Saturday, January 20, 2007

အဖေပြောသော ပုံပြင်

ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။

***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။

ဒီနောက်တော့ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြတယ် ဆိုပါတော့။ ဘီလူးမကြီးတဖြစ်လဲ ချောမောလှပတဲ့ မိန်းကလေးနဲ့တွေ့သွားတဲ့ လုလင်လည်း ကိုယ့်ရပ်ဌာနေကိုတောင် ပြန်ဖို့သတိမရဘဲ အဲဒီတောအုပ်ကြီးထဲက ကျောက်ဂူကြီး တခုထဲမှာပဲ ဘီလူးမကြီးနဲ့ ပေါင်းသင်းနေထိုင်နေကြတော့တယ်။ စားရေးသောက်ရေးကို ဘီလူးမကြီးက ရှာဖွေဖန်တီးပေးပြီး ကျောက်ဂူကြီးနဲ့ အနီးတ၀ိုက်လောက်သာ သွားလာဖို့လည်း သူ့ကို မှာကြားထားတယ်။

ဒီလိုနဲ့ နေလာရင်း တနေ့ နေ့လည်ခင်း ဘီလူးမကြီး မရှိစဉ်မှာ လုလင်ဟာ ကျောက်ဂူအနီးတ၀ိုက်သွားလာ နေတုန်း ၀ိဇ္ဖာဓိုရ် တဦးနဲ့တွေ့ပါလေရော။
ဘီလူးမကြီး ပိုင်နက် တောအုပ်မှန်း သိထားတဲ့ ၀ိဇ္ဖာဓိုရ်က လူသားယောက်ျားတယောက်ကို ခုလို တွေ့လိုက်ရလို့ အံ့သြတကြီး မေးပါတယ်။

“အသင် လုလင် … ဒီတောအုပ်ကြီးအတွင်း ဘာလာလုပ်နေပါသလဲ”
“ဒီတောအုပ်ကား ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးသည် နေထိုင်ရာ တောအုပ်ဖြစ်ပါတယ်၊ ညဆိုလျှင် ဟောဟိုက ကျောက်ဂူကြီးတွင်း အိပ်စက် နားနေကြပါတယ်” လို့ပြန်ဖြေတော့ … ၀ိဇ္ဖာဓိုရ်က သဘောပေါက်လိုက်ပါတယ်။ ဒီလူသားဟာဖြင့် ဘီလူးမကြီးရဲ့ လှည့်စားမှုကို ခံနေရပြီ၊ ငါ မပြောပြလို့ မဖြစ်တော့ဘူး လို့ ကြံတွေးပြီး … ခုလို ဆက်ပြောပါတယ်။
“အသင် လူသား … သင်မှားနေပြီ၊ ဒီတောအုပ်ကြီးဟာ အလွန်ကြောက်စရာကောင်းတဲ့ ဘီလူးမကြီးရဲ့ ပိုင်နက် ဖြစ်တယ်၊ ဒီတောအုပ်ထဲ ရောက်လာသမျှ သတ္တ၀ါတွေကို သူက ဖမ်းစားနိုင်ဖို့ နတ်မင်းကြီးတွေဆီက အခွင့် ရထားတယ်၊ ဒါကြောင့် သင်ပြောတဲ့ ဇနီးသည်ဆိုတာ ဘီလူးမကြီးသာလျှင် ဖြစ်ရမယ် … ဒီဘီလူးမကြီးဟာ သင်နဲ့ ပေါင်းသင်းရာက ငြီးငွေ့လာတဲ့အခါ သင့်ကို သတ်စားလိမ့်မှာ ဧကန်ပဲ … သင် အမြန်ဆုံးသာ လွတ်အောင်ပြေးပေးတော့”
“မဖြစ်နိုင်ပါဘူး ခင်ဗျာ … ကျွန်ုပ်ဇနီးသည်ဟာ အလွန်သိမ်မွေ့ ယဉ်ကျေးလိမ်မာတဲ့ မိန်းကလေးပါ … ဘီလူးမကြီး မဟုတ်ပါဘူး”
အဲဒီလို ၀ိဇ္ဖာဓိုရ်ပြောတဲ့ စကားကို မယုံကြည်တဲ့ လုလင်ဟာ နေမြဲတိုင်းသာ ဆက်လက်နေထိုင်ခဲ့ပါတယ်။

နောက်တကြိမ် ၀ိဇ္ဖာဓိုရ်လာခိုက် သူနဲ့ထပ်တွေ့ပြီး အကျိုးအကြောင်း ပြောပြန်တော့လည်း ဒီလုလင်ဟာ မယုံကြည်ဘဲ ရှိစမြဲပါပဲ။

တတိယအကြိမ်ထပ်မံဆုံတဲ့အခိုက်မှာတော့ ၀ိဇ္ဖာဓိုရ်က မဖြစ်ချေဘူး ဆိုပြီး
“ကဲ … အသင်လူသား … သင့်ကို ကျွန်ုပ်တခု အကြံပေးမယ် … ညဘက် သင့်ဇနီး အိပ်မောကျပြီ ဆိုတဲ့အချိန်ကျရင် ဟောဒီ မီးခတ်ကျောက်နဲ့ အလင်းရောင်ရအောင် ခတ်ပြီး သင့်ဇနီးကိုကြည့်ပေတော့၊ အိပ်မောကျနေတဲ့အချိန်ဆို သူ ဟန်ဆောင်လို့ မရဘူး၊ ဇာတိပြန်လိမ့်မယ်၊ အသင် ကြည့်ဖြစ်အောင်ကြည့်ပါလေ”
လို့ ထပ်မံတိုက်တွန်းတော့မှ လုလင်လည်း မီးခတ်ကျောက်လေး ဆောင်ပြီး အိပ်ရာဝင်သတဲ့။

ညဘက် တော်တော်လေး ညနက်တဲ့အချိန် သူ့ဇနီး အိပ်မောကျပြီဆိုတော့မှ အသာလေး ထပြီး မီးခတ်ကြည့်တော့ အလင်းရောင်အောက်မှာ အစွယ်ပြူးပြူး ဘီလူးမကြီးကို ကြောက်မက်ဖွယ် တွေ့လိုက်ရတယ်။
ဒီတော့မှ သူလည်း အရမ်းကို ထိတ်လန့်သွားပြီး ငါ ဆက်နေလို့တော့ဖြင့် မဖြစ်ချေဘူး၊ ခုချက်ချင်း ပြေးမှ တော်ရုံကျမယ် လို့ တွေးမိပြီး တချိုးတည်း ပြေးတော့တာပဲ။

ခဏအကြာ ဘီလူးမကြီး သိတော့ နောက်ကလိုက်တယ်၊ သူကလည်း ရှေ့ကနေ မရပ်မနားပြေးရင်း ဘီလူးမကြီးပိုင်တဲ့ တောအုပ်ကိုလွန်သွားတဲ့အခါမှာတော့ … ဘီလူးမကြီးရဲ့ ဘေးဒုက္ခအပေါင်းက လွတ်မြောက်ရာကို ရောက်ရှိသွားပါတယ်။ ဒီတော့မှ လာလမ်းကို ပြန်ကြည့်တော့ တဖက်တောအုပ်ထဲမှာ ဘီလူးမကြီးက သူ့ကို မျှော်ငေးရင်း ကျန်နေခဲ့ပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ။

တကယ်တော့ ဒီပုံပြင်လေးဟာ ၀ိသုဒ္ဓိမဂ်ထဲက ၀ိပဿနာ ဥာဏ်စဉ်တွေနဲ့ပတ်သက်ပြီး ဥပမာပေးထားတဲ့ ပုံပြင်လေးတပုဒ်ပါ။

ကိုယ့်ခန္ဓာဟာ ဒုက္ခမှန်း မသိသေးသမျှ ခင်တွယ်နေကြ စွဲလမ်းနေကြတယ်၊ တကယ်တမ်း ဒုက္ခအတိဆိုတာကို ဥာဏ်နဲ့ ရှုမြင်လိုက်တော့မှ ဒုက္ခချုပ်ငြိမ်းရာကို ရှာဖွေ အားထုတ် ရှုမှတ်ကြရင်း ဥာဏ်စဉ် အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးမှာ (ဒုက္ခမှ လွတ်မြောက်ရာ) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆိုက်ရောက်ရကြောင်းကို ဒီပုံပြင်လေးနဲ့ ဖော်ပြထားတာပါ။
***
ကျမတို့ဟာ သာမန်အားဖြင့် အကျိုးနဲ့အပြစ်ကို ခွဲခြားပြီး သိကြပါတယ်။ ဒါပေမဲ့ အပေါ်ယံလောက်သာ သိကြတာမို့ အပြစ်ရှိမှန်း သိရက်နဲ့ လုပ်နေမိသလို အကျိုးရှိမှန်းသိရက်နဲ့ မလုပ်မိတာတွေ ရှိပါတယ်။ ဥာဏ်နဲ့ တကယ်ကို သိတော့မှသာ … အပြစ်ရှိကြောင်း မကောင်းသောအကျင့်တွေကို စွန့်လွှတ်နိုင်ပြီး အကျိုးရှိရာရှိကြောင်း ကောင်းသော အလုပ်တွေကို ပြုလုပ်နိုင်ကြမယ်ဆိုတာ သေချာပါတယ်။

ဒါကြောင့် ကျမ အလွန်နှစ်သက်တဲ့ ၀ိသုဒ္ဓိမဂ်လာ အောက်ပါအဆိုကို ဝေငှ လိုက်ရပါတယ်ရှင်။
***
အပြစ်တစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်။
အကျိုးတစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ ရယူခြင်းငှာ မစွမ်းနိုင်။
***
20.1.07
3:03 pm

4 comments:

ကလိုစေးထူး said...

ကောင်းလိုက်တဲ့ပုံပြင်... ဉာဏ်နဲ့ ရှုမြင်နိုင်သည့်တိုင်အောင် သာယာမှုတွေနဲ့ မိန်းမောတတ်တာလဲ ရှိသေးတယ်ဗျ။ အဲဒီတော့ မီးခတ်ကျောက်တွေ များများဝေပေးကြရင် မကောင်းဘူးလား..

မေဓာဝီ said...

မဟုတ်သေးဘူးရှင့် …
သာယာမှုတွေနဲ့ မိန်းမောတယ်ဆိုကတည်းက တကယ့်ဥာဏ် (ပညာ) နဲ့ မသိသေးလို့ပါဘဲ။
ကျမတို့ အခုသိသလို သညာသိပဲ သိပြီး ပညာသိ မရှိသေးလို့ မိန်းမောနေကြတာပါ။
အကောင်း အဆိုး၊ အကျိုးအပြစ်ကို တကယ့်ပညာသိနဲ့ သိသွားပြီးသူတယောက်ဟာ မကောင်းမှုကို အလွန်စက်ဆုပ်ပြီး ဝေးစွာ ရှောင်ကြဉ်မှာပါပဲ။ အသက်သာ အသေခံမယ် သူ့ရဲ့ ကိုယ်ကျင့် သီလကိုတော့ ဖျက်မှာမဟုတ်ပါဘူး။

ရွှန်းလဲ့ said...

မမ မေ ရဲ့ စကားမှန်ပါတယ်။
ဒီပို့စ်လေးလည်း အရမ်းကောင်းတယ်။

တောက်ပကြယ်စင် said...

ကြီးမေရေ အဟောင်းလေးတွေထဲက လိုက်ရှာဖတ်ကြည့်
တယ်။ ပြီးခါနီးမှာ စိတ်လှုပ်ရှားလိုက်တာ။ ဘီလူးမကြီးရဲ့
ရန်ကနေလွတ်ပါ့မလားလို့။ တော်သေးတယ်။ ပုံပြင်တ
ကယ်ကောင်းတယ်နော်။

"မသေခင်ချစ်၊ သေလျှင်ပစ်၊ အနှစ်မပါ ဤခန္ဓာ"တဲ့ မမေ
ရေ။ ကြီးမေသိပြီးသားကိုပဲ ထပ်ရွတ်ပြလိုက်တယ်။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...