Thursday, February 01, 2007

လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က စာတစောင်


ဒီစာလေးကို ကျမ ရှာနေတာကြာပါပြီ။ ဘာကြောင့်လဲ ဆိုတော့ … ဒီစာကို အကြောင်းပြုပြီး ကျမ မေဓာဝီ ဖြစ်လာရလို့ပါပဲ။ ဒီစာလေးကို စဖတ်ရတုန်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။ အဖေ က အမေ့ကို ပေးတဲ့ သ၀ဏ်လွှာလေးဆိုပါတော့။ ရည်းစားစာလို့တော့ ပြောလို့မရဘူး။ အဲဒီစာပေးတဲ့အချိန်မှာ အဖေနဲ့ အမေက ကလေး ၃ ယောက် ရပြီးနေပါပြီ။ ဒါကြောင့် သ၀ဏ်လွှာ လေးလို့သာ ဆိုကြပါစို့။
ဒီစာလေးထဲက မေဓာဝီ ရဲ့ အဓိပ္ပါယ်ရှင်းလင်းချက်ကို ဖတ်ရကတည်းက ကျမ အရမ်းသဘောကျသွားတယ်။ ကျမ စာရေးရင် ဒီနာမည်ပေးမယ်လို့ စဉ်းစားစိတ်ကူးမိပါတယ်။ တကယ်တမ်း စာရေးတော့ အဲဒီနာမည်ချက်ချင်း မပေးဖြစ်ဘူး။ ရေးပြန်တော့လည်း ရွေးမခံရပါဘူး။ ၂၀၀၄ ခုနှစ်ကျမှ မေဓာဝီနာမည်ဟာ စာမျက်နှာပေါ် ရောက်လာပါတယ်။ ဒီနာမည်ကို မြတ်နိုးလို့ အင်တာနက်ထဲ မှာလည်း သုံးဖြစ်တယ်။
ဒီနေ့မှ အမေ့မွေ့ရာအောက်က စာအိတ်ကြီးထဲမှာ ဒီစာလေးကို သွားတွေ့ပါတယ်။ ၀မ်းသာသွားတာနဲ့ပဲ
ကျမ မေဓာဝီ ဖြစ်လာရခြင်းရဲ့ အရင်းခံစာလေးကို ပြန်ကူးရေးပေးလိုက်ပါတယ်။ လံကြုတ်ထင်မှာစိုးလို့ စာ တပိုင်းတစကို စကန်တင်ပေးလိုက်ရပါကြောင်း …။
***
4th April, 1975

* ချစ်သော မေဓာဝီ

မေ့ကို မောင်က “မေဓာဝီ” လို့ ခေါ်တာ ဘာကြောင့်လဲ?။ အကြောင်းရှိတာပေါ့။ “မေဓာဝီ” ဆိုတာ “ပညာရှိ” ကို ခေါ်တာ။ မေဓာဝီရဲ့ အဓိပ္ပါယ်က ပညာရှိတဲ့ မေရဲ့။ ပညာရှိဆိုတာ ဘာလဲ?။ ပညာရှိဆိုတာ တခြားဟုတ်ရိုးလား၊ အရာရာမှာ အမှား နဲ့ အမှန် ဝေဘန် ခွဲခြားတတ်တဲ့ သူပေါ့ မေရဲ့။ ဒါကြောင့် မောင်က မေ့ကို ပညာရှိကြီး ဖြစ်စေချင်တာမို့- “ပညတ်ရှိရာ ဓာတ်သက်ပါ” ဆိုတဲ့ စကားနဲ့အညီ “မေဓာဝီ” လို့ ကင်ပွန်းတတ်လိုက်ပါသတဲ့။

အဲ … ဒီတော့ မေက ပညာရှိကြီးဖြစ်သွားပြီ။ မောင်ပြောလှာတဲ့ စကားတွေကို အမှားအမှန် ဝေဘန်ပိုင်းခြား ပေတော့နေား။ မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်ဖြစ်တယ် မေရဲ့။ မေ့ကိုမောင် စကားကြီး သုံးခွန်းပြောပြမယ်၊ နားထောင်နော်။

* (၁) ဘုရားကို စေတီကွယ်တတ်တယ်။
* (၂) တရားကို စာအုပ်ကွယ်တတ်တယ်။
* (၃) သံဃာကို ဘုန်းကြီးကွယ်တတ်တယ် … တဲ့ မေရဲ့။ အဲဒီ စကားကြီး သုံးခွန်းကို အသေအချာ ဆန်းစစ်ကြည့်သင့်တယ်။ လေးနက်တဲ့ အဓိပ္ပါယ်ကို ထုတ်ယူသင့်တယ်။ မှန်ကန်တဲ့ အဓိပ္ပါယ်ကိုဆောင်ရင် လိုက်နာရမယ်။ နံပါတ် (၁) ကို လေ့လာကြရအောင် မေရေ။ (၁) က ဘာတဲ့ - “ဘုရားကို စေတီ ကွယ်တတ်တယ်” ဆိုဘဲ။

ဘုရားဆိုတာ ဒို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရား။ ဗုဒ္ဓဘာသာ မှန်သရွေ့ ကိုးကွယ်ဆည်းကပ်တဲ့ ဘုရား။ တဆူထဲရှိတယ်။ သဗ္ဗညုတ ဥာဏ်တော်ရှင်၊ သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူတဲ့ ဘုရား။ ဒီတော့ ရွှေတိဂုဏ်ကို မှ ကြည်ညိုတယ်၊ ခြောက်ထပ်ကြီးတော့ သိပ်စိတ်မ၀င်စားဘူး။ ရွှေရှိတဲ့ဘုရားမှ အထင်ကြီးတယ်၊ ထုံးဖြူဘုရားကျတော့ တန်ခိုးရှိတယ်မထင်။ ဒါဟာ - ဘုရားကို စေတီကွယ်တာဘဲ။ တို့များ သိကြဖို့က ဘုရားကို ဘာကြောင့် ကိုးကွယ်တယ် ဆည်းကပ်တယ်ဆိုတဲ့အချက်ဘဲ။ စေတီတွေနဲ့ မရောထွေးသင့်ဘူး။ ဘုရားဂုဏ်တော် ကိုးပါးကို အောက်မေ့နေရင် ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်း ဆီးဖျန်းနေတာဘဲ။ အဲဒီတော့ - ဘယ်ဘုရားဘဲ သွားသွား ဘယ်စေတီဘဲ ဖူးဖူး မိမိရဲ့ စိတ်၊ မိမိရဲ့ အာရုံ ၊ မိမိရဲ့ သဒ္ဓါတရား- အဲဒါသာ အဓိက၊ အဲဒါသာ အရေးအကြီးဆုံး ဖြစ်တယ်။ ဒါကြောင့် - “ဘုရားကို စေတီမကွယ်စေနဲ့” လို့ ရှေးလူကြီးများက မိန့်မြွက်ခဲ့ကြပါသတဲ့။

(၂) ကတော့ - တရားကို စာအုပ်ကွယ်တတ်တယ် … တဲ့။ ဒါလဲ ဒီအတိုင်းပဲပေါ့ မေရယ်။ မြတ်ဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကိုချုပ်လိုက်ရင် * သုတ်၊ * ၀ိနည်း၊ * အဘိဓမ္မာ … ရယ်လို့ ပိဋကတ် သုံးပုံဖြစ်လာပါတယ်။ ပုထုဇဉ်လူသားများကို ယဉ်ကျေးသိမ်မွေ့အောင်၊ အမှန်တရားကို မြင်လာအောင်၊ သီလရှိအောင်၊ သမာဓိရင့်လာအောင်၊ ပညာပြည့်လာအောင် ကောင်းမြတ်သော နည်းလမ်း အသွယ်သွယ်နဲ့ ဟောကြားထားတာကို - သုတ် လို့ခေါ်တယ်။
ရဟန်းသံဃာများ လိုက်နာကျင့်သုံး ရှောင်ရှားစရာတွေကို အခါအားလျော်စွာ ပညတ်ခဲ့တဲ့ တရားကိုတော့ - ၀ိနည်းလို့ ခေါ်တယ်။
ပညာဥာဏ် ရင့်သန်ပြီးသူများအတွက် အသေးစိတ် ဖော်ကြူး ဟောကြားခဲ့တဲ့ တရားကတော့ အဘိဓမ္မာပေါ့။

ဘုရားရဲ့ တရားတော်များကို ပိဋကတ်သုံးပုံရယ်လို့ အလွယ်ခေါ်နိုင်ပေမဲ့ အင်မတန်များပြားတယ်၊ အင်မတန်ကျယ်ဝန်းတယ်၊ အင်မတန်နက်ရှိုင်း လေးနက်တယ်။ သို့သော်လည်း အချုပ်သဘောကို ကိုင်လိုက်ပြန်တော့- “ဧကောဓမ္မော” တခုတည်းသော တရားသာဖြစ်တယ်။ ဘာလဲဆိုတော့ “နိဗ္ဗာန်”ပေါ့။ တရား အားလုံးရဲ့ ရည်ရွယ်ချက်ဟာ နိဗ္ဗာန်ရောက်ကြောင်းသာ ဖြစ်တယ်။

ဒီတော့ - ငါဟာ ပိဋကတ်သုံးပုံ အာဂုံမဆောင်နိုင်သေးလို့၊ တရားမရှိ၊ တရားမပြည့်ပြီလို့ မယူဆသင့်သလို၊ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တိုင်းလည်း တရားမရှိနိုင်၊ မပြည့်နိုင်ဘူးဆိုတာ သိရမယ်၊ နားလည်ရမယ်။ စာအုပ်တွေကိုသာဖတ်ပြီး စာအုပ်တွေပေါ်မှာသာ လမ်းဆုံးနေတဲ့ သူတွေ ဒုနဲ့ဒေး ရှိကြတယ်။ ငါတော်တယ်၊ ငါတတ်တယ် ဆိုပြီး ၀င့်ကြွားနေကြတယ်။ ဒါဟာ အမှန်တော့ - “တရားကို - စာအုပ် ကွယ်နေခြင်း” သာ ဖြစ်တယ်။

ဒို့ဗုဒ္ဓရဲ့ တရားတော်ဟာ စာမတတ်သူ ဖြစ်သော်ငြားလည်း တရားရနိုင်တယ်။ မာန်မာနသာ မတက်ကြွစေနဲ့ - ဘယ်လိုပုဂ္ဂိုလ်မဆို တမဂ် တဖိုလ်ကိုရနိုင်တဲ့တရား။ အင်မတန်မှမွန်မြတ်တယ်။ တရားစာအုပ်ကြီး ပိုက်ပြီး မအိပ်မနေ ဖတ်နေတိုင်း တရားမရနိုင်ဘူး။ တရားတော်ရဲ့ အချုပ်ကတော့ - သီလရယ်၊ သမာဓိရယ်၊ ပညာရယ် ဒီသုံးခုဘဲ။ သီလဆိုတဲ့ အကျင့်မြတ်ရှိရမယ်။ သမာဓိဆိုတဲ့ တည်ကြည်တဲ့ မနောရှိရမယ်။ ဒီအခါမှာ ပညာဥာဏ် ဖြစ်ပေါ်လာမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်။ တရားတော်များရဲ့ အနက်အဓိပ္ပါယ်ကို မေ လေ့လာကြည့်ပါ။ ဒို့ဗုဒ္ဓရဲ့ တရားတော်ကို ကျင့်ကြံတယ် ဆိုရင်ဘဲ “အ ကာလိကော” အချိန်မလင့် အခါမလင့် အကျိုးပေးတဲ့ သဘောရှိတယ် မဟုတ်လား။

နောက်ဆုံးတခုဖြစ်တဲ့ (၃) “သံဃာကို ဘုန်းကြီးကွယ်တတ်တယ်” ဆိုတာကလဲ … ဒီသဘောတွေပါပဲ မေရယ်။
ဘုရားရဲ့ သားတော်များဖြစ်တဲ့ သံဃာတော်များမှာ ရှိအပ်တဲ့ ဂုဏ်တော်တွေကို မေလဲ သိသားဘဲ။ သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်အပ်တယ်။ ဘယ်လိုသံဃာတော်ကိုလဲ။ သံဃာစစ်၊ သံဃာမှန်ကိုသာ ဖြစ်တယ်။ အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ သံဃာမှန်ရင် နာမည်ကြီးကြီး မကြီးကြီး ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ အတူတူဘဲ။ ကိုယ့်ရဲ့ သဒ္ဓါတရား အပေါ်မှာသာ မူတည်တယ်။ ဘယ်ဘုန်းကြီးက - တိုက်ကျောင်းကြီးနဲ့မို့ ကိုးကွယ်ချင်၊ ဟိုဘုန်းကြီးက သုဿာန်ဇရပ်ကမို့ မဆည်းကပ်ရဲ - စတဲ့ အစွဲမျိုးတွေ မရှိအပ်ဖူး။ ဒါကြောင့် - သံဃာကို ဘုန်းကြီး မကွယ်စေနဲ့လို့ ရှေးလူကြီး သူမြတ်တို့က မိန့်ဟ သတိပေးကြတာပေါ့။

ကဲ -မေဓာဝီ …မောင်ရေးပြတဲ့ သုံးခွန်းသော စကားကြီးကို အလေးအနက်ထားပြီး မပြတ်ဆင်ခြင်စေချင်တယ်။ မစွဲလမ်းအပ်၊ မတွယ်တာအပ်တဲ့ အရာလေးတွေ မေ့သန္တာန်မှာ ရှိနေခဲ့ရင်လဲ ဖျောက်ဖျက်ပစ်ဖို့ ၀န်လေး မနေနဲ့။ “ပျက်အစဉ်၊ ပြင်ခဏ” ဆိုတဲ့ စကားအတိုင်း အရာရာတိုင်းမှာ စူးစမ်းဆင်ခြင်၊ ဝေဘန် ပိုင်းခြားသင့်တယ်။ ဒါမှ မေဓာဝီဆိုတဲ့ ပညာရှိဂုဏ်ပုဒ်နဲ့ ညီပေမယ်။

အရေးအကြီးဆုံးကတော့ “အပ္ပမာဒေန သမ္ပာဒေန သမ္ပာဒေထ” ဘဲ။ “မမေ့မလျော့”စေဘို့ဘဲပေါ့။ မမေ့မလျော့တဲ့သူဖြစ်ပါမှ ပညာရှိပီသမယ်။ အမှားအမှန်ကို ဝေဘန်နိုင်တယ်။

မေဓာဝီတယောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ပြည့်စုံပါစေလို့ မောင် ဆုမွန်ကောင်းတောင်းရင်း ဒီစာကို နိဂုံးချုပ်လိုက်မယ်။

မေ့ရဲ့
မောင်
***
စာကတော့ ဒီမျှ ပါပဲ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ရေးတဲ့စာ ဆိုတော့ အဖေ အသက် ၃၀လောက်ကပေါ့။ အဲဒီအရွယ်က ရေးခဲ့တဲ့စာမို့ အမှားအယွင်း များပါရင်လည်း သည်းခံဖတ်ပေးကြပါလို့ ကြိုတင် တောင်းပန်ပါတယ်။
ကျမ မေဓာဝီ ဆိုတဲ့ အမည်ကို ပေးရခြင်းအကြောင်းအရင်းကတော့ ဒါပါပဲ။ သို့ပေမယ့် ကျမ နာမည်သာ ပညာရှိပါ၊ လူကတော့ ပညာရှာနေသူ တဦးသာဖြစ်ပါကြောင်း … ။

***
မေတ္တာဖြင့်
မေဓာဝီ
1.2.07
10:37 am

11 comments:

Anonymous said...

မမေစာတွေ ဖတ်ရတာ အရမ်းကို အဓိပ္ပါယ်ရှိပါတယ်၊၊ညီမကတော့ မမေစာတွေနှင့် ကိုသံလွင်စာတွေကိုပဲ အမြဲဖတ်နေကြပါ၊၊ဒီစာလေးတွေအတွက် ကျေးဇူးပဲနော်၊၊ညီမလေးက ပိုလီယာနာပါ၊၊နာမည်နှင့် ၀င်ရေးတာဘာမှားလည်းမသိဖူးမရလို့၊၊ အမည်မသိဖြစ်နေရတယ်၊၊ဟီး၊၊မမေနှင့်မမေစာတွေကို အရမ်းလေးစာပါတယ်၊၊မမေကိုလည်းမြင်ဖူးချင်ပါတယ်၊၊
ညီမလေး ပီပီ...

Miss.Pollyanna said...

I think ,now ok.I can write comments with my own name..Not anonymous now.

Ka Daung Nyin Thar said...

ကျနော်ဗျာ.. ဒီနေ့ အင်မတန် တန်ဖိုးရှိသွားတယ်လို့
မမေဓာဝီခေါ် ပညာရှိရေ..
ကျနော် မမေဓာပို့စ်ထဲမှာ ဒီပို့စ်ကို အကြိုက်ဆုံး အလေးစားဆုံးပါ။ မမေဓာရဲ့ အဖေနဲ့ အမေကိုလဲ မြင်ဖူး ကြည်ညိုဖူး (ကြည်ညိုတယ်ဆိုတာ လေးစားသမှု၊ အထင်ကြီးမှုနဲ့ ဆက်ဆံချင်တာကို ပြောတာပါ။) ချင်သွားပါတယ်။

ဒီပို့စ်လေးဟာ အင်မတန် တန်ဖိုးရှိလှတဲ့ ပို့စ်လေးမို့လို ကျနော်တွေ့တဲ့လူတိုင်းကို ညွှန်းပေးပါ့မယ် မမေဓာ

ကျေးဇူးတင်လျက်

ကဒေါင်းညင်သာ

ကလိုစေးထူး said...

အင်း။ ဒီသမီးကို မွေးမိတဲ့ အဖေအမေတွေ ခမျာ ငယ်ကျိုးငယ်နာတွေ အဖော်ခံနေရတော့တာပါပဲလား။ ကဗျာတွေလဲ မနေရ၊ အခုလဲ စာကို တင်ပြန်ပီ။ :P မမေဓာဝီ အဖေက စာရေးတော်တော်ကောင်းတယ်။ ပညာရှိစကားတွေကို ဖတ်ပြီး ကျနော်လဲ ကိုကဒေါင်းညင်သာပြောသလိုပဲ အပြင်မှာ မြင်ဖူး၊ စကားပြောဖူးချင်လိုက်တာ။

Anonymous said...

sis ..
It's really touching and I feel glad that I read this post.
Now it's quite late, I want to say a lot though.
thx a lot for sharing it.

Anonymous said...

မမေရေ... ကျွန်တော့်ဒီပိုစ်လေးအရမ်းသဘောကျတယ်
တန်ဖိုးရှိလိုက်တာဗျာ....
ကျေးဇူးတင်ပါတယ်...
ပျင်းရင်ကျွန်တော့်ဆီလည်းလာလည်ပါအုန်းနော်.....

ဂျူနို said...

ဒီစာက တော်တော့်ကို စဉ်းစားတွေးခေါ်စရာတွေနဲ့စာပါ။

ကိုယ့်ချစ်သူကို မေဓာဝီ ဖြစ်စေချင်တဲ့ သူမျိုး လောကမှာ တော်တော်ရှားမယ်ထင်ပါတယ်။ စဉ်းစား တွေးခေါ်တတ်စေချင်တဲ့ပြင် သူလုပ်တာမှားရင် ပြင်ဆင်တည့်မှတ်ပေးစေချင်တာ တော်ရုံ ပုရိသတွေမှာ မရှိတတ်ဖူး ထင်တယ်လေ။
များသောအား ဖြင့် သူတို့တွေသာ စာအုပ် တွေဖတ်ကြ ဆရာကြီး လုပ်ချင်ကြတယ်ထင်တာပဲ။
နောင် ဘုရားကို စေတီကွယ်
တရားကို စာအုပ်ကွယ်
သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတာကို ရှင်းပြတာတွေကလည်း အင်မတန် အဖိုးတန်ပြီး မှတ်သား စရာ ကောင်းလှပါတယ်။

ဒီစာကို ဖတ်ပြီးတည်းက မအယ် အတွေးပွားနေတာ အများကြီးပဲ၊ နောက်တော့ တခြားသူတွေ ဘာပြောလည်း လာဖတ်ချင်တာ လင့်ခ်က ရှာမရတော့ဘူး။

ခုလို သိခွင့်ရလို့ ညီမ ဖေဖေကို ကျေးဇူး တင်ပါတယ်။ ညီမကိုလည်း ကျေးဇူးတင်ပါတယ်။


မအယ်

khannaung said...

အားရာရာ.....ဒီစာကိုဖတ်ပြီး ဘယ်လိုခံစားလိုက်ရလဲ မသိဘူး...အတွေးတွေ အများကြီးဝင်လာတယ်...
စိတ်ဓါတ်နဲ့အတွေးအခေါ်ကောင်းတဲ့
မမေဓာဝီရဲ့ဖခင်ကို လေးစားပါတယ်လို့ ပြောပါရစေ....
အသိမ်းကောင်းတဲ့ မမေဓာဝီရဲ့ မိခင်ကို တော်တယ်လို့
ပြောပါရစေ....လွန်ခဲ့တဲ့ အနှစ် ၃၀ က သဝဏ်လွှာ တစ်စောင်အတွက် မမေဓာဝီ ရဲ့ လုံ့လဝီရိယ အားကောင်းပုံကို ချီူးကျူးပါရစေ...
နှစ်ကာလကြာလေပြီဖြစ်တဲ့ ဒီသဝဏ်လွှာက
ဘယ်ခေတ် ဘယ်ကာလ ရောက်ရောက် တန်ဖိုးရှိတယ်လို့ ပြောချင်တယ်....
ဘယ်သူ့အတွက် တန်ဖိုးရှိတာ မရှိတာတော့ မသိဘူး....ကျွန်တော့်ကို အတွေးအခေါ်တွေ ပေးစွမ်းနိုင်တာတော့ အမှန်ပဲ....အရမ်းကျေးဇူးတင်တယ်..........

အိမ်မက်ကဗျာ said...

တန်ဖိုးအရမ်းရှိတဲ့စာလေးကိုဖတ်လိုက်ရတဲ့
အတွက်မမေဓါဝီကိုအရမ်းကျေးဇူးတင်ပါတယ်

သူကြီးမင်း (တုံးဖလား) said...

မိမွေ ဖမွေ
မိဘမွေကို
တစ်သွေမသိမ်း
လိုက်နာထိန်း၍
ပူငြိမ်းအေးရာ
စာကဗျာကို
နန္ဒာရေးသီ
ကလောင်မည်အား
ဓာဝီသို့ပြောင်း
လွန်မြတ်ကောင်း၏။

သောင်းသောင်းဖျဖျ
ကြိုဆိုကြသည့်
နာမအမည်
မေဓာဝီအား
တူညီသဘော
တသောသောတည်း။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
.

မင်းထက် said...

ဒါမျိုးစာကို အရင်ဆုံးဖြတ်ပြီး အရင်ဆုံးမှတ်ချင်တာ။ အခုတော့ ဘယ်နှစ်ယောက်မြောက်ဖတ်ရလဲ ကိုယ့်ကိုယ်ကို မသိဘူး။ ကျေးဇူးပဲ မေဓာဝီဆိုတဲ့ ပညာရှိ ညီမတော်လေးရေ့။