Thursday, January 28, 2016

တန်ဖိုး


“တန်ဖိုး”
နားမလည်သူ အပါးက
ပတ္တမြားတလုံး
အလကား အသုံးမဝင်။
.
သိတတ်သူ လက်ထဲ
ကျောက်ခဲတလုံးဟာ
 စာရွက်ဖိဖို့ အသုံးတွင်။
.
ကျနော်တယောက်ထဲ
ကျောက်ခဲလေးတလုံးလို
အသုံးဝင်ခွင့်ရနေချင်။
***
မေဓာဝီ
28.01.16
19:11

Read More...

တရေးနိုး


မျက်လွှာကိုမှိတ်
အိပ်ပါရစေ
ညဥ့်တစ္ဆေဆိုး
လာ၍နှိုးလား
တရေးနိုးခိုက်
မှောင်မိုက်ကောင်းကင်
ကြယ်စင်မရှိ
လပြည့်မသာ
တိမ်ညိုလွှာလွှမ်း
ရင်ခွင်နန်းထက် …
ပင့်သက်လွင့်ကြွေ
အေးစက်နေဆဲ
မျက်ရည်လည်းခမ်း
ရင်မှာနွမ်းပြီ
မျှော်မှန်းရောင်နီ ဘယ်မှာနည်း။ ။
***
မေဓာဝီ
၂၈၊ ၀၁.၁၆

Read More...

Saturday, January 16, 2016

အဝေးသို့ အငေး

အဝေးသို့ အငေး


နေခြည်နွေး
ဖြူဖွေးတဲ့ သဲသောင်ပြင်၊
မိုးကောင်းကင် ပြာလွင်လို့
လှိုင်းရိုက်ခတ်စဉ်။
 
ပင်လယ်တွင်
ကြည်လင်တဲ့ ရေအေး
အတွေး ကဗျာသီလို့
သမုဒ်ပြင် တဘက်ကမ်း
လှမ်းမျှော်လို့ငေး။ 
***
မေဓာဝီ
 ၁၆.၀၁.၁၆

Read More...

Tuesday, January 05, 2016

သစ္စာတူပြိုင် ...


တနေ့တော့ သူက ပြောလာတယ် ... ။
... ... ...
... ... ...
“မေရယ် ... ကိုက ရုပ်အဆင်းကလည်း မလှပ၊ ထူးချွန်ပြောင်မြောက်တဲ့ ပညာလည်း မရှိ၊ စိန်ရွှေငွေ ဥစ္စာဓနကလည်း မကြွယ်ဝ ... ဆိုတော့ မေ့ကို ချစ်ရတာ အားငယ်လှပါတယ်” ... တဲ့။
.
ကျမက ပြုံးလိုက်တယ် ... ။
ဖြစ်ရလေ အကိုရယ် .. ။ ယောက်ျားဆိုတာ ရုပ်ရည်ချောမော လှပဖို့မှ မလိုတာ ... အရေပြား တထောက်စာ အလှအပလည်း မေ မမက်မောဘူး၊ အကို့ရင်ထဲမှာ ဖြူစင် ကြည်လင်ပြီး မေ့ကို ချစ်မြတ်နိုးတဲ့ နှလုံးသား ရှိနေပြီဥစ္စာ ... ။
.
မာစတာဘွဲ့တွေ ဒေါက်တာဘွဲ့တွေ နိုင်ငံတကာ ဘွဲ့တွေ တသီတတန်းကြီး ပိုင်ဆိုင်ဖို့ မလိုပါဘူး အကို ... ။ မြန်မာပြည်က ကိုယ်သင်ထားတဲ့ ပညာရပ်နဲ့ နိုင်ငံတကာမှာ သူတကာနဲ့ ရင်ဘောင်တန်း လုပ်ကိုင်နေနိုင်တာ ဂုဏ်ယူရမှာ မဟုတ်လား။ ပြီးတော့ အကိုက မေ့လို မဟုတ်ဘူး၊ ကိုယ်သင်ထားတဲ့ ပညာကို နှစ်သက်တယ်၊ တကယ်ကို စိတ်ပါဝင်စားပြီး ဒီပညာမှာ စိတ်နှစ်ထားတာမို့ အလုပ်ကိုလည်း မငြီးငွေ့တဲ့သူ ... ။ တခြားနေရာမှာ စကားနည်းပေမဲ့ အလုပ်အကြောင်း ပြောရရင်ဖြင့် အာပေါင်အာရင်း သန်သန် ပြောချင်သူ ... လေ။ အဓိကက ... ကိုယ့်ပညာကို ကိုယ် နှစ်သက်စွာ ဂုဏ်ယူပြီး အလုပ်မှာ ပျော်မွေ့နိုင်ဖို့ပါပဲ။ နောက်ပြီး အကို့မှာ အသက်မွေးဝမ်းကျောင်း အတတ်ပညာအပြင် စာရေးခြင်း အနုပညာလည်း ရှိသေးတယ် မဟုတ်လား ... ။
.
စိန် ရွှေ ရတနာ ဘာကိုမှ မေက မမက်မောတတ်သူဆိုတာ အကို မေ့များနေရော့သလား။ ရုပ် ဝတ္ထု ပစ္စည်းဆိုတာတွေထက် မေ မက်မောတာက ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကိုယ်ချင်းစာတရား ထားနိုင်တဲ့ စိတ်ထားကိုပါ ... ။ ငွေကြေး ဓန မကြွယ်ဝလည်း အကို့ပညာနဲ့ သမ္မာအာဇီဝ အလုပ်ကိုလုပ်ပြီး လူတန်းစေ့ နေထိုင် စားသောက်နိုင်တယ်၊ အကို့မိဘတွေကို ထောက်ပံ့နိုင်တယ်၊ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်း ပေးကမ်းနိုင်တယ် .... လေ။ ဒါဆိုရင် ဘာလိုသေးလို့လဲ ... ။
.
ဒီမယ်အကို ... ။ အဓိကက မေနဲ့ အကို ... နီးနီးဝေးဝေး တယောက်နဲ့ တယောက် သစ္စာ ရှိနေဖို့ရယ် ... ၊ ကိုယ်နဲ့ တန်းတူ လူသားတွေအပေါ် မေတ္တာထားနိုင်ဖို့၊ ကိုယ့်ထက် အားနည်း နိမ့်ပါးတဲ့ သူတွေအပေါ် သနား ကြင်နာ ကရုဏာသက်နိုင်ဖို့၊ ကိုယ့်ထက်သာရင် မနာလို မဖြစ်ဘဲ ... ဝမ်းမြောက် ဝမ်းသာ မုဒိတာထားနိုင်ဖို့၊ တချို့သူတွေအပေါ်မှာတော့ ... ဥပေက္ခာပြု နိုင်ဖို့ .... အဲဒါပဲ မေက တောင်းဆိုချင်ပါတယ်။
.
ဒါဟာ ဗြဟ္မဝိဟာရ ... ဗြဟ္မစိုရ်တရား ဆိုပါတော့ အကိုရယ် ... ။ သြော် ... ဗြဟ္မစိုရ် တရား ၄ ပါးအပြင် မေကတော့ သစ္စာတရားကိုပါ ဦးဆုံးထည့်ထားတာနော် ... ။ သစ္စာ ဆိုတာ အမှန်တရားလို့ ဆိုကြတယ် မဟုတ်လား။ ဒါ့ကြောင့် မေပြောတဲ့ သစ္စာရှိပါ ဆိုတာက အကို ဘာပဲလုပ်လုပ် ဖုံးကွယ်မထားဘဲ မေ့ကို အမှန်အတိုင်း ပြောပြဖို့ပါပဲ။ မေကလည်း ထိုနည်းလည်းကောင်းပေါ့။ အကိုနဲ့ မေဟာ တယောက်နဲ့တယောက် သစ္စာရှိပြီး ဗြဟ္မဝိဟာရ တရားကို လက်ခံ ကျင့်သုံးကြမယ် ဆိုရင် ... တခြား ဘာတွေ လိုအုံးမှာလဲ ကွယ် ... ။
... ... ...
... ... ...
ဒီတော့မှ သူက ပြုံးသွားပါတယ်။
.
ဒီလိုပါပဲ ကိုယ်အားငယ်ရင် သူက အားပေး၊ သူ အားငယ်ရင် ကိုယ်က အားပေးရင်း ဘဝလမ်းခရီးကို လျှောက်လှမ်းခဲ့ကြတာ ... ဘာလိုလိုနဲ့ (၁၀) လ ပြည့်ခဲ့ပြီ။ အတူနေရတာကတော့ ၄ လ ကျော်ကျော်လောက်ပါပဲ။ ဒါကလည်း အတိတ်ဘဝက ကံတွေကြောင့် ခွဲခွါနေရတာ ... ဒီဘဝမှာ ကုသိုလ် ကောင်းမှု တတ်နိုင်သမျှ အတူတူ ပြုကြရအောင် လို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါမှလည်း နောင်သံသရာ အဆက်ဆက် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ဘဝက ကင်းဝေးမယ် မဟုတ်လား။
***
မေတ္တာဖြင့် ...
~မေ~
၀၅၊ ၀၁၊ ၁၆

(၁၀ လပြည့် မင်္ဂလာ  အမှတ်တရ)

Read More...

Saturday, January 02, 2016

နှစ်ဟောင်း မှ နှစ်သစ် ...

ကမ္ဘာသုံး ပြက္ခဒိန် အရ ... နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းခဲ့လေပြီ။ ယခုရောက်ရှိနေသော ဒေသသည် ကမ္ဘာ့အနောက်ခြမ်း အမေရိကန်နိုင်ငံ ဖြစ်သဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အရှေ့ခြမ်း နိုင်ငံများ နှစ်သစ်ရောက်ပြီး နေ့ဝက်ကျော် ကြာမှသာ နှစ်သစ်ကူးရ ရှာလေသည်။ မိဘများရှိရာ ဒေသဖြစ်သဖြင့် မိဘနှစ်ပါးနှင့်အတူ နှစ်သစ်ကူးပြောင်းရသည်မှာ မင်္ဂလာတပါးဟု တွေးမိသည်။ နှစ်သစ်ကူးအကြိုနေ့လည်ခင်းမှာ ဖခင်ကြီးက ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်း ဒေသနာတော်ကြီးကို စတင်သင်တန်းပို့ချပေးလေသည်။ မပြန်မချင်း နောက်ရက်တွေမှာလည်း ဆက်လက်သင်ကြား ပို့ချပေးမည်ဟု ဆို၏။ ကောင်းလေစွ။ ကာလေန ဓမ္မဿဝနံ  နှင့် ကာလေန ဓမ္မသာကစ္ဆာ မင်္ဂလာနှစ်ပါးနှင့် ပြည့်စုံခွင့်ရသည်မို့ ကျေနပ်မိသည်။ မိခင်ကြီးကို ဆေးလိမ်းပေး နှိပ်နယ်ပေးခြင်း၊ မိဘနှစ်ပါးလုံးအား ဝေယျာဝစ္စ ကုသိုလ် ပြုပေးခွင့်ရခြင်းတို့ကြောင့် မာတာပိတု ဥပဋ္ဌာနံ မင်္ဂလာနှင့်လည်း ပြည့်စုံပြန်သည်ဟု ပီတိဖြစ်ရသည်။ 
.
ည ၁၀ နာရီကျော်သည်နှင့် ဖခင်ကြီးက ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစကြာ၊ မဟာသမယသုတ် ... စသည့် သုတ္တန် ဒေသနာတော်များ စတင်ရွတ်ဖတ် လေသည်။ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အကြိုညမှာ ထိုသို့ ပြုနေကျ။ နှစ်ဟောင်း မှ နှစ်သစ်ကို တရားဒေသနာဖြင့် ကူးပြောင်းခြင်းသည် အမွန်မြတ်ဆုံးဟု မှတ်ယူထားသလို လက်ခံ ကျင့်သုံးလေ့ရှိသည်။ သူသည်လည်း ဖခင်ကြီးကဲ့သို့ မြောက်များစွာ မရွတ်နိုင်သော်လည်း ည ၁၁ နာရီကျော်ချိန်မှ စ၍ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း၊ ဓာရဏပရိတ်၊ ဂုဏ်တော်ကွန်ချာ စသည်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး မေတ္တာပွါးများရင်း နှစ်ဟောင်းကို ကုန်လွန်စေသည်။ ထို့နောက်မှ အဝေးရောက် ခင်ပွန်းသည်နှင့် ဖုန်းထဲမှ နှစ်သစ်ဆုတောင်း ပြုရသည်။ မိတ်ဆွေ သူငယ်ချင်းတို့ထံ မက်ဆေ့ခ်ျလေးတွေ ပို့ဖြစ်သည်။ ဒါလောက်ပါပဲ။ အပြင်ဘက်မှာ မီးရှူး မီးပန်း ဖောက်သံတွေ ဆူညံနေကြသည်။ အများစုကတော့ count down လုပ်ရင်း ၁၂ နာရီထိုးသည်နှင့် Happy New Year အော်ဟစ်ကြမည်။ သူကတော့ တရားဓမ္မဖြင့် စိတ်နှလုံးအေးချမ်းလို့ နေပါသည်။
.
ဇန်နဝါရီ တရက် မနက်အိပ်ရာနိုးတော့ ကောင်းကင်မှာ ရောင်နီပျို့နေပြီ။ သြော် ... အရှေ့ကမ္ဘာခြမ်းမှာတော့ မိုးချုပ်လို့နေပြီ။ ဒီမှာတော့ နေတောင် မထွက်သေးပါလား ... ဟု တွေးမိရင်း သတ္တဝါအပေါင်းကို မေတ္တာပို့လိုက်သည်။ ထို့နောက် ရောင်နီသန်းနေသော ကောင်းကင်ကြီးကို ဓာတ်ပုံရိုက်ကာ ကဗျာတပုဒ် ရေးစပ်ခဲ့၏။
.
 နှစ်ဦး ဆုတောင်း 
***
တဘက်ကမ္ဘာ နေဝင်မှ
ကိုယ့်ဆီက ရောင်နီလာ၊
ကောင်းကင်မှာ တိမ်ရောင်ဆန်း
လွှမ်းခြုံလို့ ဖြာ ။
.
နှစ်သစ်ရဲ့အဖွင့်မှာ
မင်္ဂလာရှိစေကြောင်း၊
ဝေး နီးနေ အဆွေတို့ကို
ပို့သဆုတောင်း ... ။ ... ။ 
***
မျက်နှာသစ် ကိုယ်လက်သုတ်သင်ပြီး မြတ်စွာဘုရားကို ဆွမ်းကပ်ရန် ကောက်ညှင်းပေါင်းသည်။ Frozen မတ်ပဲကြော်ကိုကင်သည်။ ပဲပြုတ် နှမ်းထောင်း ငါးခြောက်ကြော်နှင့် နှမ်းဆီလေး ဆမ်းထား သည့် ကောက်ညှင်းပေါင်းက ပူပူနွေးနွေး မွှေးမွှေးကြိုင်ကြိုင်။ နှစ်ဦးအလှူအဖြစ် ဆွမ်းတော် ကပ်လိုက်ပါသည်။ 
.

နှစ်ဦး ဆွမ်းတော်
***
ကောက်ညှင်းကို ပေါင်း
နှမ်းလှော်ထောင်းနှင့်
ဦးပေါင်း ဆွမ်းတော်
မတ်ပဲကြော်နှင့်
စားတော်ပဲပြုတ်
ငါးခြောက်ဖုတ်နှင့်
မြတ်ဗုဒ္ဓအား
ရိုညွတ်တွားလျက်
ဆက်ကပ်လှူဒါန်း
နှစ်ဦး ဆွမ်း ...
ရွှင်လန်းချမ်းမြေ့ပါစေသောဝ် ... ။ ... ။
***
၂၀၁၆ ခုနှစ်ထဲသို့ လုံးလုံးလျားလျား ရောက်ခဲ့လေပြီ။ ၂၀၁၅ မှာ ကြုံတွေ့ရသည့် ကောင်းခြင်း ဆိုးခြင်း လောကဓံတွေ၊ တွေ့ဆုံကြုံကွဲ လောကဓမ္မတာတွေကို သင်္ခန်းစာ ယူပြီး ၂၀၁၆ မှာ သာယာစေဖို့ မင်္ဂလာရှိစေဖို့ ကြိုးစားရပါအုံးမည်။
***

မေဓာဝီ
၀၁၊ ၀၁၊ ၂၀၁၆
၂၀း၁၄ နာရီ
(FL စံတော်ချိန်)

Read More...