Tuesday, November 17, 2015

အဖြူ နဲ့ အမည်း ...


Day 1: Rice soup


မနှစ်က နိုဝင်ဘာလမှာ ဖေ့စ်ဘွတ်ထဲ အဖြူ အမည်း ဓာတ်ပုံ စိန်ခေါ်ပွဲလေးတွေ လုပ်ခဲ့ကြဖူးတယ်။ အဖြူအမည်း ဓာတ်ပုံ ၅ -ပုံကို တရက် တပုံနှုန်းနဲ့ ၅ - ရက် ဆက်တိုက် တင်ရမယ် ... တဲ့။ ပြီးတော့ တရက်တင်တိုင်း နောက်ထပ် တယောက်ကို nominate လုပ် ပြီး ဒီစိန်ခေါ်ပွဲထဲ ဆွဲခေါ်ရမယ် ... ဆိုတဲ့ စည်းကမ်းကလေးနဲ့ပေါ့။ 

ဖေ့စ်ဘွတ်သုံးနေကြတဲ့ မိတ်ဆွေ အတော်များများဟာ ဓာတ်ပုံဝါသနာရှင်တွေ များပါတယ်။ သူတို့ရဲ့ ကင်မရာအကောင်းစားကြီးတွေနဲ့ ရိုက်ထားတဲ့ ပုံတွေဟာလဲ သိပ်ကြည့်လို့ ကောင်းတာပဲ။ အဖြူအမည်းဓာတ်ပုံ စိန်ခေါ်ပွဲလဲ ဆိုရော အိုင်ဒီယာကောင်း ကောင်း ခေါင်းစဉ်လှလှ လေးတွေနဲ့ အဖြူအမည်း ဓာတ်ပုံလှလှတွေ အများကြီး ထွက်လာလိုက်တာ ... ရင်သပ်ရှုမော ... ။ ကိုယ်ကိုယ်တိုင်ကတော့ ဓာတ်ပုံရိုက်တာ ဝါသနာပါပေမယ့် ဖုန်းကင်မရာလေးနဲ့ပဲ ဟိုတစ ဒီတစ ရိုက်နေမိသူဆိုတော့ ဒီစိန်ခေါ်ပွဲထဲ မပါလောက်ပါဘူးလေ ... လို့ တွေးရင်း မိတ်ဆွေတွေတင်တဲ့ ဓာတ်ပုံတွေကိုသာ အားပေးနေခဲ့တယ်။

ဒါပေမဲ့ ... ဒီစိန်ခေါ်ပွဲကလေးက ကျမဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ မမြသွေးနီက တဆင့်ပေါ့။ မိတ်ဆွေတွေတင်တုန်းက ကိုယ်လဲ အားကျစိတ်ဖြစ်မိပေမယ့် ကိုယ်ကိုယ်တိုင် ဒီပွဲထဲ ပါတဲ့အခါ ဘာပုံတင်ရမလဲ ရုတ်တရက် တွေးမရဘူး။ ဒီလိုနဲ့ ... ပုံဟောင်းတွေ ပြန်ရှာရင်း မရည်ရွယ်ဘဲ အဖြူအမည်း ဖြစ်သွားတဲ့ ပုံကလေးတပုံကို သွားတွေ့ပါတယ်။

နေမကောင်းတုန်းက သောက်ခဲ့တဲ့ ဆန်ပြုတ်ပန်းကန်လေးပါ။ တမင်ပြုပြင်စရာမလို Black and white mode ပြောင်းစရာမလိုတဲ့ ဒီပုံလေးနဲ့ day1 ကို စတင်လိုက်ပါတယ်။ ပုံရဲ့ နာမည်ကတော့ ............ အများကြီး မစဉ်းစားတော့ပါဘူး ............. “ဆန်ပြုတ်” .......... တဲ့ ။
***
Day 2: Moon in the dark sky


ဒုတိယရက်မှာ တင်ခဲ့တဲ့ ဒီပုံလေးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက် ညက ရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ အိမ်ဘေးနားက ဓာတ်အားခွဲရုံကလေး မီးလောင်တဲ့ည ... ။ မီးငြိမ်းသွားပေမယ့် မီးပျက်နေတော့ အိုက်လို့ အိမ်ထဲမဝင်ဖြစ်သေးဘဲ ကံ့ကော်ပင်အောက်က ခုံကလေးမှာ ထိုင်နေရင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး သာနေတဲ့ လမင်းကို ဖုန်းကလေးနဲ့ ဓာတ်ပုံ လှမ်းရိုက်လိုက်တယ်။ လရောင်ရယ် လေညင်းရယ်က စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေကို လျော့ကျ စေခဲ့တယ်။ 

အပူနဲ့ အအေး
အဖြူနဲ့ အမည်း
ဆန့်ကျင်ဘက်တွေ တွဲစပ်တဲ့ အခါ … … …။
''လမင်းနဲ့ မဟူရာကောင်းကင်'' ဆိုတဲ့ ဓာတ်ပုံလေး ဖြစ်လာပါတယ်။

အနက်ပေါ်မှာ အဖြူစက်ကလေးပါပဲ။ ပုံလေးက မလှပါဘူး ဒါပေမဲ့ သဘာဝအတိုင်း အဖြူအမည်း ဖြစ်နေတဲ့ ပုံလေးမို့ တမင်ရွေးပြီး တင်ခဲ့လိုက်ပါတယ်။
***
Day 3: Meeting point

အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲရဲ့ တတိယနေ့အဖြစ် "ဆုံမှတ်" ဆိုတဲ့ ပုံကလေးကို တင်ခဲ့တယ်။ ဒီပုံကလဲ ဟိုအရင် ၂ ပုံလိုပဲ ဘာမှ မပြုပြင်ဘဲ နဂိုအဖြူအမည်း ဖြစ်နေတဲ့ ပုံကလေးပါ။ အလုပ်လုပ်နေချိန်မှာ laptop ရဲ့ USB port မှာ ထိုးထားတဲ့ အဖြူအမည်း ကြိုးကလေးတွေကို ကြည့်ရင်း ဒီပုံကလေးကို အမှတ်မထင် ရိုက်ဖြစ်ခဲ့တယ်။ 

ကြိုးကလေး သုံးကြိုး ...
တခုက mouse အတွက်
တခုက keyboard အတွက်
တခုက ဖုန်း အတွက် ... 

အသွင်မတူ လုပ်ဆောင်ချက်မတူသူ အရာဝတ္ထု ၃ ခုဟာ ရည်ရွယ်ချက် အသီးသီးအတွက် တနေရာထဲမှာ လာဆုံဆည်းတဲ့အခါ ... ... ... ... ။
***
Day 4: Perfect breakfast


စိန်ခေါ်ပွဲရဲ့ စတုတ္ထမြောက်နေ့အဖြစ် အဖြူ အနက် ကော်ဖီတခွက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီပုံကလည်း အရင်ပုံတွေလိုပဲ ပြုပြင်ချင်းကင်းတဲ့ အဖြူ အမည်းဓာတ်ပုံလေးပါ။ 
***
အဲဒီတုန်းက  ...
ကျမ မနက်တိုင်း အိပ်ရာကနိုးလို့ ရေချိုးခန်းမဝင်ခင်မှာ ကော်ဖီတအိုး နှပ်ပါတယ်။ ရေလည်း ချိုးပြီး ကော်ဖီအိုးလည်း ကျ ဆိုပါတော့။ ကော်ဖီရည် ခပ်ကျကျထဲ သကြားနည်းနည်း ထည့်ဖျော်ထားတဲ့ ခါးသက်သက် ကော်ဖီတခွက်ဟာ နေ့တိုင်းအတွက် ကျမရဲ့ မနက်စာပါပဲ။ 

ဒီကော်ဖီလေးတခွက်နဲ့ ဟာနေတဲ့ ဝမ်းကို ဖြည့်တင်းရင်း ကျမရဲ့ မနက်ခင်းလေးက ပြည့်စုံခဲ့တယ်။ များပြားလှတဲ့အလုပ်တွေနဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ နေ့တနေ့ရဲ့ အစ ... မနက်စောစောတိုင်း သင်းပျံ့နေတဲ့ ကော်ဖီရနံ့လေးကို ရှူရှိုက်ရင်း ခါးသက်သက် ကော်ဖီတခွက်ကို သောက်သုံးရတာဟာ ကျမအတွက် ဘယ်တော့မှ ငြီးငွေ့မသွားမယ့် “ပြီးပြည့်စုံမယ့် မနက်စာ” ပါပဲ။
***
Day 5 : PEACE

အဖြူ အမည်းဓာတ်ပုံ စိန်ခေါ်ပွဲရဲ့ နောက်ဆုံးနေ့အဖြစ် တင်ခဲ့တာကတော့ “ငြိမ်းချမ်းရေး” လို့ အမည်ပေးထားတဲ့ ဒီပုံလေးပါပဲ။ 
***
တနေ့ အဖေနဲ့ viber မှာ စကားပြောကြတော့ အဖေက စစ်တုရင်ပြိုင်ပွဲကြည့်နေတာလို့ ပြောတာနဲ့ ဒီဓာတ်ပုံလေး ဖြစ်လာဖို့ အတွေးရခဲ့တယ်။ 

ကျမတို့ငယ်ငယ်တုန်းက အဖေဟာ စစ်တုရင်ကို စွဲစွဲလမ်းလမ်း ကစားခဲ့တယ်။ အိမ်မှာ စစ်တုရင်ခုံ အမျိုးမျိုး၊ အရုပ်အမျိုးမျိုးရှိတယ်။ အမေနဲ့တကွ သားသမီးတွေအားလုံး ကစားတတ်အောင် သင်ပေးခဲ့တယ်။ ကျမတို့က အကွက်ရွှေ့ရုံလောက်သာ ကစားတတ်ပေမယ့် မောင်လေးကတော့ ပြိုင်ပွဲမှာ ဆုတွေပါ ရခဲ့ဖူးပါတယ်။ 

“စစ်တုရင်ကစားနည်းဟာ ပညာရပ် ပေါင်းစုံပါတယ်” လို့ .. အဖေက ပြောဖူးတယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ အတွေးအခေါ်၊ စိတ်ပညာ၊ သင်္ချာပညာ စတဲ့ ပညာရပ်တွေဟာ စစ်တုရင်ကစားနည်းထဲမှာ ပါနေသတဲ့။ ဒါကြောင့်လည်း အဖေက ဒီကစားနည်းကို နှစ်သက်တာလို့ ဆိုတယ်။ 

စစ်တုရင်နဲ့ ပတ်သက်ပြီး အဖေရေးခဲ့တဲ့ ကဗျာတွေထဲမှာ “လှံ နဲ့ ဒိုင်း” ဆိုတဲ့ ကဗျာတပုဒ်လည်း ပါတယ်။ စစ်တုရင်မှာ အဓိက က attack and defense ပဲ ... တဲ့။ လှံ ဆိုတာ attack ကို ကိုယ်စားပြုပြီး ဒိုင်းကတော့ defense ကို ကိုယ်စားပြုတာမို့ အဖေက သူ့ကဗျာကို လှံ နဲ့ ဒိုင်း လို့ အမည်ပေးခဲ့တာလို့ ပြောပြဖူးတယ်။

အဖေ့ကဗျာကို တပုဒ်လုံး မမှတ်မိတော့ပေမဲ့ နောက်ဆုံးစာကြောင်းကတော့ ....

သူသေ - ကိုယ်နေ
ဤ အဖြေတည်း။ ... ။ 

လို့ အဆုံးသတ်ထားတယ်။

စစ်ပွဲတခုမှာ တိုက်ခိုက်ဖို့ (သူသေဖို့) နဲ့ ကာကွယ်ဖို့ (ကိုယ်ကျန်နေဖို့) ဆိုတာက အဓိက မဟုတ်လား။ 
***
ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် လူသားတွေ အသက်ဆုံးရှုံးနေကြရတဲ့ အထဲ  လူအချင်းချင်း သတ်ဖြတ်နေကြတဲ့ ... လူတွေဖန်တီးတဲ့ စစ်ပွဲတွေကြောင့် လူအသက်တွေ အများကြီး ဆုံးရှုံးနေကြရတယ်။ 

ကျမတို့တိုင်းပြည်အပါအဝင် ကမ္ဘာပေါ်မှာ စစ်ပွဲတွေအများကြီး ဖြစ်ခဲ့တယ် ... ဖြစ်နေတယ်။ စစ်ပွဲဆိုကတည်းက တဖက်နဲ့တဖက် အနိုင်ရဖို့ရည်ရွယ်ချက်နဲ့ တိုက်နေကြတာပေါ့။ ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် စစ်တခုဖြစ်ရင် အပြစ်မရှိတဲ့သူတွေ ဆုံးရှုံးရတာလည်း ရှိသလို နှစ်ဘက်လုံးက လူစွမ်းကောင်းတွေ ... သူရဲကောင်းတွေလည်း စတေးကြရတာပဲ။ 

ဒီလောက်ဆိုးရွားလှတဲ့ စစ်ပွဲတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ ... ။ ပြီးတော့ ... စစ်ပွဲတွေရဲ့ အနာဂတ်က ဘာလဲ ... ။ တခါတလေ ကျမတွေးမိတယ်။ 
***
“ငြိမ်းချမ်းရေး ရချင်ပြီ”

မနှစ်က အောက်တိုဘာလတုန်းက ကချင်ဒေသမှာ ကျဆုံးသွားတဲ့ မိတ်ဆွေတယောက် ... သူမကျဆုံးရင် ရက်ပိုင်းမှာ အဲဒီလို ပြောသွားခဲ့လို့ ကျမ တအံ့တသြ ဖြစ်ခဲ့ရတယ်။ ကျမစိတ်ထဲမှာ သူတို့တွေဟာ တိုက်ချင် ခိုက်ချင်စိတ် ပြင်းပြနေတယ်လို့သာ ထင်မိတာကိုး။ သူတို့ရင်ထဲမှာလည်း ငြိမ်းချမ်းချင်တဲ့စိတ်တွေ ရှိနေသတဲ့လား ... ။ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ ... ။
အဆိုး နဲ့အကောင်း ... ၊
အမှား နဲ့ အမှန် ... ၊
အမည်း နဲ့ အဖြူ  ... နှစ်ဘက်စီ ရှိကြပေမဲ့လည်း 

ရည်ရွယ်ချက် ... 
ဦးတည်ချက် ... 
မျှော်လင့်ချက်တွေ ... မတူညီကြပေမဲ့လည်း အမုန်းတရားတွေ၊ အာဃာတတွေ လောဘ ဒေါသတွေ လျှော့ကြပြီး အတူတူ လက်တွဲကြမယ် ဆိုရင် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီး ဖြစ်လာလိမ့်မယ်လို့ မရဲတရဲ မျှော်လင့်ရင်း အဖြူ အမည်း စစ်တုရင်အရုပ်ကလေးတွေ ယှဉ်တွဲထားတဲ့ ဒီပုံလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
***
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ  ... 

မေဓာဝီ
၁၆၊ နိုဝင်ဘာ၊ ၂၀၁၅
၂၂း၁၉ နာရီ


Read More...

Saturday, November 07, 2015

... နိုင်ရမည် ...



“အမေ နိုင်ရမည်”
***
အမေ့အပြုံး
အလှဆုံးတည့်။
အမေ့အကြည့်
ရင်မှာငြိ၏။
အမေ့အရယ်
သောကပြယ်၏။
အမေ့စကား
ပြည့်ခွန်အားတည့်။
အမေ့မေတ္တာ စေတနာနှင့်
အမေ့သတ္တိ ကမ္ဘာသိ၏။
တည်သည့်စကား
ထားသည့်ကတိ
မြဲသည့်သစ္စာ
တိုင်တည်ပါသည်
အမေနိုင်ကိုနိုင်ရမည်။
***
မေဓာဝီ
၇၊ နိုဝင်ဘာ၊ ၂၀၁၅
၁၅း၂၅ နာရီ
(ခေတ္တ Orlando, Fl)


Read More...