ဒီကနေ့မနက် အဖေ့အခန်းက စာအုပ်စင်ကို မွှေနှောက်ရင်း ဒီစာအုပ်ကလေးကို တွေ့တော့ အဖုံးပေါ်က စာအုပ်နာမည်ကို ကြည့်ပြီး စိတ်ဝင်စားသွားတယ်။
အောက်နားမှာ ၀ံသာနု-ဦးပျိုင် လို့တွေ့တော့ ၀ံသာနုဦးပျိုင် ရေးတာများလားလို့ ထင်မိပါသေးတယ်။ နာမည်ကို ဖတ်ပြီး … နိုင်ငံရေးနဲ့ဆိုင်တဲ့ စာအုပ်လား … တက်ကျမ်းလိုမျိုးလား … ဇဝေဇ၀ါ အတွေးနဲ့ အတွင်းစာမျက်နှာကို လှန်လှောကြည့်တော့ ရေးတဲ့ပုဂ္ဂိုလ်က “အရှင်ကေလာသဖ” တဲ့။ ဓာတ်ပုံနဲ့တကွ တွေ့ရပါတယ်။ ၀ံသာနု-ဦးပျိုင်က စာအုပ်ရဲ့ မူပိုင်ရှင်ပါ။ ထုတ်ဝေတဲ့ခုနှစ် သက္ကရာဇ် တခုကိုမှ ရေးထားတာ မတွေ့ရပါဘူး။ အဘိုး ၁-ကျပ် ၈-ပဲ ဆိုတာပဲ တွေ့ရတယ်။
ဒါနဲ့ပဲ နိဒါန်းကို အရင်ဖတ်ကြည့်ပြီး သဘောကျတာနဲ့ ဘလော့မှာ တင်လိုက်တာပါ။
ထုတ်ဝေထားတဲ့ ကာလကြာရှည်ပြီ ဖြစ်တဲ့အတွက် စာအုပ်ကလေးကတော့ မြင်တဲ့အတိုင်းပါပဲ၊ ရုပ်ဆင်းအင်္ဂါ ချို့တဲ့မွဲတေနေရှာပေမဲ့ အတွင်းက စာတွေကတော့ အလွန်အဖိုးတန် အနှစ်သာရရှိတဲ့ စာတွေဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးသူများ ရှိချင်လည်း ရှိပါလိမ့်မယ်။ အခုလို ဘလော့မှာ တင်ရခြင်းဟာ ကျမကဲ့သို့သော မဖတ်ဖူးသေးသူများကို ဝေမျှလိုတဲ့ အတွက်သာ ဖြစ်ပါတယ်။ လောလောဆယ်တော့ နိဒါန်းသာ အရင်တင်ပါဦးမယ်။ ကျန်တာတွေကိုတော့ အနှစ်ချုပ်ပြီး တပတ်ခြားဖြစ်ဖြစ် နည်းနည်းချင်း တင်နိုင်အောင် ကြိုးစားပါမယ် … ။
***
နိဒါန်းစကား
“ဗိုလ်လုပ်လိုသလား” ဆိုသော စာအုပ်ကို ရေးသားလိုက်ရခြင်းကား လူ့ရွာလောက၌ ဗိုလ်လုပ်ချင်သော သူတို့ကို တွေ့မြင်ကြားသိ ရသောကြောင့် ဖြစ်ပေ၏။ ဗိုလ်လုပ်လိုသော သူတို့သည် ဗိုလ်စစ်နှင့် ဗိုလ်တုကို ခြားနားစွာ သိဖို့ အရေးကြီပေ၏။ ဗိုလ်တုကို ဗိုလ်စစ် မှတ်ထင်နေကြကုန်သော သူတို့သည် ဗိုလ်လမ်းလွဲကာ ဗိုလ်ကောင်းမဖြစ်နိုင် ကြပေ။ ယခု ရေးသားသော စာအုပ်သည် ဗိုလ်တုနှင့် ဗိုလ်စစ် ကွဲပြားခြားနားစွာ သိနိုင်ပေသည်။ ဗိုလ်လုပ်လိုသော သူများသည် ဤစာအုပ်ကို ဖတ်ရှုက တကယ်ဗိုလ်ကောင်း ဗိုလ်စစ် ဖြစ်ပေလိမ့်မည်။
ဗိုလ်လုပ်လိုသလား ဆိုသော စာကို ရေးလိုသောအချိန်က ဆရာကြီး ဦးအောင်မြတ်ထွတ်ကို သတိရမိလေ၏။ အကြောင်းမှာ ဆရာကြီး ကွယ်လွန်မည့်ရက်နှင့် ၂-လ ကွာလောက်မှာ ကျွန်ုပ်၏ ချောင်းဆိုလျှင် သွေးထွက်ခြင်း၊ ၀မ်းတွင်းမှာ နေထိုင်မကောင်း, ကသိကအောက် ဖြစ်နေသော ရောဂါတို့ကို ပျောက်ကင်းအောင် ကုသပေးသော ရန်ကုန်မြို့ ၁၁၉-လမ်း အမှတ် ၄၃နေ ဆေးဆရာကြီး အဘိဓမ္မာ ဆရာကြိုင်, အရှင်ဣန္ဒောတို့နှင့် အတူ၊ ဆရာကြီးထံသို့ သွားရောက်၍ တကြိမ်တွေ့ဘူးလေ၏။
ရှေးမဆွက မတွေ့မမြင်ဘူးသော်လည်း မြင်လျှင်မြင်ခြင်း ဆရာရင်း တပည့်၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်လေးစားစွာနှင့် ကျွန်ုပ်အလိုရှိသော အမေးပြဿနာတို့ကို (ဟုတ်မှ ဟုတ်ပါ့မလားဆိုသော တွေးတောမှုမှ ကင်းမဲ့သော အဖြေတို့ကို ပြောဆို ဖြေလေ၏။) ထိုဆရာကြီး ဖြေဆိုလိုက်သော အဖြေတို့တွင် ကျွန်ုပ်အဖို့ တန်ဖိုးများလှသော ဂါထာသုံးပုဒ် ပါရှိလေ၏။
ကျွန်ုပ်ဤစာကို ရေးလိုသောအချိန် ဆရာကြီး ပေးဖြေလိုက်သော ဂါထာတို့ကို ဗျဉ္ဖနဗုဒ္ဓိ ညှိ၍ သံစုံကြူးလိုက်သောအခါ တဖြတ်ဖြတ်နှင့် လန့်မတတ် ဖြစ်သော အံ့သြဖွယ်တို့သည် ကျွန်ုပ်၏ ကြည်လင် ပြောင်လက်လှသော နှလုံးအိမ်အတွင်းသို့ စူးစိုက်ခိုအောင်း တည်နေလျက် ကင်းမဲ့သော ကြောက်ရွံ့ခြင်းကို မျက်နှာပြုနေသော ကျွန်ုပ်ဉာဏ်နှင့် ညာလက်တို့သည်ကား တခါတည်း သွက်လက်လာ၍ ဤဗိုလ်လုပ်လိုသလား စာအုပ်ကို ရုတ်ချည်း ပြီးအောင် စိုင်းပြင်းလေ၏။ ထို့ကြောင့် - ဆရာကြီး ဦးအောင်မြတ်ထွတ်ကို သတိရ၍ ကျေးဇူးတင်ခြင်း ဖျောက်မရအောင် ဖြစ်ပေ၏။
ပေးလိုက်သော ဂါထာများကား အောက်ပါအတိုင်း ဖြစ်၏။
၁။ တတ်အောင် သင်။
၂။ မြင်အောင် ကြည့်။
၃။ သိမှ ရေး။
…. …. …. …. ဆိုသော ဂါထာတို့ဖြစ်ပေသည်။ ကျွန်ုပ်၏ မိတ်ဆွေများအဖို့ လက်ဆောင်အနေဖြင့် ဖော်ပြလိုက်ပါသည်။
တတ်အောင်သင်မှ …အောင်မြင်ကြမည်။
မြင်အောင်ကြည့်မှ …. ကိုယ်တွေ့ဖြစ်မည်။
ကိုယ်သိရေးမှ …. ကိုယ်ရေးပါမည်။
ကိုယ်တွေ့ဖြစ်မှ …. ကိုယ်သိပါမည်။
(အရှင်ကေလာသဖ)
***
(အမြည်း)
“ဗိုလ်လုပ်လိုသလား”
ဗိုလ်ဆိုသော စကားလုံးသည် ပါဠိဘာသာမှ ဆင်းသက်လာသော ဗလဟူသော ပုဒ်မှ ဗိုလ် ဖြစ်လာပေသည်။ ၎င်း ဗိုလ်ဆိုသော စကားလုံးသည် မြန်မာလို အဓိပ္ပါယ်မှာ အားဗလသတ္တိကို ဆိုပေသည်။ အားကောင်းသော အားကြီးသော သဘောကို ရပေသည်။ တနည်း- ဗိုလ်ဆိုတာ အနိုင်ဆုံး, အကြီးဆုံး,ရှေ့အကျဆုံး အထက်အရောက်ဆုံးများကိုလည်း ဗိုလ်ဟု ဆိုနိုင်သေး၏။ အမှန်အားဖြင့် အစွမ်းကုန်နှင့် တန်းကုန်, လမ်းကုန်, အဆင့်အတန်းသို့ ရောက်နေသူများကို ဗိုလ်ဟု မှည့်ခေါ်ကြကုန်၏။ ဗိုလ်လို့ သမုတ်ကြသော၊ သို့မဟုတ် ဗိုလ်ဟု သမုတ်ခံရသော သူတို့သည် အားလုံးသော သူတို့ထက် အကြီးဆုံး အထက်တန်း အရောက်ဆုံး သူများ ဖြစ်ကြပေကုန်၏။
ထိုဗိုလ်ဆိုသော အမည်များသည် လောကကြီးတခွင်မှာ အမြဲတမ်း ထင်ပေါ်လို့ နေကြကုန်၏။ အရာဝတ္ထုတိုင်းမှာပင် ဗိုလ်ဆိုသော နာမည်ရှိကြကုန်၏။ ရှိပုံမှာ … ဤတောင်ကြီးသည် အားလုံးသော တောင်တို့ထက် ကြီးသဖြင့် (ဗိုလ်ပဲဟေ့…) ၊ ဤတုံးကြီးသည် အားလုံးသော တုံးတို့ထက် ကြီးသဖြင့် (ဗိုလ်ပဲ …) အစရှိသဖြင့် အကြီးဆုံး များကို ဗိုလ်လို့ သမုတ်ကြကုန်၏။ အသက်ရှိသော သတ္တ၀ါတို့မှာလည်း ထိုဗိုလ်ဟူသော နာမည်ကို မှည့်ခေါ်ကြကုန်၏။ ဒီကျွဲအုပ်ထဲ၌ ဟောဒီကျွဲကြီးဟာ (ဗိုလ်ပဲ …)၊ ဒီနွားကြီးဟာ (ဗိုလ်ပဲ….)၊ ဒီဆင်ကြီးဟာ (ဗိုလ်ပဲ ….) စသည်ဖြင့် တိရစ္ဆာန်များပင်လျှင် ဗိုလ်ဘွဲ့ထူးရှိကြကုန်၏။
***
အမြည်းကိုတော့ ဒီလောက်နဲ့သာ ကျေနပ်ကြပါဦး။
***
စာရိုက်ပြီးချိန် …
၁၉၊ မေ၊ ၂၀၀၇
ည ၁၀ နာရီ ၃၇
Sunday, May 20, 2007
Subscribe to:
Post Comments (Atom)
7 comments:
မမေ အမြည်းကလဲဗျာ..တန်းလန်းကြီးလုပ်သွားတယ်.. ကျွန်တော်က ဖတ်ပြီဆိုရင် မနက်မိုးလင်းထဲ့ အထိဖတ်တတ်တယ်။ ဥပမာ- ကိုရီးယားကားဆိုရင် မပြီးမခြင်းကြည့်တာ မနက်မိုးလင်းသွားရော..မကြည့်ဘူးဆိုရင်လည်း လှည့်တောင်မကြည့်ဘူးဗျ..မျှော်နေပါသည်။
၁။ တတ်အောင် သင်။
၂။ မြင်အောင် ကြည့်။
၃။ သိမှ ရေး။
ဂါထာလေး .. အရမ်းကောင်းတယ်
There are a lot of people who do know anything and yet they want to jump to conclusion and they are doing "copy and paste" from other people' blog.
Shame on them!!
For some people .. they are trying to be "loud" only on online but when you see them outside, they are just retarded and they do not even know how to socialize/ civil talk with others.
Thanks ma may.
ကျွန်တော် ကြားဖူးတဲ့ ဟာသလိုလို ဆိုစကားတစ်ခုကို သဘောကျမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို့ ဗ ထက်ချိုက်နဲ့ ပေါင်းပေမယ့်၊ အခုခေတ် တပ်မတော် အရာရှိ တချို့ကို ကျတော့ ဗ ထက်ချိုက်နဲ့ ပေါင်းရမှာ မတန်လို့ ဘိုယ် ဆိုပြီး ပေါင်းသတဲ့။ ဗိုလ်ဆိုတာ ဗလငါးတန်နဲ့ ပြည့်စုံသူကို ခေါ်ထာမို့ ဘိုယ် ဆိုတာဟာ ဘယ (ဘေးဘယာ အန္တရာယ်) လို့ ဆိုလိုချင်လို့ ဆိုပဲ။ :D
စာအုပ်ကို ကြည့်ရတာ တော်တော်လေးကို ဂရုတစိုက်နဲ့ သတိထားကိုင်ရမယ့် သဘောရှိတယ်။ ဆွေးတောင် နေပြီ။ စာအုပ်ကသာ ဆွေးတာ စာတွေက မဆွေးဘူး။ ဗိုလ်သိပ်လုပ်ချင်တဲ့ လူတွေကို အဖတ်ခိုင်းရမယ်။ အစွမ်းကုန်၊ တန်းကုန်၊ လမ်းကုန် အဆင့်အတန်းကို ရောက်နေရင် ဗိုလ်လို့ သမုတ်ရမယ်ဆိုတာမှာ ကမ်းကုန်လို့တောင် ထပ်ကွန့်လိုက်ချင်သေး။
ကိုပုရဲ့ စာလုံးပေါင်းကိုတော့ သဘောကျသွားပြီဗျို့။ ကျနော်က အရင်တုန်းကတော့ စစ်ဘို၊ ဘိုမှူး။ အဲလိုပေါင်းတယ်။ အခု ကိုပုရဲ့ ဟာသအရဆိုရင် စစ်ဘိုလ်၊ ဘိုလ်မှူး။ မိုက်တယ်ဗျာ.။ :P
ကိုစေးထူးရေ ယပက်လက် သတ်နော်၊ လ သတ် မဟုတ်ဘူး။ :D ကျွန်တော်တော့ သူတို့ကို ဗိုလ် လို့ ပေါင်းတုန်းပဲ၊ ဒါမှ ပညတ်သွားရာ ဓာတ်သက်ပါပြီး ပြောင်းလဲလာမလားလို့ :(
Thank You so much Ma Maydar.
Post a Comment