Sunday, October 31, 2010

သရဲများနဲ့ ကျမ (၂)

မှတ်မှတ်ရရ ၁၉၉၀ ကျော်ကာလ သြဂုတ်လရဲ့ နေ့လည်ခင်း တခုမှာပေါ့။
ကျမ ကျောင်းက ပြန်လာပြီး အိမ်ထဲဝင်တော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်သလို ခံစားရတယ်။ အ၀တ်လဲဖို့ ကိုယ့်အခန်းကို အသွား တီဗီကြည့်တဲ့ ဟောခန်းကို ဖြတ်တော့ တီဗီရှေ့က သစ်သားကွပ်ပျစ်ကလေးပေါ်မှာ မတင်ဌေး ဆိုတဲ့ အိမ်အကူကောင်မလေး နေမကောင်းလို့ လှဲနေတာ တွေ့တယ်။ သူ့ဘေးနားမှာတော့ ဗေဒင်ဆရာမ ယောင်ယောင် ဘာယောင်ယောင် မဟာဘုတ်တောင် မထူတတ်တဲ့ အမျိုးသမီးတယောက် ရှိနေတယ်။ နာမည်က မဝေတဲ့။ သူက ဘာရယ်မဟုတ်ဘူး အိမ်ကိုလာလာပြီး လူကြီးတွေနဲ့ စကားစမြည်ပြော ထမင်းစား ကော်ဖီသောက် လမ်းစရိတ်တောင်းပြီး ပြန်နေကျ။

မဝေက မတင်ဌေးကို ပြုစုနေတာလား ဘာလား မသိပါဘူး။ ခေါင်းကို ယပ်ခတ်လိုက် ခြေထောက်ကို နှိပ်လိုက် ရှူဆေးတွေ သွေးဆေးတွေ ရှူခိုင်းလိုက်နဲ့ ပြာယာခတ်နေတာပဲ။ မတင်ဌေးက တော်ရုံ နေမကောင်းဖြစ်ခဲတော့ ကျမလဲ နည်းနည်းအံ့သြတာနဲ့ အ၀တ်အစားလဲပြီး သူတို့အနား သွားထိုင်ကြည့်ဖြစ်တယ်။ မတင်ဌေးက မျက်စိမှိတ်ထားပြီး တအင်းအင်း ညည်းနေတယ်။ သွားကြီးစေ့ အံကြိတ်ပြီး ခေါင်းတွေလဲ ခါခါယမ်းယမ်းနဲ့။ ကိုယ်ခန္ဓာကလည်း မငြိမ်ဘူး ရုန်းကန် လှုပ်ရှားနေတယ်။ မဝေကလဲ ခြေမချိုးလိုက် ပေါင်တွင်းကြောကို တက်နင်းလိုက် လုပ်နေတယ်။ ကြည့်နေရင်းနဲ့ မတင်ဌေးခြေသလုံးမှာ အညိုအမည်းတွေ ထင်လာသလိုပဲ။ ဒါနဲ့ မဝေပဲ တအားနင်းလို့ များလားလို့ မဝေကို ရပ်ခိုင်းလိုက်တယ်။ လှုပ်ရှားရုန်းကန်နေတဲ့ မတင်ဌေးက တချက်တချက် ငြိမ်သွားပေမဲ့ တချက်တချက်တော့ မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အသံကလဲ ခပ်အစ်အစ်နဲ့ လည်ပင်းမှာ တခုခုဆို့နေသလိုပဲ။

အမေရောက်လာတော့ မတင်ဌေးကို ဆေးခန်းပို့ပေးဖို့ စီစဉ်တယ်။ ဆေးခန်းနဲ့ အိမ်နဲ့က ၂ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပေမဲ့ သူ့ကြည့်ရတာ အားအင်ကုန်ခမ်း ချိနဲ့နေသလိုမို့ ဆိုက်ကားခေါ်ထားတယ်။ ခြံထဲမ၀င်ဘဲ ခြံပြင်မှာပဲ စောင့်နေတဲ့ ဆိုက်ကားဆီ မတင်ဌေးကို အိမ်ထဲကနေ လူနှစ်ယောက်လောက်တွဲပြီး ပို့ရတယ်။ ဆိုက်ကားဆီလဲ ရောက်ရော သူက မစီးဘူးတဲ့။ ကျမ လမ်းလျှောက်နိုင်တယ်ဆိုပြီး လျှောက်သွားပါလေရော။ ဆေးခန်းမှာထိုင်စောင့်တော့လဲ အကောင်းပဲ၊ အလှည့်ကျတော့ ဆရာဝန်မလေးက သွေးပေါင်ချိန်တာတို့ ဘာတို့လုပ် ဟိုစမ်း ဒီစမ်း စမ်းပြီး … ဘာမှမဖြစ်ပါဘူး၊ ကောင်းသားပဲ လို့ပြောပြီး ခေါင်းမူးနေတယ်ဆိုတာနဲ့ စိတ်ကျေနပ်အောင် အားဆေးတလုံး ထိုးပေးလိုက်တယ်။ ဆရာဝန်မလေးက အမေ့ကိုတော့ ခပ်တိုးတိုးကပ်ပြောလိုက်သေးတယ်။ ဒီကောင်မလေး အလုပ်မလုပ်ချင်လို့ မူယာမာယာ များနေတာ နေမှာပါ … ဆိုပဲ။

နောက်တော့ အိမ်ပြန်ရောက်လာရော … အိမ်ထဲရောက်တာနဲ့ သူက ချိနဲ့သလို ပြန်ပြီး ခွေကျသွားပြန်တယ်။ ဟဲ့ ဟဲ့ ဖြစ်ပြန်ပြီဆိုပြီး ဆေးခန်းထပ်ပို့ပြန်တယ်။ ဟိုရောက်ရင် အကောင်း … အိမ်ထဲရောက်ရင် လူမမာ … ဆိုတော့ စိတ်ထဲ သိပ်မသင်္ကာကြတော့ဘူး။ ခုနက မဝေကလဲ ပြောသွားသေးတယ် … ဒါ သွေးရိုးသားရိုး မဟုတ်ဘူး … အမှောင့်ပယောဂ … တဲ့။ မဝေကို သိပ်မယုံကြပေမဲ့ ဟုတ်လေမလားလို့ ဇဝေါဇ၀ါ ဖြစ်ကုန်ကြပါတယ်။ ဒါနဲ့ သူတချက်တချက် မညည်းမညူဘဲ စိတ်ကောင်းဝင်နေတုန်းမှာ နင် ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ … တခုခုမှားခဲ့သလား … လို့ မေးတော့ … သူက ပြောပြတယ်။

နေ့လည်က ခြံနောက်ဘက်မှာ ဘူးစင်ထိုးဖို့ ခြံရှင်းသတဲ့။ အရင်တုန်းကတော့ ခြံကို ၀ါးရုံပင်တွေနဲ့ စည်းရိုးခတ်ထားတာပဲ။ ၈၈ အရေးအခင်း မတိုင်ခင်လေးမှာ အဘိုးရဲ့ အမိန့်အရ ၀ါးခြံစည်းရိုးကို ဖယ်ပြီး တခြံလုံးကို အုတ်တံတိုင်း ကာလိုက်တယ်။ ဒါပေမဲ့ တချို့ဝါးပင်တွေက အုတ်တံတိုင်း အတွင်းဘက်မှာ ကျန်နေခဲ့တယ်။ အဲဒီဝါးပင်တွေက အုံလိုက်ကလေး လေးငါး ဆယ်ပင် တစုတဝေး ပေါက်နေတော့ အောက်ခြေက တောင်ပို့ကလေးလို ဖြစ်နေတာပေါ့။ ခြံရှင်းနေတုန်း ၀ါးရုံ တောင်ပို့နားက မြွေတကောင် ထွက်လာလို့ သူက လက်ထဲက ပေါက်တူးနဲ့ လှမ်းရိုက်လိုက်သတဲ့။ ဒါပေမဲ့ မြွေက ဘယ်ရောက်သွားမှန်း မသိဘဲ လိပ်ပြာလေးတကောင်ပဲ တွေ့ရတော့တယ် တဲ့။ သူကလဲ စိတ်ကြီးတယ်၊ မြွေကို မတွေ့တော့ တွေ့တဲ့လိပ်ပြာကိုပဲ မဲပြီး စိတ်တိုတိုနဲ့ လှမ်းအရိုက်မှာ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ချော်လဲကျသွားတယ်တဲ့။ အဲဒီနောက်မှာတော့ ခုလို ဖြစ်သွားတော့တာပဲ။

သူ့စကားကြားတော့ အားလုံး သဘောပေါက်သွားတယ်။ ဒါဆိုရင် တခုခု ပူးနေတာ သေချာပြီပေါ့။ သူဖြစ်ပုံကလဲ တမျိုးပဲ။ တချက်တချက်ကောင်းနေတယ်၊ တချက်တချက်တော့ နာလွန်းလို့ အော်ဟစ် ညည်းညူနေရရှာတယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ … ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ တဖြည်းဖြည်းနဲ့ ညနေ စောင်းပြီး အပုပ်ချိန်ရောက်လာပြီ၊ အိမ်သားတွေလဲ လန့်နေကြပြီ ဆိုတော့ ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ရင် ကောင်းမယ်ဆိုပြီး အိမ်နားက ဘုန်းကြီးကျောင်းက ရင်းနှီးတဲ့ ဘုန်းကြီးတပါးကို အကျိုးအကြောင်းပြောပြီး သွားပင့်ကြတယ်။ ဘုန်းကြီးက ပထမတော့ အင်တင်တင်ရယ်၊ ဒါမျိုးက အာပတ်သင့်သလားတော့ မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ဒကာ ဒကာမတွေရဲ့ အရေးဆိုတော့ ဘုန်းကြီးလဲ မနေသာဘဲ ကြွလာပေးပါတယ်။

ဘုန်းကြီးက အခြေအနေကို အကဲခတ်ပြီး နားလည်သွားပုံရပါတယ်၊ ပါလာတဲ့ ဆေးပြင်းလိပ်ကြီး မီးညှိဖွာပြီး အင်းပြားပေါ်တင်ပြီး သူ့ကိုကပ်ပေးတယ်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတာပဲ။ ဘုန်းကြီးလဲ တော်တော်ကြာကြာ ဖွာလိုက် ကပ်လိုက် လုပ်ပေးပြီး မောသွားတယ်။ အင်း … သိပ်တော့မလွယ်ဘူး … နည်းနည်းကြီးတယ်လို့ မသိမသာ မိန့်တယ်။ နောက်တော့ မေတ္တာပို့ ပရိတ်တွေဘာတွေ ရွတ်ပေးပြီး ပြန်ကြွသွားတယ်။

ဘုန်းကြီးလုပ်ပေးပေမဲ့ သိပ်တော့မထူးခြားဘူး။ ပြန်သွားတော့လဲ အရင်အတိုင်းပဲ။ မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်၊ တအင်းအင်း ညည်းလိုက်နဲ့။ ကြည့်ရင်းကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ အညိုအမည်းတွေ ပိုများများလာတယ်။ လည်ပင်းမှာပါ အညိုအမည်းတွေ ဖြစ်ပြီး အသံက သိပ်မထွက်တော့ဘူး။ နာတယ် နာတယ်လို့ အော်သံရယ် … တင်းပုတ်နဲ့ ၀ိုင်းရိုက်နေကြတယ် …. ဆိုပြီး မပီမသ ပြောသံရယ်တော့ ကြားလိုက်ရသေးတယ်။

ဒါနဲ့ပဲ မဖြစ်ချေဘူး၊ နောက်ထပ် ဘုန်းကြီးတပါးကို ပင့်အုံးမှ ဆိုပြီး ခြောက်ထပ်ကြီးက ရှမ်းဘုန်းဘုန်း (ယခု ပျံလွန်တော်မူပြီး) ကို ပင့်ပြန်ပါတယ်။ ရှမ်းဘုန်းဘုန်းက နားသိပ်မကြားဘူး။ အင်းတွေဘာတွေ လုပ်တယ်။ မမြင်ရတဲ့လောကနဲ့ စကားတွေဘာတွေ ပြောပြီး အဆက်အသွယ်လဲ ရှိတယ်လို့ ကြားဖူးတယ်။ ရှမ်းဘုန်းဘုန်းရောက်လာပြီး ဓားပုံစံ ကျွဲချိုကလေးနဲ့ ခပ်ဆတ်ဆတ် ခုတ်ရင်း ပါးစပ်ကလဲ တခုခုရွတ်ပေးနေတယ်။ ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်း ခြေထောက်ကနေ ထွက်သွားသလိုပဲ … နည်းနည်းငြိမ်သလို ရှိသွားတော့ ဘုန်းဘုန်းလဲ ပရိတ်ကြိုးလေး လည်ပင်းမှာချည်ပေးပြီး ပြန်ကြွသွားပါတယ်။

ကျမလဲ တခါမှ ဒါမျိုးမကြုံဖူးတော့ အရမ်းအံ့သြပြီး သူ့အနားက မခွါဘဲ ဖြစ်ပျက်သမျှတွေ တချိန်လုံး စောင့်ကြည့်နေခဲ့တယ်။ (မှတ်မှတ်ရရ အဲဒီအချိန်က စာမေးပွဲနီးနေပြီ၊ ဒါပေမဲ့ စာမဖတ်ဘဲနဲ့ စပ်စုနေခဲ့တာ။) ရှမ်းဘုန်းဘုန်း ပရိတ်ကြိုးချည်ပေးလို့ နည်းနည်းငြိမ်သွားတော့ အိမ်သားတွေလဲ အသီးသီး ကိုယ့်အခန်းကိုယ် ၀င်သွားကြပြီ၊ ကျမကတော့ သူလှဲနေတဲ့ ကွပ်ပျစ်ကလေးမှာ ၀င်ထိုင်ပြီး သူ့ခေါင်းရင်းကနေ ကမ္မ၀ါ၊ ပရိတ်ကြီး ၁၁-သုတ်၊ ပဋ္ဌာန်း ရှိသမျှ ဘုရားစာတွေ အခေါက်ခေါက် ထိုင်ရွတ်ပေးနေခဲ့တယ်။ အထူးသဖြင့် ကမ္မ၀ါကို များများရွတ်ပါတယ်။ ကမ္မ၀ါရွတ်ရင် မကောင်းဆိုးဝါးတွေ မလာဘူး၊ ပြေးတယ်လို့ သိထားတာကိုး။

ကျမ ကမ္မ၀ါရွတ်ပြီဟေ့ဆိုရင် သူက မျက်လုံးဖွင့်ကြည့်ပြီး လည်ချောင်းအစ်သံကြီးနဲ့ မရွတ်နဲ့ … နားညည်းတယ် … လို့ပြောတယ်။ ဘယ်ရမလဲ ကျမလဲ ဆက်ရွတ်တာပါပဲ၊ ပိုတောင် အသံပြင်းပြင်းနဲ့ ဆောင့်ဆောင့်ရွတ်လိုက်သေးတယ်။ နောက်တော့ သူက တဆင့်တက်လာပြီး ကျမကို ခိုင်းတယ်။ လည်ပင်းက ပရိတ်ကြိုးဖြုတ်ပေးပါ … တဲ့။ ဒီလောက်တော့ ကျမက လည်ပါတယ်၊ ဘယ်ဖြုတ်ပေးလိမ့်မလဲ။ ဒါပေမဲ့ သူကလဲ ပိုတော့အလည်သား … ကျမကို လာညှိတယ်၊ ပရိတ်ကြိုးဖြုတ်ပေးရင် ထွက်မယ်ဆိုပဲ။ တကယ်လား ဆိုတော့ … အင်း …. တဲ့။ ကျမလဲ ဖြုတ်ပေးရ ကောင်းနိုးနိုး စဉ်းစားနေမိသေးတယ်။ ဖြုတ်တော့ မဖြုတ်ဖြစ်လိုက်ဘူး။

ခဏနေတော့ ဒင်းက ကြမ်းလာပြန်တယ်။ အနားမှာထောင်ထားတဲ့ သင်ဖြူးဖျာလိပ်ကို ပြေးပြီးကန်တယ်။ အပွေးကုန်နေတဲ့ သနပ်ခါးတုံး၀၀ကြီးကို ပစ်ပေါက်တယ်။ အဲဒီဖျာလိပ်မှာ ကပ်နေကြတာ …. လို့လဲ လက်ညှိုးကြီးထိုးပြီး ပြောတယ်။ ကျမတို့မှာ ဖျာလိပ်ကြီး အိမ်နောက်ဖေးပို့ထားရတယ်။ ကြောက်လို့။ အကောင်တွေ အများကြီး ပြောင်ပြနေကြတယ်လို့လဲ ဆိုတယ်။ သွားသွား ဆိုပြီး အော်ပြီး ပြေးကန်လိုက် ဟိုဟာနဲ့ပေါက် ဒီဟာနဲ့ပေါက် လုပ်လိုက်မို့ ကျမတို့မှာ တီဗီထိမှာစိုးလို့ လိုက်ဆွဲနေရသေးတယ်။ အဲလိုတွေ ဖြစ်ပြန်တော့ မထွက်သေးဘူးဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလိုသာဆို ဘာမှန်းမသိတဲ့ အကောင်တွေနဲ့ တညလုံး တအိမ်ထဲ အတူနေရမလို ဖြစ်နေတာနဲ့ နောက်ထပ်ဘုန်းကြီးတပါး ထပ်ပင့်ကြရပြန်တယ်။ အဲဒီဘုန်းကြီးကတော့ ကျမကို ပုံပြောပြလေ့ရှိတဲ့ ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းက ဆရာတော်ပါ။ (သံဃာအရေးအခင်းမှာ အဖမ်းခံရပြီး နောက်ပိုင်း သိပ်မကြာခင်မှာ ပျံလွန်တော်မူသွားပါပြီ။) ဆရာတော်ကို သွားပင့်တော့ ကိုယ်တိုင် လိုက်မလာပါဘူး။ ကျမအမကြီးကို တပည့်အဖြစ် လက်ဝါးချင်းရိုက် သတ်မှတ်ပြီး ရုပ်ပုံထွင်းထားတဲ့ ခပ်ညိုညို အတုံးလေးတခု ပေးလိုက်တယ်။ အဲဒါလေးနဲ့ခေါက်ပြီး ဘယ်လိုဘယ်လိုပြော ဆိုပြီး သင်ပေးလိုက်ပါတယ်။

ညကလဲ တဖြည်းဖြည်း နက်လာပြီ။ အမကြီးလဲ ဆရာတော်သင်ပေးသလို ကြိုးစားလုပ်တာပါပဲ။ ဒါပေမဲ့ ဘာမှမထူးခြားဘူး။ မတတ်သာတဲ့အဆုံး ဆရာတော်ကို ပြန်သွားလျှောက်ပြီး ကိုယ်တိုင်လိုက်ခဲ့ဖို့ တောင်းပန်ကြပါတယ်။ နောက်ဆုံးတော့ ဆရာတော်လည်း အိမ်သားတွေကို သနားတာနဲ့ လိုက်လာခဲ့တယ်။

ဆရာတော် အိမ်ရောက်လာတော့ မတင်ဌေးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေ လုပ်ကြပါတယ်။ မတင်ဌေးရဲ့ အသံက ပျက်သလောက် ဖြစ်နေပြီ၊ သေချာမဖြေနိုင်တော့ဘူး။ များသောအားဖြင့် လက်ဟန်ခြေဟန်နဲ့သာ ဖြေတယ်။ စကားပြောဖြေတဲ့အခါ ကျမက သူ့ပါးစပ်နားကို ကပ်နားထောင်ပြီး ဆရာတော်ကို ပြန်ပြောပြရတယ်။ ကြားထဲက translator ဆိုပါတော့။ ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေလုပ်တဲ့အတိုင်း ပြန်ရေးပြပါမယ်။

“မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲ”
“… … …” (မြွေပါးပြင်းထောင်သလို လက်ကိုလုပ်ပြီး နဖူးမှာအမောက်လို ကပ်ပြတယ်။)
“မင်းတို့ ဘာဖြစ်လို့ ဒီကလေးမလေးကို နှောက်ယှက်ရတာတုန်း”
“ငါတို့ ခေါင်းဆောင်ကို xxx ” (နောက်ကစကားကို သေချာမကြားရဘူး။)
“ဘာလုပ်လို့လဲ”
“သူလုပ်တာ xxx” (ခေါင်းကို လက်နဲ့ကိုင်ပြတယ်။)
“ဟ … ဒါ မတော်တဆ ဖြစ်တာပဲ … ခွင့်လွှတ်ရမှာပေါ့”
“မကျေနပ်ဘူးးးး”
(မျက်ထောင့်ကြီး နီလာပြီး ပြောတယ်။ နှာခေါင်းကလဲ တရှူးရှူးနဲ့ နှာတွေမှုတ်ပြီး အသက်ရှူသံပြင်းလာတယ်။)
“ဒါဆို ဘာလုပ်ချင်တာလဲ”
“… … …”
(အံကြိတ်ပြီး လည်ပင်းကို ဖြတ်တဲ့ပုံ လက်ဟန်ခြေဟန်နဲ့ လုပ်ပြတယ်။)

သူ့ရုပ်ကြီးကို ကြည့်ပြီး ကျမလဲ ကျောထဲက စိမ့်ခနဲဖြစ်သွားတယ်။ ကြောက်လိုက်တာ။ ဒါပေမဲ့ ဆရာတော်အနားမှာရှိလို့ မကြောက်သလိုနဲ့ ခပ်တည်တည်ပေါ့။
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ … ဒုက္ခရောက်ကုန်မှာပေါ့”
“… … …”
ဆရာတော်က ရွှေပြည်အေးတရားဟောပေမဲ့ ဟိုက အပြတ်ရှင်းမယ်ဆိုတာချည်းပဲ။ တော်သေးတာက ပရိတ်ကြိုးချည်ထားတော့ အပြတ်ရှင်းမရဘူး ဖြစ်နေတာတဲ့။ ကျမသာ အူတူအတနဲ့ သူတို့ပြောတာယုံပြီး ဖြုတ်ပေးလိုက်မိရင် သွားပြီ။

နောက်ဆုံးတော့ ဖြစ်ပုံကို ဆရာတော်က ရှင်းပြပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဒီနားတ၀ိုက် ရွာကလေးမှာ နေသွားသူ တယောက်တလေက အဲဒီဝါးရုံပင်အောက်က တောင်ပို့ကလေးမှာ ရွှေတိုရွှေစလေးတွေ မြှုပ်ခဲ့သတဲ့။ သူမြှုပ်ခဲ့တဲ့ ပစ္စည်းအစွဲနဲ့ ဒီနေရာမှာ အစောင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ တဖြည်းဖြည်း အကောင်ကြီးပြီး အပေါင်းအဖော်တွေ တပည့်လက်သားတွေ များလာပုံပါပဲ။ မတင်ဌေး ဘူးစင်ထိုးဖို့ တောင်ပို့နားမှာ မြေပေါက်တော့ သူတို့ပစ္စည်းတွေ တူးယူမယ်မှတ်ပြီး ခေါင်းဆောင်ကြီးက ခြောက်လှန့်ဖို့ မြွေအဖြစ်နဲ့ ထွက်လာတာ။ မတင်ဌေးက မကြောက်ဘဲ ရိုက်လိုက်တော့ ခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပူးပြီး အသေသတ်ဖို့ လုပ်ကြတာ။

ခေါင်းဆောင်ကြီးထိတော့ တပည့်လက်သားတွေက စိတ်ဆိုးပြီး မတင်ဌေး လည်ပင်းကို ညှစ်၊ တကိုယ်လုံးကို တင်းပုတ်တွေနဲ့ ရိုက်၊ ဒေါသဖြစ်အောင် အမျိုးမျိုး ပြောင်ကြ နောက်ကြနဲ့ ၀ိုင်းသမကြတာပေါ့။ ဒါကြောင့် ခမျာမှာ အညိုအမည်းတွေ ပေါ်ပြီး ထွန့်ထွန့်လူး ညည်းညူနေရရှာတာပါ။ အဲ … ခြံထဲကလဲ ထွက်တော့ သူတို့ပိုင်နက် ကျော်သွားတာမို့ ဆက်မလိုက်ကြတော့ဘူး၊ ဒါကြောင့် ဆေးခန်းရောက်ရင် အကောင်းပတိ ဖြစ်နေတာတဲ့။ သူတို့ကလဲ ပူးတုံခွါတုံပါ။ ပူးနေချိန်ဆို မျက်ထောင့်နီနီ အံကြီးကြိတ်ထားတယ်။ ခွါနေချိန်ဆို ဖျာလိပ်တို့ သနပ်ခါးတုံးတို့လို သစ်ဝါးနဲ့ လုပ်တဲ့အရာတွေကို ကပ်ပြီး မတင်ဌေးမြင်သာအောင် အမျိုးမျိုး ခြောက်လှန့်ကြ နောက်ပြောင်ကြတယ်။ ပုံစံတွေက ရုပ်ကြမ်းကြီးတွေ အကြေးခွံအကွက် အကွက်တွေလဲပါသတဲ့။ (အဲဒါက နောက်ပိုင်း မတင်ဌေးပြန်ပြောပြတာပါ)

အကျိုးအကြောင်း ရှင်းပြပြီးနောက် ဆရာတော်က သူ့သီလနဲ့ တိုင်တည် သစ္စာပြုပြီး နတ်တွေ အကုန်လုံးကို ပင့်ဖိတ်တယ်။ ဒီအိမ်မှာနေတဲ့သူတွေကို မနှောက်ယှက်ဖို့ သူတို့ထက် စီနီယာနတ်တွေကို အမိန့်ပေးခိုင်းတယ်။ မင်းတို့ကိုလဲ မနှောက်ယှက်ဘူး၊ အိမ်သားတွေကိုလဲ မနှောက်ယှက်နဲ့။ ဒါကိုမှ နှောက်ယှက်မယ်ဆိုရင် မင်းတို့ဒီမှာ မနေရအောင် လုပ်ရလိမ့်မယ်လို့လဲ ပြောတယ်။ ပြီးတော့ နွားနို့ရယ် ပေါက်ပေါက်ရယ် အမွှေးတိုင်ရယ် အဲဒီတောင်ပို့နားမှာ သွားချပြီး မတင်ဌေးကိုယ်တိုင် တောင်းပန်ခိုင်းတယ်။ နဂါးစောင့်တဲ့ သိုက်မို့ နွားနို့ပေါက်ပေါက်နဲ့ တောင်းပန်ရတာလို့ ပြောတာပဲ။

ညဘက်မို့ ခြံထောင့်က တောင်ပို့နားမှာ အတော်လေး မှောင်နေပါတယ်။ အဲဒီနားမှာ သရက်ပင် သုံးပင် တြိဂံလို ပေါက်နေတဲ့နေရာကို ကျမတို့ငယ်ငယ်က မြေပုံတွေဘာတွေ ဆွဲပြီး ရတနာသိုက် ရှာတမ်း ကစားခဲ့ဖူးသေးတယ်။ ခုတော့ တောင်ပို့က ရတနာသိုက် ဖြစ်နေပါရောလား။ မတင်ဌေး သွားတောင်းပန်တော့ ကျမတို့လဲ ခပ်ကြောက်ကြောက်နဲ့ လိုက်သွားကြည့်ကြတယ်၊ ဘာမှတော့ မမြင်ခဲ့ရဘူး။ ၀ါးရုံပင်က လေတိုက်လို့ တရှဲရှဲမြည်တာနဲ့ ကြောက်ပြီး ပြန်ပြေးလာခဲ့ကြတာပဲ။

ခြံနောက်ဘက်မှာက သစ်ပင်ကြီးတွေအပြင် ရေတွင်းအိုကြီးရယ်၊ အိမ်သာ သုံးလုံးရယ်၊ ရေစင် အမြင့်ကြီး တခုရယ် ရှိတယ်။ အရင်ကတော့ ပြေးလွှားဆော့ကစားကြ စစ်တိုက်တမ်း တူတူပုန်းတမ်းကစားကြတဲ့ နေရာဆိုပါတော့။ အဲဒီနောက်ပိုင်း ကျမတို့တွေ ခြံနောက်ဘက်ကို နေ့ရော ညပါ မသွားရဲကြတော့ဘူး။ အိမ်သာကိုလဲ အိမ်ထဲက အိမ်သာပဲ သွားဖြစ်ကြတော့တယ်။ မယုံဘူးလို့ အမြဲပြောလေ့ရှိတဲ့ကျမလဲ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကြုံရတော့ မယုံချင်လို့ မရတော့ပါဘူး။ တခြားသူတွေ တစ္ဆေသရဲ ပူးပြီး ပြန်ထွက်သွားရင် ဘယ်လိုနေသလဲ မသိပေမဲ့ မတင်ဌေးကတော့ ရက်အတော်ကြာမှ အညိုအမည်းတွေ ပျောက်ပြီး အသံလဲ ဖြည်းဖြည်းချင်း ပြန်ထွက်လာပါတယ်။

သူတို့ကို တစ္ဆေလား သရဲလား ဥစ္စာစောင့်လား နတ်နဂါးလား ဆိုပြီး တခုခုတော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ မျက်စိနဲ့ မမြင်ရတဲ့ ဒီလိုလောကသားတွေ ရှိနေတယ်၊ သူတို့နဲ့ ကိုယ်က ကြားခံနယ်ချင်း မတူလို့ နိစ္စဓူဝ မမြင်မတွေ့ရပေမဲ့ ခုလို အခန့်မသင့်တဲ့အခါမျိုးမှာ တွေ့မြင်နိုင်သလို ၀င်ရောက်ပူးကပ်နိုင်တယ်၊ သူတို့ကိုကိုယ်က မထိခိုက် မစော်ကားဖို့နဲ့ ကုသိုလ်ပြုတဲ့အခါ အမျှဝေဖို့ မေတ္တာပို့ပေးဖို့ လိုတယ် ဆိုတာကိုတော့ ကျမ ကောင်းကောင်း သဘောပေါက်ခဲ့ရပါတော့တယ်။
***
မေဓာဝီ
၃၁၊ အောက်တိုဘာ၊ ၂၀၁၀
၁၈း၀၉ နာရီ

(အသိပေးခြင်း။ … ။ ၆ လတခါ မဆုံချင်ဘဲ ဆုံနေရတဲ့ စာမေးပွဲကြောင့် ဘလော့ဂင်းခြင်းကို ခေတ္တ နားရပါဦးမယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ပြန်ဆုံကြပါစို့။)

Read More...

Saturday, October 30, 2010

သရဲများနဲ့ ကျမ

ဒီအကြောင်းကို ရေးမယ်တွေးထားတာ ကြာပါပြီ။ ဒါပေမဲ့ မယုံသူတွေအတွက် လက်မခံနိုင်စရာများ ဖြစ်နေမလား စဉ်းစားမိလို့ မရေးသေးဘဲ တေးထားခဲ့တယ်။ ခုတော့ သရဲဇာတ်လမ်းတွေ ခေတ်စားနေတဲ့ အခါသမယမို့ ရေးဖို့ အားတက်လာတယ်။ ဘယ်အရာမဆို ကိုယ်တိုင်ကြုံမှ ယုံမယ်လို့ အပြောကြီးခဲ့ဖူးတဲ့ ကျမ ကိုယ်တိုင် ကြုံခဲ့ရတာလေးပါ။ သရဲများည အမှတ်တရ ခါတော်မီ ရာသီစာလေး ဆိုပါတော့ … ။
***
သင်္ချိုင်းရှေ့ကခြံ

ဇာတ်လမ်းမစခင် ကျမတို့ ခြံအကြောင်း နည်းနည်း အစပျိုးပါရစေ။ ကျမတို့ အိမ်က အရင်တုန်းက လူမျိုးခြားတဦးပိုင်တဲ့ အထည်စက်ရုံလို့ လူကြီးတွေ ပြောပြဖူးတယ်။ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အဲဒီစက်ရုံကြီးလဲ သိမ်းခံလိုက်ရသတဲ့။ နောက်ပိုင်း သိမ်းထားတဲ့ အိမ်တွေ ခြံတွေ အစိုးရက ပြန်ရောင်းတော့ အဘိုးက ၀ယ်ထားလိုက်ပြီး လူနေအိမ်အဖြစ် နေကြတာ ခုထိအောင်ပါပဲ။ စက်ရုံဝင်းဆိုတော့ ခြံက ကျယ်တယ်၊ သီးပင် စားပင်လဲ အစုံပဲ။ သရက်၊ ပိန္နဲ၊ သြဇာ၊ မာလကာ၊ တမာ၊ မန်ကျည်း ... အပင်ကြီးတွေ များတယ်။ ဒါပေမဲ့ ...
အဲဒီခြံနဲ့ မျက်နှာချင်းဆိုင်မှာ သင်္ချိုင်းကြီး တခုရှိတယ်။ တရုတ်လူမျိုးစု တခုရဲ့ သင်္ချိုင်းလို့ ထင်ပါတယ်။ သင်္ချိုင်းလို့သာဆိုတယ် ကျမ သိတတ်တဲ့ အရွယ်ကစလို့ သင်္ချိုင်း မဖျက်ခင် အချိန်ထိ အသုဘလာချတာ တခါမှ မတွေ့ဖူးပါဘူး။ တခါတလေ တစ္ဆေကြီးပွဲလို နေ့မျိုးမှာ သင်္ချိုင်းလာကန်တော့ကြတာ မြင်ဖူးပေမဲ့ အင်မတန် တွေ့ရခဲပါတယ်။ တရုတ်တွေက လူသေရင် ပစ္စည်းပစ္စယတွေ အုတ်ဂူထဲ ထည့်မြှုပ်တတ်တော့ တချို့က အုတ်ဂူတွေဖောက်ပြီး ပစ္စည်းရှာကြသတဲ့။ တခါတော့ အုတ်ဂူကို တူရွင်းချွန်နဲ့ ထိုးဖောက်နေတုန်း ရုတ်တရက် အမွှေးနံ့ ထောင်းထောင်းထလို့ ဖောက်သူတွေ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြတယ်။ နာနာဘာဝလား ဥစ္စာစောင့်လား ဘာလားပေါ့။ နောက်မှ မရဲတရဲ ပြန်သွားကြည့်တော့ အုတ်ဂူထဲ ထည့်ထားတဲ့ ရေမွှေးပုလင်းကြီးတလုံးကို တူရွင်းနဲ့ ထိုးမိလို့ ကွဲပြီး အမွှေးနံ့တွေ ထွက်လာတာတဲ့။ အဲဒီလို သင်္ချိုင်းဖောက်သူတွေက သေသူတွေရဲ့ လက်ဝတ် လက်စားတွေအပြင် ရွှေသွားတွေဘာတွေပါ ချွတ်ယူကြတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။

မွေးကတည်းက သင်္ချိုင်းရှေ့မှာမွေး၊ သင်္ချိုင်းရှေ့မှာကြီးခဲ့တော့ သင်္ချိုင်းဆိုတာကို ကြောက်ရကောင်းမှန်း မသိပါဘူး။ အိမ်ပေါ်ထပ်ဝရံတာကနေ သင်္ချိုင်းကို ကြည့်ရတဲ့ ရှုခင်းကို သိပ်သဘောကျတယ်။ သင်္ချိုင်းရဲ့ အလယ်မှာ သစ်ပင်ကြီး တပင်ရှိတယ်။ ကုက္ကိုပင်လို့ ထင်တာပဲ။ အဲဒီ အပင်ကြီးအောက်မှာတော့ အုတ်ဇရပ်ကလေးရှိတယ်။ ဆောင်းဦးဝင်စဆိုရင် ကလေးတွေက အုတ်ဂူတွေပေါ်မှာ စွန်လွှတ်ကြတယ်။ နွေဆို ရိုးတံကျိုးကျဲ သစ်ပင်ကြီးနဲ့ … စီစီရီရီ အုတ်ဂူကလေးတွေနဲ့ … ညိုညစ်ညစ် ဇရပ်ကလေးနဲ့ .. အပေါ်စီးက မြင်ရတဲ့ ရှုခင်းက အထီးကျန်စရာ။ မိုးရာသီဆိုရင်တော့ သင်္ချိုင်းမြေတခုလုံး ရှည်လျားလျား မြက်ရိုင်းတွေ … အုပ်အုပ်ပုံ့ပုံ့ ချုံပုတ်ငယ်လေးတွေ ဖုံးလွှမ်းလို့။ ရာသီတိုင်းရဲ့ သင်္ချိုင်းရှုခင်းဟာ ကျမအတွက်တော့ မရိုးနိုင်စရာပါပဲ။


နေကလဲ သင်္ချိုင်းဘက်ကထွက်တယ်။ လကလဲ သင်္ချိုင်းဘက်မှာ သာတယ်။ ရောင်စုံတိမ်တိုက်တွေရယ် … ပြာလွင်လွင် ကောင်းကင်ပြင်ကြီးရယ် … ပျံဝဲနေတဲ့ ကျေးငှက်တွေရယ် … အလေ့ကျပေါက်တဲ့ အရိုင်းပန်းပင်တွေရယ် … ရှိရှိသမျှ သဘာဝအလှတွေက အဲဒီသင်္ချိုင်းဘက်မှာ ရှိတယ်။ ကျမ ပျင်းပျင်းရှိရင် … ဒါမှမဟုတ် စိတ်တွေ မျောလွင့်ချင်ရင် အိမ်ရှေ့က သင်္ချိုင်းရှုခင်းကို တကူးတက ကြည့်နေကျပေါ့။
***
အိမ်ထဲက သရဲဇာတ်လမ်း တချို့

သင်္ချိုင်းရှေ့က အိမ်ဆိုတော့ သရဲတွေဘာတွေများ ရှိလေမလားလို့ သိတတ်စ (သရဲကို ကြောက်ရကောင်းမှန်း သိစ) အရွယ်မှာ တွေးခဲ့မိတယ်။ ငယ်ငယ်တုန်းက ကျမကို ထိမ်းတဲ့ အမကြီးက ကျမဆိုးရင် ခြောက်လေ့ရှိတာ …
“ကုလားသုံးယောက် မျက်စိခြောက်လုံး လာလိမ့်မယ် …” တဲ့။
သူအဲလိုပြောရင် ကျမမှာ ကြောက်လိုက်တာ ပျာလို့။ ဘယ်မှာနေရမှန်းမသိဘူး။ မျက်စိကို အတင်းမှိတ်ပြီး အိပ်ချင်ယောင် ဆောင်ရတယ်။ နည်းနည်းနားလည်တဲ့ အရွယ်ရောက်မှ သိတော့တယ်။ ကုလားသုံးယောက်ပါဆိုမှ မျက်စိခြောက်လုံးပေါ့ … ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး ခြောက်တယ်ဆို ကြောက်ထည့်လိုက်တာပဲ။

ကျောင်းတက်တော့ ပသျှူးခေါင်းပြတ်၊ ခြေကလိမ်မ၊ ကျောပေါက်ကြီး စသဖြင့် ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ သရဲပုံပြင်တွေ ကြားခဲ့ ကြောက်ခဲ့ဖူးတယ်။ အဲလိုနဲ့ ကိုယ့်အိမ်ထဲလဲ သရဲဇာတ်လမ်းတွေ လုပ်ကြံ ဖန်တီးလို ဖန်တီးပေါ့။ ကျမတို့ မမွေးခင် (မမှတ်မိခင်) အချိန်လောက်က အိမ်မှာ လက်တိုလက်တောင်း ကူပေးတဲ့ တိုင်းရင်းသူ ကလေးမလေး တယောက်ရှိတယ်တဲ့။ သူ့နာမည်က မို့ယူ ဆိုပဲ။ သူက နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားတော့ တခါတလေ သူနေခဲ့ဖူးတဲ့ အခန်းမှာ အရိပ်လိုဘာလို ရိုးတိုးရိပ်တိတ် မြင်ရတယ်လို့ အတူနေ အကိုဝမ်းကွဲတွေ ပြောကြတယ်။ သူနေခဲ့တဲ့ အခန်းကို နောက်ဆုံးခန်းလို့ ကျမတို့က ခေါ်ပါတယ်။ အိမ်ရဲ့ အစွန်ဆုံးအခန်း မီးရောင်မှိန်ပျပျနဲ့ ချောင်အကျဆုံး အခန်းလေးပေါ့။ အဲဒီအခန်းပြတင်းပေါက် သံတိုင်မှာ မို့ယူကို တွဲလောင်းလေး မြင်ရတယ် ဆိုတဲ့ ပါးစပ်ဇာတ်လမ်းမျိုး မောင်နှမတွေကြားမှာ မကြာခဏ ပြောလေ့ရှိတယ်။ တခါမှ မမြင်ဖူးလို့ ကျမကတော့ မယုံပါဘူး။

အဲဒီနောက်ဆုံးခန်းလေးမှာ ဧည့်သည်တွေလာရင်လဲ တည်းခိုနားနေလေ့ရှိတယ်။ တခါတော့ မုံရွာက အမျိုးတယောက် ဆေးလာကုတော့ ထုံးစံအတိုင်း အဲဒီအခန်းမှာ ထားတယ်။ နာမည်က ဒေါ်မြစိန်တဲ့ … အသက်ကြီးပါပြီ။ ဆေးလာကုပေမဲ့ ရောဂါကကျွမ်းနေတော့ သိပ်မကြာခင်မှာ ဆုံးသွားပါတယ်။ ဆေးရုံမှာ ဆုံးပေမဲ့ အသုဘကို အိမ်မှာပဲ လုပ်ရတာပေါ့။ သူဆုံးသွားတော့ နောက်ထပ် သရဲဇာတ်လမ်းတပုဒ် နောက်ဆုံးခန်းလေးမှာ တိုးလာတယ်။


အဲဒီအခန်းက ပြတင်းပေါက်မှန်တချပ်ကလဲ အက်နေတယ်၊ ခန်းဆီးကလဲ လူမနေတော့ ဖုန်တုန်တုန် မှုန်တုန်တုန်၊ လေတိုက်ရင် မှန်အက်နေတဲ့ နေရာက လေတိုးတော့ ခန်းဆီးက တလှုပ်လှုပ်နဲ့။ ညဘက်ဆိုရင် အပြင်က အပင်ကြီးတွေ လေတိုက်တိုင်း တယိမ်းယိမ်း လှုပ်ရမ်းနေတာကို ပြတင်းပေါက်ကတဆင့် မြင်ရတာ ၀ိညာဉ်လောကသားတွေ ကခုန်နေသလိုပဲ။ ကျမတို့တွေ အဲဒီနောက်ဆုံးခန်းကို မသွားရဲကြဘူး၊ မှန်ပြတင်းကို မကြည့်ရဲကြဘူး။ တယောက်ယောက်များ မတော်တဆ သွားမိရင် ((((မို့ယူလာပြီ)))) ((((ဒေါ်မြစိန်ကြီးးးးဟိုမှာ)))) … ဆိုပြီး သူ့ထက်ငါ ဦးအောင် ခြောက်ကြတော့တာပဲ။
***
အိမ်နားက သရဲတွေ

ကျမတို့က အိမ်ထဲမှာတွင် မကဘူး၊ အိမ်နားက သရဲတွေပါ အိမ်ထဲကို ခေါ်လာပြီး ဇာတ်လမ်း ဆင်တတ်ကြသေးတယ်။ ငယ်ငယ်က အစိမ်းသေ … ဆိုရင် ဘာကိုပြောမှန်းသာ မသိတာ အစိမ်းသေ သေတာလို့ ကြားရင် သရဲဖြစ်ပြီလို့ သတ်မှတ်လိုက်တော့တာပဲ။ အိမ်နားမှာ ဒေါ်စိမ်းရီ ဆိုတဲ့ အဒေါ်ကြီး အစိမ်းသေတော့ အဲဒီနားပတ်ဝန်းကျင်မှာ ခြောက်တယ်လို့ ပြောကြတယ်။ နာမည်ကလဲ “စိမ်း” ပါနေပြီး သေတာလဲ အစိမ်းသေဆိုတော့ ခြောက်လို့ကောင်း ကြောက်လို့ကောင်းပေါ့။


နောက်ပြီး ကျမတို့ အိမ်နီးနားချင်း အဒေါ်ကြီးတယောက် ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့ဖူးတယ်။ သူရောဂါ ဝေဒနာခံစားနေရတာ မခံနိုင်လို့ အဆုံးစီရင်လိုက်တာတဲ့။ အဲဒီအဒေါ်ကြီးကလဲ ကျမတို့ တအိမ်လုံးနဲ့ သိပ်ရင်းနှီးပါတယ်။ အိမ်မှာလုပ်တဲ့ အလှူအတန်းဆို သူက ရှေ့ဆုံးက လာကူလေ့ရှိတယ်။ တခြားမြို့မှာ အလှူသွားလုပ်ရင်တောင် သူက လိုက်ပြီး ကူလုပ်ပေးသေးတာ။ သူသေသွားတော့ ရေတွင်းနားမှာ အသံကြားရသလိုလို သူ့အိမ်ပတ်ဝန်းကျင်မှာ ရိုးတိုးရိပ်တိတ် မြင်ရတွေ့ရသလိုလို ပြောကြတယ်။ ကိုယ်တိုင် တခါမှ မကြုံဖူးပေမဲ့ သူအိမ်နားက ဖြတ်သွားရင် အသည်းတထိတ်ထိတ်နဲ့ ဘုရားစာဆိုပြီး ဖြတ်ကြရတယ်။ သူသေသွားပြီးနောက်ပိုင်း သူ့နာမည်ကိုလဲ အိမ်မှာ ခြောက်ရမယ့် စာရင်းထဲ ထည့်လိုက်ကြပြန်တယ်။

ဒီလိုနဲ့ အိမ်နားမှာ လူတယောက်သေတိုင်း ကျမတို့ မောင်နှမတွေအတွက် ခြောက်ရမယ့် (ကြောက်ရမယ့်) စာရင်းထဲ နာမည်တိုးတိုးလာ တော့တာပဲ။
***
အဖေပြောပြတဲ့ သရဲဇာတ်လမ်းတချို့

အဖေပြောပြတဲ့ သရဲရာဇ၀င်တွေကိုတော့ ငယ်ငယ်က တော်တော်လေး ကျောချမ်းစွာ နားထောင်ခဲ့ဖူးတာပါ။ အဖေနေခဲ့တဲ့ အိမ်က အခုပြောနေတဲ့ ခြံနဲ့ လမ်းကျဉ်းကလေးပဲ ခြားတယ်။ အိမ်က သုံးထပ်၊ အပေါ်ဆုံးထပ်က အခန်းလေးကို အဖေက ကိုယ်ပိုင် လိုင်ဘရီကလေး လုပ်ထားတယ်၊ စာဖတ်ရင်း အိပ်ချင် အိပ်လို့ရအောင် ကုတင်တလုံးလဲ ရှိတယ်။ တညမှာ အာဂန္တု ဘုန်းကြီးတပါး ကြွလာတော့ အဖေက အဲဒီအခန်းမှာ ပေးသိပ်တာ ဘုန်းကြီးခမျာ တညလုံး မကျိန်းလိုက်ရရှာဘူးတဲ့။ သူ့ကို အိပ်မရအောင် အမျိုးမျိုး လုပ်တယ်ဆိုပဲ။ အိပ်ရာပေါ်က ဆွဲချလိုချ အသံအမျိုးမျိုးနဲ့ နှောက်ယှက်လို နှောက်ယှက်နဲ့ … မေတ္တာပို့လဲမရ၊ ပရိတ်ရွတ်လဲ မရ … နောက်ဆုံးတော့ ဘုန်းကြီးအိပ်ရာမှာ ကန့်လန့်ဖြတ်ကြီး လာအိပ်တာနဲ့ ဘုန်းကြီးက ကိုယ်ရုံသင်္ကန်းနဲ့ ရိုက်လိုက်တာ နှစ်ပိုင်းပြတ်သွားသတဲ့။ ဘုန်းကြီးလဲ နောက်တည ဆက်မနေတော့ဘဲ တခြားကြွသွားတယ်လို့ ပြောပါတယ်။


အဲဒီအိမ်မှာပဲ အဖေ့ဦးလေးရဲ့ ဇနီးတယောက်ဟာ မီးဖွားရင်း ကွယ်လွန်ခဲ့ဖူးတယ်။ ခေတ်ဆန်ဆန် ခပ်ချောချော ကပြားမလေး နာမည်က ဘာဘရာတဲ့။ သူကွယ်လွန်ပြီးနောက်ပိုင်း အဲဒီအိမ်က လှေခါးမှာ မိန်းမတယောက်ကို ညဘက်တွေ တွေ့ရတတ်တယ်လို့ ပြောကြတယ်။ ဆံပင်ဖါးလျားချပြီး အသားရောင်က ဆနွင်းလို ၀ါဝါနဲ့ လှေခါးမှာထိုင်နေတတ်တယ်။ တခါတလေ စန္ဒယားက လူမရှိဘဲ အလိုအလျောက် အသံတွေထွက် နေတယ်တဲ့။ အားလုံးကတော့ အဲဒါ ဘာဘရာ ခြောက်တာလို့ ပြောကြတာပဲ။
***
သင်္ချိုင်းနားမှာ သရဲဇာတ်လမ်းတွေနဲ့ ယဉ်ပါးပြီး ကြောက်တခါ လန့်တလှည့် နေလာလိုက်တာ တော်တော်လေး အရွယ်ရောက်သည်ထိ သရဲနဲ့ တခါမှ မကြုံဖူး မဆုံဖူးပါဘူး။ ဆိုတော့ကာ … ယုံလဲ မယုံခဲ့ဘူးပေါ့။

ဒါဟာ လူတွေ စိတ်ခြောက်ခြားတာ နေမှာပါ … တစ္ဆေသရဲဆိုတာ လူထက် နိမ့်ပါးတဲ့ သတ္တ၀ါတွေပဲ … လူအနားကို မကပ်နိုင်ပါဘူး … လို့ အယုံအကြည် ကင်းမဲ့ခဲ့တယ်။ ဒါပေမဲ့ တခါတော့ မယုံချင်လို့မရဘဲ ယုံလိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကိုယ်တိုင် ကိုယ်ကျ ကြုံခဲ့ရပါတယ်။
အဲဒါကတော့ … … ... ... ...

(နက်ဖြန် ဆက်ရန် … )

မှတ်ချက်။ ။ ပုံတွေကို တွေ့ကရာနေရာက ကြုံသလို ယူထားပါသည်။ နေရာအတိအကျ မမှတ်မိတော့ပါ။ ပိုင်ရှင်ရှိက လာရောက်ကန့်ကွက်နိုင်ပါသည်။

Read More...

Sunday, October 24, 2010

ကထိန်ခင်းတဲ့ နေ့ ...

ဒီစနေ တနင်္ဂနွေ ပိတ်ရက်ကတော့ ကျမအတွက် အမှတ်တရပါပဲ။ မနေ့ည မီးထွန်းပွဲပြီးတော့ ဒီကနေ့ ဘာမင်ဂန်ကျောင်းမှာ ကထိန်ပွဲ ကျင်းပမှာမို့ ကျမတို့ တူဝရီး သွားကြတယ်။ ရာသီဥတုက အေးပေမဲ့ နေသာလို့ သာသာယာယာ ရှိနေတယ်။

ကျောင်းကန် ဘုရားရိပ်ကတော့ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ခိုဝင်သူတိုင်းကို ကြည်နူးချမ်းမြေ့မှုအတိ ပြည့်ဝစေတာပါပဲ။

လှူဖွယ်စုံလင် ပဒေသာပင်
ပဒေသာပင်မှာ ကိုယ်လှူမယ့် လှူဖွယ်ပစ္စည်းတွေ ချိတ်ကြ၊ သင်္ကန်းတွေမှာ အလှူရှင်နာမည်တွေ ကပ်ကြ စသဖြင့် လုပ်အားပေးခဲ့ကြတယ်။

ဆွမ်းမစားခင် အနေကဇာတင်
မနက် ၁၀ နာရီခွဲ သံဃာတော်တွေ ဆွမ်းမဘုဉ်းပေးခင် ဘုရားအနေကဇာတင်၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတယ်။

စားဖွယ်မုန့်များ ပြင်ဆင်ထား
စားစရာတွေကတော့ စုံလို့ပါပဲ။ အချိုပွဲအတွက် မုန့်မျိုးစုံ ပြင်ဆင်ထားတာပါ။

သစ်သီး သစ်နှံ ပြင်ဆင်ဟန်
အသီးတွေကို ပန်းပွင့်ပုံလေးတွေဖော်ပြီး ပြင်ဆင်ပေးသူက ထိုင်းအမျိုးသားတဦးပါ။ သူ့ပြင်ဆင်မှု လက်ရာကို လူတကာ သဘောကျကြတော့ သူလည်း ပီတိတွေ ဖြစ်ပြီး ငါ ဒီနေ့ သိပ်ပျော်တာပဲလို့ တဖွဖွပြောနေလေရဲ့။

မုန့်မျိုးစုံစွာ နတ်သုဒ္ဓါ
မြန်မာပြည်ပြန်စရာမလိုဘဲ မြန်မာမုန့်မျိုးစုံ မြန်မာ အစားအစာ လက်ရာမျိုးစုံ စားရတယ်။

ဆွမ်းဘုဉ်းပေးပါ မြတ်သံဃာ
သံဃာတော် စုစုပေါင်း ၈-ပါးပါ။ ကျောင်းက သံဃာ ၄-ပါးနဲ့ အာဂန္တု ၄-ပါး။ ဖိတ်စာထဲမှာ တိပိဋက ဆရာတော်လာမယ်လို့ ရေးထားပေမဲ့ မကြွလာနိုင်ခဲ့ဘူး။

မယ်သီလရင် ဆွမ်းစားစဉ်
Milton Keynes မဟာယာနကျောင်းမှ ဂျပန်မယ်သီလရှင်လေး၊ သဘောကောင်းပြီး ချစ်စရာသိပ်ကောင်းပါတယ်။

ကိုယ်စီလှူဒါန်း ကထိန်သင်္ကန်း
ဆရာတော်ဦးဥတ္တရဉာဏက ကထိန်သင်္ကန်းအကြောင်း ရှင်းပြပြီး ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးကိုလည်း ပြောပြပါတယ်။


ကြွရောက်လာသူ များသသူ
ပရိသတ်တော်တော်များပါတယ်။ ဘုရားထဲမှာ အပြည့်နီးပါးပဲ။ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ အိန္ဒိယ အစုံလာကြတယ်။ အာဖရိကန်သူ တယောက်တောင် မြင်လိုက်သေးရဲ့။

ကထိန်သင်္ကန်း မြတ်ရဟန်း
သံဃာတော်တွေကို ကပ်လှူထားကြတဲ့ ကထိန်သင်္ကန်းတွေပါ။

တရားနာလတ် ပရိသတ်
အဖြူ အမည်း အညို အ၀ါ ဘာမှ မခွဲခြားဘဲ တသားထဲ အားလုံးအတူတူ ကုသိုလ်ပြုကြတဲ့ ဒီကနေ့ ကထိန်ပွဲလေးဟာ အောင်မြင်ပျော်ရွှင်စွာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ပြီးဆုံးခဲ့ပါတယ်။

အိမ်မပြန်ခင် ဘာမင်ဂန်စေတီတော်ကြီးကို ဦးခိုက်ရှိခိုးပြီး မှတ်တမ်းတင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့တယ်။ နောက်နောင် နှစ်များမှာလဲ ဒီလိုပဲ ပျော်ပျော်ပါးပါး ဆင်နွှဲခွင့် ရချင်ပါသေးတယ်။
***
မေဓာဝီ
၂၄၊ ၁၀၊ ၂၀၁၀
၂၂း၄၃ နာရီ

Read More...

Saturday, October 23, 2010

သီတင်းကျွတ်တဲ့ ည ...

ဒီညအတွက် ကြိုတင်ရင်ခုန်နေခဲ့တယ်။
ဘာမင်ဂန် ဘုရားမှာ မီးထွန်းပွဲလုပ်မယ်လို့ သတင်းရကတည်းက သွားချင်နေတာ တပိုင်းကိုသေလို့။ မီးထွန်းပွဲနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ရှိပြီလေ။ ဟုတ်တယ် ... ဝေးခဲ့တာ ၂၀၀၇ ခုနှစ်က စလို့ပဲ။ ၂၀၀၇ ကနေ ၂၀၀၉ ထိ သီတင်းကျွတ်ညတွေ ရောက်တိုင်း "ဒီအချိန်ဆို" .... လို့သာ အဝေးကနေ တမ်းတရင်း လွမ်းနေခဲ့ရတယ်။ ဒီနှစ်တော့ ဘာမင်ဂန်စေတီမှာ မီးထွန်းပွဲလုပ်မှာမို့ သီတင်းကျွတ်က ကိုယ့်အနားရောက်လာပြီ ဆိုပါတော့။ ဒီညအတွက် ကြိုတင်ပြီး ဖယောင်းတိုင်တွေဝယ်၊ ပန်းတွေဝယ်၊ သံဃာတော်တွေအတွက် စားစရာတွေချက်ပြုတ် ... ကျမတယောက်ထဲ အလုပ်ရှုပ်လို့ပေါ့။

ရာသီက အေးမြမြ၊ မိုးက ဖွဲဖွဲကျ ... "သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး" ဆိုတဲ့အတိုင်း ပလ္လင်ဆေးမိုးရွာနေသလား မသိပါဘူး။ မီးခိုးရောင် တိမ်တိုက်တွေကြားမှာ လမင်းက ပေါ်ချည် ပျောက်ချည်။

ဘုရားကိုရောက်တော့ မှောင်စပျိုးနေပြီ။ စေတီအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ မီးပုံးကလေးတွေ လေတိုက်တိုင်း ယိမ်းနွဲ့နေကြတာ စေတီထက်က ဆည်းလည်းသံရဲ့ စည်းချက်နဲ့အညီပဲ။ စေတီအ၀င်မှာ ဖယောင်းတိုင်လေးတွေ ထွန်းနေကြတာ မြင်လို့ နောက်ကျပြီလားလို့ ကမန်းကတန်း သွားရတယ်။ မီပါသေးတယ်။ ယူလာတဲ့ ဖယောင်းတိုင်လေးတွေကို မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော် ရှေ့မှာ အစီအရီ မီးထွန်းညှိကြတယ်။

မီးထွန်းနေသည် မေဓာဝီ
(မှတ်ချက်။ ဒီလိုပုံထွက်အောင် တော်ရုံလူ မရိုက်နိုင်ပါ။ ဘုန်းကံကြီးမားသော ပုဂ္ဂိုလ် ရိုက်ပေး၍သာ ဒီပုံစံ မြင်ရခြင်းဖြစ်၏။ )

သရီးဒီအလား ခပ်ဝါးဝါး ...
(မသိရင် သရီးဒီပုံလိုလို ဘာလိုလိုပေါ့။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ရိုက်ပေးထားတာပါ။)

ထွန်းညှိဆီမီး ထိန်ထိန်ညီး

ဆီမီး ရေချမ်း မွှေးပျံ့ပန်းနှင့် ...
(လာရောက်ကြသူတွေအားလုံး ပန်း ဆီမီး အမွှေးတိုင် သစ်သီးတွေ ဘုရားကို ကပ်လှူကြတယ်)

သြ၀ါဒစကား မိန့်မြွက်ကြား
(ဆရာတော်ဦးဥတ္တရဉာဏက သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အကြောင်း အကျဉ်းချုပ်ပြောပြပါတယ်)

ပ၀ါရဏာ စုံသံဃာ

ရွတ်ဖတ် စီးဖြန်း မြတ်ပဋ္ဌာန်း
(ဒီပုံထဲမှာ ဘိလပ်က နာမည်ကြီး ဘလော့ဂါ နှစ်ဦးပါတယ်)
ရတနာ သုံးပါး ရိုညွတ်တွား

ပြန်ပါဦးမည် နှုတ်ဆက်သည် ...

သီတင်းကျွတ်လပြည့်ညမှာ ဘုရားရိပ် တရားရိပ် သံဃာရိပ်ကို ခိုလှုံပြီး မြတ်စွာဘုရားကို ဆီမီး ပန်း နံ့သာတွေ ဆပ်ကပ်၊ ပဋ္ဌာန်းနဲ့ မေတ္တသုတ် စုပေါင်း ရွတ်ဖတ်ပူဇော်ခွင့်ရတာ အင်မတန် ၀မ်းမြောက်မိပါတယ်။ တနှစ်တခါ ဒီအချိန်ရောက်တိုင်း လွမ်းရတဲ့ အလွမ်းတွေလဲ အနည်းအကျဉ်း ပြေပျောက်သွားတယ်။ ဒီလိုမီးထွန်းပွဲလေး ဖြစ်မြောက်အောင် စီစဉ်သူတွေ ပါဝင်သူတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်မိတယ်။ ဘိလပ်ရောက် မြန်မာတွေ စုစုဝေးဝေးနဲ့ ကုသိုလ်ပြုကြရတဲ့ ကြည်နူးစရာ ပျော်စရာ ကောင်းတဲ့ သီတင်းကျွတ်ညလေး တညကို အမြဲ အမှတ်ရနေမိမှာ အမှန်ပါပဲ။
***
မေဓာဝီ
၂၃၊ ၁၀၊ ၁၀
သီတင်းကျွတ် လပြည့်ည
၂၃း၅၉ နာရီ

ရေးခဲ့ဖူးသော ... သီတင်းကျွတ် အလွမ်း
ဒီအချိန်ဆို (၁) နှင့် (၃)

Read More...

Saturday, October 16, 2010

ဇာတ်သိမ်း


ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့တယ် ... ။

ကံကြမ္မာဆိုတာ
ဒဏ်ရာရသူကိုမှ မျက်နှာသာမပေး
သက်ညှာဖို့ ဝေးစွ
ဖေးလည်း မဖေးမခဲ့ပါဘူး။

လရိပ်မှာ ခိုဝင်
ကြယ်စင်ကိုရေတွက်
အအိပ်ခက်လို့ အိပ်ပျက်ခဲ့ရ
ညနက်နက်တွေဟာ
အိပ်မက်မှ မဟုတ်ခဲ့တာ။

အဲဒီတုန်းက …
ကြည်နူးခဲ့တယ် … ရည်စူးခဲ့တယ် …
သဘောချင်းထပ် … မနောချင်းဟပ်ခဲ့ကြတယ် …
စကားတွေကြွယ် … တရားတွေဖလှယ်ခဲ့ကြတယ် …။

ဒီလိုနဲ့ …
နှလုံးသားကို ဆစ်ထု
သမုဒယ သံယောဇဉ်
တပင်ပြီး တပင် ပတ်ရစ်
ချစ်ခြင်းမေတ္တာ ဖြစ်တည်လာခဲ့ကြတယ် … ။

တကယ်တမ်းက …
ဆက်စပ်ခွင့်မရ ဘ၀နှစ်ခုဆိုတာ
နှစ်ဦးသားသိသိနဲ့ ဆူးများငြိတွယ်ခဲ့မိတယ် … ။

စူးတဲ့ ဆူးကို ဆူးနဲ့ထွင်ရင်း
ရင်ခွင် တခုလုံးလည်း ကြေမွ
ထပ်ခါ ထပ်ခါ ဒဏ်ရာရတော့
ခံသာပါ့မလားကွယ်။

နားလည်ပါလေ …
ရှောင်မရတဲ့ အပြစ်တွေ ပြုရင်း
နောင်တနဲ့ မညစ်ပေစေချင်တော့လို့ပါ
ဒါဟာ … အချစ် နေ၀င်သွားတာ မဟုတ်ပါဘူး …။

အခုဘ၀မှာ …
သမုဒယတဏှာကို ပယ်သတ်ဖို့
ဖြတ်ရခက်တဲ့ နွယ်လဲ မတွယ်ချင် …
နုတ်ရခက်တဲ့နွံလည်း မကျွံချင်တော့ပါ …။

ဒါကြောင့် …
အမုန်းတရားမှန်သမျှ ဝေးကွာငြိမ်းစေဖို့
နှလုံးသားဆန္ဒကို ဘေးခွါတိမ်းလို့
ကိုယ့်ဇာတ် ကိုယ်သာ သိမ်းလိုက်ပါတယ်။
.... .... .... .... .... ....
.... .... .... .... .... ....
.... .... .... .... .... ....
ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ ...
ကိုယ်သာလျှင် အပြစ်ရှိပါစေကွယ် ... ။

***

မေဓာဝီ
၁၆၊ အောက်တိုဘာ၊ ၂၀၁၀
၂၁း၀၀ နာရီ

Read More...

Thursday, October 14, 2010

ပျောက်ဆုံးသွားသော ...

အဲဒီအေးစက်စက် ညနေတခင်းဟာ သူနဲ့ကျမကို ထာဝရ ဝေးကြစေဖို့ ဖန်လာခဲ့တယ်။
သူ … ကျမကို ခွဲသွားတာလား …
ကျမက သူ့ကို ထားရစ်ခဲ့တာလား … ကျမ မပြောတတ်ပါဘူး။
သေချာတာတခုကတော့ …
ကျမတို့ နောက်တခါ ပြန်ဆုံနိုင်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပြီလေ။
***
တဖြည်းဖြည်း ဝေးဝေးပြီး ထွက်ခွါသွားတဲ့ ဓာတ်ရထားကြီးကို မျက်စိတဆုံး ငေးကြည့်ရင်း ရင်ဘတ်ထဲမှာ စူးစူးနင့်နင့်ဖြစ်လာတယ်၊ ဝေ့၀ဲလာတဲ့ မျက်ရည်စတွေကို မျက်တောင် တဖျတ်ဖျတ် ပုတ်ခတ်ရင်း မြင်ကွင်းက တစစ ပျောက်ကွယ်သွားတဲ့ ရထားကြီးကို ကျောခိုင်းလိုက်တယ်။
ဝမ်းနည်းဖို့ကောင်းလိုက်တာ …
အေးစက်မှုန်မှိုင်းနေတဲ့ အဲဒီညနေ နေ၀င်ရီတရောအချိန်လေးမှာ စီးနေကျ ဓာတ်ရထား မှတ်တိုင်လေးကို ကျောခိုင်းခဲ့ရတာလောက် ရင်ထဲ ကြေကွဲတာ မရှိတော့ဘူး။
………………………………………………
………………………………………………
………………………………………………
***
လူတကာ လစ်လျူရှုထားခံရတဲ့ သူ့ကိုမှ ကျမက ရွေးချယ်ခဲ့တယ်။ အရိုင်းဆန်တဲ့သူ့ကို ယဉ်ပါးအောင် အသုံးကျအောင် ၀င်ဆန့်အောင် အချိန်ရယ် အားထုတ်မှုရယ် စိတ်အားထက်သန်မှုရယ် ရောယှက်ပြီး ကျမဘ၀ထဲ ကြိုးစားခေါ်ဆောင်ခဲ့တယ်။ ကျမလုပ်ရပ်ကို တချို့က အားပေးပေမဲ့ တချို့ကတော့ စကားတင်းဆိုကြ ပြစ်တင်ဝေဖန်ကြ လှောင်ပြောင်ရယ်မောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမက ဂရုမစိုက်ခဲ့ဘူး။ နေ့ရှိသ၍ သူ့ကို တသသလုပ်ရင်း သူနဲ့ အချိန်ကုန်ခဲ့တယ်။ နောက်ဆုံးတော့ ကျမ သူ့ကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူ့ကိုမြတ်နိုးစိတ်နဲ့ ဦးထိပ်မှာ တမြတ်တနိုးထားခဲ့တယ်။ အပြင်သွားလဲ အတူတူ၊ ဟင်းချက် မြက်ရိတ် အိမ်အလုပ်တွေ လုပ်လဲ တူတူ၊ ညအိပ်တောင်မှ မခွဲကြဘူး … အဲဒီလောက်ထိ ရူးသွပ်စွာ သူ့ကို စွဲလမ်းခဲ့မိတယ်။ ကျမ ချမ်းအေးနေချိန်မှာ သူ့ဆီက အနွေးဓာတ်နဲ့ ကျမလုံခြုံခဲ့တယ်၊ သူ့ အုပ်မိုးမှု အောက်မှာ အလိုလို အင်အားတွေ ရှိနေခဲ့တယ်။

သူ … … …
သူဟာ … သံယောဇဉ် ချည်မျှင်ကြိုးလေးတွေနဲ့ တမျှင်ချင်း သွယ်ယှက် ယက်လုပ်ခဲ့ရတဲ့ ကျမ ချစ်သော ကျမရဲ့ ဦးထုပ်ကလေးပါပဲ။
***


ကျမဒီကိုရောက်ခါစ ဗိုလန်တီယာ ကျောင်းသူဘ၀မှာ ဒီသိုးမွှေးချည်ခင်လေးကို ကျောင်းစတိုခန်းတခုရဲ့ ဂျပ်စက္ကူပုံးထဲက ရခဲ့တယ်။ မြန်မာပြည်ကနေ နှစ်ချောင်းထိုးအပ် တစုံယူလာခဲ့တာနဲ့ အတော်ပဲမို့ ချည်ခင်လေးကို ဦးထုပ်လေးတလုံးဖြစ်အောင် ပုံဖော်ခဲ့တယ်။ ဘာမဟုတ်တဲ့ ဦးထုပ်တလုံးကို အချိန်ကုန်ခံ ထိုးနေလို့ သူငယ်ချင်းတွေက စကြ နောက်ကြလေရဲ့။ pound land မှာ တပေါင်တန် ဦးထုပ်တလုံး ၀ယ်လိုက်ရင် မြန်တာပေါ့တဲ့ ပင်ပန်းခံမနေနဲ့ … ဆိုပဲ။


သူတို့ဘာပြောပြော ကျမအားလပ်ချိန်လေးတွေမှာ ဖြည်းဖြည်းချင်းထိုးယူရင်း ဦးထုပ်ကလေး ပုံပေါ်လာခဲ့တယ်။


မီးခိုးရောင်ချည်ခင် ခပ်ညစ်ညစ်လေးနဲ့ ထိုးထားတဲ့ ဦးထုပ်ကလေးက သစ်လွင်လှပ မနေပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ချည်မျှင် တမျှင်ချင်းကို စိတ်ရှည်လက်ရှည် ထိုးယူထားခဲ့တာမို့ တန်ဖိုးထားခဲ့တယ်။

အရင်ကလဲ အဖေ အမေနဲ့ မောင်လေးအပါအ၀င် ကျမချစ်ခင်သူတွေကို ဦးထုပ်ကလေးတွေထိုးပြီး လက်ဆောင်ပေးဖူးတယ်။ သူတို့ကြိုက်မကြိုက်တော့ မသိဘူး၊ ကျမကတော့ ကိုယ်ပေးလိုက်တဲ့ ဦးထုပ်လေးဟာ ဦးထုပ်သက်သက်မဟုတ်ဘူး၊ ဒီထဲမှာ စေတနာ မေတ္တာ ချစ်ခြင်းတရားတွေနဲ့ သုံးလွန်းတင်ပေါင်းစပ်ထားတဲ့ သံယောဇဉ်ကြိုးကလေးတွေနဲ့ ယက်လုပ်ထားတာမို့ တန်ဖိုးသတ်မှတ်လို့ မရနိုင်ဘူးဆိုပြီး ကိုယ့်ဦးထုပ်ကိုယ် ဇန်းတင်ခဲ့ဖူးပါသေးတယ်။

အမနဲ့ ဦးရီးတော်က ဒီ့ပြင်ဦးထုပ်တွေ ၀ယ်ပေးကြပေမဲ့ ကျမက ကိုယ့်လက်ရာ ဦးထုပ်ကလေးကိုသာ တစိုက်မတ်မတ် ဆောင်းခဲ့တယ်။ ကိုယ်တိုင်ထိုးတာလို့ လူတကာကို ကြွားရတာလဲ အမောပါပဲ။

ဒီမနက် ကျောင်းသွားဖို့ပြင်တော့ ရာသီဥတု နည်းနည်းစအေးနေပြီမို့ ဦးထုပ်ကလေး ဆောင်းသွားခဲ့တယ်။ ကျောင်းအဆင်း အိမ်အပြန်မှာလဲ အေးလို့ ဦးထုပ်လေး ဆောင်းလာခဲ့ပြီးမှ ဓာတ်ရထားပေါ်ရောက်တော့ နွေးနေတာနဲ့ ဦးထုပ်ကိုချွတ် ကျောပိုးအိတ်ပေါ်တင်ထားလိုက်ပြီး သတင်းစာတစောင်ကို ကြော်ငြာကအစ စာလုံးပေါင်းပြီး အကုန်ဖတ်နေလိုက်တယ်။ ကိုယ်ဆင်းရမယ့်မှတ်တိုင် ဂိတ်ဆုံးခါနီးမှာ ဖုန်းမြည်လာလို့ကိုင်ပြီး ပြောရင်း ဓာတ်ရထားပေါ်ကဆင်းတော့ ဦးထုပ်ကလေးကို သတိမရမိဘူး။

လမ်းကူးအပြီး ဖုန်းချလိုက်မှ …
ဟင် ဦးထုပ် ...... ဆိုပြီး သတိရလိုက်တာနဲ့ ပြန်မထွက်သေးတဲ့ ဓာတ်ရထားပေါ် အပြေးအလွှား သွားရှာတော့ … ဘယ်လိုမှ ရှာမတွေ့တော့ဘူး။ ထိုင်နေတဲ့လူတွေလဲ ထပြီးရှာပေးကြတယ်၊ ကိုယ်တိုင်လဲ ထိုင်ခုံတွေအောက်ပါ ငုံ့ကြည့်ရှာတာပဲ၊ ဓာတ်ရထားကြီးက အချိန်စေ့လို့ ပြန်ထွက်တော့ တမှတ်တိုင် ပြန်ပါသွားသေးတယ်။ ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံး အဲဒီ ရထားပေါ်ကပြန်ဆင်း၊ နောက်လာတဲ့ ရထားထပ်စောင့်စီးပြီး အိမ်ပြန်ခဲ့ရတယ်။

စိတ်မကောင်းဖြစ်လိုက်ပုံများ မပြောပါနဲ့တော့။ ဆင်းခါနီးဖုန်းဆက်တဲ့ ကောင်မလေးကိုလဲ အလိုလို စိတ်တိုနေမိတယ်။ သူ့ကြောင့် ဦးထုပ်ကို သတိမရတာဆိုပြီးပေါ့။ တကယ်တော့ မေ့လျော့ပေါ့ဆမိတဲ့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။ အဲဒီလို သူများကို အပြစ်တင်လိုက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက် ပျောက်ဆုံးသွားတဲ့ အရာလေးကို တသသ နှမြောလိုက်နဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။

နှောင်ဖွဲ့တတ်တဲ့ ကြိုးမျှင်တွေနဲ့ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဘ၀လေးတခု ပျောက်ဆုံးသွားသလိုပါပဲ …
ရင်ထဲမှာတော့ ... လပ်ဟာ … လို့။
…………………………………
…………………………………
…………………………………
***
တကယ်လို့များ … သွားရင်း လာရင်းဖြစ်ဖြစ်ပေါ့လေ … ၀ံပုလွေရွာနဲ့ မင်းဂန်ရွာကို စုန်ဆန် ပြေးဆွဲနေတဲ့ ဓာတ်ရထား တစင်းစင်းပေါ်မှာ မီးခိုးရောင် ညစ်စုတ်စုတ် ဦးထုပ်ကလေး တလုံး တွေ့ခဲ့ရင် 075*****62 ကို ဆက်သွယ်ပြောပေးကြပါ ... ... ။ ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၁၄၊ အောက်တိုဘာ၊ ၂၀၁၀
၂၃း၂၆ နာရီ

Read More...

Sunday, October 10, 2010

၁၀ - သုံးခု အကျိုးပြု

နစ်နေရင် ဆယ်
ညစ်နေရင် ပယ်
တဆယ်သုံးခု
အကျိုးပြု စေရမယ် ...။
***
ဒီကနေ့ ၁၀ ရက် ၁၀ လ ၂၀၁၀ ဆိုတော့ (၁၀၊ ၁၀၊ ၁၀) ၁၀ သုံးခု ဆုံတဲ့နေ့ (၀ါ) စုံတဲ့နေ့ မို့ ထူးခြားတယ် ဆိုရမယ်။ မြန်မာ့သမိုင်းမှာတော့ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်မှာ ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ တဘောင် ပေါ်ပြီး အင်းဝပြည်ကြီး ပျက်စီးခဲ့ရဖူးသတဲ့။ အခု ခရစ်နှစ် ၁၀ သုံးခု ဆုံတဲ့နေ့မှာရော … ဘာတဘောင်များ ရှိမလဲ မသိဘူးလို့ တွေးမိရင်း ကိုယ်သိထားတဲ့ ၁၀-ပါး အစုတွေ လျှောက်စဉ်းစားမိတယ်။ ပါရမီ ၁၀-ပါး၊ မင်းကျင့်တရား ၁၀-ပါး၊ ကိလေသာ ၁၀-ပါး၊ ဉာဏ်စဉ် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး၊ သုစရိုက် ၁၀-ပါး စသဖြင့်ပေါ့။ ၁၀ သုံးခုဆုံတဲ့ နေ့မှာတော့ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေသာ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် စဉ်းစားမိတဲ့ ၁၀-ပါး အစု များစွာထဲကမှ ကောင်းတဲ့ ၁၀-ပါး သုံးခုကို ထုတ်ယူပြီး ၁၀ သုံးခု ဆုံတဲ့နေ့မှာ ကောင်းကျိုးပြုစေဖို့ "၁၀ သုံးခု အကျိုးပြု" လို့ ကိုယ့်ဟာကိုယ်ပဲ တဘောင်လုပ်ကာ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
***
(၁) ပုညကြိယာဝတ္ထု ၁၀-ပါး
(ဧကန်ပြုထိုက်သော ကုသိုလ် တရားများ)

၁။ ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း)
၂။ သီလ (ကိုယ်နှုတ် စောင့်ထိန်းခြင်း)
၃။ ဘာဝနာ (ကမ္မဋ္ဌာန်းဘာဝနာ ပွါးများခြင်း)
၎။ အပစာယန (ရိုသေထိုက်သူကိုရိုသေခြင်း)
၅။ ဝေယျာဝစ္စ (ရတနာသုံးပါး၊ သက်ကြီး ၀ါကြီး၊ မိဘ၊ ဆရာသမားတို့ကိစ္စများ ဆောင်ရွက်ပေးခြင်း)
၆။ ပတ္တိဒါန (မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတပါးအား အမျှပေးဝေခြင်း)
၇။ ပတ္တာနုမောဒနာ (သူတပါး၏ ကုသိုလ်ကောင်းမှုကို ကောင်းချီးနုမော် သာဓုခေါ်ခြင်း)
၈။ ဓမ္မဿဝန (သူတော်ကောင်းတရား နာကြားခြင်း)
၉။ ဓမ္မဒေသနာ (သူတော်ကောင်းတရား ဟောကြားရခြင်း)
၁၀။ ဒိဋ္ဌိဇုကမ္မ (ဖြောင့်မတ်သောအယူရှိခြင်း)
***
(၂) သုစရိုက်တရား ၁၀-ပါး
ကာယ သုစရိုက် ၃-ပါး-
၁။ ပါဏာတိပါတာ ဝေရာမဏိ (သတ္တ၀ါတို့၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)
၂။ အဒိန္နဒါနာ ဝေရာမဏိ (သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ (ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း)

ဝစီ သုစရိုက် ၄-ပါး
၎။ မုသာဝါဒါ ဝေရာမဏိ (မှန်သောစကားကို ပြောဆိုခြင်း)
၅။ ပိသုဏ၀ါစာ ဝေရာမဏိ (ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း)
၆။ ဖရုသ၀ါစာ ဝေရာမဏိ (နူးညံ့ချိုသာသော စကားကို ပြောဆိုခြင်း)
၇။ သမ္ဖပ္ပလာပါ ဝေရာမဏိ (အကျိုးရှိသော စကားကို ပြောဆိုခြင်း)

မနော သုစရိုက် ၃-ပါး
၈။ အနဘိဇ္ဈာ (သူတပါးပစ္စည်းကို ရယူလိုစိတ် မရှိခြင်း)
၉။ အဗျာပါဒ (သူတပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း)
၁၀။ သမ္မာဒိဋ္ဌိ (မှန်သော အယူဝါဒရှိခြင်း)
***
(၃) ပါရမီ ၁၀-ပါး
၁။ ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း)
၂။ သီလ (ကိုယ် နှုတ် စောင့်ထိန်းခြင်း)
၃။ နေက္ခမ္မ (ကိလေသာတောမှ ထွက်ခြင်း)
၎။ ပညာ (အကြောင်းအကျိုး ဆင်ခြင် ထိုးထွင်းသိခြင်း)
၅။ ၀ီရိယ (အားစိုက် ကြိုးစား လုံ့လရှိခြင်း)
၆။ ခန္တီ (သည်းခံခြင်း)
၇။ သစ္စာ (ဖြောင့်မတ် မှန်ကန်ခြင်း)
၈။ အဓိဋ္ဌာန် (ပြတ်သားသောဆန္ဒဖြင့် အဓိဋ္ဌာန်တည်ဆောက်ခြင်း)
၉။ မေတ္တာ (စင်ကြယ်သော ချစ်ခြင်း)
၁၀။ ဥပေက္ခာ (လစ်လျူရှုခြင်း)
***
အကျိုးပြုမယ့် ၁၀ သုံးခု ကတော့ ဒီမျှပါပဲ။
၁၀ သုံးခု ဆုံတဲ့နေ့မှ စလို့ လူတွေအားလုံး အကျိုးပြုမယ့် ၁၀ သုံးခုကို ကျင့်သုံးကြရင်း လောကကြီးတခုလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာများဖြင့်သာ ပြည့်ဝစေပါကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

မေတ္တာဖြင့် ...
မေဓာဝီ
၁၀၊ ၁၀၊ ၁၀
ည ၁၀ နာရီ ၁၀ မိနစ်
***
မင်းကျင့်တရား (၁၀) ပါးကို ဒီနေရာမှာ တင်ဖူးပါတယ်။

Read More...

Thursday, October 07, 2010

နေရာမှား၍ နားမိသည် ...


ပြန်ချင်ပါလျက်
အပျံခက်နေ
ငှက်တေလေ ငါ
နေရာမှား၍ နားမိသည်။
***
(ဘိလပ်မှာ ၃ နှစ်ပြည့်တဲ့နေ့အတွက်)

Read More...

Saturday, October 02, 2010

တိပိဋကဓရ ဆရာတော် သိက္ခာထပ်ပွဲ

အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပညာတော်သင်လာရောက်ရင်း အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရမှာ ခေတ္တသီတင်းသုံးနေတဲ့ တိပိဋက ဆရာတော် ဦးဂန္ဓမာလာ လင်္ကာရရဲ့ သိက္ခာထပ်ပွဲကို ဒီနေ့ (၂၀၁၀၊ အောက်တိုဘာ ၂ ရက် စနေနေ့) ကျင်းပခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတော်ရဲ့ သိက္ခာထပ်ပွဲကို သိမ်းမြစ်ထဲမှာ သဘောင်္ကို ရေသိမ်အဖြစ် သမုတ် သတ်မှတ် ကျင်းပခဲ့လို့ပါပဲ။ အောက်စ်ဖို့ဒ်မြို့အနီးက သိမ်းမြစ်ထဲမှာ ပြုလုပ်တဲ့ သိက္ခာထပ်ပွဲဟာ ဆရာတော်အတွက် အမှတ်တရ အဖြစ် သမိုင်းဝင်စေမဲ့ ပွဲတခုပဲ မဟုတ်လား။ ဒါ့ပြင် ဒီပွဲမှာ နိုင်ငံခြားသား တဦးလည်း ရဟန်းခံ ပဉ္ဇင်းတက်ပါသေးတယ်။ နိုင်ငံခြားသား ဦးပဉ္စင်းက သာသနာ့ဘောင်မှာ မပျော်ရင် ၃လ၊ ပျော်ရင် ရာသက်ပန် ၀တ်မယ်လို့ ဆိုပါတယ်။

ကျမမှာ ကံမကောင်းချင်တော့ ဒီလို ကြုံတောင့်ကြုံခဲ ပွဲကို လိုက်ပါဆင်နွှဲခွင့် မကြုံခဲ့ရပါဘူး။ စနေနေ့ပေမဲ့ သင်တန်းတခု တက်နေရတာကြောင့် အင်မတန် နွှဲချင်တဲ့ ဒီပွဲနဲ့ လွဲခဲ့ရပါတယ်။ ဒါပေမဲ့ စားသောက်ဖွယ်ရာများ တတပ်တအား ချက်ပြုတ်ပေးခဲ့တယ်၊ သိမ်ဆင်းလောင်းဖို့ ပစ္စည်းဝယ် ထည့်သိုထုတ်ပိုးနဲ့ မနေ့က တနေ့လုံး မအားရပါဘူး။ ကိုယ်မလိုက်ရပေမဲ့ ကိုယ့်ဒါနလဲ ပါဝင်တာမို့ ကုသိုလ်တော့ ရမှာပါပဲလို့ ဖြေသိမ့်ခဲ့ရပါတယ်။ ဒီပွဲကိုသွားနိုင်တဲ့ ကျမ အမကိုပဲ ကင်မရာလေးပေးပြီး ပုံလေးတွေရိုက်ပေးဖို့ တောင်းဆိုထားတာကြောင့် သူရိုက်ပေးတဲ့ ပုံလေးတွေကိုသာ ရသေ့စိတ်ဖြေ ကြည့်နေရပါတော့တယ်။ ဘလော့ဖတ်သူများလဲ ပုံတွေကြည့်ရှု မုဒိတာပွါးစေဖို့ ဝေမျှလိုက်ပါတယ်။
***

နိုင်ငံခြားသား ဦးပဉ္စင်း၊ တိပိဋကဆရာတော် ဦးဂန္ဓမာလာ လင်္ကာရ၊ အောက်စ်ဖို့ဒ်ဆရာတော် ဦးဓမ္မသာမိ

ဒီသင်္ဘောကြီး တူတူစီး

သိမ်းမြစ်ရိုးတလျှောက်

ရေသိမ်ထဲမှာ ကမ္မ၀ါ

သံဃာအများ ရွတ်ဖတ်ပွါး

သိမ်ဆင်း လောင်းလှူ ကုသိုလ်ယူ

ပြုံးပျော်ဆင်နွှဲ ထိုသည့်ပွဲ

ဆွမ်းမစားမီ ရွတ်ဖတ်သည်

ဤသည့်စားဖွယ် အမယ်မယ်

စားသောက်ဖွယ်ရာ အဖြာဖြာ

မြတ်သောသံဃာ စုံလင်စွာ

အလှူ့ရှင်များ မုဒိတာပွါး
***
ဆရာတော်က စာသင်ကြားမှု ပြီးဆုံးပြီမို့ ဒီဇင်ဘာလမှာ မြန်မာပြည်ကို ပြန်ကြွပါတော့မယ်။ ဆရာတော် မပြန်ခင် နှုတ်ဆက်ပွဲမှာ ထုတ်ဝေမယ့် စာအုပ်အတွက် ကျမက ကဗျာတပုဒ် ရေးထားပါတယ်။ ဆရာတော် ဘီဘီစီ မိုဘီဂျီနိုအစီအစဉ်မှာ ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အခြေခံရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***

သိမှတ် လုံးစုံ၊ အဖုံဖုံလျှင်၊ အကုန်စင်သိ၊ ပညာရှိဖို့၊ တိပိဋက၊ မြတ်ဆန္ဒသန်၊ ရည်ရွယ်ကြံ၍၊ ဖန်ဖန်ကျိုးကုတ်၊ အားသွန်ထုတ်၏၊ ခက်သည့်ပုစ္ဆာ၊ မေ့လျော့ပါလည်း၊ ခါခါလေ့ကျက်၊ ဉာဏ်ရည်ထက်အောင်၊ စွမ်းဆောင်လုံ့လ၊ ၀ီရိယနှင့်၊ “ဓားမ-တိုပေ၊ ပြစ်ဆိုနေကာ၊ ဓားရှည်မျှော်မှန်း၊ မရော်ရမ်းနှင့်၊ ရှေ့လှမ်းတက်ခုတ်၊” ဤဆောင်ပုဒ်ထုံး၊ သွင်းနှလုံးဖြင့်၊ ကျင့်သုံးကြိုးစား၊ သင်ကြားလေသော်၊ သက်တော် သုံးဆယ်၊ ကျော်သည့်ရွယ်တွင်၊ အောင်မြင်ပန်းတိုင်၊ ဆွတ်လှမ်းနိုင်ဘိ၊ တိပိဋက၊ ဘွဲ့တော်ရသည်။ ။ စံပြအာဇာနည် တကား။

ပိဋကတ်သုံးပုံ၊ အာဂုံတတ်ကျွမ်း၊ မြတ်ရဟန်းလျှင်၊ ပင်ပန်းခံကာ၊ သာသနာကျိုး၊ ရွက်သယ်ပိုး၍၊ ကိုယ်ကျိုးမငဲ့၊ စွန့်လွှတ်ခဲ့ပြီး၊ မညည်းမညူ၊ တာဝန်ယူသည်၊ ရှင်လူအများ၊ ကောင်းစေအားတွက်၊ ကြိုးစားရွက်ဆောင်၊ မင်းကွန်းတောင်မှာ၊ ဓမ္မနာဒ၊ နာယကအဖြစ်၊ ဆောင်ရွက်လှစ်ကာ၊ သာသနာပြု၊ ရှေ့ရှုစီမံ၊ နိုင်ငံရပ်ခြား၊ ဟောကြားတလီ၊ တိုင်းပြည်အတွင်း၊ ဟောကြားရင်းဖြင့်၊ ထွန်းတင့်သာသနာ၊ စည်ပင်ဖြာအောင်၊ ရည်ကာကြိုးစား၊ ထင်ရှားထိုထို၊ ပုဂ္ဂိုလ်ကျော်စွ၊ ဘွဲ့နာမသည်။ ။ ဂန္ဓမာလာ မည်တကား။

နိပါတ်ထုံးပုံ၊
သုံးသပ်ခြုံကာ၊ ဥပမာတင်၊ ဟောခဲ့လျှင်မူ၊ အရှင်ပုဏ္ဏ၊ မြတ်လှမထေရ်၊ ဖြန့်ဝေသာသနာ၊ ပြုသောခါတွင်၊ ဆင်ခြင်နှလုံး၊ ပမာသုံး၍၊ “မိမိရှေ့မှာ၊ ဆိုဆဲလာလည်း၊ တော်ပါလေစွ၊ မရိုက်ကြသေး၊ ရိုက်နှက်ဘေးသင့်၊ ခဲဖြင့်မပေါက်၊ ခဲရောက်ပြန်ငြား၊ တုတ်ဓားလက်နက်၊ အသက်မသတ်၊ သတ်ဖြတ်ပြန်သော်၊ အရတော်စွ၊ အသုဘကမ္မဋ္ဌာန်း၊ စီးဖြန်းဖို့ရာ၊အကျိုးသာတည့်၊” နည်းနာယူတု၊ အမှုသာသနာ၊ ဆောင်ရွက်ရာတွင်၊ ရှုမြင်သည်းခံ၊ ဇွဲသန်လုံ့လ၊ အသုံးချသည်။ ။ ဓမ္မသာယာ စည်တကား။

***
မေဓာဝီ
၂၊ ၁၀၊ ၂၀၁၀
၂၃း၀၂ နာရီ
မှတ်ချက်။ ။ ကဗျာကို ဖတ်ရှု ပြင်ဆင်ပေးသော ကိုဟယ်ရီနှင့် အချက်အလက်များ မမှားယွင်းရအောင် ပြောပြပေးသော တုံးဖလား သူကြီး ကိုကိုမောင်တို့အား ကျေးဇူးအထူးတင်ပါကြောင်း။

Read More...