Friday, January 26, 2007

အဖေ့ကဗျာ (၅)

ဒီနေ့ မနက်စောစော အဖေနဲ့အမေ ရွှေတိဂုံဘုရားကို သွားကြတယ်။
အမေ ခရီးကပြန်ရောက်လာပြီး နေထိုင် သိပ်မကောင်းလှပါဘူး။ ဟိုမှာနေစဉ် ဆိုးဝါးတဲ့ ရာသီဥတုဒဏ် ခံခဲ့ရတာရယ် … ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်လို့ နေသားမကျမှုတွေရယ် … အပြန်ခရီးမှာ နာရီပေါင်းများစွာ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းခဲ့ရတာတွေရယ်ကြောင့် ကိုယ်လက် မအီမသာ ဖြစ်ပြီး အိမ်ပြန်ရောက်လာပါတယ်။

ရောက်ရောက်ချင်း အမေက ရွှေတိဂုံဘုရားဖူးချင်တယ်လို့ဆိုပါတယ်။ တရပ်တကျေးကနေ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရောက်တာနဲ့ အမေဟာ ဘုရားကို အရင်ဆုံး ဦးခိုက်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါပေမဲ့လည်း နေထိုင်မကောင်းသေးတာနဲ့ တရက်နှစ်ရက် နားနေရသေးတယ်။ ဒီမနက်တော့ ဘုရားသွားမယ်လို့ အမေ ဆုံးဖြတ်ထားဟန်တူရဲ့ ..။ အဖေ့ကို ညကတည်းက ပြောနေသံကြားပါတယ်။

မနက်ကျတော့ အမေစားချင်တဲ့ မုန့်ဟင်းခါးလေး အိမ်မှာချက်တာနဲ့ အမေ့ကို မနက်စာကျွေးပြီး အမေနဲ့ အဖေ ဘုရားထွက်သွားကြတယ်။ ကျမကတော့ ချက်ရေးပြုတ်ရေး လုပ်ပေးရဦးမှာမို့ အိမ်မှာပဲ နေခဲ့ရတာပေါ့။ နှစ်ယောက်အတူတွဲပြီး ဘုရားဖူး ထွက်သွားကြတဲ့ အဖေနဲ့ အမေကို ကြည့်ပြီး တချိန်က အဖေ ရေးခဲ့ဖူးတဲ့ ကဗျာလေးကို သတိရမိလိုက်တယ်။

ငယ်ငယ်တုန်းက ဒီကဗျာလေးကို အဖေ့ဒိုင်ယာရီစာအုပ်ထဲက ခိုးဖတ်ပြီး သဘောကျတာနဲ့ ကူးထားခဲ့တာပါ။ ကြိုက်လို့ ခဏခဏ ဖတ်ရင်း အလွတ်ပါရသွားရော။ အဲဒီကဗျာလေးရေးစဉ်က အဖေနဲ့ အမေ အိမ်ထောင်မကျသေးပါဘူး။ ချစ်သူဘ၀မှာပဲ ရှိပါသေးတယ်။ ချစ်သူဘ၀မှာ ရွှေတိဂုံဘုရားတူတူသွားကြတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို အဖေက အမှတ်တရ ကဗျာစပ်ခဲ့တယ်လို့ ပြောပြဖူးပါတယ်။ ဒီတခါတော့ … ကဗျာပုံပြင်မဟုတ်တော့ဘူး။ ကဗျာဇာတ်လမ်းကလေးပေါ့။ ဖတ်ကြည့်ကြပါအုံး …။

***
တနေ့ကလေ ချစ်သူမေနဲ့
ရွှေတိဂုံဘုရား သွားကြတယ်။
ဘုရားရောက်လျှင် အနောက်ပြင်မှ
အစဉ်တစိုက် တက်ကြတယ်။
ရင်ပြင်ပေါ်မှာ တူပျော်စွာ
ပူဇာရိုကျိုး လက်စုံမိုး
ရှိခိုးကတိ ထားကြတယ်။
မကြာခင်မှာ ရွှေမိုးရွာလို့
အကာအောက်ဝယ် ခိုကြတယ်။
မေ့ဆံကေကို လက်နှင့်လျှိုတော့
မေပျိုဤသို့ ဆိုသေးတယ်။
“သန်းရှာတာလား ဒါဘုရား
များများ ငရဲကြီးလိမ့်မယ်” .. တဲ့။
မိုးရေထဲမှာ တူပျော်စွာ
လျှောက်ကာ နှစ်ဦးသွားကြတယ်။
မေ့ကို မောင်ကြည့်
မောင့် မေကြည့်တော့
ရေညှိထိလို့ ခြေချော်တယ်။
ခြေချော်အလဲ .. မေသာဆွဲလို့
ရှက်ကွဲကျိုးနည်း မဖြစ်တယ်။
အချိန်တန်ပြီ ပြန်ချင်ပြီမို့
ကားဆီကိုတဲ့ လာခဲ့တယ်။
ကားဆီအရောက် စက်သံပျောက်လို့
ဂေါက်ကိုဆွဲလို့ လှည့်ရတယ်။
ဂေါက်လှည့်နေတုန်း ခင်မေပြုံး
“မောင့်ကိုကူညီစမ်းပါအုံး” .. လို့ဆိုတော့ကွယ်။
“ကောင်းပြီမောင်ရေ သွားလှည့်ချေ
မေလေ လီဗာနင်းထားမှာ” .. တဲ့
လှည့်ကာ လှည့်ကာ ချွေးထွက်လာသည်
စက်ဟာမနိုး ဘယ်ရန်မျိုး
ဆီးမိုးအုပ်လို့ နေသလဲကွယ်။
သေဟဲ့ နန္ဒိယ ပင်ပန်းစွ
အားရစရာ နင်းထားတာလေ
လီဗာမဟုတ် ဘရိတ်အုပ်
တယ်ဟုတ်ပါတဲ့ အမိငယ်
မှတ်ဖွယ် .. မှတ်ဖွယ်။ ။
***
ကြည်နူး ရွှင်မြူးနိုင်ပါစေ … ။

မေတ္တာဖြင့်
မေဓာဝီ
26.1.07
2:00 pm

12 comments:

moeyae said...

Nice poem!
I love it :)

Thyda said...

(Smile:-)Like a poem movie for me! Great father!

nyalay said...

အင်း ရုပ်ရှင်ရိုက်လို့တော့ရပီနော်၊ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်...:P

Myanmar Blues said...

အနှစ်၄၀ လောက်ရှိပြီ ထင်ပါရဲ့ ဗျာ။ မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရှင်းရှင်းလေးရေးထားတဲ့  ချစ်စရာ ကဗျာလေးပါဘဲ။

Anonymous said...

ကဗျာလေးဖတ်ပြီး ကြည်နူး ရွှင်မြူးရပါတယ်။
m

Anonymous said...

Hi
Please don't use your Private(non and sub-standard) Burmese font on your web page.
I have only one Myanmar2.ttf font that meets the anticipated changes of Burmese Unicode standards. With that I can view others built with
Padauk Open Type font from sil.org.That one is available thru YangonCity Radio toolbar.These are the only two good ones for keeping it.Soon I am dropping off Myanmar2.ttf as Padauk OT has far better display and used by Mozilla Org for testing all its browsers (Firefox,Mozilla's suite,Thunderbird,Camino) before their official release.
It is recommended to have one Burmese Unicode font in one computer as Windows unable to pick the correct one if more Burmese pseudo fonts- like the one used in this web page, Gawkgyi,Mandaly,Myazedi,UniBurma,BIT,MyMyanmar, Myanmar1,PonNya,AlphaGawgyi etc. are installed in the computer.
Get rid of those faked fonts and keep one best font- Padauk OT.
Grab that font thru with Micorsoft's support file for correct display of Burmese characters for all windows- http://yangoncityfm.ourtoolbar.com

Anonymous said...

ကာလသား သေရည်သောက်

ma mon said...

အားက်လိုက္တာ..

Maydarwii said...

moeyae, thyda, nyalay နဲ့တကွ ကွန်မန့်ရေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်။
အမေသာသိရင်တော့ ကမ္ဘာဖြန့်ပြီး ဖွပြန်ပြီလို့ အပြောခံရအုံးတော့မယ်။
အဖေကလည်း သတင်းထောက်ရှေ့ အီးတောင် မပေါက်ရဲဘူးလို့ ကျမကို အမြဲစတယ်။
ကျမကလည်း ကျမပဲ … ထစ်ခနဲဆို ဘလော့ပေါ်တင်တာကိုး။
ဟုတ်တယ်ကိုချို … လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က အဖေ့ရဲ့ ငယ်မူငယ်သွေး လက်ရာလေးမို့ အမှတ်တရ တင်လိုက်ရတာပါ။
အမွန်ကလဲ အားကျနေပြီ .. သူ့အလှည့်ကျရင်လဲ ဘရိတ်နင်းထားမဲ့ပုံပဲ .. :P
***
အမည်မပါသူရှင့် …
ကျမ တခြားဖောင့်တွေနဲ့ မလုပ်တတ်ပါဘူး။ ဒါတောင် ညီလင်းဆက်ကျေးဇူးနဲ့မို့ အခုလောက် ဖြစ်လာတာပါ။ ဒါပေမဲ့ ကြိုးစားစမ်းသပ်ကြည့်ပါအုံးမယ်။ ဘလော့လုပ်ခါစ စဉ်းစားမိပါသေးတယ်၊ ၀င်း ဖောင့်တွေနဲ့လုပ်ရ ကောင်းမလား၊ အများလုပ်သလို ဇော်ဂျီနဲ့ကောင်းမလားလို့။ နောက်ဆုံးတော့လဲ ဇော်ဂျီက ကြည့်ရတာ အဆင်ပြေမလားလို့ ဇော်ဂျီနဲ့ လုပ်လိုက်တာပါ။ အဲဒီလို ဖောင့်ပြဿနာကို ကျမကိုယ်တိုင်လဲ တခြားစက်တွေမှာ ကြည့်ရင် မမြင်ရတာမျိုး ကြုံရပါတယ်။ ခုလို ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
(ပြောသာပြောရ ဖတ်လို့မှ ရပါ့မလားမသိ)

ကလိုစေးထူး said...

ကျနော် သတိထားမိတာ အမအဖေ အဲဒီအချိန်က ရေးတဲ့ ကဗျာနဲ့ အခုအရွယ်မှာ ရေးတဲ့ ကဗျာရဲ့ ကွာခြားမှုပဲ။ အဲဒီတုန်းက ရေးတဲ့ ကဗျာမှာကတော့ နုပျိုမှုတွေ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ပွဲဖွဲ့တာလေးတွေ ပါတော့ ဖတ်ရတာ ပျော်စရာ။ အခုအသက်အရွယ်မှာ ရေးတဲ့ ကဗျာတွေကတော့ ပညာယူစရာ၊ လေ့လာစရာတွေ။ အဖေတူသမီး အမကလဲ ရေးတတ်ပါပေ့။ ဒါပေမယ့် ဖော်ကောင်လုပ်တာကို ဦးနဲ့ ဒေါ်ဒေါ်သိရင်တော့ ခေါင်းခေါက်မလားပဲနော် 

Anonymous said...

ကဗျာလေးကအရမ်းကောင်းတယ်..
ဟီးးး ရီလဲရီရတယ် အမရေ... :P

ကိုကိုမောင်(ပန်းရနံ့) said...

အဖေ့ခြေရာ မေဓာနင်းလို့
ကဗျာပန်းခင်း စိုက်ခဲ့တယ်။

ကဗျာ့ဂုဏ်ရောင် ထိန်ထိန်လင်းတော့
မေဓာပျင်းလို့ အိပ်တော့တယ်။

ပျင်းတယ်ဆိုတာ သက်သာသတဲ့
လက်ပါရင်တော့ ခက်တော့မယ်။

လက်နဲ့ရိုက်ရင် မျက်ရည်ရွှန်းလို့
ရှူးရှူးပန်းလို့ စိုတော့မယ်။

ငိုကွယ် ငိုကွယ်။း))
.

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)