Tuesday, January 26, 2010

ပြီးဆုံးချိန်

ပြီးဆုံးချိန်
***
တရားပွဲတပွဲမှာ
အမျှဝေပြီး သာဓုခေါ်တဲ့ အချိန် …

ဇာတ်ပွဲတပွဲမှာ
ပတ်စာခွါ ဖျာသိမ်းတဲ့ အချိန် …

ဝါကျတကြောင်းမှာ
ပုဒ်မချလိုက်တဲ့ အချိန် …

ဖွင့်ထားတဲ့ ပြတင်းတချပ်
ဖျတ်ခနဲ ပိတ်လိုက်တဲ့ အချိန် …

ပူနွေးတဲ့ မျက်ရည်တွေ
အေးခဲသွားတဲ့ အချိန် …

ဘ၀တခုအတွက်
ရေအိုးခွဲပြီး ကြေးစည်တီးတဲ့ အချိန် …

အရာအားလုံး
... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ... ... ...
ပြီး ဆုံး သွား ခဲ့ ပြီ။
... ... ... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ...
... ... ... ...
... ... ...
... ...
...
..
.

Read More...

Friday, January 22, 2010

အလင်းမဲ့ဘ၀များအတွက် ကဗျာအလှူ

ဟိုးငယ်ငယ်လေးကတည်းက ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးတင်မိုးတို့ ရေးဖွဲ့သီကုံးတဲ့ ကလေးကဗျာလေးတွေကို ပျော်ရွှင်စွာ သီဆိုရင်း ကြီးပြင်းလာခဲ့တာ ခုအသက်အရွယ် ရောက်တဲ့ထိ အဲဒီကဗျာလေးတွေကို စွဲလမ်းနေတုန်း၊ မြတ်နိုး နှစ်သက်နေတုန်း၊ တခုတ်တရ ရွတ်ဆိုမိတုန်း၊ ဘယ်တော့မှ မေ့လည်း မမေ့, ရိုးလည်းမသွား ဟောင်းလည်းမသွားတဲ့ ချစ်စဖွယ် ကလေးကဗျာလေးတွေပါ။ အဖေကလည်း ကျမတို့ငယ်ငယ်က ကလေးကဗျာလေးတွေ ရေးပေးပါတယ်။ အဖေရေးတဲ့ ကဗျာလေးတွေကို အဖေ့မိတ်ဆွေကြီးတယောက်က သံစဉ်လေးတွေ ထည့်ပေးပြီး ကလေးတွေကို သီဆိုစေကာ အဲဒီအချိန်က ရေဒီယိုမှာ လွှင့်ခဲ့တယ်။ နောက်ပြီး အဘိုးရဲ့ မိတ်ဆွေ အိမ်ဘေးက အငြိမ်းစားပညာဝန် ဆရာကြီး ဦးခင်သန်းက ကျမတို့ကို သူ့အိမ်ခေါ်ပြီး အင်္ဂလိပ် ကလေးကဗျာလေးတွေ သင်ပေးတယ်။ အင်္ဂလိပ်ကဗျာလေးတွေကို ဆရာကြီးက မြန်မာမှုပြုထားတဲ့ ကဗျာစာအုပ်လေးတွေလည်း ကျမတို့ ဖတ်ဖို့ လက်ဆောင်ပေးလို့ တကြော်ကြော် အော်ခဲ့ ဆိုခဲ့ကြတာပေါ့။

အဲဒီလို ကလေးကဗျာလေးတွေနဲ့ ကြီးပြင်းလာခဲ့တာမို့ ကလေးကဗျာလေးတွေကို မြတ်နိုးစွဲလမ်းခဲ့ရာက ကိုယ်တိုင် ရေးကြည့်ချင်စိတ် ဖြစ်မိပါတယ်။ ဒါပေမဲ့ လက်က ချရေးဖို့ တွန့်နေတာနဲ့ တော်တော်နဲ့ မရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ကျောင်းပိတ်ထားတုန်းမှာတော့ တပုဒ် စမ်းရေးကြည့်ပြီး လောကအလှ အွန်လိုင်းမဂ္ဂဇင်းရဲ့ ကလေးကဏ္ဍကို ပို့ဖြစ်ခဲ့တယ်။ တပုဒ်ပြီးတပုဒ် ဆက်တိုက်ရေးမယ် စိတ်ကူးနဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာများကို အတုယူပြီး “ညီမထွေးဖို့ ကဗျာများ” လို့ နာမည်ပေးလိုက်တယ်။ စမ်းသပ်ရေးဖွဲ့ကြည့်တာမို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရေးသာရေးရတယ်၊ ကိုယ့်ကဗျာ ကိုယ်လည်း အားမရပါဘူး။ ကလေးတွေနဲ့မှ လိုက်ရဲ့လား၊ ဆိုလွယ် ရွတ်လွယ် နားလည်လွယ်ရဲ့လား ဆိုပြီး ဟိုလူ့မေး ဒီလူ့ပြ … ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ကြိုကြား ကြိုကြား ရေးဖြစ်ခဲ့တာ ခုဆို စုစုပေါင်း (၇) ပုဒ် ရှိသွားပါပြီ။ (လောကအလှရဲ့ ကလေးကဏ္ဍမှာ ဖတ်နိုင်ပါတယ်။)

မကြာသေးခင်ကတော့ ကလေးတွေကို ချစ်တတ်တဲ့ လောကအလှရဲ့ အယ်ဒီတာ ဟနစံက ဖေ့စ်ဘွတ်မှာ ကလေးပုံပြင်လေးတွေ ကဗျာလေးတွေ အသံသွင်းပြီး တင်တော့ သူ့မိတ်ဆွေတယောက်က မျက်မမြင်ကျောင်းက ကလေးတွေအတွက် အဲဒီပုံပြင်တွေ ကဗျာတွေကို လှူဖို့ ကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ဟနက မျက်မမြင်ကျောင်းက ကလေးတွေအတွက် ပုံပြင်တွေ ကဗျာတွေ ရွတ်ပြီး အသံသွင်းတဲ့အခါ ကျမကဗျာလေးတွေလည်း ပါဝင်ခဲ့တယ်။ သူ့ရဲ့ အသံအလှူထဲမှာ ကျမကဗျာလေးတွေ ကုသိုလ်အဖြစ် ပါဝင်ခွင့်ရလို့ အလွန်ပဲ ၀မ်းသာမိပါတယ်။ ဒါကြောင့် သူရွတ်ထားတဲ့ ကဗျာလေးတွေကို ကျမဘလော့မှာ အမှတ်တရ တင်လိုက်ပါတယ်။

ညီမထွေးရဲ့ ဒါနကုသိုလ်

ညီမထွေးနဲ့ ဆေးရောင်စုံ

ညီမထွေးရဲ့ မိုး


ညီမထွေးနဲ့ ငှက်ကလေးများ

ညီမထွေးရဲ့ ည

ဒီကဗျာ ရွတ်သံလေးတွေကို တင်ဖို့ ပြန်နားထောင်နေရင်း ကျမ ပီတိဖြစ်ရသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ပီတိဖြစ်ရတာကတော့ မျက်စိမမြင်တဲ့ ကလေးလေးတွေကို ကိုယ့်ကဗျာလေးတွေနဲ့ ဖျော်ဖြေခွင့်ရတာ ကြောင့်ပါ။ စိတ်မကောင်းဖြစ်ရတာကတော့ လောကကြီးရဲ့ အလှအပနဲ့ သဘာဝကို မြင်ခွင့်မရတဲ့ ကလေးတွေရဲ့ အလင်းမဲ့ ဘ၀လေးတွေကို သနားမိလို့ပါပဲ။

“ကောင်းကင်ကြီးက ပြာပြာ … ပင်လယ်ရေပြာပြာ” … လို့ အစချီပြီး ညီမထွေးနဲ့ ဆေးရောင်စုံ ကဗျာထဲမှာ ကျမရေးခဲ့တယ်။ ဒီကဗျာလေးကို သူတို့နားထောင်ရင်း ကောင်းကင်ပြာကြီးနဲ့ ပင်လယ်ပြာပြာဟာ ဘယ်လိုမျိုးလဲလို့ စဉ်းစားနေမှာလား … နှင်းဆီပန်းနီနီနဲ့ စပယ်ပန်းဖြူဖြူကို တွေးနေမှာလား … မည်းနက်နေတဲ့ ဥသြငှက်နဲ့ ယုန်ဖြူဖြူလေးကို စိတ်ကူးထဲမှာ ပုံဖော်နေကြလေမလား …. ကျမ တွေးရင်း စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲခဲ့မိတယ်။
ကံအကြောင်းမလှခဲ့လို့ ဒီဘ၀မှာ အလင်းမရခဲ့ပေမဲ့ နောက်နောင် ဘ၀တွေမှာ အခုလို အဖြစ်မျိုး မဖြစ်ကြပါစေနဲ့လို့ တိတ်တဆိတ်သာ ဆုတောင်းနေမိရင်း ကျမဘလော့ကို လာရောက်ဖတ်ရှုသူများ ကျမရဲ့ ကုသိုလ်ကို သာဓုခေါ်နိုင်စေဖို့ ဝေမျှလိုက်ပါတယ်ရှင်။
***

မေဓာဝီ

၂၂၊ ဇန်န၀ါရီ၊ ၂၀၁၀

၀၀း၃၄ နာရီ

(ဓာတ်ပုံများကို သုံးစွဲခွင့်ပြုသော ကိုကျော်ကျော်ထွန်းနဲ့ ကိုနေဒွန်းတို့ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။)

Read More...

Sunday, January 17, 2010

လွဲမှားနေသော ဆိုစကားများ

(၁)
သင်ကောင်းမှ ကျွန်ုပ်ကောင်းမှာလား?

ဘယ်သူထွင်ခဲ့တာလဲ မသိ၊ ဘယ်အချိန်က စပြီး ပေါ်လာတာလဲ မသိတဲ့ အဆိုအမိန့် စကားတချို့ဟာ လူတွေ တွင်တွင်ကျယ်ကျယ် သုံးနေကြတော့ ဟုတ်သယောင် မှန်သယောင် ဖြစ်နေပါတယ်။ အဲဒီ ဆိုစကားတွေနဲ့ ပတ်သက်ပြီး အဖေနဲ့ ကျမလည်း ခဏခဏ ဆွေးနွေးခဲ့ကြဖူးတယ်။ လူတွေက သဘောကျတော့ စီးပွါးရေးသမားတွေက နံရံကပ်တဲ့ စာရွက်ကလေးတွေ လုပ်ရောင်းကြတယ်။ တချို့အိမ်တွေ ဆိုင်တွေမှာ အဟုတ်ကြီးလုပ်ပြီး ကပ်ထားကြတာလည်း မြင်ဖူးတယ်။ ဘာတဲ့ …
“သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ” တဲ့။

အဲဒါနဲ့ ခပ်ဆင်ဆင်ပါပဲ အရပ်သုံးစကား “ရောင်းသူ ၀ယ်သူ အသံတူ” ဆိုတာက ရှိသေးတယ်။ သူရိုင်းရင် ကိုယ်ရိုင်းမယ်ပေါ့။ ငယ်ငယ်ကတော့ ကျမလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ပြောခဲ့ဖူးသလို အဲဒီအတိုင်းလည်း ကျင့်သုံးခဲ့ဖူးပါရဲ့။ ခုပြန်တွေးကြည့်တော့ မှားလိုက်တာလို့ နောင်တရမိတယ်။ နောက်ပိုင်းတော့ အဲဒီလို မကျင့်သုံးမိဖို့ ကိုယ့်ကိုယ့်ကိုယ် မကြာခဏ သတိပေးနေမိသလို အဖေကလည်း ကြုံရင်ကြုံသလို အမြဲသတိပေးနေဆဲပါ။

အဖေက အခုလိုပြောခဲ့ဖူးပါတယ်။
“ကိုယ့်အပြုအမူဟာ တဘက်လူ အပေါ်မှာ မူတည်နေမှတော့ ကိုယ်က အသုံးမကျသူ ဖြစ်သွားပြီပေါ့” တဲ့။

“ဘာဖြစ်လို့ ကိုယ်က ကိုယ်ရပ်တည်ချက်နဲ့ ကိုယ်မဟုတ်ဘဲ သူများကို မှီပြီး အရောင်ပြောင်းချင်ရတာလဲ။ လူဆိုတာ အိပ်၊ စား၊ ကာမ၊ သုံးခုပဲ သိတဲ့ တိရစ္ဆာန်မှ မဟုတ်တာ။ တကောင်က မာန်ဖီလို့ နောက်တကောင်က မာန်ဖီတယ်၊ တကောင်က ကိုက်လို့ နောက်တကောင်က ကိုက်တယ် ဆိုတာမျိုးဆိုတာ အသိဉာဏ် သာလွန်တဲ့ လူတွေမှာ မရှိသင့်တဲ့ အပြုအမူ၊ မလုပ်သင့်တဲ့ စရိုက်ပဲ မဟုတ်လား။ ကိုယ့်ပစ္စည်းခိုးခံရလို့ သူ့ပစ္စည်း ပြန်ခိုးစရာမှ မလိုပဲ။ ကိုယ့်ပစ္စည်း ခိုးခံရတာဟာ ကိုယ်သီလမစင်ကြယ်ခဲ့လို့၊ ဒါကြောင့် ဒီဘ၀မှာ သီလစင်ကြယ်အောင် ကြိုးစားစောင့်ထိမ်းရုံပဲ။ ကိုယ့်ဆီက ခိုးတဲ့သူကတော့ သူ့အပြစ် သူခံရမှာပဲ။ ကိုယ်က တုန့်ပြန် အပြစ်ပေးစရာ မလိုဘူး။ ဒီလိုပဲ … ကိုယ့်အပေါ် မကောင်းကြံသူ၊ မကောင်းတဲ့ အပြုအမူနဲ့ ပြုမူ ဆက်ဆံသူဟာ သူ့မကောင်းမှုနဲ့ သူသွားမှာပဲ။ သူမကောင်းလို့ ကိုယ်က လိုက်မကောင်းရင် သူမကောင်းပြုတာကို ကိုယ်က အရင်ခံရသေး၊ ကိုယ်က ပြန်ပြီး သူ့အပေါ် မကောင်းတဲ့ အပြုအမူနဲ့ တုန့်ပြန် ပြုမူလိုက်တဲ့အတွက် ဖြစ်လာမယ့် အကုသိုလ် အကျိုးဆက်ကိုလည်း တခါ ပြန်ခံရဦးမယ် … ဆိုတော့ မိအေးနှစ်ခါနာ ဖြစ်မနေဘူးလား”

ဟုတ်တာပဲ … ။ လူဆိုတာ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ခံယူချက်နဲ့ ကိုယ်သာ ဖြစ်သင့်ပါတယ်။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်လို့ အော်နေပြီး မိမိကိုယ်ကိုက အစပြုလို့ မိမိ ပတ်ဝန်းကျင် မိမိရပ်ရွာ တိုင်းပြည်နဲ့ မိမိနေထိုင်ရာ ကမ္ဘာကြီးကို ကောင်းအောင် ကြိုးစားကြမယ့် မဟာလူသားတွေဟာ တယောက်ယောက် ကိုယ့်အပေါ် မကောင်းလိုက်တာနဲ့ မကောင်းတဲ့ တုန့်ပြန်မှု ပြန်ပေးမယ်ဆိုရင် လူ့လောကကြီးက အငြိုးအတေးများစွာနဲ့ တုန့်ပြန်မှုများစွာနဲ့ ပြည့်နှက်နေပြီး လည်လိုက်မယ့် သံသရာတွေ၊ လည်လိုက်မယ့် ၀ိပါက်ကြမ္မာတွေ … ဘယ်မှာ အဆုံးသတ်ပါတော့မလဲ။

နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ ကုလသမဂ္ဂက ခေါင်းဆောင်ကြီးတွေသာ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ၀ါဒကို လက်ကိုင်ထားကြမယ် ဆိုရင်ဖြင့် ပြဿနာတွေ အခက်အခဲတွေ မဖြေရှင်းနိုင်ဘဲ စစ်ပွဲတွေချည်း တဂျိန်းဂျိန်း ဖြစ်နေကြတော့မှာ။ သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းမယ်လို့ ဆိုတာဟာ သဘောထားကြီးခြင်း၊ နားလည်မှုရှိခြင်းနဲ့ လူကြီးလူကောင်းဆန်ခြင်း (လူပီသခြင်း) လို့ ထင်မိပါတယ်။

တကယ်တော့ မှန်ကန်တဲ့ အဆိုအမိန့်က ရှိပြီးသားပါ။ အမှတ်တမဲ့ ဖြစ်နေတာလား၊ လူတွေ မကြိုက်လို့ သိပ်မသုံးကြတာလား။ အားလုံး သိပြီးသား စကားလေးပါ။ ဒါကြောင့် “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” အစား မှန်ကန် ကောင်းမွန်တဲ့ အောက်ပါ အဆိုအမိန့်လေးကို အစားထိုးလိုက်ကြရင် မကောင်းဘူးလား … ။
“ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့” တဲ့။
***
(၂)
အူမ မတောင့်ရင်???

“အူမ-တောင့်မှ သီလစောင့်မယ်” ဆိုတဲ့ စကားကလည်း နောက်ပိုင်း တွင်တွင်ကျယ်ကျယ် အသုံးများတဲ့ စကားဖြစ်လာတယ်။ တကယ်တော့ သီလပျက်လိုသူတွေရဲ့ ဆင်ခြေစကားလို့ အဖေက ပြောပါတယ်။ “ခိုးချင်လို့ ခိုးရတာ မဟုတ်ပါဘူး စားစရာမရှိလို့ ခိုးရတာပါ” … ဆိုတဲ့စကားကြောင့် ခိုးမှုက အပြစ်မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာလည်း ခိုးခြင်းရဲ့ အပြစ်ကို ခံရမှာဖြစ်သလို နောင်တမလွန် (သို့) အနာဂတ်ကာလမှာလည်း အကုသိုလ် အကျိုးပေးနိုင်ပြန်ပါတယ်။ ကံအကျိုးပေးတွေက ချွင်းချက်ရှိနေမှာ မဟုတ်ပါဘူး။ သူတော့ဖြင့် စားစရာမရှိလို့ သီလပျက်လိုက်ရတာပဲ … လွတ်စေ .. ဆိုတာမျိုး ရှိနေမှာ မဟုတ်တဲ့အတွက် ဒီဆင်ခြေစကားက အလကားပါပဲ။

ဖြစ်သင့်တာက အသက်သေချင်သေပါစေ သီလအပျက်မခံဘူး ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်မျိုးပါ။ တချို့လည်း ပြောကြပါတယ်၊ လျှာပေါ်မြက်ပေါက်ပါစေ မဟုတ်တာတော့ မလုပ်ဘူး… ဆိုတာမျိုး။ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ တချို့ကလည်း ဆင်ခြေတက်ပါသေးတယ်၊ မိသားစုငတ်မှာစိုးလို့ လုပ်ရတာမျိုး၊ ကိုယ်ခံရပြီဆိုရင်ဖြင့် မိသားစုကလည်း ကိုယ့်ကို လာကယ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ့်အကျိုးပေးနဲ့ကိုယ် ခံပေတော့ပဲ။

တကယ်တမ်းက သီလစင်ကြယ်အောင် စောင့်ထိန်းသူဟာ ဘယ်တော့မှ မဆင်းရဲပါဘူးတဲ့။ တကယ်လို့ ကိုယ်က သီလလုံလျက်နဲ့ ယခုလက်ရှိဘ၀မှာ ဆင်းရဲဒုက္ခရောက်နေရင် ဒါဟာ အတိတ်က ကိုယ်သီလပျက်ခဲ့လို့သာ မှတ်ယူပြီး အခုလက်ရှိမှာ မပျက်အောင် ထိန်းထားသင့်ပါတယ်။ ဒါကြောင့် အဖေက ကျမကို ပြောတယ်။ အူမ တောင့်မှ သီလစောင့်မယ် မဟုတ်ဘူး။ "သီလစောင့်ရင် အူမ တောင့်ပါတယ်" … တဲ့။
***
(၃)
ဖြစ်သမျှအကြောင်း ….

လူမဟန်ရင် ကံကို ပုံချတတ်တဲ့ ကျမတို့လူမျိုး အများစုဟာ “ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ” လို့လည်း သဘောထားတတ်ကြသေးတယ်။ ရုတ်တရက်ကြည့်ရင်တော့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရလိုလို တင်းတိမ်ရောင့်ရဲနိုင်လို့ မင်္ဂလာတရားတော်နဲ့ ညီသလိုလို ဘာလိုလိုပေါ့။ တကယ်တမ်းကတော့ ဒါဟာ နှလုံးသွင်းကောင်းမှုလည်း မဟုတ်ဘူး၊ မင်္ဂလာနဲ့ ညီတာလည်း မဟုတ်ဘူး။ ကြိုးစားချင်စိတ်မဲ့တာ … ပျင်းတာ … ရေသာခိုချင်တာလို့ ထင်တာပါပဲ။

ဖြစ်သမျှအကြောင်းထဲမှာ မကောင်းတာတွေလည်း ပါတာပဲ။ မကောင်းတာတွေကို ကောင်းပါတယ်လို့ ဘယ့်နှယ်လုပ် သဘောထားလို့ ရမှာလဲ။ မကောင်းတာတွေ ကြုံရတွေ့ရ ခံစားရတဲ့အခါ တချိန်က ငါမကောင်းခဲ့လို့ပါလားလို့ သဘောပေါက်ပြီး နောင်တချိန်မှာ ဒါမျိုး မကြုံရတော့အောင် ခုလက်ရှိ ကောင်းသည်ထက် ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ခုတလော တရားတွေ တော်တော်များများ နာဖြစ်တော့ ဆရာတော်တပါး ဟောကြားတဲ့ တရားတပုဒ်ထဲမှာ အဲဒီအကြောင်း ပြောသွားတာ နှစ်သက်စွာ နာယူမှတ်သားလိုက်ရပါတယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မဟုတ်ဘူး၊
“ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် လုပ်” … တဲ့။
***
ဒီအဆို အမိန့် ၃ ခုကို ချရေးဖြစ်တော့ ဒီ၃ခုဟာ ဆက်စပ်မှုရှိနေတယ်လို့ ထင်မိပါတယ်။ လက်တွေ့ကျင့်ဖို့ သိပ်မခက်ပေမဲ့ ကျင့်ဖြစ်ဖို့တော့ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ကြိုးစားရမှာပါပဲ။

လူတိုင်းလူတိုင်းသာ … ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ သီလကို လုံအောင် စောင့်ထိန်းပြီး ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် လုပ်ကြမယ်ဆိုရင်ဖြင့် … … … … ။
***
မေဓာဝီ
၁၇၊ ဇန်န၀ါရီ၊ ၂၀၁၀
၁၃း၃၂ နာရီ

Read More...

Wednesday, January 13, 2010

လမ်း၏ ဘေး

အားကိုးရာမှ ဘေးဖြစ်သည် … တဲ့။

မနက် အိပ်ရာနိုးနိုးချင်း သတင်းဖွင့်တော့ ဟေတီမှာ ငလျင်လှုပ်သည့်သတင်းကို ကြည့်ရစဉ် ထိုစကားကို သတိရမိသည်။ အဖေအမြဲ ပြောနေကျ စကားဖြစ်သည်။ ရန်ကုန်မှာ ငလျင်အကြီးအကျယ် လှုပ်တုန်းက အဖေပြောခဲ့ဖူးသည်။ နောက် … ကိုယ် ယုံကြည် အားကိုးသူ တယောက်ယောက်ကြောင့် ဒုက္ခရောက်ရလျှင် ထိုကဲ့သို့ အဖေပြောလေ့ရှိသည်။

ငလျင်သတင်း ကြည့်ရသည်မှာ စိတ်မသက်သာ။ အဆောက်အဦးတွေ ပြိုကျ ပျက်စီး၊ လူတွေ သေကြ၊ ဒဏ်ရာရကြ၊ တကယ့်အနိဋ္ဌာရုံ။ မြဲမြံသည်ဟု မှတ်ထင်ယူဆခဲ့သော ကမ္ဘာမြေကြီး၊ ခိုင်မာသည်ဟု ယုံကြည်ခဲ့သော ဤမြေပြင်၊ လူသားတွေ အားလုံး ရပ်တည်ရာ၊ အားထားရာ ဤပထ၀ီ မြေကြီးသည် မခိုင်မမာ မမြဲမမြံ မတည်မတံ့ဘဲ လှုပ်ရှားတုန်ခါလေသောအခါ မှီတင်းနေထိုင်သူ လူသားအများ ဒုက္ခရောက်ကြရလေသည်။ သတင်းကြည့်ရင်းဖြင့် ကြိုတင် မခန့်မှန်းနိုင်သည့် သဘာဝတရား၏ ဘေးအန္တရာယ် ကိုသော်လည်းကောင်း၊ မည်သည့်အရာမှ မမြဲခြင်း အစိုးမရခြင်း သဘောတရားကိုသော်လည်းကောင်း ထိတ်လန့်စွာ ဆင်ခြင်မိလေ၏။

သို့ဖြင့် နံနက်စာစားပြီး ကျောင်းသွားရန်ပြင်သည်။ ရာသီဥတုက သုညအောက် ၂ ဒီဂရီ စင်တီဂရိတ်။ ဒီလောက်ကတော့ အကြောင်းမဟုတ်ပါ။ နွေးထွေးလုံခြုံအောင် အထပ်ထပ် ၀တ်ဆင်ပြီး ကျောပိုးအိတ်ကို လွယ်ကာ အိမ်မှထွက်သည်။ မိုးနှင့်ရောသော နှင်းစက်များ တဖွဲဖွဲ။ ယခင်နေ့တွေက ထူထပ်စွာကျခဲ့သော နှင်းတွေက ပလက်ဖောင်းပေါ်မှာ လူတကာနင်းသဖြင့် နင်းပြားဖြစ်ပြီး မာကျော အေးခဲ၍နေပြီ။ တလှမ်း နှစ်လှမ်း လျှောက်စဉ် လျှောခနဲ ဖြစ်ဖြစ်သွားသည်မို့ ဘုရားတ-ရင်း လမ်းဘေးတလျှောက် ခြံစည်းရိုးနံရံများကို ကိုင်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ လမ်းထိပ်သို့ရောက်တော့ ကတ္တရာလမ်းမထက်မှာ နှင်းတဖြစ်လဲ ရေခဲ ဖြူဖြူတွေ မရှိ။ ပြောင်နေသည်ဆိုတော့ လမ်းမပေါ်ကပဲ လျှောက်မည် စိတ်ကူးပြီး နှင်းရေခဲများနှင့် လွတ်ရာ လမ်းမထက်ကို ခြေလှမ်းလိုက်စဉ်

ရွှီး …. ဘိုင်း … အင့်

ဆိုပြီး ဖင်ထိုင်လျက် လဲပါလေတော့သည်။ ကြယ်တွေလတွေ မြင်သွားသလား မမြင်သလား ဘာမှမသိတော့၊ တကိုယ်လုံးထူပူစွာဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားသည်။ မရ၊ နောက်တကြိမ် … နောက်တကြိမ် … နောက်တကြိမ်။ ဘယ်လိုမှ ရပ်၍ မရတော့။ ဟင် ... ခြေထောက်တွေက အကောင်းကြီးပါ၊ အနည်းငယ် နာကျင်ရုံကလွဲ၍ ကျိုးပဲ့ခြင်း အလျဉ်းမရှိ။ သို့သော် နှင်းခဲ ရေခဲမရှိဟုထင်၍ လှမ်းလိုက်သော ကတ္တရာလမ်းမက black ice တွေဖြင့် မဲပြောင်နေသည်ကိုး။ ထို့ကြောင့် မတ်တပ်ရပ်မည်ဆိုလျှင် ပြန်လဲလဲသွားကာ ထ၍ မရတော့ပေ။ ခက်ပြီ။ ဘယ့်နှယ့်လုပ်ရပါ့။

လမ်းတဖက်က လူကြီးတယောက်က Are you ok? ဟု အော်မေးသည်။ ဘာမှ ပြန်မပြောနိုင်။ ခေါင်းညိတ်ရင်း မျက်ရည်တွေ ကျနေမိသည်။ “go back to snow” ထိုလူကြီးက အော်ပြောပြန်သည်။ ပလက်ဖောင်းပေါ်ရှိ ခဲနေသော နှင်းတွေဆီ ပြန်သွားခိုင်းတာ။ လမ်းမထက်မှာက မမြင်ရသော ရေခဲပြင်ကိုး။ နှင်းခဲကမှ black ice ထက် တော်သေးသည်တဲ့။ “I can’t move” ဟု ပြန်ပြောမိသော်လည်း အားလုံးက ကိုယ့်ဘာသာကိုယ် အနိုင်နိုင် လျှောက်နေကြရသည့် ဘ၀တွေချည်းမို့ ဘယ်သူ့ဘယ်သူမှ လာမကယ်နိုင်၊ မထူနိုင်။ ကိုင်း … ကိုယ်ထူမှ ကိုယ်ထ … အိုး အီး အား ဆိုပြီး အော်ရင်းပြုရင်း ကိုးရိုး ကားယားနှင့်ပင် အနားမှာ ရပ်ထားသည့် ကားတစီးအနား လေးဘက်ထောက်ရင်း ရောက်သွားသည်။ ကားကိုကိုင်၍ ရပ်တော့ လျှောလျှော လျှောလျှောနှင့်ပင် ရပ်၍ရသွားပြီ။ ဆက်လှမ်းမရသေး။ ကားကလဲ ရေခဲတွေဖုံးနေတော့ ခပ်ချောချော။ ခြေလှမ်းမယ်ကြံလျှင် လျှောခနဲ ဖြစ်ဖြစ်သွားသည်မို့ တလှမ်းပင် မလှမ်းရဲတော့ပြန်။ စိတ်ပျက်လက်ပျက်ဖြင့် ကားကိုမှီကာ ဖုန်းထုတ်၍ သူငယ်ချင်းဆီခေါ်၊ အမဆီခေါ်၊ ဘယ်သူကမှ ဖုန်းမကိုင်။ တက်ခ်စီ ဆားဗစ်ကို ဆက်ပြန်တော့လည်း လိုင်းမအား။ စိတ်ထဲမှာ ရုတ်တရက် ၀င်ရောက်လာသော ၀မ်းနည်းအားငယ်မှုက ပြောမပြတတ်။ တကယ်တမ်း လိုအပ်ချိန်မှာ ဘယ်သူကမှ အနားမှာမရှိပါလား။

ဒီနေ့ ကျောင်းမသွားလို့ မဖြစ်ဘူး။ progress test ရှိတယ်။ ဖြစ်အောင် သွားမည်ဟု စိတ်ကူးပြီး ခြေလှမ်း တလှမ်း နှစ်လှမ်း ထပ်လှမ်းကာ ခြံစည်းရိုးကို အမြန်ကိုင်လိုက်၏။ ခြံစည်းရိုးကိုင်၍ တရွေ့ရွေ့ ဖြည်းဖြည်းချင်း လျှောက်နေရင်း လမ်းဖြတ်ကူးရမည့် နေရာသို့ ရောက်လေပြီ။ လမ်းဖြတ်ကူးလျှင် ခြံစည်းရိုးလည်းမရှိ၊ ကိုင်စရာ တွယ်စရာ ဘာမျှမရှိ။ ခိုမှီတွယ်စရာ ဘာမှ မရှိဘဲ လက်လွတ်ခြေလွတ်တော့ဖြင့် မလျှောက်ရဲပါ။ သည်လိုနှင့် လမ်းထောင့်မှာ ရပ်နေရင်း တက်ခ်စီတစီးတလေ ခေါ်၍ရနိုး ကြိုးစားကြည့်ပါသော်လည်း အချည်းနှီး။ ဘယ်လိုလုပ်ရမလဲ … ။ အချိန်တွေ တရွေ့ရွေ့ ကုန်သွားသည်။ တလှမ်း စမ်းလျှောက်တော့ လျှောခနဲ။ မလျှောက်ရဲတော့ပြန်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိတော့။ လူတကိုယ်လုံးလည်း တုန်ယင်နေပြီ။ စိတ်အားငယ်သဖြင့် မျက်ရည်တွေကလည်း ဆက်တိုက်ကျနေသေးသည်။

နောက်ဆုံးတော့ ကျောင်းချိန်လည်း လွန်သွားပြီ။ မထူးတော့ပြီမို့ စိတ်ကို ဒုံးဒုံးချကာ အိမ်မှာကျန်ခဲ့သည့် အတူနေ သူငယ်ချင်းဆီကို မက်ဆေ့ခ်ျပို့၍ လာခေါ်ခိုင်းရသည်။ သူက ဒီအခြေအနေသိ၍ အစကတည်းက ကျောင်းမသွားဟု ဆုံးဖြတ်ခဲ့သူပင်။ သူလာခေါ်တော့မှ သူ့လက်ကို ဆွဲကာ တရွေ့ရွေ့ အိမ်ပြန်ခဲ့ရလေ၏။ မနက်ရှစ်နာရီကျော်မှာ အိမ်က ထွက်ခဲ့သည်မှာ အိမ်ပြန်ရောက်တော့ ကိုးနာရီခွဲလုပြီ။ တကိုယ်လုံးလည်း နာကျင်နေပြီ။ ခေါင်းတွေလဲ တဒုံးဒုံးနှင့် ကိုက်ခဲနေပြီ။ ကွန်ပျူတာကိုဖွင့် ဆရာတွေဆီ အီးမေးလ်ဖြင့် ဖြစ်ကြောင်းကုန်စင်ပြောကာ ခွင့်တိုင်။ စာကြည့်တိုက်မှ ငှားထားသည့် စာအုပ်ကလည်း ဒီနေ့ ပြန်အပ်ရမှာမို့ စာကြည့်တိုက်မှူးထံ အကျိုးအကြောင်းပြော။ စသဖြင့် ပြုလုပ်ပြီးနောက် သတင်းထပ်ဖွင့်ကြည့်တော့ တပြည်လုံးမှာ နှင်းကြောင့် ဒုက္ခရောက်ကြတာတွေ။ Yorkshire နယ်တ၀ိုက် black ice တွေကြောင့် မတော်တဆ ထိခိုက်မှုတွေ။ ကျောင်းတချို့ပိတ်သည့် သတင်းတွေ။ ရာသီဥတု သတိပေးချက်တွေ။

သြော် ကိုယ်တယောက်ထဲမှ မဟုတ်တာကလား။
***
ထိုလမ်းကို နေ့စဉ်လိုလို လျှောက်ခဲ့ဖူးပါသည်။

တခါတရံ ပြေးပြေးလွှားလွှားပင် သွားနေကျ။ ခြေလှမ်းတိုင်းကို ယုံကြည် ရဲဝံ့စွာ လှမ်းနေကျ။ အခုတော့ ဒီလမ်းကို ခြေချရန်ပင် မ၀ံ့တော့ပြီ။ ဒီလမ်းလျှောက်မှ လိုရာ ရောက်ရမည်ဆိုလျှင် သွားရမည့်ခရီးကိုပင် မသွားလိုတော့ပြီ။ ယုံကြည်အားကိုးစွာ အမြဲတမ်း လျှောက်ခဲ့သော ထိုလမ်းသည် လှမ်းသူကို ဒုက္ခရောက်အောင် ပြုရက်လေပြီ။

အားကိုးရာမှ ဘေးဖြစ်သည်။
ထိုစကားကို ပြန်တွေးမိ၏။
မိမိယုံကြည်စွာ အားကိုးအားထား ပြုနေသည့် အရာတခုခုက မိမိကို ဘေးဖြစ်စေသောအခါ မည်သည့်အရာကို ယုံကြည်အားကိုးရပါတော့မည်နည်း။
***
မေဓာဝီ
၁၃၊ ဇန်န၀ါရီ၊ ၂၀၁၀
၁၄း၄၄ နာရီ

Read More...

Saturday, January 09, 2010

လျှောက်ခဲ့ဖူးသော လမ်းကလေး ...

၂၀၀၁ ခုနှစ်တုန်းက ဂျာနယ်တခုမှာ ရေးခဲ့ဖူးတဲ့ အက်ဆေးလေးပါ။ ဘလော့လုပ်ခါစကလည်း ဒီမှာတင်ခဲ့ဖူးပါတယ်။ ဒီကနေ့ အဲဒီလမ်းကလေးကို စိတ်ကူးထဲမှာ ပြန်ရောက်သွားပြီး အဖန်ဖန် အထပ်ထပ် တယောက်ထဲ ပြန်လျှောက်နေမိတယ်။ အရင်လိုဘ၀ကို ပြန်မရနိုင်မှန်း သိပေမဲ့ တခါတလေတော့ တမ်းတမိတတ်တာပါပဲ။
***
***
လျှောက်ခဲ့ဖူးသော လမ်းကလေး

အရင်က ... ဒီလမ်းကလေး သာယာသည်။
***
လမ်းကလေးက အမည်မရှိ၊ ထည်ဝါခြင်းမရှိ၊ ပကာသနများဖြင့် စွက်ဖက်ထားခြင်းမရှိ၊ ပကတိဖြူစင်ရိုးသားစွာတည်ရှိနေသည့် မြေနီလမ်းကလေး ...။

လမ်းကလေးရဲ့ အ၀င်ဝမှာ ဘုန်းတော်ကြီးကျောင်းကို ညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ် တစ်ခု ထောင်ထားသည်မှအပ ဒီလမ်းကလေးမှာ ဘာမျှ မရှိ။

လမ်းကလေးထဲသို့ ကားဝင်၍မရ၊ လမ်းကလေးသည် လမ်းမကြီးနှစ်ခုကြား ဆက်သွယ်ထားသည့် လူသွားဖြတ်လမ်းကလေးမျှသာ။

လမ်းကလေးသို့ ၀င်ဝင်ချင်းမှာ ကျောက်စရစ်ခင်းထားကာ အနည်းငယ်လျှောက်ပြီး ညာဘက်သို့ ချိုးဆင်းလိုက်သည်နှင့် မြေနီလမ်း စစ်စစ်ကလေး ဖြစ်သွားသည်။ လမ်း၏ ဘေးတစ်ဘက်တစ်ချက်မှာ မြက်ရိုင်းပင်တွေ ထိကရုန်းပင်တွေ တံမြက်စည်းပင်တွေ တောအရိုင်းပန်းပင်တွေ မိုးတွင်းဆို ဒန့်ကျွဲပင်တွေဖြင့် တောထနေတတ်သည်။

ဆက်သွားလျှင် ရေစီးနေသော ချောင်းငယ်လေးကို သစ်သားတံတားလေးက ပေါင်းကူးပေးထားသည်။ ချောင်းငယ်လေးက မိုးတွင်းဆို ရေစီးသန်သလောက် နွေဖက်မှာ ခြေမျက်စိနားလောက်သာ ရေရှိတတ်ပြီး ချောင်းထဲမှာ ကလေးတွေ ငါးဖမ်းကြ ဆော့ကစားကြ။

တံတား၏ တဖက်ထိပ်မှာတော့ ငါးမုန့်လုပ်သည့် အိမ်ရှိနေတာမို့ ငါးညှီနံ့က တသင်းပျံ့ပျံ့၊ နေရောင် အောက်မှာ ဖျာတွေနှင့် လှမ်းထားသော ငါးမုန့်တွေက တဖွေးလှုပ်လှုပ်။

ငါးညှီနံ့သင်းသည့် ဒီနေရာကိုလွန်လျှင်တော့ နှင်းဆီရနံ့ စပယ်ရနံ့တွေကို ရှူရှိုက်ကြရမည်။ လမ်းကလေး၏ ဘယ်ဘက်ဘေးတွင် စပယ်ခင်း၊ စပယ်ခင်း၏ အနောက်ဖက်တွင် နှင်းဆီခင်း ...။ မနက် မနက်ဆိုလျှင် ပန်းခင်းထဲသို့ စပယ်နှင်းဆီ လာဝယ်ကြသူများကို တွေ့ရတတ်သလို ပန်းပျိုးသူကြီးကြီးရဲ့ ပန်းခင်းထဲမှာ သွက်လက်စွာ လှုပ်ရှားပြီး ပန်းပွင့်လေးတွေ ခူးနေပုံက ကကြိုးကကွက် ဆန်းဆန်းတစ်ခုကို ကြည့်ရသည့်နှယ်။

ညာဘက်ခြမ်းမှာတော့ မုန်လာ၊ ဂေါ်ဖီစတဲ့ စားပင် စိုက်ခင်း၊ ပြီးတော့ ၀ါးဘိုးဝါး မောင်းတံဖြင့် ရေခပ်ရသည့် ရေတွင်းငယ်ကလေး။ ညနေဆိုလျှင် ရေတွင်းငယ်လေးမှ ရေငင်ပြီး စိုက်ခင်းပန်းခင်းတွေကို ရေလောင်းနေကြသည့် သူများကို တွေ့ရတတ်သေးသည်။

လမ်းကလေးနံဘေးမှ အိမ်လေးတွေက သစ်သားအိမ် သပ်သပ်ရပ်ရပ်လေးတွေ၊ အုတ်ဖိနပ်နှင့် သံဆန်ခါ ကွက်ကလေးတွေနှင့်၊ ရေနံချေးဝပြီး မည်းနေသော ချစ်စရာ့မြန်မာ့အိမ်လေးတွေ။ အိမ်နဘေးမှာ သရက်၊ ပိန္နဲ၊ မာလကာ စသည့် သီးပင်များက ဝေေ၀ဆာဆာ။

ဒီစိုက်ခင်း ပန်းခင်းနှင့် လူနေအိမ်ခြေတွေကို ကျော်လွန်လျှင်တော့ အ၀င်ဝက လမ်းညွှန်ထားသည့် ဘုန်းတော်ကြီးကျောင်းကို တွေ့ရမည်။ ကျောင်းဘေးမှာက ဘောလုံးကွင်း။ ဘောလုံးကွင်းကို ပတ်၍ ညာဘက် ကုန်းပေါ်သို့ တက်လိုက်လျှင်တော့ မြေနီလမ်းကလေး၏ အဆုံးသတ်ဖြစ်သော တစ်ဖက်ကတ္တရာ လမ်းမထက် ရောက်ရှိမည်ဖြစ်၏။

သံဃာတော်တွေဆွမ်းခံသွား ဆွမ်းခံပြန်၊ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွား ကျောင်းပြန်၊ အလုပ်သမားတွေ အလုပ်သွား အလုပ်ပြန်၊ အိမ်ရှင်မတွေ ဈေးသွားဈေးပြန် စတဲ့ အခါမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ ဈေးရောင်းကြတဲ့ အခါပဲ ဖြစ်ဖြစ် ဒီလမ်းကလေးပေါ်မှ ဖြတ်သန်းသွားကြ ရသည်။ အခြေခံ လူတန်းစားတွေရဲ့ ဖိနပ်မျိုးစုံကြောင့် လမ်းကလေး ကျောကုန်းလည်း အသားမာတက်ခဲ့ရပါပြီ။

မည်သို့ပင်ဖြစ်စေ လမ်းကလေးကား မညည်းမညူဘဲ တာဝန်ကျေစွာထမ်းဆောင်ဆဲ။
***
တစ်နေ့ . . . ။

ဒီတစ်နေ့သည် လမ်းကလေးအတွက်ရော လမ်းကလေးနံဘေးမှာ နေထိုင်သူတွေ အတွက်ရော လမ်းကလေးကို မှီခိုသွားလာနေသူတွေ အတွက်ပါ စိတ်မကောင်းစရာနေ့တစ်နေ့ပင်။

ဒီတစ်နေ့ကြောင့်ပင် လမ်းကလေးရဲ့ ရင်ခွင်မှာ ခိုလှုံသူတွေရဲ့ ဘ၀ပြောင်းလဲသွားရသလို လမ်းသွားလမ်းလာတွေလဲ ဒီလမ်းကလေးကို အသုံးပြုခွင့် မရတော့ဘဲ လမ်းကလေးကလဲ နေ့ချင်းညချင်း ပုံစံ ပြောင်းလဲသွားတော့၏။
***
အခုတော့ လမ်းကလေးသည် မြေနီလမ်းဘ၀မှ ကတ္တရာလမ်း ဖြစ်သွားပြီ။ လမ်းမကြီး နှစ်ခုကို ဆက်သွယ်သော လူသွားဖြတ်လမ်းကလေး မဟုတ်တော့၊ ချောင်းကူး သစ်သားတံတားလေးကလည်း ကွန်ကရစ် တံတားဖြစ်သွားပြီး လမ်းကလေးရဲ့ တဖက်တချက်မှာ မြက်ရိုင်းတွေ တောပန်းပင်တွေမရှိတော့ဘဲ အုတ်ဘောင်လေးဖြင့် အလှစိုက်ထားသော ပန်းကလေးများသာ တွေ့ရတော့၏။ စိုက်ခင်း ပန်းခင်းနှင့် သစ်သားအိမ်လေးများ နေရာမှာတော့ အုတ်တံတိုင်းခတ် သံတိုင်များ အခိုင်အခံ့ကာရံထားသော တိုက်အိမ် လှလှလေးတွေ၊ အထဲမှာ ပန်းခြံနှင့် မြက်ခင်းနှင့်၊ ရေပန်းနှင့် ဒန်းနှင့်။

လမ်းကလေးကား ပြောင်းလဲသွားချေပြီ။

ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသားတွေ လမ်းသူလမ်းသားတွေ အလုပ်သမားတွေ ဈေးသည်တွေ .. သူတို့၏ခြေရာများနှင့် ကင်းဝေးခဲ့ရပြီ။

သစ်လွင်လှပနေသော လမ်းကလေးသည် တခါတရံလမ်းမှားရောက်လာမည့် ခြေသံတဖျပ်ဖျပ်ကိုများ ကြားရလိမ့်နိုးဖြင့် ရင်ခုန်မျှော်လင့်မိသေးသည်။

ဖောက်သူရှိသော်လည်း လျှောက်သူမရှိတာ ကြာလာတဲ့အခါ လမ်းကလေးသည် ဒီဘ၀မှာပင် နေသား ကျသယောင် သူ့ရင်ခွင်မှာသူ တိတ်တဆိတ် လဲလျောင်းလို့နေ၏။
***
အရင်လို ဘ၀ကို ပြန်၍မရတော့မှန်း သူနားလည်မိသည့်နောက် .. .. ။
. . . . . . . . .
. . . . . . . . .
. . . . . . . . .
***
အရင်ကတော့ ...
ဒီလမ်းကလေး
တကယ်ပင်
သာယာခဲ့ပါသည်။
***
(ဒီဇင်ဘာ ၂၆၊ ၂၀၀၁)
မေသတင်းဂျာနယ် အတွဲ ၄၊ အမှတ်၂၀

Read More...

Monday, January 04, 2010

ကျောက်ရုပ် - ကျောက်ဖျက် …

ငယ်ငယ်တုန်းက ကစားကြသော စိန်ပြေးတမ်း ကစားနည်းထဲမှာ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလည်း တမျိုးအပါအ၀င် ဖြစ်သည်။ ထုံးစံအတိုင်း လိုက်သူက တယောက် ပြေးသူက အများ။ ပြေးသူ တယောက်ယောက်အနီး လိုက်သူက ရောက်လာလျှင် ကိုယ့်ကို မိမှာစိုး၍ “ကျောက်ရုပ်”ဟု အော်ပြီး ကျောက်ရုပ်ကြီးပမာ ငြိမ်သက် ရပ်တန့်လိုက်ရသည်။ လှုပ်၍ မရ၊ စကားပြော၍ မရ၊ လှုပ်မိလျှင် ရှုံးသည်။ ကိုယ်က ပြန်လိုက်ရမည်။

ထိုကျောက်ရုပ်ကြီးကိုမှ လွတ်လွတ်လပ်လပ် ပြေးလွှားနေသူ တယောက်ယောက်က “ကျောက်ဖျက်”ဟု အော်ကာ ဖျက်လိုက်ရသည်။ ထိုအခါမှ ကျောက်ရုပ်ကြီးက အသက်ဝင်ကာ ပြန်လည် ပြေးလွှားကစားနိုင်လေသည်။ လိုက်သူ ခွေးရူးက ပြေးသူအားလုံးထက် လျှင်မြန်၍ ပြေးသူအားလုံးကို ကျောက်ရုပ်ဖြစ်အောင် လုပ်နိုင်လျှင် ပထမဆုံး ကျောက်ရုပ်ဖြစ်သည့်သူက ပြန်လိုက်ရသည်။ ဤသို့ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလေးကို ငယ်ငယ်က ကစားခဲ့ကြဖူးပါသည်။
***
တခါတလေတော့ ဘာရယ်မဟုတ် ထိုကစားနည်းလေးကို ပြန်သတိရမိပါသည်။
ကိုယ်ပြောချင်တိုင်း လွတ်လွတ်လပ်လပ် မပြောနိုင်သည့်အခါ …
ကိုယ်ရေးချင်တိုင်း လွတ်လွတ်လပ်လပ် မရေးနိုင်သည့်အခါ …
ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် မသွားလာ မလှုပ်ရှားနိုင်သည့်အခါ …
ကိုယ့်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် မထုတ်ဖော်နိုင်သည့်အခါမျိုးတွေမှာပေါ့။

သွားလာလှုပ်ရှားရင်း အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်လိုက်ရသည့်အခါ … ကိုယ်ကိုယ်တိုင် ကျောက်ရုပ်ဖြစ်သွားသလို ခံစားရသည်။ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း ကိုယ့်လို ကျောက်ရုပ်တွေ တပုံတပင်။ ဘယ်သူက ပြေး၍ ဘယ်သူက လိုက်နေသလဲတော့ မသိ။ သေချာသည်ကတော့ အများစုသည် ကျောက်ရုပ်များသဖွယ် ငြိမ်သက်စွာ ရပ်တန့်နေကြလေ၏။ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းထဲကလို အန္တရာယ်က လက်တကမ်းမှာမို့များ ငြိမ်သက် နေကြလေသလား။

ဤသို့ဆိုလျှင် ထိုသို့ ငြိမ်သက် ရပ်တန့်နေသော ကျောက်ရုပ်များက မည်သည့်အချိန်မှ အသက်ပြန်ဝင်မှာလဲဟု တွေးမိပြန်သည်။ ဒီအတိုင်းကြီးတော့ ရေရှည် ငြိမ်သက် မနေချင်၊ နေလည်း မနေနိုင်။ မနေချင် မနေနိုင်လင့်ကစား ကိုယ်တိုင်ကား မည်သို့မျှ မတတ်နိုင်။ ငယ်ငယ်တုန်းက ကစားစဉ်ကတော့ ကိုယ် ကျောက်ရုပ်အဖြစ်သို့ ရောက်နေစဉ်မှာ လာရောက်ဖျက်မည့် ကျောက်ဖျက်သူကို မျှော်မိသည်။ ကျောက်ဖျက်သူ ကိုယ့်အနား မြန်မြန် ရောက်စေချင်လှသည်။ ငြိမ်မနေချင် ရပ်မနေချင်၊ အများသူငါကဲ့သို့ လွတ်လပ်စွာ ပြေးလွှားလိုလှသည်။

တကယ့်လက်တွေ့ဘ၀မှာလည်း ထိုနည်းတူစွာပင်၊ ကိုယ်ကိုယ်တိုင် ငြိမ်သက် ရပ်တန့်မနေချင်သလို တခြားသူများကိုလည်း ကျောက်ရုပ်တွေကဲ့သို့ ဖြစ်မနေစေချင်။ ထို့ကြောင့်လည်း သူလို ကိုယ်လို တုဏှိဘာဝေ နေကြသူ အများကို အသက်သွင်းပေးမည့် ခွန်အားရှိသော လက်တစုံကို မျှော်လင့်နေမိပြန်၏။ မည်သူကများ မည်သည့်အချိန်မှာ ကျောက်ရုပ်တွေကို အသက်သွင်းပေးမှာလဲဟု မရေမရာ မျှော်လင့်နေရင်းပင် အချိန်တွေလည်း ကုန်လှပြီ၊ အသက်တွေလည်း ကြီးလှပြီ။ သို့တိုင်ငြား ကျောက်ရုပ်တွေ များသည်ထက် များပြားလာသည်ကလွဲ၍ ဖျက်ပေးမည့်သူကား ယခုအချိန်ထိ ဟုတ်ဟုတ်ငြားငြား ပေါ်မလာသေး။

တကယ်တမ်း လိုက်သူ ခွေးရူးက တယောက်ထဲပင်။ ပြေးသူတွေက အများသား။ သို့ပေသည့် ပြေးသူတွေက ထုံအအနှင့် မလျင်မြန် မပါးနပ်ဘူးဆိုလျှင် ခွေးရူးက အားကောင်းလာပြီး ပြေးသူ အားလုံး ကျောက်ရုပ်ဖြစ်သွားကြမှာ မဟုတ်လား။ လောလောဆယ် အချိန်မှာတော့ ခွေးရူးက အားကောင်းစ ပြုနေသလိုပင်။ စဉ်းစားစရာ ရှိပြန်တာက … ပြေးသူတွေသည် အားစိုက်မပြေးချင်လို့ ရေသာခိုချင်လို့ ကျောက်ရုပ်ဖြစ်သွားကြသည်လား၊ ဒါမှမဟုတ် … ပြေးရင်း တကယ်ပင် အမောဖောက်လာ၍ မပြေးနိုင်တော့လို့ ရပ်လိုက်ရသည်လား၊ ဒါမှမဟုတ် ခွေးရူး အနားရောက်လာ၍ မလွှဲမရှောင်သာ ရပ်လိုက်ရသည်လား … ။ သူ့အကြောင်းနှင့်သူတော့ ရှိကြမည်ချည်းသာ။

မည်သို့ပင်ဖြစ်စေ … အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် များပြားလှစွာသော ကျောက်ရုပ်ကြီးတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေး အသက်သွင်းပေးမည့် ကယ်တင်ရှင် တစုံတယောက်တော့ဖြင့် ပေါ်လာလိမ့်လေနိုး မျှော်ကိုးနေမိပါတော့သည်။
***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၁၀
၀၇း၀၃ နာရီ

ရေးခဲ့ဖူးသော ကစားနည်းများ
(၁) ကုန်းလား ရေလား
(၂) ကိုယ်ကြိုက်တာ ကိုယ်လုပ်
(၃) လည်ပတ်နေသော ဘ၀များစွာ
(၄) ညောင်ပင်တစ္ဆေ

Read More...

Friday, January 01, 2010

အစ

ဆုံးခဲ့သည်၏ နောက်
အစရောက်ပြန်ပြီ၊
အစကောင်းပါမှ
အနှောင်းက သေချာမည်။

နှစ်အသစ်ရဲ့ အစချီ
ညီစေပေါ့ မင်္ဂလာတရား၊
သဗ္ဗေသတ္တာတို့
အ-ဝေရာ ဘေးရန်ကင်းစေကြောင်း
တောင်းဆုချွေသား … ။
***
မေဓာဝီ
၀၁၊ ၀၁၊ ၁၀
၀၀း၀၁ နာရီ

ကြည်ကြည်ဌေးရဲ့ ၃၈ ဖြာ မင်္ဂလာ သီချင်းလေးနားထောင် သွားကြပါဦး။
၂၀၁၀ နှစ်အသစ်မှ စပြီး နေ့ရက်တိုင်း မင်္ဂလာရှိကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

Read More...