။ ဒုတိယ - ထိုဂုဏ်တို့ကို ယုံကြည်မှုပေါ်လာအောင် အားထုတ်ပါ။ ယုံကြည်မှု ပေါ်လာတာကို သဒ္ဓါဖြစ်သည်ဟု ခေါ်သည်။

ဒုတိယအချက်၌ ဗိုလ်အဖြစ်သို့ရောက်အောင် ပြုလုပ်ပါဆိုသည်မှာ ယုံကြည်မှု ပေါ်လာသော သဒ္ဓါကို နောက်ဆုတ်သေးငယ်၍ မသွားစေဘဲ ဘာဝိတာ၊ ဗဟုလိကတာ ဆိုသည့်အတိုင်း အခါများစွာ အကြိမ်များစွာ ပွားများသည်ရှိသော် သဒ္ဓါသည် ရှေ့သို့တိုးပြီး ကြီးကျယ်ခိုင်ခန့်သဖြင့် ဗိုလ်စိတ် ပေါ်လို့လာပေ၏။ ဗိုလ်စိတ်နှင့် ဗိုလ်အလုပ် အားထုတ်ပြုလုပ်က ဗိုလ်အဖြစ်သို့ ရောက်ရပေလိမ့် မည်။
***
သဒ္ဓါဗိုလ်ကတော့ ဤမျှပါပဲ။ သာဓက၀တ္ထုဇာတ်ကြောင်းတွေတော့ ရှည်လျား နေမှာစိုးတာကြောင့် မဖော်ပြတော့ပါဘူး။ အတိုချုပ်ကောက်နုတ်ပြီး ဖော်ပြခြင်း မျှသာ ဖြစ်ပါတယ်။ ကျန် ဗိုလ် ၄-ပါးကို တပတ်ကျော်မှာ တပုဒ်စီ ဖော်ပြသွား ပါမယ်။
***
စာရိုက်ပြီးချိန်
၂၇၊ ဇွန်၊ ၂၀၀၇
၀၀း၀၃ နာရီ

Read More...

Tuesday, June 26, 2007

ကလေးအတွေး ... ကလေး အရေး ...

သူတို့မောင်နှမ သုံးယောက်က ညဘက်ဆို ကျမဆီမှာ ကွန်ပျူတာ လာသင်ကြ တယ်။ အကြီးဆုံးက ၆ တန်း၊ အလတ်မလေးက ၄ တန်းနဲ့ အငယ်ဆုံး ချာတိတ်က ၂ တန်း အသီးသီးပေါ့။ သူတို့တွေက နွေပိတ်ရက်ကတည်းက လာတက်နေ ကြတာ ခု ကျောင်းတွေပြန်ဖွင့်တဲ့ထိ တက်နေကြတုန်းပဲဆိုပါတော့။ ကွန်ပျူတာနဲ့ တခုခုလုပ်နေရရင်ကို သူတို့မှာပျော်လို့။ ကျောင်းပြန်ဖွင့်တော့ စနေ တနင်္ဂနွေပဲ လာနိုင်တော့တယ်။ ကြားရက်ဆို ကျောင်းစာနဲ့ ကျောင်းကျူရှင်နဲ့ သူတို့မအားကြ တော့ဘူး။

နွေတုန်းကလည်း နွေတုန်းကမို့ သူတို့လေးတွေက အချိန်ဇယားအတိုင်း လှုပ်ရှား ကြရတာပါပဲ။ အင်္ဂလိပ်စာ၊ စန္ဒယား၊ ပန်းချီ၊ ရေကူး၊ ကွန်ပျူတာ အဲဒီလို သင်တန်း တွေနဲ့ ပိနေကြပါတယ်။ ရေကူးကန်ကအပြန်မှ ကျမဆီလာကြတာမို့ တခါတလေ သူတို့လေးတွေ ပင်ပန်းနေကြပြီ။ တခါတလေ ဗိုက်ဆာလို့ လမ်းမှာဝယ်လာတဲ့ မုန့်တွေကို ကျမဆီရောက်မှ ထုတ်စားကြရတယ်။

သင်တန်းတွေဘယ်လောက်တက်တက် ပညာရပ်တခုဆိုတာ သူတို့စိတ်ဝင်စားမှ လည်း တတ်မြောက်မှာပါ။ သူတို့လေးတွေ အင်္ဂလိပ်စာ အားနည်းကြတော့ ကျမက အင်္ဂလိပ်စာ ကြိုးစားဖို့ ပြောမိတယ်။ အဲဒီတော့ အကြီးဆုံးချာတိတ်က ဘာပြော သလဲ ဆိုရင် …
“သားက အင်္ဂလိပ်စာလည်း စိတ်မ၀င်စားဘူး။ မြန်မာစာလည်း စိတ်မ၀င်စားဘူး” တဲ့။
“ဟင် .. ဒါဆို သားက ဘာစိတ်ဝင်စားတုန်း”
“ဗေဒင်”
“အဲ …”

ကျမမှာ ရယ်ရအခက် ငိုရအခက်။ ဒါနဲ့ပဲ ဆက်ပြောရတယ်။
“ဗေဒင်ဆို မြန်မာစာနဲ့ဆိုင်တယ်၊ မြန်မာစာသေချာတတ်မှ ဖြစ်မှာပေါ့” ဆိုတော့
“မလိုဘူး တီချယ် … သားက တားရော့ကို စိတ်ဝင်စားတာ၊ မြန်မာစာ မကျွမ်း လည်း ရတယ်” တဲ့။
တားရော့လည်း သေချာလေ့လာမယ်ဆိုရင် အင်္ဂလိပ်စာတတ်ဖို့လိုတာပေါ့ … လို့ ကျမလည်း ပြောခွင့်မရလိုက်တော့ပါဘူး။ သူက သူ့အမေနဲ့အတူ မင်းသိင်္ခရဲ့ မရမ်းတလင်းခြံကြီးထဲ သွားလည်တဲ့အကြောင်း၊ အဲဒီမှာ ဘာတွေတွေ့တယ်၊ ဘာတွေရောင်းတယ်၊ မင်းသိင်္ခက ဘယ်လို၊ သူ့တပည့်တွေက ဘယ်ပုံ၊ ယတြာတွေဘယ်လိုပေးတယ် စသဖြင့် အားပါးတရပြောပြနေပါတယ်။ ကျမလည်း သူပြောသမျှသာ ငေးပြီး နားထောင်နေလိုက်မိပါတယ်။

သူတို့ သုံးယောက်က ဘာကိုမှ မကြောက်တတ်ကြဘူး။ သရဲက လွဲလို့ .. တဲ့။ ဆော့တာလည်း အရမ်း၊ သိချင်တာလည်း အရမ်း၊ အမေးအမြန်းထူတာလည်း အရမ်း၊ အငြိမ်မနေဘဲ သောင်းကျန်းကြလွန်းလို့ သူတို့ကို တခါသင်ပြီးတိုင်း လူက ခြေကုန်လက်ပမ်း ကျကျသွားတယ်။ တခါတခါ စာသင်နေတုန်း မောင်နှမ သုံးယောက် ပတ်ပြီး ရန်ဖြစ်နေကြပြန်တယ်။ စကားနိုင်လုကြတယ်။ စကားနိုင် လုရင်း အရှိန်တက်လာပြီး လက်တွေဘာတွေပါလာလို့ ကျမမှာ မနည်းဆွဲနေရ သေးတယ်။

အကြီးဆုံးနဲ့ အငယ်ဆုံးက ယောက်ျားလေး၊ အလတ်က မိန်းကလေး။ မိန်းကလေး ပေမဲ့ သူကလည်း ပေါက်ကျော်မလေးပဲ။ တစက်ကလေးမှ အငြိမ်မနေပါဘူး။ နွေရာသီ မနက်ပိုင်းသင်တန်းက လူ ၃၀ ထက်ကို ညဘက်မှလာတက်တဲ့ သူတို့ သုံးယောက် သောင်းကျန်းတာက ပိုပြီး ဆူညံပွက်လို့ နေပါတယ်။ အဲဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေ ပေါ့။

သူတို့စကားလေးတွေက တခါတခါ ကြမ်းရင်ကြမ်းမယ်။ ရိုင်းသလိုဖြစ်ရင်လည်း ဖြစ်မယ်။ အူကြောင်ကြောင်နဲ့ ပြန်ဖြေရခက်မယ့် မေးခွန်းမျိုးလည်း မေးရင် မေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေဟာ စိတ်ထဲရှိတာကို ဟန်မဆောင်ဘဲ ပြောရဲကြ ပြောထွက်ကြ ပြောဝံ့ကြသူတွေလို့ ကျမကတော့ ယူဆတယ်။ သူတို့ စိတ်လေးတွေဟာ ဘာအရောင်မှ မဆိုးထားရသေးဘူး။ ဒါကြောင့် သူတို့ပြောတဲ့ စကားတွေ တခါတလေ စိတ်ထဲ အောင့်သက်သက်ဖြစ်မိပေမဲ့ ကျမ ခွင့်လွှတ်ခဲ့ပါ တယ်။ ကလေးဆိုတာ လွတ်လပ်တဲ့ အတွေးအမြင်ရှိသလို ပွင့်လင်း ရိုးသားကြ စမြဲပဲ မဟုတ်လား။

သူတို့အားလုံးတူညီတဲ့အချက်က ပန်းချီကို စိတ်ဝင်တစားရှိကြတာပါပဲ။ သူတို့ အမေက ပန်းချီဆရာကို အိမ်ခေါ်ပြီး သင်ကြားစေပါတယ်။ ဒါနဲ့ ကျမက သူတို့ ဆွဲတဲ့ပုံလေးတွေ ကြည့်ချင်လို့ ပြောတော့ အလတ်မလေး ပုံ့ပုံ့ တယောက်ထဲ ပုံ တွေ ဆွဲပြီး ယူလာခဲ့ပါတယ်။ ကျန် ချာတိတ် ၂ယောက်ကတော့ ပြောထားလဲ မေ့မေ့လျော့လျော့ပါပဲ။ (ယောက်ျားလေး နဲ့ မိန်းကလေး အဲဒီလိုကွာတာပါ) ဒါနဲ့ပဲ ကျမလည်း ပုံ့ပုံ့ရဲ့ ပန်းချီကလေးကို ကျမ ဘလော့မှာ အမှတ်တရ တင်ပေးလိုက် ပါတယ်။ ကလေးတယောက်ရဲ့ စိတ်ကူးပန်းချီလေးတွေ ဆိုပါတော့။ ချစ်စရာ ကောင်းသလား … ကြည့်ကြပါဦး။
ဒါက စနိုးဝှိုက်တဲ့။ ပုံပြင်ထဲက စနိုးဝှိုက်ကို သူကသိပ်ကြိုက်တယ်လို့ဆိုပါတယ်။
ရေကန်ထဲက ကြာဖူးကလေး။ ကျမကတော့ ဒီပုံလေးကို သဘောကျတာပဲ။

ပန်းချီဆွဲပြီးရင် လက်မှတ်ထိုးရမယ် ဆိုလို့ သူက သူ့နာမည်အရင်းနဲ့ လက်မှတ်ကို ခပ်ကြီးကြီးထိုးထားလေရဲ့။

ဒီစနေ တနင်္ဂနွေ သူတို့ စာလာသင်ရင်တော့ ကျမဘလော့ပေါ်က ဒီပုံလေးတွေ သူတို့ကို ပြရပါဦးမယ် …. ။
***
မေဓာဝီ
26th June, 07
1:15 pm

Read More...

Monday, June 25, 2007

လည်ပတ်နေသော ဘ၀များစွာ ...

ဝိုင်းကြီး ၀ိုင်းကြီး ဘယ်လောက်ကြီး
(ဟော … ဒီလောက်ကြီး)
ဝိုင်းလေး ၀ိုင်းလေး ဘယ်လောက်သေး
(ဟော … ဒီလောက်သေး)
မအေးခြင်ထောင် ဘယ်လောက်ပေးရတယ်
(ငါးမူး တကျပ် ပေးရတယ်)
ငါ့ကိုရောင်းပါကွယ် ..
(အမေဆူလိမ့်မယ်)
အမေဆူရင် ငါ့ဆီပြေးခဲ့
(((၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀)))

***
သူတို့ငယ်ငယ်က ဒီကစားနည်းကို နှစ်ခြိုက်မက်မောစွာ ကစားခဲ့ကြဖူးသည်။ ကစားမည့်သူတွေ လက်ချင်းချိတ်ဆက်ကာ ၀ိုင်းဖွဲ့ထားလျက် အထက်ပါအတိုင်း ဆိုကာ ကစားခဲ့ကြ၏။ ၀ိုင်းကြီးဝိုင်းကြီး ဘယ်လောက်ကြီးဆိုလျှင် တွဲထားသည့် လက်တွေကို ကျယ်နိုင်သမျှ ကျယ်အောင် တဆုံးဖြန့်ကားပြီး စည်းဝိုင်းကြီးကြီး ဖြစ်အောင်လုပ်ကြရသည်။ ၀ိုင်းလေးဝိုင်းလေး ဘယ်လောက်သေး ဆိုလျှင်တော့ လူချင်းထိမတတ် ပူးကပ်ကာ လက်တွဲလေးတွေချုံ့လျက် စည်းဝိုင်းကလေး သေးနိုင်သမျှ သေးအောင် လုပ်ကြရသည်။

အဲဒီလို ကစားခဲ့ကြတဲ့အရွယ် ခပ်ငယ်ငယ်တုန်းကတော့ ….
သူတို့ပတ်ဝန်းကျင်မှာ အဘိုး အဘွား အဖေ အမေ … ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး … ညီအစ်ကို မောင်နှမများ ဒီလောက်သာ ရှိခဲ့ကြသည်။ ဒီသိုက်မြုံလေး ထဲမှာသာ ရှင်သန်ခဲ့ကြသည်။ သူတို့၏ အ၀န်းဝိုင်းကလေးသည် ကျဉ်းမြောင်းလှ ပါသည်။ ကျဉ်းမြောင်းသော အ၀န်းဝိုင်းလေးမှာ တဦးနှင့်တဦး နီးကပ်စွာ တည်ရှိ ကြပြီး တွဲချိတ်ထားသော လက်များသည်လည်း နွေးထွေး မြဲမြံခဲ့ကြသည်။

အသက်အရွယ် ကြီးပြင်းလာသည်နှင့်အမျှ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မျိုးစုံ အလယ် ကျင်လည်ကြရရင်း သူတို့၏ အ၀န်းဝိုင်းကလေးသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ချေပြီ။ ဒီလိုကျယ်ပြန့်လာသည်နှင့်အမျှ တွဲလက်ကလေးတွေသည် မထိတထိ မခိုင့်တခိုင် မြဲမြံစွာ မဆုပ်ကိုင်နိုင်ကြတော့။ မိမိ၏ အသိုင်းအ၀ိုင်းကို ကျယ်နိုင်သမျှ ကျယ်အောင် ကြီးနိုင်သမျှ ကြီးအောင် ကြိုးစားရင်းဖြင့် တဦးနှင့် တဦး ဝေးကွာလာခဲ့ကြသည်။ အေးစက်လာခဲ့ကြသည်။
***
ဒီကစားနည်းရဲ့ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို ခုချိန်ထိ သူသေချာမသိခဲ့ပါ။
မအေး ခြင်ထောင် ဘယ်လောက်ပေးရတယ် … ဟု ဘာကြောင့်မေးသလဲ၊ သူမသိ။ ငါးမူးတကျပ် ဆိုသည့်ဝေါဟာရကို ကလေးတွေ နားလည်အောင် မိတ်ဆက်ပေး ခြင်းပေလား။ ဖြစ်နိုင်ချေများကို ခုမှ ဇဝေဇ၀ါ စဉ်းစားမိနေ၏။ သေချာတာကတော့ သူတို့ငယ်ငယ်က ခြင်ထောင်ကလေးတွေနှင့် အိပ်ခဲ့ကြရသည်။ ညဘက်အိပ်ခါနီး ခြင်ထောင်လေးထဲ ၀င်လိုက်လျှင်ပင် လုံခြုံမှုရှိသလို ခံစားခဲ့ရသည်။ ခြင်ထောင် အောက်အဖျား လေးဘက်လေးတန်ကို မွေ့ရာအောက် ဖိညှပ်ပြီး ခေါင်းအုံးလေးပေါ် အိပ်ကာ ခြင်ထောင်အမိုးဖြူဖြူကို ကြည့်ရင်း တခါတလေ ဟိုသည်တွေးမိတာတွေ လည်းရှိခဲ့သည်။

နွေနှင့်မိုးဆိုလျှင် ဇာခြင်ထောင်ပါးပါးလျားလျားလေး၊ ဆောင်းဆိုလျှင် အအေး ဒဏ်ကို ကာကွယ်ပြီး လုံခြုံနွေးထွေးစေသည့် ပိတ်ခြင်ထောင် ထူထူထဲထဲ၊ ဒီလို ခြင်ထောင်လေးတွေအတွင်းမှာ ညပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ဖူး ပါသည်။ အခုဆိုလျှင် ခြင်ထောင်နှင့် မအိပ်ရတာကြာပြီ။ တိုးတက်မှုလေလား ဆုတ်ယုတ်မှုလေလား သူ မဝေခွဲတတ်ပေမဲ့ ခြင်ထောင်မရှိသော အိပ်ရာထက်မှာ အိပ်ရင်း မျက်နှာကြက်ကို ငေးမောကာ တလွန့်လွန့် လှုပ်ရှားတတ်သော အမိုး ဖြူဖြူနှင့် ဇာခြင်ထောင်ကလေးကို သတိရမိပါ၏။

ဒီလိုသတိရရင်း အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဘ၀၏ မလုံခြုံမှုကို ပိုမိုသိရှိ ခံစားမိလာသည်၊ ခိုင်မြဲမှု မရှိခြင်းကို ပို၍သဘောပေါက်နားလည်လာမိသည်။ သူတို့ဘ၀တွေဟာ ဘယ်လောက်များ လုံခြုံမှုရှိပါသလဲ။ ငယ်ငယ်ကလို ခြင်ထောင် လေးထဲဝင်လို့ လုံခြုံမှုရှိပါမည်ဆိုလျှင် ငါးမူးတကျပ်မကသော ငွေကြေးဖြင့် ဘ၀ကို ငါးဘက် ငါးတန် လုံခြုံအောင် ကာရံပေးထားသော ခြင်ထောင်လေးတွေ ၀ယ်ယူလိုပါသည်။ သို့ပေမဲ့ … ဘ၀၏ လုံခြုံမှု နွေးထွေးမှု စိတ်ချရမှုဆိုတာ ငွေကြေးဖြင့်ဝယ်ယူ၍ ရနိုင်ပါသလား။ တစုံတယောက်ကရော ပြန်လည်ရောင်းချ၍ ရနိုင်ပါသလား … ။ သူ တွေးနေမိပါ၏။

ကစားပွဲထဲမှာတော့ အမေဆူမှာစိုး၍ ခြင်ထောင်ကလေး မရောင်းချင်ပါ … တဲ့။
အဲဒီအရွယ်တုန်းက အမေဆူလျှင် အဖေ့ဆီသွားမည်။ အဖေမရှိလျှင် အဘိုးဆီ သွားမည်၊ ဦးလေးတွေ အဒေါ်တွေဆီသွားမည်။ ကိုယ့်မှာ အားကိုးစရာတွေ တပုံ တပင်။ ချစ်သူ ခင်သူ စောင့်ရှောက်မည့်သူ အများအပြား။

ခုချိန်မှာတော့ တစုံတခု မှားယွင်းခဲ့သည့်တိုင် အမေကလည်း ဆူမှာမဟုတ်တော့ ပြီမို့ လောကကြီး၏ ဒဏ်ခတ်မှုကိုသာ ကြုံရဆုံရ ခံစားရချေမည်။ ထိုအခါ အမေဆူ တုန်းကလို မည်သူ့ထံအားကိုးတကြီးဖြင့် ပြေးရပါမည်လဲ။ ပြေးလို့ရနိုင်ပါ့မလား။ လောကကြီးကပေးသော အပြစ်ဒဏ်ကိုသာ ခါးစည်း အံကြိတ်ခံစားရင်း ဒီဘ၀ ကြီးထဲ ဆက်လက် ရှင်သန်ကြရပေဦးမည်။ ဘ၀တခု မဆုံးသရွေ့ဆိုပါတော့။

ဒီလိုနှင့် သူတို့၏ အ၀န်းအ၀ိုင်းလေးသည် တပတ်ပြီးတပတ် လည်ပတ်နေခဲ့ပါ သည်။ ဒီလိုလည်ပတ်ရင်း တချို့လည်း လက်တွဲဖြုတ်သွားကြသည်။ တချို့ရဲ့ လက် တွေ ပြုတ်သွားကြသည်။ တချို့က လည်ပတ်နေသော စည်းဝိုင်း၏ အပြင်ဘက်ကို ရောက်သွားကြသည်။ တချို့ကတော့ ခိုင်မာစွာ မရပ်တည်နိုင်တဲ့အဆုံး ဘ၀ကို အရှုံးပေးကာ ယိုင်လဲသွားကြသည်။ အနည်းငယ်သော တချို့မှာတော့ တွဲကိုင်ထား သည့် လက်နှစ်ဘက်ကြားထဲ တိုးကာ ၀င်လာကြပြန်သည်။

ထိုသို့ ဤသို့ ၀င်လာရင်း ထွက်သွားရင်း လည်ပတ်နေသော အ၀န်းအ၀ိုင်းလေး သည် သေးငယ်သွားလိုက် ကြီးကျယ်သွားလိုက် … ။
လည်ပတ်နေဆဲ …
သံသရာမဆုံးသရွေ့ …
လွတ်မြောက်ရာ မရောက်မချင်း …
ဒီအ၀န်းဝိုင်းလေးထဲမှာ …
“၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀” ဟု နှုတ်ဖျားမှ မရွတ်ဆိုသော်လည်း ဆိုဘိသကဲ့သို့ ပတ်ချာလည်လှည့်ကာ ဘ၀များစွာ၌ ကျင်လည်နေရဦးမည်သာတည့်။
***
မေဓာဝီ
24th June, 2007
11:00 pm
(ငယ်ငယ်တုန်းက ကစားခဲ့ဖူးသည့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနည်းအား အခြေခံ၍ မိမိစိတ်ကူးမိသလို ရေးဖွဲ့ခြင်းဖြစ်ပါသည်။)
(ဓာတ်ပုံ -မြန်မာ့စွယ်စုံကျမ်းမှ)

Read More...

Sunday, June 24, 2007

လွမ်းလျက်သာပင် ....

သူသာရှိခဲ့ရင် … ဒီကနေ့ သူ့မွေးနေ့။
သူသာရှိခဲ့ရင် … ဒီလိုနေ့မှာ သူ့အတွက်မွေးနေ့ဆုတောင်းတွေ အင်တာနက် စာမျက်နှာထက် မြင်ကြရမှာသေချာပါတယ်။ သူ့ကို လူတကာကချစ်ခင်ကြ တယ်။ သူဟာ အားလုံးရဲ့စိတ်နှလုံးကို ချမ်းမြေ့ပျော်ရွှင်အောင် ပြုစွမ်းပေးနိုင်တဲ့ သူ။
ခုတော့ … သူမရှိတော့ပါဘူး … ။ သူမရှိတော့တဲ့တိုင် သူ့ကိုသတိတရရှိနေတဲ့ သူငယ်ချင်းတယောက် … သူ့ကို တသသ လွမ်းနေသူတယောက် ဒီကမ္ဘာကြီး ပေါ်မှာ ရှိနေတယ်ဆိုတာ … သူ … သိနိုင်မှာ မဟုတ်တော့ပါဘူး။
***
ဒီနေ့ မနက် ရွှေတိဂုံဘုရားကိုသွားဖြစ်တယ်။ သူ့ကိုရည်စူးပြီး ရွှေတိဂုံဘုရား မီးပူဇော်ဖို့ ငွေလှူခဲ့တယ်။ ဘုရားရှေ့မှာ … ဆုတောင်းမေတ္တာပို့ခဲ့တယ်။
ဒီကုသိုလ်ကောင်းမှုကြောင့် ….
သူငယ်ချင်း …ရောက်လေရာဘ၀မှာ … ငြိမ်းချမ်းရပါစေ … ။
***
ချစ်တဲ့
ဝီ
(မေဓာဝီ)
၂၄၊ ၆၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

Read More...

အမှတ်တရ ... စာလုံးလေးတွေ ...

ဒီမှတ်တမ်း စာအုပ်ကလေးဝယ်တော့ သူနဲ့အတူတူ ကျမလည်းပါပါတယ်။ သူက အမှတ်တရ အော်တိုရေးဖို့ စာအုပ်ကလေး တအုပ်ဝယ်ချင်သတဲ့။ ဒါနဲ့ပဲ သူနဲ့ အတူတူ ကျောက်မြောင်းထဲက စတိုးဆိုင်တဆိုင်မှာ ရှာပြီးဝယ်ခဲ့တယ်။ စာအုပ် လေးက သားရေဖုံး အညိုရောင်လေး။ ငှက်မွှေးကလောင်ကလေးနဲ့ … ။
“ဒါဆိုရင် တည်တည်ငြိမ်ငြိမ် ခန့်ခန့်ငြားငြား ရှိတယ်မဟုတ်လား …” လို့ သူ့ရဲ့ အမေးကို ကျမလည်း ပြီးပြီးရော ခေါင်းညိတ်ခဲ့တာပဲ။ မကောင်းဘူးပြောလို့ သူထပ်ပြီးရှာနေရင် အချိန်တွေကြာမှာ စိုးတာကြောင့်ပေါ့။

သူ့စိတ်ကြိုက် စာအုပ်ကလေးရတော့ ကျမကို ဦးဆုံးရေးခိုင်းပါတယ်။ အိမ်ပြန် ရောက်ရောက်ချင်း စားပွဲမှာထိုင် .. သူရှေ့မှာပဲ ဒီစာတမ်းလေး ရေးပေးလိုက် တယ်။ သူကတော့ ဖတ်ပြီး ပြုံးတုံးတုံးနဲ့လေ။
ဒီစာအုပ်လေးထဲ ရေးခွင့်ရခဲ့ကြတဲ့ သူ့ကိုချစ်တဲ့သူတွေရဲ့ စာသားလေးတွေ အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။















(စာအုပ်ကလေးက နောက်ဆုံး နတ်သမီးငယ် (ခ) ငယ်လေး ဆီမှာ ကျန်နေခဲ့ တာပါ။ သူ့ဆီကနေ တောင်းပြီး ကျမသိမ်းထားခဲ့တယ်။)

(ချစ်သူငယ်ချင်း မမဗန် (ခ) တင့်ဇင်လတ် .. အမှတ်တရ)
***
မေဓာဝီ
၂၄၊ ၆၊ ၂၀၀၇

Read More...

Saturday, June 23, 2007

သစ်ဆွေးတုံးလေး ပုံပြင် …

တခါတုန်းက လူရွယ်တယောက်ဟာ ရွက်လှေတစီးနဲ့ ပင်လယ်ဆီခရီး ထွက်ခဲ့ တယ်။ ပင်လယ်ဟာ လှိုင်းကြက်ခွပ်ကလေးတွေ တလက်လက်ထလို့ လှပ နေတာပဲ၊ လေညင်းနုနုကလည်း သူ့ရဲ့ရွက်ကို အားဖြည့်တဲ့အနေနဲ့ တသုန်သုန် တိုက်ခတ်လို့ …၊ ပင်လယ်ပျော် ငှက်ကလေးတွေလည်း ရွက်လှေအနီးအပါးမှာ တ၀ဲဝဲပျံသန်းလို့ …၊ ငါးကလေးတွေ ဖျံကလေးတွေကလည်း သူသွားရာနောက် တကောက်ကောက်လိုက်လို့။ သူဟာ ပြာလဲ့ကြည်စင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး လောကကြီးရဲ့အလှကို အပြည့်အ၀ခံစားရင်း တေးသီချင်းတွေ သီကျူးနေစဉ်မှာ ရွက်လှေကလေးကတော့ လေရဲ့သယ်ဆောင်ရာအတိုင်း တလွင့်လွင့် မျောလို့ နေလေရဲ့။

သူဟာ ငှက်ကလေးတွေနဲ့ စကားတင်းဆိုလိုက်… ငါးကလေးတွေနဲ့ မြူးထူး ပျော်ပါး ဆော့ကစားလိုက် …လေပြေလေညင်းထဲ ဝေ့၀ဲပါလာတဲ့ ပင်လယ် ရနံ့ကို မက်မောစွာ ရှူရှိုက်လိုက်… အဲဒီလိုနေလာလိုက်တာ သူသတိမထားမိ ခင်မှာပဲ ရုတ်တရက် လေက ငြိမ်ကျသွားပါလေရော။ ကောင်းကင်ကြီးကလည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ လှိုင်းကြက်ခွပ်တွေက ငြိမ်သက် နေရာက တစတစ လူးလွန့်လှုပ်ရှားလာတယ်။

“ဘာဖြစ်တာပါလိမ့်”
တကယ်ကို သူ မသိဘူးတဲ့။ ဘေးဘီဝဲယာ ကြည့်မိတော့ သူ့နဘေးမှာ ငှက်ကလေးတွေလည်း မရှိကြတော့ဘူး။ ရေထဲက ငါးကလေးတွေလည်း ဘယ်ဆီရောက်ကုန်ကြပါလိမ့်။ ဇဝေဇ၀ါနဲ့ ကြည့်နေဆဲမှာပဲ … ကောင်းကင်က နီမှောင်မှောင် အရောင်သမ်းလာတယ်။ ငြိမ်နေတဲ့ လေက တဖြည်းဖြည်း ကြမ်း တမ်းစွာ တိုက်ခတ်လာတယ်။ ပင်လယ်ပြင်မှာလည်း လှိုင်းတံပိုးတွေ ထလာပြီး သူ့ရဲ့ ရွက်လှေကလေးက တလူးလူး တလွန့်လွန့် နဲ့။ လှေကို ငြိမ်အောင်ထိန်းရင်း သူကိုယ်တိုင် လှေပေါ်မှာ ဆောက်တည်ရာ မရတော့ဘူး။

ပြောင်းလဲသွားတဲ့ ကောင်းကင်က ဒေါသတကြီးနဲ့ မိုးစက်မိုးပေါက်တွေကို သွန်ချ တယ်။ လေကလည်း တ၀ီဝီအော်မြည်ရင်း ပြင်းသည်ထက် ပြင်းလာတယ်။ လှိုင်း တွေကလည်း ထန်သည်ထက် ထန်လို့ပေါ့။
“ဒါ … မုန်တိုင်းပဲ …”
သူ … သိလိုက်တဲ့အချိန်မှာ အရာရာ နောက်ကျသွားပါပြီ။
ရွက်လှေကလေးရဲ့ ရွက်တိုင်ဟာ လေပြင်းအဝှေ့ လှိုင်းကြမ်းအပုတ်မှာ သွင်သွင် ကျိုးလို့သွားခဲ့ပြီ။ အားကိုးရာမဲ့ လှေကလေးဟာ ပင်လယ်ရဲ့ လှိုင်းလုံးကြမ်းကြမ်း ကြီးတွေထဲမှာ မြုပ်ချီ ပေါ်ချီ။ ဦးတည်ရာမဲ့ … ။

ငှက်ကလေးတွေရေ ………………………….
ငါးကလေးတွေ …. မင်းတို့ဘယ်မှာလဲ …….
ငါ့ကို ခွဲမသွားကြပါနဲ့ ………………………….
သူ မြတ်နိုးတဲ့ အရာတွေကို တမ်းတလိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ ရောက် မလာကြပါဘူး။ အားလုံးက သူ့ကို စွန့်ခွါထားခဲ့ကြပြီလေ။ သူ့အတွက် အရာရာ ဟာ ရုတ်ချည်း အကျည်းတန်လို့ သွားတယ်။

ဒီအချိန်မှာပဲ လှိုင်းလုံးကြီးတလုံးက ၀ုန်းခနဲ ရိုက်ပုတ်လိုက်ပြီး သူ့ရဲ့ နောက်ဆုံး အားကိုးရာ လှေကလေးနဲ့ သူ့ကို ကွဲကွာစေခဲ့တော့တယ်။ လှေကလေးက တစစီ ကျိုးကြေလို့ … ။ သူ့စိတ်ဓာတ်တွေလည်း တစစီ ကွဲပျက်လို့ … ။ ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ကြီးထဲမှာ လှိုင်းတွေကိုဆန်ပြီး သူ တယောက်ထဲ ကူးခတ်လို့ နေခဲ့သတဲ့။
***
ဒီလိုကူးခတ်လာလိုက်တာ … အချိန်တွေကြာလာတာနဲ့အမျှ ခြေကုန်လက်ပမ်း လည်း ကျလုပြီ။ စိတ်ဓာတ်တွေလည်း တစတစ ပိုပြီး ယိုယွင်းလာပြီ။ အသက် ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလား … သူဟာ အားငယ်စွာ တွေးနေမိတယ်။ အားအင်ကုန်ခမ်းမတတ် ဖြစ်နေချိန် ရှေ့ခပ်ဝေးဝေးတနေရာမှာ လှိုင်းတွေကြား ထဲ ပေါလောပေါလော မျောပါနေတဲ့ အရာဝတ္ထုတခုကို သူသွားတွေ့တယ်။ ဒီအရာကို ဆွဲကိုင်မှီခိုလို့တော့ ရမှာပဲလို့ သူတွေးမိပြီး အဲဒီနားကို အရောက် အားတင်းပြီး ကူးခတ်သွားလိုက်တယ်။

သေချာပါတယ်။ အဲဒီအရာဝတ္ထုဟာ သစ်တုံးတတုံးဆိုတာ အနားအရောက်မှာ သူသိသွားတာပေါ့။ ဒီသစ်တုံးကို လှမ်းဆွဲပြီး ပွေ့ဖက်လိုက်စဉ်မှာ သူ့ခန္ဓာကိုယ် တခုလုံး ပင်ပန်းသမျှတွေ ပြေပျောက်စေခဲ့တယ်။ သစ်တုံးလေးပေါ် ခေါင်းတင် မှီထားရင်း မောပန်းနွမ်းနယ်မှုတွေအတွက် အနားယူနိုင်ခဲ့တယ်။ သစ်တုံးလေးကို မလွတ်တမ်း ဖက်တွယ်ထားပြီး ပင်လယ်လှိုင်းကြမ်းတွေကို သူရင်ဆိုင်နိုင်ခဲ့ တယ်။ သစ်တုံးလေးနဲ့သူ အတူတူတွဲပြီး ပင်လယ်ကြီးထဲမှာ ကူးခတ်နေရင်း ကြုံလာတဲ့ အန္တရာယ်တွေကို ကျော်လွှားနိုင်ခဲ့ကြတယ်။

ကဲ … ဘာကိုများကြောက်နေရဦးမှာလဲ …။
ဘယ်အရာကများ သူ့အတွက် အတားအဆီး ဖြစ်နေဦးမှာလဲ … ။
သူ မမှုတော့ပါဘူး။
သူ့ရင်ခွင်ထဲမှာ … သစ်တုံးလေး ရှိနေခဲ့ပြီလေ။
***
အဲဒီလိုကူးခတ်နေရင်း တမနက်ခင်းမှာ သူတို့ဟာ ကျွန်းလေးတကျွန်းဆီကို ရောက်ခဲ့ကြသတဲ့။ ကျွန်းပေါ်က သဲသောင်ပြင်မှာ သစ်တုံးလေးကို ခေါင်းအုံးလို့ ခြေပစ်လက်ပစ် အမောအပန်းဖြေပြီးနောက် စားသောက်စရာတွေ ရှာဖွေ စားသောက်တယ်။ သင့်တင့်လျောက်ပတ်တဲ့ နေရာထိုင်ခင်း ရှာဖွေစီစဉ်ခဲ့တယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် အရာရာ အဆင်ပြေစပြုနေချိန်မှာ သစ်တုံးလေး ကတော့ သောင်ပြင်ပေါ်က နေပူပူအောက်မှာ ခြောက်သွေ့စွာနေရင်း သူ့ရဲ့ အဆင်ပြေမှုတွေကို တွေတွေလေးသာ ငေးကြည့်နေခဲ့သတဲ့။

သူက သစ်တုံးလေးကိုတော့ မမေ့ရှာပါဘူး။ အသုံးတော့ချတတ်ရှာပါတယ်။ ခေါင်းအုံးတဲ့အခါအုံး၊ ခြေထောက် တင်တဲ့အခါတင်၊ တခါတလေလည်း သစ်တုံးလေးပေါ်ထိုင်ပြီး ပင်လယ်ကြီးဆီ ငေးမောလို့ နေတတ်သေးတယ်။ သေချာတာတခုကတော့ သစ်တုံးလေးနဲ့သူဟာ … အတူတူ နေပါလျက်နဲ့ တဖြည်းဖြည်း ဝေးဝေးသွားလေရဲ့။

ကျွန်းပေါ်မှာနေထိုင်ပြီး မွှေးပျံ့တဲ့ပန်းလှလှလေးတွေရဲ့ ရနံ့ကိုရှူရှိုက်ရင်း … ချိုမြိန်တဲ့သစ်သီးတွေကို စားသုံးရင်း …နွေးထွေးတဲ့နေခြည်ကို ခံယူရင်း …အေးမြတဲ့စမ်းရေကို သောက်သုံးရင်း … လှပတဲ့ ငှက်ကလေးတွေနဲ့ တေးဆို ရင်း… ပင်လယ်ထဲက ငါးကလေးတွေ လိပ်ကလေးတွေနဲ့ ဆော့ကစားရင်း … အရာရာကို မေ့လျော့ကာ ပျော်မွေ့နေခဲ့သတဲ့။ ဒါတွေဟာ သူ့စိတ်ကို လှုပ်ရှားစေ နိုင်တဲ့ အရာတွေပဲ။ ဆွဲဆောင်မှုပေးနိုင်တဲ့ အရာတွေပဲ။ ဒီအရာ အသစ်အဆန်း တွေနဲ့ သူပျော်မွေ့နေချိန်မှာ သစ်တုံးကလေးကတော့ မလှုပ်မယှက် ငြိမ်သက် စွာနဲ့ သောင်ပြင်ပေါ်မှာ အထီးကျန်ရင်း … တဖြည်းဖြည်း ဆွေးမြေ့လို့ လာလေ တော့တယ်။
***
တည …
အအေးဓာတ်က တကျွန်းလုံးကို လွှမ်းခြုံထားတယ်။ အေးစက်စက် လေက တ၀ှူးဝှူး တိုက်ခတ်လို့။ သူ … ခိုက်ခိုက်တုန်အောင် ချမ်းနေပြီ။ သူ့ရဲ့ အ၀တ်အစားက ဒီအအေးဒဏ်ကို အံမတုနိုင်ဘူး။ နားရွက်ဖျား၊ နှာသီးဖျားတွေ ထုံကျင် အေးခဲမတတ် ခံစားနေရတယ်။ သူ … ဘာလုပ်ရမလဲ။

သစ်ရွက်ခြောက်လေးတွေစုပြီး သူ့ရှေ့နားမှာ ပုံလိုက်တယ်။ သူသုံးနေကျ မီးခတ် ကျောက်နဲ့ သစ်ရွက်လေးတွေကို စပြီး မီးညှိတယ်။ ရွက်ခြောက်လေးတွေ တရှဲရှဲ နဲ့ လောင်ကျွမ်းကုန်ကြတယ်။ သူ့ခန္ဓာကိုယ်လည်း အနွေးဓာတ် အသင့်အတင့် တော့ ရလေရဲ့။ ဒါပေမဲ့ ညကနက်လေ … အအေးကပိုလေ … ရွက်ခြောက်တွေ လည်း လောင်ကျွမ်းရင်းနဲ့ ကုန်လုပြီ။

သူ့ရဲ့ သစ်တုံးလေးကို ရုတ်တရက်သတိရသွားတယ်။
“အင်း … ဒီသစ်တုံးလည်း ဆွေးနေပါပြီ၊ ငါ့အတွက် မလိုအပ်တော့ပါဘူး။ ဒီသစ်တုံးကို ဖက်တွယ်ပြီး ပင်လယ်ကို ထပ်ကူးလို့လည်း မရနိုင်တော့ဘူး၊ ဒီတော့ …”

နောက်ဆုံးတော့ သူဟာ သစ်တုံးလေးကိုယူပြီး တမြည့်မြည့်တောက်လောင် နေတဲ့ မီးပုံထဲ ထည့်လိုက်သတဲ့။ မီးတွေဟာ ဆွေးမြေ့စပြုနေတဲ့ သစ်တုံးလေး ကို အလွယ်တကူပဲ လောင်ကျွမ်းဝါးမြိုနေတော့တာပေါ့။ သူကတော့ လုံလောက် တဲ့ အနွေးဓာတ်ကိုရပြီမို့ စိတ်ချလက်ချနဲ့ နှစ်ခြိုက်စွာ အိပ်မောကျသွားပါတော့ တယ်။

တရှိန်ရှိန်တောက်လောင်နေတဲ့ မီးပုံထဲမှာ သစ်တုံးလေးကတော့ နောက်ဆုံး အချိန်ထိ အနွေးဓာတ်တွေ ထုတ်လွှတ်ပေးပြီး …..
တဖြည်းဖြည်း … … …
လောင်… ကျွမ်း…ပြာ … ကျ….လို့ ... ။
… … … … … …
… … … … … …
… … … … … …
***
မိုးလင်းခဲ့ပါပြီ။
ညဥ့်ဦးက မီးဖိုကလေးလည်း မီးငြိမ်းသွားခဲ့ပြီ။
နံနက်ခင်းနေရောင်ဟာ ကျွန်းလေးပေါ်ကို နွေးထွေးစွာ ဖြန့်ကျက်လို့နေတယ်။ အိပ်ရေးဝစွာ သူနိုးထလာခဲ့တယ်။ သာယာတဲ့ ကောင်းကင်ကြီးနဲ့ တည်ငြိမ်တဲ့ ပင်လယ်ကြီးကို သူကြည့်နေတယ်။ အိမ်ကိုဘယ်တော့ ပြန်ရမလဲ …တွေးနေမိရင်းနဲ့ … ။
သူ့ရဲ့နံဘေးမှာ …
ငှက်ကလေးတွေက တေးသီလို့ … ။
လေနုအေးက ခပ်ဖွဖွတိုက်လို့ … ။
ပန်းလေးတွေလည်း လှပ သင်းပျံ့လို့ … ။
အရာရာဟာ ဘာမှ မပြောင်းလဲပါဘူး။

တခုပဲ …
မီးငြိမ်းသေနေတဲ့ မီးဖိုကလေးဆီက ပြာမှုန်လေးတွေဟာ ပင်လယ်ဘက်ကို ဦးတည်လို့ တလွင့်လွင့် မျောလွင့်နေကြတယ်။ ဒီမီးဖိုလေးရဲ့အလယ် ပြာပုံ ကလေးထဲမှာ မလောင်ကျွမ်းဘဲ ကျန်နေရစ်တဲ့ သစ်ဆွေးတုံးလေးရဲ့ အမြုတေ တခုရှိနေတယ် ဆိုတာကိုတော့ … သူ တကယ်ကို သိမသွားခဲ့ပါဘူး …. ။
***
မေဓာဝီ
၂၂၊ ဇွန်၊ ၂၀၀၇
ည ၇ နာရီ ၃၅ မိနစ်

(ခြေလှမ်းပေါင်း ၂၈၀ပြည့် အမှတ်တရ)

Read More...

Friday, June 22, 2007

ခံစားရသော ကဗျာတပုဒ်

ဒီကဗျာလေးက ကျမမောင်လေး ရေးခဲ့တဲ့ကဗျာလေးပါ။ ၁၉၉၆ ခုနှစ်က ထုတ်တဲ့ သူတို့ရဲ့ ကဗျာစာအုပ်လေးထဲမှာ သူ့ကဗျာ ၃-ပုဒ် ပါတဲ့အနက် ၂-ပုဒ် ကိုတော့ ကျမဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီကဗျာလေးက နောက်ဆုံး ကျန်နေတဲ့ တပုဒ်ပေါ့။

ပထမဆုံးတင်ခဲ့တဲ့ ကဗျာလေးက သူ့မွေးနေ့တုန်းကပါ။ “အသုံးမ၀င်တော့သော” ဆိုတဲ့ အဲဒီကဗျာလေးကို ကျမအကြိုက်ဆုံးပဲ။ တခါတလေ ကိုယ်တိုင် အဲဒီလို မြစ်ကမ်းနဘေးက သစ်ပင်အိုလို ခံစားခဲ့ရဖူးတယ်။ လဲပြိုဖို့အချိန်ကို မျက်နှာမူ ရင်း တွေဝေမှုတွေ ကြုံခဲ့ရဖူးတယ်။

နောက်တရက်ခြားမှာ တင်ခဲ့တဲ့ “မှားယွင်းမှု အစစ်အမှန်များ” ကိုတော့ သုံးထားတဲ့ စကားလုံးတွေကို နှစ်သက်မိတယ်။ အမှန်တွေက မှားနေတတ်ပြီး မှားတာတွေ မှန်နေတတ်တဲ့အခါမျိုးတိုင်း သူ့ရဲ့ ဒီကဗျာလေးကို သတိတရ ဖြစ်ခဲ့ မိပါတယ်။

အခုဖော်ပြမယ့် ကဗျာလေးကတော့ “ကောင်းကင်ပေါ်က ပင်လယ်” တဲ့။ ဒီကဗျာလေးက သူရေးသမျှထဲမှာ အနူးညံ့ဆုံးထင်တာပါပဲ။ မခံစားတတ်ခင်က သိပ်အကြိုက်ကြီးမဟုတ်ခဲ့ပေမဲ့ ခုချိန်ပြန်ဖတ်ကြည့်တော့ … … …

တခါတလေမှာ …
မရနိုင်မှန်းသိပေမဲ့ တောင့်တခဲ့မိတယ်။
မဖြစ်နိုင်မှန်းသိပေမဲ့ မျှော်လင့်ခဲ့မိတယ်။
တကယ်တော့ ရူးသွပ်ခြင်းမျှသာပါပဲ။
မရရင် ရအောင်ယူမယ်။ မဖြစ်ရင် ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကြိုးစားခဲ့မိဖူးပါရဲ့။ တကယ်တမ်းတော့ ရအောင်ယူလို့ရတာရှိသလို ရအောင် မယူနိုင်တာတွေလည်း လောကမှာအများကြီးပဲ။ ဒီလိုပါပဲ …ဖြစ်အောင်လုပ် မယ်လို့ စိတ်ကူးနဲ့ လုပ်နေကြပေမဲ့ မဖြစ်နိုင်တာတွေဆိုတာလည်း ရှိနေတာပါပဲ။
ဒီလိုနဲ့နောက်ဆုံးတော့ ကိုယ့်နေရာကိုယ်သိ … ကိုယ့်စိတ်ကို လျှော့ပြီး …နေခဲ့ ရပေါင်းလည်း များလှပြီပေါ့။

အစပျိုးတာတွေလည်း များနေပါပြီ … ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါဦး။
*** ကောင်းကင်ပေါ်က ပင်လယ်

ဒါဟာ - လှည့်ကွက်တော့မဟုတ်
ရုတ်တရက်ရောက်လာတဲ့ တိမ်တိုက်တခုကို
ရူးသွပ်စွာ စွဲလမ်းသွားမိတဲ့ ပင်လယ်ရဲ့ အဖြစ်။

မှားယွင်းတဲ့ အချစ်စစ်အတွက်
ဝေးကွာမှု နိမ့်မြင့်မှုတို့ကို
ကျော်လွှားရောက်ရှိနိုင်ဖို့
သဘာဝရဲ့ အင်အားနဲ့
မနေမနား ကြိုးစားခဲ့တဲ့နောက်
ချစ်လှစွာသော တိမ်တိုက်နဲ့
ငါဟာ ခဏတာ နမ်းရှိုက်ခွင့်ရရှိခဲ့။

ခဏတာ
တကယ့်ကို ခဏတာလေးပါပဲ …
ပေါင်းစပ်လို့မရတဲ့ ငါတို့အဖြစ်ကို
နက်နက်နဲနဲ သိရှိခဲ့တယ်။

ဒါနဲ့ပဲ
မညီမျှခြင်းရဲ့ မှန်ကန်မှုအတွက်
ငါဟာ … စိတ်ပျက်ဝမ်းနည်းစွာ
မင်းကိုစွန့်ခွါ ထွက်အပြေးမှာ …
ဆွေးနေတဲ့ ငါ့နှလုံးသားဟာ
အရည်ပျော်ကျ
လူတွေက ပြောကြတယ် …
‘မိုးရွာနေတယ်’ … တဲ့ ။ …. ။

............................................. (ပဏ္ဍိ)
............................................. ၁၉၉၆၊ မတ္လ
***
ဒီနေ့တော့ ဒီကဗျာလေးကိုပဲ အထပ်ထပ်ဖတ်နေမိတယ်။
အပြင်မှာမိုးတွေညိုနေတယ်။
တချက်တချက် ချိန်းလို့။
ရွာတော့ မရွာသေးဘူး။
ဒါပေမဲ့
မကြာခင် မိုးတွေရွာတော့မယ် ဆိုတာ …
ကျမ သိနေပါတယ်။
***
မေဓာဝီ
ဇွန် ၂၂၊ ၂၀၀၇
နေ့လည် ၁း၃၀ နာရီ

Read More...

Thursday, June 21, 2007

မွန်းကျပ်တဲ့ည ... (၂)

“မွန်းကျပ်သောနေ့” ဆိုပြီး ၂၀၀၇ ဇန်န၀ါရီလ ၆-ရက်နေ့က ရေးခဲ့ဖူးပါတယ်။ မွန်းကျပ်တဲ့ည (၁) ကိုတော့ မေလ ၂၇-ရက်က ရေးခဲ့ပြီး ဇွန်လ ၁၆-ရက် နေ့မှာ ဘလော့ပေါ်တင်ခဲ့တယ်။ မွန်းကျပ်တဲ့ည (၂) ကို စရေးဖြစ်တာကတော့ ဇွန်လ ၁၃ ရက်နေ့ကပါ။

အဲဒီညက လမ်းလျှောက်နေရင်း ညောင်းလာတာနဲ့ ဒီခုံတန်းလေးမှာထိုင်ပြီး ဟိုဟို ဒီဒီ တွေးနေမိရာက ကံ့ကော်ပင်ကြီးအောက် ရောက်နေမှန်း သတိမထားမိဘဲ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။ ကြည်လင်တဲ့ ကောင်းကင်အစား စိမ်းရင့်ရင့် ကံ့ကော်ရွက်တွေက ခေါင်းပေါ်မှာ အုပ်မိုးလို့။ တခါတလေလည်း ညဟာ ကောင်းကင်ပျောက်နေတတ်ပါလားလို့ စိတ်ထဲ မချင့်မရဲနဲ့ … ။ ဒါနဲ့ သစ်ပင်လွတ်ရာကိုသွားပြီး ကောင်းကင်ကြီးကို ထပ်ကြည့်ဖြစ်တယ်။ တကယ်ကို မွန်းကျပ်စရာပါပဲ။ မြင်ကွင်းကို ဓာတ်ပုံ ရိုက်လိုက်ပြီး ပြန်ကြည့်တော့ … အရာရာ နက်မှောင်လို့။

ဒါနဲ့ ဒီစာအပိုင်းအစလေး ချရေးလိုက်မိတယ်။ ရေးသာရေးခဲ့တယ် အဲဒီညက အဆုံးမသတ်ဖြစ်ခဲ့ဘူး။ မနေ့ညကမှ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒါပေမဲ့ အဆုံးသတ်လိုက်တာတော့ မဟုတ်ဘူး။
အသက်ရှင်သန်နေသရွေ့ အလင်းမဲ့ညတွေကို ကြုံရဦးမှာပဲ။
ညတွေကို ကြုံနေသမျှ မွန်းကျပ်တဲ့ညလည်း တခါတလေ ရောက်လာဦးမှာပဲ။ ရောက်လာခဲ့ရင် ထပ်ရေးဦးမှာမို့ ၁ - ၂ လို့ အမှတ်စဉ် ထိုးပြီး ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
***
မွန်းကျပ်တဲ့ည

(၂း၁)
တိမ်တွေဖိစီးလွန်းလို့ ညက မွန်းကျပ်နေပြီ။
ညက မွန်းကျပ်လွန်းလို့များ တိမ်တွေက ဖိစီးကြတာလား။
ညက မှောင်မိုက်စွာ အရောင်ကင်းမဲ့နေတယ် … ။
မှောင်မိုက်စွာ အရောင်ကင်းမဲ့လို့များ ညလို့ခေါ်လေသလား။
လေကငြိမ်သက်နေလို့ သစ်ရွက်တွေတောင် မလှုပ်ကြဘူး။
သစ်ရွက်တွေမလှုပ်လို့များ လေကငြိမ်သက်နေတာလား။
……………………………………………
……………………………………………
အသက်ရှူရ ခက်လိုက်တာ။
……………………………………………
……………………………………………
လမ်းလျှောက်ရင်း အိပ်မက် မက်နေမိသလို …
အိပ်မက်မက်ရင်း လမ်းလျှောက်နေမိတယ်။
အိပ်မက်တွေဟာ လမ်းလျှောက်နေကြပြီး
လျှောက်တဲ့လမ်းတွေဟာ အိပ်မက်ဖြစ်သွားကြပြန်တယ်။
……………………………………………
……………………………………………
အသက်ရှူလို့ မ၀ဘူး။
……………………………………………
……………………………………………
အသက်ရှူရ ခက်လို့များ အသက်ရှူလို့ မ၀တာလား။
အသက်ရှူမ၀လို့များ အသက်ရှူရခက်နေတာလား … ။
ခက်နေတာက .. မ၀တာ …
မ၀လို့ဘဲ .. ခက်နေတာ … ။

ဝှူးးးးးးးးးးးးးးးးးးးးးးးးး
အဆုတ်ထဲမှာ လေမရှိဘဲ
သက်ပြင်းကို ကစဥ့်ကရဲ ချလိုက်တယ် …
ရင်တွေ ကွဲထွက်မတတ်။
***
(၂း၂) ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။
ကောင်းကင်ကို မမြင်ဘူး ..
သစ်ရွက်တွေ အုပ်မိုးနေတယ် … ။
အဲဒီသစ်ရွက်တွေပေါ့ …
တခါတလေ လှုပ်ရှားလိုက်ပုံများ …
တားလို့တောင်မှ မရ … ။
သူတို့ပါပဲ …
တခါတလေလည်း ငြိမ်သက်လို့ …
အသက်မရှိတော့သလို … ။
တခါတလေမှာတော့ ….
အင်္ကျီအသစ်ကိုလဲလှယ်ပြီး ကျော့ကျော့မော့မော့ … ။
တခါတလေတော့လည်း
လူမမာတဦးလို ညိုးရော်နွမ်းလျ … ။
ခု .. ကြည့်ပါလား …
စိမ်းရင့်ရင့်အ၀တ်အစားနဲ့
စိမ်းကားနေလိုက်ပုံများ …. ။
***
(၂း၃) အဲဒါ … ည … တဲ့ …လေ …
မြင်ရသလား … အဲဒီညကို …
လှလည်း မလှ …
လလည်း မသာ …
ကြယ်ပြာမလင်း …
ညှင်းသိုးသိုးနဲ့ည … ။
မလှပ အကျည်းတန်
အထီးကျန်တဲ့ည … ။
သွေးအေးစွာရက်စက်
ပြောင်းလဲတတ်တဲ့ည … ။
ညဥ့်နက်နေပါလျက်နဲ့
အိပ်စက်ဖို့ ခက်လွန်းလှ …
မွန်းကျပ်တဲ့ အဲဒီည … ။

***
မေဓာဝီ
၁၃/ ၂၀၊ ဇွန်၊ ၂၀၀၇
ည ၁၁း၅၉ နာရီ/ ၁၁း၄၀ နာရီ

Read More...

Wednesday, June 20, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၅)

ကိုပြူးကျယ်သို့ပေးစာလည်း ဘာလိုလိုနဲ့ (၁၅) ပိုင်းရှိနေပါပြီ။ ဒီပေးစာကို ဖတ်သူတွေ ငြီးငွေ့ကောင်း ငြီးငွေ့မယ်၊ မဖတ်ဘဲ ကျော်ချင်လည်း ကျော်သွား မယ်။ မလိုအပ်တဲ့ အရာတွေလို့ ထင်လိုက ထင်ကြမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းငယ်သော ကဗျာချစ်သူတွေ နှစ်သက်စွာ ဖတ်ရှုကြမယ်ဆိုရင်ဖြင့် ကျမ အားထုတ်ရကျိုး နပ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီပေးစာအပိုင်းလေးတွေ ကို ကျမ ကျေနပ်စွာ ဆက်ရေးနေပါဦးမယ်။
***
ပြီးခဲ့တဲ့ တပတ်ကျော်က ရတုစပ်နည်းကိုပြောတဲ့အခါ (၁) အမည်အားဖြင့် (၂) အမျိုးအစားအားဖြင့် (၃) ပိုဒ်ရေအားဖြင့် (၄) အချီအချအားဖြင့်ဆိုပြီး ပြောခဲ့ပါတယ်။ အခု ဆက်ပြောမှာက …

V. အက္ခရာလုံးရေ အားဖြင့် …
ရတုကဗျာရဲ့ အပိုဒ်ပေါင်းများစွာတို့မှာ အချပိုဒ်ကလွဲလို့ ကျန် အပိုဒ်ငယ်တိုင်းမှာ အက္ခရာ ၄-လုံးစီ အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး အနေနဲ့ ရေတွက်ရပါတယ်။
အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၉-လုံး၊ ၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါဘူး။

VI. အစပ်ကာရန်အားဖြင့် …
တပိုဒ်နဲ့ တပိုဒ် ကာရန်ကူးဆက်ပုံမှာ အစပ်၆-ပါး ရှိတဲ့အနက် ၃-ချက်ညီ စပ်နည်းနဲ့ စပ်တာဟာ အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ၃-ချက်ညီ စပ်နည်း ဆိုတာကတော့ ကာရန်ကို ၄၊ ၃၊ ၂ နဲ့ ယူထားတာဖြစ်ပါတယ်။
- - - +
- - + -
- + - x
- - x -
- x - #
အဲဒီပုံစံပါ။ အပေါင်းလက္ခဏာ ( + ) နဲ့ အမြှောက်လက္ခဏာ ( x ) ပြထားတဲ့ နေရာက အက္ခရာကို အသတ်တူ ကာရန်တူ စပ်ခြင်းကို သုံးချက်ညီ စပ်နည်းလို့ ဆိုထားပါတယ်။

VII.လေပြင်းလေလျော့ အားဖြင့် …
ပျို့, ကဗျာ, လင်္ကာ, သီချင်း ဟူသမျှတို့ကို ရွတ်ဖတ် သီဆိုတဲ့နေရာမှာ လေပြင်း လေလျော့ဟာ အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးလို့ ဆိုထားပါတယ်။
လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ လေလျော့သံအက္ခရာတို့ကိုသာ ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံထားမိရင်လည်း လေလျော့ကဲ့သို့သာ သီဆိုရပါမယ်။
စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ တို့ကိုသာ ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံကဲ့သိုသာ သီဆိုရပါမယ်။
ဥပမာ ..
မဲဇာတောင်ခြေ၊ (လျော့)
စီးတွေတွေတည့်၊ (ပြင်း)
မြစ်ရေ၀န်းလည်၊ (လျော့)
မြိုင်တောစည်က၊ (ပြင်း)
ရွှေပြည်ကိုသာ၊ (လျော့)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်လို့ သတိမူသင့်ပါသတဲ့။

VIII. အပြစ်ဒေါသအားဖြင့် …
ပဓာနဖြစ်တဲ့ အစပ်ကာရန်ဌာနတို့မှာ ၀က်နင်း ခွါထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ဆိုထားပါတယ်။
ဝက်နင်းဆိုတာက … ဥပမာ ဆိုရင်
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ စပ်ဆိုထားတာမျိုးဟာ ၀က်နင်းဒေါသ သင့်ပါတယ်။
ခွါထောက်ဆိုတာကတော့ …
နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။
ဒီမှာတော့ တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွါထောက် ဒေါသသင့် ပါတယ်။
ဒီလို ၀က်နင်းနဲ့ ခွါထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။

ဆိုခဲ့ပြီးတဲ့ (၈) ပါးကို အောက်ပါအတိုင်း ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။

နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။ … ။


ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး အက္ခရာလေးလုံး ဆိုတဲ့ စာပိုဒ်မှာ ၅-လုံးဖြစ်နေတာကို တွေ့ရပါမယ်။ ဒီနေရာမှာ အက္ခရာ = အက်ခရာ ဆိုတဲ့ စကားလုံးကို ၃-လုံးအနေနဲ့ မယူဘဲ ခ-သံက မထင်ရှားထာကြောင့် … အက် (၁) + ခရာ (၁) = ၂-လုံး အနေနဲ့သာ ယူရပါ မယ်။

ဖော်ပြထားတဲ့ ဥပဒေသဆောင်ပုဒ် ရတုဟာ အချီတပိုဒ် အချတပိုဒ်သာ ထားပြီး ရေးသားထားတဲ့ ရတုဖြစ်လို့ “ဧကပိုဒ်ရတု” လို့ ခေါ်ပါတယ်။ ဒီတပတ်တော့ ဧကပိုဒ်ရတုနဲ့ပဲ ကျေနပ်ကြပါတော့။ ရတုအမျိုးအစား အပြားပြားနဲ့ နမူနာ ရတု များကိုတော့ လာမယ့် ရက်သတ္တပတ်များမှာ ဆက်လက် ဖော်ပြသွားပါမယ်ရှင်။

ကိုပြူးကျယ်နဲ့တကွ မြန်မာစာချစ်သူအပေါင်း … ရွှင်လန်းချမ်းမြေ့ကြပါစေ … ။

မေတ္တာဖြင့် …
မေဓာဝီ
20th June, 2007
11:30 am

Read More...

Tuesday, June 19, 2007

အမေ … ငြိမ်းချမ်းပါစေ …

ပြီးခဲ့တဲ့ ရက်သတ္တ တပတ်လောက်က “အမေပင်ပန်းနေမှာ” ဆိုတဲ့ သီချင်းလေး အီးမေးလ်ကတဆင့် ကျမထံ ရောက်လာပါတယ်။
ဒီသီချင်းလေးကို နားထောင်လိုက်တဲ့ခဏမှာ …
အခန်းကျဉ်းလေးထဲ ရက်ပေါင်းများစွာ တယောက်ထဲ နေရရှာတဲ့ ကျမတို့ အားလုံးရဲ့ “အမေ” (အမေလို့သာ သုံးခွင့်ပြုပါတော့) ဒေါ်အောင်ဆန်းစုကြည်ကို မြင်ယောင်နေမိတယ်။
ဒီသီချင်းလေး ရတဲ့နေ့ကစလို့ နေ့စဉ်နဲ့အမျှ ထပ်တလဲလဲ နားထောင်ပြီး …
ဖျော့တော့နေမယ့် အမေ ...
နွမ်းနယ်နေမယ့် အမေ …
စိတ်ပင်ပန်း နေလေမလား …
သောကတွေ ဝေနေမလား …
အမေ ဘယ်လိုနေရှာလိမ့်မလဲ …
တွေးမိရင်း ကျမစိတ်ထဲ ၀မ်းနည်း ကြေကွဲမိပါတယ်။

ဒီနေ့ဆို … အမေ့အသက် ၆၂ နှစ် ပြည့်ပြီလေ။

အမေ …
အိမ်ကလေးထဲမှာ တယောက်ထဲနေနေရပေမဲ့ …
ကမ္ဘာ့နေရာ အနှံ့အပြားက
အမေ့ကိုချစ်တဲ့ သားသမီးများဟာ
အမေ့ရဲ့မွေးနေ့ပွဲ ဆင်နွှဲကျင်းပပေးနေကြလေရဲ့ …
အမေ မြင်ယောင်ကြည့်လှည့်ပါ။

ပင်ပန်းနွမ်းနယ်နေပေမယ့်
အမေဟာ ဘယ်တော့မှ အားငယ်မှာ မဟုတ်ပါဘူး …
အမေဟာ စိတ်ဓာတ်ခိုင်မာသူ …
မြဲမြံတဲ့ ဇွဲနဲ့ အလံမလှဲသူ …
တယောက်ထဲပေမဲ့ အထီးမကျန်
မှန်ကန်သူအများ အမေ့အနားမှာ ရှိနေကြတယ်ဆိုတာ
အမေလည်း အသိသား မဟုတ်လား။

လွန်ခဲ့တဲ့ ၆၂ နှစ်က မွေးဖွားခဲ့တဲ့ အမေ …
မြန်မာပြည်သားတွေအတွက် သက်သက်များ
လူဖြစ်လာလေရော့သလား …
အမေ့ကိုယ်ကျိုး အမေ့အတ္တ
တခုမှ မကြည့်ရရှာဘဲ
အများအတွက်နဲ့ အမေ့ဘဝ
အကျဉ်းကျခံနေရရှာတဲ့ အမေ …
တွေးမိလေတိုင်း ရင်နင့်စွာ ကြေကွဲ
ဝမ်းနည်းမိပါတယ် အမေ … ။

မိသားစုနဲ့ခွဲခွါ
လောကကြီးနဲ့ကင်းကွာ …
နှစ်လများစွာ နေနေရတဲ့ အမေ့ရင်ထဲ
ခဏလောက် ၀င်ကြည့်ချင်ပါရဲ့ …
အမေ ဘယ်လိုများ နေရှာလိမ့်မလဲ … ။

အမေပြောခဲ့တဲ့ စကား
အမေဟောခဲ့တဲ့ တရား
နားထဲမှာ ကြားယောင်နေဆဲပါပဲ အမေ …
အမေ့ဟန်ပန် အမေ့အပြုံး
နှလုံးသားမှာ စွဲထင်နေဆဲပါ အမေ … ။

စည်းလုံးညီညွတ်ဖို့ လိုလားတဲ့အမေ …
ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့အမေ …
ဒီမှာလေ …
အမေ့သားသမီးတွေ …
မညီညွတ် မငြိမ်းချမ်းကြသေးဘူးအမေ …။
ဒါတွေကို သိနေတဲ့
အခန်းကျဉ်းလေးထဲက အမေ
သက်ပြင်းတွေ ချနေလေမလား … ။

အမေ ကျန်းမာစေဖို့
အမေ လန်းဖြာစေဖို့
အမေ ၀မ်းသာစေဖို့
… …. ….
… …. ….
အမေ့ရဲ့ ပင်ပန်းမှုတွေ အချည်းနှီး မဖြစ်စေဖို့ …
အမေ့ရဲ့ နွမ်းနယ်မှုတွေ အလဟဿ မဖြစ်စေဖို့ …
ကြိုးစားဖို့ဆိုတဲ့အသိ အားလုံးမှာ ရှိကြရင် ကောင်းမယ်အမေ … ။

အမေ …
နာကျင်နေတဲ့ကြားက
ကြိုးစားပြီးတော့ပဲဖြစ်ဖြစ်
တချက်ကလေးတော့ ပြုံးလိုက်ပါ … အမေ
အမေ့အပြုံးဟာ အင်အားသစ်
ပန်းကလေးတွေတောင် ပွင့်စေနိုင်လို့ပါ အမေ … ။

အမေ …
ပူလောင်နေတဲ့ကြားက
အားတင်းပြီးတော့ပဲဖြစ်ဖြစ်
တေးသီချင်းတပုဒ် ဆိုညည်းလိုက်ပါ အမေ …
အမေ့တေးသံ ချိုမြိန်လှ
ကျောက်ဆောင်တွေတောင် အရည်ပျော်ကျစေလို့ပါ အမေ … ။

အနိုင်ယူသူတွေကို မေတ္တာထား
ကရုဏာတရားကြီးမားလွန်းလှတဲ့ အမေ …
အမေ့ရဲ့ မေတ္တာ
အမေ့ရဲ့ သစ္စာ
အမေ့ရဲ့ ကရုဏာတွေအတွက် …
အမှန်တရားက အမေ့ဘက်မှာ ရှိနေပါတယ် အမေ … ။

အမေ …
မွေးနေ့မှာ ပျော်ရွှင်ပါစေ … လို့ … ဆုမတောင်းရက်ပါဘူးအမေ …
“အမေ … … ငြိမ်းချမ်းပါစေ” … လို့သာ …
ကြေကွဲစွာ ဆုတောင်းလိုက်ပါရစေ …
အမေ … … … …
…. …. …. ….. …
ငြိမ်းချမ်းပါစေ …..
…. …. …. ….. …
…. …. …. ….. …
***
ဒီစာကို ရေးရတာ အင်မတန် ၀မ်းနည်းလှပါတယ်။
အမေ လွတ်မြောက်မယ့်နေ့ …
ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ် … လှပနိုင်မယ့်နေ့
ပြည်သူ လူထုရဲ့ မျှော်လင့်ချက် …ပြည့်ဝလာမယ့်နေ့
ဘယ်တော့များမှ ရောက်ပါလိမ့်မလဲ …
မရဲတရဲ တွေးနေမိပါရဲ့ … ။
***
မေဓာဝီ
၁၉၊ ဇွန်၊ ၂၀၀၇
အင်္ဂါနေ့
၀၀း၁၀ နာရီ

Read More...

Monday, June 18, 2007

မိုးတွေရွာတဲ့အခါ ...

ကိုချမ်းမြစိုး နှင့် ညီမလေးဂျစ်တူး ၏ တိုက်တွန်းချက်ဖြင့် ရေးသားပါသည်။

*** (အတိတ် - ၁)
ကလေးအရွယ် ငယ်ငယ်တုန်းက
မိုးတွေရွာတဲ့အခါ …
အိမ်ရှေ့တံခါးပေါက်ဝမှာ ကြိမ်ခုံပုလေးနဲ့ ထိုင်ပြီး အပြင်ဘက်က မိုးစက်တွေကို တငေးတမော ကြည့်လို့နေခဲ့ဖူးတယ်။
မိုးစက်တွေက တည့်တည့်ကျတဲ့အခါကျ၊ ဘယ်ဘက်စောင်းစောင်း ကျတဲ့အခါ ကျ၊ ညဘက်စောင်းစောင်း ကျတဲ့အခါကျ၊ အဲဒီ မိုးစက်လေးတွေ သိပ်လှတယ်။
မိုးဖွဲဖွဲမှုန်မှုန်လေးတွေ မျက်နှာကို လာထိတဲ့အခါ …အေးမြမြ အတွေ့ကြောင့် သဘောတကျ ဖြစ်ခဲ့ရဖူးတယ်။
ညဘက် အိပ်နေရင်း မိုးတွေအရမ်းသဲသဲမဲမဲ ရွာလာရင် နိုးလာပြီး ကြောက်သလို လို အားငယ်သလိုလို အမေ့အနားကို တအားတိုးပြီး ဖက်အိပ်ခဲ့ဖူးတယ်။

(အတိတ် - ၂)
ကျောင်းနေတဲ့ အရွယ်ရောက်တော့ …
မိုးတွေရွာတဲ့အခါ …
“မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်”
… ဆိုတဲ့သီချင်းကို အော်ဟစ်သီဆိုပြီး
မိုးရေထဲမှာ ပြေးလွှားဆော့ကစားဖူးတယ်။
တံစက်မြိတ် ရေတံလျှောက်က ကျလာတဲ့ မိုးရေတွေအောက်မှာ တကိုယ်လုံး အေးစက်ပြီး ခိုက်ခိုက်တုန်တဲ့ထိ မိုးရေတွေ ချိုးလို့ …ပျော်ခဲ့ဖူးတယ်။
ကျောင်းသွား ကျောင်းပြန်မှာ မိုးကာကိုလုံအောင်ဝတ် မိုးရေခံ ဖော့ဖိနပ်နဲ့ ရေအိုင်တွေထဲ တဗွက်ဗွက်နင်းတော့ ရွှံ့စက်တွေ သဲမှုန်တွေက မိုးကာမည်းမည်း ရဲ့ နောက်မှာ ပေတူးလို့နေခဲ့ဖူးတယ်။
တခါတလေ အိမ်ခေါင်မိုးက မိုးယိုတဲ့အခါ ခွက်ကလေးတွေ လိုက်ခံထားပြီး ခွက်ထဲမိုးရေတွေ ပလောက် ပလောက်နဲ့ ကျတဲ့ အသံနဲ့ အိပ်စက်ခဲ့ရဖူးတယ်။

(အတိတ် - ၃)
တက္ကသိုလ်တက်တဲ့အရွယ် …
မိုးတွေရွာတဲ့အခါ …
“ဟိုးတောင်ထိပ်မှာ
မိုးရိပ်ညိုညို့
မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ
သတိရလျက်
ဖြေပြေခက်လို့
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို … ”

ဆိုတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးနဲ့ စိတ်ကူးယဉ် လွမ်းမောခဲ့ ဖူးတယ်။ မိုးစက်တွေကြည့်ရင်း လွမ်းသလို ဆွေးသလို ရင်ဖိုစွာခံစားမိခဲ့တယ်။ မိုးသံတွေကြားမှာ စာအုပ်တအုပ်ဖတ်လို့ ငိုက်မျည်းအိပ်စက်ခဲ့ဖူးတယ်။ ဂစ်တာအိုကလေးတီးလို့ မညီမညာတဲ့ သံစဉ်တွေနဲ့ သီချင်းတွေ ဆိုညည်း ခဲ့ဖူးတယ်။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပေါ့ … ။

အဲဒီအရွယ်ရဲ့ လက်တွေ့ဘ၀မှာတော့ …
မိုးတွေရွာတဲ့အခါ …
ဘတ်စ်ကားစီးရတာ ပိုကြပ်တယ်။ ရေစိုစို လူတွေကြားမှာ ထီးရေစိုတွေနဲ့ ဟိုထိ ဒိထိ နေရခက်တာတွေ ကြုံခဲ့ရဖူးတယ်။ လုံချည်အောက်အဖျား မိုးရေစိုစိုနဲ့ တနေကုန် ကျောင်းမှာနေဖန်များတော့ တခါတလေ မိုးကို စိတ်မရှည်တော့ဘူး။
တခါတလေတော့လည်း စိတ်ပေါက်ပေါက်နဲ့ မိုးရေထဲ လမ်းလျှောက်ခဲ့ဖူးတယ်။
အင်းလျားကန်ဘောင်မှာ တယောက်ထဲလည်း မိုးရေထဲ ထိုင်နေခဲ့ဖူးတယ်။ လဘက်ရည်ဆိုင်မှာ စိုင်းထီးဆိုင် သီချင်းတွေနဲ့ ပေါ့ကျတခွက် ရေနွေးတအိုး … မိုးသံတဖြောက်ဖြောက်နဲ့ ထိုင်သောက်ခဲ့ဖူးတယ်။
မိုးဖွဲဖွဲကျနေတဲ့နေ့တနေ့…မြေနီကုန်း ဗိုလ်မိုးလမ်းထိပ်က လမ်းဘေးထမင်းဆိုင် လေးမှာ တစုံတယောက်အတွက် (ဦး)ခင်ဝမ်းရေးပေး တဲ့ “မိုး” ဆိုတဲ့ ပန်းချီကား လေး ထိုင်ကြည့်ခဲ့ဖူးတယ်။

(အတိတ် - ၄)
လုပ်ငန်းခွင်ဝင်ခါစ
မိုးတွေရွာတဲ့အခါ …
မိုးရေစိုစွတ်စွတ်နဲ့ အလုပ်သွားရတာ စိတ်ညစ်ခဲ့ဖူးတယ်။ မိုးသည်းသည်း ရွာတဲ့ တညနေ ကားလမ်းတွေ ရေကြီးနေတာနဲ့ ၅ နာရီခွဲ လွှတ်တဲ့အလုပ်ကနေ အိမ်ပြန်ရောက်တော့ ၈ နာရီ ထိုးလုပြီ။ ဘတ်စ်ကားက ရေလွတ်အောင် လှည့်မောင်းနေပြီး နောက်ဆုံး မောင်းမရတော့ ထိုးရပ်သွားလို့ ဒူးလောက် ရောက်နေတဲ့ ရေတွေထဲ ကြောက်ကြောက်နဲ့ လမ်းလျှောက်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ရွာနေတဲ့မိုးကို စိတ်မပျက်ပေမဲ့ ညစ်ပတ်တဲ့ ရေတွေနဲ့ လမ်းပေါ်မှာ လျှောက်သွားရတာ စိတ်ပျက်ခဲ့ဖူးတယ်။

(ပစ္စုပ္ပန်)
မိုးတွေရွာတဲ့အခါ …
မိုးဒေ၀ါနဲ့ တခါတလေ လွမ်းတယ်။
မိုးလေးဖွဲတော့ တခါတလေ သတိရတယ်။
မိုးရွာမယ်မထင်မိလို့ တခါတလေ ရှန်တဘက်လေး ခေါင်းမှာခြုံရတယ်။
မေမြို့မိုးလို တခါတလေ အစိုးမရ ဖြစ်မိတယ်။
ကိုမြကြီးရဲ့ မိုးလည်း တခါတလေ စွေဖြစ်တယ်။
မိုးဦးဝင်ရောက်လာတဲ့အခါ တခါတလေ ရိုးမပေါ် ဖြတ်ပျံခဲ့တယ်။
မိုးနဲ့ပတ်သက်လို့ စာတွေ ကဗျာတွေ အများကြီး ရေးခဲ့ဖူးတယ်။
***
(အနာဂတ်)
မိုးတွေကတော့ ရွာနေဦးမှာပဲ …
ကမ္ဘာမြေပေါ်ကို …
လောကကြီးအေးမြစေဖို့ …
ပန်းကလေးတွေ လန်းဆန်းစေဖို့
သစ်ပင်ကလေးတွေ စိုပြေစေဖို့ …
အားလုံးရဲ့ ရှေ့မှောက် တူညီစွာကျရောက်လို့ပေါ့ .. ။
ဒါပေမဲ့ အားလုံးကတော့ …
မိုးအပေါ်ကို ခံယူချက်ခြင်း
သဘောထားခြင်း မတူညီနိုင်ကြပါဘူး။

မိုးတွေရွာတဲ့အခါ …
တချို့က ပျော်မယ် …
တချို့က ပျင်းမယ် …
တချို့က လွမ်းမယ် …
တချို့ စိတ်ညစ်မယ် …
တချို့လည်း ဘယ်လိုမှ သဘောမထားဘူး …
ဘယ်သူတွေ ဘယ်လိုပဲ သဘောထားထား …
မိုးတွေကတော့
ရွာနေဦးမှာပဲ မဟုတ်လား … ။
***

မေဓာဝီ
၁၈၊ ဇွန်၊ ၂၀၀၇
၁၁ နာရီ ၄၅
***
ကျမရဲ့ ဘလော့ပေါ်မှာ တင်ခဲ့တဲ့ … မိုးနဲ့ ပတ်သက်သမျှ ပြန်လည်စုစည်း ဖော်ပြလိုက်ပါတယ်။

ဆည်းဆာမိုး
မေ၏နိဂုံး
မိုးသည်းညနေ
နွေ၏အဆုံး
နွေညနေ၏ ချွေးသိပ်မိုး
မုန်တိုင်းအလွန်
ခါတိုင်းလိုပဲ အထီးကျန်ဆဲ

ပြန်လည်ပြီး ရေးစေလိုတဲ့ ဘလော့ မောင်နှမများ
ဆရာမ မမေငြိမ်း
ညီမလေး ဆိုးဝှက်
မောင်လေး မင်းမင်း

(အားရင် … ဒါမှမဟုတ် … ခံစားချက်ရှိရင် …ရေးပေးဖို့ တောင်းဆိုပါတယ်ရှင်)
***

Read More...

Sunday, June 17, 2007

အဖေပြောတဲ့ ကဗျာပုံပြင် (၂)

ဒီကနေ့ အဖေနေ့မို့ အဖေအကြောင်း မရေးဘူးလားဆိုပြီး ညီမလေးတွေက ကျမကို မေးကြတယ်။ အဖေ့အကြောင်းက ကျမရေးတဲ့စာ တော်တော် များများမှာ ပါနေကျမို့ ဒီနေ့မှ ထူးထူးခြားခြားရယ်လို့ မရေးချင်ပါဘူး။ ပြီးတော့ “အဖေနေ့” မှ အဖေ့ကို သတိရရမှာလား … အဖေ့အကြောင်းရေးရမှာလား … လို့ ကျမ စိတ်ထဲ ကတ်သီးကတ်သပ်လည်း တွေးနေမိတယ်။

ဒါပေမဲ့လည်း အဖေနေ့မှာ အဖေ့အကြောင်းရေးတော့ ပိုပြီး အမှတ်တရ ဖြစ်စေ တာပေါ့ … အကြောင်းအမျိုးမျိုးကြောင့် အဖေနဲ့ ခွဲခွါနေရတဲ့သူတွေ … အဖေ့ကို မေ့လျော့ထားခဲ့မိသူတွေ … အဖေနဲ့ လူချင်း နီးနေပါလျက်နဲ့ စိတ်ချင်းဝေးနေ ကြသူတွေ … အဲဒီလိုလူတွေအတွက် “အဖေနေ့” ဆိုတဲ့ သတ်မှတ်ချက်ကလေး တခုရှိနေတော့ မေ့လျောနေခဲ့မိရင်တောင် အမှတ်ရနိုင်တာပေါ့ … ဆိုပြီး ပြန်လည် တွေးခဲ့မိပါတယ်။

တကယ်တမ်း အဖေနဲ့ပတ်သက်လို့ ကျမရေးမယ်ဆိုရင် ရေးစရာတွေက တပုံတပင်နဲ့ မကုန်နိုင်လောက်ပါဘူး။ ဒါကြောင့် အဖေနေ့မှရယ်မဟုတ် … ကြုံရင်ကြုံသလို အဖေ့အကြောင်းတွေ အဖေ့ဖန်တီးမှုတွေ ကျမ ရေးနေမိဦးမှာ ပါ။ ကျမဘလော့မှာ အဖေ့ကဗျာတွေကို အမှတ်တရဆိုပြီး တင်ခဲ့ပေါင်းလည်း များလှပါပြီ။ (တချို့ကတော့ လုပ်စားတယ်တဲ့ ပြောကြသေး)

ဒါကြောင့် ဒီနေ့တော့ လုပ်စားတယ်ပဲဆိုဆို အဖေနေ့ အမှတ်တရပဲ ပြောပြော အဖေပြောတဲ့ ပုံပြင်ကလေးတပုဒ် တင်ချင်ပါတယ်။ ကဗျာပုံပြင် (၁) ကတင်ပြီးသားဆိုတော့ အခုတင်မှာက (၂)ပေါ့။ ဒီကဗျာပုံပြင်လေးက အဖေ့ မှတ်စုစာအုပ် အဟောင်းလေးထဲကပါပဲ။ အဲဒီပုံပြင်ကလေးကို အဖေက ကဗျာအဖြစ်လည်း ရေးထားပါတယ်။
***
“တလမ်းသွား”

*ပုံပြင်*
တခါက ခြင်္သေ့အိုကြီးတကောင်ဟာ အားအင်ကုန်ခမ်းနေပြီ ဖြစ်လို့ အစာရှာ မထွက်နိုင်တော့ဘူး။ ဒါကြောင့် သူဆုံးဖြတ်လိုက်တယ်။ ဂူထဲမှာပဲ လဲလျောင်းပြီး နာဖျားဟန်ဆောင်နေဖို့ပေါ့။

အဲဒီအခါမှာ တိရစ္ဆာန်ကလေးများဟာ ခြင်္သေ့နာကြီးပဲဆိုပြီး ဂူထဲကိုဝင်လာကြ သတဲ့။ ခြင်္သေ့ကြီးကလည်း ၀င်လာသမျှ သတ္တ၀ါတွေကို အလွယ်တကူ ဖမ်းယူ စားသောက်နေတော့တာပေါ့။

ဒီနည်းနဲ့ ၀မ်းရေးဖူလုံနေတုန်း တနေ့မှာ မြေခွေးတကောင်ဟာ ခြင်္သေ့ကြီးနေတဲ့ ဂူဝနား ရောက်လာတယ်။ သူဟာ အထဲကို မ၀င်သေးဘဲ ခြင်္သေ့ကြီးနဲ့ အလှမ်း ဝေးဝေးကနေ ရပ်ပြီး အကဲခပ် ကြည့်ရှုနေသတဲ့။

“ခက်လိုက်လေကွယ် … ဘာကြောင့် အဝေးကြီးမှာ ရပ်နေရသလဲ၊ အထဲကို ၀င်ခဲ့ပါတော့လား …” လို့ ခြင်္သေ့ကြီးက အားမလိုအားမရ မြေခွေးကို လှမ်းခေါ် လိုက်သတဲ့။

“ကျွန်တော် ၀င်ခဲ့ချင်ပါရဲ့ … ဒါပေမဲ့ ကျွန်တော်မြင်ရတဲ့ ခြေရာများဟာ ဂူထဲကို အ၀င်သာရှိပြီး အထွက်ခြေရာတော့ မရှိတာကြောင့် ခုလို မ၀င်ဘဲ နေရတာပေါ့” လို့ ဖြေပြီး ပြန်လှည့်ထွက်သွား သတဲ့ … ။ … ။

(ပုံပြင်လေးကတော့ ဒါပါပဲ။ ကဗျာလေးကို ဖတ်ကြည့်ပါဦး။)
***
တလမ်းသွား

*ကဗျာ*
တခါတုန်းက တောထဲမှာ
ခြင်္သေ့အိုကြီး ရှိလေတာ၊
အစာရှာဖို့ သူမစွမ်း
အားအင်ကုန်ခမ်း စိတ်တွေပန်း။

မပန်းဘဲနှင့် အစာကို
အလွယ်တကူ သူရလို၊
သူ့ကိုယ်ကို ဖျားဟန်ပြောင်း
ကလိန်ဉာဏ်နှင့် ဂူတွင်အောင်း။

အပေါင်းများစွာ သတ္တ၀ါ
ခြင်္သေ့နာကြီး မှတ်ထင်ကာ၊
သူရှိရာ ဂူအတွင်း
မကြောက်မရွံ့ ၀င်ချင်းနင်း။

သိန်ဖျင်းဉာဏ်ကြွယ် ခြင်္သေ့လယ်
ဝင်လာသမျှ ပွဲတော်တယ် (တည်)
“လွယ်လွယ်ကလေး ငါ့ဝမ်းရေး”
ဂုဏ်ယူသံနှင့် သူဟစ်ကြွေး။

ဝေးဝေးမကြာ သူရှိရာ
မြေခွေးတကောင် ရောက်လို့လာ၊
ဂူဝမှာ ရပ်ကာကြည့်
ကိုမြေခွေးက ပညာရှိ။

က၀ိအသွင် သားဘုရင်
ဂူဝရပ်လှာသူကိုမြင်၊
ခေါ်ငင်ဂူတွင်း အယုံသွင်း
“၀င်ပါ့ချက်ချင်း သူငယ်ချင်း”။

အကင်းပါးတဲ့ မြေခွေးမောင်
ခြင်္သေ့လှည့်ကွက် နားမယောင်၊
မျက်မှောင်ကြုတ်ကာ ပြန်လို့ပြော
“၀င်ချင်ပါရဲ့ … ကျုပ်မနော”

“ဟောဒီနားက ခြေရာတွေ …
အ၀င်ကိုသာ တွေ့ရပေ၊
မိတ်ဆွေထံပါး ၀င်ခစား
အထွက်ခြေရာ မတွေ့ငြား”

စကားတုံ့လှန် ခြင်္သေ့ထံ
ထိုအကြောင်းကြောင့် နောက်ဆုတ်ပြန်၊
အမှန်မြင်သိ ပညာရှိ
ကိုမြေခွေးက တော်ပါဘိ
မှတ်ပါသတိ … အမြဲရှိ ။ … ။
***

ဒီကဗျာပုံပြင်လေးတွေကို ၁၉၇၅ အောက်တိုဘာလတုန်းက အဖေရေးခဲ့တယ်လို့ ထိုးထားတဲ့ နေ့စွဲအရ သိရပါတယ်၊ မှတ်စုစာအုပ်ကလေးက အဲဒီတုန်းက အဖေ ဟိုမှတ်ဒီမှတ် မှတ်ခဲ့တဲ့ စာအုပ်ကလေးပေါ့။

အဖေ့ကဗျာတွေ ပုံပြင်တွေ အဖြစ်အပျက် အမှတ်တရလေးတွေ တင်ခဲ့မိသမျှ ပြန်ရှာပြီး စုစည်းထားလိုက်ပါတယ်။

အဖေပြောတဲ့ ကဗျာပုံပြင် (၁)
အဖေ့ သင်္ကြန်ကဗျာ
အဖေ့ကဗျာ (၈)
အဖေ့ကဗျာ (၇)
အဖေ့ကဗျာ (၆)
လွန်ခဲ့သောနှစ်ပေါင်း ၃၀-ကျော်က စာတစောင်
အဖေ့ကဗျာ (၅)
အဖေပြောသောပုံပြင်
အဖေ့ကဗျာ (၄)
လှံ နဲ့ ဒိုင်း (သို့မဟုတ်) အဖေမေ့သွားသော ကဗျာတပုဒ်
အဖေ့ကဗျာ (၃)
အဖေ့ကဗျာ (၂)
၄၂ နှစ်တာ ခရီးမှသည် (အဖေနဲ့ အမေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့)
story 2 (အဖေကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမကိုပြန်ပြောပြတော့ ကျမက ၀တ္ထုတပုဒ် ဖြစ်အောင် ဖန်တီးခဲ့တယ်)
အဖေ့ကဗျာ (၁)
***
၁၇၊ ဇွန်၊ ၂၀၀၇
ညနေ ၅ နာရီ ၂၀ မိနစ်

Read More...

Saturday, June 16, 2007

မွန်းကျပ်တဲ့ည ... (၁)


မွန်းကျပ်တဲ့ည

အမြင်အာရုံတွေ ဖောက်ပြား
ရုတ်တရက် …
အမှောင်ကျသွားတယ် … ။
အကြားအာရုံတွေေ၀၀ါး
အသံတွေအားလုံး
တိတ်ဆိတ်သွားတယ် … ။
တစုံတရာ လာထိသလား …
အသိတရားပျောက်ကွယ်
နှလုံးသားမှာ ထုံနေတယ် … ။
အသက်ရှူလို့မရ
မွန်းကျပ်လှချေရဲ့ …
အိုဘယ့် … မိုးညလယ် … ။
ကဲ … ကွယ် …
နောက်ဆုံးရွေးချယ်ခွင့်
လမ်းဖွင့်ပေးထားမယ် …
သေချာစွာ ဆုံးဖြတ် …
နှုတ်ဆက်လိုက-ဆက် …
လက်ပြလိုက-ပြ …
မင်းရဲ့ သဘောကျပါပဲကွယ် … ။ … ။
***
၂၇၊ မေ၊ ၂၀၀၇
(ညဥ့်ဦးယံ)
***
အဲဒီညကပေါ့ … ။
ဆုတောင်းတခု ရခဲ့တယ်။
“အကောင်းဆုံးတွေက သင့်အတွက် ဖြစ်ပါစေ” တဲ့ … ။
“ဖြစ်သမျှကို အကောင်းစိတ်နဲ့ ခံယူနိုင်အောင် ကြိုးစားပါမယ်” … လို့ ….
ပြန်ပြီး ပြောခဲ့မိတယ်။
အကောင်းဆုံးက ကိုယ်နဲ့ တန်လို့လား။
အကောင်းဆုံးကိုလည်း မလိုချင် …
အကောင်းဆုံးကိုလည်း မမက်မော …
ကိုယ်နဲ့ ထိုက်တန်သလောက် …
ကိုယ်ရပိုင်ခွင့်ရှိသလောက်သာ
ရမှာပဲမဟုတ်လား … ။
***
မေဓာဝီ
(အဲဒီည - သန်းခေါင်ယံ)

သရုပ်ဖော်ပုံကို “ဒီနေရာမှ” ယူထားပါတယ်။

Read More...

Friday, June 15, 2007

ခဏတာ ဘုရားဖူး

ဓာတ်ပုံပို့စ် တင်တဲ့သူတွေကို အားကျတာကြောင့် မနေ့က ရာသီဥတုကလည်း သာယာ၊ မီးကလည်းပျက်နေလို့ အားနေတာနဲ့ ဘုရားလည်းဖူးရင်း ဓာတ်ပုံ လည်းရိုက်ရင်း တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အိမ်ကထွက်ခဲ့တယ်။ ဝေးဝေးလံလံတော့ မဟုတ်ပါဘူး။ အိမ်ကနေ လမ်းလျှောက်ရင် နာရီဝက် အတွင်း ရောက်နိုင်တဲ့ ငါးထပ်ကြီးဘုရားကိုပါ။ ငါးထပ်ကြီးဘုရားသွားရတာ အင်မတန်စိတ်ချမ်းမြေ့လို့ တခါတလေ စိတ်ရှုပ်ထွေးတဲ့အခါ စိတ်ပြေ လက်ပျောက် ရောက်ရောက်သွားဖြစ်တယ်။ ငါးထပ်ကြီးနဲ့ ခြောက်ထပ်ကြီးဟာ ကားလမ်းမကြီးတခုသာ ခြားပေမယ့် ငါးထပ်ကြီးဘုရားရဲ့ ၀န်းကျင်နဲ့ ရှုခင်းကို ပိုပြီး သဘောကျမိပါတယ်။

အိမ်ကအထွက်မှာ နေကျဲကျဲတောက် ပူနေတာနဲ့ ထီးကလေးယူလာမိတာ ကံကောင်းသွားတယ်။ သွားနေရင်း လမ်းတ၀က်အရောက် အနောက်ဘက် ကောင်းကင်ဆီမှာ မိုးတွေကညို့တက်လာပြီး ရာသီဥတုအခြေအနေ ရုတ်တရက် ပြောင်းလဲသွားပုံများ နေကျဲကျဲပူရာက မိုးရိပ်တွေဆင်၊ မိုးသက်လေတွေ တိုက် တော့တာပါပဲ။ ဘုရားပရ၀ုဏ်ထဲ မရောက်ခင် မိုးစက်တွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာပါလေရော။

အရင်တုန်းက ဒီလမ်းလေးဟာ မြေနီလမ်းကလေးပေါ့။ ခုတော့ ကြွေပြား တွေခင်းလို့ သပ်သပ်ယပ်ယပ်ဖြစ်သွားပေမဲ့ တခါတလေတော့လည်း ဟိုအရင်က မြေနီလမ်းလေးကို လွမ်းမိသား။

မြတ်စွာဘုရား ရုပ်ပွားတော်ကို ဦးခိုက်ကန်တော့စဉ် …
သတ္တ၀ါတွေ ငြိမ်းချမ်းစေသား … ။

ဒီနဂါးကြီးပေါ့၊ ကျမ သိပ်သဘောကျခဲ့တာ။ ဘုရားရဲ့ ဘယ်ညာတဖက်တချက် မှာ နဂါးကြီး တကောင်စီရှိတယ်။ ဒီနဂါးကြီး ခံတွင်းဝက ရေတွေလွှတ်ပြီး ဘုရားကိုပူဇော်တာ ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့ အဲဒီလို မြင်ကွင်းမျိုး မတွေ့ရတော့ဘူး။

ကြည်ညိုဖွယ်ရာ ဗုဒ္ဓမြတ်စွာနှင့် တပည့်သား သံဃာတော်များ။

မိုးတွေအရမ်းသည်းလာတာနဲ့ ခဏထိုင်နေတုန်း မိုးတွေကြားက ဘုံခုနစ်ဆင့် ကျောင်းတိုက်ကြီးကို အဝေးကလှမ်းပြီး မှတ်တမ်းတင်လိုက်တယ်။

မိုးနည်းနည်းစဲတော့မှ အောက်ကိုပြန်ဆင်းပြီး အဲဒီကျောင်းတိုက်ကြီးကို သွားငေး လိုက်မိသေး။

ဒီရှေးဟောင်း ကျောင်းတိုက်ကြီးဟာ သူ့အနားက တော်တော်နဲ့ မခွါနိုင်အောင် ကျမကို စွဲဆောင်ထားတယ်။

ငယ်ငယ်တုန်းက ကျမတို့ ညီအစ်မတတွေ တိုင်ဦးတမ်း ကစားခဲ့ကြတဲ့ ကျောင်းရဲ့အောက်ခြေက အုတ်တိုင်လုံးကြီးတွေဆီ လှမ်းကြည့်လိုက်တော့ …
အိုးအိမ်မဲ့ သူတယောက်လေလား၊ အေးရာအေးကြောင်း ဘုရားရိပ် သံဃာရိပ်မှာ ခေတ္တခိုလှုံလာသူလား၊ ပူလောင်တဲ့ဝန်းကျင်ကို စွန့်ခွါတိမ်းရှောင်လာသူပဲလား၊ ဝေခွဲမရစွာ ကြည့်နေဆဲ … ။ သူကတော့ဖြင့် … နှစ်ခြိုက်စွာ အိပ်မောကျလို့။

ဆုတောင်းပြည့်စေတီ လို့ ကမ္ဗည်းထိုးထားတဲ့ မှန်စီရွှေချ စေတီငယ်လေး။

အိမ်အပြန်လမ်းမှာ ပြန်ငေးကြည့်တော့ …ရေတွင်းငယ်ကလေး၊ စိမ်းစို အုပ်ဆိုင်း တဲ့ သစ်ပင်လေးတွေနဲ့ ကုန်းတော်ထက်က စေတီရဲ့ မြင်ကွင်းက ဆွတ်ပျံ့ဖွယ်။

“သားတို့ကို ဓာတ်ပုံတပုံလောက် ရိုက်ပေးပါ”
ပူဆာလာကြတဲ့ ကလေးငယ်လေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ကြည်လင်ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်လေးတွေရဲ့ အပြစ်ကင်းစင်သော အပြုံးနုနု လေးများ … ။
***
အိမ်ရောက်တော့ ညနေစောင်းနေပြီ။ မီးကတော့ မလာသေး။ အသိမပေးဘဲ အကြာကြီး ထွက်သွားလို့ အမေက မကြည်ဘူး။
ဓာတ်ပုံလေးတွေပြန်ကြည့်ပြီး ရိုက်ထားတဲ့ပုံတွေက အကောင်းကြီးမဟုတ်ပေမဲ့ ဘလော့မှာတင်ဖို့စိတ်ကူးယဉ်ရင်း ကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် ကိုယ့်ကိုယ် ကို ကျေနပ်လို့ နေမိပါရဲ့။
***
မေဓာဝီ
၁၅၊ ဇွန်၊ ၂၀၀၇
နံနက် ၉ နာရီ

(မနက်စောစောထဲက တင်ဖို့ ကြိုးစားပေမဲ့ မီးကလည်း တနေကုန် ပျက်လိုက် လာလိုက်၊ ကွန်နက်ရှင်ကလည်း မကောင်းလို့ ခုမှ တင်လိုက်ရပါတယ်။)
ညနေ ၄ နာရီ ၄၅ မိနစ်


Read More...

Thursday, June 14, 2007

ဆည်းဆာမိုး ....

ညနေဆည်းဆာ
နေမသာဘဲ
ရေတွေစိုရွှဲ
ပြိုဆင်းကျနေဆဲပေါ့ … ။
\ \ \ \ \ \ \ \ \ \ \
\ \ \ \ \ \ \ \ \ \ \
\ \ \ \ \ \ \ \ \ \ \
ခေါင်းမော့ကြည့်တော့
ခဲသားရောင် ပင်လယ်ကြီး …
ဂျိုးဂျိန့်ဂျိန့် ငိုညည်းလို့။
^ ^ ^ ^ ^ ^ ^ ^ ^
^ ^ ^ ^ ^ ^ ^ ^ ^
^ ^ ^ ^ ^ ^ ^ ^ ^
ခေါင်းငုံ့ကြည့်တော့
အပြာရောင် ဖဲကြိုးတစ …
လူးလူးလွန့် တလွလွ။
~~~~~~~~~~~~~
~~~~~~~~~~~~~
~~~~~~~~~~~~~
ငိုနေတဲ့ ပင်လယ်ပြင်
သူ့ရင်ခွင်တခုလုံး
ဂျုံးဂျုံးလည်းကျ
လှိုင်းကြမ်းတွေထလို့။
> > > > > > > > > >
< < < < < < < < < < > > > > > > > > > >
တေးချင်းသီကြွေး
ဖဲကြိုးလေးက
ငြိမ်းချမ်းရေး ပေးပါ …
တစာစာဆိုလို့…။
````````````````
````````````````
````````````````
ငြိမ်းချမ်းရေး !!!
အဝေးကြီးမှာလား?
အနီးလေးလား?
မှန်းဆရခက်နေဆဲ …
? ? ? ? ? ? ? ? ? ?
? ? ? ? ? ? ? ? ? ?
? ? ? ? ? ? ? ? ? ?
ကဲပါလေ …
အားငယ်နေမယ့်အစား
မျက်ရည်စတွေ ဖယ်ရှား
လက်တွဲထားရအောင် …
+=+=+=+=+=
+=+=+=+=+=
+=+=+=+=+=
ဆည်းဆာမိုးသည်း … စိုရွှဲပါစေ …
ညနေကွယ်ပျောက်
ညရောက်ခဲ့ရင် …
ကြယ်စင် လမင်း
ထိန်လင်းဝင်းပ
မင်္ဂလာရှိသောညဖြစ်စေဖို့
နေရောင်မဖြာ
တိမ်ဝါမတောက်တဲ့
ဒီမိုးသည်းအောက်မှာပဲ
နှစ်ယောက်ထဲဖြစ်ပစေ
အားခဲလျှောက်ကြရအောင်လေ …
မဝေးတော့တဲ့
ဟိုးအရှေ့မှာ …
တွေ့တယ်မဟုတ်လား ….
ငှက်ကလေးများ ပျံသန်းနေကြလေရဲ့ …
လွတ်လပ်စွာ …
မြူးထူးစွာ
ငြိမ်း ချမ်း စွာ နဲ့ လေ …. ။ ….. ။
***
မေဓာဝီ
၁၃ ဇွန်၊ ၂၀၀၇
(မိုးရွာပြီးစ ညနေခင်း)

Read More...

Wednesday, June 13, 2007

ဗိုလ်လုပ်လိုသလား (၂)

ဗိုလ်လုပ်လိုသလား (၁) ကို မေလ ၂၀-ရက် နေ့က ဖော်ပြပေးခဲ့ပြီး တော်တော်ကြာ ရပ်နေခဲ့မိတယ်။ မနေ့က အခန်းပြောင်းရတာနဲ့ စာအုပ်စင်ရွှေ့တော့ ဒီစာအုပ် ကလေးတွေ့မှ ဆက်ပြီးတင်ရဦးမယ်လို့ ပြန်အမှတ်ရတာနဲ့ အပိုင်း (၂) ကို ဆက်လက် ရိုက်ပေးလိုက်ပါတယ်။
ကိုပြူးကျယ်ထံပေးစာကိုတော့ နောက်တပတ်မှပဲ တင်ပါတော့မယ်။
***
ဒီဆင်ကြီးဟာ (ဗိုလ်ဘဲ … ) စသည်ဖြင့် တိရစ္ဆာန်များပင်လျှင် ဗိုလ်ဘွဲ့ထူး ရှိကြကုန်၏။ …..
(အပိုင်း ၁- ကို ဒီမှာဆုံးခဲ့ပါတယ်။)
***
လောကမှာ လူတို့ကို အုပ်ချုပ်သောမင်းသည် လူအပေါင်းတို့ထက် သြဇာ အာဏာ ကြီးမြင့်ခြင်းကြောင့် ဗိုလ်ဟု ဆိုရ၏။ ထိုမင်းနှင့် စပ်သွယ်သော ရာထူး ရာခံ အစရှိသည်တို့သည် အဆင့်ဆင့် ဗိုလ်ဂုဏ်ထူး ရှိကြကုန်၏။ လောကုတ္တရာ ရေး၌ အရိယာတို့သည် အသီးသီး အဆင့်အတန်းအလိုက် ဗိုလ်ဂုဏ်ထူးရှိကြ ကုန်၏။ သောတာပန် ပုဂ္ဂိုလ်သည် ပုထုဇဉ်တို့ထက် မြင့်မြတ်ကြီးကဲသော ကြောင့် ဗိုလ်ဟု ဆိုထိုက်ပေ၏။ သောတာပန်မှစ၍ အရိယာအပေါင်းတို့တွင် မြတ်စွာဘုရားသည် အကြီးဆုံးသော ဗိုလ်ဟု ဆိုရပေ၏။ မြတ်စွာဘုရား၌ အတုလ-ဟူသော ပုဒ်ကို ထောက်သဖြင့် မည်သူမှ ပြိုင်ဘက်မရှိအောင် အကြီး ဆုံးသော ဗိုလ်ကြီးဖြစ်ကြောင်း ထင်ရှားပေ၏။

ဗိုလ်ဆိုသောနာမည်နှင့် ဗိုလ်ဘွဲ့ကို လူတိုင်း အလိုရှိကြကုန်၏။ ထို့ကြောင့် လောက၌ ဗိုလ်လုပွဲများကို တွေ့မြင်ကြရကုန်၏။ ဗိုလ်ဆိုသော အမည်များကို အားလုံးနှစ်သက်ကြကုန်၏။ ဗိုလ်ဖြစ်လိုခြင်းရဲ့ အကြောင်းရင်းကိုရှာသော် ဗိုလ်ရဲ့ သုခကို ခံစားလို၍ပင် ဖြစ်ကြကုန်၏။ ထိုချမ်းသာတို့သည် ကာမချမ်းသာ-ရူပချမ်းသာ-အရူပချမ်းသာ-နိဗ္ဗာန်ချမ်းသာတို့ဖြစ်ကြကုန်၏။ ချမ်းသာတို့တွင် နိဗ္ဗာန်ချမ်းသာသည် အားလုံးသော ချမ်းသာတို့ထက် မြင့်မြတ်ခြင်းကြောင့် ချမ်းသာဗိုလ်ကြီးဟု ဆိုရလေသည်။ (ဒါ့ကြောင့် နိဗ္ဗာနံ ပရမံ သုခံ) လို့ ဟောတော် မူပေသည်။

ဗိုလ်ဆိုသော နာမည်နှင့် ဗိုလ်ရဲ့သုခကို သတ္တ၀ါတိုင်း အလိုရှိကြသော်လည်း ဗိုလ်စိတ်နှင့် ဗိုလ်အလုပ်ကို မပြုလုပ်က မဖြစ်နိုင်ပေ။ အချို့သောသူတို့သည် ဗိုလ်အလုပ်နှင့် ဗိုလ်ချမ်းသာကို ပေါ့ပေါ့ကလေး စဉ်းစားပြီး ပြုလုပ်ကြရာ မိမိတို့ ထင်မြင်ချက်မကိုက်ဘဲ ချော်လွဲလိမ့်ကျလို့ နေကြသူများကိုလည်း တွေ့ကြုံကြဖူး လိမ့်မည်။

ဗိုလ်အဖြစ်နှင့် ၎င်း၏ချမ်းသာရဲ့ လက်သယ်ကိုရှာသော် “စိတ်” ဆိုသော သဘောကိုသာ တွေ့ရပေသည်။ စိတ်သည် သတ္တ၀ါတို့ကို ကြီးပွားအောင် နှင့် ယုတ်ညံ့အောင် ဖြစ်စေနိုင်သည်။ စိတ်သည် မြင့်မြတ်သောစိတ်- ယုတ်ညံ့သော စိတ် ဟူ၍ နှစ်မျိုးရှိရာ မြင့်မြတ်သောစိတ်နှင့် နေထိုင်သူသည် မြင့်မြတ်သော အဖြစ်သို့ ရောက်နိုင်ပေသည်။ ယုတ်ညံ့သော စိတ်နှင့် နေထိုင်သူသည် ယုတ်ညံ့ သော အဖြစ်သို့ ရောက်ရပေသည်။ အားလုံးသော ဆင်းရဲ-ချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့ မညီမညွတ် ရှိနေပုံများသည် စိတ်ကြောင့်ပင် ဖြစ်သည်။ ဒါကြောင့် …

စိတ္တေန နိယတေ လောကော၊
စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧက ဓမ္မဿ၊
သဗ္ဗေ၀ ၀သ မနွဂူ။ … ။

စိတ်သည် လူအပေါင်းကို အလိုရှိရာသို့ ဆောင်ကြဉ်း၏။
စိတ်သည် လောကနေသူအပေါင်းကို ထက်ဝန်းကျင် အရပ် ဆယ်မျက်နှာသို့ ဆွဲငင်၏။
အလုံးစုံသော သတ္တ၀ါတို့သည် တခုသော စိတ်တရား၏ အလိုသို့ အစဉ်တစိုက် လိုက်ပါကြကုန်၏။


ဗိုလ်အဆင့်ဆင့်တို့သည် စိတ်ကြောင့်ပင် ဖြစ်ပေါ်ကြကုန်၏။ ဘုံနှင့်ဘ၀သို့ ရောက်ရှိမှုသည်လည်း ပြောခဲ့သည် စိတ်ကြောင့်ပင် ဖြစ်ကြကုန်၏။ ဗိုလ်အဖြစ် နှင့် ဗိုလ်ချမ်းသာကို အလိုရှိသောသူတို့သည် ဗိုလ်စိတ်နှင့် ဗိုလ်အလုပ်ကို ပြုလုပ်ကြရပေသည်။ ဗိုလ်စိတ်ကင်းမဲ့သော သူများသည် ဗိုလ်မဖြစ်နိုင်။ ဒါကြောင့် ….
ဗိုလ်လုပ်လိုသော သူများသည် ဗိုလ်စိတ်နှင့် ဗိုလ်အလုပ်ကို ရှေးဦးစွာ သိထားရမည်။
***
ဒီတပတ်တော့ ဒီလောက်နဲ့ပဲ ခဏရပ်နားလိုက်ပါဦးမယ်။ နောက်တခေါက် တင်တဲ့အခါမှ ဗိုလ်စိတ်နဲ့ ဗိုလ်အလုပ်အကြောင်းကို ဆက်ဖော်ပြပါတော့မယ်။
***
စာရိုက်ပြီးချိန်
၁၃၊ ဇွန်၊ ၂၀၀၇
နံနက် ၉ နာရီ ၅၀

Read More...

Tuesday, June 12, 2007

ဘလော့နာကျခြင်း ....

အဟုတ်ပဲ …
ကျမ ဘလော့နာကျနေပါပြီ။

အရက်ကိုစွဲလမ်းပြီး ညဘက်အရက်အလွန်အကျွံ သောက်တဲ့သူများ မနက် မိုးလင်းရင် ခေါင်းတွေအုံ မကြည်မလင်ဖြစ် နေထိုင်မကောင်းသလို ခံစားရ အဲဒါကို အရက်နာကျတယ်လို့ ခေါ်သတဲ့။
တစုံတယောက်ကို စွဲလမ်းပြီး ထိုသူနဲ့ ခွဲခွါရတဲ့အခါ ချစ်လျက်နဲ့ ခွဲခွဲ မုန်းလျက်နဲ့ ခွဲခွဲ ရင်ထဲမှာ တနင့်နင့် ခံစားရတဲ့အခါ လွမ်းနာကျတယ်လို့ ဆိုသတဲ့။

ကျမ ဘလော့နာကျတာကတော့ဖြင့် အရက်နာကျတာနဲ့ လွမ်းနာကျတာ နှစ်ခုပေါင်း ပြီး ခံစားနေရသလို ဖြစ်နေပါတယ်။ ဘလော့ကိုစွဲလမ်းပြီး နေ့လည်း ဘလော့၊ ညလည်း ဘလော့၊ အိပ်မက်ထဲလည်း ဘလော့၊ လမ်းသွားရင်းလည်း ဘလော့ .. အဲဒီလို ဖြစ်နေပြီး ဘလော့ကို အလွန်အကျွံစားသုံးမိနေသလိုပါပဲ။ ကိုယ့်ဘလော့ကိုယ် စာတင်ပြီးတာနဲ့ ဟိုလူ့ဘလော့ ဒီလူ့ဘလော့ သွားဖတ် သွားကြည့် ဆီဗုံးတွေထဲ အော်လိုအော်၊ ကွန်မန့်တွေ ရေးလိုရေး … ဘလော့ကို အချိန်ပေးရပုံများ … အလုပ်တာဝန်, အိမ်မှုကိစ္စ လစ်ဟင်းလို လစ်ဟင်းပေါ့။

ဒီလိုနဲ့ ညညဆို ဘလော့အတွက် စာတပုဒ်ရေးပြီးမှ အိပ်တဲ့အကျင့်က ဖြစ်နေပြီး လူခြေတိတ်ချိန် အနှောက်အယှက်ကင်းချိန်မှ စာရေးရတော့ ညဘက် အိပ်ရေးပျက်ပေါင်းလည်းများလှပြီ။ မနက်လည်း နောက်ကျမှထလို့ မဖြစ်တော့ မထချင်ထချင် ပျင်းပျင်းနဲ့ ထရတာမို့ မနက်တိုင်း အိပ်ရာကနိုးရင် ခေါင်းတွေက ကြည်ကြည်လင်လင်မရှိ၊ အုံတုံတုံ ကိုက်တိုက်တိုက် ဘလော့ကိုက်တယ်လို့ ခေါ်ရမလားမသိ။ ဘလော့ကိုက်တဲ့ ရက်ပေါင်းများလာတော့ အရက်နာကျတဲ့ လူလို … ဘလော့နာကျပါလေရောလား။

တခါတလေများ အကြောင်းမညီညွတ်လို့ စာမရေးဖြစ်တဲ့အခါ၊ စာမတင်ဖြစ်တဲ့ အခါ၊ ဘလော့တွေကို မဖတ်ဖြစ်တဲ့အခါမျိုး ဆိုရင်တော့ နေမထိ ထိုင်မထိနဲ့ ဘာလိုနေမှန်းမသိ ဟာတိဟာတာနဲ့ ခံစားနေရ ပြန်ပါတယ်။ ကိုယ့်ဘလော့မှာ ကွန်မန့်လေးတွေ ၀င်နေမလား၊ မ၀င်ဘူးလား။ ကိုယ်ဖတ်နေကျ သူတွေရဲ့ ဘလော့မှာ ဘာအသစ်တွေတင်ထားသလဲ။ ဖတ်စရာ မှတ်စရာ ခံစားစရာ လေ့လာစရာ … အသစ်အဆန်းလေးတွေ …. တမနက်လောက် မမြင်ရတာနဲ့ကို စိတ်ထဲ သိပ်မကောင်းလှဘူး။

အဲဒီလိုတွေ ဖြစ်နေတာကြာလာတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတယ်။ ဘလော့ကို ဘာကြောင့် ရေးနေရတာလဲ … ဘလော့တွေကို ဘာကြောင့်များ ဖတ်နေရတာလဲ။ ဘလော့ဟာ ကိုယ့်ဘ၀မှာ ဘယ်လောက်များ အရေးပါ နေပါသလဲ … လို့ တွေးမိပါတယ်။
ဘာကြောင့်ရေးနေရတာလဲ …ရေးချင်လို့ရေးပါတယ်။
ဘာကြောင့်ဖတ်နေရတာလဲ … ဖတ်ချင်လို့ဖတ်ပါတယ်။
ဘယ်လောက်အရေးပါသလဲ … ကျမ မဖြေတတ်ပါဘူး။

ဒါနဲ့ အငြိမ်မနေနိုင်လို့ ဆက်တွေးမိပါသေးတယ်။
ဘလော့သည် မိမိအတွက်လား … ။
ဘလော့သည် သူတပါးအတွက်လား … ။
ဘလော့သည် ဘလော့အတွက်လား … ။

ကိုယ့်အတွက်ကိုယ်ဆို ဒိုင်ယာရီပဲ ရေးမှာပေါ့။
ဒါဆို ကိုယ့်အတွက် မဟုတ်ဘူးလား။
ဒီလိုလဲမဟုတ်ပြန်ဘူး။ ဒါလေးရေးနေရတာ ကိုယ့်စိတ်သာယာမှု တခုပေပဲလေ။
အဲဒီလိုပဲ သူတပါးအတွက်ချည်းပဲလို့လည်း ပြောလို့မရပြန်ဘူး။ ကိုယ်ရေးချင် တာတွေလည်း ရေးနေတာမဟုတ်လား။
ဒီလိုဆို …ယေဘုယျအားဖြင့် ဘလော့သည် ဘလော့အတွက်ဆိုရင်ရော။
အင်း … ကျမ မသိတော့ပါဘူး။

ဘာသည် ဘာအတွက်ပဲဖြစ်ဖြစ် ဘလော့စရေးတဲ့ ၂၀၀၆ သြဂုတ်လကုန် လောက်ကနေ ဒီကနေ့ထိ နေ့တိုင်းလိုလို ကျမ စိတ်ထဲမှာ ဘလော့သာ အမြဲ လွှမ်းမိုးနေမိတာပါပဲ။ တခါတလေ ငြိမ်းငြိမ်းချမ်းချမ်း စိတ်အေးလက်အေး နေလို ပေမဲ့ နေလို့လည်း မရခဲ့ပါဘူး။ ဘလော့ကပေးတဲ့ ကောင်းကျိုး ဆိုးပြစ်တွေ လည်း ခံနေရတာမို့ အခုအချိန်မှာ ကျမ ဘလော့နာကျနေပါပြီ။ ဘလော့နာ ကျနေတဲ့ ကျမ ဘလော့ကိုမုန်းသွားပြီ၊ စိတ်နာသွားပြီ၊ မကြည့်ချင် မဖတ်ချင် လောက်အောင် ဖြစ်နေပြီလား …. ။ ဘလော့လောကကြီးကို ကျောခိုင်းလိုက် တော့မလား။ ဘလော့ရေးတာကို စွန့်လွှတ်လိုက် တော့ မလား …. ။
***
အရက်နာကျသူတွေဟာ ပြန်ဖြေတဲ့အနေနဲ့ မနက်ခင်းမှာ တခွက်တဖလား ထပ် သောက်ကြတယ်လို့ ကြားဖူးတယ်။
အင်း …. ဘလော့နာကျနေတဲ့ ကျမလည်း ….
အချိန်ကလေးရတာနဲ့ ကွန်ပျူတာ အမြန်ဖွင့် ….

IE ရဲ့ address bar မှာ http://www.blogger.com/ ရိုက်ထည့်လိုက်ပြီး …
Username – abcdefg@gmail.com
Password – bla bla bla
စသဖြင့် ဖြည့်စွက်ပြီး
Sign In ကလေးကို ကလစ်နှိပ်မိလိုက်ပါတော့တယ်။
***
မေဓာဝီ
12th June, 2007
4:25 pm

Read More...

Monday, June 11, 2007

ရေးချင်လျက် လက်တို့ …

မနေ့က ပို့စ်ရဲ့ ကွန်မန့်မှာ ကိုသန့်ဇင်အောင်က ခုလို မေးထားပါတယ်။

TZA said...
အစဉ်အားပေးလျက်ပါမမေ..
တခုလောက်မေးလိုပါတယ်၊ စာလုံးပေါင်းကိစ္စပါပဲ၊ အဟဲ..
ဒါပေမယ့် နဲ့ ဒါပေမဲ့ ဘယ်ဟာမှန်သလဲခင်ဗျာ။
နောက်ပြီး အောက်ကမြင့်ကို ဘယ်အချိန်မှာ အက္ခရာရဲ့ အောက်တည့်တည့်မှာ ရိုက်(ရေး)သင့်ပြီးဘယ်အချိန်မျိုးမှာ ဘေးဖက်မှာ ရိုက်(ရေး)သင့်ပါသလဲ။ ဥပမာ မဲ့ နဲ့ မဲ့ ဆိုတာမှာ အရှေ့က မဲ့က မှန်တယ်လို့ ကျနော်ထင်ပေမယ့် မယ့် နဲ့ မယ့် ကျတော့ ဘယ်ဟာ အမှန်မှန်း မသိဘူးခင်ဗျာ။
မမေ ကျန်းမာပါစေ။
6/10/2007 4:31 PM

ကိုသန့်ဇင်အောင်ရဲ့ ဒီကွန်မန့်ဟာ ကျမရေးချင်နေတုန်း လက်လာတို့လိုက် သလိုပါပဲ။ ဒီအကြောင်းလေးတွေ ကျမရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ … ဒီအကြောင်းအရာတွေချည်း အပ်ကြောင်းမထပ်ချင် သေးတာကြောင့် ခဏလေး လက်လျှိုထားရတာပါ။

ခုတော့ ကိုသန့်ဇင်အောင် မေးလာတာနဲ့ ရေငတ်တုန်း ရေတွင်းထဲကျသလို …ရေးချင်တာလေးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) အကုန်ထည့် ရေးလိုက်ပါပြီ။ ကိုသန့်ဇင်အောင်ရေ ..မေးမိတာ မှားပါတယ်လို့တော့ မညည်းလိုက်ပါနဲ့နော်။ အပြည့်အစုံလေး ရေးခွင့်ပြုပါ။
***
ဒါပေမယ့် နဲ့ ဒါပေမဲ့ မှာ … “ဒါပေမဲ့” က အမှန်ဖြစ်ပါတယ်။ (မြန်မာစာ စာလုံးပေါင်းသတ်ပုံနှင့် ခွဲထား စာအုပ် စာမျက်နှာ ၁၉၃)

နောက်တခုအမေးကို မဖြေခင် ကြုံကြိုက်လို့ ကြားဖြတ်ပြီး ပြောချင်တာကတော့ “အောက်ကမြင့်” ဆိုတဲ့ အသုံးအနှုန်းလေးကိုပါ။ “အောက်ကမြင့်” ဆိုပြီး ရေးလေ့ရှိကြတာကို ခဏခဏ ဖတ်ဖူးတဲ့အတွက် အခုလိုပြောရခြင်းပါပဲ။ အမှန် တကယ်က “အောက်ကမြစ်” ဖြစ်ပါတယ်။ “အောက်မြစ်” လို့လည်း သုံးလေ့ ရှိပါတယ်။ အောက်ကမြင့် မဟုတ်ပါဘူး။

အောက်မြစ်ဟု ခေါ်ပုံ
ရှည်နေတဲ့အသံကို တိုအောင်၊ လေးနေတဲ့အသံကို ပေါ့အောင် အောက်မှနေပြီး တားမြစ်သောကြောင့် အောက်မြစ်လို့ ခေါ်ရခြင်း ဖြစ်ပါသတဲ့။
ဥပမာ … ငါ ဆိုတဲ့ ပုဒ်မှာ အောက်မြစ်ထည့်လိုက်တဲ့အခါ .. ငါ့ ဆိုပြီး ဖြစ်သွား ပါတယ်။ ငါ (သံရှည်) မှ ငါ့ (သံတို)ဖြစ်အောင် အောက်ကနေ တားမြစ်လိုက် တဲ့အတွက် ဒီသင်္ကေတလေး ( -့) ကို အောက်မြစ်လို့ ခေါ်ရခြင်းပါပဲ။

အောက်မြစ်ရေးထုံး နဲ့ ပတ်သက်လို့ ပြောရရင်တော့ …
အောက်မြစ်ဟာ …အေ၊ အဲ၊ အော၊ အို စတဲ့ သရတွေမှာမှီတဲ့အပြင် င၊ ဉ၊ ဏ ၊ န၊ မ၊ ဠ၊ လ၊ ယ စတဲ့ စာလုံးတွေနဲ့ သတ်တဲ့ စာလုံးတွေမှာလည်း မှီပါတယ်။
ဥပမာ ..မေ့၊ မဲ့၊ မော့၊ မို့၊ မင့်၊ မန့်၊ မယ့် .. စသည်။

ဘယ်အချိန် ဘယ်အက္ခရာရဲ့ အောက်မှာရိုက်သင့်သလဲ ဆိုတာကတော့ ကျမ လက်ခံတဲ့ အယူအဆနဲ့ ဖြေပါရစေ။

* မဲ့ - မယ့်
မ-နောက်ပစ်-အောက်ကမြစ် ( မဲ့ ) နဲ့ ( မဲ့ ) မှာ ကျမနှစ်သက်တာကတော့ ( မဲ့ ) ကိုပါ။
အားလုံးသိတဲ့အတိုင်း မြန်မာစာလုံး ရိုက်တဲ့နေရာမှာ အောက်ကမြစ်ဟာ ဖောင့် အမျိုးအစားပေါ်မူတည်ပြီး နေရာအမျိုးမျိုးမှာရှိပါတယ်။ တချောင်းငင်တို့ ယပင့် တို့ စတာတွေပါလာရင် အောက်ကမြစ်ကို စာလုံးရဲ့ အောက်တည့်တည့်မှာ ရိုက်လို့အဆင်မပြေတာကြောင့် ခုလို နေရာလွှဲရခြင်းလို့ မှတ်ယူပါတယ်။
(မယ့်) ဆိုတဲ့စာလုံးမှာတော့ မ-ယပက်လက်သတ်-အောက်ကမြစ် လို့ ရေးတဲ့ အတွက် ယ-ပက်လက်သတ်ရဲ့ အောက်တည့်တည့်မှာ အောက်ကမြစ်က ရှိနေရ မယ် လို့ ကျမကတော့ ယူဆပါတယ်။ (ဒါကတော့ ကျမအယူအဆ မျှသာပါ)
ဒါပေမဲ့ ( မို့ ) ဆိုတဲ့စာလုံးရိုက်တဲ့အခါမှာတော့ အောက်ကမြစ်က ဘေးနားလေး နည်းနည်းထွက်နေမှ တချောင်းငင်နဲ့ လွတ်နိုင်မှာဖြစ်တာကြောင့် ဘေးနားလွှဲ နေတဲ့ အောက်မြစ်ကိုသုံးမှ အဆင်ပြေပါမယ်။

ကိုသန့်ဇင်အောင်ရဲ့ အမေးကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ … မမေးဘဲနဲ့ ပြောချင်တာလေးတွေလည်း ရှိနေလို့ တလက်စတည်း ပြောပါရစေဦး။
***
“ဟ-ထိုး”
ဟ-ထိုးက ပါဠိမှာ ပါဌ်ဆင့်စာလုံးဖြစ်ပါတယ်။ ဒါကြောင့် ပါဌ်ဆင့်ဖတ်နည်းနဲ့ ဖတ်ရပါမယ်။ (ပါဠိမွေးစားတဲ့စာလုံးကလွဲပြီး မြန်မာမှာတော့ ဖတ်စရာမလိုပါဘူး)
ဥပမာ - ဇိဝှါ - ဇိဝ်၀ှါ = ဇိန်ဝှါ (အိ-သရ နောက်မှာကပ်တဲ့ ၀-သတ်ဟာ န-သတ် သံ ထွက်ပါတယ်) တဏှာ = တဏ်ဏှာ စသည်။
ဟ-ထိုးကို င၊ ဉ ၊ ဏ ၊ န၊ မ ၅-လုံးနဲ့ ယ၊ ရ၊ ဠ၊ လ၊ ၀ တို့မှာပဲ ယှဉ်ကပ် နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ သ-ယပင့်မှာလည်း ဟ-ထိုးယှဉ်ကပ်ပါသေးတယ်။
ဥပမာ - အလို့ငှာ၊ ညှင်းဆဲ ၊ တဏှာ၊ နှာခေါင်း၊ မှာတမ်း၊ ယှဉ်တွဲ၊ ရှာဖွေ၊ ဒဠှေ၊ လှေလှော်၊ လက်ဝှေ့၊ အသျှင် … စသည်။

“သေးသေးတင်” (နိဂ္ဂဟိတ်)
သေးသေးတင်ဟာ အ၊ ဣ (အိ)၊ ဥ စတဲ့ သရ ၃-လုံးမှာပဲ မှီပါတယ်။
အ - သရ၌ မှီပုံ … ကံ၊ ထံ၊ ကြံ၊ ..
ဣ (အိ) -သရ၌ မှီပုံ … တာဝတိံသာ
ဥ (အု) - သရ၌ မှီပုံ .. ကုံ၊ ထုံ၊ ပုံ၊ ချုံ၊ စသည် ..ဖြစ်ပါတယ်။

“၀စ္စပေါက်” (၀စ္စိပေါက် - ၀ိသဇ္ဖနီ)
ဝစ္စပေါက်ဟာ အာ၊ ဤ(အီ)၊ ဦ (အူ) ၊ ဧ (အေ)၊ အဲ၊ အို စတဲ့ သရတို့မှာမှီတဲ့ အပြင် င၊ ဉ၊ န၊ မ၊ သတ်တဲ့နေရာ၊ သေးသေးတင်အဆုံးရှိတဲ့ အက္ခရာ စသည်တို့မှာ မှီပါတယ်။
ဥပမာ …
မား၊ မီး၊ မူး၊ မေး၊ မဲး၊ မိုး (ယခင်က အဲ သရမှာ ၀စ္စပေါက် ကပ်ရေး လေ့ရှိပါတယ်။ အခုတော့ အဲဒီရေးထုံး မရှိတော့ပါဘူး။)
မင်း၊ မည်း၊ မန်း၊ မမ်း၊ မုံး၊ ထုံး၊ ချုံး၊ စသည်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဟိုတနေ့ကတင်တဲ့ ၁၂-ရာသီမိုး ကဗျာထဲမှာ ပီအိုင်အက်စ်အိုင် (ခေါ်) ပိစိ ရဲ့ ကွန်မန့်ထဲက အမေးကို ဖြေလိုက်ပါဦးမယ်။ နှံး - ဆိုတဲ့ စာလုံးနဲ့ ပတ်သက်လို့ပါ။
အသံထွက်အားဖြင့် သေးသေးတင်ဟာ မ-သတ်သံ ထွက်ရပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ကို အသံထွက် အမှန်နဲ့ဆိုရင် ..
ဗုဒ်ဓမ် (မ-သတ်သံ ပါးစပ်ပိတ်)
သရဏမ် (၎င်းအတိုင်း) ဆိုရပါမယ်။
ဒါကြောင့် … နှံ ကို နှန် လို့ န-သတ်နဲ့ ရေးမယ် ဆိုရင် မှားပါတယ်။
“ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှံးပုံဖျက်” ဆိုတဲ့နေရာမှာ နှံး = နှမ်းလို့ မှတ်ယူနိုင်ပါတယ်။ ဒါမှသာအသံထွက်အားဖြင့်လည်းကောင်း၊ အဓိပ္ပါယ်အားဖြင့် လည်းကောင်း ပြည့်စုံမှန်ကန်ပါတယ်။

“၀-ဆွဲ”
ဝ-ဆွဲဟာ ပါဠိမှာတော့ ပါဌ်ဆင့်ပါပဲ။ (အုပ်စုမဲ့ဗျည်း ၀-နဲ့ဆင့်ထားတာပါ)
ဥပမာ - ဒိတွာ ဆိုရင် ဒိတ်တ၀ါ လို့ ဖတ်ရပါမယ်။ သတွာ ရေးထုံးလည်း မြင်ဖူးကြမယ် ထင်ပါတယ်။ သတ်တ၀ါ လို့ အသံထွက်ရပါမယ်။ သတ္တ၀ါနဲ့ တူတူပဲပေါ့။
မြန်မာစာလုံးတွေကို ဖတ်တဲ့အခါမှာတော့ ပါဌ်ဆင့်ဖတ်နည်းလို့ ဖတ်စရာ မလို တော့ပါဘူး။ ဝေးကွာ၊ ခွဲခွါ၊ မြန်စွာ .. စသည်။

ငယ်ငယ်က စာစဖတ်တော့ ၀-ဆွဲလေးတွေက ၀-ဆွဲသာဆိုတယ် ၀လုံးလို ၀ိုင်း မနေပါလား၊ တြိဂံပုံတွေချည်းပဲ လို့ ကျမ စိတ်ထဲ ကျိတ်ပြီး စောဒကတက်မိ တယ်။ ဘယ်သူမှတော့ မေးမကြည့်မိပါဘူး။ ဒါပေမဲ့ စာအုပ်တအုပ် ဖတ်ရပြီး နောက်ပိုင်းမှာ ကျမရဲ့ စောဒကစိတ်တွေ ကျေပျက်ကာ ကျေနပ်ခဲ့ရပါတယ်။

ဝ-ဆွဲရေးနည်း နိသျည်းကို ဒုတိယ ကျော်အောင်စံထား ဆရာတော်ဘုရားက ခုလို ညွှန်ကြားတော်မူခဲ့ပါသတဲ့။ ရှုပါ။


အဲဒီခေတ်က စာတွေကို ပေထက်အက္ခရာတင်တာကြောင့် စာကြောင်းတွေက တကြောင်းနဲ့တကြောင်း ကပ်နိုင်ပါတယ်။ အဲဒီလိုကပ်တဲ့အခါမှာ အထက်နဲ့ အောက်စာလုံးတွေ ရောထွေးနိုင်ပြီး လုံးကြီးတင်နဲ့ ၀-ဆွဲမှားမှာစိုးတာကြောင့် ခုလို ဆရာတော်က သတ်မှတ်ခဲ့ရခြင်းပါပဲ။

ပုံနှိပ်စက်တွေပေါ်လာပြီး ခဲစာလုံးနဲ့စာစီတဲ့ခေတ်မှာ ၀-ဆွဲကို ၀-လုံးလို ၀ိုင်းဝိုင်း စက်စက် မဟုတ်ဘဲ တြိဂံ လို အချွန်လေးတွေချည်း ဖတ်ခဲ့မြင်ခဲ့ရတာဟာလည်း ခဲစာလုံးနဲ့ စာစီတဲ့အခါ ပြောင်းပြန်ကြည့်ပြီး စီရတာမို့ ၀-လုံးလို ၀ိုင်းစက်စက် လုပ်ထားရင် စာစီသမားအနေနဲ့ လုံးကြီးတင်နဲ့ (အထက်အောက်) မှားနိုင်တာမို့ ခုလို တြိဂံပုံစံ ပြုလုပ်တယ်ဆိုတာ ဒီစာဖတ်ပြီးမှ သိခဲ့ပါတယ်။ ပညာရှိကြီးများ အမြော်အမြင်ကြီးပေစွလို့ စိတ်ထဲ ကြည်ညိုမိပါရဲ့။

ခု …. တိုးတက်ခေတ်မီနေတဲ့ ကွန်ပျူတာခေတ်မှာတော့ ပြောင်းပြန်တွေ ဇောက်ထိုးတွေ အထက်အောက်တွေ မှားစရာမလိုတော့တာကြောင့် ၀-ဆွဲမှန်သမျှ ၀ိုင်းဝိုင်းစက်စက် ရေးလို့ရနေပြီပေါ့။ ဘာကိုမှ ငဲ့စရာမလို၊ အထင် အမြင်မှားမှာလည်း စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား။ ဒါကြောင့်လည်း မြန်မာဖောင့်တွေ အတော်များများရဲ့ ၀-ဆွဲတွေဟာ ၀-လုံးလေးတွေလို ၀ိုင်းဝိုင်းစက်စက်လေးတွေ ဖြစ်နေကြတော့တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် တခါတရံ တော့ တြိဂံပုံစံ ၀ဆွဲလေးတွေပါတဲ့ ပုံနှိပ်စာလုံးလေးတွေကို လွမ်းတော့ အလွမ်းသား … ။
***
ကိုသန့်ဇင်အောင်က လက်လာတို့တဲ့အတွက် ကျမလည်း ရေးမိရေးရာတွေ ရှည်ရှည်ဝေးဝေး လျှောက်ရေးနေမိပါတယ်။ ထုံးစံအတိုင်း စာအုပ်ကြီးတွေ ကိုးကားလို့ပဲပေါ့ … ။ မည်သို့ပင်ဖြစ်စေ … ကျမရဲ့ အားထုတ်မှုဟာ တစုံတယောက်အတွက် အကျိုးရှိမယ် အသုံးဝင်မယ် ဆိုရင်တော့ … ၀မ်းသာပီတိ ဖြစ်ရမှာပါပဲ လို့ ပြောရင်း ရေးချင်လျက် လက်တို့ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
***
မေတ္တာဖြင့်

မေဓာဝီ
၁၁၊ ဇွန်၊ ၂၀၀၇
၀၀း၁၀ နာရီ
ကိုးကား ။ … ။
(၁) ဟံသာဝတီ ဦးဘရင်၏ မြန်မာစာ အခြေပြ
(၂) ဒဂုန်ဦးစန်းငွေ၏ သဒ္ဒါကိုလေ့လာခြင်း

Read More...

Sunday, June 10, 2007

တဟီတီ နှင့် ဆရာကြီးဦးရန်အောင်

မနေ့ကပို့စ်တင်ပြီး မကြာခင်မှာပဲ ကိုရန်အောင်က ကဗျာတပုဒ် လက်တန်းရေးစပ်ပြီး ကွန်မန့်ပေးသွားခဲ့ပါတယ်။ ထုံးစံအတိုင်း တဟတ်ဟတ် နဲ့ပေါ့။

Yan said...

ခုပဲလိုက်မယ်
ဟန်သွယ်ပြင်လို့၊ လက်တို့ပြီးခေါ်
မျှော်သူပျော်ဆောင်၊ ကိုရန်အောင်မှ
ထွင်နွှာပြလျက်၊ ငှက်ပျောနှစ်ဖီး
ဆိုတီးဂစ်တာ၊ တေးသံသာဝဲ
နွှဲစို့တူပျော်၊ ချစ်ကြင်ဖော်ငယ်
မေပယ်လ်ပင်အောက်၊ လရောင်တောက်စို
ပြေးဆီးကြိုမည်၊
ကြည်ရွှင်သာယာ၊ ထိုကျွန်းသာပွဲ
ခုပဲလိုက်မယ် ပြောစမ်းပါ ..။ … ။

ဟတ်ဟတ်ဟတ်...
6/09/2007 10:14 AM

(တော်လိုက်တဲ့ ကိုရန်လေး။ ချီးကျူးပါ၏။) ဘလော့ဂါ ကိုရန်အောင်ရဲ့ လက်တန်းကဗျာလေးကို ဖတ်ပြီး စာရေးဆရာကြီးဦးရန်အောင်ကို သွားသတိရ မိတယ်။ (နာမည်ကလည်းတူနေတာကိုး။) ဆရာကြီးဦးရန်အောင်ဟာ “တဟီတီသွားရအောင်” ကဗျာကိုဖတ်ပြီးတဲ့နောက် ဗားရှင်းနောက်တမျိုးနဲ့ ကဗျာတပုဒ် လက်တန်းစပ်ဆို ခဲ့ဖူးပါသတဲ့။

အဲဒီအကြောင်းအရာ စုံလင်စွာပါတဲ့ စာအုပ်ကလေးကတော့ အခုလတ်တလော ကျမဖတ်နေတဲ့ “စာဝင်္ကပါ” စာအုပ်ပါပဲ။ ရေးသူက ဦးကြီးမောင် ခေါ် ငွေဥဒေါင်း ပါ။ ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တခေါက် ဖတ်ပြီးသား ဖြစ်ပေမဲ့ မမှတ်မိတော့ဘူး။ တလောကတော့ အကိုတင့်ဦးက ဒီစာအုပ် ဖတ်ပါလား လို့ ကျမကို အကြံပေးတိုက်တွန်းတာနဲ့ ရှာပေးဖို့ အဖေ့ကို ပူဆာမိတယ်။ တနေ့က တော့ အဖေက ဒီစာအုပ်လေးယူလာပေးတာကြောင့် ပြန်ဖတ်ဖြစ်ပါတယ်။

ဒဂုန်တာရာရဲ့ ဒီကဗျာဟာ အဲဒီခေတ်အခါက တော်တော်လေးကို အပြောခံ ဝေဖန်ခံရတဲ့ ကဗျာတပုဒ်ပါပဲ။ ဒီကဗျာနဲ့ပတ်သက်ပြီး ဆရာကြီးဦးရန်အောင်နဲ့ ငွေဥဒေါင်းတို့ အပြန်အလှန်ပြောကြပုံ၊ ဆရာကြီးဦးရန်အောင်က ကာရန်ပါတဲ့ ကဗျာတပုဒ် ပြန်စပ်ဆိုရေးသားပုံ အဲဒါလေးတွေကို မဖတ်ဖူးတဲ့သူများ ဖတ်ရှုရ အောင် မူရင်းအတိုင်း ပြန်ရိုက်ပေးလိုက်ပါတယ်။
***
၁၉၄၉-ဇွန်လ၊ ၁၅-ရက်။
ရှုမ၀ အမှတ် ၂၆-ဇူလိုင်လထုတ်တွင် ပါဝင်မည့် ဒဂုန်တာရာ၏ “တဟီတီသွားရအောင်” ကဗျာပါဝင်သော စာဖောင်ကို ယနေ့ရိုက်နှိပ်နေခိုက် ဆရာရန်အောင် ရောက်လာသည်။ ဒဂုန်တာရာ၏ ကဗျာမှာ အောက်ပါအတိုင်း ဖြစ်၏။
(ကဗျာကို မနေ့က ဖော်ပြပြီးသားမို့ ထပ်မံ မဖော်ပြတော့ပါဘူး။)
ဆရာရန်အောင်သည် အထက်ပါ ကဗျာပါရှိသော ရိုက်နေဆဲ စာရွက်ကြီးတရွက် ကို ယူ၍ ဖတ်ပြီးနောက်

“ဒီလို ကာရန်ရော အစပ်အဟပ်ပါ မပြီသ မခိုင်မြဲတဲ့ ကဗျာမျိုးကို ဒိပြင် တယောက်ကစပ်တယ် ဆိုယင်တော့ သူ့ခမျာ မစပ်တတ်ရှာလို့ဘဲလို့ ခွင့်လွှတ်ဖို့ အကြောင်းရှိသေးရဲ့။ တာရာဆိုတဲ့လူကတော့ တမင့်ကိုလုပ်နေတာနဲ့တူတယ်”
ဟု တဟီတီကဗျာအပေါ်တွင် မကျေနပ်သံဖြင့် ဝေဖန်လိုက်သည်။

“တူတာမဟုတ်ဖူးဆရာ။ တမင်လုပ်နေတာမှ တမင်လုပ်နေတာအစစ်ပဲ။ သူကလဲ တမင်လုပ်ပါတယ်လို့ ၀န်ခံသံကြားရဘူးပါတယ်”

“တမင်လုပ်တယ်ဆိုယင် ဘာဖြစ်လို့ ဖျက်ပစ်ချင်ကြတာပါလိမ့်ဗျာ … ကျုပ်တော့ နားမလယ်ဘူး”

“ဖက်ရှင်ပေါ့ဆရာရဲ့ …ခေတ်မှီဖက်ရှင်ပေါ့။ ရှေးထုံးတမ်းစဉ်လာတွေဟာ ရိုးတယ်။ ရိုးတာကို ဆန်းရော့ဆိုပြီး လုပ်တဲ့နည်းပေါ့။ သူတို့ရည်ရွယ်ချက်ဟာ ဘယ်လောက်အောင်မြင်သလဲ၊ အခုဆိုယင်ကြည့်။ ဆရာတို့ ကျွန်တော်တို့ ကိုယ်တိုင်ဘဲ သူ့လက်ရာဆန်း မပီမသဆိုတာတွေအပေါ်မှာ ဘယ့်လောက် စိတ်ဝင်စားပြီး ဘယ့်လောက်ဝေဖန်နေကြရပြီလဲ။ အခုခေတ်က ဆရာလဲ သိတဲ့ အတိုင်းဘဲ မပြီမသရေးတတ်မှ၊ မပြီမသ နားလယ်ရမှ ဟုတ်လှပြီလို့ ထင်တဲ့ ခေတ် မဟုတ်လား”

“ဒါတော့ ခင်ဗျာ့အထင်သာ ဖြစ်ပါလိမ့်မယ်။ ကဗျာဆိုတာ ၀တ္ထုတို့ ဘာတို့ ဖတ်သလို စိတ်နဲ့သာဖတ်ရှုဖို့ သက်သက်မဟုတ်ဖူး။ နှုတ်နဲ့ ရွတ်ဆိုနိုင်တဲ့ဘက် ကိုလဲ ငဲ့ရသေးတယ်။ ကဗျာဆိုတာ အသံထွက် စာပေဘဲ။ တကယ်ဆိုတော့ ကဗျာဆိုတာ ရွတ်ဆိုဘို့သာ အဓိကဖြစ်ပါတယ်။ ရွတ်ဆိုရတယ် ဆိုကတဲက သုတိသာယာ နားဝင်ဖြောင့်ဘို့ လိုတာပေါ့။ အဲဒီသုတိသာယာ နားဝင်ချိုဖို့ အတွက်ပဲ သူ့နည်းနဲ့သူ ကာရံစည်းစံနစ်တွေ ထားခဲ့တာပေါ့။ အခုတော့ သူတို့ ကဗျာတွေက အသံထုတ်ဖတ်လို့မှ မရတော့ဘဲဟာ”

“ဒီလိုဆိုယင် ရွတ်ဆိုဘို့မဟုတ်ဘဲ အတွေးအခေါ်ကို ၀တ္ထုတို့ ဆောင်းပါးတို့လို စိတ်နဲ့သာဖတ်ရမဲ့ ကဗျာတမျိုးဟာ စစ်ပြီးခေတ်မှာ ပေါ်ပေါက်လာပြီလို့ မှတ်ကြဘို့ ရှိတာပေါ့ဆရာ။ ပီးတော့ သူတို့ကဗျာထဲမှာ ပါတတ်တဲ့ အတွေးအခေါ် ဆိုတာတွေလဲ စိတ်နဲ့သာကူးပြီး စိတ်ထဲကသာ ဖတ်ရမဲ့ အတွေး တွေလို့ ကျွန်တော်တော့ ထင်မိတယ်။ ဥပမာအားဖြင့် အခု ဒဂုန်တာရာရဲ့ တဟီတီကဗျာကိုဘဲ ဆိုပါတော့။ ဆရာပြောသလို အသံသာသာ ကာရံညီညီနဲ့ စပ်မယ်ဆိုယင် သူ့ကဗျာရဲ့ အတွေးအခေါ်တွေဟာ အဓိပ္ပါယ်ပျက်သွားလိမ့်မယ် လို့ ကျွန်တော်ထင်တယ်။ အနဲဆုံးအားဖြင့် သူ့အတွေးအခေါ်တွေ လျော့ပါးကုန် လိမ့်မယ်လို့ ထင်တယ်”

“ဒါကတော့ ခင်ဗျားကိုယ်တိုင် မှိုင်းမိပြီး မျက်စိလယ်နေတဲ့ အထင်ပါ။ မူလ အတွေးအခေါ်သာ တကယ်ကောင်းလို့ အသံသာသာယာယာ ကာရံညီညီနဲ့ ထပ်လောင်းလိုက်မယ်ဆိုယင် ပိုပြီး ကောင်းမွန်ပြည့်စုံလာဘို့သာ ရှိတော့မပေါ့”

“ကျွန်တော်က ငြင်းနေတာမဟုတ်ပါဘူး၊ အထင်နဲ့ပြောနေတာပါပဲ ဆရာ၊ လက်တွေ့သိရအောင် အဲဒီတဟီတီကဗျာကို အသံသာသာ ကာရံညီညီနဲ့ ပြင်ပြီး စပ်မပြနိုင်ဘူးလား”

“လွယ်ပါ့ဗျာ၊ ကဲ-ပြောနေကြာတယ်၊ ပေးစမ်း စက္ကူတရွက်” ဟုဆိုတာ ဆရာဦးရန်အောင်သည် အထက်ပါတဟီတီကဗျာကို အောက်ပါအတိုင်း ချက်ချင်းပင် ပြင်ဆင်ရေးစပ်သည်။

သရက်ပွင့်ဝါ၊
နီတျာထိန်လဲ့၊ ရင့်ကြွေခဲ့၍၊
ထိန်းမဲ့ပမာ၊ ကမ်းစပ်သာတွင်၊
ထပ်ကာနေတည်၊ ပင်လယ်ဆီဝယ်၊
တဟီတီမည်ရ-ကျွန်းသာစွာ့။

ဘယ်ဝယ်မြောက်တောင်၊
ရှုတိုင်းပြောင်သည်၊ နေရောင်ပေါ်ထွက်၊
ပင်သရက်တို့၊ ထိယှက်တင့်ရွှန်း၊
နီရောင်စွန်းပြီ၊ ကျင့်ကျင့်ရီသည်၊
တဟီတီမည်ရ-ကျွန်သာစွာ့။

ထိုသည့်ကျွန်းတွင်၊
မိန့်ခွန်းမြွက်ဟ၊ ၀ိဝါဒနှင့်
အုံကြွပြည်ရေး၊ ဝေးကြီးဝေးခဲ့။

မနုဿတ္တ၊
လူ့လောက၏၊ ပြင်ပအာရုံ၊
ဇာတ်စုံဝတ္ထု၊ ကြည့်ရှုရုပ်ရှင်၊
စင်ကြီးစင်၏။

ကြီးနိုင်ငယ်ညှင်း၊
စိုးမင်းတမှောင့်၊ စိတ်နှောင့်စရာ၊
စကားနာတို့၊ ကင်းကွာပြတ်စဲ၊
သိုက်မြုံထဲမှ၊ နွှဲငှက်ဖိုမ၊
ခွန်းဟသံသာ ကြားရသည်။

ရေညှိအောက်တွင်၊
မြွေဟောက်ဝါကျား၊ ပေါက်ကစားသည်၊
ကြောက်ပါးလိဘွယ် မြင်ရသည်။

သုရာပါန၊
မသောက်ရဘဲ၊ ပင်လှစိမ်းစို၊
အုန်းရည်ချိုကို၊ သောက်မြိုပြီးလျှင်၊
ငွေသဲပြင်တွင်၊
ကြည်ရွှင်အိပ်စက် နိုင်တော့သည်။

ဆာလောင်ကာလ၊
အိပ်ရာထ၍၊ ပင်လှငှက်ပျော၊
သီးချောဆွတ်ယူ၊ ၀မ်းပူငြိမ်းရေး၊
ရသာပေး၍၊ ကြည်အေးအာသာ၊
ဒို့ဝမ်းစာ၊ လွယ်ကာမတ္တ ရတော့သည်။

လူ၏ဆန္ဒ၊
ရှိသမျှတို့၊ လုံးဝပြည့်ညီ၊
တေးသီခွန်းချို၊ မ, ဖိုယှဉ်တွဲ၊
ပျော်ပွဲခံရာ၊ ၀တိံသာသို့၊
သုခါသုခ၊ ရကြီးရသည်၊
ဌာနနိဗ္ဗာန် ပေတကား။

ထို့ပြင်တ၀၊
ရိပ်သာလှတွင်၊ စိတ်ကရည်ကာ၊
ကဗျာသီချင်း၊ စောင်းညှင်းဂီတ၊
သီရရေးရန်၊ ကာရန်ကိုတွေး၊
လွန်စိတ်အေးသည်၊
ပဂေးခေါင်ချုပ်ပေတကား။

ချစ်သူမေခင်၊ လှရွှေစင်ရယ် …
ငြိုငြင်စရာ၊ လူ့ရပ်ရွာမှ၊
ဖဲခွါတော့မည်၊ တဟီတီကို၊
ကေသီဘယ်တော့ လိုက်မည်နည်း။ … ။

-----------------------------------------(ရန်အောင်)
***
တဟီတီနဲ့ ပတ်သက်လို့ ဒီစာအုပ်ထဲပါတာကတော့ ဒီမျှပါပဲ။ ဆရာကြီးတွေ ပြောဆိုဆွေးနွေးကြတာ အင်မတန် နှစ်လိုဖွယ်ပါပဲ။ မှတ်သားစရာတွေလည်း ပါပါတယ်။ ဒီစာရိုက်နေစဉ် တ၀က်တပျက်လောက်မှာ ကိုသက်ဦးရဲ့ ကွန်မန့်ဝင် လာပါတယ်။

Thet Oo said...
မမေ … ဒဂုန်တာရာရဲ့ အဲဒီ့နာမည်ကျော်ကဗျာကို သော်တာဆွေက ပြန်လှောင်ထားတာ ကျနော်ဖတ်ဖူးတယ်။ အံသြစရာကောင်းတာက မူလကဗျာ ရော၊ ပြန်သရော်ထားတဲ့ကဗျာရော နှစ်ခုစလုံးတမျိုးစီ ဖတ်လို့ကောင်း တာပါပဲ။
6/09/2007 8:37 PM

သော်တာဆွေ သရော်တဲ့ ကဗျာတော့ ကျမလည်း မဖတ်ဖူးပါဘူး။ သိသူများ လက်လှမ်းမီသူများ ပြောပြကြမယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာပါပဲ။
***
မေဓာဝီ
၁၀၊ ဇွန်၊ ၂၀၀၇
၁၀ နာရီ ၃၀ မိနစ်

Read More...