Friday, July 11, 2008

ဖောင်တိန်လေးရဲ့ အစနဲ့အဆုံး

အစ

သူ၏ ဘ၀သက်တမ်းတလျှောက် ဖောင်တိန်များစွာ ပိုင်ဆိုင်ခဲ့ဖူးပါသည်။ ရေးလို့ကောင်းသော ... ရေးလို့ မကောင်းသော၊ အဖိုးတန်သော ... အဖိုးနည်းသော၊ ပုံစံဆန်းသစ်သော ... ပုံစံရိုးရှင်းသော ဖောင်တိန်လေးများကို သူ သုံးစွဲဖြစ်ခဲ့သည်။ ထိုထို ဖောင်တိန်များစွာထဲမှ တချောင်းတည်းသော ဖောင်တိန်ကလေးကိုတော့ အမြတ်တနိုးထားကာ အစဉ်တစိုက် သုံးလေ့ရှိခဲ့၏။

တကယ်တမ်း ထိုဖောင်တိန်ကလေးက သူ၏ ဖောင်တိန်တော့ဖြင့် မဟုတ်ပါချေ။ အဖေက အမေ့အတွက် ရည်ရွယ်ထားသော ဖောင်တိန်ကလေး ...။ ဒီဖောင်တိန်ကလေးကို မြင်ပြီး သဘောကျသဖြင့် ခဏတဖြုတ် ယူငင်သုံးစွဲခဲ့ရမှ နှစ်သက် မြတ်နိုးမိကာ အမြဲသုံးဖြစ်သွားခြင်း ဖြစ်သည်။

ဖောင်တိန်ဆိုတာကလည်း ရေးခါစမှာ သိပ်အဆင်ပြေလှသည် မဟုတ်။ ရေးရင်းရေးရင်း နစ်ချောသွားမှသာ အရေးလည်း သွက်လာသလို လက်ရေး လက်သားလည်း လှပသေသပ်မှုရှိသည်ပင်။
***
သူတို့ ပဉ္စမတန်းအရောက်မှာ ဖောင်တိန် ဘောပန် စတင်သုံးစွဲခဲ့ရသည်။ ကျောင်းမှ ဖောင်တိန်နှင့် မင်အိုး များကို ကိုယ့်ကိုယ်တာနှင့် ထုတ်ပေးသည်။ ကျောင်းက ထုတ်ပေးသော ဖောင်တိန်တွေက အမျိုးအစား သိပ်မကောင်းလှ။ တခါတလေ အောက်ပြုတ်ကျတာနှင့် နစ်ကျိုးတတ်သေးသည်။ ပိုင်းလော့၊ ပတ်ကား၊ ဟီးရိုး၊ ခရော့စ် အစရှိသည့် ဖောင်တိန် အမျိုးများစွာထဲမှ သူမြတ်နိုးသည့် ဖောင်တိန်ကလေးက Wisdom ဆိုသည့် အမျိုးအစားဖြစ်သည်။

ဒီဖောင်တိန်ကလေး သူယူသုံးခါစတုန်းက အဖေမသိသေး။ သုံးတာကြာပြီးနောက်ပိုင်း အဖေသိသွားတော့လည်း သူယူသုံးခြင်းအတွက် မငြူစူခဲ့ပါ။ ကြည်ဖြူစွာပင် သူ့ကို အားပေးခဲ့ပါသည်။

သည်လိုနှင့် ဖောင်တိန်ကလေးကို သုံးပြီး ကိုယ်ပိုင်ခံစားချက် စာတိုပေစ ကဗျာအပိုင်းအစများ၊ မြန်မာမှု မြန်မာစာပေ နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ၊ ဘာသာရေးနှင့် ဆက်နွယ်ရာ ဆက်နွယ်ကြောင်းများ စသည်ဖြင့် ရေးခဲ့မိသည်။ ဒီကြားထဲ ဝေဖန်ရေး လေကန်ရေးများလည်း ကြိုကြား ကြိုကြား ပါသေးသည်ပေါ့။

ဖောင်တိန်ကလေးကြောင့် သူ့ကို ခင်မင်ကြသော မိတ်ဆွေများ တိုးပွါးခဲ့ရသလို ငြိုးသူ ရန်ဘက်များလည်း ပွါးများခဲ့ရသည်။
ဖောင်တိန်ကလေးကြောင့် သူ့ကို အားပေးသူများရှိသလို ခြိမ်းခြောက်သူများလည်း ရှိခဲ့သည်။
ဖောင်တိန်ကလေးကြောင့် သူ့ကို ဖေးမလက်ကမ်းသူများ ရှိသလို အဆင်းဘီးတပ်သူများလည်း ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ... သူကတော့ ဖောင်တိန်ကလေးကို ကိုင်ပြီး ယုံကြည်မိရာ ခံစားမိရာ များကို ရေးသားနေမိဆဲ။

ဒီလိုအဖြစ်မျိုးတွေ ကြုံရတာကို အဖေသိသွားတော့ သူ့ကို သတိပေးခဲ့ပါသည်။ ဒါပေမဲ့ ခေါင်းမာပြီး ဇွတ်တရွတ်နိုင်လှသော သူက အဖေ့သတိပေးချက်ကို မနာခံခဲ့။

... ... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ... ...

ဒီလိုနှင့် နောက်ဆုံးတော့ ... ဖောင်တိန်ကလေးကြောင့် သူချစ်သော သူများနှင့် ခွဲခွါပြီး အဝေးတနေရာကို လွင့်ပါးခဲ့ရသည်။
လေအဝှေ့မှာ သစ်ပင်ထက်မှ သစ်ရွက်တရွက် ကြွေလွင့်သလို ... မိခင်ပင်အိုထက်မှ ... တစတစ တရွေ့ရွေ့ ဝေးကွာရင်း ... ။

ဘယ်သူတွေနှင့် ဘယ်လိုပင် ကွဲကွာခဲ့ပေမဲ့ ဖောင်တိန်ကလေးကို မလွတ်တမ်း သူဆုပ်ကိုင်ထားခဲ့သည်။ သူ့ဘ၀မှာ ဒီဖောင်တိန်ကလေး ရှိနေလျှင် ပြည့်စုံသည်ဟု ထင်မှတ်ယူဆ ခဲ့မိသည်။

ဒီဖောင်တိန်ကလေးက သူ၏ မိတ်ဆွေကောင်း ...
ဒီဖောင်တိန်ကလေးက သူ၏ ရဲဘော်ရဲဘက် ...
ဒီဖောင်တိန်ကလေးက သူ၏ လက်တွဲဖော် ...
ဒီဖောင်တိန်ကလေးသည်ပင်လျှင် သူ၏ ဘ၀တခုနှယ် ... ။
***
တနေ့တော့ အဖေနှင့် ဖုန်းပြောရခိုက် အဖေက ဖောင်တိန်လေး အကြောင်းကို တခုတ်တရ မေးလေသည်။ ဒီဖောင်တိန်လေးကို အဖေက မသုံးစေချင်တော့တာကြာပြီ။ သူက ရံဖန်ရံခါ သုံးမိနေဆဲ။ ဒါကို အဖေသိတော့ စိတ်ပူစွာ ပြောလေသည်။

'ဒီဖောင်တိန်လေးကို မသုံးပါနဲအုံး သမီးရယ် ...'
'သမီးရေးချင်တာတွေကို သမီးမြတ်နိုးတဲ့ ဒီဖောင်တိန်လေးနဲ့ပဲ ရေးနေရတာလေ အဖေရဲ့'

သူက ထုံးစံအတိုင်း စောဒက တက်မိ၏။ ထိုအခါ အဖေက ...
'သမီး ... သမီးဖောင်တိန်လေး နာမည်က wisdom မဟုတ်လား။ wisdom ဆိုတာ ဉာဏ် ပညာအမြော် အမြင်ပဲ။ အမြော်အမြင်ရှိသူတယောက်ဟာ အခါအခွင့် မသင့်သေးရင် မျက်စိရှိလျက် အကန်းလို နေရတယ် ... နားရှိလျက်နဲ့ အပင်းလိုနေရတယ် ... ပါးစပ်ရှိလျက်နဲ့ အအ'လို နေရတယ် ... အခုအချိန်မှာ သမီးဖောင်တိန်လေးကို သုံးရမယ့် အချိန် မဟုတ်သေးဘူး။ သမီးကို မရေးနဲ့လို့ အဖေ မပြောပါဘူး ... သမီးရေးချင်တာတွေကို တခြားဖောင်တိန်တွေနဲ့ ရေးပေါ့ ...။ အဖေပြောတာ နားလည်လားသမီး ... '

'ဟုတ် ...'
ဟုတ်ကဲ့လို့တောင် မပြောမိဘဲ ဟုတ်တလုံးသာ ငုံးတိတိ တုန့်ပြန်မိသည်။ စိတ်ထဲကနေတော့ ...
ဦးနှောက်ရှိလျက်နဲ့ မတွေးရဘူးလား ...
နှလုံးသားရှိလျက်နဲ့ မခံစားရဘူးလား ... အဖေ ...
အဖေပြောတဲ့ အခါအခွင့် သင့်ချိန်ကျတော့ ... သမီးဖောင်တိန်လေးလဲ အိုမင်းမစွမ်း ဖြစ်လောက်ပြီ အဖေ ... ဟု စောဒက တက်နေမိဆဲ .... ။

ဒါပေမဲ့ ...
ကျေးဇူးရှင် မိခင် ဖခင်နဲ့တကွ ဦးလေး အဒေါ် မောင်နှမများအားလုံးရဲ့ ဆန္ဒကို သူ့လို လေလွင့် ရွက်ဝါ တ ရွက်က ဘယ်လိုလွန်ဆန် နိုင်မှာလဲ ... ။

ဒါနဲ့ပဲ ....
အဖေနှင့် ဖုန်းပြောပြီးချိန်မှာတော့ ... လေးလံသော သက်ပြင်းနှင့်အတူ ဆုံးဖြတ်ချက်တခု ချလိုက်မိသည်။
ဒီဆုံးဖြတ်ချက်ဟာ သူ့အတွက် ခက်ခဲလှပါသည်။ သို့ပေမဲ့ ... ဒါဟာ ကျေးဇူးရှင်တွေအပေါ် ကျေးဇူးဆပ်ခြင်းတမျိုးဟု မှတ်ယူ တွေးတောပြီး ....
***
အဆုံး

အနက်ရောင် ဖောင်တိန်လေးက သူ့လက်ထဲမှာ ခန့်ညားစွာ တောက်ပလို့နေ၏။ နောက်ဆုံးအနေဖြင့် ဖောင်တိန်လေးကို သေချာ လှည့်ပတ်ကြည့်ရှုနေမိသည်။ သက်မဲ့ဖောင်တိန်လေးက
မင်း ... ငါ့ကို စွန့်ခွါသွားတော့မှာလား ... ဟု သူ့ကို မေးနေသယောင်ယောင်။
အဖြေမရှိသော ထိုမေးခွန်းကို မည်ကဲ့သို့ တုန့်ပြန်ရမလဲ။
သူ မသိပါ။
နောက်ဆုံးမှာတော့ ဖောင်တိန်ကလေးကို ညင်သာစွာ ဗူးကလေးထဲ ထည့်လိုက်သည်။

မင်း ... ခဏ အနားယူပါဦး ဖောင်တိန်ကလေးရေ ...
တနေ့နေ့မှာ ... မင်းကို ပြန်ပြီး အသုံးပြုခွင့်ရမယ်လို့ ငါမျှော်လင့်နေပါတယ် ...
အဲဒီနေ့ ဘယ်နေ့ဆိုတာတော့ .... ငါကိုယ်တိုင်လဲ မသိပါဘူး ...
ဘာတခုမှ ရေရာမှု မရှိတဲ့ ဒီလောကကြီးမှာ ... ငါ မသေသေးပဲဖြစ်ဖြစ်... ဒါမှမဟုတ် စွမ်းနိုင်သေးရင်ပဲ ဖြစ်ဖြစ် ... မင်းနဲ့ ပြန်ပြီး ဆုံတွေ့ခွင့် ရှိမှာပါ ...

ဗူးအဖုံးလေးကို ပိတ်လိုက်စဉ် ထပ်ခနဲ မြည်သွားသော အသံလေးက မိုးကြိုးလို မြည်ဟည်းပြီး ရင်ကို ပြင်းထန်စွာ ရိုက်ခတ် တုန်လှုပ်စေ၏။

မျက်စိကို မှိတ်လိုက်သည်။
အမြင်အာရုံ ပျောက်ကွယ်သွားပေမဲ့ ပိတ်မရတဲ့ နားမှ အသံမျိုးစုံ ကြားယောင်နေဆဲ။
အသက်ကို ပြင်းပြင်းရှူမိစဉ်မှာ နှာဖျားသို့ ၀န်းကျင်မှ ရနံ့မျိုးစုံ တိုးဝှေ့ဝင်နေဆဲ။
အတွေးအာရုံထဲမှာ စိတ်ကူးမျိုးစုံ မြူးကွန့်မိနေဆဲ ... ။
စက္ကန့်မလပ်လှုပ်ရှားနေသော နှလုံးသားထဲမှာတော့ .... တဆစ်ဆစ် နာကျင်စွာ ခံစားမိနေဆဲ .... ။
.... .... .... .... ....
.... .... .... .... ....
.... .... .... .... ....
***
အားလုံးကို ကျေးဇူးတင်စွာ ဒီစာစုလေးနဲ့ နှုတ်ဆက်ပါတယ်။

မေတ္တာဖြင့် ...
မေဓာဝီ

၁၁ ဇူလိုင် ၂၀၀၈
၁၆း၄၃ နာရီ

Read More...

Thursday, May 08, 2008

Burma Cyclone Emergency Appeal


The people of Burma are in desperate need of food, water, shelter, medicine and clothes, etc.
With 1,000,000 people homeless and over 100,000 missing we need to help and quickly before the death toll rises even higher from disease and starvation. No matter how little you can spare every penny will help.

To help please print a copy of the below donation form and include with your cheque made payable to "BBVT (cyclone appeal)". Cheques plus donation forms should be sent to:
Birmingham Buddhist Vihara
29 Osler Street
Ladywood
Birmingham B16 9EU
Contact details: Dr Ottara Nyana
Telephone: 01214546591
mobile: 07729802076
e-mail ottama2000@yahoo.co.uk
Web page: http://www.bbvt.org.uk
Credit card payments should be made via the British Red Cross web page at: http://www.redcross.org.uk/
***
Donation Form

Please accept my gift £ ____________________
Cheques payable to "Birmingham Buddhsit Vihara"

Mr/Mrs/Miss/Ms/U/Daw ________ Initials ________________________
Surname __________________________________________________
Address ___________________________________________________
__________________________________ Postcode ________________
e-mail ____________________________________________________
Tel No. ___________________________________________________

Gift Aid : Use Gift Aid and make your donation worth more at no extra cost to you.
I want Birmingham Buddhist Vihara Trust to treat all donations I have made for the last six years and all donations I make in future as Gift Aid donations, until I notify you otherwise.
Signature __________________________ date _______________

Credit card payments should be made via the British Red Cross web page at: http://www.redcross.org.uk/
Charity No. 513368

Read More...

Wednesday, April 16, 2008

နှစ်ကူးလက်ဆောင် ...

မနေ့က အီးမေးလ်စစ်တော့ ကျမအတွက် နှစ်သစ်ကူး လက်ဆောင်ဆိုပြီး ကဗျာလေးတွေ ရောက်နေတာ တွေ့ရတယ်။ တပုဒ်က ၁၄ ရက်နေ့ညက၊ နောက်တပုဒ်ကတော့ ၁၅ ရက်နေ့ နေ့လည်က ပို့ထားတာပါ။ ဒီလက်ဆောင် ကဗျာလေးတွေကို ဖတ်ပြီး ကျမ အလွန်ပဲ ၀မ်းသာ ပျော်ရွှင် မိပါတယ်။ ကဗျာတွေကို ချစ်မြတ်နိုးတဲ့ ကျမဟာ ... ပစ္စည်းလက်ဆောင်ထက် ကျမအတွက် ရည်ရွယ်ပြီး ရေးပို့ပေးတဲ့ ကဗျာလက်ဆောင်ကို ပိုပြီး တန်ဖိုးထား နှစ်သက်မိလို့ပါပဲ။ ကျမ နှစ်သက်တဲ့ ကဗျာလေးတွေကို ကျမအတွက် နှစ်ကူးလက်ဆောင် အဖြစ် ပေးပို့သူ ဆရာ နှစ်ဦးလုံးကို ကျေးဇူးအထူး တင်ပါတယ်။
ကျမရတဲ့ လက်ဆောင်ကဗျာလေး ၂-ပုဒ်ကို အမှတ်တရ အနေနဲ့ ဘလော့မှာ တင်လိုက်ပါတယ်။
ဆရာတဦးကတော့ သူ့အမည်ကို မဖော်ပြပါနဲ့လို့ တောင်းဆို ထားတဲ့အတွက် ... အမည်ကို ချန်လှပ်ထားရတာ နားလည်ပေးကြပါလို့ ... ။
***
နှစ်ကူး ဆုမွန်
သင်္ကြန်အတာ၊ ခုချိန်ခါမှာ
ဗျာပါပူဆွေး၊ ချစ်သူလေးကို
ရေအေးမေတ္တာ၊ လောင်းလိုပါငြား
မေကားတနယ်၊ မောင်ဝယ်တကျေး
ခရီးဝေးလျက်၊ ကြင်သူသက်ကို
ဖြန်းပက်သွန်းခွင့် မသာပြီ။

ပိတောက်နံ့မွှေး၊ နံ့သာအေးကို
မေ့ပါးပြင်ထက်၊ မွတ်မွတ်ညက်တွင်
ညင်သာဖွဖွ၊ လိမ်းလိုလှလဲ
လက်တွေ့မကျ၊ ဝေးလျလျမို့
မှုန်းချယ် သ-ခွင့် မသာပြီ။

ဘယ်လိုပင်ဝေး၊ ကြားလေသွေးလဲ
မောင့်ကြင်နာနွေး၊ ချစ်စိတ်ထွေးဖြင့်
စိတ်ခြင်းလက်ဆက်၊ ချစ်ခြင်းထပ်ကာ
မေတ္တာရင်းမှန်၊ သည်းထန်ထန်သည်
နီးဖို့အားအင် ဖြစ်မည်တကား ...
လက်ချင်းဆက်ဆက် မြဲစေသား။
............................... (ကလိုစေးထူး)
***
ဒါကတော့ အမည် မဖော်လိုသူ ဆရာရဲ့ စာပါ။

မမေဓာဝီ
ရတုပိုဒ်စုံ ကဗျာကို ဒီနေ့ ဖတ်လိုက်ရတယ်။ ဒီလို ရတုကဗျာတွေ၊ အတွေးအရေးတွေ မဖတ်ဖြစ်တာ အတော်ကြာခဲ့ပြီ။ အမှတ်မထင် ဖတ်လိုက်ရတော့ အရသာတမျိုး ပြန်ခံစားရလိုက်တယ်။ ပြီးတော့ ဒီလို အလွမ်းဘွဲ့တွေကို ရှေးစာဆိုတွေက မယ်ဘွဲ့မောင်ဘွဲ့ ရေးတတ်ကြတာကို သတိရမိတယ်။ စာဆို တယောက်တည်းကပဲ နှစ်မျိုး ရေးတတ်သလို၊ စာဆိုတယောက်စီက အခံအလိုက် ရေးကြတာမျိုးလည်း ရှိတယ်။ ဒါက မြန်မာစာပေရဲ့ `အလှတပါး´ လို့ ပြောရင်လည်း ရနိုင်ပါတယ်။
ကျနော်လည်း သင်္ကြန်အလွမ်းပြေ အဖြစ် မမေဓာဝီရဲ့ မယ်ဘွဲ့ရတု အတွက် မောင်ဘွဲ့ `အလိုက်ရတု´တပုဒ် ရေးလိုက်တယ်။ ဖတ်ကြည့်လိုက်ပါဦး။
***
ကဗျာရေးတဲ့ အတာသင်္ကြန်

ရေအေးအတာ
သင်္ကြန်ခါတွင်၊ သက်လျာနှမ
ဆင်းသိင်္ဂကို၊ အေးမြချစ်ခင်
သွန်းလောင်းချင်လည်း၊ ကြင်သူနယ်ခြား
မောင်နယ်ခြားနှင့်၊ ဆီးတားဝေးကွယ်
ပင်လယ်တဖက်၊ ကျွန်းတဖက်မို့
လွမ်းလျက်နှင့်သာ၊ မေတ္တာဆပွား
မာစေသားဟု၊ ထံပါးစိန္တေ
တောင်းဆုချွေ၍၊ မသွေသစ္စာ
ရေသီတာကို၊ ထပ်ကာဖြန်းသွန်း
အေးစေညွှန်းသည်၊ ဝေရွှန်းစန္ဒာ
လ,ပမာလျှင်…
အတာရေသို့ အေးစေတကား။


ဝေမွှေးနံ့သာ
ဘယ်ညာပါးပြင်၊ ချစ်သူခင်ကို
ကြင်နာရှိုက်နမ်း၊ မခွဲတမ်းလျှင်
သည်းကျွမ်းစိမ့်စိမ့်၊ တသိမ့်သိမ့်မျှ
ယုယချင်လဲ၊ ဝေးနေဆဲမို့
မောင်ဘယ်တော့ခါ၊ ရောက်လာလိမ့်နိုး
လွမ်းမျှော်ကိုး၍၊ လွမ်းမိုးစွေရွာ
မငိုပါလင့်၊ သခင့်ကိုယ်ပွား
နံ့သာများကို၊ ဘုရားမြတ်ထံ
ကပ်လှူပန်၏၊ ဆယ်ပြန်အသက်
ပေါင်းဖက်ရည်စူး၊ စန္ဒကူးပမာ
ထုံသင်းစွာလျှင်…
နံ့သာဝေလို့ မွှေးစေတကား။


ကြွေဆွေးကဗျာ
စာဋီကာဖွဲ့၊ တွေးနယ်ချဲ့၍
လွမ်းဘွဲ့စာချည်း၊ မသိုမှီးနှင့်
နီးနီးဝေးဝေး၊ အေးအေးပူပူ
စိတ်တူကိုယ်မျှ၊ ရင်ဆိုင်ကြဖို့
မောင်ကလက်ကမ်း၊ မေလက်လှမ်းပေါ့
ပန်းခင်းတလှည့်၊ ဆူးတလှည့်ပေါ့
မနွဲ့စတမ်း၊ မကြောက်တမ်းလေ
နွမ်းရင်ခိုမှီ၊ မောင့်ရင်ဆီမှာ
တီတီတာတာ၊ ချစ်ဝါစာနှင့်
သံသာတေးချင်း၊ ခွန်းတုံ့ရင်းနှင့်
ချစ်ခြင်းလင်္ကာ၊ သီဖွဲ့ပါလျှင်…
ကဗျာတွေမို့ ရေးစေတကား။
............................(xxx)
***
နက်ဖန်ဆိုရင် မြန်မာနှစ် တနှစ်ဆန်းပြန်ပြီပေါ့ ... ။
ကျမရတဲ့ လက်ဆောင် ကဗျာလေး ၂-ပုဒ်နဲ့ ကျမဘလော့ကို ခဏ နှုတ်ဆက်ရပါဦးမယ်။ အခြေအနေပေးတဲ့အခါ ကျမ ပြန်လာပါမယ်။ ဘယ်တော့လဲ ဆိုတာတော့ လောလောဆယ် မသိသေးပါဘူး။

ကျမဘလော့ကို ချစ်ခင်စွာ ဖတ်ရှုကြသူများ အားလုံး မြန်မာနှစ်သစ်အကူးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေလို့ ... ဆုတောင်းရင်း နှုတ်ဆက်လိုက်ပါတယ်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၁၆၊ ဧပြီ၊ ၂၀၀၈
၁၁း၃၀ နာရီ

Read More...

Monday, April 14, 2008

တမ်းတဖွဲ့ (ပိုဒ်စုံရတု)

ရတုပိုဒ်စုံကို တခါမှ မရေးဖူးတာနဲ့ စမ်းပြီး ရေးကြည့်ထားပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကဗျာမရေးနိုင်သော အတာသင်္ကြန်

အတာရေအေး
သွန်းလောင်းပေးချင်၊ ဝေးရပ်ခွင်မှ
ကြင်နာရသူ၊ မေ့ချစ်သူကို
တူရူတမ်းတ၊ လွမ်းပါရရှင့်
မေနှင့်သူက၊ ဌာနချင်းကွာ
ကာလချင်းခြား၊ ပင်လယ်တားဆီး
ခရီးဝေးလွန်း၊ တကျွန်းစီမို့
ပို့သမေတ္တာ၊ မာပါစေကြောင်း
မေဆုတောင်းပြီး၊ နီးရမည့်ရက်
ရေကာတွက်လည်း၊ ဝေးလျက်ဝေးသာ
ဝေးကာကွာသည် ...
အတာရေ မအေးနိုင်ပြီတကား ... ။

နံ့သာတွေမွှေး
မေကသွေးလျက်၊ ပါးပြင်ထက်မှာ
လိမ်းကာခြယ်သ၊ အေးမြပါးပြင်
မွှေးစေချင်လည်း၊ သူလျှင်ဘယ်မှာ
ဘယ်ခါလာနိုး၊ မျှော်ကာကိုးရင်း
သက်ပြင်းကိုချ၊ လွမ်းနေရပေါ့
အားလျော့တလှည့်၊ အားနွဲ့တချီ
မရီ(ရယ်) မပြုံး၊ နှလုံးပူဆွေး
ငိုကြွေးခါခါ၊ ကြာများကြာလျှင်
ချစ်ကြင်သူတွက်၊ ပါးပြင်ထက်မှာ
နံ့သာလည်းကင်း၊ ရနံ့သင်းတွေ
ပျယ်ပျောက်လေပြီ ...
နံ့သာတွေ မမွှေးနိုင်ပြီတကား ... ။

ကဗျာတွေရေး
စာတွေရေးရင်း၊ အတွေးနယ်ချဲ့
ဒီလိုတဲ့လေ ...
သူ့ရဲ့ရင်ခွင်၊ ခိုနွဲ့ဝင်ရင်း
တေးသီချင်းကို၊ ပြိုင်တူဆိုညည်း
နီးနီးဝေးဝေး၊ အေးအေးပူပူ
အတူတကွ၊ လက်တွဲကြစို့
တို့ရဲ့ပန်းတိုင်၊ လှမ်းနိုင်ဖို့အရေး
ခရီးဝေးလမ်း၊ မကြောက်တမ်းပေါ့
လျှောက်လှမ်းကြမယ်၊ အားတက်ဖွယ်လေ
ကွယ် ... ဒါပေမဲ့၊ တကယ့်ဘဝ
လက်တွေ့ကျတော့၊ ဝေးဝေးကသာ
ဆွေးရပါသည် ...
ကဗျာတွေ မရေးနိုင်ပြီတကား ... ။ ... ။
***
မေဓာဝီ
၁၃၊ ဧပြီ၊ ၂၀၀၈
၁၄း၄၀ နာရီ

Read More...

Sunday, April 13, 2008

အလွမ်းသင်္ကြန် ... ပန်းသင်္ကြန် ...

သင်္ကြန်အကျနေ့
***
"အား ... မွှေးလိုက်တာ ..."

အိပ်ရာကနိုးလို့ မျက်စိနှစ်လုံး မဖွင့်မိခင်မှာပဲ သင်းပျံ့ပျံ့ ရနံ့လေးက နှာခေါင်းဝကို တိုးဝင်လာသဖြင့် လန်းဆန်းလို့သွား၏။
မြေသင်းနံ့နှင့် ရောပြွမ်းနေသော ပန်းရနံ့ ... ။

ဒါ ... ပိတောက်ပန်းအနံ့ပဲ
ပိတောက် ...
ပိတောက် ...
ပိတောက်တွေ ပွင့်ပြီလား ... ။

စိတ်ထဲမှာတွေးရင်း ၀ုန်းခနဲ အိပ်ရာမှ ထလိုက်ပြီး ခုတင်ခြေရင်းက ပြူတင်းပေါက်လေးမှတဆင့် အပြင်ကို လှမ်းကြည့်လိုက်မိသည်။

အိုး ... ဘယ်လောက်များ ရင်ခုန်စရာ ကောင်းလိုက်ပါသလဲ။ စိမ်းဖန့်ဖန့် အရွက်တွေကြားမှာ ရွှေဝါရောင် တောက်ပစွာ ပွင့်လန်းနေကြသော ပိတောက်ပန်းများ။

မနေ့ည အိပ်ရာဝင်ခါစ အိမ်ခေါင်မိုး သွပ်ပြားပေါ် မိုးရွာချသံ တဗြုန်းဗြုန်း ကြားလိုက်ရသေးသည်။ သင်္ကြန်အခါ ရွာသည့်မိုးကို သင်္ကြန်လက်ဆေးမိုးဟု မည်သူကစပြီး အမည်ပေးခဲ့ သလဲတော့ မသိ။ ညတုန်းက ရွာသွားသည့် သင်္ကြန် လက်ဆေးမိုးကတော့ ဖူးငုံနေတဲ့ ပိတောက်တွေကို ပွင့်ဝေလာအောင် စွမ်းဆောင်နိုင်ခဲ့သည်ပင်။ သင်္ကြန်ရဲ့ သင်္ကေတက ပိတောက်ဆိုပေမဲ့ သင်္ကြန်နဲ့ ပိတောက် တထပ်တည်းကျတဲ့ နှစ်က ခပ်ရှားရှား။ ရှားတောင့် ရှားပါး ခါတော်မီ ပိတောက်ပန်းများကို ဦးဦးဖျားဖျား ခူးရအောင် ကြံမှဟု တွေးမိပြီး ခါတိုင်းလို အိပ်ရာကနိုးနိုးချင်း တရေးပြန် မနှပ်တော့ဘဲ ကမန်းကတန်းပင် ထလိုက်သည်။
ထိုသို့ ....
.... .... ....
လူတွေကို လန်းဆန်းစေသော ပိတောက်ပန်းပါပေ ... ။
.... .... ....
***
သူတို့နေထိုင်ရာ ထိုဒေသလေးက မြို့ခေါင်ခေါင်ပေမဲ့ သစ်ရိပ်ဝါးရိပ် အုပ်ဆိုင်းကာ တောအရပ်ကလေးသဖွယ်မို့ သူတို့တမိသားစုလုံးက "တောထဲ" ဟု ခေါ်ဆိုကြသည်။ ထိုတောထဲက အိမ်ကလေးက သွပ်မိုး ပျဉ်ကာ ရေနံသုတ်ထားသော သစ်သား နှစ်ထပ်အိမ်ကလေး။ အိမ်၏ တောင်ဘက်မှာ စက်သီးတပ် အုတ်ရေတွင်းလေးရှိပြီး အိမ်အရှေ့ဘက်ထောင့်မှာ မိုးအခါဆို ရဲရဲနီအောင် ပွင့်တတ်သော ကသစ်ပင်ကြီး၊ အိမ်နောက်ဘက် ထောင့်မှာတော့ သူ့အခန်းကို အုပ်မိုးထားသော ဒီ ပိတောက်ပင်ကြီးပေါ့။

မျက်နှာမသစ်သေးဘဲ မီးဖိုထဲသွားတော့ မီးဖိုချောင်ထဲမှာ အမေနှင့် ၀ိုင်းတော်သားများ အလုပ်ရှုပ် နေကြသည်။ အုန်းသီး ခြစ်သူက ခြစ်၊ ညှစ်သူက ညှစ် ... အမေကတော့ သကြားရည်တွေ ကျိုလို့။ ထုံးစံအတိုင်း သင်္ကြန်မုန့် တမျိုးမျိုး လုပ်နေကြပုံ ရသည်။ ပြီးလျှင်တော့ အိမ်နီးနားချင်းတွေ ဆွေမျိုးတွေ လိုက်ဝေဦးမည်ပေါ့။

"အမေ ... ဒီနေ့ ဘာမုန့်လဲ ..."
"ရွှေရင်အေး"
"ဂွတ်တယ် ... ။ အမေ ... ပိတောက်ပန်းတွေ ပွင့်နေပြီ သိလား ..."
"သိသားပဲ၊ ညည်းက ခုမှ နိုးပြီး၊ သွား သွား ... မြန်မြန် မျက်နှာသစ်ပြီး ဒီမှာ လာကူလုပ်ဦး"
"အမေကလည်း ... သမီးပိတောက်ပန်း ခူးမလို့ဟာကို ... ပြီးရင်လာခဲ့မယ် ... ဦးဦးဖျားဖျား ပွင့်တဲ့ ပိတောက်ပန်းလေး ဘုရားကပ်ချင်လို့"
အမေ့ခါးကို ဖက်ရင်းပြောတော့ အမေက မျက်စောင်းထိုးကာ ကျန်ခဲ့သည်။ အမေ့မျက်စောင်းကို ငယ်ငယ်က ကြောက်ပေမဲ့ ကြီးလာတော့ ချစ်ဖို့ ကောင်းသလိုတောင် ထင်မိသေး။

ဧည့်ခန်းက တီဗီရှေ့မှာ ထိုင်နေသောအဖေက တီဗီဖွင့်ထားပြီး မကြည့်ဘဲ မျက်မှန်ကြီးတပ်ကာ စာထိုင်ဖတ်နေသည်။ ဖွင့်ထားသော တီဗီထဲမှာတော့ တူညီဝတ်စုံဝတ်ဆင် ထားကြသော မိန်းမပျိုကလေးများ ညီညာစွာ ယိမ်းက နေကြ၏။ ရန်အောင် သီဆိုနေသော "အိပ်မက်စေတမန် " သီချင်းသံက လေးတွဲ့စွာ ပျံ့လွင့်လျက်။
***
"မခူးချင်စမ်းပါနဲ့ .".. လို့ ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာထဲ ရေးခဲ့ပေမဲ့ ... ခူးချင်ပါသည်။ အပင်ထက်မှာ လေလာတိုင်း ယိမ်းနွဲ့နေကြသော ပန်းခက်တွေက ခူးပါ ... ခူးပါဟု ဖိတ်ခေါ်နေသယောင်။ ၀ါးတံချူလေး ယူကာ ပိတောက်ပင်ကြီးအောက် ရောက်သွားပြီး မော့ကြည့်တော့ သူ့အရပ်နှင့်စာလျှင် ပိတောက်ပင်ကြီးက မြင့်လွန်းသည်။ ဒီပိတောက်ပင်ကြီးက ရှေးဟောင်း မြန်မာရုပ်ရှင်ထဲက ဇာတ်ပို့ သရုပ်ဆောင် ဦးဘချစ်ကြီးလို ရှည်ရှည်ကိုင်းကိုင်း ပြိုင်းပြိုင်းကြီး။ ဒီအပင် မြင့်ပုံ၊ သူ့အရပ် ပုပုံနှင့် ၀ါးတံချူ ကူတာတောင် ဒီပန်းကို ချူ၍ လွယ်မည်မထင်။

"ဟင်း ... ပုလိုက်တဲ့ အရပ်၊ ဘာမှကို သုံးစားမရပါလား"

ကိုယ့်အရပ်ကို စိတ်ပျက်စွာ ညည်းတွားမိရင်း ခုန်ဆွ ခုန်ဆွ မမီမကမ်း လှမ်းဆွတ်တော့ တခက်တလေ တံချူကြားမှာ ညပ်ပါလာလေသည်။ စိတ်ပျက်လက်ပျက် ၀ါးလုံးကို ပစ်ချလိုက်စဉ် အဖေက ၀ရံတာမှ ထွက်ကြည့်ပြီး အဖေခူးပေးမယ် ဟု ပြောပြောဆိုဆို အောက်ထပ်ဆင်းလာ၏။

တော်ပါသေးရဲ့ အဖေကယ်ပေလို့၊ မဟုတ်ရင် ဒီပိတောက်ပန်းတွေ အပင်ပေါ်မှာ အလကားဖြစ်ရော့မယ်။

တချို့ကတော့ ပန်းတွေကို အပင်ပေါ်မှာ ဒီတိုင်းလှနေတာ ပိုကောင်းသည်ဟု ဆိုကြသည်။ သူကတော့ ထိုသို့ မထင်၊ အပင်ပေါ်မှာ လှနေတဲ့ပန်းကို မခူးဘဲ ပစ်ထားတာက ပန်းအလှနှင့် ပန်းရနံ့ကို ဥပေက္ခာပြုရာ ရောက်သလိုပဲဟု တွေးမိသည်။ အလှပျက်အောင်၊ အပင် သေလောက်အောင် တော့လည်း မခူးလိုပါဘူး။ လှသော ပန်း၊ မွှေးသောပန်း ဆိုတော့လည်း ပိုင်ဆိုင်လိုစိတ် ရှိသည်မဟုတ်လား။
ထိုသို့ ....
.... .... ....
လူတွေကို ငြိတွယ်စေသော ပိတောက်ပန်းပါပေ ... ။
.... .... ....
***
"ညီမလေးရေ ... မုန့်လုံးရေပေါ် လာပို့တာ ... "
ဘေးအိမ်က မကြီး က အုန်းသီးဆံ ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားသော မုန့်လုံးရေပေါ် တပန်းကန်မောက်မောက် လာပို့သည်။ ချစ်စဖွယ် သင်္ကြန်ဓလေ့၊ နှစ်သက်စဖွယ် မြန်မာ့ထုံးစံ။ အခါကြီးရက်ကြီးမှာ တအိမ့် တအိမ် ပေးကြ ကမ်းကြ အလှူဒါန ပြုကြသည့် အလေ့အထကောင်း တရပ်ပင်။

အတော်ပဲ ... မကြီးကို ရေလောင်းဦးမှ။

သူတို့နေသော အရပ်က လမ်းမနှင့်လည်း ဝေး၊ လူသူအလာလည်း ကျဲသော နေရာကလေး။ လူသူလေးပါး အလာနည်းသည်မို့ သင်္ကြန်ဆိုလျှင်တောင် ရေလောင်းရမည့်လူမရှိ။ ဒါကြောင့် လာသမျှ အိမ်နီးချင်းတွေကိုသာ လောင်းဖို့ အားခဲထားရသည်။

"ကျေးဇူး အများကြီးတင်ပါတယ် မကြီး ... ကျေးဇူးတင်တဲ့ အနေနဲ့ မကြီးကို ရေနည်းနည်းလောင်းမယ်နော် ဟဲဟဲ"
"ဟယ် ... မကြီးက ဒီနေ့ ဥပုသ်ယူထားတယ် ညီမလေးရဲ့ ..."
"ဒါဆို ဒီလိုလုပ်မယ် ... ရေလောင်းမှာ မဟုတ်ဘူး ... ရေကန်တော့မယ်လေ ... ခွင့်ပြုပါနော် မကြီး"
နောက်ဆုံးတော့ သဘောကောင်းသည့် မကြီးက ခွင့်ပြု လိုက်သည်။
"ကဲ ... ကဲ ... ငါ့ညီမလေး စိတ်ချမ်းသာအောင် စတိတော့လောင်း"

အဲဒီလို မကြီးက ချစ်ဖို့ကောင်းလှသည်။ မကြီးကို ရေလောင်းပြီး အဖေခူးပေးထားသော ပိတောက် ပန်းခက်တွေ တပွေ့တပိုက်ကြီးကို ယူရင်း အိမ်ထဲဝင်ခဲ့သည်။
"အဖေ ... ဒီမှာ အမေ့အတွက် ပန်းတခက် ... အဖေ သွားပန်ပေးလိုက်လေ ..."
"တယ် ... ဒီကောင်မလေး ..."
"သွားပါ အဖေရ ... အဖေပဲ ကဗျာရေးခဲ့တယ် မဟုတ်လား၊ 'မေ့ကေသာမှာ .. သေချာမောင်က ပန်နေကျ ..' ဆိုတာလေ ... ဟဲဟဲ ..."
"ခွေးမလေး"
အဖေက ခပ်တိုးတိုး ရေရွတ်သည်။ အဖေ့လက်ထဲကို ပန်းတခက် အတင်းထိုးထည့်ပေးလိုက်တော့ အဖေက ပြုံးပြုံးကြီး လုပ်ရင်း ယူပြီး ထွက်သွားလေသည်။ အဖေနဲ့ အမေရဲ့ ဇာတ်လမ်းမှာ ပိတောက်ပန်းကလည်း ဇာတ်ကောင် တကောင်အဖြစ် ပါဝင်ခဲ့ဖူးသည်ပဲ။
ထိုသို့ ....
.... .... ....
လူတွေကို ရင်ခုန်စေသော ပိတောက်ပန်းပါပေ ... ။
.... .... ....

ပိတောက်ပန်းတွေကို ပန်းအိုးတွေထဲ အဆင်ပြေအောင် ထိုးပြီး ဘုရားကပ်ကာ ရှိခိုးတော့ စိတ်ထဲ ချမ်းမြေ့လှသည်။ ရွှေရောင်ဝင်းနေသော မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော် ရှေ့မှောက်မှာ မြစိမ်းရောင် အရွက်တို့ ခြံရံထားသည့် ပိတောက်ပွင့် ၀ါဝါများ ... ။ ထိုပန်းပွင့်များမှ ပျံ့သင်းနေသော ရနံ့။ မြင်ကွင်းက မျက်စိပသာဒဖြစ်သလို စိတ်ညွတ်နူးဖွယ် သဒ္ဓါပီတိ တိုးပွါးမိသည်။
ထိုသို့ ....
.... .... ....
လူတွေကို စိုးမိုးစေသော ပိတောက်ပန်းပါပေ ... ။
.... .... ....
***
ဘုရားရှိခိုး အမျှအတမ်းပေးဝေပြီး မီးဖိုထဲသွားတော့ အမေတို့ရဲ့ ရွှေရင်အေးက လုပ်လို့ပင် ပြီးနေပြီ။ မုန့်ကူလုပ်စရာ မလိုတော့ပေမဲ့ စားပွဲပေါ် တင်ထားသော ချိုင့်အသီးသီးကို အိမ်နီးနားချင်းတွေဆီ လိုက်ဝေရဦးမည်ဟု သိလိုက်၏။ အမေက ဘယ်ချိုင့်က ဘယ်အိမ်အတွက်ဟု ခွဲခြားပြောပြီး လှည့်အထွက် အမေ့ ဆံပင်ထက်မှာ ပိတောက်ခက်ကလေးကို တွေ့လိုက်ရသည်။
ထိုသို့ ....
.... .... ....
လူတွေကို နုပျိုစေသော ပိတောက်ပန်းပါပေ ... ။
.... .... ....
***
အနီးဆုံး ဖြစ်တဲ့ မကြီးတို့အိမ် အရင်ပို့ဖို့ ဆုံးဖြတ်ပြီး နောက်ဖေးပေါက်မှ လှမ်းအော်လိုက်တော့ မကြီးရဲ့ တူကလေး ဂျိုကာ အိပ်ချင်မူးတူး ထွက်လာသည်။

"ဂျိုကာရေ ... ရွှေရင်အေးလာပို့တာ ..."
ဂျိုကာက ချိုင့်လှမ်းယူရင်း
"မမ ... သင်္ကြန်ကျပြီ ... ဘယ်မှ မသွားဘူးလား" ဟုမေးသည်။
"မသွားပါဘူးဟာ ... အိမ်မှာပဲ ..."
"ဒါဆို ... မမကို သားရေလောင်းမယ် ..."
အဲ ... သေပြီ၊ ၀ဋ်ဆိုတာ ချက်ချင်း လည်တတ်ပေသလားမသိ။
"ဟိုလေ ... မမ ဥပုသ်စောင့်ထားတယ် ... ဟဲဟဲ ... နောက်နေ့မှ လောင်းနော် ... သားက လိမ်မာတယ်"

သူ့ရဲ့ မုသားကြောင့် ဂျိုကာ နည်းနည်းတော့ တွေသွားသည်။ ဒါပေမဲ့ သိပ်ပြီး ယုံပုံမပေါ်။ ဟုတ်လို့လား ... ဟု ခပ်တွေတွေ ပြန်မေး၏။ သူလည်း မလိမ်ချင်တော့။ တော်ကြာနေ သိကြားမင်းကြီးက လိမ်ညာသူတွေ ခွေးသားရေ ပရပိုဒ်နှင့် မှတ်သွားမှ ဒုက္ခ။
"ဟဲဟဲ ... မင်းကို နောက်တာ ... လောလောဆယ်တော့ မစောင့်ရသေးပါဘူး။ ဒါပေမဲ့ အခု မပက်နဲ့အုံးနော်၊ မမ ရေချိုးခါနီးမှ ပက်"
"ဟင့်အင်း မရဘူး ... အခုပက်မယ် ... သင်္ကြန်ကျလို့ ရေပက်တာပဲဟာကို"
ပြောပြောဆိုဆို ဒင်းက ရေတခွက် အမြန်ခပ်ပြီး လှမ်းပက်သည်။ ဘယ်ရမလဲ ဒီလောက်တော့ သူအမြန်ရှောင် လိုက်တာပေါ့။ ဒါပေမဲ့ ဒီကလေးလေးက မလျှော့။ နောက်တခွက်ခပ်ပြီး ပြေးလိုက်ရင်း ပါးစပ်ကလည်း ...
"သင်္ကြန်ကျလို့ ရေပက်တယ် ... စိတ်မဆိုးပါနဲ့ အမကြီးရယ်" ဟု အော်ဟစ်နေသေးသည်။

ဒင်းတော့ သိမယ် ... အိုးမည်းနဲ့ကို သုတ်ပစ်မယ်ဟု တွေးပြီး သူတို့အိမ်ဘက် မျှားခေါ်ရင်း ပြေးထွက်ခဲ့၏။ နောက်ဖေးမီးဖိုထဲ ကမန်းကတန်း ပြေးဝင်တော့ အမေက ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်းဟု ဟန့်သည်။ သူက ဘာမှမပြောဘဲ ဒယ်အိုးဖင်က အိုးမည်းတွေကို လက်ငါးချောင်းနှင့် အားရပါးရ ပွတ်သုတ်ပြီး အိမ်အပြင် ပြန်အထွက်မှာ ... ရုတ်တရက် ...

((((((( ဗွမ်းးးးးးးးးး )))))))
"အား ... အေးလိုက်တာ ..."
.... .... .... ....
.... .... .... ....
.... .... .... ....
***
"အား ... အေးလိုက်တာ ..."

မျက်စိနှစ်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်တော့ ပိန်းပိတ်အောင် မှောင်နေဆဲ။
ဘယ်မှာလဲ ... ပိတောက်ပန်း ...
ဘယ်မှာလဲ ... သင်္ကြန်ရေ ...
ဘယ်မှာလဲ ... အမေ နဲ့ အဖေ ...
ဘယ်မှာလဲ ... ရွှေရင်အေးနဲ့ မုန့်လုံးရေပေါ် ...
ဘယ်မှာလဲ ... ခါသင်္ကြန် အဆိုအကတွေ ...
ဘယ်မှာလဲ ...
ဘယ်မှာလဲ ......
ဘယ်မှာလဲ ..........
.... .... .... .... ....
.... .... .... .... ....
.... .... .... .... ....
အမှောင်ထဲမှာ သူ လိုက်ရှာနေမိသည်။

ညဦးပိုင်းတုန်းက အပူပေးစက် မဖွင့်ဘဲ အိပ်ပျော်သွားသည်မို့ တခန်းလုံးက အေးစက်လို့ နေ၏။ အိပ်ရာပေါ်မှနေပြီး ခလုတ်ကို လက်ဖြင့် စမ်းဖွင့်ရင်း စောင်ကို ရင်ဘတ်ထိ ဆွဲကာ ခြုံလိုက်သည်။ ချက်ချင်းတော့ နွေးမလာသေး။ နာရီကို ကြည့်လိုက်တော့ 12:15 am ဟု ပြနေသည်။ မိုးလင်းဖို့ အဝေးကြီး လိုသေးတယ် ... ပြန်အိပ်ဦးမှဟု တွေးမိပေမဲ့ မျက်စိက ကြောင်နေပြီ။ မအိပ်ချင်သည့်အတူတူ အိပ်ရာနဘေး ပြတင်းပေါက် ခန်းဆီးစကြားမှ တစွန်းတစ မြင်နေရသည့် မိုးကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိ၏။

ဒီ တမိုးတည်း အောက်မှာပါပဲ ...
ပိတောက်ပန်းတွေ ဝေနေကြမှာ ... ။
ဒီ တမိုးတည်း အောက်မှာပါပဲ ...
သင်္ကြန်ရေတွေ ရွှဲနေကြမှာ ...။
ဒီ တမိုးတည်း အောက်မှာပါပဲ ...
သင်္ကြန်တေးသံတွေ လွင့်ပျံ့နေကြမှာ ...။
ဒီ တမိုးတည်း အောက်မှာပါပဲ ...
အမေနဲ့ အဖေလည်း ... ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတွေပြု နေကြမှာ ...။

ဒီ တမိုးတည်း အောက်က ....
ဟိုး ... အဝေးတနေရာမှာပေါ့ ... ။
.... .... .... ....
.... .... .... ....
.... .... .... ....
မျက်စိကို ပြန်မှိတ်လိုက်သည်။
မြေသင်းရနံ့နှင့် ပိတောက်ရနံ့တို့ နှာခေါင်းထဲမှာ ပြန်လည် ရှူရှိုက် မိသယောင်။
တူညီဝတ်ဆင်ထားသော မိန်းမပျိုလေးများ သင်္ကြန်ပန်းကုံး ကလေးများ လည်မှာဆွဲလျက် ယိမ်းကနေကြသည့်ဟန် မျက်စိထဲမှာ ပြန်လည် မြင်မိသယောင်။
သြော် ... သင်္ကြန် ... အဖော် ကင်းပြန် ... ဆိုသည့် အိပ်မက် စေတမန် တေးသွားလေး နားထဲမှာ ပြန်လည် ကြားမိသယောင် .... ။

မျက်စိမှိတ်ထားရင်း ပြုံးနေမိသည်။
ပြုံးနေရင်းကပင် သူ့ပါးပြင်မှာ ပူနွေး စိုစွတ် လာလေတော့၏။
***
မေဓာဝီ
၁၃၊ ဧပြီ၊ ၂၀၀၈
သင်္ကြန်အကျနေ့
၀၀း၁၅ နာရီ

Read More...

Saturday, April 12, 2008

ဒီအချိန်ဆို ... (၂)

ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက ဒီအချိန်ဆိုရင် ... လို့ တမ်းတမိရာက ... 'ဒီအချိန်ဆို' အမည်နဲ့ ကဗျာတပုဒ် ရေးခဲ့ပါတယ်။ အခု သင်္ကြန်အခါမှာလည်း အဲဒီလိုပဲ ဒီအချိန်ဆို ... ဆိုပြီး တမ်းတမိပြန်တော့ ... နောက်ထပ် 'ဒီအချိန်ဆို' ... ကဗျာလေး ရင်ထဲက မွေးထုတ်မိပြန်တယ်။ နောက်ထပ် ... ဒီအချိန်ဆို ... တွေ ... ဘယ်လောက်များ ရေးဖြစ်ဦးမလဲ ... မသိသေးပါဘူး။ လောလောဆယ်တော့ "ဒီအချိန်ဆို (၂)" ပေါ့။
***
ဒီအချိန်ဆို

ဒီအချိန်ဆို ...
ဥသြပျိုသည်
ပင်အိုယံဖျား
သူရပ်နားရင်း
တေးချင်းသီဆို
နှစ်သစ်ဦးကို ကြိုရော့မည်။


ဒီအချိန်ဆို ...
ဝါထိန်ငုပန်း
ပင်လုံးလွှမ်းကာ
လေယူရာတိမ်း
ပန်းပွင့် 'ယိမ်းက'
နွေပီသအောင် လှရော့မည်။

ဒီအချိန်ဆို ...
ညိုရွှေရောင်တောက်
သစ်ရွက်ခြောက်ရင့်
တလွင့်လွင့်ကြွေ
မြေပေါ်ရှပ်လူး
လေရူးနှင့်ဆော့ မြူးကြရော့မည်။

ဒီအချိန်ဆို ...
သီဆိုဟစ်ကြွေး
'တူးပို့' တေးနှင့်
ချိုအေးသံသာ
'မြနန္ဒာ' နှင့်
ခါသင်္ကြန်ပွဲ
ရေစိုရွှဲကာ နွှဲပျော်နေကြပေရော့မည်။

ဒီအချိန်ခါ ...
ကျွန်ုပ်မှာကား
တိုင်းတပါးမှာ
လွမ်းအားညှိုးငယ်
စိတ်ဝယ်မရွှင်
ပူပင်သောက
မောလျခွေနွမ်း
အိမ်ပြန်လမ်းကို
မှန်းလျက်သာပင် မျှော်မိသည်။
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၀၈
သင်္ကြန်အကြိုနေ့

Read More...

Thursday, April 10, 2008

ရွေးကောက်ပွဲ

ဒီခေါင်းစဉ်ကို ချရင်းနေရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံမောင်ဝရဲ့ "ရွေးကောက်ပွဲ" ကို သွားသတိရမိတယ်။ အခုရေးမယ့် ရွေးကောက်ပွဲက ရွေးကောက်ပွဲတော့ ရွေးကောက်ပွဲပါပဲ ... ဒါပေမဲ့ သိပ္ပံမောင်ဝရဲ့ ရွေးကောက်ပွဲနဲ့တော့ ကွာခြားပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ရွေးကောက်ပွဲ ဆိုပါတော့ ... ။
ဖတ်ကြည့်ကြပါဦး ... ။
***
ရွေးကောက်ပွဲ
ဒီကနေ့ ထမင်းစားမယ်ဆိုပြီး ချက်ထားတဲ့ ထမင်းအိုးကလေးကို အဖုံးလှပ်ကြည့်လိုက်တော့ ထမင်းဖြူဖြူလေးတွေထဲမှာ စပါးလုံး တလုံးကို တွေ့လိုက်ရလို့ အံ့သြသွားမိတယ်။ ထမင်းထဲ စပါးလုံးပါတာ အထူးအဆန်းလုပ်ပြီး ရေးရကောင်းလား အပြစ်မတင်လိုက်ပါနဲ့။ ဒီကို ရောက်ကတည်းက ထမင်းထဲ စပါးလုံး တခါမှ မမြင်ဖူးလို့ပါ။

ဒီကို ရောက်ခါစ အရင်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေစဉ်တုန်းက ကျောင်းကကျွေးတဲ့ ထမင်းတွေ သိပ်စားလို့ မရပါဘူး။ ချက်တာက မနပ်တနပ်၊ မာတာတာနဲ့ တခါတလေကျ ဆန်ကွဲလို ဆန်အကျိုး သေးသေးလေးတွေ ချက်ကျွေးသေးတယ်။ အမေရေ ... ဘိလပ်ရောက်မှ ဆန်ကွဲ စားနေရပါပြီလို့ စိတ်ထဲ ကျိတ် ငိုချင်းချမိသေး။ သူတို့ကတော့ အားရပါးရ စားနေကြတာပဲ။ ကျမကတော့ သူတို့ ထမင်း စားမရတာနဲ့ ထမင်းကို ရှောင်ပြီး တခြားဟာတွေပဲ ရွေးစားခဲ့ရပါတယ်။ အဲ ... မသိခင်က စားမိတုန်းကလည်း အဲဒီ ထမင်းတွေထဲ စပါးလုံး မမြင်မိပါဘူး။

အခု ဦးရီးတော်အိမ်ရောက်တော့ ဦးရီးတော်က ဘတ်စမာတီ ဆန်ပဲ စားတာမို့ ကျမအတွက် စားရတာ အဆင်ပြေလှပါတယ်။ အိမ်မှာ ၀ယ်ထားတဲ့ ဘတ်စမာတီဆန်က ချက်လိုက်ရင် မွှေးပြီး စားလို့လည်း အင်မတန် ကောင်းတယ်။ ၂၀ ကီလိုဂရမ် ပါတဲ့ ဆန်တအိတ်ကို ၁၆ ကျပ် ၁၇-ကျပ် ပေးရတော့ ဈေးကတော့ သိပ်မနည်းလှဘူး ဆိုရမလားပဲ။ ဒါတောင် ကျမရောက်ခါစက တအိတ်ကို ၁၂-ကျပ်ကနေ ၁၇-ကျပ်ထိ ဈေးတက်သွားတာပါ။ ဈေးမနည်းသလို ဆန်ကလည်း ကောင်းပြီး သန့်ရှင်းတာမို့ စားပျော်ပါတယ်။ ကျမ ယောက်ဖ (အမယောက်ျားကို ခဲအို မခေါ်ချင်လို့ ယောက်ဖလို့ နောက်ပြီး ခေါ်တာပါ) ထမင်းချက်တယ်ဆိုရင် ဆန်ကို ရေနဲ့တောင် ဆေးမနေဘဲ တခါထဲ အိုးထဲထည့် ပြီးမှ ရေကလေးစွက်ပြီး ချက်လိုက်တာပဲ။ ကျမကတော့ ဗမာပြည်က ထုံးစံအတိုင်း ရေ ၂-ထပ် ၃-ထပ် လောက် ဆေးလိုက်ရမှ ကျေနပ်တာမို့ မချက်ခင် အရင် ဆေးလေ့ရှိပါတယ်။

ပြောချင်တာက ... ဒီက ဆန်တွေက သန့်ရှင်းပြီး အမှိုက်သရိုက်၊ ဖွဲ ဆန်ကွဲ၊ စပါးလုံး ကင်းတယ် ဆိုတာကိုပါ။ အဲ ... အဲဒီလို သန့်ရှင်းတယ်လို့ ယူဆထားတဲ့ ဆန်ထဲ အခုမှ မကြုံစဖူး စပါးလုံးတွေ့တော့ တော်တော်လေး အံ့သြမိသလို ဒီစပါးလုံးလေး တလုံးကို ကြည့်ရင်း ငယ်ငယ်တုန်းက စားခဲ့ဖူးတဲ့ "ပြည်သူ့ဆိုင်ဆန် " ကို ပြန်လည် သတိရမိပါတယ်။

ပြည်သူ့ဆိုင်ဆိုတာ အခုခေတ် ကလေးတွေတော့ သိချင်မှ သိပါလိမ့်မယ်။ ဆိုရှယ်လစ်ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သမ၀ါယမဆိုင်ကို ပြည်သူ့ဆိုင်လို့ အလွယ်ခေါ်ကြတာပါ။ ပြည်သူ့ဆိုင်ဆန် ဆိုတာကတော့ အဲဒီ သမ၀ါယမဆိုင်က ပေးတဲ့ ဆန်ပေါ့။ အိမ်ထောင်စု တစုမှာ ရှိတဲ့ လူအရေအတွက် အလိုက် ကိုယ်တာနဲ့ ဆန်ရပါတယ်။ ဆန်အမျိုးအစားကတော့ သိပ် မကောင်းလှပါဘူး။ အဲဒီတုန်းက အိမ်မှာ အိမ်ထောင်စုကများ လူဦးရေကများတော့ အဘိုးကလွဲရင် ကျန်တဲ့အိမ်သားတွေ အားလုံး ပြည်သူ့ဆိုင်ဆန်ပဲ စားကြရပါတယ်။

အဲဒီဆန်တွေဟာ အမျိုးအစားက ညံ့ရတဲ့အထဲ ဆန်ကွဲတွေ၊ ဖွဲတွေ၊ စပါးလုံးနဲ့ မြက်သီးတွေ အပြင် စက်ချေး၊ ကြွက်ချေး၊ တခါတလေ ပိုးဟပ်ချေးတောင် ရောနှောပြီး ပါလေ့ရှိတယ်။ စက်ချေးဆိုတာက ဆန်ကြိတ်တဲ့ ဆန်စက်က မသန့်ရှင်းလို့ စက်ဆီနဲ့ ချေးနဲ့ ရောနှောရာက ဖြစ်ပေါ်လာတဲ့ မဲမဲလုံးလုံး အခဲကလေးတွေပါ။ ထမင်းလုပ်ထဲ စက်ချေးခဲဝါးမိရင် ထမင်းစားကို ပျက်တော့တာပဲ။ ချက်ချင်း ထထွေး၊ ပလုပ်ကျင်းပစ်ရတယ်။ ကျမက အဲဒီလို စက်ချေးတို့ ဆံပင်ချည်တို့ စားသောက်နေရင်း တိုးတတ်တဲ့ အကုသလ၀ိပါက် ပါလာလို့ စက်ချေးခဲ ၀ါးခဲ့မိပေါင်း များပေါ့။ ခုထိတောင် စက်ချေးဆိုရင် ပါးစပ်ထဲ သူ့အနံ့ အရသာ ပြန် မှတ်မိနေပါသေးတယ်။

အဲဒီလို အလွန်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆိုင်ဆန်ကို စားခဲ့ရတဲ့ဘ၀ဟာ မမေ့နိုင်စရာပါပဲ။ ကျမကို ငယ်ငယ်တုန်းက ထိမ်းခဲ့တဲ့ ကရင်အမကြီးက တပတ်တခါ ပြည်သူ့ဆိုင်သွားပြီး ဆန်သွားထုတ်ရပါတယ်။ သူဆန်ထုတ်ပြီး ပြန်လာရင် ဆန်တွေကို ပြာတီး၊ ဆန်ကွဲခုပ်၊ စပါးလုံး ရွေးရတော့တာပါပဲ။ ကျမတို့ ကျောင်းပိတ်တဲ့ ရက်နဲ့ ကြုံရင် လူကြီးတွေက ကျမတို့ကိုပါ စပါးလုံးရွေးခိုင်းလို့ စကောတချပ်မှာ ၂-ယောက် ၃-ယောက် ၀ိုင်းပြီး စပါးလုံး ရွေးကြရတယ်။ တခါတလေလည်း ရွေးရင်းနဲ့ ဆော့ကြပြုကြနဲ့ပေါ့။ တခါတလေတော့လည်း မလုပ်ချင် လုပ်ချင်နဲ့ လုပ်ရတာမို့ အိပ်ငိုက်လိုက် သန်းဝေလိုက်နဲ့။

အိမ်နောက်ဖေးက သစ်သား ကွပ်ပစ်လေးပေါ် ၀ိုင်းဖွဲ့ပြီး စပါးလုံးရွေးနေကြတဲ့ ကျမတို့အနား ဖြတ်သွားတဲ့ လူကြီးတွေက
"ကလေးတွေ ရွေးကောက်ပွဲ လုပ်နေကြတယ်ဟေ့" ဆိုပြီး နောက်ပြောင် ကျီစယ်သွားလေ့ရှိကြတယ်။ ဒီလိုနဲ့ နောက်ပိုင်း ကျမတို့ စပါးလုံးရွေးကြရင် "ရွေးကောက်ပွဲ" လုပ်တယ်လို့ပဲ သုံးနှုန်းဖြစ်ကြပါတယ်။ တချို့နိုင်ငံတွေ ၄-နှစ်တခါ ရွေးကောက်ပွဲ လုပ်ပေမဲ့ ကျမတို့ကတော့ ခပ်တည်တည်နဲ့ တပတ်တခါကို ရွေးကောက်ပွဲ လုပ်ကြတာပေါ့။ အဲ ... ချွင်းချက် အနေနဲ့ အနှစ် ၂၀ နီးပါးနေမှ တကြိမ် လုပ်တဲ့ နိုင်ငံလည်း ရှိသေးရဲ့။ ... အဲဒါတော့ ထားပါတော့။ ထည့်မပြောတော့ပါဘူး။

ကျမတို့ရဲ့ ရွေးကောက်ပွဲကတော့ လုပ်ချင်လို့ လုပ်ကြရတာ မဟုတ်ပါဘူး။ လူကြီးတွေက ခိုင်းလို့ ခပ်ပျင်းပျင်းနဲ့ လုပ်ကြရတာပါ။ တခါတလေတော့လည်း ဆော့ချင်လို့ စာမကျက်ချင်လို့ လုပ်တဲ့အခါလည်း ရှိတာပေါ့။ အဲ ... ကျမတို့ ရွေးကောက်ပွဲကြီးကို စိတ်မပါ လက်မပါ လုပ်ကြတဲ့အခါ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်မလာတော့ပါဘူး။ စပါးလုံးတွေ၊ စက်ချေးတွေ အကုန် မပြောင်တော့ အဲဒီဆန်ကို ချက်တဲ့ ထမင်းဟာလည်း စားလို့ ဘယ်ကောင်းနိုင်ပါတော့မလဲ။

အခုအချိန်မှာ ကျမစဉ်းစားကြည့်မိပါတယ်။
ငယ်ငယ်တုန်းက ရွေးကောက်ပွဲဟာ လူကြီး မိဘတွေ ခိုင်းလို့ မလွှဲသာ မရှောင်သာ လုပ်ခဲ့ရတာ၊ စိတ်ထဲမှာလည်း သူတို့အတွက် လုပ်ပေးရတယ်လို့ပဲ ထင်ခဲ့မိတယ်။ တကယ်တမ်း ဒီဆန်ကို ချက်တဲ့ထမင်းကို ဘယ်သူတွေ စားကြသလဲဆိုရင် ရွေးကောက်ပွဲလုပ်သူ ကျမတို့ အပါအ၀င် တအိမ်သားလုံး စားကြရတာပါပဲ။ ဒီရွေးကောက်ပွဲဟာ သန့်ရှင်းစင်ကြယ်မှ စိတ်ပါ လက်ပါနဲ့ မှန်မှန်ကန်ကန် လုပ်မှ ကိုယ်ကိုယ်တိုင်ရော အိမ်သူ အိမ်သား အများပါ စိတ်လက်ချမ်းသာစွာနဲ့ ထမင်းစားကြရမှာပါ။
မဟုတ်ရင်တော့ ... စပါးလုံးနဲ့တိုးလိုက်၊ မြက်သီးဝါးမိလိုက်၊ စက်ချေးခဲ ကိုက်မိလိုက်နဲ့ တအိမ်သားလုံး ထမင်းစား ပျက်ကြမှာ အသေအချာပါပဲ။ မသန့်ရှင်းတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ဆိုပါတော့ ... ။

အင်း ... ကျမလည်း ထမင်းအိုးထဲ စပါးလုံး တလုံးတွေ့ရာက တွေးမိတွေးရာတွေ လျှောက်တွေးနေမိတာ ထမင်းတောင် ခုထိ မစားရသေးဘူး။ မြန်မြန်လေး စားလိုက်ဦးမှ ...။
***
မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၀၈
၁၂း၀၃ နာရီ
[ဒီစာကို ရေးပြီး တင်မယ်ကြံနေတုန်း မနေ့က သတင်းထဲမှာ ဆန်ဈေးတွေ တက်တယ်လို့ ကြေညာသွားတာ ကြားလိုက်ရတယ်။ နောက်ဆို ထမင်းလျော့စားပြီး ပေါင်မုန့်များများစားရ ကောင်းမလားဘဲ။ :)]

Read More...

Monday, April 07, 2008

နွေဦးနှင်း နဲ့ စနိုးလေဒီ

ဧပြီ၊ ၆၊ ၂၀၀၈

မနက်အိပ်ရာကနိုးနိုးချင်း ပြတင်းပေါက်ကနေ အိမ်ပြင်ကို လှမ်းကြည့်လိုက်တော့ ၀န်းကျင်တခွင်လုံး နှင်းတွေဖုံးပြီး ဖြူဖွေးနေတာ မြင်လိုက်ရတယ်။ ညက မိုးလေ၀သ သတင်းမှာတော့ ကြေညာသွားသား၊ နှင်းတွေကျမယ်တဲ့။ ဒါပေမဲ့ နွေဦးမှာ ကျတဲ့နှင်းကို ဒီလောက် ထူထပ် သိပ်သည်းလိမ့်မယ်လို့ မထင်မိဘူး။ သစ်ပင် သစ်ကိုင်းတွေ ထက်မှာ၊ မြက်ခင်းပေါ်မှာ၊ ပန်းရုံတွေပေါ်မှာ နှင်းတွေ ... နှင်းတွေ ... ဖွေးဖွေးလှုပ်လို့။ ရင်ထဲ လှိုက်ခနဲတော့ ပျော်သွားမိပါရဲ့။ နှင်းနဲ့ဆုံတာ ဒါ ပထမဆုံး မဟုတ်ပေမဲ့ ဒီလောက်များတဲ့ နှင်းကိုမြင်ရတာတော့ ဒါဟာ ဦးဆုံးပါပဲ။

ဒါနဲ့ပဲ ချမ်းချမ်းစီးစီး အိမ်ပြင်ထွက်ပြီး နှင်းတွေထဲသွားပြီး ဓာတ်ပုံ ရိုက်ခဲ့လိုက်တယ်။ မြင်ကွင်းချင်း ကွာခြားသွားပုံများ ... တနေ့က ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေထဲမှာ အပင်လေးတွေဟာ နေရောင်အောက်မှာ လန်းဆန်းလှပလို့၊ မြင်ကွင်းကလည်း ကြည်လင်လို့။ အဲဒီနေ့က လန်းဆန်းနေတဲ့ ပန်းပင်ကလေးတွေခမျာမှာတော့ နှင်းတွေပိတ်ဖုံးထားလို့ နာလန်မထူနိုင်အောင် ဖြစ်နေရပြီ။
လူတွေရဲ့ စိတ်သဘောလို အပြောင်းအလဲ မြန်ပြီး ခန့်မှန်းလို့ မရတဲ့ထဲမှာ ဒီနိုင်ငံက ရာသီဥတုလည်း တခု အပါအ၀င်လို့ ပြောရင်ရမယ်။ အခုနေသာ၊ အခုမိုးရွာ၊ အခုနှင်းကျ ... ဘယ်လိုမှ ကြိုတင် တွက်ဆလို့ မရပါဘူး။ ဒီက မိုးလေ၀သ ခန့်မှန်းသူတွေလည်း အနီးစပ်ဆုံး မှန်အောင်တော့ ခန့်မှန်းလေ့ရှိကြပေမဲ့ ရာနှုန်းပြည့်တော့ မမှန်နိုင်ဘူးဆိုရမယ်။
နှင်းတွေအရမ်းကျတဲ့အခါ သွားရေးလာရေးတွေခက်ခဲတတ်၊ မတော်တဆမှုတွေ ဖြစ်တတ်ပေမဲ့ ဖြူစင်တဲ့ နှင်းပွင့်ကလေးတွေကို အပြစ်မတင်ရက်ပါဘူး။ မကြာခင် နေရောင်လာတဲ့အခါ သူတို့လေးတွေ ပျောက်ကွယ် ငုပ်လျှိုး သွားကြရမှာပဲလေ။
နှင်းတွေကို ကြည့်ရင်း စိတ်ထဲ ကြည်နူးမိတာနဲ့ ပြတင်းပေါက် ဘောင်ပေါ် တင်နေတဲ့ နှင်းတွေကို လက်နဲ့ဆုပ်ပြီး အရုပ်ကလေး လုပ်လိုက်တယ်။ အရုပ်ကလေးက ခပ်သေးသေးဆိုတော့ နှာခေါင်းကို ငရုတ်သီး အနီတောင့်ကလေးတပ်၊ မျက်လုံး ၂-လုံးကိုတော့ ကုလားပဲစေ့လေး တပ်လိုက်တော့ စနိုးလေဒီ အရုပ်ကလေး ဖြစ်သွားတာပေါ့။ ဓာတ်ပုံရိုက်ပြီး မကြာခင်ပဲ စနိုးလေဒီလေး ပျော်ကျသွားတယ်။ နောက်တခါ နှင်းထပ်ကျရင်တော့ သူ့အတွက် စနိုးမန်းကလေး လုပ်ပေးဦးမှ ... ။
***
မေဓာဝီ
၇၊ ဧပြီ၊ ၂၀၀၈
၂၂း၁၀ နာရီ

Read More...

Thursday, April 03, 2008

နေ့တာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ်လ -၃၀) ကစပြီး နာရီတွေ ၁-နာရီ ရှေ့တိုးရပါတယ်။ ဒီကိုရောက်ခါစတုန်းက ၁-နာရီ နောက်ဆုတ်ခဲ့ရသေးတယ်၊ အခု ၁-နာရီ ရှေ့ပြန်တိုးရပြန်ပါပြီ။ ၁-နာရီ ရှေ့တိုးရတော့ အိပ်ရာက ၁-နာရီ စောပြီး ထရတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်အချိန်ထဲကတော့ အရှုံးမခံနိုင်တာမို့ ၁-နာရီ စောမထခင် ညက ၁-နာရီ စောပြီး အိပ်လိုက်တယ်။ အဲဒီလို နာရီတွေ ၁-နာရီ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေရတာ စိတ်ရှုပ်စရာပဲလို့ အစကတော့ ထင်ခဲ့မိပါရဲ့။ ကိုယ့်တိုင်း ကိုယ့်ပြည်မှာက ဒါမျိုးမှ မလုပ်ရဘဲကိုး။ ဒါပေမဲ့ ...သေချာစဉ်းစားကြည့်တော့လည်း .... ။
***
နာရီကို တနာရီ ရှေ့တိုးရခြင်းအကြောင်းရင်းက နေထွက်ချိန် စောလာလို့ ပါပဲ။ နွေရာသီကို ၀င်ပြီဆိုကတည်းက နေထွက်ချိန်စောပြီး နေ၀င်ချိန် နောက်ကျ လာပါပြီ။ နေထွက်ချိန်ကစပြီး နေ၀င်ချိန်ထိ "နေ့"လို့ သတ်မှတ်ထားကြတာမို့ ဒီရာသီမှာ နေ့တနေ့ရဲ့ ကြာချိန် တနည်းအားဖြင့် "နေ့တာ" ဟာ တဖြည်းဖြည်းနဲ့ အချိန်ပို ရှည်လျားလာပါတယ်။ နေရဲ့ ရောင်ခြည်တွေဟာလည်း ပိုပြီး နွေးထွေးလို့ လာပါတယ်။ ဆောင်းတွင်းတတွင်းလုံး မရှင်သန်နိုင်ရှာတဲ့ ပန်းပင်ကလေးတွေလည်း ပြန်လည် ရှင်သန်ပြီး ပွင့်လန်း လာကြပါပြီ။
အရိုးပြိုင်းပြိုင်းနဲ့ အပင်တွေမှာလည်း ရွက်နုသစ်ကလေးတွေ အစီအရီ ထွက်လို့ လာပါပြီ။

ကိုးတန်းတုန်းက အင်္ဂလိပ်စာမှာ သင်ခဲ့ရဖူးတဲ့ Willam Wordsworth ရဲ့ Daffodils ကဗျာထဲက ဒက်ဖိုဒေးလ် ပန်းလေးတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပြီ။ မြင်ဖူးရုံမက ခူးပြီး ဘုရားကို ကပ်လှူခွင့် ရခဲ့ဖူးပြီ။

တဆောင်းလုံး သေနေတဲ့ ခြံထောင့်က နှင်းဆီပင်ကလေးလည်း နီတျာတျာ ရွက်နုလေးတွေ ထွက်ပြီး ပြန်လည် ရှင်သန်လာပါပြီ။ အိမ်ထဲမှာ စိုက်ထားတဲ့ ဗောဓိညောင် အပင်ပွားကလေးတောင် အရွက်သစ်ကလေးတွေ ပြူတစ် ပြူတစ် ထွက်စပြုလို့။

ဒီရာသီမှာ ကြည့်လေရာရာ ပန်းကလေးတွေနဲ့ လှပပြီး စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်။ အေးစက်ပြီး မှောင်မိုက်တဲ့ ကာလရှည်ကြီး လွန်မြောက်သွားပြီမို့ အရာရာ သာယာ နေသလိုပဲ ထင်မိတယ်။

အေးတဲ့ဒေသမို့ နွေးထွေးမှုကို လူတွေက ပိုပြီး လိုလားကြပါတယ်။ လျှပ်စစ်မီးတွေ၊ အပူပေးစက်တွေ ဘယ်လောက်ပဲ ရှိပေမယ့် နေရောင်ခြည်ကို တန်ဖိုးထားကြတယ်။ နေရဲ့ အနွေးဓာတ်ကို နှစ်သက် မြတ်နိုးကြတယ်။ ဒါကြောင့်လည်း နေရဲ့ အလင်းရောင်ကို လေးစားတဲ့ အနေနဲ့ နာရီတွေကို ပြောင်းလဲပေးတာလို့ ထင်မိပါတယ်။ တနည်းအားဖြင့် သဘာဝကို အလေးထားခြင်းပဲလို့ ယူဆမိပါတယ်။ ဒီလို စဉ်းစားမိတော့လည်း နေမင်းကြီးရဲ့ အလင်းရောင်နဲ့ လိုက်လျောညီထွေစွာ နာရီတွေ အပြောင်းအလဲ လုပ်ရတာကို မငြူစူမိတော့ဘဲ ကျေကျေနပ်နပ် ဖြစ်သွားပါတော့တယ်။
***

မေဓာဝီ
၃၊ ဧပြီ၊ ၂၀၀၈
၁၁း၄၁ နာရီ

Read More...

Monday, March 31, 2008

စာမေးပွဲ

"စာမေးပွဲ"...

ဒီခေါင်းစဉ်ကလေး ချရေးနေရင်းနဲ့ သွားသတိရမိတာက ကျမ ငယ်ငယ်တုန်းက မသင်ခဲ့ရပေမဲ့ ဖတ်ခဲ့ရဖူးတဲ့ ပင်ရင်း မြန်မာစကားပြေ လက်ရွေးစင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ထဲက "စာမေးပွဲ" ဆိုတဲ့ စာတပုဒ်ကိုပါ။ အဲဒီစာကို "ထွန်းကလေး" .... ဆိုပြီး အစပျိုးထားတယ်လို့ မှတ်မိနေပါတယ်။ မြင့်ကြီးက ထွန်းကလေး ဆီ ပေးတဲ့ ပေးစာတစောင်ပေါ့။ နောက်မှ သိရတာက အဲဒီ စာမေးပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာဟာ သိန်းဖေမြင့်ရဲ့" အရှေ့ကနေ၀န်း ထွက်သည့်ပမာ" ၀တ္ထုကြီးထဲက ကောက်နုတ်ဖော်ပြထားတယ် ဆိုတာပါပဲ။ အဲ ... အခု စာမေးပွဲ အကြောင်းရေးမလို့ ခေါင်းစဉ် တပ်ကာရှိသေး အဲဒီ ထွန်းကလေး နဲ့ မြင့်ကြီးကို ဘာရယ်မဟုတ်ဘူး သွားသတိရမိလို့ပါ။

ကျမရေးမယ့် စာမေးပွဲက သူတို့နဲ့ ဆိုင်လို့ရယ်တော့ မဟုတ်ပါဘူး။ ကျမရဲ့ စာမေးပွဲသာ ဆိုပါတော့ ... ။
***
တကယ်တမ်း စာမေးပွဲနဲ့ ကင်းကွာနေခဲ့တာ ၈ နှစ်လောက် ရှိနေပါပြီ။ ၂၀၀၀ ပြည့်နှစ်တုန်းက ဒီပလိုမာ စာမေးပွဲတခု ဖြေခဲ့ပြီးကတည်းက စာမေးပွဲဆိုတာ အိပ်မက်ထဲမှာကလွဲလို့ အပြင်မှာ တခါမှ မဖြေဖြစ်ခဲ့ပါဘူး။ အိပ်မက်ထဲမှာတော့ စာမေးပွဲဖြေရတယ်လို့ ခဏခဏ မက်တတ်ပါတယ်။ မက်တိုင်းလည်း ဘယ်တော့မှ အဆင်ပြေပြေရယ်လို့ မရှိပါဘူး။ ဒါပေမဲ့လည်း ကျမက စိတ်မပူပေါင်၊ တကယ့်လက်တွေ့မှာ စာမေးပွဲ ဖြေစရာ မလိုတော့ဘူးလို့ ကိုယ့်ကိုယ်ကို သတ်မှတ် ထားခဲ့တာကိုး။

အခုတော့ ... မထင်မှတ်ဘဲ စာမေးပွဲ ဖြေရပါပြီ။ ဒီရောက်ကတည်းက ဘယ်အရာမှ ကြိုတင် ခန့်မှန်း မျှော်လင့်ထားလို့ မရဘူးဆိုတာ တဖြည်းဖြည်း ပိုပို နားလည် လာခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ ကျမသိထားတဲ့ စာမေးပွဲရက်က မတ်လ ၆-ရက် သို့မဟုတ် ဧပြီလ ၂၈-ရက်တဲ့။ အဲဒီတုန်းက ဖေဖော်ဝါရီ လလယ်လောက်ပဲ ရှိပါသေးတယ်။ ကျမက အဲဒီဘာသာကို ကျောင်းမတက်ဘဲ ကိုယ့်ဟာကိုယ် စာဖတ်ပြီး ဖြေမှာဆိုတော့ ပြဋ္ဌာန်းစာအုပ်တွေ ၀ယ်ဖို့ လိုပြန်ပါတယ်။ အဲဒီကတည်းက စပြီး အထစ်အငေါ့ကလေးနဲ့သိပ်ပြီး အဆင်မပြေခဲ့ပါဘူး။

ရှိသမျှ စာအုပ်ဆိုင်တွေ ခြေတိုအောင်လျှောက်ပြီး စာအုပ်လိုက်ဝယ် ပေမယ့် လိုတဲ့စာအုပ်ကမရှိ၊ သူတို့ကို မှာခိုင်းတော့လည်း တလကျော်လောက် ကြာမယ်တဲ့။ ဒါနဲ့ပဲ စာအုပ်ထုတ်တဲ့ဆီကို ကိုယ့်ဟာကိုယ် ဖုန်းဆက်ပြီး လှမ်းမှာတော့မှ နောက်ဆုံး တပတ်အကြာမှာ စာအုပ်တွေ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဖေဖော်ဝါရီ လကုန်လုပါပြီ။ မတ်လ ၆-ရက် စာမေးပွဲကို မမီနိုင်တော့ဘူးပေါ့။ ဧပြီ ၂၈-ရက်မှ ဖြေရမှာဆိုရင် ၂ လ နီးပါးလောက် လိုသေးတာပဲလို့ စိတ်ထဲ ခပ်ပေါ့ပေါ့ပဲ နေခဲ့တယ်။

ဒါပေမဲ့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘာသာရပ်၊ ဆရာသင်ပြမှု မရှိဘဲ ကိုယ့်ဟာကိုယ် ဖတ်ပြီး ဖြေရမယ့် ဘာသာရပ်ဆိုတော့ စိတ်ထဲတော့ ခပ်လေးလေးနဲ့ပါပဲ။ စိတ်သာလေးတာ စာလည်း သိပ်မကြည့်ဖြစ်ပါဘူး။ တပတ်မှ တခန်း၊ ၂-ခန်းလောက် အီလေးဆွဲပြီးကြည့်နေရင်း တအုပ်လုံးတော့ ဖတ်လို့ ပြီးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ (မတ်လ ၂၈-ရက်) ကမှ စာမေးပွဲဖြေရမယ့် ကျောင်းဆီ တခြားကိစ္စနဲ့ ရောက်သွားပြီး စကားစမြည်ပြောရင်းနဲ့ စာမေးပွဲ ရက် ပြောင်းသွားပြီဆိုတာ အထိတ်တလန့်နဲ့ သိလိုက်ရတယ်။

တကယ်ကို အထိတ်တလန့်ပါပဲ။ စာမေးပွဲက ဧပြီ အစား မတ်လ ၃၁-ရက် ဖြစ်သွားပြီတဲ့။ ဧပြီလမှာ ဘာစာမေးပွဲမှ မရှိတော့ဘူးဆိုပဲ။ အဲဒါမှ ဒုက္ခ။ တနင်္လာနေ့မှာ ဖြေရမှာကို သောကြာနေ့မှ သိရတဲ့အဖြစ်။ သူတို့တွေဆီမှာလည်း အဲဒီလို အပြောင်းအလဲတွေက ရှိသကိုးလို့ တွေးရင်းနဲ့ပဲ မထူးပါဘူးဆိုပြီး ဖြေဖို့ စာရင်းပေး၊ စာမေးပွဲကြေး သွင်းခဲ့လိုက်တော့တယ်။

သောကြာနေ့ ညနေ အိမ်ပြန်ရောက်တဲ့ အချိန်ကစပြီး ဘာမှ မလုပ်တော့ဘဲ အသည်းအသန် စာဖတ်ရတော့တာပဲ။ ခါတိုင်း စနေ၊ တနင်္ဂနွေ ပိတ်ရက်ကို ဟိုဟိုဒီဒီ လျှောက်သွားဖြစ်ပေမဲ့ ဒီတပတ်တော့ ဘယ်မှ မသွားဖြစ်တော့ဘူး။ မိုးလင်းက မိုးချုပ် တောက်လျှောက် စာကြည့်စားပွဲမှာ ထိုင်နေရတော့တယ်။ မလုပ်လို့လည်း မဖြစ်ဘူး။ ကျမက စာမေးပွဲကံ သိပ်မကောင်းတတ်ပါဘူး။ ကျမ အထက်က အမဆိုရင် စာမေးပွဲကံ အလွန်ကောင်း ... ဘာစာမေးပွဲ ဖြေဖြေ အောင်နေတော့တာပဲ။ မနာလိုစရာတောင် ကောင်းသေး။ ကျမကတော့ ငယ်ငယ်တုန်းက လပတ် စာမေးပွဲတွေလည်း ကျခဲ့ဖူးသလို အတန်းတင် စာမေးပွဲလည်း ကျခဲ့ဖူးသူဆိုတော့ ကိုယ့်အရည်အချင်း ကိုယ်သိပြီး အသည်းအသန်လုပ်နေရတာပါ။

၂-ရက်နဲ့ တည ဖတ်ထားတဲ့စာကို တနင်္လာမနက်မှာ ပြန်နွှေးတော့ ခေါင်းထဲ ဘာမှ မရှိသလို ဗလာကြီး ဖြစ်နေပါတယ်။ ဟန်ကိုယ့်ဖို့နဲ့ ခပ်တည်တည်သာနေနေရတယ်၊ လူက ထူထူပူပူ ဖြစ်နေပါပြီ။ ဦးရီးတော်ကတော့ မလောဖို့၊ မပြာဖို့၊ စိတ်အေးအေးနဲ့ ဖြေဖို့ အလုပ်သွားခါနီး မှာပြီး ထွက်သွားလေရဲ့။ ကျမလည်း ဘုရားကို တွင်တွင်ရှိခိုး၊ ဆရာသမား၊ မိဘဘိုးဘွားနဲ့တကွ ကျေးဇူးရှင်များကို စိတ်ကမှန်းပြီး ကန်တော့၊ အသက် တရက် တမနက် ကြီးသူ၊ ကာယကံ ၀စီကံ မနောကံနဲ့ ပြစ်မှားမိသူတွေကို ကန်တော့၊ ၀ှူး ... မလုပ်လို့ မဖြစ်ဘူး။ မတော်တဆ တခုခု ချွတ်ချော်သွားမှာ ကြောက်လို့ပါ။

စိတ်က လောပြီး စာမေးပွဲဖြေမယ့် စာဖြေဌာနကို ၁ နာရီ စောပြီး ရောက်သွားပါတယ်။ ကျောင်းသားနားနေခန်းမှာ ထိုင်ပြီး အတိုချုပ်ထုတ်ထားတဲ့ နုတ်စ်ကို ပြန်ဖတ်နေရင်း အချိန်ကပ်လာလေ ... စိတ်က လှုပ်ရှားလာလေပါပဲ။ ဖြေရမှာက ကွန်ပျူတာနဲ့ပါ။ ကွန်ပျူတာဘေ့စ် စာမေးပွဲကို ဗမာပြည်မှာတုန်းက မဖြေခဲ့ဖူးပေမဲ့ ကွန်ပျူတာဘေ့စ် တိုဖယ် စာမေးပွဲတွေ စမ်းသပ်လုပ်ကြတုန်းက စာမေးပွဲခန်း စောင့်ခဲ့ဖူးတဲ့ အတွေ့အကြုံကလေးရှိထားတာမို့ သိပ်တော့ စိမ်းမနေဘူးပေါ့။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကိုယ်က စောင့်သူ၊ အခုက တကယ် လက်တွေ့ ဖြေရမယ့်သူ ... ကွာတော့ ကွာတာပေါ့လေ။

၁၁း၃၀ နာရီ
စာမေးပွဲ စပါပြီ။ ကိုယ်ဖြေရမယ့် ကွန်ပျူတာကို ရွေးချယ်၊ ကိုယ့်ရဲ့ ရယ်ဂျစ်စတေးရှင်း နံပါတ်နဲ့ လော့အင် လုပ်ပြီး စာမေးပွဲ စည်းမျဉ်း စည်းကမ်းတွေ ဖတ် .... ပြီးတဲ့နောက် ....

၁) တွက်ရမယ့် ပုစ္ဆာ
စိတ်လှုပ်ရှားလွန်းလို့ပဲလား၊ မှတ်ဉာဏ် ကိုက တော်တော်လေး မကောင်းလို့ပဲလား ... ကျက်လာတဲ့ ဖော်မြူလာတွေ အကုန်မေ့ကုန်ပါတယ်။ တတ်သလောက် မှတ်သလောက် ရမ်းတုတ်ရင်း ... တပုဒ်ပြီး တပုဒ်သာ ဖြေနေခဲ့တယ် အားရတယ်လို့ မရှိပါဘူး။

ဒီလိုနဲ့ ............
... .... ...........
... .... ...........
... .... ...........
... .... ...........
အချိန်တွေက နောက်ပြန်သွားနေပါတယ်။
တပုဒ်ဖြေပြီးတိုင်း လက်ကျန် အချိန်ကို ပြန်ပြန် တွက်နေမိတာလည်း အချိန်ပုပ်တာပါပဲ။ အချိန်စေ့ဖို့ နာရီဝက် အလိုမှာ တယောက်က ပြီးလို့ ထွက်သွားပါတယ်။ မိနစ်၂၀-အလိုမှာ နောက်တယောက်က ထွက်သွားပြန်တယ်။ ဖြေဆိုသူက စုစုပေါင်းမှ ၃-ယောက်ထဲဆိုတော့ ကျမပဲ အတန်းထဲမှာ ကျန်ပါတော့တယ်။ ကျမနဲ့ စာမေးပွဲခန်း စောင့်တဲ့ ဆရာနဲ့ပေါ့။ ဒုတိယတယောက် ထွက်သွားတဲ့ မိနစ် ၂၀-အလိုမှာ ကျမက ပြီးဖို့ ၅-ပုဒ် ကျန်သေးတယ်။ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရပြီ။ ၇- မိနစ်လောက် အလိုမှာတော့ အပုဒ်တိုင်း ဖြေလို့ ပြီးသွားပြီး အစကနေ ပြန်စစ် လိုက်ပါတယ်။ နောက်ဆုံး ... အချိန်စေ့ဖို့၂၅-စက္တန့် အလိုကျမှ အားလုံးပြီးသွားပါတယ်။

ပြီးသွားပေမဲ့ သက်ပြင်းမချနိုင်သေးပါဘူး။ အမှတ်က တန်းထွက်မှာပါ။ အမှတ် ၁၀၀ မှာ အောင်မှတ်က ၅၅-မှတ်။ ကျမကို မိတ်ဆွေကြီး တယောက်က မေးပါတယ်။ အဲဒါ မအောင်ရင် ဘာဖြစ်မလဲ ... တဲ့။ မအောင်ရင် ပြန်ဖြေရမှာပေါ့လို့။ ပြောတော့ အလွယ်သား။ မအောင်ရင် ကျမ ရင်ဆိုင်ရမှာတွေက အများကြီးပါ။ ဒါကြောင့် ဘုရားစာပဲ ဖိရွတ်ရင်း အမှတ်ကို မ၀ံ့မရဲ ကြည့်လိုက်တော့ .... ။
........ ......... ..........
........ ......... ..........
........ ......... ..........
***
ဝှူး .....

သက်ပြင်း ကြီးကြီးတခုကို ကစဥ့်ကလျားနဲ့ ချလိုက် မိပါတော့တယ်။
***
မေဓာဝီ
၃၁၊ မတ်၊ ၂၀၀၈
၂၂း၂၅ နာရီ
(စာမေးပွဲတော့ တဘာသာ ပြီးသွားပါပြီ။ စာပြန်ရေးဖို့တော့ ကြိုးစားရပါဦးမယ်။ ကျမဘလော့ကိုလာလည်သူ၊ ဖတ်ရှုသူ၊ ကွန်မန့်ရေးသူ အပေါင်းကို ကျေးဇူးတင်ပါကြောင်း။ )

Read More...

Saturday, March 01, 2008

ကြောင်နဲ့ ငှက် ပြဇာတ်

ဒီပို့စ်ကို ရေးပြီးရင် ကျမ နားပါဦးမယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ကြိုက်လွန်းလို့ အတုခိုးပြီး ကြိုးစား ရေးကြည့်မိတာပါ။ အစစ်ခိုးတာ မဟုတ်ဘူး၊ အတုပဲ ခိုးတာဆိုတော့ တူလည်း မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ကျမ ဘလော့ရဲ့ ၄၀၀ ပြည့် ခြေလှမ်းအဖြစ် အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကြောင်နဲ့ ငှက် ပြဇာတ်
***
(ပုံပြင် - ပြဇာတ်)
***
လွန်လေပြီးသော၊ ရှေးသရောအခါ၊ တောဝနာလယ်၊ လျှိုမြောင်စွယ်မှာ၊ ကျင်လည်ကျက်စား၊ သတ္တ၀ါများရဲ့ အကြား၊ ကြောင်ပါးတကောင်၊ ယောင်တောင်တောင်နဲ့ နေသတဲ့။

ထိုကြောင်ပါးလျှင်၊ အစားမင်လျက်၊ ကြွက်မဲ ကြွက်ဖြူ၊ ကြွက်ဆူ ကြွက်ဖြိုး ၊ ကြွက်ဆိုး ကြွက်ကောင်း၊ ကြွက်ဖလောင်း မချန်၊ တွေ့သမျှ နှံလေသတဲ့။

ကြွက်သားစားရ၊ ဗိုက်ဝသော်ငြား၊ ကြောင်ပါးငြီးငွေ့၊ ကြွက်များကို ခံတွင်း မတွေ့ဘဲ၊ တတ်သရွေ့ မှတ်သရွေ့ကြံ၊ ပျံနေတဲ့ငှက်၊ ချဉ်ချဉ်းတပ်ကာ၊ အစာရှာနေကြတဲ့၊ စာဝါမလေးတွေနား၊ ယောင်လည်လည် သွားပြီး ...

"ကျနော် ကြောင်ပါး၊ မရှောင်ရှားကြလေနဲ့၊ တကယ့်ကရုဏာရှင်၊ မယုံလျှင် ခင်ကြည့်၊ အသိအကျွမ်းဖြစ်ကာ၊ ငြိစွမ်းချစ်မှာဆိုလည်း၊ အမြဲတမ်းလိုလို၊ 'ကိုကို'ကြောင့် နှလုံးသား၊ တံခါးဖွင့်လျက် ကြိုဆိုနေပါတယ်၊ လာလှည့်ပါကွယ် ..."

ကြောင်လည်က မြှူဆွယ်တဲ့အခါ၊ ကိုယ်ခန္ဓာသေးကွေး၊ ကျလိကျလိ အသံပေးတဲ့၊ စာကလေးငှက်မက ...

"ကရုဏာပို၊ ကြောင်ကိုကိုရယ်၊ ရှင့်ကို ကျမ၊ ခင်လိုလှသော်လည်း၊ စာမ-နှင့်ကြောင်၊ ကြောင်နှင့် စာမ၊ ဘယ်လို နီးစပ်နိုင်ပါ့မလဲ၊ စဉ်းစားပဲ ကြည့်ပါရှင်၊ ဟောဟိုမှာ မြင်လား၊ သစ်ပင်ထက်ဖျား၊ အသာနားနေတာ၊ (ကျမရဲ့ ချစ်လှစွာသော) မောင်မောင်စာလေ၊ စာ-စာ ချင်း ဂဟေဆက်၊ အသက်ပေးပြီး မြတ်နိုးတာမို့၊ ဆောရီးပါ ကိုကိုကြောင် ... လို့"

စာဝါမ စကား၊ ကြောင်ပါးကြားတော့၊ ငေါ့တော့တော့နဲ့၊ မဲ့ရွဲ့ကာ ဆိုပါတယ်။

"တယ် ... စကားများလှ၊ စာဝါမ၊ နင့်စကားတွေ နားခါးလှပေါ့၊ နင့်ကို စားရ၊ ငါဝမှာလည်း မဟုတ်၊ တလုပ်စာတောင်မှ မရှိ၊ သေးတိသေးကွေး၊ နင့်လို အကောင်လေးတော့၊ ငါ ဝေါင်ဝေါင်ရှေးရော့မယ်၊ ဟယ် ... ဟိုရှေ့အနား၊ ညည်းတွားငိုယို၊ ခိုမကလေးပါလား၊ သနားစရာ ..."

ပြောပြောဆိုဆို၊ ခိုမလေးအနား၊ သူကပ်သွားပြီး ...

"သနားဖွယ်ငို၊ မရွှေခိုရယ်၊ အဘယ်ကြောင့် ငိုညည်း၊ 'ကိုကြီး' ကို ပြောပါ့ကွယ်၊ ကယ်နိုင်ရင် ကယ်မှာပေါ့၊ မကယ်နိုင်တော့လည်း၊ အသည်းစကားလေးများ၊ ကိုကြီးက ပြောကြားရင်၊ ရွှေနားတော်ဆင်တဲ့အခါ၊ ဝေဒနာ သက်သာမယ် မဟုတ်လား၊ ရွှေနှုတ်တော်ဖျားက၊ စကားလေးများ ပြောပါဦး"

"ကျေးဇူးကြီးမား၊ ကိုကြီးကြောင်ပါးရှင့်၊ ရင်နှင့်အမျှ၊ ချစ်ပါရတဲ့၊ ကျမ အချစ်ပို၊ ကိုကိုခိုက၊ ကျမကို အထင်လွဲလို့၊ ရင်ကွဲနာ ကျနေတာပါရှင်၊ ဖြစ်နိုင်လျှင်တော့၊ ဟော့ဒီသ၀ဏ်လွှာ၊ ကိုကို့ဆီ ပါးပေးပါ၊ ကျေးဇူးကမ္ဘာ တင်လိုက်ပါရဲ့"

ဖွဲ့နွဲ့ပြီးဆို၊ မရွှေခိုက၊ ရုတ်တရက်ထ၊ ပျံသန်းသွားရလေတော့၊ ကြောင်ပါးကြီး မော့တော့တော့ ကျန်ခဲ့ကာ ...

"သြော် ... ဒုက္ခ၊ ခို 'လတရ' နဲ့မှ၊ တွေ့ရပါပေတယ်၊ တော်ပါကွယ် သွား .. သွား၊ ရည်းစားစာများတောင် ပါးခိုင်းနေသေး၊ နင့်အသွေးအသား၊ ငါမစားလို၊ ငါပါ ငိုမိနေမှာစိုးလို့"

ဆိုကာ ဟိုရှာ ဒီရှာ ရှာပြန်တော့၊ ရေကန်တကန်ထဲ၊ ၀မ်းဘဲမ တကောင်ကို တွေ့ပြန်သတဲ့။

"အင်း ... ငှက်လည်း ၀မ်းဘဲ၊ ၀မ်းဘဲလည်း ငှက်၊ ဇာတ်ချင်း တူတူပါပဲ၊ ပျံနေတဲ့ ငှက်မရလည်း၊ ရေထဲက ၀မ်းဘဲပဲ၊ ပွဲတော်တည်ရအောင်၊ ကြံဆောင်ပါဦးမှ"
ရေကန်အစပ်၊ ပြီတီတီနဲ့ ကပ်ပြီး ...

"စိမ်းလဲ့နဒီ၊ ရေသီတာထက်၊ ကူးခတ် မြည်တမ်း၊ အို ... ၀မ်းဘဲမမ၊ အလှကွန်းခို၊ မြကျွန်းညိုထက်၊ အသာအယာတက်လို့၊ မိတ်ဆက်စကား၊ ပြောကြားရအောင်၊ ဟောဒီ 'မောင်' က၊ ဖိတ်မန္တက ပြုပါတယ် ခင်ဗျား"

ကြောင်ပါးရဲ့ ဖိတ်ကြားချက်၊ ၀မ်းဘဲမ လက်မခံ၊ တဂတ်ဂတ် မြည်သံပေးကာ၊ ခုလို ဆိုပါတယ်။

"မျက်လုံးပြူးပြူး၊ နဖူးပြောင်လက်၊ ပါးစပ်က ကျယ်၊ အစွယ် တဖွေးဖွေးနဲ့၊ အမောင် ကြောင်ကလေးရေ ... ၊ အမောင်ရဲ့ ဖိတ်ကြားချက်၊ မမ လက်ခံချင်ပါရဲ့၊ ဒါပေမဲ့ကွယ်၊ မမရဲ့ ကလေးများ၊ ရေကစားနေကြတာ၊ ခုထိ မလာသေးလို့၊ ရင်မအေးနိုင်၊ မှိုင်နေတဲ့ မမမှာ၊ မြကျွန်းညိုထက်၊ မတက်နိုင်တာ၊ ခွင့်လွှတ်ပါကွယ်"

ဝမ်းဘဲမ စကားအဆုံး၊ ၀ုန်းကနဲ နောက်ပြန်လှည့်ပြီး

"ကလေးတွဲလောင်း၊ သံယောဇဉ်ပေါင်း များစွာပို၊ ဘဲအိုမကြီးအသား၊ ၀ါးရခက်မှာ စိုးသကွယ့်၊ ဘေးမဲ့သာပေးလိုက်မယ်၊ ဟယ် ... ခုထက်ထိအောင်၊ ငှက်တကောင်မှ၊ ငါမရသေးပါလား"

ဗိုက္ထဲက တဂြီဂြီ၊ အော်မြည်နေတဲ့ ကြောင်ကြီးဟာ၊ စပျစ်သီး ချဉ်ပြီးတဲ့ သကာလ၊ နောက်ထပ်ငှက်များကို မြှူဆွယ်ရအောင်၊ ကြံနေပြန်သတဲ့။

ကံအားလျော်စွာ၊ တနေရာအရောက်၊ သစ်ခြောက်ပင်ခြေရင်း၊ ၀ပ်ဆင်းပြီး နေဆာလှုံနေတဲ့၊ ငှက်မငယ်တကောင်ကို တွေ့ပါရော ... ။

ငှက်ငယ်မအနား၊ သူကပ်သွားပေမဲ့၊ ငှက်ငယ်က မလှုပ်ယှက်၊ ငြိမ်သက်လျက် နေလေတော့ ...

"မလှုပ်မယှက်၊ လွန်ငြိမ်သက်လျက်၊ ရင့်ကျက်တည်ကြည်၊ နေနေသည်မှာ၊ အဘယ်မည်သော ငှက်များပါလိမ့်၊ တစိမ့်စိမ့်ကြည့်ကာ၊ သိချင်လာသဖြင့်၊ မေးပါရစေ ... နှမရေ .."

ချိုသာဖွဲ့နွဲ့၊ ကြောင်ရဲ့စကား၊ ငှက်ငယ်မ ကြားတဲ့အခါ၊ နေဆာလှုံရာမှထ၊ အတောင်ကို မ-လျက်၊ မတ်တပ်ကလေး ရပ်တဲ့ပြီး ...

"အို ... ကြောင်အဆွေ၊ ငြိမ်သက်တဲ့ ဣနြေ္ဒနဲ့၊ သစ်ပင်ခြေရင်း၊ ၀ပ်ဆင်းနေတဲ့ ကျမဟာ၊ အတောင်တဘက် ပျက်လို့၊ ပျံသန်းရခက်နေတဲ့၊ ဆက်ရက်မ ပါပဲရှင်"

"ဖြစ်ရလေကွယ်၊ ဘယ့်နှယ်ကြောင့် အတောင်တဘက်၊ ကျိုးပျက်ခဲ့ရပါသလဲ၊ နည်းနည်းလောက် သိခွင့်ပြုပါလား"

"ဒီလိုပါရှင်၊ တခါတရက်၊ အစာရှာထွက်ရင်း၊ သစ်ပင်ထက် နားနေတုန်း၊ ဗြုန်းဆို ... လေးခွကိုစမ်း၊ လက်သရမ်းတဲ့၊ သကောင့်သားရဲ့ လောက်စာလုံး၊ နှလုံးသားဆီ ၀င်လာခိုက်၊ အတောင်နဲ့ အမြန်ကာလိုက်တော့၊ အတောင်ကို တည့်တည့်မှန်၊ ဘယ်တောင်ပံ ကျိုးသွားရတဲ့၊ ကံဆိုးသူ ကျမပါရှင်"

"ဟင် ... သနားစရာ၊ မအ၀ှါရယ်၊ လာ ... လာ ကျနော့်အနား၊ နာကြင်မှုများကို ကုသ၊ ပြုစုယုယလျက်၊ တသက်လုံး ကြင်နာပါ့မယ်၊ အစာလည်း ရှာပေး၊ ရေအေး ရေပူ၊ မငြူစူရအောင်၊ ဆောင်မ ကြည့်ရှု၊ ဂရုစိုက်မှာမို့၊ ကိုယ့်ဆီကိုလာ၊ မကြောက်ပါနဲ့ မအ၀ှါ ..."

ညောင်နာနာ အသံပေး၊ ကြောင်အိုပေမှေးရဲ့ စကားအဆုံး၊ ဆက်ရက်မ အသည်းနှလုံးမှာ၊ ဖရဏာပီတိ၊ ဂွမ်းဆီထိသလို၊ တအိအိငြိတွယ်၊ ယုံလွယ်မိလေတော့သတဲ့။ ဒီလိုနဲ့ .. ကြောင်ပါးနဲ့ ဆက်ရက်မ၊ စကားစမြည် အချီအချ၊ ပြောနေကြတာ အတော်ကြာပြီး၊ အလွန်ရင်းနှီးသွားခါမှ၊ တစတစ၊ ဆက်ရက်မအနား၊ သူ ကပ်သွားပြီး ...

"ကဲ ... ဒီတခါတော့ မလွတ်တမ်း၊ ငါ အမိဖမ်းလိုက်ချေမှ၊ ၀မ်းကလည်း ဟာလှပြီ၊ ဆာသမှ လောင်မတတ်မို့၊ အတောင်တဘက်ကျိုးတဲ့၊ ကံဆိုးမ ရေ ... ဘုရားသာ တ-ပေတော့"

"ဟင် ... ရှင် ... ရှင် ... ကြင်နာချင်ယောင်ဆောင်တဲ့၊ ကြောင်သူတော်ပါလား၊ ဘုရား ... ဘုရား၊ ရှင့်လို ကြောင်စား၊ ယုံမိမှားတဲ့ ကျမ၊ ကံဆိုးမ သွားလေရာ၊ မိုးလိုက်လို့ ရွာပါပေါ့၊ တခုတော့ တောင်းပန်ပါရစေ၊ မသေခင်လေး၊ ဘုရားကန်တော့ခွင့် ပေးပါရှင်"

ဆက်ရက်မရဲ့ တောင်းပန်ချက်၊ ကြောင်ပါးကြီး လက်ခံတဲ့အခါ၊ အတောင်နှစ်ဘက်ကို ယှက်မိုး၊ ဘုရားရှိခိုးရင်း၊ ဆက်ရက်မ ငိုချင်းချသတဲ့။

"ဘုရားသခင်၊ အို ... အရှင်၊ အကြင်ကြောင်ပါး၊ မုသားချိုချို၊ လိမ်ညာဆိုစကား၊ ကျွန်တော်မျိုးမ ယုံစားကာ၊ မေတ္တာရှေ့ထားလျက်၊ အသက်ထက်မြတ်နိုး၊ အားကိုး ခဲ့မိပါသည် ဘုရား၊ ဤအမှန်တရား၊ သစ္စာစကားသည်၊ ထာဝရတည်လျက်၊ ထက်မြက်စူးရှပါစေသား၊ အရှင်ဘုရား ... "

ဆက်ရက်မ ငိုချင်း၊ နားကြားပြင်းကတ်၊ ကြောင်အငတ်က၊ ဖျတ်ခနဲ ခုန်အုပ်၊ ဂုတ်ကိုလှမ်းဆွဲ၊ လည်ကိုအခဲမှာ၊ ဆက်ရက်မ ခမျာလည်း၊ သေပွဲဝင်သွားရှာသတဲ့။

"စားရကံကြုံတော့၊ တချက်အခုန်ပါပဲလား၊ ဟား ဟား ဟား၊ ဘယ်နားက စ၊ စားရပါ့မလဲ၊ အဲ ... ရင်ကိုခွဲပြီး၊ အသည်းကိုစားရင်၊ အားအင်ပြည့်ဖြိုးတယ်ဆိုလား၊ ကြားဖူးတာပဲ၊ ကဲ ... ခွဲပဟ"

ငတ်ကြီးကျတဲ့ ကြောင်ပါး၊ ဘယ်တောင်ပံကိုချန် ကျန်တာတွေ အကုန်စားပြီး၊ သွားကြားလေး ထိုးနေရင်း၊ သူစဉ်းစားပြန်တယ်။

"အင်း ... ဒီတောင်ပံကို ကင်၊ ဘီယာနဲ့ မြည်းလိုက်ရရင်တော့၊ အာဂပါးစပ်၊ ကြောင်ဖြစ်ကျိုး နပ်မှာပ၊ ငတ်ခဲ့သမျှ၊ အတိုးချလို့၊ အရိုးက မကျန်ဝါး၊ တိုင်းဂါးလေး ဖောက်၊ တကျိုက်လောက် မြို၊ လောကစည်းစိမ်ကို ခံဦးမှ"

ဘီယာတကျိုက်၊ တောင်ပံတကိုက်နဲ့၊ နှစ်ခြိုက်ပျော်မြူး၊ စည်းစိမ်ယစ်မူးနေဆဲ၊ တောင်ပံထဲက အရိုးတချောင်း၊ သူ့လည်ချောင်းမှာ စိုက်သွားလေတော့တယ်။

"အ.. အာ ... အား ....၊ ဘယ့်နှယ့်များပါလိမ့်၊ ကြောင်ပါး အရိုးမျက်၊ နေရခက်လှဘိ၊ မခံချိ မခံသာ၊ လည်ချောင်းနာလှချည်ရဲ့"

မဲ့တဲ့တဲ့ဆို၊ ကြောင်ပါးအိုက၊ ထွေးမြိုမရ၊ လည်ချောင်းဝက အရိုး၊ ထုတ်ဖို့ သူကြိုးစားရာက၊ ဆက်ရက်မစကား၊ နားထဲမှာ ကြားယောင်မိလာတယ်။

"ဆက်ရက်မ သစ္စာ၊ ငါ့လည်ချောင်း လာစူးရပြီ၊ သေသည်ထိ ဒုက္ခ၊ ပေးလှတဲ့ ဆက်ရက်မ၊ (အင်း ... ဘာပဲဖြစ်ဖြစ်) ကောင်းရာဘ၀ ရောက်ပါစေ၊ အမျှဝေ ဆုတောင်း၊ လည်ချောင်းဝက အရိုး၊ တဟုန်ထိုး ထွက်ပါစေသား၊ အရှင်ဘုရား"

လိမ်လည်လှည့်ဖျား၊ မုသားပြည့်လျှံ၊ ကြောင်ပါးရဲ့ ဆုတောင်းသံကို၊ ဗြဟ္မာ သိကြား၊ နတ်အများက၊ ဥပေက္ခာပြု၊ လစ်လျူရှုလိုက်ကြလေတော့၊ ကြောင်မိုက်ကြီး အဖြစ်ဆိုး၊ နင်နေတဲ့ အရိုးဟာ၊ တသက်တာလုံး စူး၊ ဘယ်လိုမှ နှုတ်မရတော့ဘူး ... တဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ... ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ဟာသ သက်သက် ရေးထားခြင်းမျှသာ ဖြစ်ပါကြောင်း ... ။ :)
***
မေဓာဝီ
၂၇၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၃း၃၀ နာရီ

Read More...

Friday, February 29, 2008

နားလည်ပေးကြပါစေကြောင်း

ကျမဘလော့ကို လာရောက်လည်ပတ် ဖတ်ရှုသူများကို တခုလောက် တောင်းပန်ချင်ပါတယ်။ ကျမ အခု ပို့စ်တွေ ပြန်တင်နေတာဟာ အိမ်နဲ့ သဘောတူညီချက် ရလို့ မဟုတ်ပါဘူး။ မရေးရ မနေနိုင်လို့ ရေးထားတာလေးတွေ လောလောလတ်လတ် တင်ချင်တာလေးတွေ ရှိနေလို့ သိခါမှ သိရော .. ဆူလည်း ခံလိုက်မယ်ဆိုပြီး တင်နေမိတာပါ။

တင်သာတင်ရတယ်၊ သိပ်တော့ အဆင်မပြေလှပါဘူး။ ဟိုတခါကတည်းက အင်တာနက် အသုံးပြုခွင့် ရပ်လိုက်ပြီး အီးမေးလ်တောင် အမက တာဝန်ယူပြီး စစ်ပေးနေတာပါ။ သူ့အိမ်က ကွန်ပျူတာကိုလည်း ကျမ သုံးမရအောင် ပါ့စ်ဝေလုပ်လိုက်တယ်၊ ဦးရီးတော် အိမ်က အင်တာနက်ကလည်း ဖုန်းလိုင်းနဲ့ ချိတ်ဆက်ထားတာမို့ သုံးသမျှ ဖုန်းဘေလ်လာရင် အကုန်ပေါ်တာနဲ့ နောက် မသုံးရဲတော့ပါဘူး။

အရေးအကြောင်းဆို လိုင်ဘရီမှာ သွားသုံးလို့ ခွင့်ပေးထားတာနဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး တနေ့ ၁-နာရီ အခမဲ့ သုံးခွင့်ရတဲ့ အိမ်နားက လိုင်ဘရီမှာပဲ သွားသုံးနေရပါတယ်။ နောက်ထပ် နာရီပိုသုံးရင် ၁-နာရီကို ၁ ကျပ် ခွဲ ပေးရမှာဆိုတော့ ပိုက်ဆံ တပြားမှ မရှာနိုင်သေးတဲ့ ကျမ ၁-နာရီ ၁ ကျပ်ခွဲလည်း မသုံးရဲပါဘူး။

ဒါကြောင့် အလကားရတဲ့ ၁-နာရီလေးမှာ မေးလ် အမြန်စစ်၊ စာအမြန်ရိုက်ပြီး တင်ရတာမို့ တချို့စာတွေလည်း သိပ် စိတ်တိုင်းမကျလှပါဘူး။ ပြီးတော့ ဘယ်ဘလော့မှလည်း မဖတ်နိုင်၊ ကွန်မန့်တွေလည်း မပြန်နိုင်တာမို့ တာဝန်မကျေသလိုလည်း ခံစားနေရပါတယ်။

အခု ဒီပို့စ်က ကျမရဲ့ ၃၉၉ ခုမြောက် ပို့စ်ပါ။ ကျမ စဉ်းစားထားတာက ၄၀၀ ပြည့်အထိ တင်ပြီးရင် ခဏ ပြန်နားဦးမလို့ပါပဲ။ မနားလို့လည်း မဖြစ်တော့ဘူး စာမေးပွဲ ဖြေရဦးမှာမို့ပါ။ စာမေးပွဲလေး အောင်သွားရင်တော့ ကျမ အမနဲ့ ညှိပြီး စာပြန်ရေးလို့ရအောင် ကြံပါဦးမယ်။ ရေးချင်တာတွေက များလွန်းလို့ မေ့မသွားအောင် သွားသမျှ နေရာတွေ ဓာတ်ပုံရိုက်သိမ်း၊ စာတွေကို ဒိုင်ယာရီထဲမှာ တေးမှတ်ထားရပါတယ်။ (ဒုက္ခက ကြီးပါပေ့)

ကိုယ့်အပြစ်နဲ့ကိုယ်၊ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ... ကျမ ဘလော့ကို လာရောက် လည်ပတ်သူ၊ ဖတ်ရှုကြသူ၊ မှတ်ချက်လေးတွေ ရေးပေးသွားကြသူ အားလုံး ကျမ တာဝန် မကျေနိုင်သေးတဲ့အတွက် နားလည်ပေးကြဖို့ ဒီပို့စ်နဲ့ တောင်းပန်လိုက်ပါတယ်။
***
မေဓာဝီ
၂၉၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၁း၂၈ နာရီ

Read More...

Thursday, February 28, 2008

ကျမရဲ့ အတ္တ

***

ဇန်န၀ါရီလ ၁၀-ရက်၊ ကြာသပတေးနေ့။

အဲဒီနေ့က ကျောင်းမှာ ကျမတို့ အုပ်စုက ဥယျာဉ်စိုက်ပျိုးရေးနဲ့ သန့်ရှင်းရေး (Gardening & Cleaning Action) တာဝန်ယူရပါတယ်။ ကျမတို့ အုပ်စုဆိုတာက အာဖရိကန်သူ စန္ဒရာ၊ ဂျပန်မလေး ခ့န့ကို၊ အမည်မသိ ကျောင်းသူသစ် ဘရာဇီးသူမလေးနဲ့ ကျမပါပဲ။ လာမယ့် စနေ၊ တနင်္ဂနွေ (Study weekend) မှာ တခြားမြို့က ကျောင်းသူ ကျောင်းသားတွေ ကျောင်းကို လာကြမှာမို့ ကျောင်းဥယျာဉ်ကလေး လှလှပပဖြစ်အောင် ကျမတို့က ပြုပြင် ပြင်ဆင်ပေးရမယ် ဆိုပါတော့။

အမှန်အတိုင်း ပြောရရင် စိုက်ပျိုးရေးနဲ့ ကျမ တော်တော်လေး ဝေးလှပါတယ်။ သစ်ပင် ပန်းပင်တွေကို ချစ်သာ ချစ်ပေမဲ့ ငယ်ငယ်ကတည်းက လူကြီးတွေခိုင်းလို့ သစ်ပင်၊ ပန်းပင်တွေ ရေလောင်းရတာက လွဲရင် ဘာပင်မှ ဟုတ်တိပတ်တိ မစိုက်ခဲ့ဖူးပါဘူး။ အခု ဂါးဒန်းနင်း ဆိုတော့ သူများနင်းရင် လိုက်နင်းရတာပ ဆိုပြီး ကိရိယာ တန်ဆာပလာတွေယူ၊ ညစ်ထေးထေး လက်အိတ်ထူထူကြီး စွပ်ပြီး ပန်းပင်တွေ အနား ရောက်သွားခဲ့ပါတယ်။ တကယ်တော့ ဘာမှ ထွေထွေထူးထူး လုပ်ရတာ မဟုတ်ပါဘူး။ ကျောင်းက ဥယျာဉ်မှူး ဂျာမန် ဦးလေးကြီး ခိုင်းတာ လိုက်လုပ်ရုံပါပဲ။

ဆောင်းတွင်းဘက်မို့ ခြောက်ပြီး သေနေတဲ့ အပင်တွေက ကိုင်းတွေကို ချိုးရ၊ ဖြတ်ရတယ်။ ပန်းပင်တွေ ကြားမှာ ပေါက်နေတဲ့ ပေါင်းပင်၊ မြက်ပင်တွေကို နှုတ်ပစ်ရတယ်။ ပြီးတော့ အပင်တွေ နံဘေးမှာ မြေကြီးတွေကို ပွပွရွရွလေး ဖြစ်အောင် တူးဆွပေးရတယ်။ ဒီလောက်ပါပဲ။ ခက်တာက ကျမတို့ အားလုံး ပေါင်းပင်နဲ့ ပန်းပင် မခွဲတတ်ဘူး။ ပန်းပင်ထင်လို့ ချန်ထားရင် ပေါင်းပင် ဖြစ်နေတယ်။ ဥယျာဉ်မှူးကြီးက တဟဲ့ဟဲ့နဲ့ ကျမတို့ကို လိုက်လိုက် ဟန့်တားနေရတယ်။

ပန်းရုံလေးတွေ ပြုပြင်ပြီးတော့ တောအုပ်ကလေး နံဘေးက လမ်းကလေးမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ လှည်းကျင်းရပြန်ပါတယ်။ ရိုးတံရှည်ရှည် ထွန်ခြစ်ကြီးနဲ့ သစ်ရွက်ခြောက်တွေကိုစု ကျင်းထဲထည့်၊ အဲဒီ အလုပ်ကတော့ တော်တော်လေး ပင်လည်း ပင်ပန်း လက်အံလည်း သေပါတယ်။ နဂိုက လက်ကြော သိပ်မတင်းတဲ့ ကျမ- ထွန်ခြစ်ကြီးကို မနိုင့်တနိုင် မ-ရတာကိုက ပင်ပန်းလှပြီလေ။ ဒါပေမယ့် ဒီကျောင်းကို ရောက်ကတည်းက ပင်ပင်ပန်းပန်း အောက်တန်းကျကျ ဘာပဲလုပ်ရလုပ်ရ၊ ကုသိုလ်ရတယ်လို့ သဘောထားမယ် ဆိုတဲ့ စိတ်နဲ့ နေခဲ့တာမို့ ဒါတွေကို ပျော်စရာလို့ပဲ သဘောထားခဲ့တယ်။ ကိုယ်တယောက်ထဲ လုပ်ရတာမှ မဟုတ်ဘဲ။ အများနဲ့ ဆိုတော့… စကားတပြောပြော ရယ်ရယ်မောမောနဲ့ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကျမတို့ လုပ်နေချိန်မှာ ဘရာဇီးသူမကလေး ပျောက်နေတယ်။ ပန်းရုံတွေ ရှင်းနေကတည်းက ပျောက်သွားလိုက်တာ ပြန်ကို ပေါ်မလာတော့ဘူး။ ကျမတို့ ခဏနားချိန် ကော်ဖီသောက်ဖို့ ထမင်းစားခန်းထဲ ၀င်တော့မှ မရွှေချောကို တွေ့ရတယ်။ အကျိုးအကြောင်းမေးတော့ ခါးနာလို့ မလုပ်နိုင်ဘူး ဆိုပဲ။ ကျမတို့ ၃-ယောက် သူ့ကို တော်တော်လေး တင်းသွားကြပါတယ်။ စန္ဒရာက-

`သူ… အလုပ်မလုပ်ချင်လို့ အကြောင်းပြတာ´ လို့ မှတ်ချက်ချပါတယ်။

`အလုပ်မလုပ်ချင်ရင် ဘာလို့ ဒီကျောင်းကို လာတက်သေးလဲ၊ ဒီမှာနေရင်တော့ ဒီကခိုင်းတာ လုပ်ရမှာပဲ´ လို့ ကျမကလည်း မကျေမနပ်နဲ့ ပြောမိတယ်။

`အင်းလေ… သူဒီလို လုပ်ဖို့ မကောင်းဘူး´ ဂျပန်မလေးကလည်း ထောက်ခံတယ်။

နောက်တော့ ဥယျာဉ်မှူးကြီးနဲ့ အတူ လယ်ထွန်စက်ကြီး စီးပြီး Green House ကိုသွား၊ အဲဒီထဲမှာ မြေဆွေးတွေ ဆန်ကာတိုက်၊ အိုးလေးတွေထဲထည့် စတာတွေ လုပ်ပြီး နေ့လည်စာ စားချိန် ရောက်ခဲ့ပါတယ်။ ကျမအတွက်တော့ အဲဒီအလုပ်က အသစ်အဆန်းမို့ စိတ်ဝင်စားစရာ ပျော်စရာပါပဲ။ ဗမာပြည်မှာတုန်းက တခါမှ မစီးဖူးတဲ့ လယ်ထွန်စက်ကြီးလည်း စီးခဲ့ရတာကိုး။ နေ့လည်စာစား ခဏတဖြုတ်နားပြီးတဲ့အခါ ကိုယ့်အဆောင်ထဲ သန့်ရှင်းရေး လုပ်ရမယ်တဲ့။ ကျမတို့ Malawi ဆောင်က အဆောင်တွေထဲမှာ အကျယ်ဆုံး အကြီးဆုံးပါပဲ။ သန့်ရှင်းရေး တာဝန်ကို စန္ဒရာက ခွဲတမ်းချပေးပါတယ်။

`ငါနဲ့ ခ့န့ကိုက အပေါ်ထပ် တထပ်လုံး တာဝန်ယူမယ်။ မေ.. နင်က အောက်ထပ် ဧည့်ခန်းနဲ့ ကော်ရစ်ဒါကို တာဝန်ယူပေး။ အိုကေလား´

`အင်း… ဖြစ်ပါတယ်´

`ဟို ဘရာဇီးမကို မီးဖိုချောင်နဲ့ အိမ်သာဆေးဖို့ တာဝန်ပေးလိုက်မယ်´

အားလုံး သဘောတူညီချက်နဲ့ အသီးသီး ရှင်းကြလင်းကြပါတယ်။ ကျမ လုပ်ရတဲ့ ဧည့်ခန်းကြီးက အကျယ်ကြီး။ တီဗွီကြည့်ရင်း လူတကာ စားသောက်ရှုပ်ပွထားတဲ့ ပန်းကန် ခွက်ယောက်တွေကလည်း ရှိသေး။ အဲဒီခွက်တွေ သိမ်း၊ ဆိုဖာတွေ နေရာတကျ ပြန်ချ၊ ကော်ဇောတွေ ဖုန်စုပ်၊ စာအုပ်တွေ၊ ဗီဒီယိုတိတ်ခွေတွေ စီစီရီရီလုပ်၊ ဧည့်ခန်း ပြီးသွားတော့ ကော်ရစ်ဒါက သစ်ပင်တွေ လှအောင် ပအောင်ထား၊ သစ်ရွက်ခြောက်တွေ ရှင်း၊ ဖုန်တွေသုတ်၊ ဖုန်တွေ စုပ်နဲ့ အားလုံးပြီးသွားတဲ့အခါ… မီးဖိုချောင်ထဲ ၀င်ကြည့်တော့ ဘရာဇီးသူမ တံမြက်စည်း တချောင်းနဲ့ မတ်တပ်ကလေး ရပ်နေတာ တွေ့ရတယ်။

`နင်ပြီးသွားပြီလား´

`ဒီဘက်က အိမ်သာ မဆေးရသေးဘူး… နင်ဆေးပေးမလားဟင်´

အဲ… မေးမိတာ မှားပါပေါ့။ ကဲပါလေ.. ကိုယ်က ပြီးနေပြီပဲ။ ကူလိုက်ပါမယ်လို့ တွေးပြီး…

`အေးအေး… ငါဆေးပေးမယ်´

`နင်… သေချာလား´

ဟမ်… သူက ကိုယ့်လာပြန်ချည်နေပါလား။ မဖြစ်ဘူး… အရင်ကြည့်ဦးမှ ဆိုပြီး..

`ခဏလေး.. ငါကြည့်အုံးမယ်… ဘယ်အိမ်သာတုန်း´

သူပြတဲ့ အိမ်သာက အောက်ထပ်မှာ အများသုံးနေကျ အိမ်သာမဟုတ်ပါဘူး။ ချောင်ကလောင်ထဲက အိမ်သာကလေ၊ အဲဒီအိမ်သာ ရှိမှန်း သတိတောင် သိပ်မထားဖြစ်ပါဘူး။ ဒါနဲ့ အိမ်သာထဲ ၀င်ကြည့်လိုက်တော့…

`အိုး… မိုင်ဂေါ့´

ဘိုလိုပဲ ဘုရားတ- လိုက်မိတယ်။ အလွန်ညစ်ပတ်လှစွာသော အိမ်သာပါလား။

`ဆောရီးပဲ… ငါ ဒီအိမ်သာ မဆေးချင်ဘူး´

ကမန်းကတန်း ငြင်းဆိုပြီး သူ့အနားက ခွါခဲ့တယ်။ စိတ်ထဲကလဲ ဒေါသတွေ ဖြစ်နေမိပါရဲ့။ ဘယ့်နှယ်… တမနက်လုံးလဲ အချောင်ခိုနေသေးတယ်။ ဒီညစ်တီးညစ်ပတ် အိမ်သာကြီး ငါ့လာဆေးခိုင်းရသလား။ ဟွန်း… ဘရာဇီးမ လူလည်ကျတယ်။ ငါ့လာကျောလို့ ဘာရမလဲ… မဆေးနိုင်ပေါင်။

မကျေမနပ်နဲ့ ထွက်လာတုန်း အပေါ်ထပ်က ဆင်းလာတဲ့ စန္ဒရာတို့နဲ့ တွေ့တော့ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်မိတာပေါ့။

`ဟင်… ဟုတ်လား၊ သူ ခုထိ မပြီးသေးဘူးလား။ ငါတို့တောင် အားလုံး ပြီးနေပြီ´

`ဘယ်ပြီးမလဲ… မီးဖိုထဲမှာ မတ်တပ်ရပ်နေတာကိုး´

`ငါ သွားကြည့်လိုက်ဦးမယ်´

ပြောပြောဆိုဆို စန္ဒရာက မီးဖိုဘက် ၀င်သွားတော့ ကျမနဲ့ ဂျပန်မ အပြင်မှာ ရပ်ပြီး စကားပြောနေခဲ့ကြတယ်။ ခဏအကြာ စန္ဒရာ ပြန်ထွက်လာပြီး…

`ဟင်းဟင်း.. ငါ သူ့ကို သွားမေးလိုက်တယ်… ပြီးပြီလား ဆိုတော့ အိမ်သာ မဆေးရသေးဘူးတဲ့… ငါ့ကိုလည်း ဆေးပေးမလားလို့ မေးတာနဲ့ ငါလည်း ဆေးပေးလိုက်တယ်´

`ဟင်… စန္ဒရာ… နင် အဲဒီ အိမ်သာ ဆေးလိုက်တယ်ပေါ့´

`အင်း… တကယ်တော့ ဒါဟာ ဘာမှ အပန်းမကြီးပါဘူးဟာ… ရွံစရာလို့ သဘောထားရင် ရွံစရာပေါ့… ရွံစရာလို့ သဘောမထားရင် ရွံစရာ မဟုတ်တော့ပါဘူး။ ငါဆေးပေးမယ်လည်း ဆိုရော သူက ဘာပြောတယ် မှတ်လဲ… နင်က သိပ်ကြင်နာတတ်တာပဲတဲ့… ဟားဟား ငါမဆေးပေးရင် ငါက ကြင်နာတတ်သူ မဟုတ်တော့ဘူးပေါ့လေ… ရယ်ရတယ်…´

စန္ဒရာ ဆက်ပြောနေတဲ့ စကားတွေကို ကျမ မကြားတချက် ကြားတချက်။ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ရှက်ရွံ့စိတ်တွေ တလိပ်လိပ် ဖြစ်နေမိတယ်။

သူ့လို ကျမ ဘာလို့ သဘောမထားနိုင်ရတာလဲ။ ငယ်ငယ်ကတည်းက အမေက သင်ပေးခဲ့ပါတယ်။ ဘုရား ဆွမ်းတော်ကပ်ကပ်၊ ငှက်ကလေးတွေကို အစာကျွေးကျွေး… အစားအသောက်နဲ့ ပတ်သက်လို့ လှူဒါန်းတယ် ဆိုရင်..

`ကိလေသာ ဆာလောင်ခြင်း၊ ပကတိဆာလောင်ခြင်းမှ ကင်းရှင်းရပါစေ´ လို့ ဆုတောင်းဖို့…

တံမြက်စည်း လှည်းလှည်း၊ အိမ်သာဆေးဆေး… အညစ်အကြေး သန့်ရှင်းရေး လုပ်တဲ့အခါ…

`ကိလေသာ အညစ်အကြေး၊ ပကတိအညစ်အကြေး ကင်းဝေးရပါစေ´ လို့ ဆုတောင်းပြီး ကုသိုလ်စိတ်ကို မွေးဖို့… စသဖြင့် ပြောပြ ဆုံးမခဲ့တယ်။

ဒါပေမဲ့… ကျမဟာ အဲဒီလိုစိတ်လည်း မမွေးနိုင်ခဲ့ဘူး။

`ငါ့ကိုများ… အကျောကြီးနဲ့ ခိုင်းတယ်´ ဆိုတဲ့ မခံချင်စိတ်နဲ့ ငြင်းလိုက်ရတာကို ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေခဲ့မိတယ်။

တကယ်တမ်း ကျမဟာ ဗုဒ္ဓဘာသာတယောက် ဖြစ်လျက်နဲ့ မိဘဆရာသမားတွေရဲ့ အဆုံးအမတွေ နာယူခဲ့ရပါလျက်နဲ့ စန္ဒရာလောက်တောင် သဘောထား မကြီးနိုင်ခဲ့ဘူး။ အတ္တတွေ၊ မာန်မာနတွေကို မဖျောက်နိုင်ခဲ့ဘူး။

အဲဒီနေ့က အဖြစ်အပျက်လေးဟာ ကျမရဲ့ အတ္တကို ကျမ ကောင်းကောင်း သိမြင်ခဲ့ရသလို အလွန် ရှက်ရွံ့စွာနဲ့ သင်ခန်းစာ ရခဲ့မိပါတော့တယ်။

***

မေဓာဝီ
၂၇၊ ဖော်ဖော်ဝါရီ၊ ၂၀၀၈။
၁၀း၄၅ နာရီ။

Read More...

Tuesday, February 26, 2008

နှင်းဆီတပင်၏ နိဂုံး

နှင်းဆီတပင်၏ နိဂုံး
သို့မဟုတ်
ကန္တာရဆူးတပင်၏ နိဒါန်း


(ကဗျာပုံပြင်)

တခါတုန်းက ...
ဥယျာဉ်မှူး တယောက်ဟာ
သူ့ပန်းခင်းလေးထဲမှာ
မွှေးပျံ့လှပသာယာအောင်
နှင်းဆီ တပင် ပျိုးထောင်ခဲ့တယ်။

မြေသြဇာတွေကျွေး
ရေလောင်းပေါင်းသင်ပေးပြီး
ပန်းပင်ငယ်လေးကို ပြုစုယုယ
ကာလအတန်ကြာတဲ့အခါ ...
ပန်းကလေးတပွင့် ပွင့်လန်း
နီမြန်းတဲ့အသွေး
ပျံ့မွှေးတဲ့ရနံ့
ဥယျာဉ်ထဲမှာ ပျံ့နှံ့လို့
မခူးရက် မထိရက်
အရိပ်ကြည့်လျက် နေသတဲ့။

"ပန်းတပင်ရဲ့ အင်္ဂါ
ပြည့်စုံနေပါရဲ့ ...
ကြည့်လေ ... ဒီမှာ
အပွင့်က နီတျာတျာ
ညှာတံက စိမ်းမြမြ
လေယူရာ ယိမ်းကလို့
ဆူးတွေက ချွန်မြ
အဖူးတွေက ငုံပျ
ဘယ်လောက်များ လှလိုက်ပါသလဲ ..." တဲ့
ဥယျာဉ်မှူးက ဆိုတယ်။

"ပွင့်လန်းနေတဲ့ ပန်းနှင်းဆီဟာ
ငါတို့ရဲ့ ချစ်ခြင်းမေတ္တာတရား
နူးညံ့သိမ်မွေ့ခြင်းများ
သူ့ထံပါးမှာ ရှိနေတယ် ... ။

ရိုးတံပေါ်က ဆူးချွန်မြ
မာကျောဆူးရှ ထက်မြက်
ဆန့်ကျင်ဘက် အမုန်းတရား
ငါတို့ ရှောင်ရှားကြမယ်။

ငုံနေရှာတဲ့ နှင်းဆီဖူး
မျှော်လင့်ခြင်း အိပ်မက်ဦးလေ
ဘယ်အခါ ပွင့်ဝေလာမလဲ
ငါတို့လည်း မသိနိုင်ခဲ့ ... ။

ဒါပေမဲ့ ...
တချိန်ချိန်မှာ
အလှအပဆုံး ပန်းတပွင့်
လန်းတင့်လာမယ်ဆိုတာတော့
ငါတို့အတွက် အသေအချာပဲပေါ့ ..."

ဒီလိုနဲ့သူဟာ
နှင်းဆီပင်လေး နဘေးမှာ နေရာက
ကံကြမ္မာအလှည့်အပြောင်းတခုကြောင့်
သူ့ဥယျာဉ်လေးနဲ့ ခွဲခွါ
အဝေးတနေရာ ရောက်ခဲ့ရတယ်။

အဝေးကနေ
မယုယနိုင်တော့ပေမဲ့
စိတ်ထဲက တမ်းတလျက်
ယုံကြည်မျှော်လင့်ချက်တွေနဲ့
အိပ်မက်တွေ မက်နေခဲ့သတဲ့။

တနေ့ ...
အဲဒီနေ့က မှတ်မှတ်ရရ
ဖေဖော်ဝါရီလရဲ့
အလယ်တည့်တည့်ကျတဲ့နေ့ .. တဲ့။

အဲဒီနေ့မှာ
ဥယျာဉ်ကမ္ဘာလေးထံ
မရောက်ရောက်အောင် သူပြန်ခဲ့ပါရဲ့ ...
ဒါပေမဲ့ ...
... ... ...
... ... ...
ပြုစုခြင်းကင်းဝေး
ယုယမှု မပေးခဲ့လို့လေလား ...
သေဆုံးသွားခဲ့ပြီ
ချစ်လှစွာသော နှင်းဆီ ... ။

ဥယျာဉ်မှူးက ၀မ်းနည်းစွာ ငိုတယ် ... ။
"ချစ်ခြင်းမေတ္တာ ပန်းတပွင့်
ဘယ်အချိန်မှာ ကြွေလွင့်ခဲ့တာလဲ ...
မျှော်လင့်ချက် နှင်းဆီဖူး
ဘယ်သူချွေခူးသွားခဲ့တာလဲ ...
ငါ့ရဲ့ နှင်းဆီသခင်
ဘာကြောင့် မရှင်သန်ရတာလဲ ... "

နောက်ဆုံးမှာတော့
ယိုင်နဲ့နဲ့ ရိုးတံထက်မှာ ...
ဆူးတွေသာ ကျန်ရစ် ...
ဆူးတွေသာ ကျန်ရစ် ...
ဆူး ... တွေ ... သာ ... ကျန် ... ရစ် ... ခဲ့ပြီလေ ...

ဥယျာဉ်မှူးရဲ့ မျက်ရည်
ဆူးတွေပေါ်ကိုခ
ဆူးတွေပေါ် ကျတဲ့အခါ
ဆူးများစွာ ပြည့်လျှမ်း
ကန္တာရပန်းတပင်
အလိုလို ရှင်သန်လာလေတော့တယ်... ။

***
မေဓာဝီ
၁၈၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၁း၀၇ နာရီ

Read More...

Monday, February 25, 2008

ဆက်မရတဲ့ အဆုံး

မနက်က ...
စောစောစီးစီး အိပ်ရာထ၊ ညတုန်းက ဆေးထားတဲ့ ပန်းကန်တွေကို စင်ပေါ်လှမ်းတင်လိုက်ပြီး တဘက်လှည့်လိုက်တုန်း ...

ဝုန်း ... ချွလွမ် .. ခွမ် ... ချွင် ...

ဆိုတဲ့ အသံတွေနဲ့အတူ ပန်းကန်အထပ်လိုက် စင်ပေါ်က ပြုတ်ကျပြီး ကွဲကုန်ပါလေရော ... ။
တစစီ ကွဲနေတဲ့ ပန်းကန်ကွဲအပုံနား ငုတ်တုတ်ထိုင်ချရင်း ညစ်ညူးတဲ့စိတ်၊ နှမြောတဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေ ဖြစ်ရင်း
ဒီစင်ပေါ် မတင်လိုက်မိရင် အကောင်းသားဆိုပြီး နောင်တတွေ ရနေမိတယ်။ ပန်းကန်ကွဲ အပိုင်းအစ လေးတွေကိုလည်း ပြန်ရလိုရငြား ဟိုတစ ဒီတစ ဆက်ကြည့်နေမိသေးတယ်။

ဒီပန်းကန်တွေဆိုတာက ပြုတ်ကျတာနဲ့ ကွဲလွယ် အက်လွယ် ထိခိုက်လွယ်တဲ့ အမျိုးအစားတွေပဲ။ ကွဲပြီးသွားရင်လည်း ဘယ်လိုမှ ပြန်ဆက်လို့ မရနိုင်ပါဘူး။ ဒါကို သိနေရက်နဲ့ စိတ်ထဲ နှမြောလို့ ပြန်ဆက်ကြည့်နေမိတာပါ။

အစကတည်းက အမြင့်မှာတင်ရင် သေသေချာချာ ဂရုစိုက်ပြီး တင်ရမှာကို နမော်နမဲ့နဲ့ ပြီးစလွယ် တင်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရင်း ပန်းကန်ကွဲပုံကြီးနား စိတ်ညစ်ညစ်နဲ့ ထိုင်နေမိတယ်။

မဖြစ်နိုင်တဲ့အရာကို ကြိုးစားရတာ စိတ်ရော လူပါ ပင်ပန်းလွန်းလှတယ်။ တခါတလေတော့လည်း လစ်လျူရှုပြီး စိတ်ထဲက အားလုံးကို ထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲလို့ တွေးမိတာနဲ့ ... စိတ်ကို ဒုန်းဒုန်းချပြီး ...

ကွဲသွားပြီးတဲ့ အရာတွေကို မိုက်မဲစွာ ပြန်ဆက်ဖို့ မကြိုးစားတော့ဘဲ တံမြက်စည်းနဲ့လှဲ၊ ဂေါ်ပြားနဲ့ ကျုံးပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတော့တယ်။
***
မေဓာဝီ
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၀၈
၁၂း၁၅ နာရီ

Read More...

Saturday, February 23, 2008

စာနာစိတ်ရှိမယ် ဆိုရင်

ဖေဖော်ဝါရီ ၁-ရက်

အဲဒီနေ့က နှင်းတွေကျလို့ စီးနေကျ မက်ထရိုကို ၃-ခါ ပြောင်းစီးခဲ့ရတယ်။ မက်ထရို တစီးက နောက်တစီး ပြောင်းတဲ့အခါ ခရီးသည် အားလုံး လိုက်ပြောင်းကြတာမို့ ထိုင်စရာ နေရာမရတဲ့အပြင် အားလုံး ကြပ်ကြပ်သပ်သပ်နဲ့ စီးရတယ်။ ထုံးစံအတိုင်း အမြဲ နှေးကွေးတဲ့ ကျမကတော့ အတက်အဆင်း တံခါးပေါက်ဝ လောက်မှာ မတ်တပ်ရပ်လျက်ပေါ့။ အဲဒီလို စီးနင်းလိုက်ပါလာရင်း ရန်ကုန်က ဘတ်စ်ကား ကြပ်ကြပ်တွေကို သွားသတိရမိရာက ဘတ်စ်ကားရဲ့ ဒုက္ခတွေကိုပါ ပြန်တွေးနေမိပါတယ်။
***
ပထမစဉ်းစားမိတာက ကားပေါ်က ခါးပိုက်နှိုက်ပေါ့။ ရန်ကုန်တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေတုန်းက ကျမ ခါးပိုက်နှိုက် ခံရဖူးပါတယ်။ လဆန်းရက် ကျူရှင်လခပေးဖို့ ပိုက်ဆံတွေ အကုန်ပါသွားတော့တာပဲ။ နှမြောလည်း နှမြော၊ လူလည်ကျတဲ့ ခါးပိုက်နှိုက်ကို ဒေါသလည်း ဖြစ်နဲ့ မျက်ရည် ပေါက်ပေါက်ကျမိပါရဲ့။ ကြီးတော်ကြီးက သနားပြီး ပိုက်ဆံ ပြန်ပေးပေမဲ့ ဟိုပိုက်ဆံကိုလည်း နှမြောတုန်းပဲ။ အဲဒီ ခါးပိုက်နှိုက် ကို အမှုန့်ကြိတ်ပစ်ချင် လောက်အောင် ဒေါသဖြစ်ခဲ့တာ။

ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ကိုယ့်ပိုက်ဆံလေးဟာ သူ့မိသားစု အထိုက်အလျောက် စားဝတ်နေရေး ပြေလည်သွားမယ်ဆိုရင် ဒါဟာ ဘာပဲဖြစ်ဖြစ် ဖြေသာပါသေးတယ်။ အဲဒီလို ကြံဖန်ပြီး ခွင့်လွှတ်လို့ ရနိုင်ပါတယ်။

နောက်တခုကတော့ ကားပေါ်မှာ နှမချင်း မစာနာတဲ့ ယောက်ျား ရင့်မကြီးတွေပါ။ သူတို့ကတော့ ဘယ်လိုနည်းနဲ့မှ ညှာညှာတာတာ စဉ်းစားပြီး ခွင့်လွှတ်လို့ မရနိုင်လောက်တဲ့ သတ္တ၀ါ တွေပါပဲ။

ကျမ မူလတန်း အလယ်တန်းလောက်က လသာ-၂ မှာ ကျောင်းတက်တော့ ကျောင်းကားက ဖိုးစိန်လမ်းက ဖြတ်ပြီး ကန်တော်ကြီးစောင်းက ပတ်မောင်းပါတယ်။ တနေ့တော့ ကန်တော်ကြီးစောင်းက မောင်းနေရင်း အစွန်မှာထိုင်တဲ့ အမကြီးတွေက အီးအား နဲ့ အော်ပြီး မျက်နှာကြီးတွေ နီရဲနေကြတယ်။ အတွင်းဘက်မှာထိုင်တဲ့ ကျမတို့လို ကလေးတွေက ဘာရယ် ညာရယ် မသိဘူးပေါ့။ နောက်မှ သိရတာက ကန်တော်ကြီးစောင်းက သစ်ပင်တပင်ပေါ်မှာ လူတယောက်က ထိုင်နေပြီး ဖြတ်သွားတဲ့ ကားပေါ်က ကောင်မလေးတွေကို (ကန်တော့ပါရဲ့) ပုဆိုးလှန်လှန်ပြသတဲ့။

ငယ်ငယ်တုန်းကတော့ ... ဘာလို့များပါလိမ့် ဒီလူကြီး မရှက်ဘူးလား မသိ ... လို့ ကလေးအတွေးသာ တွေးပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

နောက် ၉-တန်း ကျောင်းသူဘ၀ ကန်တော်လေးမှာ ကျူရှင် သွားတက်ရတော့ အပြန်ဆိုရင် ညမိုးချုပ်နေပါပြီ။ ညဘက်ပြေးတဲ့ ဒတ်ဆန်းလေးတွေပေါ်မှာ တခါတလေ အရက်မူးနေသူတွေ ပါလာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီ အမူးသမားတွေက သိပ်မကြောက်ရပါဘူး။ အနံ့နံတာ တခုပါပဲ ... သူတို့ဟာသူတို့ မူးပြီး ငိုက်လိုက်လာကြတာ။ ကြောက်ရတာက ... လက်မောင်းချင်းကပ် အသားချင်းမထိတထိ ထိပြီး အသားယူတတ်တဲ့ ပုရိသတွေပါ။
အဲဒီအသက်အရွယ် ခပ်ငယ်ငယ်ဆိုတော့ ကြောက်လွန်းလို့ နောက်ရက်တွေ အဖေ့ကို လာကြိုဖို့ ပြောရပါတယ်။

တက္ကသိုလ်ကျောင်းတက်တော့လည်း တခါတလေ ဖယ်ရီနဲ့ မလိုက်ချင်ရင် နံပါတ် ၅၀ ဘတ်စ်ကားကြီးကို စီးလေ့ရှိပါတယ်။ စောစောက ခါးပိုက်နှိုက်ခံရတာ အဲဒီ ၅၀ ကားပေါ်မှာပေါ့။ တရက်တော့ ကားကလည်း ခပ်ချောင်ချောင်ပါပဲ။ ကားပေါ်မှာ မသင်္ကာဖွယ် လူကြီးတယောက်ကို တွေ့ရတယ်ဆိုပါတော့။ မသင်္ကာဖွယ်ဆိုတာ လူက စုတ်တိစုတ်ပြတ်မို့ မဟုတ်ဘူး။ ကြည့်တော့ လူကြီး လူကောင်းပုံစံပဲ။ ဒါပေမဲ့ ဟိုမိန်းကလေးအနားကပ်၊ ဒီမိန်းကလေး အနားကပ်နဲ့ ... အကွက်ချောင်းနေပုံမို့ပါ။

ကျမက ထိုင်ခုံနေရာရတော့ အကဲခတ်ကြည့်နေမိတယ်။ မြေနီကုန်းမှာ လူတော်တော်များများ ဆင်းသွားပြီး ကားက ပိုချောင်ပြီး နေရာတွေလွတ်တော့သွားပါရဲ့။ သူက မထိုင်ဘူး။ ဟံသာဝတီမှတ်တိုင်ကျတော့ အမကြီးတယောက် တက်လာတယ်။ အပေါက်ဝလောက်မှာပဲ ရပ်နေတော့ .. ဒီလူကြီးက အနားတိုးသွားတယ်။

အင်း ... ဆက်မပြောပါရစေနဲ့ ... ။ ကျမ မျက်နှာတွေပူထူပြီး အသား တဆတ်ဆတ်တုန်တယ်။ ဒေါသလည်းထွက် ရှက်လည်းရှက်နဲ့ အဲဒီလူကြီးရဲ့ လုပ်ရပ်ကို လူတွေသိအောင် ဘယ်လို လုပ်ရမလဲလို့ အကြံထုတ်နေမိတယ်။ ကားပေါ်က ပြေးဆင်းပြီး အဲဒီလူကြီး နှာဗူးကြီးပါဗျို့ လို့ အော်ရကောင်းမလား ... စဉ်းစားမိသေးတယ်။

ဒါပေမဲ့ လန့်တာက ... တခါတုန်းက အိမ်နားက အမကြီးတယောက်ဟာ ခါးပိုက်နှိုက်ကို အော်လိုက်မိလို့ သူ့အင်္ကျီကို ဓားနဲ့ခွဲတာ ခံလိုက်ရတယ်ဆိုတာ ကြားဖူးနေတော့ ... သူရဲကောင်းလုပ်ပြီး မအော်ရဲဘူး။ ဒါနဲ့ပဲ ရင်ထဲမှာ အောင့်နေအောင် ဒေါသဖြစ်ပေမဲ့ မြိုသိပ်ပြိး ရေငုံနှုတ်ပိတ် နေခဲ့ရဖူးတယ်။

ဘာဖြစ်လို့လဲ ... ။
ဒီလူကြီးတွေ ဘာဖြစ်လို့ ဒီလိုလုပ်ကြရတာလဲ။
လူမြင်ကွင်းမှာ၊ လူတွေကြားမှာ ရမက် ဆန္ဒကို မစောင့်ထိန်းနိုင်တော့ဘူးလား။ သိက္ခာ၊ သမာဓိ မရှိကြတော့ဘူးလား။
သူတို့မှာ ကိုယ့် ကာမပိုင် ရှိကောင်းရှိမယ်၊ မရှိလည်း အခကြေးငွေပေးလို့ရတဲ့ အမျိုးသမီးတွေ ရှိနေသားပဲ။ ဘာလို့များ ဘတ်စ်ကားပေါ်က အပြစ်မဲ့တဲ့ မိန်းကလေးတွေကို သားကောင်အဖြစ် အသုံးချကြတာလဲ ... ။ သူတို့ရဲ့ သွေးသားသောင်းကျန်းမှုကြောင့် ဘတ်စ်ကားစီးပြီး ခရီးသွားရရှာတဲ့ မိန်းကလေးတွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ပါလား။

အခုအချိန်မှာ ကျမစဉ်းစားမိတာတော့ သူတို့ဟာ စိတ်ရောဂါ တခုခု ၀င်နေတဲ့သူတွေပဲ ဖြစ်မယ်လို့ တွေးမိတယ်။ စိတ်ဖောက်ပြန် ချို့ယွင်းနေလို့သာ ကာမဂုဏ် အာရုံမှာ တင်းတိမ်ရောင့်ရဲမှု မရှိတာလို့ပဲ ကျမ ယူဆမိပါတယ်။ ဒါကြောင့်လည်း လူမြင်ကွင်းမှာ ပတ်ဝန်းကျင်ကို မရှက်၊ ကဲ့ရဲ့ရှုံ့ချ ခံရမှာ မကြောက်ဘဲ ဟိရီသြတ္တပ္ပ တရား ကင်းမဲ့စွာ အခုလို ပြုမူကြတာမဟုတ်လား။

တကယ်လို့များ အဲဒီလူတွေဟာ ... ငါ့နှမလေးသာ အခုလိုဆိုရင် ... ငါ့အမသာ အခုလိုခံစားရရင် ... ငါ့အမေသာ ဒါမျိုးကြုံတွေ့ရရင် ... ဆိုပြီး တွေးတောမိလို့ ... အမေချင်း နှမသားချင်း စာနာမယ်ဆိုရင် ဒီအပြုအမူမျိုး လုပ်ဝံ့မယ် မထင်ပါဘူး။
***
"ခရီးသွား လုပ်သားပြည်သူများ ခင်ဗျား။ ကျနော်တို့ မက်ထရိုဟာ ရှေ့မှတ်တိုင်မှာ အဆုံးသတ် ရပ်နားပါတော့မယ်။ အကြောင်းအမျိုးမျိုးကြောင့် ခရီးဆုံးထိ ဆက်မသွားနိုင်တာကို သည်းခံပေးကြပါခင်ဗျား။"

'ဟင် ... ဒုက္ခပါပဲ ...'

'ဟာ .. ပြဿနာပဲ ... ရုံးချိန် မမီတော့ဘူး'

'သေလိုက်ပါတော့ကွာ ... ဒီမက်ထရိုကလဲ ...'

ခရီးသည်တွေဆီက အသံအမျိုးမျိုး ထွက်လာပါတယ်။ ကျမလည်း ချစ်သောဗမာပြည်က ဘတ်စ်ကားများရဲ့ ဒုက္ခကို တွေးနေရာက ရပ်တန့် နောက်ထပ် ရထားပြောင်းစီးဖို့ ပလက်ဖောင်း တခုကို အပြေးအလွှား ကူးခဲ့ရပါတော့တယ်။

***

မေဓာဝီ
၂၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈
ညနေ ၄-နာရီ ၄၆ မိနစ်

Read More...

Friday, February 22, 2008

နာယူမိသော အဆုံးအမ

ပေးထားတဲ့ ကတိ ဖောက်ဖျက်ပြီး ဒီပို့စ်ကို တင်တာကို အိမ်က သိခဲ့ရင် ခွင့်လွှတ်မယ်ထင်တာပါပဲ။ ဒီကနေ့ ဒီစာကို အရမ်းရေးချင်လို့ ကျမ အမကို ပေးထားတဲ့ ကတိ ဖျက်လိုက်မိတယ်။

***

မြန်မာပြည်ကို လွမ်းလွမ်းနဲ့ နေ့တိုင်း ဗမာပြက္ခဒိန်လေးကို ကြည့်ကြည့်နေခဲ့တာ ... ဒီနေ့ဟာ တပို့တွဲ လပြည့်နေ့ ... တဲ့။
တပို့တွဲလ ထမနဲပွဲ လို့ ငယ်ငယ်တုန်းက သာမန်လောက်သာ သိခဲ့ပါတယ်။ အရွယ်ရောက်လာချိန် ဘာသာရေး သင်တန်းတွေ တက်တော့မှ တပို့တွဲ လပြည့်နေ့ဟာ သြ၀ါဒပါတိမောက် အခါတော်နေ့ ဆိုတာ သိခဲ့ရတယ်။

သြ၀ါဒ ပါတိမောက်ဆိုတာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့ကြတဲ့ ဘုရားရှင်တိုင်းရဲ့ အဆုံးအမ ဖြစ်တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ မဟာကရုဏာရှင် မြတ်စွာဘုရားဟာ သတ္တ၀ါတွေကို ရင်ဝယ်သားပမာ သနားတော်မူလှလို့ ဆုံးမ သြ၀ါဒ ပေးခဲ့တာပါ။ သြ၀ါဒပါတိမောက်ဟာ တိုတိုလေးနဲ့ ထိရောက်တဲ့ အဆုံးအမတော် ဖြစ်တာကြောင့် ငယ်စဉ်က စတင် သင်ကြားခဲ့စဉ်ကတည်းက အလွန် နှစ်သက် မြတ်နိုးလို့ အမြဲ ရွတ်ဖတ် ပူဇော်ခဲ့ပါတယ်။

ဒါပေမဲ့ ... ကျမ ဒီသြ၀ါဒကို လိုက်နာ နိုင်ပါသလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးရင်း သုံးသပ်ကြည့်မိတယ်။
ဟုတ်ကဲ့ ... ။ ကျမ အားလုံးကို မလိုက်နာနိုင်သေးပါဘူး။ ဒါပေမဲ့ လိုက်နာနိုင်အောင်သာ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆုံးအမတော်တွေကို သိပြီးသားဖြစ်လဲ အထပ်ထပ် ဖတ်၊ အထပ်ထပ်နာ၊ အထပ်ထပ် ပြန်လည် ရေးသားရင်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိတာပါ။ ဒီပို့စ်ဟာ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့ ပို့စ်လို့ ဆိုရင်လည်း မမှားပါဘူး။

တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့သိမှတ်ဖွယ်များ
တပို့တွဲလပြည့်နေ့မှာ ဘုရားရှင်တိုင်းဟာ တပည့်သားတို့ကို သြ၀ါဒပေးတော်မူတာကို အကြောင်းပြုပြီး တပို့တွဲလပြည့်ကို သြ၀ါဒပါတိမောက် အခါတော်နေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

တပို့တွဲလပြည့်နေ့ရဲ့ ထူးခြားချက်ကတော့ ...
(၁) ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တဲ့နေ့၊
(၂) ရှင်သာရိပုတ္တရာ နဲ့ ရှင်မဟာမောဂွလာန် ဧတဒဂ်ရတဲ့နေ့၊
(၃) အင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိတဲ့နေ့၊
(၄) ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော် မူသောနေ့ဖြစ်ပါတယ်။

သြ၀ါဒပါတိမောက် ပါဠိ၊ မြန်မာ ၂ ဘာသာကို ကျမ ဘလော့မှာ ဖော်ပြခဲ့ဖူးပါတယ်။ ရေးတဲ့ နေ့ကိုပြန်ရှာဖို့ အချိန်မရတော့လို့ အခုတခါတော့ အင်္ဂလိပ်လို ဖော်ပြလိုက်ပါမယ်။

***

OVĀDA PĀTIMOKKHA


1. KHANTI PARAMAM TAPO TI TIKKHĀ,
NIBBANAM PARAMAM VADANTI BUDDHA;
NA HI PABBA JITO PARUPAGHATI,
NA SAMANO HOTI PARAM VIHETHAYANTO.

Forbearing patience is the highest moral practice,
“Nibbana is Supreme” say the Buddhas.
A bhikkhu does not harm others;
One who harms others is not a bhikkhu.

2. SABBAPAPASSA AKARANAM,
KHUSALASSA UPSASAMPADA;
SACITTA PARIYODAPANAM,
ETAM BUDDHANA SASANAM.

Not to do evil,
To cultivate merit,
To purity one’s mind,
This is the Teaching of the Buddhas.

3. ANUPAVADO ANUPAGHATO,
PATIMOKKHE CA SAMVARO;
MAT TANNUTA CA BHATTASMIM,
PANTANCA SAYANASANAM,
ADHICITTE CA AYOGO,
ETAM BUDDHANA SASANAM.

Not to revile, not to do any harm,
To practise restraint in the Fundamental Precepts,
To be moderate in taking food,
To dwell in a secluded place, intent on higher thoughts,
This is the Teaching of the Buddhas.

***

သြ၀ါဒပါတိမောက်ရဲ့ အနှစ်ချုပ်ကတော့

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ၊ သုံးဖြာဤ စကား။
ခန္တီမူလ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ် ... ။

အဲဒီ အဆုံးအမနဲ့ အညီ ကျင့်သုံးနိုင်အောင် ကြိုးစားရမယ်လို့ ကိုယ့်ကိုယ့်ကိုယ် သတိပေးနေမိတယ်။ တကယ်တမ်းက မလွယ်ပါဘူး။ မကောင်းမှု ရှောင်ဖို့၊ ကောင်းမှုဆောင်ဖို့ စိတ်ကို စင်အောင် ထားဖို့က လွယ်တယ်ပဲ ဆိုပါတော့ ... ။ သည်းခံဖို့၊ မာန်ကိုချဖို့၊ ဒေါသကို ပယ်ပြီး မေတ္တာတရား အမြဲထားနိုင်ဖို့က ထင်သလောက် မလွယ်လှပါဘူး။

ဒီရက်ပိုင်း ကျမ စိတ်တွေပင်ပန်း နောက်ကျိ ရှုပ်ထွေးလွန်းပါတယ်။ ဒါကြောင့် လပြည့်နေ့မှာတော့ န၀င်္ဂဥပုသ် သီလ ဆောက်တည်ပြီး စိတ်ကို ကြည်လင်အောင် ထားရင်း
မြတ်စွာဘုရားရဲ့ ဆုံးမ သြ၀ါဒလေးကို ထပ်တလဲလဲ ရွတ်ဖတ်ကာ ကျင့်နိုင်ခဲတဲ့ တရားကို နှုတ်ဖျားကနေ နှလုံးသားထဲ ရောက်အောင် အမြဲ ပွါးများလို့သာ နေမိပါတော့တယ်။

***

မေဓာဝီ
၂၁ ဖေဖော်ဝါရီ၊ ၂၀၀၈
(တပို့တွဲလပြည့်နေ့)

(ဒီစာကို မနေ့က ရေးပြီးပေမဲ့ အင်တာနက်နဲ့ အလှမ်းဝေးနေလို့ ဒီကနေ့မှ တင်လိုက်ရပါတယ်။)

***
ကိုးကား။ ... ။
အခါတော်နေ့များ (မာဂဓီ - သာစည်)
သြ၀ါဒပါတိမောက် ကျောက်စာတော် (ဗိုလ်တထောင်စေတီတော် - မေတ္တာဗြူဟာအဖွဲ့)

Read More...

Tuesday, January 22, 2008

ခဏ နှုတ်ဆက်ပါတယ်…

မပြောမဆိုနဲ့ ကျမ ပျောက်သွားရတဲ့ အကြောင်းကို ရှင်းပြပါမယ်။ ဒီကို မလာခင် ကျမ မိဘတွေကို ကတိ တခု ပေးခဲ့ရပါတယ်။ အဲဒါကတော့ ဒီကို ရောက်ရင် ဘလော့ ပြန်မရေး တော့ပါဘူး ဆိုတဲ့ ကတိပါ။ အဲဒီကတိက စက်တင်ဘာလ ၁၀ ရက်နေ့ကနေ အောက်တိုဘာ ၂၉- ရက်နေ့ထိသာ တည်ခဲ့ပါတယ်။ စာမရေးရရင် မနေနိုင်တဲ့ ကျမ ... မိဘတွေကို ပေးခဲ့တဲ့ ကတိကို ဖောက်ဖျက်ပြီး ဘလော့ ပြန်ရေးမိတယ်။ နောက်တော့ ဒီအကြောင်းကို ကျမ အမ သိသွားပါတော့တယ်။

အဲဒီရဲ့ အကျိုးဆက်ကတော့ ... ဘလော့အပြင် အင်တာနက် အီးမေးလ်နဲ့ မိုဘိုင်းဖုန်း အသုံးပြုခွင့်ပါ ရပ်နားခြင်း ခံလိုက်ရပါတယ်။ ဒီအသက်အရွယ် ရောက်နေပေမဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိုင်သေးတဲ့ ကျမ အနေနဲ့ သူတို့ကို လွန်ဆန်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ကျမ ဘလော့ရေးခြင်းကို ရင်နာနာနဲ့ ရပ်နားထားရတာပါ။

အခုလား ... လိုင်ဘရီကနေ ... ခဏလာသုံးနေတာပါ။ ဒီလိုပဲ ကျမက အမိန့်ဆို ဖီဆန်တတ်တဲ့ အကျင့်နဲ့ လက်တလုံးခြား လုပ်တတ်တဲ့ အကျင့်လေးက ကျန်သေးတော့ ဒီစာကို ရေးပြီး တင်လိုက်တာပါ။

မော်ဒရိတ်လုပ်ထားတဲ့ ကွန်မန့်တွေကို ကျမကိုယ်စား တင်ပေးနေတဲ့ ကိုစေးထူးကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ကျမဘလော့လေးကို ဆက်ပြီး စောင့်ရှောက် ထားပေး ပါဦး။

အားလုံးကို ခဏနှုတ်ဆက်ပါတယ်။ နောက်တော့ အိမ်နဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး နားလည်မှု ပြန်ရတဲ့အခါ .... ဘလော့လေးဆီ ပြန်လာခဲ့ပါမယ် ... ။

လောလောဆယ်တော့ .... .... ....
မတတ်သာလို့ ခပ်ခွါခွါ နေရပါဦးမယ် ...။


မေဓာဝီ
၂၁၊ ဇန်န၀ါရီ၊ ၂၀၀၈ ခုနှစ်

Read More...

Thursday, January 10, 2008

ကျမနှင့် ယောဂ

နေရာတကာ စပ်စပ် စပ်စပ် ပါချင်တဲ့ ကျမဟာ ကျောင်းမှာ ဘယ်သူမဆို အခမဲ့ တက်လို့ရတဲ့ ယောဂသင်တန်းကို တက်ခဲ့မိပါတယ်။ ယောဂဆိုတာ စာအုပ်တွေထဲသာ ဖတ်ဖူးတာ ဘယ်လိုလုပ်ရတယ် သေချာ မလေ့လာ ခဲ့ဖူးတော့ သိပ်ခက်ခဲ လောက်မယ်လို့ မထင်မိဘူး။သင်တန်းဆရာမ မမအစ်ဇဘယ် ကလည်း ယောဂဆိုတာ မင်းတို့ဆီက meditation လိုပဲ လို့ ကျမ စိတ်ဝင်စားအောင် ဆွယ်ရှာပါတယ်။ ဒါနဲ့ပဲ မမအစ်ဇဘယ်ကို ကျမလည်း တက်မယ်လို့ ကတိပေးပြီး နာမည် စာရင်း ပေးလိုက်တယ်။ သင်တန်းက တပတ်မှာ ၂-ရက် အင်္ဂါနဲ့ ကြာသပတေး နေ့တွေမှာ ရှိတာ ဆိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတက်ခဲ့တယ် ဆိုပါတော့။

“သက်သောင့်သက်သာ ဖြစ်မယ့် အ၀တ်အစား ၀တ်ခဲ့၊ ယောဂ ဖျာ မရှိရင် မျက်နှာသုတ်ပုဝါ အကြီး ယူခဲ့ ...” ဆိုတဲ့ မမအစ်ဇဘယ် မှာတဲ့အတိုင်း ၀တ်စားဆင်ယင်ပြီး ညနေ ၅ နာရီခွဲမှာ သင်တန်းလုပ်မယ့် Chinese Embassy ဆိုတဲ့ အဆောက်အဦးလေးဆီ သွားရပါတယ်။

အသီးသီး နေရာယူပြီးတဲ့နောက် ဥုံ ၃-ခါ အော်ပြီး သင်တန်းကို စပါတယ်။ စစချင်း ပက်လက်လှန် အိပ်တဲ့ အနေအထားနဲ့ မျက်စိကိုမှိတ်၊ တကိုယ်လုံးက အကြောအချင်တွေကို လျှော့ချပြီး အသက်ကို ၀၀ရှူသွင်းရပါတယ်။ နောက် တကိုယ်လုံးကို ဆန့်ထုတ်ပြီး အသက်ပြင်းပြင်း ရှူရပြန်ပါတယ်။ စိတ်ကို အသက်ရှူတဲ့ဆီမှာပဲ အာရုံ စိုက်ထားရပါတယ်။ အဲဒီနောက် တင်ပလ္လင်ခွေ (meditation post) ပုံစံ ထိုင်လိုက်ပြီး လက်ကို ပုံမှာ ပြထားတဲ့အတိုင်း လက်ညှိုးနဲ့ လက်မ၀ိုင်းထားတဲ့ မုဒြာပုံစံ ထားရပါတယ်။ ပြီးတော့ 1, 2, 3, 4 ရေတွက်ပြီး အသက်ရှူသွင်း ရတယ်။ ရှူထုတ်တဲ့အခါကျတော့ 1 ကနေ 8 ထိ ရေတွက်ရပါတယ်။
တခါ ညာဘက် လက်ညှိုးနဲ့ လက်ခလယ်ကို ကွေးထားပြီး ကျန်တဲ့ လက် ၃-ချောင်းကို ထောင်၊ လက်မနဲ့ ညာဘက် နှာခေါင်း ပေါက်ဝကို ပိတ် .. ဘယ်ဘက် နှာခေါင်းနဲ့ အသက်ရှူသွင်း၊ လက်သူကြွယ်နဲ့ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ် ... ညာဘက် နှာခေါင်းနဲ့ အသက်ရှူထုတ်၊ နောက် လက်မပြာင်းသေးဘဲ ညာဘက် နှာခေါင်းနဲ့ အသက်ရှူသွင်း၊ လက်ပြောင်း ... ဘယ်ဘက် နှာခေါင်းနဲ့ အသက်ရှူထုတ် ... အဲဒါမျိုး တစုံလုပ်ရင် တခါ လို့ ရေတွက်ပြီး ၄-ခါ လုပ်ရပါတယ်။
အဲဒီလောက်ကတော့ အဆင်ပြေပါသေးတယ်။ ပုံစံ တမျိုးကနေ တမျိုးပြောင်းတိုင်း ဥုံ ခံပြီးမှ ပြောင်းတာကိုလည်း သတိထား မိပါတယ်။ နောက် ... တဖြည်းဖြည်းနဲ့ အဆင့်တွေ တက်လာပြီး သစ်ပင်ပုံစံ အနေအထား၊ နေကို မျှော်ကြည့်တဲ့ ပုံစံ အနေအထား၊ ဇောက်ထိုးပုံစံ၊ ကလေးငယ်ပုံစံ၊ ခြေထောက်မြှောက်ရ .. ကျွမ်းထိုးရ မျိုးစုံ လုပ်ရပါတော့တယ်။ ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် ဘာလေ့ကျင့်ခန်းမှ မလုပ်တာ ကြာပြိဖြစ်တဲ့ ကျမရဲ့ အကြောအခြင်တွေဟာ အရမ်းကို တောင့်တင်းနေတာကြောင့် ပြောတဲ့အတိုင်း လိုက်မလုပ်နိုင်ခဲ့ဘူး။ မနည်း ကြိုးစားပြီး ဖတ်ဖတ်မောအောင် လုပ်ခဲ့ရပါတယ်။
ယောဂရဲ့ အဓိက အချက်ကတော့ စိတ်တည်ငြိမ်ဖို့နဲ့ ကိုယ်လုပ်တဲ့ ပုံစံပေါ်မှာ အာရုံ စူးစိုက်ဖို့ပါပဲ။ ယောဂ လေ့ကျင့်ခန်းဟာ ကိုယ်ရော စိတ်ပါ ကြံ့ခိုင်စေပြီး သွေးလည်ပတ်မှု၊ နှလုံး၊ အဆုတ် စတဲ့ ကလီစာတွေရဲ့ ကြံ့ခိုင်မှုကိုပါ အထောက်အပံ့ ပြုစေတယ်လို့ မမအစ်ဇဘယ်က ရှင်းပြပါတယ်။

နောက်ဆုံးတော့ မလုပ်နိုင် လုပ်နိုင်နဲ့ ကြိုးစားပမ်းစား လုပ်ရင်း၊ သူမမြင်ရင် ခဏတဖြုတ် ရေသာခိုရင်းနဲ့ ၇-နာရီ ထိုးတဲ့ အခါ ဘုရား (သို့မဟုတ်) ယောဂ ဆရာကြီး အပါအ၀င် ကျေးဇူးရှင်များ ကို ကန်တော့တာတို့ ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ ဆုတောင်းတာတို့ လုပ်ပြီး ဥုံ ခံပြီး အတန်းဖြုတ်လိုက်ပါတယ်။

ယောဂသင်တန်းအပြီး ညစာစားတော့ ခါတိုင်းနေ့ထက် ပိုပြီး စားလို့ကောင်းသလိုပဲ ... ဒါနဲ့ အများကြီး စားပြီး ... အိပ်ရာဝင်ခဲ့ပါလေရော ... ။
***
မေဓာဝီ
၁၀၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၁း၄၀ နာရီ
(ယောဂရဲ့ ပုံစံလေးတွေ နမူနာ ကြည့်ရအောင် ရှာပြီးတင်ပေးလိုက်ပါတယ်။)

Read More...

Wednesday, January 09, 2008

ဗလာ

ဒီနေ့ ဘာစာမှ အသစ် မရေးနိုင်လို့ ဟိုး လွန်ခဲ့တဲ့ ၁၆ နှစ် လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးပဲ တင်လိုက်ပါတယ်။ ၁၉၉၂ ခုနှစ် လောက်က ရေးခဲ့တာပါ။ ကဗျာလေးက တိုတိုလေး နဲ့ နဘေတွေ ထပ်ပြီး ရေးထားတာမို့ ခုထိ မှတ်မိလို့ နေပါတယ်။ အဲဒိတုန်းက သမိန်ပေါသွပ် ကာတွန်းတွေ ထဲမှာ ...

"အတိတ်ကာလကို အရိပ်ပြာချပြီး အိပ်ရာအထမှာ ... ပြိတ္တာမ .... လို့ ... အော်လိုက်တယ်" ... တို့

"တပေါင်း တန်ခူးမှာ အကြောင်းမထူးရင် မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်တော့မယ်" ... တို့ ...

မြို့စားကြီးဦးအာလူးရဲ့ ကြုံးဝါးစကား …
"အာလူးတို့ဘုန်း ... မိုးသို့ချုန်း ... ပွေးပုန်း ပေါင်မှာ မနေသာ" ... တို့

အဲဒါတွေ ဖတ်ပြီး သဘောကျမိတဲ့ အချိန်ဆိုပါတော့ ... ။ ဒါနဲ့ ကျမလည်းပဲ အားကျ မခံ နဘေထပ်ကြည့်တာပါ .. ။ အဲဒီတုန်းက ကဗျာခေါင်းစဉ်ကို "စင်စစ်" လို့ ပေးထားတာ။ ခုတော့ "ဗလာ" လို့ ပြန်ပြောင်း လိုက်ပါတယ်။ ဖတ်ကြည့် ကြပါဦး။
***
ဗလာ

အမုန်းပွါးမယ့် စကားလည်း မဟုတ်
အရှုံးများတဲ့ ကစားပွဲ မဟုတ်
နှလုံးသားရဲ့ အမှားလည်း မဟုတ် ...

ဒါပေမဲ့
တရားမဲ့သူတွေရဲ့ ကြား
အမုန်းစကားဟာ အတားခက်
အရှုံးများဟာ ခါးသက်
နှလုံးသားဟာ ဓားထက်ထက်နဲ့
ခွဲခံခဲ့ရ ....
ဘ၀ဟာ ဗလာသက်သက်။
(၁၉၉၂ ခုနှစ်)
***
မေဓာဝီ
၉၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၂၁ နာရီ

Read More...

Tuesday, January 08, 2008

အပြန်လမ်း

အပြန်လမ်းက နွမ်းလျလွန်းသည်။
အေးစက်စက် ရာသီအောက်မှာ တယောက်ထဲ ပြန်ရမှာမို့ ငိုချင်လျက် လက်တို့ ဖြစ်လို့နေသည်။ ပိတ်ရက်ရှည်မှာ ဘာမှ မလုပ်ဘဲ နေတာ များသွားတော့ လူက ခပ်ထိုင်းထိုင်း ဖြစ်နေပြီ။ ကျောင်းရောက်ရင် သည်လို နေ၍ မရတော့။ စိတ်ထဲက ပါပါ မပါပါ ပြုံးရ၊ ရယ်ရ၊ နှုတ်ဆက်ရ၊ လောကရဲ့ ၀တ္တရားတွေ၊ ပဋိသန္ဓာရ စကားတွေ ဆိုရပေဦးမည်။ ပြီးတော့ ... သွားရ၊ လာရ၊ လှုပ်ရှား ရုန်းကန် ရပေဦးမည်။ တွေးရင်းတွေးရင်းနှင့် စိတ်က လေးလေးလို့ လာ၏။ ကျောင်းဆိုသည့် အသံကိုပင် မကြားချင်။ ငယ်စဉ် ကတည်းက ကျောင်းပျင်းလေ့ရှိသည့် စိတ်က ယခုထက်ထိတိုင် အကျင့်ပါ နေဆဲ။ အကျင့် ဆိုသည်ကလည်း ဖျောက်ခဲ နိုင်သားလား။

သည်လိုနှင့် ညနေမစောင်းခင် ဘတ်စ်ကားဂိတ်ကို သွားဖို့ အထုတ်အပိုး ပြင်ရသည်။ အိမ်နှင့် ကားဂိတ်က သိပ်မဝေးလှ သော်လည်း သယ်ရမှာတွေက မနည်း။ အပြည့်အကျပ် အထပ်ထပ် ထည့်ထားသည့် ကျောပိုးအိတ်က တလုံး၊ တနင့်တပိုး ထိုးထည့်ထားသည့် ပခုံးလွယ်သော ဂျင်းအိတ်က တလုံး၊ ထိုးထိုးကျိတ်ကျိတ်ဲ သိပ်ထည့်ထားသည့် ဘီးတပ် လက်ဆွဲ သေတ္တာငယ်က တလုံး၊ ထို အိတ် ၃-လုံးနှင့် ရုန်းရ ပေဦးမည်လေ။

သွားခါနီးမှ ကပ်ပြီး ကွန်ပျူတာပိတ်၊ မီးပိတ်၊ တံခါးပိတ်ပြီး အိတ် ၃-လုံးနှင့် ကိုးရိုးကားရား ကားလမ်းဖြတ်ကူးဖို့ စောင့်တော့ ကားတွေက သနားပြီး ရပ်ပေးကြသည်။ ကားတစီးက အဝေးကြီး ကတည်းက မီးတချက် တောက်ပြကာ သွား … သွားဟု ပြောသည်မို့ ကျေးဇူးတင် လက်ပြပြီး ကားဂိတ်ဆီ အသော့နှင်၊ ကားဂိတ်က screen မှာ ကျောင်းသို့ ရောက်မည့် ကားလာချိန်ကို ဖတ်ပြီး ခုံတန်းလေးမှာ ထိုင်စောင့် နေရသည်။ ကားခ ၂ ကျပ် ၇၅ ပြားကို အသင့် ထုတ်ထားပြီး ၁၅ မိနစ် ခန့် အကြာမှာတော့ စီးရမည့် ၇၆ နံပါတ် ဘတ်စ်ကားကြီး ဆိုက်ရောက် လာချေပြီ။

ကားပေါ်တက် လက်မှတ်ဖြတ် နေရာယူပြီးနောက် ကျောင်းရောက်အောင် ၁ နာရီ လောက် ကြာဦးမှာမို့ တလမ်းလုံး တွေးတလှည့် ငိုက်တလှည့် စီးနင်း လိုက်ပါလာခဲ့သည်။ တဘက်ခြမ်းက ဘေးခုံတွင် ထိုင်နေသော မိသားစုမှ တွန်းလှည်းနှင့် ထည့်လာသော ကလေးငယ်က တလမ်းလုံး အော်ဟစ် ဂျီကျ နေသည်မို့ ငိုက်ရတာ သိပ်တော့ ဇိမ်မကျလှ။ ကလေးက ပါးစပ်ထဲက ချိုလိမ်ကို လွှင့်ပစ်လိုက်၊ အာခေါင်ခြစ်သံနှင့် အော်လိုက် အမျိုးစုံ ဂျီတိုက်နေသည်။ ကလေး အမေက တရှူးရှူးနှင့်တော့ ဟန့်ရှာပါသည်။ သို့သော်လည်း ငြိမ်မသွား။ ပို၍ ပို၍သာ ဆိုးလာလေ၏။ အကြီးမလေး ကတော့ ခပ်ကုပ်ကုပ်လေး ထိုင်နေပြီး မျက်လုံး အ၀ိုင်းသားနှင့် ဟိုသည် ကြည့်လို့။

ဆင်းရမည့် မှတ်တိုင် အရောက်မှာ ခလုတ်နှိပ်ရင်း ထိုင်ခုံမှ ထ၊ ကျောပိုးအိတ်ကို ကျောမှာပြန်ပိုး၊ ဂျင်းအိတ်ကို ပခုံးမှာ စလွယ်သိုင်း၊ ဘီးတပ် သေတ္တာကို လက်ကဆွဲပြီး ကားထဲမှ ဖရိုဖရဲ ဆင်းခဲ့သည်။

လမ်းမပေါ် ခြေအချမှာ ခပ်လှမ်းလှမ်းက လမ်းကလေးကို အမြန် လှမ်းကြည့် မိ၏။ သူ့ကိုတော့ လွမ်းလှပြီလေ။ အတန်ကြာ ကင်းကွာနေခဲ့သော လမ်းကလေးက တိတ်ဆိတ်စွာ တစိမ်းတရံ ဆန်လွန်းနေ သယောင်ယောင်။ ခပ်ကြမ်းကြမ်း တိုက်ခတ် နှုတ်ဆက်လိုက်သော အေးစက်စက် လေပြင်းကြောင့် ကြက်သီး မွေးညင်း ထမိသော်လည်း လမ်းကလေးထဲ ချိုးကွေ့ အ၀င်မှာတော့ နှလုံးသွေးတွေ ပူနွေး လာသလို ရင်ထဲ လှုပ်ရှား ခံစား ရသေး၏။ သူကတော့ဖြင့် မလှုပ်မရှက် ငြိမ်သက်လို့ပါပဲ ။

"၂ ပတ်ပဲ ခွဲရသေးတယ် ... စိမ်းကားသွားပြီလား လမ်းကလေးရေ ... "

ခပ်တိုးတိုး ရေရွတ်မိတော့ အရွက်ကင်းမဲ့ နေသည့် သစ်ပင်တွေက ရယ်မော လှောင်ပြောင် သည့်အလား တလှုပ်လှုပ် တရှားရှား။ လှုပ်ရှား နေသော ထိုသစ်ပင်တွေမှ တပါး အရာအားလုံးက ငြိမ်သက်လျက်။ ဘီးတပ် သေတ္တာနှင့် ကတ္တရာလမ်း ပွတ်တိုက်သံမှ တပါး အခြားသော အသံပလံ များလည်း ကင်းဆိတ်လျက်။

ကွင်းပြင်ကို ဖြတ်တိုက်လာသော လေက စိမ့်နေအောင် အေးသည်။ နားရွက်ဖျားနှင့် လက်ဖျားတွေပင် ထုံကျင် ချင်ချင်။ ခါတိုင်းလို လမ်းလျှောက်ရင်း ဣတိပိသော လည်း မရွတ်မိ၊ ဟေတုပစ္စယော လည်း မရွတ်မိ၊ ခွဲနေရတာ အတန်ကြာနေပြီ ဖြစ်သော ဤလမ်းကလေးကိုသာ တတမ်းတတ ကြည့်မ၀ ဖြစ်နေမိသည်။ လမ်းဘေးဝဲယာ ရှုခင်း၊ စိမ်းလန်းသော မြက်ခင်း ပြင်ကျယ်၊ အရိုးပြိုင်းပြိုင်း သစ်ပင်တန်း၊ ပုံ့ပုံ အုပ်အုပ် ချုံပုတ်ကလေးတွေ၊ ဒါတွေဟာ လမ်းကလေး၏ ဘယ်တော့မှ မရိုးနိုင်သည့် ရှုမြင်ကွင်း တွေပင်။

လျှောက်ရင်း လျှောက်ရင်း နေ၀င်ချိန်ပင် တိုင်ခဲ့လေပြီ။ တလောကလုံးကို နောက်ဆုံး အလင်းရောင်နှင့် နှုတ်ဆက်နေသည့် နေမင်းကြီးကို နောက်ပြန် ငေးမော ကြည့်မိ သေး၏။ နေ၀င်ပြီ ဆိုမှဖြင့် တစတစ အမှောင်ထုက ချဉ်းကပ် လာတော့သည်။ ဒီဘက် ကမ္ဘာခြမ်းမှာ အမှောင်ကျပေမဲ့ တခြား ကမ္ဘာ ဘက်ခြမ်း အတွက် အလင်းရောင် ပေးနိုင်စွမ်း တယ်ဆိုရင် အမှောင်မှာ နေရကျိုး နပ်ပါတယ်လေ ... ဟု စိတ်ထဲက ဆိုမိသည်။

ကျောမှာ ပိုးထားသည့် အိတ်ကလည်း တဖြည်းဖြည်း လေးသည်ထက် လေးလာပြီ။ ပခုံးထက် လွယ်ထားသည့် အိတ်ကလည်း လျောကျလုလု။ တရွတ်တိုက် ဆွဲလာရသည့် သေတ္တာငယ်ကတော့ တချက်တချက် တိမ်းစောင်းလိုက်၊ ပြန်တည့်လိုက်။ ၀ှူး …. လမ်းဆုံးကို ရောက်နိုင်ခဲပါဘိ။ စိတ်ပေါက်ပေါက် နှင့် လျှောက်လာလိုက်တာ ရှေ့တူရူမှ လာသော ကားတချို့ကိုလည်း မရှောင်မိ။ ကားတွေကသာ ကွင်းရှောင် သွားကြသည်။
လျှောက်နေရင်း ရပ်နားလိုက်ချင်ပြီ၊ စိတ်ရော ကိုယ်ပါ နွမ်းလျ လွန်းလှပြီ။ နေ၀င်ရီတရော မှောင်စပျိုးချိန် … တလမ်းလုံးမှာ တယောက်ထဲ ပါလား ဟူသော အသိက စိတ်ထဲမှာ လှိုက်ခနဲ ၀မ်းနည်းလို့ လာသည်။
"အို ... ဒါ ... ၀မ်းနည်းစရာလား ... အားငယ် စရာလား ... တယောက်ထဲ ဆိုတော့ ဘာဖြစ်သေးလဲ။ မောရင် နားပြီး ဖြည်းဖြည်းချင်း လှမ်းရင် လမ်းဆုံးဆိုတာ ရောက်ကို ရောက်မှာပဲ။ အခုလည်း ရောက်တော့မယ် ... အားတင်းထား"
ဟု ကိုယ့်ကိုယ်ကိုယ် အားပေးရင်း တလှမ်းချင်း လျှောက်နေခိုက် ... အနောက်မှ လာသော ကားတစီးက ဘေးနားမှာ ထိုးဆိုက်သည်။

"ဟေးးးးးးး မေ … လာ ... လာ … ကားပေါ်တက်"

လှည့်ကြည့်လိုက်တော့ ကျောင်းက မီနီဘတ်စ်လေး။ ကံအားလျော်စွာ ကားပေါ်မှာ တနေရာစာ လွတ်နေသည်။ ၀မ်းသာ အားရ တံခါးကို ဖွင့်၊ ပစ္စည်းတွေတင်၊ ကားပေါ် တက်လိုက်တော့ ...

"ဟက်ပီးနယူးရီးယား ... မေ ... ကျောင်းပိတ်ရက်မှာ ပျော်ရဲ့လား"

သူငယ်ချင်းများက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။ သူတို့ကို ပြန်လည် နှုတ်ဆက်ရင်း နေရာတကျထိုင်ကာ ကားနောက်ဘက်ကို လည်ပြန် လှည့်ကြည့်လိုက်တော့ ... … … … အကွေ့အကောက် များစွာနှင့် လမ်းငယ် ကလေးက တရိပ်ရိပ် နောက်မှာ ကျန်ခဲ့ရင်း ... မြင်ကွင်းထဲမှ တစစ မှုန်ဝါး ပျောက်ကွယ် သွားလေတော့၏။
***
မေဓာဝီ
၈၊ ဇန်န၀ါရီ၊ ၂၀၀၈
၁၄း၁၂ နာရီ

Read More...

Monday, January 07, 2008

ကျမနှင့် ဗေဒင်

ကျမ ငယ်ငယ်ထဲက ဗေဒင်မေးတာ ၀ါသနာ မပါခဲ့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ဥပမာ- ဗေဒင်ဆရာက ကိုယ့်ရဲ့ အတိတ်ကို ဟောတယ် ဆိုပါတော့။ ကိုယ့်အတိတ်ကို ကိုယ်အသိဆုံးပဲ မဟုတ်လား။ သူဟောတာ မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ … ပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်ဖော်ထုတ် နေလို့ ဘာထူးမှာ မို့လဲ။ နောက် … သူဟာ အနာဂတ်ကို ကြိုဟောတယ် ဆိုပါတော့။ အဲဒီဟောချက်တွေဟာ ကောင်းချင်လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးမယ်။ ကောင်းတာတွေ ကြားတဲ့အခါ ငါဘာပဲလုပ်လုပ် ငါ့အနာဂတ်က ကောင်းမှာပဲလို့ စိတ်ထဲ မှတ်ယူပြီး ပေါ့ပေါ့ဆဆ နေချင်တဲ့ စိတ်၊ အဆိုးတွေ ကြားတဲ့အခါ ငါတော့ ဒီလိုမျိုးတွေ ကြုံရမှာပါလားလို့ တထင့်ထင့် စိတ်ဆင်းရဲ နေရမယ့် စိတ်မျိုး မဖြစ်ချင်လို့ပါပဲ။

ကျမ အမေနဲ့ ကြီးတော်ကြီးတို့က တခါတခါ ဗေဒင်ဆရာ အိမ်ခေါ်ပြီး မေးတတ် သေးတယ်။ ဗေဒင်ဆရာ အိမ်ရောက်တုန်း တအိမ်လုံး အသီးသီး ဗေဒင်မေးကြပေမဲ့ ကျမကတော့ မမေးဘဲနဲ့ လှည့်ပတ် ရှောင်ပြေးနေခဲ့တယ်။ ကိုယ့်အကြောင်း တစိမ်းလူ သိမှာ စိုးရိမ်တာလဲ တကြောင်း ပါတာပေါ့။

ဗေဒင်မေးတာ ၀ါသနာ မပါခဲ့ပေမဲ့ ကျမ ဗေဒင် ဟောခဲ့ဖူးပါတယ်။ အထက်တန်း ကျောင်းသူ ဘ၀တုန်းကပေါ့။ ဗေဒင် ၀ါသနာပါတဲ့ အမေက ကိုင်ရိုရဲ့ ဗေဒင် လက္ခဏာစာအုပ်တွေက အစ လက်ထောက်ဗေဒင်အဆုံး စာအုပ်တွေ အများကြီး ၀ယ်ထားတော့ ကျမလည်း စိတ်ဝင်တစားနဲ့ ဖတ်မိပြီး ကျောင်းမှာ သူငယ်ချင်းတွေကို အပျော်တမ်း ပြန်ဟောပေးခဲ့တယ်။ သူတို့ အပြောကတော့ ကျမ ဟောတာ မှန်သတဲ့။ မုန့်စားဆင်းချိန်ဆို ကျမအနားမှာ လူတွေအုံလို့။ ကိုယ်တိုင်လည်း မုန့်ဝယ်စရာမလို၊ ကျွေးမယ့် မွေးမယ့်သူတွေ အပြည့်ပဲ။ ဒါပေမဲ့ သူများတွေကို ဗေဒင်ဟောခဲ့တဲ့ ကျမ ကိုယ့် ကံကြမ္မာ ကိုယ်မမြင်ဘဲ အဲဒီနှစ်က စာမေးပွဲ ကျခဲ့တယ်။

တက္ကသိုလ်ကျောင်းသူဘ၀ တခါတလေ သူငယ်ချင်းတွေနဲ့ အပျော်တမ်း သဘောမျိုး ဗေဒင်၊ လက္ခဏာ၊ အကြားအမြင် စသဖြင့် မေးခဲ့ဖူးပေမဲ့ စိတ်ထဲ အစွဲအလမ်း တကြီးမထားဘဲ မေ့မေ့ပျောက်ပျောက်သာ သဘောထားခဲ့ ပါတယ်။ ယတြာ ချေခိုင်းလည်း တခါမှ မချေဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ ဗေဒင် ပညာရပ်ကို အထင်သေးလို့တော့ဖြင့် မဟုတ်ပါဘူး။ မယုံကြည်လို့လည်း မဟုတ်ပါဘူး။ ကျမရဲ့ ခံယူချက် တခုမျှသာ ဆိုကြပါစို့။

အဲဒီတုန်းက နာမည်ကြီးနေတဲ့ အီးတီတို့၊ ကမာရွတ်သုခလမ်းက ဝေယံတို့လည်း သွားမေးဖူးတာပဲ။ သူတို့ကတော့ အကြားအမြင်တွေပေါ့။ အီးတီက ကိုယ့်ဖူးစာရှင်ကို ဟောတာ မှန်တယ်လို့ နာမည်ကြီးတယ်။ ဒါကြောင့် သွားမေးကြည့်မိတာ … မှန်မမှန်တော့ ခုထက်ထိ မသိရသေးပါဘူး။ ဝေယံကို သွားမေးတာကတော့ ဂုဏ်ထူးတန်း ဒုတိယနှစ် စာမေးပွဲဖြေခါနီး စာမေးပွဲ မေးခွန်းသိချင်လို့ သူငယ်ချင်းတွေနဲ့ သွားမေးခဲ့တာပါ။ သူက မေးခွန်းလည်း ခန့်မှန်းတတ်တဲ့ အကြားအမြင်ဆရာ တယောက်ပဲ။

နောက်ပိုင်းတော့ အမေ ဗေဒင်သွားမေးရင် အဖော်လိုက်သွားရင်း အဲဒီ ဗေဒင်ဆရာကြီးနဲ့ ခင်ပြီး တိုင်းရေး ပြည်ရေးတို့ စာအကြောင်း ပေအကြောင်း တို့ လေပေးဖြောင့်ခဲ့ကြဖူးတယ်။ သူက ဗေဒင်ပညာရပ်အပြင် တိုင်းရင်းဆေး လည်း နားလည်ပြီး စာအုပ်တွေလည်း ရေးတဲ့ ဆရာတယောက်ပါ။ သူ့စာအုပ် တွေ အမြဲလက်ဆောင်ပေးလေ့ရှိသလို ကျမဖတ်ချင်တဲ့ တခြားစာအုပ်တွေ လည်း သူ့ဆီက ငှားပြီး ဖတ်လေ့ရှိပါတယ်။ အမေ မေးခိုင်းလို့ သူ့ဆီမှာ တခါ မေးခဲ့ရတာကလွဲပြီး ဟုတ္တိပတ္တိ မေးခဲ့ မြန်းခဲ့တာ မရှိပါဘူး။
***
ဒီကို ရောက်နေခိုက် ကျမဖတ်ချင်တဲ့ စာအုပ်လေးတွေ အိမ်ကို မှာတော့ အဲဒီစာအုပ်တွေ အပြင် စံဇာဏီဘိုရဲ့ ၂၀၀၈ ခုနှစ် ၁၂ ရာသီဟောကိန်းဆိုတဲ့ ဗေဒင် စာအုပ်ကလေး အမေက ကျမအတွက် ထည့်ပေးလိုက်ပါတယ်။ ကျမက သိဟ်ရာသီဖွား ဆိုတော့ သိဟ်ရာသီနဲ့ သက်ဆိုင်တဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးဟာ သိဟ်ရာသီဖွားအားလုံးအတွက် ယေဘုယျ ချုံပြီး ရေးသားထားပေမဲ့ သေချာဖတ်ကြည့်တဲ့ အခါ စိတ်ဝင်စားစရာ တိုက်ဆိုင်မှု တချို့ တွေ့ရ ပါတယ်။ အားလုံးတော့လည်း မဟုတ်ပါဘူး။ အနည်း အကျဉ်း ကောက်နုတ် ဖော်ပြရရင်တော့ …

" …. …. …. …. သူတပါးက ကိုယ့်အပေါ် အလွန်စိတ်ဝင်စား နေမည်။ ပူးပေါင်း ဆက်ဆံနေသူများ သာမက ၀န်းကျင်ပြင်ပမှ သူများပင် မိမိအပေါ် လေ့လာသုံးသပ်နေမည်။ အမှားကျူးလွန်၍ မရ။ တစုံတရာ မှားယွင်းသွား ပါက ပေးဆပ်ရခြင်း အဆမတန် များနိုင်သည်။ ခြေလှမ်းမှား၊ လမ်းချော်သွား ခြင်းအပေါ် ပြန်လည်ဦးမော့လာအောင် ကိုယ်က မည်မျှဆောင်ရွက်သည် ဖြစ်စေ အများတကာက အကျယ်ချဲ့ ဝေဖန်ခြင်း မဆုံးအောင် ပြုကြလိမ့်မည်။

… …. …. …. …. မိမိ၏ နှလုံးသား ရေးရာများ၊ လူမှုရေးပျော့ကွက်များ ထောက်ကွက်ပြုကာ ဝေဖန်မှုများ ပြုကြလိမ့်မည်။ မိမိစိတ်ထဲ၌ တနင့်နင့် ခံစားရအောင် စွက်ဖက် ပြောဆို ခြင်းများ ပြုလိမ့်မည်။ မည်သည့်အရာကို ဆောင်ရွက်သည် ဖြစ်စေ သိသင့် သိအပ်သူ များကိုသာ အသိပေးပြီး သိုသို သိပ်သိပ် ခြေလှမ်းစိပ်စိပ် ဆောင်ရွက် ရပေမည်။

မာနကြီးခြင်း တဇွတ်ထိုးလုပ်လိုခြင်းများကို လျှော့ရပေမည်။ ပင်ကိုယ်စရိုက်၌ အတ္တမာန်မာန ရှိလင့်ကစား လူမှုဆက်ဆံရေးတွင် တင်စီးမောက်မာခြင်းမရှိ။ အလွှာမရွေး လူမရွေး ညီညွတ်သင့်တင့်စွာ ဆက်ဆံတတ်သည်။ ပေါ့ပေါ့ ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် လူအများနှင့် ၀ိုင်းဖွဲ့နေထိုင်တတ်သည်။ မိမိထက် ငယ်သူများနှင့် ပေါင်းသင်းရခြင်းကို ပိုမိုနှစ်သက်သည်။ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ နေထိုင်ရခြင်းတွင် စိတ်ကျဉ်းကျပ်သည်။

လူတန်းစား မှန်ကန် အခြေခံကျကျ နေထိုင်တတ်သူများနှင့် ဒွေးရော ယှက်တင် နေတတ်သည်။ အပေါင်းအသင်းတချို့သည် နာမည်ဆိုး စာရင်းဝင် ဖြစ်ပေရာ ၄င်းတို့ ကြောင့် မကြာခဏ ဝေဖန်ခံရတတ်သည်။ စိတ်ဓာတ်မပြောင်းပါနှင့်။ ပုံမှန်အတိုင်း လုပ်စရာရှိသည်များကိုသာ ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်ပါ။ အများ တကာက လူဆိုးဟု သတ်မှတ်ထားသော သူများသည် ယခုနှစ်အတွင်း အရေးကြုံက မိမိဘက် အခိုင်အမာရပ်တည် အကျိုးပြုသော မိတ်ဆွေများ ဖြစ်ပေမည်။"
***
ဗေဒင်ပညာရပ်ဆိုတာ ရှေးနှစ်ပေါင်းများစွာ (ဘုရားမပွင့်မီ) ကတည်းက ပေါ်ထွန်းခဲ့တဲ့ ပညာရပ် ဖြစ်ပြီး ခေတ်အဆက်ဆက် လူမျိုးအသီးသီးက လက်ခံ ယုံကြည် လာခဲ့ကြတဲ့ ပညာတခုပါပဲ။ ဗေဒင်ဟာ သိပ္ပံနည်းကျ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ အဲဒီပညာရပ်ထဲမှာ စိတ်ဝင်စားစရာ, အံ့သြစရာ, လက်မခံလို့ မရနိုင်စရာ လျှို့ဝှက် နက်နဲမှုတွေ ပါနေတယ်လို့ ကျမ ယုံကြည် နေမိပါတော့တယ်။
***
မေဓာဝီ
၇၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၁၀ နာရီ

Read More...

Sunday, January 06, 2008

အာရီရန်နှင့် မြနန္ဒာ

ကျမရေးခဲ့တဲ့ မြနန္ဒာနှင့် ခရစ်စမတ်ညစာ ပို့စ်မှာ ဇန်န၀ါရီ ၂-ရက်နေ့က အခုလို ကွန်မန့်တခု ၀င်လာပါတယ်။

“မြနန္ဒာနဲ့ ပတ်သက်တဲ့ စာတပုဒ် ရှယ်ယာလုပ်ပေးမယ်ဆိုရင် လက်ခံနိုင်မလား။ အီးမေးလ်လေး တဆိတ်လောက် ပေးနိုင်မယ် ဆိုရင်ပေါ့လေ။”

ဒါနဲ့ပဲ ကျမလည်း လက်ခံနိုင်ကြောင်း အကြောင်းပြန်ပြီးတဲ့နောက် အလွန် ကောင်းတဲ့ ရသစာ တပုဒ်ကို ဖတ်လိုက်ရပါတယ်။ စာကောင်းတပုဒ် ဖတ်ရှုရတဲ့အခါ ကိုယ့် မိတ်ဆွေများပါ မျှဝေ ခံစားစေလိုတာကြောင့် စာရေးသူ ထံ ခွင့်တောင်းပြီး ကျမဘလော့မှာ ဖော်ပြလိုက်ပါတယ်။

ဒီစာကို ၂၀၀၅ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ရင်ခတ်ပန်း မဂ္ဂဇင်း အမှတ် ၂ မှာ ဖော်ပြခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ အစက တ၀က်ချင်း ခွဲတင်မလို့ပါဘဲ။ ဒါပေမဲ့ တဆက်တည်းဖတ်မှ ပိုပြီး အရသာရှိမယ် ထင်တာကြောင့် အားလုံးပဲ တခါတည်း တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
အာရီရန် နှင့် မြနန္ဒာ

(၁)
အာ … ရီရာရန် … ၊ ရီရာရန် … ဟေ ဟေ ဟေ ၀ိုး …
အိုး ၀ို့ ၀ို ၀ိုး … ၊ ၀ို့ ၀ို ၀ိုး … ဟေ ဟေ ဟေ ၀ိုး …

မြေပြင်တခုလုံး သိမ့်သိမ့်တုန်နေသည်။ အသံတွေက ကောင်းကင်သို့ ခုန်တက်ကာ တိမ်တွေကို ထိုးဖောက်သွားသည်။ အသံ လှိုင်းလုံးကြီးက နိမ့်ချည် မြင့်ချည်။ အနီရောင် ပန်းခင်းကြီးကလည်း နိမ့်ချည် မြင့်ချည်။ ကျနော့် ရင်တွေလည်း နိမ့်ချည် မြင့်ချည်။

ရင်ထဲမှ ပွင့်အန်, တကိုယ်လုံးမှ စိမ့်ဖြာ ထွက်ပေါ်လာသော ဟစ်ကြွေးသံ၏ ထုထည်က ကြီးမားလှသည်။ တခဲနက်သော အသံလှိုင်းကြီးသည် အရာ အားလုံးကို ရိုက်ခတ်သွားတော့သည်။

ကျနော် တုန်လှုပ်ခြောက်ခြားစွာ မှင်သက်နေမိသည်။

လူတွေအားလုံး ခြေစုံ ခုန်လျက်၊ လက်ညှိုးလေး ထောင်လျက်၊ သံကုန်ဟစ် လျက်။ ကျနော်သည် ကြည့်နေရင်းပင် ရင်တခုလုံး လှိုက်ဖိုလာသည်။ မွေးညင်းပေါက်များ စစ်စစ်မြည်လာသည်။ ထိုခဏမှာပင် ကျနော့်ကို အသံလှိုင်းကြီးက ပုတ်ချလိုက်တော့သည်။

အသံများအောက်တွင် ကျနော် ပိပြားသွားသည်။ နိမ့်ကျသွားသော အသံလှိုင်း နှင့်အတူ ကျနော် မြေကြီးထဲ နစ်ဝင်သွားသည်။ မြင့်တက်လာသော အသံနှင့် အတူ ကျနော် လေထဲ လွင့်ပျံသွားပြန်သည်။ ကျနော့်တကိုယ်လုံးကို အသံထုက ၀ါးမြိုလိုက်ပြီးနောက် ကျနော်သည် ထိုအသံထုထဲက မြူမှုန် ကလေးတခု ဖြစ်သွားပြန်သည်။

ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိချိန်တွင် ကျနော်သည် စောစောကလူတွေ လို ဟစ်ကြွေးနေသူ တယောက် ဖြစ်နေတော့သည်။ အာ … ရီရာရန် … ။ ကျနော်နှင့်သူတို့ တသားတည်း ဖြစ်သွားသောအခါ ကျနော်သည် လှိုင်း အပုတ်ခံလိုက်ရသူ မဟုတ်တော့ဘဲ လှိုင်းစီးနေသူ တယောက် ဖြစ်သွားပြန် သည်။

ဘယ်မျှ ခုန်နေမိသည်မသိ၊ ကျနော် တကိုယ်လုံး ချွေးတွေနစ်လာသည်။ ကိုယ့်အသံ ကိုယ်ပြန်၍ မကြားနိုင်ပါဘဲလျက် အသံရှိန်က ကျမသွား။ ပျော်ရွှင် လျက်, တက်ကြွလျက်, လန်းဆတ်လျက်။ ကျနော်အပါအ၀င် လူတိုင်း ကိုယ်စီထံမှ ထွက်ပေါ်လာသော အာရီရန် တေးသံအောက်တွင် ကိုးရီးယား နိုင်ငံတခုလုံး ပျော်ဝင်သွားတော့သည်။

မီးရောင်စုံ ထွန်းထားသော စတိတ်စင်ပေါ်မှ ပေါက်ကွဲထွက်လာသော ရော့ခ် ဂီတနှင့် အတူ အားပါးတရ သီဆိုဟစ်ကြွေးနေပုံမှာ ကြည့်မြင်ရသူ အားလုံး ကို ဖမ်းစားနိုင်လွန်းလှသည်။ သူဆိုသလို အားလုံးဆိုသည်။ သူခုန်သလို အားလုံးခုန်သည်။ အားလုံးသည် တခုတည်းသာ ဖြစ်သည်။ သူတို့အားလုံး ပန်းနီရောင်တီရှပ်တွေ ၀တ်ထားကြသည်။ ပန်းနီရောင် ပုဝါလေးများကို အချို့က လက်မှာပတ်လျက်၊ တချို့က နဖူးမှာပတ်လျက်။ ဆိုးလ်မြို့တော် သည် အနီရောင်စုတ်ပြားကြီးဖြင့် တချက်တည်း သပ်ထားသော ပန်းချီကား ဖြစ်သွားသည်။

သူတို့အားလုံး မကြာမီကျင်းပတော့မည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြိုဆို နေကြခြင်း ဖြစ်သည်။ အာရှတွင် ပထမဆုံး ကျင်းပသော ပွဲလည်းဖြစ်၊ အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခွင့်ရအောင် အတော်ကြိုးစားထားရသည်လည်း ဖြစ်၍ ကိုရီးယားတနိုင်ငံလုံး ဘောလုံးအတွက် စိတ်စောနေကြသည်။ လူတွေ အားလုံး ဘောလုံးအတွက်ပဲ ပြောဆိုလှုပ်ရှားနေချိန်ဖြစ်သည်။ ပြိုင်ပွဲအကြို ကာလ လူထုလှုံ့ဆော်မှု အဖြစ် ကျင်းပနေသော စင်တင်ဂီတပွဲတွင် နာမည် ကျော် အဆိုတော်တွေ လူငယ်တွေအားလုံး တက်ကြွစွာ ပါဝင်နေကြသည်။ သူတို့ အားရပါးရ သီဆိုနေသည်က အာရီရန် သီချင်း ဖြစ်သည်။

ကျနော်ရောက်နေသည်က ဆိုးလ်မြို့တော် လမ်းမတခုဖြစ်သည်။ စတိတ်စင် က ဘယ်မှာရှိသလဲ ကျနော်မသိ။ သိလျှင်လည်း သွားလို့ ရနိုင်မည် မဟုတ်။ လမ်းပေါ်မှာ လူတွေက အပြည့်။ ရှုမြင်နေရသည်က ဒစ်ဂျစ်တယ် ဘုတ်ကြီး များမှ တဆင့်သာ ဖြစ်သည်။ ဆိုးလ်မြို့ထဲရှိ ဒစ်ဂျစ်တယ် ကြော်ငြာဘုတ်ကြီး များအားလုံးတွင် ကြော်ငြာများ မရှိတော့။ ဂီတပွဲကိုသာ တိုက်ရိုက် ထုတ်လွှင့် ပေးနေသည်။ စတိတ်ပေါ်မှာ, လမ်းမပေါ်မှာ, ဒစ်ဂျစ်တယ် ဘုတ်ပေါ်မှာ အာရီရန် တေးသံက မြူးကြွလွင့်ပျံလျက်၊ လူတွေအားလုံးက ခုန်ပေါက်လျက်။ အနီရောင်ပန်းခင်းကြီးကို လေတိုးဝှေ့သလို တယိမ်းယိမ်း တနွဲ့နွဲ့။ ကျနော် လည်း နှင်းဆီ တပွင့် ဖြစ်။

အို … ၀ို ၀ို့ ၀ိုး … ၊ ၀ို့ ၀ို ၀ိုး … ဟေ ဟေ ဟေ ၀ိုး … ၊
***
(၂)
အာရီရန် သီချင်းသည် ကိုရီးယား ရိုးရာ ကျေးလက်တေးတပုဒ် ဖြစ်သည်။ လူတိုင်းရ၍ လူတိုင်းနှစ်သက်သော သီချင်း ဖြစ်သည်။ လူစုလူဝေးနှင့် ပတ်သက်ရသော ကိစ္စတိုင်းတွင် သီဆိုလေ့ရှိသည်။

အာရီရန်သည် ကျေးလက်တေးတပုဒ်ဖြစ်ပြီး မည်သူက မည်သည့်အချိန်တွင် ရေးခဲ့သည်ဟု အတိအကျ မပြောနိုင်။ ဘယ်ကာလက ခေတ်စားခဲ့သည်ဟု မသိနိုင်သော်လည်း ကိုရီးယားလူမျိုးများ၏ ရင်ထဲတွင် စိမ့်ဝင် စွဲမြဲနေသည်က တော့ ကြာလှပေပြီ။ ကျေးလက်တွင် လယ်ယာလုပ်ကိုင်ရင်း, ငါးဖမ်းရင်း, ခရီး သွားရင်း သီဆိုလေ့ရှိကြသည်။ တဦးတည်းလည်း ဆိုသည်။ လူစုလူဝေးနှင့် လည်း ဆိုသည်။ လူထုကြားတွင် ရှင်သန်နေသည့် တကယ့် လူထုတေးသံ ဖြစ်သည်ကတော့ အမှန်။

မူရင်း အာရီရန်သီချင်းမှာ စာကြောင်းလေးကြောင်းသာ ရှိသည်။
“အာရီရန် … အာရီရန်ရေ …
အာရီရန် တောင်ကျော်လမ်းမှာ
ငါဖြတ်သန်းနေတယ်လေ …
ငါ့ကိုစွန့်ပစ်ခဲ့သူတွေမှာတော့
ဆယ်လီ*အရောက်မှာ ဆက်မလျှောက်နိုင်ပြီလေ …”

အာရီရန်ဆိုသည်မှာ တောင်ကို ဖြတ်ကျော်သွားသည့် လမ်းကို တင်စား ခေါ်ဝေါ်သည့် စကားဖြစ်သည်။ လမ်းတခုတည်းကို တိုက်ရိုက် ရည်ညွှန်းသည် မဟုတ်။ ‘ခရီးလမ်း’ ဟု ဆိုလိုခြင်း ဖြစ်သည်။

ဟိုးတချိန်က ဆိုးလ်မြို့အရှေ့ဘက် ဂိတ်ပေါက်ငယ်လေးမှ ထွက်လိုက်လျှင် အာရီရန် တောင်ပေါ်လမ်းသို့ ရောက်သည်ဟု ဆိုထုံးရှိသည်။ ထိုလမ်းကလေး ကို အာရီရန်လမ်းဟု ယူခဲ့ကြသော်လည်း ထိုလမ်းတခုတည်းကို ဆိုလိုသည် ဟုလည်း မပြောသာ။ မြန်မာလို ‘ခရောင်းလမ်း’ ဟုဆိုလျှင် နည်းနည်းနီးစပ် မည်လား မသိ။ အာရီရန်သည် တောင်ပေါ်လမ်း, တောင်ကျော်လမ်း သို့မဟုတ် ခရောင်းလမ်း သို့မဟုတ် ဘ၀လမ်း ဖြစ်သည်။ ရည်မှန်းချက် တခုဖြင့် ဖြတ်သန်းနေသော လမ်း။ မျှော်လင့်ချက်အတွက် လျှောက်နေသော လမ်း။

သီချင်းထဲတွင် ထိုလမ်းကိုပင် လူတယောက်လို သဘောထား၍ ‘အာလုပ်’ ပြုထားသည်။ အာရီရန်။ ပြီးတော့ ထိုလမ်းမှာပင် ငါလျှောက်လှမ်းနေသည်ဟု ဆိုသည်။ ဟုတ်သည်။ မိမိတို့ ဘ၀ကိုယ်စီသည် ခရောင်းတို့ဖြင့် တည်ဆောက်ထားသော လမ်းမဟုတ်ပါလား။ ထိုအခါ မိမိကိုယ်တိုင်သည်ပင် အာရီရန် ဖြစ်သွားတော့သည်။ အာရီရန်သည် မိမိကိုယ်တိုင် ဖြစ်သည်။ မိမိ ကိုယ်တိုင်သည် အာရီရန် ဖြစ်သည်။ မိမိကိုယ်တိုင်ပင် ဖြစ်သော အာရီရန် သည် အပေါင်းအဖော်မပါ တကိုယ်တည်း ဖြစ်သည်။ သူတို့တွေက ကိုယ့်ကို စွန့်ပစ်ခဲ့သည်။ မိမိသည် စွန့်ပစ် ခံခဲ့ရသူ။ သို့ပေမဲ့ စွန့်ပစ်ခဲ့သူတွေက ခရီးတာ တခုမှာ ရှေ့ဆက် မလျှောက်နိုင်တော့။ ရပ်တန့် ကုန်ကြပြီ။

ရိုးစင်းသော သီချင်းစာသားအတွင်းမှာပင် နက်နဲကျယ်ပြန့်သော အဓိပ္ပါယ်တွေ အပုံအပင် ပါနေသည်။ ထိုသီချင်းကို ကိုရီးယားတွေ အလွန်နှစ်သက်ခဲ့ကြ သည်။ အာရီရန်သည် သူတို့ရင်ကို အပန်းပြေရုံ သက်သက် မဟုတ်။ အားမာန် တွေကို ပေးနေသည်။ မျှော်လင့်ချက်တွေကို ပေးနေသည်။ အာရီရန် … ဟု ရင်တွင်းမှ ထုတ်ဖော်လိုက်ခြင်းသည် သူတို့စိတ်ကို အားသစ်လောင်းလိုက် ခြင်းပင် ဖြစ်တော့သည်။

ဤတေးကို ကိုရီးယားလူမျိုးတွေက ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် သီဆို ခဲ့ကြသည်။ မူရင်းစာသားကို ထပ်မံဖြည့်စွက်၍ ချဲ့ထွင်ထားသော မူကွဲတွေ အများအပြားရှိသည်။ သီဆိုဟန် မူကွဲသည့် တေးသွား အမျိုးမျိုးရှိသည်။ သို့သော် တေးသွားတွေ ဘယ်လိုပြောင်းပြောင်း, စာသားတွေ ဘယ်လို ချဲ့ချဲ့ မူရင်းအနှစ်သာရကတော့ မပြောင်းခဲ့ပါ။

၁၉၂၆ က ကိုရီးယား၏ ပထမဆုံး ရုပ်ရှင်ကားမှာ ‘အာရီရန်’ ဖြစ်သည် ဟု ဆိုပါသည်။ ထိုရုပ်ရှင်မှာ ဂျပန် ကိုလိုနီခေတ်က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုင်ငံ လွတ်မြောက်ရေးအတွက် အနုပညာဖြင့် လှုံ့ဆော်ခဲ့သည်ဟု ဆိုပါသည်။ ထို ဇာတ်ကား၏ အဓိက ဇာတ်ဝင်သီချင်း အာရီရန်ဖြင့် ခေတ်သစ် ကိုရီးယား တို့ကို နိုးကြားစေခဲ့သည်ဟု သိရပါသည်။ ထိုနောက်ပိုင်းတွင် အာရီရန်သည် တော်လှန်ရေးအငွေ့အသက်ကိုပါ ဆောင်ကြဉ်းလာခဲ့သည်။ ဂျပန်ခေတ်က စစ်ထွက်သူတို့သည် အာရီရန်ကို သီဆို၍ စစ်ထွက်ခဲ့သည်ဟု ဆိုပါသည်။

ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးဖြင့် သီဆိုခဲ့သော လူထုတေးသံ အာရီရန် သည် ယနေ့ ရော့ခ် ဂီတ ပုံစံဖြင့် ရှင်သန်လျက်ပင် ရှိသေးသည်။
***
(၃)
လူမျိုးတိုင်းတွင် ကိုယ်ပိုင် သီချင်း ဂီတတွေ ရှိကြစမြဲဖြစ်သည်။ ထိုတေးဂီတ တို့သည် ရေမြေသဘာဝ လူမျိုး၏ စိတ်ကူးစိတ်သန်း ဓလေ့စရိုက်ကို တည်မှီ၍ ပေါ်ထွန်းလာကြခြင်း ဖြစ်သည်။ ဘယ်ခေတ်က ဘာပေါ်ခဲ့သည်ဟု ပြောနိုင် တာလည်း ရှိမည်၊ မပြောနိုင်တာလည်း ရှိမည်။ ဘယ်လိုပဲ ဖြစ်ဖြစ် တေးဂီတ တခု လူထုရင်ထဲ စွဲမြဲနှစ်သက်နေသည် ဆိုလျှင် ထိုတေးဂီတမှာ ထိုလူမျိုး၏ အသည်းနှလုံးထဲက ထွက်ပေါ်လာသော ကိုယ်ပိုင်အနုပညာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

လူမျိုးတိုင်းတွင် သားချော့တေး ရှိသည်။ ကျေးလက်တေးခေါ် လုပ်ငန်းခွင်နှင့် စပ်ဆိုင်နေသည့် ဂီတများရှိသည်။ ဘောင်းဘီဝတ် ဦးထုပ်ဆောင်း မြင်းစီးကာ နွားကျောင်းသည့် ကောင်းဘွိုင်တွေ၏ ကန်းထရီးသီချင်းတွေ ရှိသလို ပုဆိုးတိုတို ရောင်တစောင်းနှင့် မြန်မာနွားကျောင်းသားတို့၏ ရိုးရာသီချင်းများ လည်းရှိပါသည်။ မြန်မာတွင် မောင်းထောင်းတေး၊ ကောက်စိုက်တေး၊ လှေတော်သံ၊ ဗုံကြီးသံ၊ ဗျောသံ စသည့် လူထုတေးသံများ ရှိကြပါသည်။ ထို တေးသံများသည် မြန်မာလူမျိုး၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့စရိုက်များမှ ဖြစ်ထွန်းလာသော လူထုအနုပညာများ ဖြစ်ကြပါသည်။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူထုအားလုံး၏ အသည်းနှလုံးကို ဆွဲဆောင်နိုင်သည့် တေးတပုဒ်တော့ လူမျိုးတိုင်းတွင် ရှိကြစမြဲ ဖြစ်သည်။ ကိုရီးယားတွေက အာရီရန်ကို သူတို့၏ အနှစ်သက်ဆုံး လူထုတေးသံဟု ဆိုသည်။ မြန်မာတို့၏ အနှစ်သက်ဆုံး လူထုတေးသံကကော ဘာဖြစ်မလဲ။

ကျနော်ကတော့ ‘မြနန္ဒာ’ ဟု ဖြေချင်ပါသည်။

လူတွေနှုတ်ဖျားမှာ မြနန္ဒာဟု ခေါ်နေကြတာကိုက လူထုတေးသံ ဖြစ်နေခြင်း ၏ လက္ခဏာတရပ် ဖြစ်နေပါသည်။ အကြောင်းမှာ ထိုသီချင်း၏ ခေါင်းစဉ် အမှန်မှာ ‘မန်းတောင်ရိပ်ခို’ ဖြစ်နေ၍ ဖြစ်ပါသည်။ မြန်မာလူငယ် တယောက် ကို မန်းတောင်ရိပ်ခို ရသလားဟု မေးလျှင် မရဘူးဟု ဖြေပါလိမ့်မည်။ မြနန္ဒာ ကောဆိုလျှင် ဒါတော့ ရတာပေါ့ဟု ဖြေပါလိမ့်မည်။ မန်းတောင်ရိပ်ခိုကို သူတို့ မသိ။ မြနန္ဒာကို သိသည်။

အကယ်၍သာ သီချင်းရေးသူ ဆရာမြို့မငြိမ်း ရှိနေသေးလျှင် သူ့သီချင်း၏ စာသားကို ရပါလျက် ခေါင်းစဉ်အမှန်ကို မသိရကောင်းလားဟု စိတ်ဆိုးနေ လိမ့်မည်ဟု ကျနော် မထင်။ ကျိတ်၍ ၀မ်းသာကောင်း သာနေဦးမည် ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာမြို့မငြိမ်း အမှန်တကယ်ပေးလို သည့် ခေါင်းစဉ်အမှန်မှာ ‘မြနန္ဒာ’ ဖြစ်နေ၍ ပင်။

မြို့မငြိမ်း ထိုသီချင်းကို မရေးမီ နန်းတော်ရှေ့ဆရာတင်က ‘မြနန္ဒာ’ ဟူသော ခေါင်းစဉ်ဖြင့် သီချင်းတပုဒ်ရေးခဲ့ပြီး ဖြစ်၍ ဆရာငြိမ်းက မန်းတောင်ရိပ်ခိုဟု အမည်တပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသီချင်း လူထုထဲ ပြန့်သွားသောအခါ လူထုက မြနန္ဒာ ဟုပင် အနွတ္ထသညာ ပြုလိုက်တော့သည်။

စစ်စင် မြနန္ဒာ သီချင်းမှာ မန္တလေးခေတ်ဦးက ပေါ်ခဲ့သည့် ကျေးလက်တေး တပုဒ်ကို အခြေခံရေးဖွဲ့ထားခြင်း ဖြစ်သည်။
“အသက်ကလေးရယ် ရှည်စေလို
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို …”

မန္တလေးမြို့ကို တည်သောအခါ မန္တလေးတောင်နှင့် ယင်းတောင်ခြေရှိ နန္ဒာ ကန်မှာ မြို့၏ အင်္ဂါရပ်များသဖွယ် ဖြစ်လာသည်။ တောတောင်ကိုချစ်သော မြန်မာတို့ကို တောရိပ်တောင်ရိပ်က ဆွဲဆောင်နိုင်သည်။ မြို့သစ်သည် လွင်တီးခေါင်မဟုတ်။ တောတောင်တို့ဖြင့် စိမ်းစိုသည်။ ရေတွင်းရေကန်တို့ဖြင့် ပြည့်စုံသည်။ နန္ဒာကန်လည်း ရှိသည်။ ဒီမြို့မှာနေလျှင် စိမ်းစိုသာယာ စိတ်ချမ်းသာမည်။ ငြိမ်းငြိမ်းချမ်းချမ်းရှိမည်။ သို့ဆိုလျှင် အသက်ရှည်မည်။ ဤ သီချင်းသည် မန္တလေးခေတ်ဦးက လူထုကို အလွန်ဆွဲဆောင်နိုင်ခဲ့သော သီချင်း ဖြစ်ခဲ့ပါလိမ့်မည်။

မန္တလေးခေတ် လွန်သောအခါ ထိုတေးကိုပင် အခြေခံ၍ နန်းတော်ရှေ့ ဆရာတင်က သီချင်းရေးသည်။ ထိုသီချင်းသည် သူ့ခေတ်အလျောက် နာမည် ထွက်ခဲ့သော်လည်း လူထုသီချင်းတော့ မဖြစ်ခဲ့။ ဆရာငြိမ်း၏ သီချင်း ထွက်ပေါ်လာသောအခါ လူထုသီချင်း ဖြစ်လာခဲ့သည်။

“မြနန္ဒာ ရေညိုညိုရစ်ကာသန်းတယ်
ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူဆွေရယ်
ပျော်ခင်းလေး သာပါဘိတယ်
အတိတ်ကောင်းယူမယ် နှစ်ဦး သင်္ကြန်တော်ဝယ်”

ဆရာငြိမ်းက မြနန္ဒာကို မန္တလေးမြို့ဘွဲ့ သက်သက် မရေး။ မြန်မာတို့ အကြိုက် သင်္ကြန်ဘွဲ့အဖြစ် ရေးသည်။ နှစ်သစ်ကူးချိန် အတာသဘင်မှာ မန်းတောင်ရိပ်သို့ ချစ်သူခင်သူတို့နှင့် အတူတူ သွားခဲ့ကြပုံကို ရေးသည်။ အခါ ကောင်းမှာ ပျော်ရွှင်ရပုံကို ရေးသည်။ ထိုအရေးအဖွဲ့ကြောင့်ပင် လူထုတေးသံ ဖြစ်ခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။

ခေတ်အဆက်ဆက် သင်္ကြန်အခါတိုင်း မြနန္ဒာ မပါလျှင် သင်္ကြန်မဖြစ်လောက် အောင် ဖမ်းစားနိုင်လွန်းလှသည်။ သင်္ကြန်အခါ စင်ပေါ်တက်ရသူ နာမည်ကျော်တိုင်း မြနန္ဒာမဆိုဘူးသူ မရှိ။ မြနန္ဒာနှင့် မကဘူးသူ မရှိ။ ရော့ခ် တွေ မက်ဒဲလ်တွေ ခေတ်ရောက်လာတော့လည်း မြနန္ဒာက ပျောက်မသွား။ ရော့ခ်သမားများကိုယ်တိုင် မြနန္ဒာကို ဟစ်နေကြသည်မှာ အထင်အရှား။

လူစုလူဝေးဖြင့် အားပါးတရ ဆို၍ က၍ ရသော မြနန္ဒာသည် သင်္ကြန်နယ်ပယ် ကိုကျော်၍ မြန်မာတို့၏ ပွဲလမ်းသဘင်တိုင်းသို့ ပေါက်ရောက်လာတော့သည်။ လူစုစုဖြင့် ပျော်စရာ ရွှင်စရာ လုပ်ကြပြီဆိုလျှင် မြနန္ဒာက အလိုလို ပါလာရစမြဲ ဖြစ်တော့သည်။ ယခုဆိုလျှင် နိုင်ငံခြားရောက် မြန်မာတို့၏ ပွဲလမ်းသဘင် တိုင်းတွင်လည်း မြနန္ဒာက အပိတ်သီချင်းအဖြစ် နေရာယူထားသည်။

မြနန္ဒာသည် မြန်မာတို့၏ ရင်ထဲမှာ တကယ်စွဲနေသည်ကတော့ အမှန်ပင်။
***
(၄)
လူထုတေးသံတိုင်းတွင် ထိုလူမျိုး၏ စိတ်ကူးစရိုက်တို့ ကိန်းအောင်းနေမြဲ ဖြစ်သည်။ အလုပ်ကို ချစ်တတ်သော, စွဲစွဲမြဲမြဲ လုပ်တတ်သော ရည်မှန်းချက် အတွက် စိတ်ဓာတ် ပြင်းထန်သော ကိုရီးယားလူမျိုးတို့၏ စရိုက်ကို အာရီရန် သီချင်းတွင် တွေ့မြင်နေရသည်။ တောတောင်ရေမြေတို့က ခက်ထန် ကြမ်းတမ်းလျက် ထိုအခက်အခဲတို့ကို အမြဲတစေ ရင်ဆိုင်နေရတတ်သည့် ကိုရီးယားတို့၏ သဘာဝကို အာရီရန်က ဖွင့်ဆိုပြထားသည်။

ရေမြေတောတောင်၏ နေချင့်စဖွယ် လှပသာယာသည့် မြန်မာ့သဘာဝကို မြနန္ဒာတွင် တွေ့မြင်နေရသည်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်သော ဓလေ့စရိုက်ကို မြနန္ဒာက ခံစားရရှိစေသည်။ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အသက်ရှည်ရှည် နေချင်သော မြန်မာတို့၏ စိတ်ခံစားမှုကို မြနန္ဒာက ပုံဖော်ပြ ထားသည်။ ပြီးတော့ အဖော်အပေါင်းကို ခင်တွယ်တတ်၊ သံယောဇဉ်ကြီးတတ် သော မြန်မာ့ဓလေ့စရိုက်ကိုလည်း ထင်လင်းစွာ ခံစားရရှိစေသည်။

ကိုရီးယားတို့၏ ရည်မှန်းချက်တွေ၊ အောင်မြင်မှုအတွက် လိုလားတောင့်တမှု တွေက ရော့ခ်ဂီတနှင့်အတူ ပေါက်ကွဲထွက်လာပုံမှာ သိမ့်သိမ့်တုန်စရာ။ အဲဒါ သည်ပင် ကိုရီးယားဖြစ်သည်ဟု ပြောဆိုနေသယောင်။ အေးအေးလေးနှင့် မြူးကြွသောတေးသံ ဖျတ်ဖျတ်လတ်လတ်ရှိသည့် ဒိုးသံနှင့်အတူ မြနန္ဒာ သီချင်းမှာ မြန်မာ့ပင်ကိုယ်ဟန်ပင် ဖြစ်တော့သည်။ ခြေလှုပ် လက်လှုပ် လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ပါးပါး ဟစ်အော်နေတတ်ပုံကပင် မြန်မာဟု မပြောဘဲ သိနေစေတော့သည်။

သို့ရာတွင် တခါတရံတော့ ကျနော့်ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားမိသည်။

ကျနော်တို့ဆီမှာ မြနန္ဒာကို ဆိုရ ကရသည်က ပုံစံခွက်ကြီးနှင့်ဖြစ်သည်။ တူညီဝတ်စုံဝတ် အဖွဲ့များက အကွက်ချထားသည့်အတိုင်း နေရာယူရသည်။ စည်းချက်အတိုင်းမှန်အောင် ကနေရသည်။ ကနေသူတွေ လိုက်မဆိုရ။ တကယ် လွတ်လွတ်လပ်လပ် ကချင်သူတွေက ဟိုးနောက်မှာ။ သူတို့ကို မျက်လုံးနီများက အချိန်ပြည့် စောင့်ကြည့်နေသေးသည်။ လူတွေ တပျော်တပါး သီဆို ကခုန်နေကြသည်ဟု တီဗီရိုက်ကောင်းအောင် ပြင်ဆင် စီမံထားမှုကြောင့်ပင် မြနန္ဒာသည် လူထုရင်မှာ လျော့ပါးလာရတော့သည်။ လူထုပစ္စည်းကို မိမိတံဆိပ်တပ်၍ ကိုယ်တဦးတည်း မူပိုင်လုပ်လာသောအခါ လူထုသည် မြနန္ဒာကို စွန့်ပစ်ချင်လာတော့သည်။

တကယ်တော့ မြနန္ဒာတွင် ဘာအပြစ်မှ မရှိ။ ကျနော်တို့က မြနန္ဒာကို ချစ်သလို မြနန္ဒာကလည်း ကျနော်တို့ကို ချစ်နေမည်သာ ဖြစ်သည်။ မြနန္ဒာသည် မန္တလေးမြို့ဘွဲ့ ဒေသတခုတည်းအတွက် ကွက်ကွက်လေးဟု ကျနော်က မထင်။ မြနန္ဒာသည် သူကဲ့သို့ သာယာလှပသော ရေမြေတောတောင်တို့နှင့် ပြည့်စုံသည့် မြန်မာပြည်ကြီးဟု ကျနော်က ခံစားမိသည်။ မန်းတောင်ရိပ်မှာ အတူခိုမည့် ပျိုဖြူဆွေတို့မှာ ကျနော်တို့၏ ညီနောင်သားချင်းတွေ ကျနော်တို့ ပြည်သားတွေဟု ကျနော်က မြင်ယောင်မိသည်။ ကျနော်တို့ အတိတ်ကောင်း တွေကို အတူတူ မျှော်လင့်နေကြသည်။ အတိတ်ကောင်းတွေကို တကယ် လိုချင်မိပါသည်။ ကျနော်တို့၏ နှစ်ကူးတွင် ပျော်ခင်းတွေ တကယ်သာချင်လှ ပါသည်။

လူထုရင်ထဲမှ မြနန္ဒာတေးသံသည် တကယ်ပင် လွင့်ပျံနေစေချင်ပါသည်။

မည်သို့ပင်ဖြစ်စေ မြနန္ဒာ သီချင်းသံကြားလျှင် ကျနော်ပျော်ပါသည်။
ကိုရီးယားတွေက မိမိတို့ရင်ထဲက သီချင်းကို လွတ်လပ်ပေါ့ပါးစွာ အားပါးတရ သီဆို ခုန်ပေါက်နေပုံကို ကြည့်ရင်း ကျနော်ကိုယ်တိုင်ပင် သီဆို ကခုန်ခဲ့ မိသည်။ ထို့အတူ လွတ်လပ်ပျော်ရွှင် အေးငြိမ်းစွာ မြနန္ဒာကို အနှောင်အဖွဲ့ ကင်းလွတ်စွာ ဟစ်ကြွေးကခုန်နေသည့် မြန်မာလူထုကြီးကို ကျနော် မြင်ယောင် ကြည့်မိသည်။ ထိုအခါ ကျနော်တို့၏ မြနန္ဒာကလည်း ကြားရသူ တိုင်းကို ကြည်နူးနှစ်သက်စေနိုင်မည်ဟု ကျနော် ယုံကြည်မိပါသည်။

မြန်မာတွေ ဘယ်ကိုပဲ ရောက်ရောက်၊ ဘယ်မှာပဲနေနေ ထိုနေရာ၌ မြနန္ဒာ သီချင်းသံ လွင့်ပျံနေမည် ဆိုလျှင် မြန်မာတို့ ရှင်သန်နေသေးသည်ဟူသော နိမိတ်ကို ဆောင်နေသေးသည်ဟု ခံစားမိတိုင်း ကျနော့်ရင်တွင် ပီတိလှိုင်း တခုက လှုပ်ခတ်လာတတ်သည်။
***
ဝင်းပေါ်မောင်
ရင်ခတ်ပန်း မဂ္ဂဇင်း (အမှတ်-၂)
၂၀၀၅ ခုနှစ်
***
ဒီစာကို ကျမဘလော့မှာ ဖော်ပြခွင့်ရတဲ့အတွက် စာရေးသူ ဆရာ ၀င်းပေါ်မောင် ကို အထူးကျေးဇူး တင်ပါကြောင်း … ။

မေဓာဝီ
၆၊ ဇန်န၀ါရီ၊ ၂၀၀၈
၁၂း၄၀ နာရီ

(* ဆယ်လီ = နှစ်မိုင်ခွဲခန့် အကွာအဝေး၊ လီ = ကိုရီးယားရိုးရာ အကွာအဝေး ယူနစ်)

Read More...