Thursday, May 16, 2013

ပိတောက်ပွင့်ချိန် ...

ပိတောက်တွေ မွှေးမှတော့ ...
ဒက်ဖိုဒေးလ်နဲ့ ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... ။ ... ။



မျှော်လင့်ခဲ့ရတဲ့ ပိတောက်ဝါတွေ

ပိတောက်တွေပွင့်ပြီ ... ။ ဒီနေ့မနက် အိပ်ရာက နိုးနိုးချင်း ပိတောက်တွေပွင့်တယ် သတင်းကြားလို့ သွားဝယ်ခိုင်းပြီး ဘုရားပန်းကပ်ခဲ့တယ်။ တနွေလုံး မျှော်လိုက်ရတဲ့ ပိတောက်တွေ ... ။ ဒီနှစ်နွေက အရင်နှစ်တွေထက် ပိုပူသတဲ့၊ ဧပြီတလလုံးလဲ ပူလိုက်သမှ မနှစ်ကလို သင်္ကြန်လက်ဆေးမိုးလေး ဖက်ဆွတ်မိုးလေးတောင် မရွာနိုင်ဘူး။ ဒီနှစ်နွေ ပူလွန်းလို့ ပွင့်ချင်တဲ့ ပိတောက်ဖူး တချို့တောင် မပွင့်သာဘဲ ကြွေကျခဲ့ရရှာတယ်။
 
ပြီးခဲ့တဲ့ လ (ဧပြီလဆန်းလောက်က) ဦးရီးတော်နဲ့ skype မှာ စကားပြောတော့ "ဒက်ဖိုဒေးလ်တွေ ပွင့်နေပြီ သမီးရေ" လို့ ... ဘိလပ်ကို လွမ်းအောင် သတင်းဆောင်ပါတယ်။ ပြီးတော့ သူ့အိမ်မှာ စိုက်ထားတဲ့ ပန်းတွေကို ၀က်ဘ်ကမ်ကနေ ပြနေပါသေးတယ်။ "ဟုတ်တယ်နော် ... ဒက်ဖိုဒေးလ်တွေ လှလိုက်တာ" လို့ အလိုက်အထိုက် ပြန်ပြောခဲ့ပေမယ့် ဖန်သားပြင်ပေါ်ကတဆင့် မြင်ရတဲ့ ဒက်ဖိုဒေးလ်ပန်းဝါ၀ါတွေဟာ ကျမကို ရင်ခုန်အောင် မဆွဲဆောင်နိုင်ခဲ့ဘူး။
 
ဦးရီးတော် အိမ်ရှေ့က ဒက်ဖိုဒေးလ်လေးများ
 
ဘိလပ်ကို ရောက်ခါစ ပထမဆုံး နွေဦးရာသီ ကြုံစဉ်မှာ ဒက်ဖိုဒေးလ်ပန်းတွေ စမြင်ဖူးတော့ ကျမ စိတ်ကြည်နူး ပျော်ရွှင်ခဲ့ဖူးတယ်။ ကိုးတန်းတုန်းက အင်္ဂလိပ်ဖတ်စာမှာ William Wordsworth ရဲ့ Daffodils ကဗျာကို သင်ခဲ့, နှစ်သက်ခဲ့ပြီး အပြင်မှာ တခါမှမမြင်ဖူးတာမို့ ဒီပန်းကလေးတွေ ကိုယ်တိုင်ကိုယ်ကျ မြင်ရတာဟာ ကျမအတွက် အသစ်အဆန်း ခံစားချက် ဖြစ်နေခဲ့တာပေါ့။
 

Beside the lake, beneath the trees 
Fluttering and dancing in the breeze  

မှတ်မိသလောက် ကဗျာလေးကို ပြန်ရွတ်ဆိုရင်း ပွင့်လန်းနေတဲ့ ပန်းလေးတွေရဲ့အလှကို ခံစားယစ်မူး ခဲ့မိတယ်။ အိမ်မှာ ပွင့်တဲ့ ပန်းလေးတွေကိုခူး, ပန်းအိုးကလေးမှာထိုးပြီး ဘုရားကို ကပ်လှူရင်း ဒက်ဖိုဒေးလ် ကဗျာလေးအကြောင်း ကျမတွေးမိကောင်း တွေးမိခဲ့ပါလိမ့်မယ်။ ဒက်ဖိုဒေးလ်ဆိုတာ ဘာမှန်းမသိတဲ့ ကျမကို ဒက်ဖိုဒေးလ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကဗျာရှင်ရဲ့ ဇာတိမြေကို အလည်အပတ် ရောက်ခဲ့တုန်းကလဲ ကျမ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရပါတယ်။ ဒါဟာ အသစ်အဆန်းကို ရင်ခုန်ပျော်မွေ့တတ်တဲ့ လူ့သဘာဝ ခံစားချက်ကြောင့် ပေပဲလား … ။ 
ဘိလပ်က ဘုရားမှာ ကပ်ထားတဲ့ ဒက်ဖိုဒေးလ်

ဟုတ်မှာပါ … ။ ဒက်ဖိုဒေးလ်အိပ်မက် ကျမ မမက်ခဲ့ဘူး၊ ဒက်ဖိုဒေးလ်ကဗျာကို အစအဆုံး မရတော့ဘူး၊ ဒက်ဖိုဒေးလ် ပန်းခြောက်တွေကို ကျမ မတွယ်တာမိဘူး၊ ရနံ့ကင်းမဲ့တဲ့ ဒက်ဖိုဒေးလ်လေးတွေဟာ ကျမဘ၀အတွက် အဓိက နေရာမှာ မရှိခဲ့ပါဘူး။ နောက်နှစ် … နောက်နှစ် … ဒက်ဖိုဒေးလ်ပွင့်ချိန်တွေမှာ ကျမခံစားချက်တွေ ပုံသေဖြစ်သွားလေတော့တယ်။ သြော် … ပန်းတွေပွင့်နေပြီ … ဒီလောက်ပါပဲ … ။ 
 
“ဒက်ဖိုဒေးလ်တွေကို ပွင့်ခါစမှာတော့ လူတွေက သဘောကျကြပါတယ်၊ ကြာလာတော့လဲ မြင်ပါများတော့ ရိုးသွားတာပါပဲ …” 

ဦးရီးတော်နဲ့ အတူအပြင်သွားကြပြီဆိုရင် ကားလမ်းဘေးတလျှောက် ပွင့်နေတဲ့ ဒက်ဖိုဒေးလ်ပန်းခင်းကြီးကို ကြည့်ရင်း ဦးရီးတော်က အဲဒီလို အမြဲပြောနေကျ … ။ ဒါဟာလဲ လူ့သဘာဝပါပဲလေ … ။
***
မြန်မာပြည်က ဘုရားမှာ ကပ်ထားတဲ့ ပိတောက်ပန်းများ

ဒက်ဖိုဒေးလ်တို့ပွင့်ရာမြေနဲ့ ဝေးကွာခဲ့တဲ့ကျမ … မြန်မာပြည်ရဲ့ နွေရာသီ အလွန်ပူပြင်းပေမဲ့ ကျမ၀န်းကျင်မှာ စပယ်ရနံ့၊ ခရေရနံ့ ကံ့ကော်ရနံ့တွေ ထုံသင်းခဲ့တယ်။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်ပါသလဲ … ။ ဒီထက်ပိုပြီး …. ရင်ခုန်လှုပ်ရှားမိတာကတော့ ကျမလွမ်းခဲ့တဲ့ ပိတောက်ပန်းဝါ၀ါတွေကို မြင်ရချိန်မှာပေါ့ … ။ မနှစ်က ဧပြီ ကျမပြန်ရောက်ခါစ လေးနှစ်ကျော်ကျော် ဝေးခဲ့တဲ့ ပိတောက်ပန်းတွေ ကို ပြန်တွေ့တဲ့အခါ ဒက်ဖိုဒေးလ်တွေကို မေ့လျော့လို့သွားခဲ့တယ်။ Wordsworth ရဲ့ ကဗျာကိုလဲ သတိမရမိတော့ဘူး။

ပိတောက်ဖူးလေးတွေ
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ … အစချီ ဦးကြော့ရဲ့ ပိတောက်ပန်း ကဗျာ … ၊

မခူးချင်စမ်းပါနဲ့ …
နှစ်ဆန်းခါတော်မီမို့ … အစချီ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာ … ၊

ကျမ အသွေးအသားထဲမှာ ကျမနှလုံးသားထဲမှာ စီးမျောလို့ … ။ ကျမ ၀န်းကျင်မှာ ပိတောက်ရနံ့ သင်းပျံ့လို့ … ။ ရင်ခုန်စရာ ဘယ်လောက် ကောင်းလိုက်ပါသလဲ ... ။
***
ဒီရက်ပိုင်း မုန်တိုင်းသတင်းကြောင့် ကျမ စိတ်တွေ ပူပန်နေခဲ့မိတယ်။ မေလ ၁၆ ရက်အတွက် အထူး သတိပေးကြေငြာချက်၊ အ၀ါရောင် ... လိမ္မော်ရောင် ... အနီရောင် ... တဆင့်ပြီး တဆင့် မြင့်လာတာနဲ့အမျှ စိုးရိမ်စိတ်တွေလဲ မြင့်တက်လို့ ... ။ ဒီမနက်ခင်း ကောင်းကင်မှာ တိမ်တစတလေပဲ ရှိတယ်၊ နေကတော့ ခပ်ကျဲကျဲပူလို့ ... ။ မနေ့က ရွာခဲ့တဲ့ မိုးကြောင့် ပွင့်လာတဲ့ ပိတောက်ပန်းတွေကို ဘုရား ကပ်ပြီး သတ္တ၀ါတွေ ဘေးရန်ကင်းဖို့ ဆုတောင်းခဲ့တယ်။ သင်းပျံ့နေတဲ့ ပိတောက်ပန်း ရနံ့က ရင်ကို အတန်အသင့်တော့ ငြိမ်းအေးစေပါတယ်။
 

မနက် ၈ နာရီ ခွဲလောက်မှာ မိုးတွေ ညို့ပြီးတက်လာတယ်၊ မိုးတွေထစ်ချုန်းပြီး ရွာလာတယ်၊ တချို့ကျောင်းသားတွေ ကျောင်းမလာကြဘူး၊ ဆရာမတယောက်က ဖုန်းနဲ့ခွင့်တိုင်တယ်၊ ရေဒီယိုမှာ ရုပ်သံမှာ မုန်တိုင်းသတိပေးချက်တွေ လာနေတယ်၊ တနေ့လုံး နေသာလိုက် မိုးအုံ့လိုက်နဲ့ မီးကလဲ ပျက်သေးတယ်။ ညနေခင်းမှာတော့ မိုးတွေတအား ခြိမ်းလာတာနဲ့ အင်တာနက်ပိတ်၊ ခြံထဲမှာ လွင့်နိုင် ထိနိုင်တဲ့ ပစ္စည်းတွေ သိမ်းဆည်း ရွှေ့ပြောင်း၊ ၀န်ထမ်းတွေ စောစောပြန်လွှတ် ... အားလုံးပြီးသွားတဲ့အချိန် ... မုန်တိုင်းသတင်း ပြန်နားထောင်တော့ ... ၀ှူး ... အလုံးကြီး ကျသွားတယ်။ သက်ပြင်းချနိုင်သွားတယ်။

ပိတောက်ပွင့်တဲ့ရက်ပဲ မုန်တိုင်းက လွင့်ခဲ့တယ်။ မဟာဆန်တဲ့ပိတောက်က မဟာဆန်ကို အဝေးဆောင်ကျဉ်း စေတာလား ... ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ပိတောက်ဝါရေ ... ။
***
ညဘက် ဦးရီးတော်နဲ့ စကားပြောတော့ သူ့ခြံထဲက ပန်းတွေ လှည့်ပတ်ပြနေပါသေးတယ်။ ဘိလပ်ရဲ့ နွေဦးရာသီဆိုတော့ ပန်းတွေပွင့်ပြီး လှနေတာကိုး ... ။ သူ့ခြံထဲမှာ မြက်ခင်းစိမ်းစိမ်းနဲ့ ပန်းလေးတွေနဲ့ လှပါတယ်၊  ဒါပေမဲ့ ကျမ မလွမ်းမိပါဘူး ... ။ ဒီမှာလဲ ပိတောက်တွေ ပွင့်နေပြီ ... လို့ ကျမ ခပ်တိုးတိုး ပြောမိတယ်။ ဦးရီးတော် ကြားမကြား မသေချာပေမဲ့ ... ကျမ ထပ်ပြောမိတယ်။
 
ပိတောက်တွေ မွှေးမှတော့
ဒက်ဖိုဒေးလ်နဲ့ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... လို့ ... ။
***
၁၆၊ မေ၊ ၂၀၁၃
၁၈း၄၄ နာရီ (ဘိလပ်စံတော်ချိန်)

Read More...

Wednesday, April 24, 2013

အမှားများနဲ့ ခါးနေဆဲ ...

***
တကယ်တော့ ...
မဖြူစင်ပါဘူး ငါ့စိတ်တွေ
မြစ်ရေလို ညစ်ထေး
အပြစ်တွေလဲ ဒုနဲ့ဒေးပေါ့ ... ။

ပင်လယ်က ကြယ်တပွင့်ကို အခူး
ရင်ကို ဆူးနဲ့ငြိ
သိလိုက်တဲ့ အချိန်ကျ
အနာက ရင်းခဲ့ပြီ ... ။

စိတ်တွေကို ချုပ်ထိမ်းလျက်
စိတ်ထွက်ပေါက်ကို ရှာ
တယောက် ကမ္ဘာတခြမ်း
အလွမ်းတွေနဲ့ နေသားကျခဲ့ရ ... ။

အမှန်နဲ့ အမှား ... မခွဲခြားနိုင်ဘဲ
လျှောက်သွားဆဲ လမ်းတွေထက်
မျက်ရည်စက်လက် ခရီးနှင်
တခါတလေလဲ ငြိမ်းချမ်းချင်တယ် ... ။

မေတ္တာအတုလား ...
ဥပေက္ခာအစစ်လား ...
ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်မှန်
တကယ်ပဲ နားမလည်ပြန်ဘူး ... ။

နောက်ဆုံးတော့လဲ ...
နားမလည်နိုင်တဲ့ နားလည်မှုတွေကြား
အရာရာဟာ ခါးသက်
ငါ ... အခါးကိုမှ မက်ခဲ့မိလေတယ် ... ။ ... ။
***
မေဓာဝီ
15th ~ 17th April 2013
10:30 am
(ရေးထားခဲ့ပြီး မတင်ဖြစ်တဲ့ ကဗျာလေးကို ၆၆၆ မြောက်ပို့စ် အဖြစ် တင်လိုက်ပါတယ်။)

Read More...

Thursday, April 18, 2013

သံယောဇဉ် - ၉၀

သံယောဇဉ် - ၉၀
 ***
ကြယ်တွေလို ... ဖွေးလွစေ
စပယ်တွေလို ... မွှေးမြစေ
မေတ္တာတရားကို အပ်နှင်း
ငြိမ်းချမ်းခြင်း ဖြစ်စေ။
... ... ...
... ...
...
..
.
မေဓာဝီ
၁၈၊ ဧပြီ၊ ၂၀၁၃
၇း၃၀ နာရီ

Read More...

Friday, April 12, 2013

ရင်မခုန်တော့ပြီ သင်္ကြန် ...




အကြိုနေ့က အတာအိုး ...
နှစ်ဆန်းတရက်မှာ ညှိုးသွားတယ် ...

မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီ ... သိကြားမင်းကို ကြိုကြပြီပေါ့။ အပေါ်က ဓာတ်ပုံလေး နှစ်ပုံက မနှစ်က သင်္ကြန်တုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးပါ။ အကြိုနေ့က လန်းဆန်းနေတဲ့ အတာအိုးလေး နှစ်ဆန်းတရက်နေ့မှာ နွမ်းသွားသလိုပဲ ... သင်္ကြန်ရဲ့ အဝေးမှာတုန်းက ဒီလိုအချိန်ရောက်တိုင်း ရင်ခုန် တမ်းတ အလွမ်းကြီး လွမ်းခဲ့ရပေမဲ့ တကယ်တမ်း သင်္ကြန်နဲ့ ကြုံရတဲ့အခါမှာတော့ ... ။
***

"ရင်မခုန်တော့ပြီ သင်္ကြန်"
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ရဖူးတယ် ... ။
 
သင်္ကြန်ရဲ့ အဝေးမှာ
အတာရေ အေးအေး
ပျံ့မွှေးတဲ့ ပိတောက်
လွမ်းလောက်တဲ့ တေးချိုချို
မန်းတောင်ရိပ်ခို ဆိုညည်း
အလွမ်းတွေ ဖိစီးလို့ ... ။

တကယ်တမ်း သင်္ကြန်  ...
နန်းမဆန် မန်းဟန်ကင်း
အပြင်းစား ဂီတ
မြူးကြ မူးကြ ရူးကြ
စူးရှတဲ့ နေရောင်အောက်
တောက်လောင် နေလိုက်ကြတာ
ဒါ ... ရိုးရာ သင်္ကြန်တဲ့လား ...
သြော် ... သင်္ကြန်ခါးခါးရယ် ... ။
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ပေမဲ့
သင်္ကြန်နဲ့ အနီးကပ်
ရင်ခုန်သံတွေ ရပ်ခဲ့တယ် ... ။ ... ။ 
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၁၃
၂၂း၀၀ နာရီ (မြန်မာစံတော်ချိန်)
(မနှစ်က သင်္ကြန်သို့ ... )
 
အားလုံးပဲ ... ငြိမ်းချမ်းပျော်ရွှင် ကြည်နူးတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ဖြစ်ပါစေ .... ။ 

Read More...

Thursday, April 04, 2013

ချမ်းမြေ့ရိပ်သာ တပတ်တာ ...

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
 
ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနဲ့၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်းမွေ့တော့မယ်။
 
ရုပ်ခန္ဓာ အကောင်ပုပ်ကိုလ၊
စက်ဆုပ်လို့ ငြိမတွယ်၊
ဖြတ်မယ်ပ ခင်လေး။
 
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တ၀ါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ် ...
မင်း သာဓုပေး ... ။ ... ။
(ဦးပုည - သံဝေဂ လေးဆစ်)
***
တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ... အပူတောကနေ ကိုယ်လွတ်ရုန်းပြီး "ဝေးရာ"ကို ခေတ္တခဏ ပြေးခွါသွားတဲ့ မေဓာဝီတယောက် နီးရာကို ပြန်ရောက်လာပါပြီ။ တလောက ရေးခဲ့တဲ့ "ကျမရဲ့ နွေ" ပို့စ်မှာ နွေနေပူပေမဲ့ ပီတိတွေနဲ့ အေးချမ်းလို့ ... ဆိုပြီး ရေးခဲ့ပြီးမှ ... အစစ အရာရာ စိတ်ရှုပ်ထွေးစရာတွေနဲ့ ကြုံလာခဲ့ရတယ်။ တိုင်းရေးပြည်ရေး ... စီးပွါးရေး ... အိမ်တွင်းရေး ... ကိုယ်ရေးကိုယ်တာ ... နေရာတကာမှာ စိတ်ရှုပ်စရာလေးတွေ ဟိုတစ ဒီတစက များလာတော့ စိတ်တိုလိုက် ... စိတ်အားငယ်လိုက်နဲ့ ... ဒေါသတွေ တက်လိုက် ကျလိုက် ဖြစ်နေလိုက်တာ ... ပူလောင်လို့ ... ။ ပူလောင်လွန်းတဲ့ ဒဏ်ကို မခံနိုင်တဲ့ တရက်တော့ အိမ်နားက ဘုရားမှာ ခဏသွားပြီးထိုင်ရင်း အေးချမ်းတဲ့ အရသာကို ခံစားရတဲ့အခါ ... ဒီ့ထက်ဒီ အေးချမ်းရာကို ရှာဖို့ ... ကျမအတွက် break တော့ လိုအပ်နေပြီလို့ သိလိုက်တယ်။ ၂၀၁၂ ရဲ့ အောက်တိုဘာ ၂၁ ရက် ဘိလပ်က ပြန်ရောက်ကတည်းက တရက်မှ မနားဘဲ ဆက်တိုက်လှုပ်ရှားခဲ့တာ ... အဲဒီနေ့ မတ်လ ၂၀ ရက်နေ့ကဆို ငါးလပြည့်ပြီပေါ့။  
 
အိမ်ပြန်ရောက်လို့ ပြက္ခဒိန်ကြည့်တော့ မတ်လ ၂၆ နဲ့ ၂၇ ရက်က ဆက်တိုက်ပိတ်ရက် ဖြစ်နေတာနဲ့ ကျမ အသက်ရှူနည်းနည်းချောင်သွားတယ်။ ဒါနဲ့ပဲ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ကနေ ၂၉ ရက် သောကြာနေ့ထိ ငါးရက်လောက် ရိပ်သာဝင်လိုက်အုံးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ၀င်မယ့် နေရာကို မြို့ပြရဲ့ အရိပ်က ကင်းလွတ်အောင် မှော်ဘီက ချမ်းမြေ့ရိပ်သာမှာ ၀င်ဖို့ရွေးချယ်လိုက်ပါတယ်။ ၁၉၉၁ ခုနှစ် ပထမဆုံး ရိပ်သာစ၀င်ဖြစ်တာလည်း ချမ်းမြေ့ရိပ်သာမှာပါပဲ၊ အဲဒီတုန်းကတော့ ကမ္ဘာအေးချမ်းမြေ့ရိပ်သာပါ။ ၂၀၀၄ ခုနှစ် ဧပြီလတုန်းကတော့ မှော်ဘီချမ်းမြေ့ရိပ်သာမှာ သီလရှင်ဝတ်ခဲ့ဖူးတယ်။ အခု ၉ နှစ်အကြာမှာ ယောဂီအနေနဲ့ ဒုတိယအကြိမ် မှော်ဘီချမ်းမြေ့ရိပ်သာကို ပြန်ရောက်ရခြင်းပါ။
***
ချမ်းမြေ့ရိပ်မြုံ နားခိုလှုံ ...
 
နှုတ်ဆက်ချိန်လေး ...
 
ဒီလိုနဲ့ မတ်လ ၂၄ ရက် မနက်မှာ အဝေးရောက် မိဘနှစ်ပါးကို အွန်လိုင်းကနေ နှုတ်ဆက်တော့ အမေက "တရားထူးရရင် အမေ့ကို အရင်ဟောနော်" ... တဲ့၊ :) အဖေကတော့ "ရတဲ့အချိန်လေးမှာ အကျိုးရှိရှိ ဖြစ်အောင် လုပ်ပါ" ... တဲ့။ အစ်ကိုတယောက်လို လေးစားချစ်ခင်ရသူ တဦးကတော့ "မေ ... ကြိုးစားနော် ... အရာရာ အောင်မြင်ပါစေ" ... တဲ့ ... စသဖြင့် မှာတမ်းတွေ ချွေပါတယ်။
 
အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်၊ မနက် ၉ နာရီမထိုးခင် လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေ ယူဆောင်ပြီး မှော်ဘီကို သွားခဲ့တယ်။ မှော်ဘီချမ်းမြေ့ရိပ်သာ ကျောင်းကို ရောက်တော့ ၁၀ နာရီ ကျော်ကျော် ... ။ ကျောင်းထိုင်ဆရာတော် ဦးကိတ္တိကို ဂါရ၀ပြု လျှောက်ထားပြီး ရုံးခန်းမှာ နာမည်စာရင်းသွင်းရတယ်။ အဲဒီနေ့မှာ မင်္ဂလာဆောင် အလှူနဲ့တိုးနေလို့ ထောပတ်ထမင်းတို့ ရေခဲ့မုန့်တို့ စားလိုက်ရသေးတယ်။ ယောဂီမဖြစ်ခင် အမှတ်လွတ် စားရတဲ့ နောက်ဆုံးထမင်းပွဲလေး ဆိုပါတော့။ ရုံးခန်းရောက်တော့ နာမည်စာရင်းသွင်းပြီးတဲ့အခါ အဆောင်သော့နဲ့ ယောဂီခြင်ထောင်လေး တလုံးပေးပါတယ်။ ယောဂီတဦးအတွက် ဆွမ်းစရိတ်က တရက်မှ ၅၀၀ ကျပ်ထဲပါ။ ကျမက ၅ ရက်ထဲ နေမယ် စိတ်ကူးပေမယ့် ပိုပိုသာသာ ၅၀၀၀ ကျပ် သွင်းထားခဲ့လိုက်တယ်။ 
 ***
အဆောင်သူ ...
 
မေဓာပျော်တဲ့ ကျောင်းသင်္ခမ်း
ကျမနေရမယ့် အဆောင်က ဂျပန်ကျောင်းဆောင်တဲ့။ အဆောင်လေးတွေကို နာမည်တွေ ပေးထားတယ်။ မလေးရှားဆောင်၊ စင်္ကာပူဆောင်၊ ကနေဒါဆောင်၊ အမေရိကဆောင် ... စသဖြင့်ပေါ့။ ကျမနေရမယ့် ဂျပန်ကျောင်းဆောင်လေးရဲ့ အဆောင်နံပါတ်က ၇၂ တဲ့။ တဆောင်မှာ ၂ ခန်းပါပါတယ်။ ကျမက ညာဘက်ခန်းမှာ နေရတယ်။ ဘယ်ဘက်ခန်းမှာက ယောဂီတယောက် ရှိနေနှင့်တယ်။ အိမ်သာနဲ့ ရေချိုးခန်းကတော့ နှစ်ယောက် ရှယ်ပြီးသုံးရတယ်။ ဂျပန်ဆောင်က ဆွမ်းစားကျောင်းနဲ့ နီးသလို တရားထိုင်တဲ့ ဓမ္မာရုံနဲ့လဲ သိပ်မဝေးလှဘူး။ အဆောင်လေးတွေက ဘန်ဂလိုပုံစံ နေချင့်စဖွယ်လေးတွေပါ။ ကျမအခန်းဘေးမှာ ပိတောက်ပင်ကြီးရှိတယ်။ အရှေ့တည့်တည့်မှာတော့ ခရေပင် ... ။ တဖြုတ်ဖြုတ်ကြွေကျတဲ့ ခရေပန်းတွေက ကျမရဲ့ သမာဓိကိုပါ ခြွေချနေသလို ... ။
 
လျောင်းစက်နေရာ တကိုယ်စာ ...
 
အခန်းထဲမှာ ကြမ်းခင်းပါကေး ခင်းထားတယ်။ ကုတင်တလုံးနဲ့ ဖျာတချပ်ရှိတယ်။ ဗီရိုပုလေး တလုံးနဲ့ ကုလားထိုင် တလုံးရှိတယ်။ သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ် လေးပါပဲ။ အခန်းကို သန့်ရှင်းရေးလုပ်၊  ယူသွားတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့ကို နေရာတကျ စီစဉ် ခင်းကျင်းပြီးတဲ့နောက်  ၀တ်ကြောင်ကို ပယ်ခွါကာ ... ။
 
ဂျပန်ဆောင်မှာ ဒေါ်မေဓာ
***
အသုံးအဆောင် ...

ရိပ်သာဝင်တဲ့အခါ လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်တချို့လဲ မပါမဖြစ် ပါရပါသေးတယ်။ ဒါတောင် မစ္စတာဘင်း(န်) ခရီးသွားသလို အတော်လေး လျှော့ထားရတာပါ။ သွားတိုက်ဆေး တ၀က်ညှစ်ခဲ့တာတို့ ဘာတို့ပေါ့။ :) သွားခါနီး အလုပ်က ကလေးမလေးက တီချယ် ငါးရက်ထဲ ရိပ်သာဝင်မှာကလဲ ပစ္စည်းတွေ များလိုက်တာ ... ဆိုလို့ ပြောခဲ့ရ သေးတယ်။ ငါက ခရီးသွားသလို ဟိုတယ်မှာ တည်းမှာလဲ မဟုတ်ဘူး၊ room service လဲ မရှိဘူး၊ ပိုက်ဆံရှိတောင် ၀ယ်ချင်တိုင်း ၀ယ်လို့လဲ မရဘူး ... လို့။ စွာတာ မဟုတ်ပါဘူး၊ စဉ်းစားကြည့်လေ ... ရိပ်သာမှာ ဘယ်သူ့ကို ပိုက်ဆံပေးပြီး ခိုင်းလို့ရမှာလဲ၊ ကိုယ်လိုအပ်တဲ့ အသုံးအဆောင် ဆေးဝါး ပစ္စည်းဆိုတာ ပိုပိုလိုလို သယ်သွား ရမှာပဲ မဟုတ်လား။

ထွေရာလေးပါး အသုံးအဆောင်များ ...
 
အဲဒါနဲ့ ပတ်သက်ပြီး မသွားခင် ရက်ပိုင်းက အစ်မကြီးကို စိတ်ကောက်ရသေးတယ်။ ကျမ ယူမယ့် ပစ္စည်းတွေ ပြောပြတော့ ... နင်ကလဲ ပစ်ကနစ်ထွက်မှာ ကျနေတာပဲတဲ့၊ ဒါနဲ့ စိတ်ကောက်ပြီး အကုန်ပြန်ချခဲ့တာ။ အဖေနဲ့ အွန်လိုင်းမှာ စကားပြောတော့ သနားအောင် ပြောမိသေးတယ်။ "အဖေရယ် ... ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလောက် စည်းစိမ်ခံစားခဲ့ရတဲ့သူ ရှိမလား ... သူတောင် တောထွက်တော့ အိပ်ရာလိပ်တွေဘာတွေ သယ်နေတာ မှ မဟုတ်တာ ... ။ သမီးလဲ ဘာမှမယူတော့ပါဘူး ... တော်ပါပြီ ..." လို့ ... ။ အဖေကတော့ စိတ်ပူစွာ ပြောရှာတယ်။ "ခေတ်ချင်းမတူဘူးသမီး ... စားရ သောက်ရ နေထိုင်ရတာချင်း ကွာတော့ ဘုရားလောင်းတို့ခေတ်က လူတွေက ပိုပြီးကျန်းမာရေး ကောင်းတယ်၊ သစ်တပင် ၀ါးတပင်အောက်လဲ နေနိုင်တယ်၊ သမီးကတော့ အဲဒီလိုနေလို့မရဘူး၊ ဒါကြောင့် လိုအပ်တာတွေ ယူသွားပါ" ... တဲ့။ (ကိုယ်ကလဲ ဒီစကားပဲ ကြားချင်တာပါ။) ဘိလပ်က အစ်မလတ်ကလဲ မသွားခင်ညမှာ ကျမယူသွားသင့်တဲ့ ပစ္စည်းစာရင်းကို ချရေးခိုင်းပြီး မမေ့မလျော့ ထည့်သွားဖို့ အထပ်ထပ်မှာပြန်ပါတယ်။
***
တနေ့တာ အချိန်ဇယား

စုပေါင်း ၀တ်တက် မပြုမီ

မနက်ဆို ၃ နာရီ ၄၅ မိနစ်မှာ လျှပ်စစ်အုံးမောင်း တီးသံကြားရင် အားလုံးအိပ်ရာက ထရပါတယ်။ ၄ နာရီတိတိမှာ ယောဂီအသစ်တွေက အလုပ်ပေးတရား တနာရီ နာရပြီး၊ ယောဂီအဟောင်းတွေ ကတော့ ဓမ္မာရုံကြီးထဲမှာ တရားထိုင်ရတယ်။ ၅ နာရီ ခွဲမှာတော့ အရုဏ်ဆွမ်းစား၊ ပြီးရင် စုပေါင်း ဘုရားဝတ်တက်ပြီး ဓမ္မာရုံထဲနဲ့ ကိုယ့်အဆောင်၊ အဆောင်ဝန်းကျင် သန့်ရှင်းရေး လုပ်ကြရတယ်။ နေ့ဆွမ်းကတော့ ၁၀ နာရီခွဲမှာ စားရပြီး၊ နေ့လည် ၂ နာရီမှာ တရားနာရပါတယ်။ ညနေ ၆ နာရီနဲ့ ၇ နာရီကြားမှာတော့ တရားလျှောက်ရတယ်။ ည ၉ နာရီထိုးရင်တော့ ကိုယ့်အဆောင် ကိုယ်ပြန်ပြီး နားရုံပါပဲ။  ကျန်တဲ့အချိန် အားလုံးမှာတော့ စင်္ကြံတလှည့် ထိုင်တလှည့်နဲ့ မရပ်မနား တရားရှုမှတ်ရပါတယ်။
***
 ဘယ်-ညာ၊ ပိန် - ဖောင်း
ဘယ်-ညာ စင်္ကြံ ရှုမှတ်ဟန်

စင်္ကြံ လျှောက်တဲ့အခါ စစချင်းမှာ ဘယ်လှမ်းတယ် ညာလှမ်းတယ် စမှတ်ရတာပါ။ ကျမက လှမ်းတယ် ဆိုတာတွေ ထည့်ရမှာ ရှုပ်ပါတယ်ဆိုပြီး ဘယ်-ညာ ဘယ်-ညာ နဲ့ လှမ်းနေတာ နောက်မှ ငါ စစ်ချီတက်သလို ဖြစ်နေပါပကော ဆိုပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ် ပြန်မှတ်ရတယ်။ ဒါတောင် သတိလွတ်တဲ့အခါ ဘယ်နဲ့ညာ ခြေထောက်ချင်း မှားဆိုနေမိသေးတယ်။ ဘယ်နဲ့ညာ မှားလို့ နောက်ဆို ဆရာတော်က ကောက်ရိုး ခြေထောက်၊ မြက် ခြေထောက်လို့များ မှတ်ခိုင်းမလား မသိ။ ဖောင်းတယ် ပိန်တယ် မှတ်တော့လဲ အတူတူပါပဲ၊ ကျမက အဆိုကိုပဲ ဦးစားပေးနေမိတာ ... ၀မ်းဗိုက်က ဖောင်းချင်ဖောင်း ပိန်ချင်ပိန်၊ စိတ်ထဲက ဖောင်းတယ် ပိန်တယ်ချည်း လှိမ့်ရွတ်နေတော့ အကုန်လွဲကုန်ရော ... ။ သြော် ... သတိ ... သတိ ... ဘ၀မှာ သတိလက်လွတ် နေခဲ့တဲ့အချိန်တွေ များနေတော့ သတိထားရတာ အစပိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ပေါ့။
***
ဝါးမြိုခြင်း ...
 
ဆွမ်းကျောင်းပေါ်မှာ ဆိတ်ငြိမ်စွာ ...
စားတဲ့သောက်တဲ့ နေရာမှာ အလွန်ဖြည်းညင်းစွာ သတိနဲ့ မှတ်ပြီးစားကြရပါတယ်။ ဘုန်းကြီးတွေကလည်း တ၀ိုင်းပြီးတ၀ိုင်း လိုက်ကြည့်ရင်း "ယောဂီတွေ အမှတ်နဲ့စားကြနော်"လို့ သတိပေးတတ်သေးတယ်။ ကိုယ့်ကို အဲဒီလို လိုက်ကြည့်နေတော့ စားရသောက်ရမှာ သိပ်မြိုမကျတော့ဘူး၊ စိတ်ကျဉ်းကျပ်သလိုပဲ။ ဒါပေမဲ့ အဲဒီလို လိုက်ကြည့်နေမှလည်း အမှတ်မလွတ်အောင် စားဖို့ သတိရတာမို့ တကူးတက လိုက်စောင့်ကြည့်နေကြတဲ့ ဘုန်းဘုန်းတွေကို ကျေးဇူးတင်မိပါတယ်။ ဝေယျာဝစ္စ ယောဂီတွေ သီလရှင်တွေကိုလည်း ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်လက် ကိုယ့်ခြေ မြှောက်စရာတောင် မလိုဘဲ လိုလေသေးမရှိ ဘေးကနေ ထည့်ပေးပြုပေးကြတယ်။
ဝါးရင် ၀ါးတယ်လို့ မှတ်ပြီး ၀ါးရင်းဝါးရင်းနဲ့ ၀ါးဖတ်တော် ကဆီနှစ်တွေကို မြိုမပစ်ချင်လောက်အောင် ဖြစ်တတ်တာကို ဟိုးငယ်ငယ်က အတွေ့အကြုံအရ သိထားနှင့်တာမို့ အနှစ်ပေါက်အောင် ၀ါးပြီး မှတ်မနေတော့ပါဘူး။ ၀ါးတယ် ... ၀ါးတယ် ... ၀ါးတယ် .. ပြီးတော့ မြိုတယ် ... ဂလု ... ။ အဲ ... အမှတ်နဲ့ မြိုချလိုက်တာ ဂလုခနဲ လည်ချောင်းထဲ ၀င်သွားရော ... ။ အမှတ်နဲ့ စားတာဆိုတော့ ချိုသည် ခါးသည်လဲ မသိတော့ပါဘူး။ ထည့်ထားတဲ့ တပန်းကန် ကုန်အောင် တလှုပ်လှုပ် ၀ါးလိုက် မြိုလိုက်နဲ့ ဆွမ်းကိစ္စ ပြီးခဲ့ရတာပါပဲ။ ဆွမ်းစားကျောင်းရဲ့ လှေခါးထစ်က ဆင်းပြီဆိုရင်တော့ သက်ပြင်းကြီးကြီး အမြဲလိုလို ချဖြစ်တယ်။
***
အသံတွေ ကြားနေရတယ် ...

ချမ်းမြေ့တိတ်ဆိတ် သစ်ဝါးရိပ်
နေခဲ့တဲ့ ရက်သတ္တ တပတ်တာအတွင်း အမှတ်တရဖြစ်စရာ အသံတွေလဲ ရှိပါသေးတယ်။ လျှပ်စစ် အုံးမောင်း တီးသံလိုမျိုး မနက်စောစောစီးစီး ရင်ကို ဗရမ်းဗတာ လှုပ်ရှားစေတဲ့ အသံမျိုးအပြင် မိုက်ခရိုဖုန်းနဲ့ အော်တယ် ထင်ရလောက်အောင် ကျယ်လောင်တဲ့ ဓမ္မာရုံထဲက တောက်တဲ့အော်သံ၊ ကျောင်းခွေးကြီးတွေရဲ့ ဆွဲဆွဲငင်ငင် အူသံ၊ ညဘက် တရေးနိုး အိပ်ရာထဲကနေ ကြားရတဲ့ အဆောင်ခေါင်မိုးပေါ်ကို သစ်ရွက်တွေ အသီးတွေ တရှဲရှဲ တဖြုတ်ဖြုတ် ပွတ်တိုက်ပြုတ်ကျသံတွေ ... ။ ချိုးကူသံ ... ဥသြသံတွေ ... ။ ဥသြသံဆိုလို့ ...  ဟိုးအဝေးက ခပ်သဲ့သဲ့ ဥသြသံမျိုးက လွမ်းစရာကောင်းနိုင်ပေမယ့် အနားနား ကပ်အော်တဲ့ ဥသြသံမျိုးကိုတော့ဖြင့် ဘယ်လို လွမ်းရမယ် မသိတော့ပါဘူး။ တကယ်ပါ ... မပြန်ခင်တနေ့လည်ခင်း ဥသြတကောင် ဓမ္မာရုံအနားက သစ်ပင်ပေါ် လာအော်နေလိုက်တာ ... ဒီလောက် အသံကျယ်တဲ့ ဥသြသံ ဒီတခါပဲ ကြားဖူးပါသေးတယ်။

ဒါ့အပြင် တပေါင်းလပြည့်မတိုင်ခင် အဖိတ်နေ့က ဘယ်နားမှာ ဇာတ်ပွဲက'နေလဲ မသိပါဘူး။ လေသင့်တိုင်း သီချင်းသံတွေက အကျယ်ကြီးကို ကြားနေရတာ၊ ကြားရင် ကြားတယ်လို့ မှတ်ရင်းနဲ့ စိတ်ထဲမှာတော့ ... "ဟင်း ... ဒီမင်းသားအသံက ကောင်းလဲ မကောင်းဘူး၊ ကရုဏာသံလေးနဲ့ သီချင်းဆိုတတ်တဲ့ ဟို ဥရောပရောက် အညာသား ဘလော့ဂါ ဇာတ်မင်းသားကြီး အသံလောက်တောင် နားဝင်ပီယံ မရှိပါလား ..."  စသဖြင့် တွေးနေမိသေး။ နောက်မှ ကမန်းကတန်း ... အတွေးတွေကို ပြန်မှတ်ရင်း ပေါက်ကရ အတွေးတွေက ရပ်တန့်သွားလေရဲ့။
***
သူတော်ကောင်းတို့ အာဝါသ
 
ရိပ်သာရောက်ပြီး ဒုတိယရက်မှာ ကျမစိတ်ထဲ အရမ်းအေးချမ်းပြီး စိတ်ထဲ သိပ်ကြည်နူးလွန်းလို့ ... "သူတော်ကောင်းတို့ အရိပ်အာဝါသက အလွန်အေးချမ်းပါလား ... ဒီလိုနေရာမျိုးမှာ တသက်လုံး နေမယ်ဆိုရင် နေနိုင်ပါတယ် ..." လို့ တွေးမိတယ်။ အင်တာနက်မရှိ၊ ဖုန်းမရှိ၊ ဘာသတင်းမှလဲ မသိ၊ ဘယ်သူနဲ့မှ စကားမပြော အဆက်အသွယ်မလုပ်ဘဲ နေရတဲ့ အရသာက အင်မတန် အေးချမ်းပါတယ်။ ကျမက နာရီမပတ်လို့ အချိန်သိဖို့နဲ့ alarm လုပ်ဖို့ ဆက်လို့မရတဲ့ ဘိလပ်နက်ဝေါ့ခ် မိုဘိုင်းဖုန်းလေးတော့ ယူသွားဖြစ်တယ်။  
 
 
နောက်ရက်တွေမှာ အစားအသောက်လဲ ချေးမများ ဇီဇာမကြောင်ဘဲ ဟင်းပွဲထဲ အသားဟင်းပါရင်တောင် မစားဖြစ်တော့ဘူး၊ အရွက်ကြော်တမျိုးမျိုးနဲ့ အရည်သောက် လောက်ပဲ စားဖြစ်တော့တယ်။ အစက ၅ ရက်ထဲ နေမယ် စိတ်ကူးခဲ့ပေမယ့် အစ်မကြီးဆီ ဖုန်းဆက်တော့ သူ အဆင်ပြေတယ် ... တပတ်နေချင် နေ ... ဆိုတဲ့ အခွင့်ရတာနဲ့ တပတ်နေမယ်လို့ စိတ်ကူးလိုက်တယ်။ အဲ ... ဖြစ်ချင်တော့ အဲဒီလို ပြောပြီး နောက်တရက်မှာ ကျမ ဗိုက်တွေနာပြီး ၀မ်းပျက်ပါလေရော ... ။


တရားရိပ်လှုံ ဓမ္မာရုံ ...
 
နေမကောင်းဘူးဆိုရင် လူက အိမ်ကို သတိရစိတ် ဖြစ်လာတယ်၊ ၅ ရက်ပြည့်ရင် အိမ်ပြန်ရ ကောင်းမလား ... အိမ်ကို ဖုန်းဆက်ရင် ကောင်းမလား ... စသဖြင့် တွေးမိတယ်။ ဒါပေမဲ့ ... နောက်တခါ ဒီလိုအခွင့်အရေးရဖို့ ဆိုတာ လုံးဝမလွယ်တာမို့ ... မပြန်ဘူးလို့ အားတင်းပြီး ပါလာတဲ့ ဆေးတွေသောက်၊ ဓာတ်ဆားရည်တွေသောက်ပြီး ရှုမှတ်မှုလဲ မပျက်စေရဘဲ အဲဒီတရက်တာကို အပင်ပန်းခံ ကျော်ဖြတ်လိုက်တယ်။  နောက်တနေ့ အိပ်ရာအထမှာတော့ မနေ့က ခံစားရတဲ့ ဝေဒနာ အားလုံး ရှင်းရှင်းလင်းလင်း ပျောက်သွားပါတယ်။ တရားရဲ့ အာနိသင်အစွမ်းကြောင့်ပဲ ထင်ပါရဲ့ ... ဘာမှ မဖြစ်တော့ဘူး။
***
စိတ်အနှောက်အယှက် ဖြစ်စရာတချို့


ကျမ ရှိတဲ့အချိန်မှာ အမျိုးသမီး ယောဂီစုစုပေါင်းမှ ၂၅ ယောက်လောက်ပဲ ရှိတယ်၊ အမျိုးသား ယောဂီနဲ့ နိုင်ငံခြားသား ယောဂီ၊ ဒုလ္လဘ ဘုန်းကြီးတွေပေါင်းရင် ၃၅ ယောက်လောက်ပါပဲ။ အများအားဖြင့် လူလတ်ပိုင်းတွေ များတာမို့ အားလုံးက သိတတ်စွာ ငြိမ်ငြိမ်ဆိမ်ဆိမ် နေကြပေမယ့် အငယ်ဆုံး ဆယ်ကျော်သက် ယောဂီပေါက်စလေး တယောက်ကတော့ဖြင့် တော်တော်လေး လက်လက်ထရှာတယ်။ ခြေသံတဒုန်းဒုန်းနဲ့ လမ်းလျှောက်တဲ့အပြင် ဓမ္မာရုံထဲ ပြေးနေသေးတယ်။ အဆိုးဆုံးကတော့ ကျောင်းက ခွေးနက်ကြီးနဲ့ ကော်ရစ်ဒါမှာ စိမ်ပြေးတမ်း ကစားနေတာပဲ။ (ဘုန်းကြီးတွေလဲ မသိဘူး ထင်ပါရဲ့။)

နောက်တခုက ကျမရဲ့ တဆောင်ထဲနေသူ အမျိုးသမီးပါ။ ရက်ပြည့်လို့ ပြန်သာသွားရော ကျမတို့ချင်း စကား မပြောဖြစ်ကြပါဘူး။ စကားပြောခြင်းဟာ အပြစ်အကြီးဆုံးလို့ ဆိုထားတာကြောင့် ကျမ ရိပ်သာနေစဉ် ဘယ်သူနဲ့မှလဲ စကားမပြောဖြစ်ဘူး၊ မိတ်ဆွေလဲ မဖြစ်ခဲ့ဘူး၊ အဲ ... သူကတော့ အဆောင် ပြန်ရောက်လို့ ခဏတဖြုတ်နားချိန်ဆို မိုဘိုင်းဖုန်းတလုံးနဲ့ သူ့အလုပ်ထဲကို ဖုန်းဆက်ပါလေရော။ အသံကျယ်ကြီးနဲ့ ရှိသမျှ ရုံးသူ ရုံးသားတွေဆီ ဖုန်းလွှဲခိုင်းပြီး တယောက်ပြီး တယောက်နဲ့ ပြောတယ်။ ဒီအသံတွေနဲ့ ကင်းဝေးအောင် ထွက်ပြေးလာခါမှ ပြန်ကြားနေရလို့ အဲဒီအချိန်တွေမှာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်။ ယောဂီဝတ်မယ့်သူတွေ ဆင်ခြင်စရာပါ ... ။
***
မပြန်ခင် ...


ညဥ့်မှာကြွေတဲ့ ပန်းခရေ ...
ဒီလိုနဲ့ တရက်ပြီးတရက် ရှုမှတ်တဲ့အခါ ပိုပြီး စိတ်တည်ငြိမ်လာပေမယ့် နောက်ဆုံးမှာတော့ ပြန်ရမယ့် ရက်ကို ရောက်လာပါပြီ။ စိတ်ထဲမှာလဲ မကောင်းဘူး။ ဒီနေရာ ဒီဌာန ဘယ်အခါမှ ပြန်လာရပါ့မလဲ ... တွေးရင်း မပြန်ခင် အလှူဒါနလေးတွေ ကိုယ်တတ်နိုင်သလောက် ပြုဖြစ်ခဲ့တယ်။  နေ့စဉ် တံမြက်စည်းလှည်းတိုင်း အဆောင်ရှေ့ ခရေပင်ကြီးဆီက ကြွေကျတဲ့ ခရေပွင့်လေးတွေကို လှည်းကျင်းရတဲ့အခါ "ငါ့ကို ခွင့်လွှတ်ပါ ခရေတို့ရေ ..." လို့ တိတ်တိတ်လေး ဆုတောင်းမိခဲ့တဲ့ ကျမဟာ မပြန်ခင်တော့ ခရေပန်းတွေ အ၀ကောက်ပြီး လက်သုတ်ပုဝါလေးနဲ့ ထုတ်ယူသွားခဲ့တယ်။


တပတ်တာ ဘာဝနာ ပွါးများရာ ...
နောက်ဆုံး တရားထိုင်တဲ့ တနင်္ဂနွေ မနက်ခင်းမှာ တရားဖြုတ်တော့ ကျမထိုင်နေကျ နေရာလေးကို အမှတ်တရ ဓာတ်ပုံရိုက် ယူဖြစ်ခဲ့တယ်။ လွယ်အိတ်တလုံးနဲ့ ရေတဗူးကို ဘေးမှာထားပြီး တပတ်တာ တရားထိုင်ခဲ့တဲ့ နေရာလေး ...၊  အစွဲအလမ်းကြီးတယ်ဆိုဆို ... ဒီနေရာလေးကို ကျမ လွမ်းနေအုံးတော့မှာပါပဲလေ ... ။ 
***
ပတ်စာခွါ ဖျာသိမ်း ...
 
မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့ မနက် ၈ နာရီ မထိုးခင်မှာ တော့ အားလုံး သိမ်းဆည်းထုပ်ပိုးပြီး ပြန်ဖို့ အသင့် ဖြစ်နေပါပြီ။ ကျမကို လာကြိုမယ့် ကားကို စောင့်ရင်း ကျောင်းဝင်းထဲ လှည့်ပတ်ပြီး ပါလာတဲ့ မိုဘိုင်းဖုန်းလေးနဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့သေးတယ်။
 
အိမ်ပြန်ဖို့ပင် အထုတ်ပြင် ...

ချမ်းမြေ့ရိပ်သာ ကျောင်းကို တည်ထောင်သူ ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိအပါအ၀င် သံဃာတော်များ၊ ဝေယျာဝစ္စ သီလရှင်များ၊ ယောဂီများ၊ ဝေယျာဝစ္စ ဗိုလန်တီယာ လာရောက်လုပ်ကိုင် ပေးကြသူ လူငယ် မောင်မယ်များ ... အားလုံးကို ကျေးဇူးတင်စွာနဲ့ မေတ္တာပို့ရင်း လာကြိုတဲ့ကားနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။
 
အအေးမှ ... အပူ၊
အငြိမ်မှ ... အလှုပ်၊
အရှင်းမှ ... အရှုပ် ...
သြော် ... ကျင်လည် လှုပ်ရှားရအုံးမည်ပေါ့ ... ။
*** 
မေတ္တာဖြင့် ...
 
မေဓာဝီ
၎၊ ၀၄၊ ၁၃
၂၂း၅၅ နာရီ
 
(မှတ်ချက်။   ။ ခုနစ်ရက်တာ ဖြည့်ကျင့်ခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုအစုစုကို စာဖတ်သူများအား အမျှပေးဝေပါတယ်၊ ပြန်ရောက်တဲ့ နေ့ကတည်းက တင်ဖို့ ကြိုးစားနေတာ ကွန်နက်ရှင် အခက်အခဲ ကြောင့် ဒီနေ့မှပဲ ပြီးပါတော့တယ်၊ ပုံတွေများ စာတွေများလို့ မျက်စိနောက်သွားခဲ့ရင် ခွင့်လွှတ်ကြပါရှင်)

Read More...

Saturday, March 23, 2013

ဝေးရာ ...

*
တခါတခါ
ဝေးရာကို
ပြေးခွါသွားချင်ပြီ ... ။

လှောင်ရယ်ခြင်းများနဲ့ ဝေးရာ ...
နှောင်တွယ်ခြင်းများရဲ့ ဝေးရာ ... ။

အားငယ်ခြင်းများနဲ့ ဝေးရာ ...
နားမလည်ခြင်းများရဲ့ ဝေးရာ ... ။

အရှုံးများနဲ့ ဝေးရာ ...
အမုန်းများရဲ့ ဝေးရာ ... ။

အပြစ်များနဲ့ ဝေးရာ ...
အချစ်များရဲ့ ဝေးရာ ... ။
.... .... .... .... ...
.... .... .... .... ...
ဝေးရာ ... ဝေးရာ
အားလုံးနဲ့ ဝေးရာ
သီးခြားကမ္ဘာတခုဆီ
ပြေးခွါသွားချင်ပြီ ... ။
***
မေဓာဝီ
၂၃၊ ၀၃၊ ၂၀၁၃
၁၉း၄၈ နာရီ

Read More...

Friday, March 08, 2013

ကျမရဲ့ နွေ ...


ကံ့ကော်တွေလဲ ပွင့်ပြီ ... ။
ဥသြငှက်တေးသံနဲ့ နွေမနက်ခင်းက ချိုမြပြီ ... ။
မတ်လရဲ့ နေရောင်ခြည်ကလဲ ခပ်ရဲရဲ တောက်ပပြီ ... ။
စာသင်ကျောင်းတွေရဲ့ တံခါးကြီးတွေလဲ ခဏ အနားယူကြပြီ ... ။
ကလေးတွေကတော့ လွယ်အိတ်တွေ ပစ်ချပြီး ကစားကြမှာလား ... နားကြမှာလား ... ။
များသောအားဖြင့်တော့ ခုခေတ် ကလေးတွေဟာ ကျောင်းကြီးပိတ်တာနဲ့ နွေသင်တန်းတွေမှာ ဆက်လက် သင်ယူကြရတယ်။ မိဘတွေကလဲ ကိုယ့်ကလေးတွေ ကျောင်းမပိတ်ခင်ကတည်းက နွေသုံးလအတွက် သင်တန်းတွေ စုံစမ်းကြ အပ်ကြနဲ့ပေါ့ ... ။
***
ကျမတို့ ငယ်ငယ်တုန်းကရော ... ။
ငယ်ငယ်တုန်းက နွေကျောင်းပိတ်ရက်မှာ ဘာလုပ်ကြသလဲ ... ပြန်စဉ်းစားကြည့်တော့ ... ။
စာသင်ကျောင်းကြီးပိတ်ချိန်မှာ ကျမတို့ ညီအစ်မတတွေ ဆော့ရင်း ကစားရင်း အိမ်အလုပ်တွေ ကူလုပ်ရင်း အမေ့ကျောင်းကို တက်ကြရပါတယ်။ အိမ်အလုပ်ဆိုတာကလဲ ညနေဆို ခြံထဲက သစ်ပင်တွေ ရေလောင်းတာတို့ ... မနက်ဖက် ပွင့်တဲ့ စပယ်ပန်းတွေ ခူးသီပြီး ဘုရားကပ်တာတို့ ... တခါတလေ စပါးလုံး ကူရွေးပေးတာတို့ လောက်ပါပဲ။ ဒါပေမဲ့ နေ့လည်နေ့ခင်းဆိုရင်တော့ အမေ့ကျောင်းမှာ အမေနဲ့အတူ စက္ကူအိတ် ကပ်ကြရတယ်။

စက္ကူအိတ်ကပ်တယ်ဆိုတာက ကျမတို့ စာမေးပွဲပြီးသွားလို့ အသုံးမလိုတော့တဲ့ ကျောင်းသုံးဗလာစာအုပ် အဟောင်းတွေကို စက္ကူအိတ်လေးတွေ လုပ်တာကို ပြောတာပါ။ အဲဒီစက္ကူအိတ်တွေကို အမေက ဈေးမှာ သွင်းပေးပါတယ်။ အိတ် ၁၀၀ ဆို ဘယ်လောက် စသဖြင့်ပေါ့။ ဗလာစာအုပ်တွေကို ပိဿာချိန်နဲ့ ရောင်းတာထက် စက္ကူအိတ်လေးတွေ လုပ်ရောင်းတာက ပိုပြီး ပိုက်ဆံရပါတယ်။ နေ့လည် နေ့ခင်း ထမင်းစားပြီးချိန်ဆို ကော်မှုန့်တွေ ကျိုပြီး စက္ကူအိတ်လုပ်ဖို့ ပြင်ကြရတယ်။ စက္ကူအိတ်ကပ်တဲ့ ၀ိုင်းမှာ အမေဦးဆောင်ပြီး ကျမတို့ ညီအစ်မတွေနဲ့ တခါတလေလဲ တခြားအိမ်သားတွေပါ ကြတယ်။ အမေက ကျမတို့ မပျင်းရအောင် စက္ကူအိတ်ကပ်ရင်း ပုံတွေပြောပြတယ်။ များသောအားဖြင့် အမေပြောပြတဲ့ ပုံပြင်တွေက ပုဂံရာဇ၀င်ပါပဲ။

ပုဂံရာဇ၀င် ဒုတ်ထမ်းပြီး ပြောရတယ် ... တဲ့။ ပြောရင်းဆိုရင်း ငြင်းခုန်ကြလို့ ဒုတ်ထမ်း ပြောရတာလား ... ရှည်လျားလွန်းလို့ ဒုတ်ထမ်း ပြောရတာလား ... သေချာမသိပေမဲ့ အမေကတော့ ပုဂံရာဇ၀င်ကို စက္ကူအိတ်ကပ်ရင်း ပြောပြခဲ့ဖူးတယ်။ စက္ကူအိတ်တွေ ကပ်ရင်းနဲ့ ပုံပြင်နားထောင်ရသလို စက္ကူအိတ် ရောင်းရငွေက မုန့်ဖိုး၊ ကာတွန်းစာအုပ်ဖိုးလဲ ရတာမို့ ကျမတို့တတွေ တက်တက်ကြွကြွနဲ့ ... ။

အဲဒီလို ကျမတို့ရဲ့ နွေရာသီတွေမှာ ဆော့ရင်း ကစားရင်း အမေနဲ့ စက္ကူအိတ်ကပ်၊ အိမ်အလုပ်ဝိုင်းလုပ်၊ အဖေ့စာအုပ် ဗီရိုကြီးထဲက စာအုပ်တွေ ရှာဖွေဖတ်ရင်း ကုန်လွန်ခဲ့ရသလို ... အဘိုးနဲ့လဲ အချိန်ကုန်ရပါသေးတယ်။ နွေပိတ်ရက်တွေမှာ အဘိုးက သူ့သားသမီးတွေ ခေတ်က သင်ရတဲ့ Oxford English Reader စာအုပ်ကလေးတွေ ကျမတို့ကို သင်ပေးတဲ့အပြင် ဘုရားစာကိုပါ အင်္ဂလိပ်လို သင်ပေးပါတယ်။ အဲဒီတုန်းကတော့ အဘိုး စာသင်ချိန်ဆို သိပ်စိတ်ညစ်တာပဲ။ ပဉ္စမတန်းမှ အေဘီစီဒီ စသင်ရတဲ့ ကျမတို့ကို story တွေ ဖတ်လို ဖတ်ခိုင်း၊ cause and effect တွေ သင်လိုသင် နဲ့ ဆိုတော့ ဒုက္ခတွေ ရောက်တော့တာပေါ့။

ဒါတွင်မကသေးဘူး အဘိုးက လက်နှိပ်စက် ရိုက်တာ သင်ပေးပါသေးတယ်။ သူ့မှာရှိတဲ့ လက်နှိပ်စက် ၂ လုံးကို ကျမတို့ ညီအမ သုံးယောက် အလှည့်ကျ ရိုက်ရတယ်။ အဘိုးက မလှမ်းမကမ်း ခုံတန်းလျားကနေ အိပ်ပြီး အသံနားစွင့်နေတာ၊ အသံရပ်သွားတာနဲ့ လှမ်းခေါ်တော့တာပဲ။ အဲဒီအချိန်ဆို ကျမတို့တတွေ A S D F ; L K J လို့ အော်ဆိုပြီး လက်နှိပ်စက်ကြီးတွေ တချောက်ချောက် ရိုက်လို့ပေါ့။ အဲဒီတုန်းက လေးငါး ခြောက်တန်းလောက်ပဲ ရှိအုံးမှာ ... ။ နည်းနည်း အသက်ကြီးလာတဲ့ ၇ တန်း ၈ တန်းလောက် မှာတော့ အဖေ့အဘိဓမ္မာသင်တန်း တက်ရတယ်၊ ပရိတ်တို့ ပဋ္ဌာန်းတို့ သင်ရပါတယ်။ အဲဒီတုန်းကတော့ ကျမတို့ မောင်နှမတွေရဲ့ နွေပိတ်ရက်မှာ ... "သောမနဿ သဟဂုတ်" အသံတွေနဲ့ ဝေဆာလို့ ... ။
***
ခုပြန်စဉ်းစားကြည့်တော့ ကျမတို့ ငယ်ဘ၀ရဲ့ နွေပိတ်ရက်ဟာ သင်တန်းဆိုပြီး သတ်သတ်မှတ်မှတ် တက်ရတာ မဟုတ်ပေမဲ့ သင်ယူရင်း လေ့လာရင်း ကျော်ဖြတ်ခဲ့ရတာပါပဲ ... ။ ခုခေတ်မှာတော့ မိဘ ဘိုးဘွားတွေက ကိုယ့်သားသမီး မြေးမြစ်တွေအပေါ် အချိန်ပေးနိုင်မှု အတိုင်းအတာ လျော့နည်းလာတာနဲ့ အမျှ နွေရာသီမှာ သင်တန်းတွေ အသီးသီးပို့ကြရတယ်။ ခေတ်ရဲ့ တောင်းဆိုမှုအရ နွေသင်တန်းတွေလဲ အရင်ကထက် ပိုပြီး အများအပြား ပေါ်လာကြတယ်။ သင်တန်းတွေ များလာတာနဲ့ အမျှ မိဘတွေ အနေနဲ့ ရွေးချယ်ခွင့်တွေ ပိုများသလို ရွေးချယ်ဖို့ရာလဲ ပိုစဉ်းစားကြရပါတယ်။

မိဘတွေအနေနဲ့ အဓိက စဉ်းစားသင့်တာကတော့ သင်မယ့် subject တွေပါ။ ကိုယ့်ကလေးရဲ့ အားနည်းချက် အားသာချက်နဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး သင်မယ့်ဘာသာရပ်ကို ရွေးချယ် သင့်ပါတယ်။ နွေရာသီ သင်တန်းတွေမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ကွန်ပျူတာလို ပညာရပ်တွေ အပြင် ပန်းချီ၊ ဂီတ ... စတဲ့ အနုပညာ သင်တန်းတွေ ... ရေကူး၊ ဘတ်စကတ်ဘော စတဲ့ ကိုယ်ကာယ ကြံ့ခိုင်မှု သင်တန်းတွေလဲ ရှိတာမို့ ကိုယ့်ကလေးနဲ့ အဆင်ပြေတာကို ရွေးချယ်နိုင်ပါတယ်။

နောက်တခုက ကျောင်းရဲ့ တည်နေရာ ... ။ တချို့မိဘတွေက ကိုယ့်အိမ်နဲ့ နီးတဲ့ ကျောင်း၊ သွားရေးလာရေး အဆင်ပြေတဲ့နေရာတွေကို ဦးစားပေး ရွေးချယ်ကြပါတယ်။  ဒါပေမဲ့ အခြေအနေအရ ကိုယ့်ကလေးကို နိုင်ငံရပ်ခြားတောင် လွှတ်ပြီး ကျောင်းထား ကြရတာမို့ တချို့ကလဲ တည်နေရာကို သိပ် မကြည့်ကြပါဘူး။

facilities နဲ့ service ... ကလဲ အရေးကြီးတာပါပဲ။ နွေရာသီလို ပူပြင်းတဲ့ အချိန်မှာ ကိုယ့်ကလေးတွေ အေးဆေးသက်သာစွာ သင်ကြားနိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင် အခြေအနေ ပေးနိုင်တဲ့ ကျောင်းမျိုးဖြစ်သင့်သလို ကလေးတွေကို ဂရုစိုက် ကြည့်ရှုပေးတဲ့ ကျောင်းမျိုးကိုလဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာတော့ ကျမတို့ရဲ့ ကျောင်းလေးမှာ နွေရာသီ သင်တန်းတွေ စပြီးဖွင့်ခဲ့ပါတယ်။ ကျမတို့ ကျောင်းမှာ ကလေးတွေအတွက် နွေရာသီသင်တန်းတွေ ဖွင့်ခဲ့တာ ၁၀ နှစ်နီးပါး ရှိခဲ့ပါပြီ။ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ မိဘတွေရဲ့ လိုလားချက် ကိုက်ညီမှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ကြားပေးပါတယ်။

 
ဒီနှစ်မှာတော့ တခြား subjects တွေအပြင် ကျမက Environmental education ကိုပါ တချိန် ထည့်ပြီး သင်ပေးပါတယ်။ Save the Earth ဆိုတဲ့ သီချင်းလေးကို သံပြိုင်သီဆိုကြရင်း ကိုယ်တယောက်ထဲအပြင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်မိသားစုတွေပါ လက်တွဲပါဝင်ဖို့ ကလေးတွေကို ဆွဲဆောင်ခဲ့တယ်။ Reduce, Re-use, Recycle ဆိုတဲ့ ဆောင်ပုဒ်လေးကို ရှင်းပြရင်း ကျမတို့ ငယ်ငယ်က စက္ကူအိတ် ကပ်ကြတဲ့ အကြောင်း သူတို့ကို ပြောပြရပါသေးတယ်။ အဲဒါကလဲ Re-use and recycle ပဲ မဟုတ်လား ... ။
 

ကျမတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ ကလေးတွေ နွေရာသီမှာ စိတ်ဖိစီးမှု မရှိစေဘဲ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားရင်း သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ပါပဲ။ တနှစ်လုံး ကျောင်းသင်ခန်းစာတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ ကလေးတွေအတွက် နွေတနွေမှာတော့ လွတ်လပ်ပေါ့ပါး သင့်တယ် မဟုတ်လား ... ။


ဆော့ရင်း ကစားရင်း စာသင်ကြရတာမို့ ကလေးတွေ ပိုပျော်ကြသလို အချင်းချင်း ရင်းနှီးမှုလဲ ပိုရှိကြတယ်၊  သင်လိုက်တဲ့ စာကိုလဲ ပိုပြီး စွဲမြဲမှတ်မိစေပါတယ်။


ကျောင်းသားတွေထဲမှာ ၅ နှစ်ကျော် ၆ နှစ်အရွယ် ကလေး သေးသေးလေးတွေလဲ ပါတာကြောင့် ငြင်းကြ ခုန်ကြ အော်ဟစ်ကြတာမျိုးလဲ ရှိပါရဲ့။ ကလေးဆိုတာ စိတ်ထဲရှိတာ ပြောတတ် လုပ်တတ်ကြတာပဲ ... ကျမတို့ စိတ်ရှည်ရှည်နဲ့ နားလည်ပေးရမယ် မဟုတ်လား ... ။


ပူလောင်တဲ့ နွေကို အံတုရင်း ကံ့ကော်ရိပ်မှာ ချွေးသိပ်ကြရတယ်။ ကျောင်းသားတွေရော ဆရာ ဆရာမတွေပါ ... တပျော်တပါး ... ။

***
ကျမတို့ ငယ်ငယ်တုန်းက အဘိုးသင်ပေးတဲ့  English for Buddhism နဲ့ ကြီးပြင်းလာခဲ့သလို ခုကလေးတွေကိုလဲ နွေရာသီမှာ English for Buddhism သင်တန်းလေး ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီသင်တန်းကတော့ မနက်ဖြန် (မတ်လ ၉ ရက်) ကစပြီး စနေ တနင်္ဂနွေ ၉ ပတ်တိတိ (မေလ ၁၉ ရက်ထိ) သင်ကြားပေးပါမယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်တုန်းကတော့ ၉ ရက်သာ သင်ခဲ့ရပေမဲ့ အခု နွေပိတ်ရက်မှာ ၁၈ ရက် သင်မှာပါ။ ထုံးစံအတိုင်း ဒီသင်တန်းကို ပညာဒါန သင်ပေးမှာ ဖြစ်ပါတယ်။ ဆရာဦးသန့်စင် (ဘလော့ဂါကိုမင်းထက်) အပါအ၀င် ဘုန်းဘုန်း ၂ ပါးနဲ့ တခြားဆရာများက သင်ပေးကြပါမယ်။

 
ဒါကတော့ သီတင်းကျွတ်ပိတ်ရက်မှာ ဖွင့်ခဲ့တဲ့ English for Buddhism သင်တန်းဆင်း လက်မှတ်ပေးပွဲ နဲ့ ဆုပေးပွဲ အခမ်းအနားပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အင်းလျားလမ်းက စိမ်းလမ်းစိုပြေမှာ ပြုလုပ်ခဲ့ပါတယ်။ 
 
 
သင်တန်းပြီးတဲ့နေ့မှာ သူတို့ကို level အလိုက် test လေးလုပ်ပေးပြီး ပထမ ဒုတိယ တတိယ အသီးသီး ဆုတွေ ပေးခဲ့တယ်။  

 
သင်တန်းဆင်းပွဲနေ့က Buddhism သီချင်းတွေကို ကလေးတွေ သံပြိုင် ညီညာ သီဆိုဖျော်ဖြေခဲ့ကြတယ်။
***
ကျမတို့ရဲ့ English for Buddhism သင်တန်းလေးက အောင်မြင်တယ်လို့ ဆိုရပါမယ်။ ကျောင်းသားတွေ မိဘတွေ အားလုံး ကျေနပ်ကြတဲ့အပြင် ဒီသင်တန်းအကြောင်း နောက်မှသိတဲ့သူတွေလဲ လိုအပ်တာရှိရင် ကူညီပံ့ပိုး ပေးချင်ပါတယ်လို့ ကမ်းလှမ်းလာကြပါတယ်။ MRTV 4 ကလဲ လာရောက်ရိုက်ကူးသွားပြီး For Edu အစီအစဉ်က ထုတ်လွှင့်ပြသပေးတဲ့အတွက် သိတဲ့သူ ပိုများလာပါတယ်။ အဲဒီအတွက်လဲ MRTV 4 ကို ကျေးဇူးတင်ပါတယ်။
 
အခု နွေကျောင်းပိတ်ရက်မှာ ကလေးတွေ ဘ၀တသက်တာအတွက် သင်ယူသင့်တဲ့ သင်ခန်းစာတွေအပြင် သံသရာအတွက် အကျိုးရှိစေမယ့် ဘာသာရေး အသိလေးတွေပါ နှလုံးသားထဲမှာ ကိန်းအောင်း လာစေဖို့ ... ဒီသင်တန်းလေးကို ကြိုးစားပြီး ဖွင့်လှစ်ဖို့ အပင်ပန်းခံပြီး စီစဉ်ကြရတာပါ။ တနင်္လာကနေ သောကြာထိ ဖွင့်နေကျ Summer School အပြင် စနေ တနင်္ဂနွေမှာ English for Buddhism ပါ ဖွင့်မယ်ဆိုတော့ ဒီနွေ သုံးလမှာ ကျမကတော့ နားရက်မရှိ၊ ပိတ်ရက်မရှိ လှုပ်ရှား ရပါအုံးမယ်။
 
ဘယ်လိုပဲ ပင်ပန်းပင်ပန်း ကျမကတော့ ကိုယ်လုပ်နိုင်တဲ့အချိန်မှာ လုပ်သင့်တာရော လုပ်ချင်တာပါ တထပ်တည်းကျအောင်  လုပ်နေနိုင်တဲ့အတွက် နွေနေပူပေမယ့် ပီတိတွေနဲ့ ရင်ထဲမှာ အေးမြလို့ နေပါတော့တယ်။
***
မေဓာဝီ
၈၊ ၀၃၊ ၂၀၁၃
၁၄း၀၀ နာရီ

Read More...

Monday, February 18, 2013

အရောင်မဲ့ ကမ္ဘာ

"The Colourless Earth"

Let me fly by my strength,
Even I have wingless.

To continue my expedition,
By myself sailing;
For peace and tranquil.
I remove my selfishness,
And be folding the arrogance.

I’m searching for the locus,
Where these can be eliminated;
Worry, doubtful, quarrel and jealous.

Despite without colourful;
No red, purple, blue and yellow
But that place will be peaceful.

It is the colourless earth
Where I’m trying to search
And walking to the freedom path.
***
MDW
18/02/13
17:45
"အရောင်မဲ့ ကမ္ဘာ"

တောင်ပံမဲ့သော်ငြား
ရှိသမျှ အင်အားနဲ့
ငါ … ပျံသန်းသွားပါရစေ ... ။

အတ္တတွေကို ခွါချ
မာနတွေကို ခေါက်သိမ်း
ငြိမ်းချမ်းမှု တခုအတွက်
ကိုယ့်ကိုယ်ကိုယ် ရွက်လွှင့်လို့
ခရီးဆက်ခွင့် ရချင်တယ် ... ။

အဘိဇ္ဈာ , ဗျာပါဒ
သံသယနဲ့ ပဋိပက္ခများ
ဖယ်ရှားနိုင်တဲ့ တနေရာ …
ငါလေ ဖွေရှာမိ … ။

အဲဒီနေရာ ...
နီ ပြာ ၀ါ ခရမ်း
အရောင်စုံမလွှမ်းပေမဲ့
ငြိမ်းချမ်းတဲ့ နေရာ
'အရောင်မဲ့ ကမ္ဘာ'လေ
ရှာဖွေရင်း လျှောက်လှမ်း
လွတ်မြောက်ရာလမ်းဆီ … ။
***
မေဓာဝီ
၈၊ ၀၂၊ ၁၃ ~ ၁၈၊ ၀၂၊ ၁၃
၁၁း၀၀ နာရီ (မြန်မာစံတော်ချိန်)
(For 18th Jan' 2013)

Read More...

Wednesday, February 13, 2013

ကျမနဲ့ နေ့များ ...

ကျမ ဘလော့ရေးခါစ … အမှတ်တရနေ့၊ သမိုင်းဝင်နေ့၊ ဘာသာရေး နေ့ထူးနေ့မြတ် … စတာတွေကို အထူးတလည် သတိထားပြီး ရေးဖြစ်ခဲ့တယ်။ အဲဒါကလဲ … ဒီလိုနေ့တွေကို ကိုယ်ကိုယ်တိုင် အမြဲ အမှတ်ရနေဖို့အပြင် … နိုင်ငံရပ်ခြားမှာအနေကြာလို့ မေ့နေတတ်ကြသူတွေ … မြန်မာပြည်တွင်းမှာပဲ နေထိုင်ပါလျက် အမှတ်တမဲ့ ဖြစ်နေတတ်ကြသူတွေ … တမင်မေ့လျော့ ထားကြသူတွေ … လုံးဝ မသိသေးသူတွေအတွက် ရည်ရွယ်ပြီးရေးဖြစ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဘလော့တွေလဲ များလာသလို အဲဒီလို နေ့မျိုးတွေအတွက် အမှတ်တရ ရေးသူတွေလဲ များများလာခဲ့ပါတယ်။ ရေးတဲ့သူ များလာပြန်တော့ ကျမက ရေးဖို့ ငြီးငွေ့သွားပြန်ရော …. ။

နေ့တွေအကြောင်း ဘလော့မှာ ရေးဖို့ ငြီးငွေ့သွားတဲ့ ကျမ … မြန်မာပြည်ပြန်ရောက်လို့ စာသင်တော့ နေ့တွေနဲ့ ပတ်သက်ပြီး ကလေးတွေကို သင်ပေးဖို့ စိတ်ကူးရပါတယ်။ ဆိုကြပါစို့ ... ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် အမျိုးသားနေ့အတွက်ဆိုရင် အဲဒီနေ့ မတိုင်ခင်ကတည်းက အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (အင်္ဂလိပ်လို) စု၊ ပရင့်ထုတ်၊ အမျိုးသားနေ့မှာ မနက်စောစော ရွှေတိဂုံဘုရားသွား၊ အမျိုးသား ကျောက်တိုင်မှာ သပြေပန်းစည်းကလေးနဲ့ ဂါရ၀ပြု၊ ဓာတ်ပုံရိုက် … ကျောက်တိုင်မှာ ရေးထိုးထားတဲ့ စာတွေ ကူးယူခဲ့ပြီး ကျမရဲ့ ကျောင်းသားတွေကို အမျိုးသားနေ့ဆိုတာ ဘာလဲလို့ သိသွားအောင် ဓာတ်ပုံနဲ့တကွ ရှင်းပြ ပြောပြဖြစ်ခဲ့တယ်။

.
အမျိုးသားနေ့က ကျောက်တိုင်ရှေ့မှာ ...
 
ကိုယ့်နိုင်ငံက အမှတ်တရနေ့တွေတွင် မဟုတ်ပါဘူး၊ သူတို့ သိသင့် သိထိုက်မယ် ထင်တဲ့ တခြားနိုင်ငံက နေ့တွေ အကြောင်းလဲ အခါအားလျော်စွာ ကျမက သင်ပေးပါသေးတယ်။ ဥပမာ Thanks giving day, Martin Luther King day … စသဖြင့်ပေါ့။ အဲဒီနေ့တွေနဲ့ ပတ်သက်လို့ ကလေးတွေအတွက် materials က အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာလို့ရတာမို့ သူတို့ကို သင်ဖို့ worksheet လေးတွေ ကျမက ကြိုတင်ပြင်ဆင် ထားလေ့ ရှိတယ်။ တကယ်တမ်း ဒါတွေသင်ဖို့ ကိုယ့်ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မပါပေမဲ့ ကိုယ့်ကလေးတွေ ဗဟုသုတရအောင် သင်ပေးတာပါ။ သူတို့ကလဲ ဒီလို ကြားပေါက်လေးတွေ ထည့်ပြီး သင်ပေးတာ သဘောကျကြတယ်။

ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) မနက်က ကျမစာသင်တော့ ပထမဆုံးအချိန်မှာ level 2 ကို သင်ရတယ်။ level 2 ဆိုတာက သူတို့ရဲ့ English level ကို ပြောတာပါ။ အတန်းအားဖြင့် ဒုတိယတန်းကနေ စတုတ္ထတန်းအထိ (အသက် ၇ နှစ်က ၉ နှစ်အတွင်း) ကလေးတွေ ပါကြပါတယ်။ စာမသင်ခင် သူတို့ကို ကျမက ထုံးစံအတိုင်း နှုတ်ဆက်၊ နေ့စွဲကို ၀ှိုက်ဘုတ်မှာ ချရေးလိုက်ပြီး

“ဒီလ ဘာလလဲ” လို့ မေးလိုက်တော့ အားလုံးက တညီတညာထဲ ဖေဖော်ဝါရီလ … လို့ အော်ကြတယ်။
“ဟုတ်ပြီ ဖေဖော်ဝါရီလမှာ ဘယ်လို အမှတ်တရရက်တွေ ရှိသလဲ … ဘယ်သူသိလဲ …” လို့ ကျမက ထပ်မေးတဲ့အခါ … တတိယတန်းကျောင်းသူ Sally က ...
"ဗာလင်တိုင်းဒေး" ဆိုပြီး ထအော်တယ်။ ကျန်တဲ့သူတွေကလဲ ဗာလင်တိုင်းဒေးလို့ သံယောင်လိုက်ပြီး ပြောကြတယ်။

ကျမက ပြုံးတော့ … စတုတ္ထတန်းကျောင်းသား Jason က "ပြည်ထောင်စုနေ့" ... လို့ သူပြောတာ မှားသွားမှာ စိုးတဲ့ပုံစံနဲ့ ခပ်လေးလေး ပြောတယ်။ သူပြောမှ Emily ကလဲ ...
"ဟုတ်တယ် ပြည်ထောင်စုနေ့ … သမီးတို့ ကျောင်းပိတ်တယ်လို့" ထပြောတယ်။

“ဒါဆို ပြည်ထောင်စုနေ့က ဘယ်နေ့လဲ …” ကျမက ထပ်မေးတော့ ...
“ဖေဖော်ဝါရီလ ၁၂ ရက်” လို့ ပြိုင်တူ ပြောကြပါတယ်။
"နောက်ပြီးတော့ရော …" ကျမရဲ့ မေးခွန်းကို ကလေးတွေက ဇဝေဇ၀ါနဲ့ … စဉ်းစားနေကြတယ်။ ဒါနဲ့ပဲ ကျမက "ဖေဖော်ဝါရီ ၁၃ မှာ …" လို့ အစလေးကို ရွတ်ပြတော့ "ဗိုလ်ချုပ်မွေးနေ့" လို့ ၀ိုင်းအော်ကြပါတယ်။ ကျမက ၀ှိုက်ဘုတ်မှာ 12th Feb, 13th Feb, 14th Feb အစဉ်လိုက် တကြောင်းချင်း ချရေးလိုက်တယ်။ ပြီးမှ ဘေးနားမှာ သူ့နေ့အလိုက် Union Day, Bogyoke’s Birthday, Valentine’s day လို့ ဖြည့်ရေးလိုက်ပါတယ်။

“သမီးတို့သားတို့က ဗာလင်တိုင်းဒေးကိုတော့ သိကြတယ် … ဗိုလ်ချုပ်မွေးနေ့ကိုတော့ မေ့နေကြပါလား …”

Sally က ရှက်ကိုးရှက်ကန်းနဲ့ …

“FM မှာ ဗာလင်တိုင်းဒေးအတွက် လွှင့်နေတာတွေ အမြဲကြားနေတာမို့ပါ တီချယ် …” တဲ့။

နောက်တချိန် level 3 နဲ့ 4 ကို သင်တော့လဲ အဲဒီအတိုင်းပဲ ကျမ မေးခွန်းတွေ ထုတ်ခဲ့တဲ့အခါ …. ဗာလင်တိုင်းဒေးကို လူတိုင်းနီးပါး သိကြပြီး ပြည်ထောင်စုနေ့ကိုတော့ ကျောင်းပိတ်ရက်မို့ တော်တော်များများ သိကြတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်မွေးနေ့ကိုတော့ သူတို့စိတ်ထဲ အမှတ်တမဲ့ ဖြစ်နေကြတာကို ၀မ်းနည်းစရာ တွေ့ခဲ့ရပါတယ်။

အဲဒီနေ့က အောင်ဆန်းဇာနည် ကဗျာလေးကို ကျမနဲ့ သူတို့အားလုံးတူတူ ဆိုကြတယ်။ ဗိုလ်ချုပ်ရဲ့ မွေးနေ့၊ လ၊ ရက်, အဖေနာမည်, အမေနာမည်၊ ကျဆုံးတဲ့နေ့တွေကို သူတို့ကို မေးလိုက် ၀ှိုက်ဘုတ်မှာ ချရေးလိုက်နဲ့ သူတို့သိသမျှ ဗိုလ်ချုပ်အကြောင်းတွေ ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့တယ်။ ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ ဘယ်သူသိလဲ ဘာတွေသိလဲ ဆိုတာ မေးပြီး သူတို့ မသိသေးတဲ့ အချက်အလက်လေးတွေ ဖြည့်စွက် ပြောပြခဲ့တယ်။  ပြည်ထောင်စုနေ့ဆိုတာ ဗိုလ်ချုပ်ရှိလို့ ဖြစ်လာတာ … ပြီးတော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်က ပြည်ထောင်စုနေ့ပဲလို့ … ပြောပြပြီး ကျမ ကြိုတင်ပြင်ဆင်ထားတဲ့ ပြည်ထောင်စုနေ့အကြောင်း (အင်္ဂလိပ်ဘာသာနဲ့) စာရွက်လေး ဝေပေးခဲ့တယ်။

Level 3 နဲ့ 4 ကတော့ အတန်းကြီးတွေမို့ အင်္ဂလိပ်လိုရေးထားတာတွေ အတန်အသင့် နားလည်နိုင်ပါပြီ။ ကျမ တခေါက်ဖတ်ပြ ရှင်းပြနေတုန်း level 4 က ဒေးဗစ်က အိုင်ပတ်လေး တကိုင်ကိုင် လုပ်နေတာ မြင်လို့

“သား … အိုင်ပတ်ကို စာသင်ချိန်မှာ မကိုင်ရဘူးလေ …”

“မဟုတ်ဘူး တီချယ် … သား ဒီစာရွက်လေးကို ဓာတ်ပုံရိုက် ယူသွားချင်လို့ပါ”

“အဲဒီစာရွက်က သားတို့ကို အပိုင်ပေးလိုက်မှာလေ … ပုံရိုက်ဖို့ မလိုပါဘူး”

“စာရွက်ဆို ပျောက်သွားမှာစိုးလို့ … ဒီထဲမှာ ထည့်ထားတော့ သွားလေရာ သယ်သွားလို့ရတယ်လေ တီချယ် ပျောက်လဲ မပျောက်တော့ဘူး … ကိုယ်ဖတ်ချင်တဲ့အချိန်လဲ ထုတ်ဖတ်လို့ရတယ်”

ကျောင်းစည်းကမ်းအရ ဖုန်းတွေ တက်ဘလက်တွေ အိုင်ပတ်တွေ စာသင်ချိန်မှာ ပေးမသုံးပေမဲ့ အဲဒီနေ့ကတော့ ဒေးဗစ် ပုံရိုက်တာကို ကျမ ကျေကျေနပ်နပ် ခွင့်ပြုပေးခဲ့ပါတယ်။

သင်ခန်းစာ တခုသင်တိုင်း သူတို့လေးတွေရဲ့ စိတ်ဝင်စားမှု အခြေအနေကို ကျမ အမြဲအကဲခတ်နေရတယ်။ များသောအားဖြင့် ယောက်ျားလေးတွေက အငြိမ်မနေ သောင်းကျန်းလွန်းလို့ သူတို့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ စိတ်ဝင်တစား နားထောင်အောင် သင်ဖို့ရာ မလွယ်ကူလှဘူး။ ဒါပေမဲ့ အဲဒီနေ့က ကျမပြောပြတဲ့ အကြောင်းအရာတွေကို သူတို့လေးတွေ စိတ်ပါဝင်စားစွာ နားထောင်ကြတာမို့ ကျမလဲ သင်ပေးရတာ အားတွေရှိလို့ပေါ့။

ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် အကြောင်း ပြောပြီးတော့ နောက်ဆုံးမှာ သူတို့သိထားတဲ့ ၁၄ ရက် အကြောင်း ပြောရတယ်။ ဗာလင်တိုင်းဒေး ဘယ်လိုဖြစ်လာသလဲ … ဆိုတာကို အရင်ဆုံး ပုံပြင်ပြောသလို ပြောပြရတယ်။ ဟိုရှေးရှေးတုန်းက ရောမပြည်ကြီးမှာ … လို့ အစချီပြီး ရောမဧကရာဇ် Claudius II ရဲ့ အဓိပ္ပါယ်မရှိတဲ့ အမိန့်၊ ဘုန်းတော်ကြီး ဗာလင်တိုင်းရဲ့ တိတ်တဆိတ် လက်ထပ်ပေးမှု … နောက်ဆုံး အသတ်ခံလိုက်ရတာ အဆုံး … ပုံပြောသလို ပြောပြပြီးမှ ဗာလင်တိုင်းဒေးနဲ့ ပတ်သက်လို့ ကျမ ပရင့်ထုတ်ထားတဲ့ worksheet လေး ဝေပြီး သူတို့ကို ဖတ်ပြ၊ ဖတ်ခိုင်းတယ်။ ဒီတော့မှ ဗာလင်တိုင်းဒေးရဲ့ သမိုင်းကို သူတို့သိသွားပြီး ကျေနပ်သွားကြပါတယ်။

“ရောမက ဘုန်းကြီး အသတ်ခံရတာကို အမှတ်ရ အောက်မေ့တဲ့နေ့ဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ … ကိုယ့်တိုင်းပြည်ရဲ့ အဓိက နေ့တွေကိုတော့ မေ့နေကြပြီး ဟိုးအဝေးကြီးက နေ့ကိုမှ သတိရနေကြတာ မဟုတ်သေးဘူးနော် … ။ မီဒီယာတွေ စီးပွါးရေးသမားတွေက အပြောကောင်း ကြော်ငြာကောင်းတိုင်း လိုက် မယောင်ကြပါနဲ့ … ။ မီဒီယာတွေကလဲ သူတို့မီဒီယာ လူစိတ်ဝင်စားအောင်၊ စီးပွါးရေးသမားတွေကလဲ သူတို့ ကုန်ပစ္စည်း ရောင်းရအောင် … ဒီလို နေ့တွေကို အကြောင်းပြပြီး ပရိုမိုးရှင်း လုပ်ကြရတာ။

တကယ်တော့ … ချစ်သူများနေ့ဆိုတာ နေ့တခုသတ်မှတ်ပြီးမှ ချစ်ပြစရာ မလိုပါဘူး … ကိုယ်က ကိုယ့်ချစ်သူအပေါ် နားလည်မှုရှိရှိနဲ့ ချစ်နေရင် နေ့တိုင်းဟာ ချစ်သူများနေ့ပဲ မဟုတ်လား …”
" ...... "
***
ဒီနေ့မနက်စောစော ဘုရားသောက်တော်ရေနဲ့ ဆွမ်းတော်ကပ်ပြီး ညှိုးနေတဲ့ ဘုရားပန်းတွေ လဲခဲ့တယ်။ ဖေဖော်ဝါရီ လမကုန်သေးပေမဲ့ နွေခေါင်ခေါင်လို ပူနေပြီမို့ ဘုရားပန်းတွေ တင်လိုက်ရင် ခဏလေးနဲ့ ညှိုးပါတယ်။ ဒီနေ့တော့ ကြာကြာခံတဲ့ သပြေပန်းပဲ ၀ယ်ကပ်ဖြစ်တယ်။ သပြေပန်း ၁၀၀၀ ကျပ်ဖိုးဆိုရင် ကပ်ပါလေ့ အများကြီး၊ ဘိလပ်က အိမ်မှာ တယုတယ စိုက်ထားရတဲ့ သပြေညွန့်လေး နည်းနည်းချင်းညှပ် ဘုရားကို တိုရည်ရှားရည် ကပ်ခဲ့ရတဲ့ဘ၀၊ ခုတော့ ကိုယ်ကြိုက်သလောက် အားရပါးရ ကပ်လှူနိုင်ပါပြီ။

သပြေပန်း တထောင်ဖိုးကို ၇ စည်းရတယ်၊ ၅ စည်းကို အိမ်က ဘုရားကပ်ပြီး ၂ စည်းကိုတော့ ကျမ တနေရာကို ယူသွားခဲ့ပါတယ်။ ဒီကနေ့ မနက် ကျမ သိပ်သွားချင်နေတဲ့ နေရာ … ။
… … … … … … … … …
.
… … … … … … … … …
ဗိုလ်ချုပ်ကြေးရုပ်ဆီကိုပါ … ။

ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံဝင်းထဲ ၀င်စရာမလိုဘဲ အပြင်ကနေ လာရောက် ကြည့်ရှုနိုင်အောင် ပြန်ပြုပြင်ထားတာကို ကျမ သဘောကျမိတယ်။ အရင်ကဆို ဗိုလ်ချုပ်က မြက်တောထဲမှာလေ … ။ ခုတော့ သပ်သပ်ရပ်ရပ် ဖြစ်လို့ နေပါပြီ။ ကြေးရုပ်ရှေ့တည့်တည့်မှာလဲ ကားရပ်လို့ရပါတယ်။ ဒီလိုနဲ့ ကျမ … သပြေပန်း ၂စည်းရယ်၊ ကဗျာတပုဒ်ရယ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ပြုခဲ့တယ်။ ပန်းခြံထဲမှာတော့ ပန်းခြံဝန်ထမ်း တချို့နဲ့ ကျန်းမာရေးအတွက် လမ်းလျှောက်သူ ပြေးသူတချို့ကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ ဗိုလ်ချုပ်အနားမှာလဲ ကျမတယောက်ထဲပါပဲ … ။

.
သပြေပန်းစည်း ... ကဗျာတပုဒ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ ...
 
အိမ်အပြန်လမ်းမှာ ကျမကို စောင့်ပေးနေတဲ့ အငှားယာဉ်မောင်းဦးလေးကြီးက နောက်ကြည့်မှန်ကနေ ကျမကို လှမ်းကြည့်ရင်း "ဖေဖော်ဝါရီ ၁၃ မှာ ... ဗိုလ်ချုပ်မွေးနေ့ပါ …" လို့ ဆိုပြတယ်၊ သူလဲ မမေ့ပါဘူး … တဲ့။ ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ... ။

ပြန်ရောက်တော့ ကျမ စာသင်ရတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ဆီ သွားခဲ့တဲ့အကြောင်းနဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အရင်ကတော့ "ကလေးများနေ့" လို့ သတ်မှတ်ခဲ့ဖူးကြောင်း ပြောပြရင်း Burma VJ မှာ တင်ထားတဲ့ ၉၈ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရ စကား ဗီဒီယိုဖိုင်လေး ပြဖြစ်ခဲ့တယ်။
 
နောက် ... အားလပ်ချိန်လေး ခဏတဖြုတ်ရတုန်း facebook ကိုဝင်ပြီး ဗိုလ်ချုပ်ပုံနဲ့ ကဗျာလေးတင်တော့ အဲဒီထဲမှာ ဗိုလ်ချုပ်ပုံတွေ ဗိုလ်ချုပ်နဲ့ ပတ်သက်သမျှတွေ ပလူပျံနေတာကို တွေ့ရတယ်။ ၀မ်းသာစရာပါပဲ ... ။ ဒီလို သမိုင်းဝင်နေ့တွေ နေ့ထူးနေ့မြတ်တွေကို  အင်တာနက် သုံးစွဲတဲ့သူတွေ ကြားမှာ ပျံ့ပွါးသလို အင်တာနက် မသုံးသူတွေကြားမှာလဲ ပျံ့ပွါးဖို့ ကျမတို့ တတ်နိုင်သလောက် အဆင့်ဆင့် လက်ဆင့်ကမ်းကြရပါအုံးမယ်။
***
မေဓာဝီ
၁၃၊ ၀၂၊ ၁၃
၂၂း၃၀ နာရီ (မြန်မာစံတော်ချိန်)

Read More...

Wednesday, February 06, 2013

ဆုံတွေ့ကြတဲ့အခါ ...

ဒီကဗျာလေးကို ရေးခဲ့တုန်းက အိမ်ရဲ့အဝေးမှာ ရောက်နေချိန်ပေါ့ ... ။ မိတ်ဆွေတယောက်ရဲ့ ဘလော့က ကဗျာတပုဒ်ကို အကြောင်းပြုလို့ ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်သူ တယောက်ရဲ့ တမ်းချင်းပဲဆိုဆို ... ငိုချင်းပဲပြောပြော ... ဘ၀အမောတွေကြားမှာ အိမ်ကိုသာ အမြဲ သတိရနေခဲ့တယ်။ အဲဒီအချိန်က "အိမ်ပြန်ချင်တယ်" လို့ ဆိုမိရင် ... မိသားစုကြားမှာ အမှားတွေ ကျူးလွန်ထားမိသူ တယောက်ပမာ သိမ်ငယ်စွာ ခံစားခဲ့ရပါတယ်။ တကယ်လဲ အမှားတွေ ကျူးလွန်ခဲ့မိတယ်လေ ... ။ ဒီလိုနဲ့ အိမ်အပြန်ခက်တဲ့ ရက်တွေမှာ စိတ်ဖြေစရာ ကဗျာတွေ သီဖွဲ့ရင်း လွတ်လပ်ခြင်းကို ကဗျာတွေထဲမှာပဲ ရှာဖွေခဲ့ရတယ် ... ။
 
မနေ့က ကွန်ပျူတာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ရှင်းရင်း ဒီကဗျာလေးကို တွေ့တော့ အဲဒီတုန်းက ခံစားချက်တွေ ပြန်သတိရမိတယ်။ လူတယောက်ထဲပေမယ့် နေရာ, ဌာန, အချိန်, ကာလက ဒီလူရဲ့ စိတ်ဓာတ်ကို အများကြီး ပြောင်းလဲစေတတ်တယ်ဆိုတာ တွေးမိရင်း အိမ်ရဲ့ အဝေးမှာတုန်းက မတင်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ... အိမ်ပြန်ရောက်ချိန်မှာ တင်လိုက်ပါတယ်။ တကယ်တမ်း အိမ်ပြန်ရောက်ချိန်မှာတော့ များပြားလှတဲ့ တာဝန် ၀တ္တရားတွေကြားမှာ မအားလပ်တဲ့အတွက် ကဗျာထဲမှာ ဆိုထားသလို ကာရန်ညီ ကဗျာတွေ မသီဖွဲ့နိုင်သေးပါဘူး။ ဒါပေမဲ့ တချိန်ချိန်တော့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်တာပဲ မဟုတ်လား ... ။
***
ဆုံတွေ့ကြတဲ့အခါ ...
 

ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံ ငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ ... နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကို ဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား ... လို့ ... ။

ဒီရေလှိုင်း အကျမှာ
အိမ်ပြန်ရလေမလား ...
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား ...
စဉ်းစားရင်း မောလျ
သောကညရဲ့ အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက် ပြန်ခဲ့ပါရစေ ... ။

ဆုံတွေ့ကြတဲ့အခါ ...
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့မယ်လေ ... ။ ... ။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၁၁

Read More...