Thursday, September 27, 2012

မျှော်လင့်ခြင်း ခဏတာ ...

"မျှော်လင့်ခြင်း ခဏတာ"
 
ပြန့်ကျဲနေတဲ့ အိပ်မက်တွေကို ကောက်ရင်း
စီးဆင်းတဲ့ မြစ်ပြင်မှာ မျှောလိုက်တယ် ... ။

မရေရာတဲ့ မနက်ဖြန်အတွက် ...
မျှော်လင့်ချက်ဆိုတာ
ဒီလှိုင်းအတက် ခဏလက်တဲ့ တာရာကြယ် ... ။





***
"A moment of hope"

I pick up the scattered dream,
to float on the flowing stream.

For uncertain future ...
The hope seems a little star;
which sparkles on the rising water.
***
မေဓာဝီ
၂၅၊ စက်တင်ဘာ၊ ၂၀၁၂
၂၂း၁၂ နာရီ


(ရေးတတ်လို့တော့ မဟုတ်ပါဘူး။ ကဗျာအပိုင်းအစလေးတခု ချရေးမိရင်း ရေးမိတာလေးကို မီးကျိုးမောင်းပျက် အင်္ဂလိပ်ဘာသာနဲ့ ကိုယ့်ဖာသာ ပြန်ကြည့်မိတယ်။ ရေးပြီးပြီဆိုတော့လဲ ဘလော့ပေါ်မှာ တင်ချင်ပြန်ရော ... ။ မှားတာရှိရင် ပြင်ပေးကြပါ၊ ကျမ အင်္ဂလိပ်စာ ညံ့တယ်။)

Read More...

Thursday, September 20, 2012

သူမဟာ မြန်မာပြည် ဖြစ်တယ် ...

 

မြန်မာဆန်စွာ လုံချည်ကိုသာ ၀တ်ဆင်ပါသော …
ယဉ်ကျေးလှစွာ ခြုံပုဝါလွှမ်း ဆင်မြန်းတတ်သော
ဆံကေသာထက် ပန်းခက်မာလာ ဆင်သ’ပါသော …
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

တခါတွေ့က တသက်မေ့စရာ မစွမ်းသာသော …
မေတ္တာဓာတ်ပြည့် ကရုဏာငွေ့လွှမ်း တင့်တယ်ဆန်းသော …
အားကိုးထိုက်သူ အယူဖြောင့်မတ် စိတ်ထားမြတ်သော …
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

တိမ်မျှင်ကင်းပ လှပပြာလွင် မိုးကောင်းကင်ထက် ကြည်လင်လတ်သော ...
ပြည့်ရွှန်းတောက်ပ လပြည့်ညထက် ချမ်းမြေ့အေးမြ သာယာလှသော …
ကတ္တီပါနက်ပြာ မိုးဝဠာမှ တာရာကြယ်ထက် ပိုလင်းလက်သော ...
နေမင်းသူရိန် ရောင်ဝါရှိန်ထက် လင်းထိန်တောက်ပ နွေးထွေးလှသော ...
ဖိုးအနဂ္ဃ ထိုက်တန်လှစွာ ရတနာထက် ပိုမြင့်မြတ်သော ...
သူမသည်သာ မြန်မာပြည် အစစ် ဖြစ်ကြီးဖြစ်တယ်။

ရနံ့စုံစွာ ပန်းမာလာထက် လွန်သာမွှေးကြိုင် သင်းပျံ့လှိုင်သော …
ခက်ထန်သူအား နူးညံ့သွားအောင် စွမ်းဆောင်နိုင်သော …
ဣတ္ထိများစွာ သူတကာထက် လွန်ကြီးမြတ်သော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။

သေအံ့မူးစွာ လူမမာကို ညင်သာနှစ်သိမ့် ပေးစွမ်းစိမ့်သော ...
ဂီတသံစဉ် တေးဝိညာဉ်ထက် သာယာမြည်ချို နှုတ်ခွန်းဆိုသော ...
ထက်မြက်တောက်ရွှန်း ကြည်မျက်ဝန်းမှာ အားမာန်ပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီး ဖြစ်တယ်။

စမ်းရေသံလို မြည်သံချို၍ မေတ္တာပြည့်သော ...
ဂုဏ်ကျက်သရေ ကိုယ်နေလန်းဆန်း ရွှေရောင်လွှမ်းသော ...
ထက်မြက်စကား ခွန်အားများစွာ ပေးစွမ်းပါသော ...
သူမသည်သာ မြန်မာပြည်အစစ် ဖြစ်ကြီးဖြစ်တယ်။


ထိုမိန်းမသား
အင်အားမဟာ
မြန်မာအပြင်
ကမ္ဘာပင် လွှမ်းခဲ့ ...

အိုနေသော်လဲ
ပျိုဆဲမိခင် … အိုမိခင်ငဲ့
ခြေရာခွက်ထဲ
ရေနည်းသော်ငြား
ပင်လယ်မှားမှတ်
ကူးခတ်နေသူ
ထိုလူစုအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

ပါးရေနားရေ
တွန့်ကြေသော်ငြား
ခွန်အားရှိဆဲ ပျိုဆဲမိခင်
အို မိခင်ငဲ့ …
ကောင်းကင်ယံထက်
လင်းလက်သော်တာ
ငွေစန္ဒာအား
ရငြားပါစေ
ထိုးဟောင်နေသော
တောခွေးနှင့်တူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

နိုင်ငံ့အရေး
တိုင်းရေးဟုသာ
ဆိုနေပါလည်း
“ငါ”၏ အရေး
ကိုယ်ရေးသာကြည့်
အတ္တပြည့်သူ
ထိုလူတွေအား
အမှန်အမှား ခွဲခြားပါလှည့်
ခွဲပေးလှည့်လော့ … ။

အလင်းကိုရှောင်
အမှောင်ထဲတိုး
အဆိုးဘက်သာ
ဦးတည်ပါသော
ဒီလောကသား
လူအများတွက်
လင်းလက်ရောင်ရွှန်း
ထွန်းညှိပေးပါ
ညှိပေးပါလော့ ... ။

ကမ္ဘာတ၀ှမ်း
ငြိမ်းချမ်းပါစေ ...
တောင်းဆုချွေကာ
မြန်မာပြည်စစ်စစ်
ဖြစ်ကြီးဖြစ်သူ
ထိုသူမအား
ချမ်းမြေ့စေသား
အေးစေသားဟု
ဦးညွှတ်ဆုတောင်း
မေတ္တာလောင်းသည်
နှစ်ထောင်းအားရ ရှိစေသောဝ်။
***
မေဓာဝီ
၂၆၊ နိုဝင်ဘာ၊ ၂၀၁၀
၂၀၊ စက်တင်ဘာ၊ ၂၀၁၂ (ပြန်လည်ပြုပြင်)  
လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဘလော့တခုရဲ့ ကွန်မန့်မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးကို စာလုံး နည်းနည်းပါးပါး ပြန်ပြုပြင်ပြီး တင်လိုက်ပါတယ်။ ပြည်သူချစ်သော ... ပြည်သူ့ကိုချစ်သော ကျမတို့မိခင်သဖွယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ယူစွာဖြင့် ... ။

Read More...

Tuesday, September 11, 2012

အပြန်နဲ့ အသွား ...

“ပြန်တော့မယ် …”
“သွားတော့မယ် …”

တနေရာရာက ခွဲခွါခါနီးမှာ သုံးလေ့ရှိတဲ့ ဒီစကား နှစ်ခုရဲ့ ခြားနားခြင်းကို တွေးနေမိတယ်။ “ပြန်ခြင်း” နဲ့ “သွားခြင်း” … အဓိပ္ပါယ်ချင်းက တူမှ မတူတာ… ။ ပြန်တယ် … ဆိုတာက နေရာဟောင်းဆီကို ပြန်လည်ထွက်ခွါခြင်း၊ သွားတယ် … ဆိုတာက နေရာသစ်ဆီ ဦးတည်ထွက်ခွါခြင်း မဟုတ်လား။ အဓိပ္ပါယ်ချင်း မတူတဲ့ ဒီစကားနှစ်ခုကို အရင်ကတော့ အဆင်ပြေသလိုပဲ သုံးခဲ့မိတာ အခုချိန်မှာ သေချာစဉ်းစားနေမိပြီ။

ပြန်မှာလား …
သွားမှာလား …
…. …. …. ….
***
၇၊ စက်တင်ဘာ၊ ၂၀၁၂
မြန်မာစံတော်ချိန် ၂၁း၀၂ နာရီ

ဦးခေါင်းကို ကြမ်းပြင်နဲ့ထိလို့ ရှိခိုးဦးချအပြီး ခေါင်းပြန်အမော့မှာ မျက်လုံးတွေေ၀၀ါးနေခဲ့တယ်။ ရှေ့တူရူက မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော်က မြင်ကွင်းထဲမှာ နှစ်ထပ်သုံးထပ် လှိုင်းတွေလို တရိပ်ရိပ်နဲ့၊ မျက်စိကိုေ၀၀ါးစေတဲ့ အရာတွေကို ပွတ်သုတ် ဖယ်ရှားလိုက်ပြီး ထိုင်ရာက ထလိုက်တယ်။ နွမ်းနယ်ကြေကွဲခြင်းက ရင်ထဲမှာ ဖိစီးလေးလံလို့ … လှုပ်ရှားမှုတွေက နှေးတိနှေးကွေး … လေးတိလေးကန်။

ပြန်ရတော့မယ် … ။
ဟင့်အင်း … မဟုတ်ဘူး …
သွားရတော့မှာပါ … ။
***
ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်
၂၂း၅၃ နာရီ

လေယာဉ်ပေါ်တက်ဖို့ ထိုင်စောင့်ရင်း အိတ်ထဲမှာပါလာတဲ့ စာအုပ်တအုပ် ထုတ်ဖတ်တယ်။ ဦးသော်ဇင်ရဲ့ “မြတ်စွာဘုရား၏ ဥဒါန်းစကားများ” …

ဤလောကသည် ပူလောင်မှု ဖြစ်ခဲ့၏၊
တွေ့ထိမှုဖြင့် နှိပ်စက်၏။
… … … … … …
ဘ၀၌ ကပ်ငြိသော လောကသည် တပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘ၀ဖြင့် နှိပ်စက်အပ်သည် ဖြစ်လျက် ဘ၀ကိုပင် နှစ်သက်၏။ အကြင်ဘ၀ကို နှစ်သက်၏။ ထိုဘ၀သည် ဘေးဖြစ်၏။
… … … … … …
… … … … … …
ခပ်သိမ်းသော အရပ်၌ ခပ်သိမ်းသော အပြားအားဖြင့် ဘ၀တို့သည် ရှိကုန်၏။
မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။

စာအုပ်ကို ဖျတ်ခနဲပိတ်ပြီး မတ်တပ်ထရပ် … တန်းစီနေတဲ့ လူတွေနောက်မှာ ၀င်စီရင်း တရွေ့ရွေ့… ရွေ့လျား ... ။ ခြောက်လဆိုတဲ့ ကာလက ရှည်ကြာသလား … တိုတောင်းသလား … အချိန်တွေကတော့ ကုန်ဆုံးသွားခဲ့ပြီ။ မကြာခင် ပြန်လာခဲ့မယ် … လို့ အားလုံးကို နှုတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့ ဘ၀မို့ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လိုပုံစံနဲ့ ခြေချရဦးမယ် မသိ … ။ ဘ၀ဆိုတာ ဒါပဲလား … ။ ဘ၀ဆိုတာ … ဘေး … တဲ့။ ဒီဘေးတွေကိုပဲ နှစ်သက်စွာ စွဲလမ်းနေကြတာလေ …။
***
၈ စက်တင်ဘာ၊ ၂၀၁၂
၀၀း၀၀ နာရီ

Have a nice journey … ဆိုတဲ့စကားသံတွေ … မိတ်ကပ်ခြယ်သ နှုတ်ခမ်းနီမလေးတွေရဲ့ အပြုံးမျက်နှာ … ထိုင်ခုံနံပါတ် 21 A ပြတင်းပေါက်နံဘေး … အပြင်မှာ မိုးတွေ တသည်းသည်း… ပြတင်းပေါက်မှန်မှာ မိုးရေစက်တွေ ခိုလို့တွဲ … အလို … မျက်နှာမှာ ရေတွေစိုလို့ ... မိုးရေစက်တွေ မျက်နှာပေါ် ကျလာတာလား … မိုးရေစက်တွေ … မိုးရေစက်တွေ … ဟုတ်မှာပါ … ။ အဲဒါ …. မိုး …. ရေ …. စက် … တွေ … ။
***
၀၀း၂၅ နာရီ


ထိုင်ခုံခါးပတ် ပတ် …. လေယာဉ်ကြီး ထွက်တော့မယ်။ မှိတ်တုတ်မှိန်ပျ မြို့ပြကြီးက တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားပြီ။ မျက်စိကိုမှိတ်ထားရင်း ဘုရားကို အာရုံပြုနေလိုက်တယ်။ ညဥ့်နက် သန်းခေါင် ပျံသန်းတဲ့ လေယာဉ်မို့လားမသိ စီးတဲ့သူက ကျိုးတိုးကျဲတဲ။ စိတ်ထဲမှာ လေးလေးလံလံ မတင်မကျနဲ့ ရင်ဆိုင်ရမှာတွေကို တွေးရင်း … … … ။
***
ချန်ဂီလေဆိပ်၊ စင်္ကာပူ
စင်္ကာပူစံတော်ချိန် ၀၅း၀၀ နာရီ

သိပ်မကြာခင်မှာပဲ စင်္ကာပူ ချန်ဂီလေဆိပ်ကို ရောက်ခဲ့တယ်။ လေဆိပ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်စရာတွေက အများသား၊ အင်တာနက်သုံးလို့ရတဲ့ နေရာ ခဏသွားပြီး အိမ်ကို မက်ဆေ့ခ်ျပို့တယ်။ နောက်ထပ်စီးရမယ့် လေယာဉ်ပေါ်မတက်ခင် မိနစ်ပိုင်းအလိုမှာ ဖတ်လိုက်မိတဲ့ မေးလ်တစောင်ကြောင့် စိတ်လက် ပေါ့ပါးလို့သွားတယ်။ ကျေးဇူးပဲ စင်္ကာပူ … ။
***
၀၉း၀၅ နာရီ

ဒီတခါစီးရမယ့် လေယာဉ်က ကြီးတယ်၊ ထိုင်ခုံနံပါတ် 43 K ထုံးစံအတိုင်း ပြတင်းပေါက်ဘေး။ စစချင်း လူမရှိဘူး ထင်ရပေမဲ့ တဖြည်းဖြည်း လူတွေပြည့်လာပြီး နံဘေးမှာ သြစတေးလျသူ ဇနီးမောင်နှံ လာထိုင်ကြတယ်။ သဘောကောင်းပြီး အစစ ကူညီတတ် ကြင်နာတတ်သူတွေ … ။ တလေယာဉ်ထဲစီး တခရီးထဲသွားကြသူချင်း ရိုင်းပင်းကြတယ်။ အသွားကတည်းက အစားအသောက် စာရင်းမှာ seafood ကို ရွေးထားမိလို့ သူများမစားခင် ဦးဦးဖျားဖျားချည်း စားရတာ ဘေးနားက ခရီးဖော်တွေကိုတောင် မျက်နှာပူ အားနာမိသလိုပဲ။
***

အိပ်ငိုက်လိုက်၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ပဋ္ဌာန်းရွတ်လိုက်၊ ဟိုဒီငေးလိုက်၊ ဓမ္မစကြာရွတ်လိုက်နဲ့ နာရီ ၂၀ ကျော် ကြာမြင့်တဲ့ ခရီးရှည်ကြီးကို ပင်ပန်းနွမ်းလျစွာ ဖြတ်သန်းခဲ့ရတယ်။ ရန်ကုန်ကတည်းက ပါလာတဲ့ ချောင်းတဟွတ်ဟွတ်နဲ့ နှာတရှုံ့ရှုံ့က လူကိုပိုပြီး ပင်ပန်းစေပါတယ်။ ရုပ်ရှင်တွေထဲ မွှေနှောက်ရှာရင်း The Lady ကို သွားတွေ့တယ်။ အင်တာနက်မှာ တပိုင်းတစ ကြည့်ဖူးထားပေမဲ့ အစအဆုံး ထပ်ကြည့်လိုက်တယ်။ နောက်ဆုံးခန်းလေးကိုကြည့်ရင်း … ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … လို့ ရေရွတ်မိတယ်။
***
လန်ဒန်၊ ဟိသရိုးလေဆိပ်
ဘိလပ်စံတော်ချိန် ၁၅း၃၀ နာရီ

လေယာဉ်ဘီးလုံး မြေပေါ်အချ သိမ့်ခနဲ … ။ သြော် ဒီမြေပေါ် ခြေချရပြန်ပြီ။ UK Border အင်မီဂရေးရှင်းမှာ လူတန်းရှည်ကြီး တရွေ့ရွေ့ … နှေးလွန်းလှတယ်။ နားချင်ပြီ၊ ပင်ပန်းလှပြီ။ ကြာလွန်းလှတယ်။ နောက်ဆုံးတော့ ကိုယ့်အလှည့် … ကောင်တာအမှတ် ၂၅ … အင်မီဂရေးရှင်း အော်ဖစ်ဆာ လူညိုထွားကြီး၊ စကားတခွန်းမှမပြောဘူး ဒုန်းဆို တံဆိပ်တုန်းထု၊ လက်ဗွေနှိပ် … ရပြီ သွားတော့ … ကျေးဇူးတင်ပါတယ်။ တကယ်လား လောက၀တ်အရလား … ။ ပြောတော့ ပြောခဲ့လိုက်တာပဲ။

ပစ္စည်းရွေး၊ ထရော်လီပေါ် မနိုင်မနင်းတင်၊ ကူမယ့်သူမရှိလို့ မောနေရင်းက ပြုံးမိရသေးတယ်။ ခြောက်လဆိုတဲ့ အချိန်က စိတ်ကို နည်းနည်းတော့ ပြောင်းလဲစေတတ်သား … ။ ကူမယ့်သူကို မျှော်လင့်နေမိသေးတာ။ ကိုယ့်အရပ်နဲ့ တူတူနီးပါးလောက်ရှိတဲ့ ခရီးဆောင် အိတ်ကြီးကို အားတင်းပြီး ထရော်လီပေါ် ကျုံးရုံးတင် တွန်းလာရင်း လာကြိုသူတွေထဲကို ဝေ့၀ိုက်ရှာရသေးတယ်။ လာကြိုသူ အမလတ်နဲ့ ယောက်ဖ ... ခုတော့ အနောက်တိုင်းထုံးစံ ပွေ့ဖက်နှုတ်ဆက် နိုင်ပါပြီ။ ဒီလိုနဲ့ … ကားပေါ်တက် အိမ်ပြန် … ဒါ အင်္ဂလန်တဲ့ … ရောက်ခဲ့ရပြန်ပေါ့ တခါ။

ညစာကို ပါလာတဲ့ အရီးတောင်း ကြက်ခြေနီလက်ဘက်ထုတ်လေး ဖောက်ပြီး သုပ်စားကြတယ်။ ငါးကြော်နဲ့ ထမင်းနဲ့ လက်ဘက်သုပ်နဲ့ ဖွယ်ဖွယ်ရာရာ မဟုတ်ပေမယ့် မြိန်တယ်။ သေတ္တာဖွင့် ပစ္စည်းတွေထုတ် … လူက နွမ်းလျလှပြီ၊ မရတော့ဘူး။ ယောက်ဖ ကမ်းပေးတဲ့ ၀ိုင်အနီတခွက်ကို ချီးယားစ်လိုက်ပြီး တရှိန်ထိုးမော့ချ … အိပ်ရာဝင်ခဲ့တယ်။ ကောင်းသောညပါ … ။

ပင်ပန်းလို့လားမသိ၊ အဲဒီညက အိပ်မက် မမက်ဘူး။
ခါတိုင်း မက်နေကျ အိပ်မက်တွေတောင် ပျောက်ဆုံးလို့ … ။
တခါတလေတော့လဲ ပြန်ခြင်း သွားခြင်းဆိုတဲ့ စကားလုံးတွေ အားလုံး မေ့ထားတာ အကောင်းဆုံးပဲ မဟုတ်လား ... ။
***
မေဓာဝီ
၁၁၊ စက်တင်ဘာ၊ ၂၀၁၂
၂၂း၀၃ နာရီ

(နက်ဖြန်ကစပြီး ကျောင်းတက်ရပါပြီ။ ဟိုမှာတုန်းက အလုပ်နဲ့၊ ဒီရောက်တော့ ကျောင်းနဲ့မို့ ဘလော့တွေနဲ့ ကင်းကွာခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါအုံး)

Read More...