Tuesday, March 30, 2010

ပါးစပ်ချွန်တဲ့နေ့ …

ပါးစပ်ချွန်တယ်ဆိုလို့ မေဓာဝီတယောက် နှုတ်ခမ်းကို ချွန်နေအောင် စူပြီး စိတ်ကောက်နေတာ မဟုတ်ပါဘူး။ နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်ဖြစ်နေတာလဲ မဟုတ်ရပါဘူး။ တရွှီရွှီနဲ့ လေချွန်လို့ ပါးစပ်ချွန်နေတာလဲ မဟုတ်ပါဘူး။ ပါးစပ်ချွန်တဲ့နေ့ ဆိုတာ ပုစွန်ချက်တဲ့နေ့ကို ပြောတာပါ။ :)

ကျမမှာ ညည အိပ်ခါနီး ဗိုက်ဆာတိုင်း ဟင်းချက်တဲ့ ဘလော့တွေ လျှောက်လည်ပြီး သွားရည်တမြားမြားကျ၊ ဗိုက်က တဂြီဂြီပိုဆာ၊ တံတွေးမြိုလိုက် ရေထသောက်လိုက်နဲ့ နောက်ဆုံး မီးပိတ် စောင်ခြုံ အိပ်ရပေါင်းက များပြီ။ ဘလော့တကာက ဟင်းအမယ်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ဒီလိုလေး ချက်အုံးမှလို့ စိတ်ကူးမိပေမဲ့ တခါမှ ဟုတ်ဟုတ်ငြားငြား ချက်မစားဖြစ်ပါဘူး။ တယောက်ထဲ နေတာဆိုတော့ ဖြစ်သလိုစားတာက များပါတယ်။ တခါတလေ ကျောင်းစာ ဖတ်ရတာ ငြီးငွေ့လွန်းမှသာ အပြောင်းအလဲ သဘောမျိုး စိတ်လိုလက်ရ ချက်စားဖြစ်တယ်။

တရက်တော့ ကျမ အွန်လိုင်းမှာ အမြဲပုန်းနေတာကို လှမ်းလှမ်းခေါ်တတ်တဲ့ အကြောင်းသိ ညီမလေးတယောက်က အမ ဘလော့မှာ ဟင်းလေးဘာလေး ချက်ပါအုံးလို့ မြှောက်ပေးပါတယ်။ ဒါနဲ့ပဲ ကျမလည်း ဘာဟင်းချက်ရမလဲ လို့ စဉ်းစားတော့ အလကားရထားတဲ့ ပုစွန် ၂ ဗူး ရေခဲသေတ္တာထဲမှာ ရှိနေတာနဲ့ ပုစွန်ပဲ ချက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ပုစွန်က ဒီမှာ ဈေးလဲကြီး၊ အရသာလဲ မြန်မာပြည်က ပုစွန်လို မဟုတ်တော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆို ၀ယ်မစားဖြစ်ပါဘူး။ အလကားရလို့သာ စားတယ်မှတ်ပါ။ ကျမက ကိုယ့်ပြည်တွင်းဖြစ် ပုစွန်တွေ ငါးတွေစားရတာကို ပိုအရသာတွေ့တယ်။ ဘိလပ်ပုစွန်ကို သိပ်မကြိုက်လှပါဘူး။

အဲဒီပုစွန်တွေပေါ့ ၂ ဗူးကို ၅ ပေါင်တဲ့။ ပါလေကာလေးရယ်။ ဒါတောင် ဈေးလျှော့ထားလို့ ဆိုပဲ။ မတန်ရေစာနော်။

ချက်ဖို့ ပြင်တော့ မျက်ရည်တောက်တောက် ကျရသေးတယ်။ ကြက်သွန်နီ လှီးရတာကိုး။ ကြက်သွန်ဖတ်ကြီးတွေ ကြီးတယ်လို့ မပြောပါနဲ့။ ဓားကသေးလဲသေး တုံးလဲတုံးနေလို့ ကောင်းကောင်း လှီးလို့မရဘူး။ (အဲဒီလိုပဲ ကိုယ်မစွမ်းတော့ ဓားကို လွှဲချပါတယ်။) ဂျင်း ကြက်သွန်ဖြူ ထောင်းစရာ ငရုတ်ဆုံမရှိဘူး၊ ဒါကြောင့် လှီးပဲလှီးလိုက်တယ်။ ငရုတ်သီးစိမ်းလား … ဟိုတလောက ဦးရီးတော်အိမ်ပြန်တုန်းက နည်းနည်းယူလာတာ။ တက်စ်ကိုမှာဝယ်ရင် လေးငါးဆယ်တောင့်ကို ၈၉ ပြားဆိုလို့။


ဒါတွေက လက်နက်ကိရိယာတွေ ပြင်ဆင်ထားတာပါ။ ငံပြာရည်က တပုလင်းကို ၉၉ ပြား၊ ကွာလတီ သိပ်မကောင်းဘူး။ ခါတိုင်းသုံးနေကျ တံဆိပ်က ဈေးတက်သွားလို့။ ငံပြာရည် မသုံးဘဲလဲ မနေနိုင်တော့ မရှိသုံးလေး သုံးရအောင် ရသေ့စိတ်ဖြေ ၀ယ်ထားရတာ။ ဆနွင်းမှုန့်လဲ ဦးရီးတော်အိမ်က မ-လာတာပဲ။ ကိုယ့်ဟာကိုယ်ဝယ်ရင် ဆနွင်းမှုန့် တထုတ် ဘယ်ကုန်မှာလဲ။ နေ့တိုင်း ဟင်းချက်တာမှ မဟုတ်တာ။ ဆနွင်းလဲ သိပ်မကြိုက်ပါဘူး၊ ထုံးစံအရသာ ထည့်နေရတာ။ ငရုတ်သီးမှုန့် … အရမ်းစပ်ပါတယ်။ နည်းနည်းပဲ ထည့်မယ်။
***
(((အပ်ချလောင်း)))

ကျက်သွားပြီ။ မြန်တယ်နော် … မထင်ရဘူး။
ဆီနည်းတယ်လို့ ပြောချင်နေသေးလား။ ဆီကို တမင် နည်းနည်းပဲထည့်တာ။ ဆီများများ စားပြီးရင် လည်ချောင်းထဲ ကပ်လွန်းလို့ပါ၊ ချွေတာတာလဲ ပါတာပေါ့။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အကုန်အကျ သက်သာတယ်။ စားလို့လဲ … ကောင်းပါတယ်။ (ကိုယ်ချက်တာဆိုတော့ ဒီလိုပဲ ပြောရတာပေါ့။)

ကျမကို သွားရည်ယိုအောင် အမြဲနှိပ်စက်လေ့ရှိသော ဘလော့ရှင်များအား အားကျမခံ ပါးစပ်ချွန်လိုက်ပြီး သကာလ ဘလော့ဖတ်သူအပေါင်းတို့အား ကျမရဲ့ ပုစွန်ချက်လေးကို စေတနာရှေ့ထား ကျွေးပါတယ်။ အ၀ စားကြပါ၊ ကုန်တော့ မကုန်စေနဲ့ပေါ့။
***
မေဓာဝီ
၃၀၊ မတ်၊ ၂၀၁၀
၁၉း၅၁ နာရီ

Read More...

Sunday, March 28, 2010

အလင်းလေး တပွင့် ...

အလင်းရောင်ကို လူတိုင်းနှစ်သက်ကြတယ်။ မက်မောကြတယ်၊ လိုချင်ကြတယ်။ ကမ္ဘာဦးလူသားတွေဟာ နွေးထွေးမှုနဲ့ အလင်းရောင်လိုချင်လို့ မီးကို ရှာဖွေခဲ့ကြတယ်။ သိပ္ပံပညာရှင်ကြီး သောမတ် အက်ဒီဆင်ဟာ လျှပ်စစ်မီးကို တီထွင်ပေးခဲ့တယ်။ ဒီလိုနဲ့ လျှပ်စစ်မီးဟာ လူတွေအတွက် မရှိမဖြစ် လိုအပ်ချက်တခု ဖြစ်လာခဲ့တယ်။ အသုံးအဆောင် စက်ပစ္စည်းတွေဟာ လျှပ်စစ်မီးရှိမှသာ လည်ပတ် နိုင်တာမို့ မီးဟာ လူ့ဘ၀အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာခဲ့တယ်။

အမှောင်ကို မနှစ်သက်တဲ့ လူသားတွေဟာ လိုအပ်ချက်အရ မီးကို သုံးစွဲရင်း တစတစ မလိုအပ်ဘဲလည်း သုံးစွဲလာကြတယ်။ နီယွန်မီးတွေနဲ့ ထိန်ထိန်လင်းနေတဲ့ နိုင်ငံကြီးတခုရဲ့ မြို့ပြ ညတညကို မြင်ယောင်ကြည့်လိုက်ပါ။ နံရံတွေပေါ်က ကြော်ငြာမီးရောင်စုံတွေ။ ဟိုတယ်၊ စားသောက်ဆိုင်တွေရဲ့ ဆိုင်းဘုတ်မှာ ပြိုးပြက်နေတဲ့ မီးလုံးတွေ၊ ရုပ်ရှင်ရုံ, ပြဇာတ်ရုံ သီရေတာတွေက မီးရောင်တွေ။ လမ်းမထက်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတွေ၊ အထင်ကရ အဆောက်အဦတွေ၊ တံတားတွေ၊ မျှော်စင်တွေမှာ အလှအပ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေ … ။ မနည်းမနောပဲ မဟုတ်လား။ ဒါတွေဟာ တကယ်လိုအပ်လို့လား ဆိုပြီး စဉ်းစားမိတာ ခဏခဏ။

သူ့ပြည် သူ့ရွာမှာ အလင်းတွေဖြာနေပေမဲ့ အဲဒီလို အလင်းမဖြာနိုင်တဲ့ ကမ္ဘာတဘက်ခြမ်းက မြို့ပြည မှောင်မှောင်တွေလဲ ရှိသေးတာကို ဘယ်လိုမှ မေ့ထားလို့ မရနိုင်ဘူး။ ခုတလော ပိုပြီး မေ့လို့မရ ဖြစ်နေခဲ့တယ်။

“ရာသီဥတု ပူရတဲ့အထဲ မီးပျက်တော့ လှောင်အိုက်နေတာပဲ”

“အ၀တ်လျှော်စက်လှည့်နေတုန်း မီးပျက်တာ အ၀တ်တခါလျှော်ရင် တနေကုန်ကြာတယ်”

“မီးလာရင်လည်း မီးအားကျတော့ ကွန်ပျူတာတွေ ဖွင့်လို့တောင် မရဘူး ယူပီအက်စ်က တချိန်လုံး ထထအော်တာ”


“မီးစက်အမြဲမောင်းနေရတော့ ဒီဇယ်တွေ ဓာတ်ဆီတွေလည်း ဈေးတက်တယ်”


မကြာခဏ ကြားနေရတဲ့ ဒီစကားတွေက ကိုယ့်ဒေသရဲ့ အမှောင်ညတွေကို မမေ့လျော့အောင် သတိပေးနေသလိုပဲ။ မီးတပွင့်ဟာ ပိုလျှံနေတဲ့သူအတွက် အရေးမကြီးပေမဲ့ လိုအပ်တဲ့သူအတွက်တော့ အရေးပါလွန်းပါတယ်။

အိမ်မှာမီးမရှိလို့ ဓာတ်တိုင်အောက်မှာ စာဖတ်ရတဲ့ ဘ၀တွေလည်း ရှိတယ်။
ဓာတ်တိုင်အလင်းတောင် မရှိလို့ မီးခွက်, မှန်အိမ်, ဖယောင်းတိုင် မီးမှိန်မှိန်လေးတွေနဲ့ စာဖတ်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
မီးခွက်, မှန်အိမ်, ဖယောင်းတိုင်တောင် မတတ်နိုင်လို့ ကြယ်ရောင် လရောင်အောက်မှာ စာဖတ်ကြရတဲ့ ဘ၀တွေလည်း ရှိတယ်။
သူတို့တွေအတွက် လမိုက်တဲ့ညတွေဟာ မျှော်လင့်ချက်ကင်းမဲ့ဖွယ် ညတွေပေါ့။

ပိုတဲ့နေရာက ပိုနေကြသလို … လိုတဲ့နေရာကျတော့လည်း လုံလောက်အောင်တောင် မရကြပါလား။ ကွာခြားလိုက်တဲ့ ဘ၀တွေ … ။
***
မနေ့ညက သတင်းနားထောင်တော့ သတင်းထဲမှာ earth hour 2010 ဟာ ဒီကနေ့ည (မတ်လ ၂၇ ရက်) လို့ ကြားလိုက်ရတယ်။ ည ၈ နာရီ ခွဲတဲ့။ နာရီကြည့်တော့ ၈း၂၉။ ရင်ထဲ ထိတ်ခနဲ ခုန်သွားတယ်။ ဒါနဲ့ WWF earth hour ၀က်ဘ်ဆိုက်ကို သွားတော့ count down လုပ်နေပါတယ်။ စက္ကန့်ပိုင်းပဲ လိုတော့တယ်။ စာပွဲပေါ်က စာကြည့်မီးကို အရင်ပိတ်လိုက်တယ်။ ပြီးတော့ အခန်းမီးကို ပိတ်လိုက်တယ်။ ၈း၃၀ နာရီ တိတိ။ တခန်းလုံး မှောင်သွားပြီ။ လက်ပ်တော့က ဖြာထွက်နေတဲ့ အလင်းရောင်ကလွဲလို့ပေါ့။ လက်ပ်တော့မပိတ်ဘဲ သတင်း ဆက်ကြည့်နေလိုက်တယ်။ တကယ်တမ်း လက်ပ်တော့ရဲ့ လျှပ်စစ်သုံးအားနဲ့ အခန်းမီးလုံးရဲ့ သုံးအားဆိုရင် လက်ပ်တော့က ပိုသုံးမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ အတ္တနဲ့ လိုအပ်ချက်အရ (ဆိုပါတော့) လက်ပ်တော့ပ်ကို မပိတ်ဘဲ အခန်းမီးကိုသာ ပိတ်ခဲ့တယ်။ အဲဒီညက ကမ္ဘာ့နိုင်ငံ အတော်များများမှာ တနာရီတိတိ လျှပ်စစ်မီးတွေ ပိတ်ကြသတဲ့။

လက်ပ်တော့လေးလည်း အမှောင်ထဲမှာ

အလင်းရှိဘ၀တွေက တနှစ်ကို တနာရီ အလင်းမဲ့ပေးခြင်းနဲ့ ကမ္ဘာကြီးနဲ့ သတ္တ၀ါတွေကို ကူညီတယ်။ အလင်းမလောက်ငှတဲ့ ဘ၀တွေကတော့ မကြာခဏလိုလို အလင်းမဲ့နေတော့ မကြာခဏ ကမ္ဘာကြီးကို ကူညီတယ် ဆိုရလေမလား … ။
***
ဒီမနက် အိပ်ရာက နိုးတော့ နာရီတနာရီ ရှေ့တိုးနေပါပြီ။
မနက် ၆ နာရီ … ။ အပြင်မှာ အလင်းရောင် မသဲမကွဲ။
ကမ္ဘာကြီးက ပုံမှန်လည်ပတ်နေတယ်။ ပုံမှန် သဘာဝ ဖြစ်ပျက်မှုတွေကို လိုက်ပြီး နေ့တွေ ညတွေ အချိန်တွေ နာရီတွေ ရာသီတွေ ဥတုတွေ စသဖြင့် လူတွေက သတ်မှတ်ကြတယ်။ ဆောင်းရာသီဆို နာရီတွေကို နောက်ဆုတ် နွေရာသီဆို ရှေ့တိုး၊ အလင်းရောင်နဲ့ လိုက်ဖက်ညီဖို့ လူတွေက ပြုပြင် ချိန်ထိုးကြတယ်။ အလင်းရောင်ဟာ လူတွေအတွက် ကမ္ဘာကြီးအတွက် သက်ရှိလောကသားတွေအတွက် သိပ်အရေးကြီးတယ်။

ဒါဟာ လောကရဲ့ အလင်းရောင် … ။
လောကရဲ့ အလင်းရောင် အရေးကြီးတာကို လူတိုင်းလိုလို သိကြတယ်။ သတိပြုမိကြတယ်။ ဂရုစိုက်ကြတယ်။
ဒါဆို … ဓမ္မ အလင်းရောင်ကိုရော … လို့ တွေးမိရင်းနဲ့ …

စက္ခုံ ဥဒပါဒိ၊ ပညာမျက်စိသည် ထင်ရှားဖြစ်၏။
ဉာဏံ ဥဒပါဒိ၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏။
ပညာဥဒပါဒိ၊ အပြားအားဖြင့် သိတတ်သောဉာဏ် (ပညာ) သည် ထင်ရှားဖြစ်၏။
ဝိဇ္ဇာဥဒပါဒိ၊ ထိုးထွင်း၍ သိတတ်သောဉာဏ် (၀ိဇ္ဇာ) သည် ထင်ရှားဖြစ်၏။
အာလောကော ဥဒပါဒိ၊ ဉာဏ်အလင်းသည် ထင်ရှားဖြစ်၏။

ဆိုတဲ့ ဓမ္မစကြာထဲက စာပိုဒ်လေးကို ရွတ်ဆိုနေမိတယ်။

မြတ်စွာဘုရားဟာ သစ္စာလေးပါးတရားကို သိမြင်ပြီး ဉာဏ်အလင်း ရခဲ့တယ်။ သူရခဲ့သလို ၃၁ ဘုံသားတွေ အလင်းရောင်ရဲ့ အရသာကို ခံစားနိုင်အောင် ညွှန်ပြပေးခဲ့တယ်။ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက ဒီအလင်းရောင်ကို တဆင့် ဖြန့်ဖြူးပေးခဲ့တယ်။

ဒါပေမဲ့ … မှောင်တဲ့နေရာမှာ မှောင်နေတုန်းပဲ။
တချို့ကျတော့လည်း … လင်းတခါ မှောင်တလှည့်။
တချို့ကျတော့လည်း … အမှောင်ထဲကနေ အလင်းရောင်ရဖို့ ကြိုးစားအားထုတ်နေလေရဲ့။
တချို့ကျတော့လည်း … အမှောင်ထုထဲ စုန်းစုန်းမြုပ်လို့ … ။

အလင်းရောင်တွေ ဘယ်လိုရှိနေပေမဲ့ ...
အလင်းမသိတဲ့လူတွေရဲ့ ဘ၀မှာတော့ အမှောင်တိုက်ကြီး ထာဝရ ဖုံးလွှမ်းနေဦးမှာမဟုတ်လား … ။
***
မေဓာဝီ
၂၈၊ မတ်၊ ၂၀၁၀
၁၇း၁၈ နာရီ

နာရီတွေရှေ့တိုးတိုင်း ရေးဖြစ်ခဲ့တဲ့ စာတွေ …
၁) နေ့တာ
၂) ဟောင်းနွမ်းသွားသော မနက်ခင်း

Read More...

Wednesday, March 24, 2010

အကွဲအပြဲများနှင့် ကြုံရခြင်း ...

ခုတလော ကျမ လုံးဝ မအားပါဘူး။ အရင်က မအားဘူးဆိုရင်တောင် ဘလော့တကာလည်ပြီး စာဖတ် ကွန်မန့်ရေး လုပ်နိုင်သေးတယ်။ ခု မအားတာကတော့ ကွန်မန့်ရေးဖို့ဝေးစွ ဘလော့လည်တောင် မထွက်နိုင်ပါဘူး။ (ကျမရဲ့ ပျက်ကွက်မှုတွေအတွက် ခွင့်လွှတ်တော်မူကြပါ။) မအားဘူးသာဆိုတယ်၊ ဘာလုပ်နေသလဲ မေးရင် ဟုတ္တိပတ္တိလည်း ပြောပြစရာက မရှိဘူး။ အပြင်အလုပ်လည်း လုပ်နေတာမဟုတ်တော့ ကိုယ့်ကျောင်းစာနဲ့ကိုယ်၊ ကိုယ့်ဝေယျာဝစ္စနဲ့ကိုယ် မအားဘူးလို့ ဆိုရင် လှောင်ပြောင် ရယ်မောကြလေမလား၊ ပြစ်တင် ကဲ့ရဲ့ကြလေမလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … ကျမ တကယ် မအားပါဘူး။

အဲဒီလို လူလည်း မအား၊ စိတ်လည်း မအားတာ တခုတော့ ကောင်းတယ်၊ ထွေလီကာလီ တွေးဖို့အချိန်မရှိ၊ ငေးဖို့အချိန်မရှိ၊ ဆွေးဖို့ အချိန်မရှိဘူး ဆိုပါတော့။ အတင်းပြောဖို့လည်း အချိန်မရှိ၊ သတင်းနှောဖို့လည်း အချိန်မရှိ၊ အဖျင်းသောဖို့လည်း အချိန်မရှိဘူး။ (ပြိန်ဖျင်းစကားတွေနဲ့ ရယ်မော သောသွမ်းနေဖို့ အချိန်မရှိတာကို ဆိုလိုတာပါ၊ ကြုံလို့ နဘေထပ်ကြည့်လိုက်တာ။) မနေ့ညက အွန်လိုင်းမှာ ညီမလေးတယောက်နဲ့ ဆုံတော့ သတင်းလေး ပလင်းလေး လာမျှတယ်၊ အမ သိလား ... တဲ့ မေးသေးတယ်။ ဟင့်အင်း ... ကျမ မသိဘူး။ အဟုတ်။ ဘာမှကို မသိတာ။
***
ဒီနေ့တော့ ရာသီဥတုလေးက သာသာယာယာရှိနေတာနဲ့ ဈေးသွားဖို့ ကြံစည်ပါတယ်။ မနက်ခင်းမှာ ခေါင်းအုံးစွပ်နဲ့ အ၀တ်ဟောင်းတွေကို လျှော်စက်ထဲထည့်ပြီး အိမ်နဲ့ မနီးမဝေးက (မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တဲ့) Tesco ကို စားသောက်စရာ ၀ယ်ဖို့ ကျောပိုးအိတ် တလုံးလွယ်ပြီး သွားပါတယ်။ ကျမနေတဲ့ မြို့က သေးသေးလေးပေမဲ့ ဒီတက်စ်ကိုက သိပ်မသေးလှပါဘူး။ အခြေခံအားဖြင့် လိုချင်တာ အကုန်ရနိုင်တော့ ကြည့်လေရာရာမှာ ၀ယ်ချင်စရာတွေက တပုံတပင်ပါပဲ။ ဒါပေမဲ့ ဟိုဒီ ငေးမနေအားဘူး၊ လိုအပ်တဲ့ စားသောက်စရာ ပေါင်မုန့်၊ နွားနို့၊ ကြက်ဥ၊ လိမ္မော်သီးနဲ့ အသားလေး ငါးလေး၊ အသီးအရွက်လေးတွေကို အမြန်အဆန်ပဲ ၀ယ်ခဲ့လိုက်တယ်။

ကိုယ်တိုင်အိတ်ထဲထည့် ကိုယ်တိုင်ပိုက်ဆံရှင်း ဖြတ်ပိုင်းယူတဲ့ စနစ်ကို ရွေးတာကြောင့် ငွေရှင်းကောင်တာမှာ တန်းစီစောင့်ဖို့ မလိုဘူး။ အဲဒီစနစ်က မြန်တယ်၊ မှန်တယ်၊ ၀န်ထမ်းအင်အားလည်း ချွေတာရာ ရောက်တယ်။ ဒါပေမဲ့ တဘက်ကကြည့်ရင် လူအင်အား ချွေတာတော့ လူတွေမလိုဘူး၊ မလိုတော့ အလုပ်သမားတွေ လျှော့ရော၊ လျှော့တော့ အလုပ်လက်မဲ့တွေ များရော၊ များတော့ .... အင်း ... မီးခိုးကြွက်လျှောက် စဉ်းစားရင် မဆုံးတော့ဘူး။ အတွေးကို ခဏရပ်၊ အပြင်ပြန်အထွက်မှာ ကောင်းကင်ကြီးက ခဲရောင်ပြောင်းနေပြီ။ မနက်စောစောက မြင်ရတဲ့ နေရောင်ခြည်က တိမ်ကြို တိမ်ကြားရောက်သွားလား မသိဘူး။ မမြင်ရတော့ဘူး။ တက်စ်ကိုက ထွက်ပြီး ခြေလှမ်း နှစ်ဆယ်လောက် လှမ်းအပြီးမှာ မိုးစက်တွေ တဖြောက်ဖြောက်ကျလာတယ်။ ဒီလိုပဲ ဒီနိုင်ငံက မိုးက အစိုးမရဘူး။ မိုးတွင်မဟုတ်ပါဘူး၊ အကုန်လုံး အစိုးမရဘူး။ ခုတမျိုး တော်ကြာတမျိုးတွေချည်းပဲ။ ဒီနိုင်ငံတွင်ပဲလား ... ဘယ်ဟုတ်မလဲ ... ဘယ်နိုင်ငံမဆို ထူးမခြားနား၊ ထူးမခြားနားတဲ့အပြင် သူ့ထက်ကဲ ရွှေပြည်စိုးနဲ့ ညီပုလေးတွေတောင် ဖြစ်နေသေးတယ်။ အကြောင်းသိမို့ အိတ်ထဲမှာ ထီးထည့်လာခဲ့တယ်။ ဒါပေမဲ့ ထီးက ကျောပိုးအိတ်ရဲ့ ဟိုးအောက်ထဲ ရောက်နေပြီ၊ အပေါ်မှာ ပစ္စည်းတွေ ထည့်ထားတော့ ထီးကို ထုတ်ဖို့ သိပ်မလွယ်တော့ဘူး။

မိုးဖွဲက ခပ်စိပ်စိပ်ကျလာတယ်၊ အမိုးအကာနဲ့ ဘတ်စ်ကားမှတ်တိုင်ရှိတဲ့ လမ်းတဘက်ကို သွက်သွက်ကလေး ကူးလိုက်တယ်။ မှတ်တိုင်ထဲမှာ လူတယောက်မှ မရှိဘူး။ ဘတ်စ်ကားစီးရင်ကောင်းမလား စဉ်းစားပြီး ကားလာမယ့်အချိန်ကို မော့ကြည့်တော့ ၁၅ မိနစ်လောက်လိုသေးတယ်၊ မထူးဘူး။ ပိုက်ဆံကုန်ခံ အချိန်ကုန်ခံပြီး စောင့်မနေချင်တော့ဘူး၊ အပြင်မှာတော့ မိုးက တဖြည်းဖြည်း သည်းလာပြီ။ ကိစ္စမရှိပါဘူး၊ အိမ်ပြန်မှာပဲ … ထီးထုတ်ပြီး လမ်းလျှောက်သွားလိုက်တာ ကောင်းတယ်ဆိုပြီး ထီးထုတ်တယ်။ ထီးက အိတ်ရဲ့ ဟိုးအောက်ထဲမှာဆိုတော့ အထဲက အထုတ်တွေ နည်းနည်း ဗြောင်းဆန်သွားတယ်။ ပြီးတော့ အိတ်ကို နေသားတကျပြန်လွယ်၊ မိုးသည်းထဲမှာ ထီးကလေးဆောင်းပြီး လျှောက်သွားလိုက်တယ်။

မိုးက သည်းတယ်၊
လေလည်း တိုက်တယ်၊
မိုးသီးတွေပါ ကြွေတယ်။
ထီးရွက်ပေါ် မိုးသီးပေါက်တွေ တဖြောက်ဖြောက်နဲ့၊ ထီးရွက်မလန်အောင် လေဆန်ကို ထီးနဲ့ကာထားရတယ်၊ လေပြင်းတော့ ထီးကိုင်းတွေ ညွှတ်ညွှတ်လာတယ်။ ထီးနဲ့ ဘယ်လောက်ကာကာ လေကဝှေ့နေတော့ မိုးမလုံဘူး။ တကိုယ်လုံးနီးပါး ရွှဲတယ်။ ဘေးက အရှိန်နဲ့ ဖြတ်သွားတဲ့ ကားတွေကလည်း ရေစင်တယ်။ မိုးရွာတဲ့အထဲ လမ်းမပေါ်က ရေတွေစင်ပြန်တော့ ကားပေါ်က လူတွေကို မကျေမနပ် ဖြစ်မိပြန်တယ်၊ ဒီလူတွေဟာ လမ်းပေါ်ကလူကို ဂရုမစိုက်ကြပါလား … ကြည့်စမ်း … အရင်ကဆို ဒီလို မတွေးမိဘူး။ ဒီနိုင်ငံကလူတွေ လူတွေအပေါ်မှာ သိပ်လေးစားမှုရှိတယ်။ လမ်းကူးရင် ရပ်ပေးတယ်၊ ကိုယ့်နိုင်ငံမှာလို မဟုတ်ဘူး၊ လူကို လူလို သိတယ်၊ ဦးစားပေးတယ်လို့ ထင်လာခဲ့တာ၊ တကယ်တမ်းတော့ အလကားပဲ။ ခုခေတ်လူငယ်တွေ စောင့်ထိန်းမှုတို့ လေးစားမှုတို့ တစတစ နည်းကုန်ကြပြီ။

ရောက်တတ်ရာရာ မကျေနပ်ချက်တွေကို တွေးရင်း ကျောပေါ်က အထုတ်လေးလေးကြီးနဲ့ မိုးသည်းထဲမှာ ထီးကို ငိုက်စိုက်ဆောင်းပြီး တရွေ့ရွေ့အိမ်ကို ပြန်ရောက်ခဲ့တယ်။ အိမ်ရောက်တော့ အထုတ်ကို ချ၊ ထီးကိုလှန်း၊ ပစ္စည်းတွေထုတ်၊ ရေခဲသေတ္တာထဲ ထည့်စရာရှိတာ ထည့်၊ အပြင်မှာ တင်စရာရှိတာ တင် …
"ဟင် …"
ကြက်ဥကဒ်ကို ထုတ်လိုက်ချိန်မှာ ကြက်ဥတချို့ကွဲနေလေရဲ့။

တက်စ်ကို ကြက်ဥ … အဲလိုချည်းပဲ။
ရုတ်တရက် တက်စ်ကို ကို အပြစ်တင်လိုက်မိတယ်။
သူတို့ ထုတ်ပိုးမှု နည်းစနစ်ညံ့လို့။
ဟုတ်တယ်လေ … ကြက်ဥ ဆယ့်ငါးလုံး ထည့်ထားတဲ့ ကဒ်က ယိုင်တိယိုင်ဖတ် ပလတ်စတစ်ကဒ်လေး။ မ-လိုက်တာနဲ့ ပြုတ်ကျချင်စရာ။ ကြက်ဥကိုလည်း ကြည့်ဦး Tesco value ကြက်ဥမို့လားတော့မသိဘူး၊ ဈေးတော့သက်သာပါရဲ့ အခွံက ပါးပါးလေး၊ ဒါလောက် အခွံပါးတဲ့ ကြက်ဥကို ဘယ်လိုကြက်မက အုတာပါလိမ့်၊ အစာ၀၀ မစားရတဲ့ ကြက်မပဲ ဖြစ်ရမယ်။

စိတ်ထဲမှာ တက်စ်ကို ကို အပြစ်တင်ရင်းကနေ ဥအုတဲ့ ကြက်မကိုပါ ရောသောပြီး အပြစ်တင်မိတယ်။ ကြက်ဥအကွဲတွေကို မဖယ်ခင် အ၀တ်လျှော်စက်ဆီ မျက်စိက ရောက်သွားပြန်တယ်။ သြော် အ၀တ်တွေတောင် ရနေပြီပဲ၊ အရင် လှန်းထားအုံးမှ … စက်ထဲက အ၀တ်တွေကိုထုတ်ပြီး လှန်းတယ်။ (စက်မှာက အခြောက်ခံတာ မပါဘူး၊ ခြောက်အောင် ကိုယ့်ဟာကိုယ် လှန်းရပါတယ်။) ခေါင်းအုံးစွပ်ကို လှန်းတော့ ခေါင်းအုံးစွပ်ဘေးက ချုပ်ထားတဲ့ချုပ်ရိုးပြေပြီး လက်သုံးလုံးလောက် ပြဲနေတာ တွေ့လိုက်တယ်။ ဖြစ်ပြန်ပြီ။ ချုပ်ရိုးက ခိုင်မှမခိုင်တာ … ဆိုင်တွေကိုက ရောင်းတမ်းတွေဆိုတော့ သေချာချုပ်မှာ မဟုတ်ဘူး။ တကယ်ပဲ လူတွေများ … ဘာမဟုတ်တာလေးနဲ့ လုပ်စားချင်ကြတယ်၊ ခေတ်ကိုက မကောင်းတော့ပါဘူး။

အဲဒီလို ဗြစ်တောက် ဗြစ်တောက်တွေးနေရင်းနဲ့မှ … တစုံတရာကို သတိရပြီး ကျမတယောက်ထဲ ခပ်ရှက်ရှက် ရယ်လိုက်မိတယ်။ တခုခုဆို ဟိုလူ့အပြစ်ပုံချ ဒီလူ့အပြစ်ပုံချတတ်တဲ့ အကျင့်က အရိုးစွဲနေလေတော့ ကြက်ဥကွဲလည်း ကြက်မကို အပြစ်တင်မိ၊ အခု ခေါင်းအုံးစွပ်ပြဲတာကိုလည်း ဆိုင်ကို အပြစ်တင်မိနဲ့ကိုး။ ဒီအကွဲနဲ့ အပြဲကို မြင်ရာက လူတွေတွင်မက ခေတ်ကိုပါ ပုံချပြီး အပြစ်ဆိုနေမိတဲ့ ကိုယ့်အဖြစ်ကိုယ် စဉ်းစားရင်း ရယ်ချင်သွားလို့ပါ။

တကယ်တော့ ဒီခေါင်းအုံးစွပ်နဲ့ duvet cover က ဒီကိုရောက်ခါစကတည်းက ၀ယ်ထားတာ။ ၂ နှစ်ကျော်ပြီ။ အလဲအလှယ်နဲ့ သုံးပေမဲ့ ခဏခဏ လျှော်ဖန်များတော့ ပြဲတာပေါ့။ ရောင်းတမ်း ခေါင်းအုံးစွပ်တခုအနေနဲ့ သက်တမ်းက ဒီလောက်ပဲ ရှိမှာမဟုတ်လား။ ဘယ်လောက်ခိုင်တယ်ပဲ ထားအုံး မကြာခဏ လျှော်စက်ထဲမှာ လှည့်လိုက် မွှေလိုက် ခါလိုက် လိမ်လိုက် ညှစ်လိုက်တော့ ရေရှည်မှာ ဒီဒဏ်ကို ဘယ်ခံနိုင်မှာလဲ အ၀တ်ပဲဟာကို၊ သံမဏိမှ မဟုတ်ဘဲ ပြဲမှာပေါ့။ ဒါသဘာဝကျပါတယ်။

ဒီလိုပဲလေ … ကြက်ဥတွေဟာလည်း ဘယ်လို ကြက်မက အုအု သူ့သဘာဝကိုက အခွံက ကွဲလွယ်တယ်၊ အမာတခုခုနဲ့ ထိရင် ခိုက်ရင် ရိုက်ရင် ခတ်ရင် ဒါမှမဟုတ် ပြုတ်ကျရင် ကွဲတတ်တဲ့ သဘောရှိတာပဲ။ ဒါကို သေချာမကိုင်ဘဲ အထုတ်ထဲ ထိုးထည့်၊ အပေါ်ကနေ တခြားပစ္စည်းတွေ တင်လိုတင်၊ ဗြောင်းဆန်အောင် ဟိုလုပ်ဒီလုပ် လုပ်လိုက်နဲ့ဆိုတော့ ဒီကြက်ဥမှ မကွဲရင် ဘယ်ဥကွဲရအုံးမလဲ … ဒါလည်း သဘာဝကျပါရဲ့။

ဘာပဲဖြစ်ဖြစ် … ဒီအကွဲအပြဲတွေအတွက် စိတ်ရှုပ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ဆိုချင်ပါတော့တယ်။ ဘယ်သူမပြု မိမိအမှုတွေချည်းပဲ မဟုတ်လား။ ကိုယ်တိုင်က ဘာမှ အသုံးမကျဘဲ ခေတ်ကို စနစ်ကို အပြစ်တင်လို့လည်း မဖြစ်ဘူး။ ခေတ်ထဲ စနစ်ထဲမှာ ရစ်ဝဲနေတဲ့ သူလို ကိုယ်လို လူတွေကိုလည်း အပြစ်မဆိုသာဘူး။ ဘယ်အရာမဆို ပုံသေကားချပ် တွက်မရနိုင်တဲ့ အခြေအနေနဲ့ ကွဲတတ်ပြဲတတ်တဲ့ သဘော သဘာဝတွေကို ကိုယ်က နားလည်ပေးနိုင်ရင် ပြီးတာပဲ။ အဲလိုမှ မဟုတ်ရင် ကိုယ်ပဲ အဘိဇ္ဈာ၊ ဗျာပါဒ၊ သောကတွေပိုပြီး အကုသိုလ်တွေ ဖိတ်ခေါ်နေသလိုပဲမို့ … နောက်ဆုံးမှာတော့ ကြက်ဥအကွဲတွေကို အမှိုက်ပုံးထဲထည့် သန့်ရှင်းရေးလုပ်ပြီး ကိုယ်တိုင်လည်း ရေမိုးချိုးကာ စိတ်ရော လူပါ အနားယူလိုက်မိပါတော့တယ်။
***
မေဓာဝီ
၂၄၊ မတ်၊ ၂၀၁၀
၁၈း၂၈ နာရီ

Read More...

Saturday, March 13, 2010

တော်လှန်ရေးနှင့် တွန်းလှန်ရေး

၂၀၀၇ ခုနှစ် မတ်လတုန်းက ဘလော့မှာ ဖော်ပြခဲ့ဖူးတဲ့ စာတပုဒ်ပါ။ ဘကြီးဘဘေ (သူရိယသတင်းစာတိုက်အုပ်) ရေးတဲ့ နိုင်ငံရေးရာအဖြာဖြာဆိုတဲ့ စာအုပ်က ကောက်နုတ်ချက် ဖြစ်ပါတယ်။ စာအသစ် မရေးနိုင်တာနဲ့ အဟောင်းလေးပဲ ပြန်လည် ဖော်ပြလိုက်ပါတယ်။ မဖတ်ရသေးတဲ့ သူတွေအတွက်တော့ အသစ်ပဲ မဟုတ်လား။ ဖတ်ပြီးသားသူတွေလည်း မေ့နေလောက်ပြီ ထင်ပါတယ်။ ၃ နှစ်တောင် ကြာခဲ့ပြီကိုး။ ကျမကိုယ်တိုင်လည်း ကိုယ်တိုင် ဖတ်ခဲ့ ရိုက်ခဲ့ တင်ခဲ့ပေမဲ့ အားလုံးမမှတ်မိတော့ပါဘူး။ ဒါကြောင့် ကိုယ်တိုင် ပြန်ဖတ်ရအောင်ရော အားလုံးဖတ်ဖို့ပါ ပြန်လည်တင်ဆက်လိုက်ပါကြောင်း။
***
တော်လှန်ရေးနှင့် တွန်းလှန်ရေး

“တော်လှန်ရေး” ဟူသော စကားသည် ကမ္ဘာနှင့် အနှံ့အပြား ခေတ်စားနေသော စကားပင်ဖြစ်သည်။ တော်လှန်သည် ဆိုသည်မှာ အထက်အမိန့်ကို အောက်က မနာခံခြင်း၊ အုပ်စိုးသူကို အုပ်စိုးခြင်း ခံရသူတို့က ခုခံခြင်းတို့ပင် ဖြစ်လေသည်။ တော်လှန်သည်နှင့် တပြိုင်နက် တွန်းလှန်ရန် ကိစ္စသည် ထက်ချပ်ပါ၍ လာပေသည်။ ထိရောက်စွာ တွန်းလှန်နိုင်လျှင် တော်လှန်ရေးသည် အောင်မြင်ခြင်းပင် ဖြစ်သတည်း။

ချို့ယွင်းချက်များ
တော်လှန်ရုံဖြင့် လွတ်လပ်ရေးကား မရ၊ ထိရောက်စွာ တွန်းလှန်စေကာမူ လွတ်လပ်ရေးသည် မတည်မြဲပေ၊ မည်သည့်အတွက် ဤသို့ဖြစ်ရပါသနည်း၊ အရင်းစစ်လျှင် အမြစ်မြေက ဆိုသည့်အတိုင်း တော်လှန်ရာတွင် ထိရောက်စွာ တွန်းလှန်ခဲ့သော်လည်း ရရှိသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစွာ လက်ဝယ် သိမ်းပိုက်မထား နိုင်ခြင်းမှာ အခြားကြောင့်မဟုတ်၊ မြန်မာတို့တွင် ချို့တဲ့သော အချက်များ ရှိ၍ သာလျှင် ဖြစ်ပေမည်။ အဆိုပါ ချို့ယွင်းချက်တို့ကား မည်သည်တို့နည်း။

ရိုးရိုးသားသားနှင့် လုပ်ကြပါ
“ပြည်ညှင်းက-မင်းမခံနိုင်” “သံဃာ့အား-ဘုရား မဆန်နိုင်” ဟူသော စကားများသည် သွေးထွက်အောင် မှန်သော စကားများပင် ဖြစ်သည်။ တိုင်းပြည်က စစ်အုပ်ချုပ်ရေးကို မလို၊ ဘုရင်ခံ၏ အာဏာရှင် အုပ်ချုပ်ရေးကို မနှစ်သက်၊ ၉၁-ဌာန အုပ်ချုပ်ရေး ပြန်လည် အသက်သွင်းသည်ကို မနှစ်မြို့၊ လွတ်လပ်ရေးစစ် ရမှသာလျှင် ကျေနပ်မည်ဟု တကယ်ရိုးရိုးသားသားနှင့် ယုံကြည်ကြပါလျှင် စက္ကူဖြူ စာတမ်းအရ စီမံဖန်တီးနေသော အလုပ် ဟူသမျှတွင် ပါဝင်ရွက်ဆောင် အားပေးကူညီနေခြင်းကို မပြုသင့်ပေ။ ပါဝင် ရွက်ဆောင် အားပေးကူညီခြင်းသည် စက္ကူဖြူစာတမ်း စီမံကိန်းကို ထမြောက်အောင်မြင်ရန်ပင် ဖြစ်ပေသည်။

ပြည်သူပြည်သားတို့ တာဝန်
အထက်ပါ စဉ်းစားချက်များကို သေချာစွာ ဝေဘန်ပါမူ မြန်မာပြည်၏ လုံးဝလွတ်လပ်ရေးသည် မြန်မာပြည်သားများ လက်တွင်ပင် ရှိနေသေးကြောင်း ထင်ရှား၏။ မြန်မာပြည်သားတို့၏ လွတ်လပ်ရေးကို ဖျက်ဆီးသော အချက်များ၊ မတည်တံ့ရန် ဖန်တီးသော အချက်များကို တွန်းလှန် ချိုးဖျက်ရန်မှာ မြန်မာပြည်သား တို့၏ တာဝန်၊ မြန်မာပြည်သားများ လက်ငင်း အရေးတကြီး ရွက်ဆောင်ရန် လုပ်ငန်းကြီးပင် ဖြစ်ပေသည်။ အဆိုပါ လုပ်ငန်းကား မည်သည်တို့ ဖြစ်သနည်း။

လက်ငင်းပြဿနာ
လွတ်လပ်ရေးရရန် တော်လှန်ရေးကား ယခုအခါ မလိုဖြစ်သည်။ တွန်းလှန်ရေးများကို ထိရောက်စွာ ရွက်ဆောင်ပါလျှင် တော်လှန်ရေးမပါဘဲ လွတ်လပ်ရေးရနိုင်၏။ နိုင်ငံရေးဘက်တွင်၎င်း၊ စီးပွါးရေး ကြီးပွါးရေး ဘက်တွင်၎င်း၊ တွန်းလှန်ရန်အချက်များ ရှိရာ ယနေ့အဘို့တွင် နိုင်ငံရေးဘက်မှ ယခုလက်ငင်း အရေးတကြီး တွန်းလှန်ရန် အချက်စုကိုသာ စဉ်းစားရန်ဖြစ်သည်။ နိုင်ငံရေးဘက်တွင် အောက်ပါ အချက်တို့ကို ပပျောက်အောင် တွန်းလှန်ဖြိုဖျက်ရပေလိ့မ်မည်။

မလိုအပ်သည့်အချက်များ
(က) ပါတီစွဲ ပါတီကျိုးသန်ခြင်း။
(ခ) ပုဂ္ဂိုလ်စွဲ ပုဂ္ဂိုလ်ကျိုး လိုလားခြင်း။
(ဂ) ၀ါဒစွဲ ၀ါဒပြန့်ပွါးမှု ရှေ့ရှုခြင်း။
(ဃ) ရာထူးစွဲ ရာထူးရမှု လုံးပန်းခြင်း။
(င) အတ္တဟိတစွဲ၍ ပရိဟိတကို ပယ်ခြင်း။
(စ) ဗိုလ်လုရေး ခေါင်းဆောင်လုပ်ချင်ရေး မွှန်နေခြင်း။
(ဆ) စည်းမစောင့် သစ္စာမရှိ မရိုးသားမှု များခြင်း။
(ဇ) အချင်းချင်း မယုံကြည် စိတ်မချခြင်း။
(ဈ) အချင်းချင်း မနာလို ၀န်တို အကျိုးမဲ့ပြုခြင်း။
(ည) ကိုယ့်အမျိုး ကိုယ့်အချင်းချင်း အထင်အမြင် သေးတတ်ခြင်း။
(ဋ) လူတကိုယ် ထင်တလုံးနှင့်အညီ ကိုယ့်ကိုယ်ကို အထင်ကြီး သွေးကြီးနေခြင်း။
(ဌ) အချင်းချင်း အပေးအယူ သဘောမထား အနစ်နာမခံ အသာယူလိုတတ်ခြင်း။
(ဍ) အချင်းချင်း နိုင်ချင်မှု ဂုဏ်ပြိုင်မှု တို့မီး ရှို့မီးလုပ်မှု အဆင်းတွန်းမှု ခြေထိုးမှု မီးစာတဘက် ရေမှုတ်တဘက် လုပ်မှုတို့တွင် လိုက်စားကြခြင်း။

တကယ့်လွတ်လပ်ရေးသို့
အထက်ပါ အချက်စုတို့ကို ပပျောက်အောင် တွန်းလှန်ဖြိုဖျက်ပါလျှင် တပြည်လုံး တစည်းတရုံး တညီတညွတ်ထည်း ဖြစ်၍ အပြင်က ရေပက်၍ မ၀င်ဖြစ်ပြီးလျှင် လွတ်လပ်ရေးကို တောင်းနေရန် မဟုတ် “တို့ လွတ်လပ်ပြီ” ဟု ဆိုရုံဖြင့်ပင် လက်တွင်းသို့ ရောက်နိုင်ပေသတည်း။
***
ဘကြီးဘဘေ (၁၉၄၆ ခုနှစ်)
***

စိတ်ဝင်စားရင် ဖတ်ကြည့်စေချင် ...
(၁) အမှိုက်ထဲက စာတအုပ်
(၂) ဝေဘန်ပိုင်းခြားရေး
(၃) လူကြီးပညာပြန့်ပွါးရေး
(၄) ပညာနှင့် ပြင်ညာ
***

Read More...