Friday, April 18, 2014

ခရေရိပ်မှာ ...


ဒီကဗျာလေးကို မနှစ်က ရေးခဲ့ပါတယ်။

မနှစ်က မတ်လထဲမှာ တရားစခန်းဝင်တော့ နေရတဲ့ အဆောင်ရဲ့ မျက်နှာချင်းဆိုင်မှာ ခရေပင်ပျိုကလေး တပင် ရှိတယ်။ ရိပ်သာတဝင်းလုံးလည်း ခရေပင်တွေ အများကြီးပါပဲ၊ ခရေပွင့်ချိန်ဆိုတော့ တဝင်းလုံး မွှေးလို့ပေါ့။ တရားထိုင်ရာ ဓမ္မာရုံက ပြန်ရင်ပဲ ဖြစ်ဖြစ် ဆွမ်းစားဖို့ တန်းစီရင်ပဲဖြစ်ဖြစ် ခရေပင်တွေ အောက်က ဖြတ်သွားရတဲ့အခါတိုင်း ကြွေကျနေတဲ့ ခရေပန်းလေး တချို့ကို သတိလက်လွတ် ကောက်ယူရင်း မာလာဂန္ဓသိက္ခာပုဒ်တွေလဲ တခါတလေ ကျိုးပေါက်ခဲ့ရတယ်။

နေ့စဉ် ကိုယ့်အဆောင်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တဲ့အခါ လူသွား လမ်းကလေးပေါ်မှာ ကြွေနေတဲ့ ခရေပန်းလေးတွေကို တံမြက်စည်းနဲ့ လှည်းရတိုင်း စိတ်ထဲက တိတ်တိတ်ကလေး တောင်းပန်ရင်း ပန်းကြွေလေးတွေအတွက် စိတ်မကောင်း ဖြစ်မိသေးတယ်။ မြေပေါ် ကြွေနေတဲ့ ပန်းလေးတွေကို သူများတွေ နင်းသွားမှာ မလိုလားသလို အမှိုက်အဖြစ်လဲ မလှည်းရက်ပါဘူး။


တရားစခန်းနောက်ဆုံးနေ့ ညဘက် တရားဖြုတ်အပြီးမှာတော့ ပန်းကြွေလေးတွေကောက်ပြီး ရေဆွတ်ထားတဲ့ လက်သုတ်ပဝါလေးနဲ့ ထုတ်ထားရင်း ခရေပန်းလေးတွေနေရာက ခံစားတွေးတော နေမိတယ်။ ပန်းကြွေလေးတွေကို ဘယ်သူကများ တယုတယနဲ့ တန်ဖိုးထားကြမှာပါလိမ့် ... ။

တန်ဖိုးကြီးတဲ့ သဇင်ပန်းလို ပန်းမျိုးတွေနဲ့ ယှဉ်ရင် အညတြ ခရေပန်းလေးတွေကို လူတွေက တန်ဖိုးထား မြတ်နိုးကြပါ့မလားလေ။ အညှာမခိုင်လို့ဘဲ ဖြစ်ဖြစ်၊ လေခြွေလို့ပဲ ဖြစ်ဖြစ်၊ အချိန်တန်လို့ပဲ ဖြစ်ဖြစ်  မြေပေါ် ကြွေကျ ရရှာတဲ့ မာနမဲ့တဲ့ ပန်းလေးတွေကို တစုံတယောက်ကသာ ကရုဏာသက်စွာ ရွေးချယ်မယ် ဆိုရင် ... သူတို့ ပျော်ကြမှာပါပဲ ... ။

ခရေပန်းကလေးနဲ့ ခရေပန်းကို မြတ်နိုးတဲ့သူ နေရာက ခံစားပြီး ဒီကဗျာကို ရေးဖွဲ့ ခဲ့ပါတယ်။
(၁၈၊ ၀၄၊ ၂၀၁၄)
***
ခရေရိပ်မှာ

ညဥ့်ဦးက ပန်းခရေ၊
လမ်းထက်မှာ ကြွေ။
နမ်းမပြေ ...
ပန်ေးကြွ တမင်ကောက်သူမို့
ကြောက်ပါနဲ့လေး ... ။

နံနက်က ပန်းသဇင်၊
စန်းတင့် မာန်ဝင်။
ပန်းဘုရင် ...
နန်းဝင်သည့် ပန်းဟာမို့
မောက်မာနဲ့လေး ... ။

ခရေနှင့် ပန်းသဇင်၊
လှမ်းမယှဉ် လွန်ကွာဝေးတာမို့
တုဘက်မမြင်။
နန်းတော်ဝင်
သဇင်မို့ မယှဉ်အား၊
မယ့်သခင် တော်ဝင်ပန်းကို
လှမ်းလိုက်မှာလား ... ။

အားငယ်နဲ့ ခရေရှင၊်
ပန်းတော်ဝင် သဇင်မင်းကို
ယွင်းစိတ်မဝင်၊
မောင့်ရင်ခွင်
စဉ်သဖြင့် ချိုမွှေး
ပန်းခရေ ပင်ပျိုရိပ်မှာ
ချွေးသိပ်မယ်လေး ... ။
***
မေဓာဝီ
၃၀၊ ၀၃၊ ၁၃
၁၅း၁၅ နာရီ

Read More...

Wednesday, April 09, 2014

ပိတောက် ၂၀၁၄ ...

...
ခြေသံမကြား ... တံခါးမခေါက်ဘဲ
ပိတောက်တွေ ကိုယ့်ဘေးနား
အမွှေးသား ရောက်လာတယ် ... ။
.

စွဲလမ်းရတဲ့ အဆင်း ... သင်းပျံ့လှတဲ့ ရနံ့
မက်မောခဲ့ရ အခါခါ
ဘယ်နေရာ ရောက်ရောက်
မေ့ပျောက်လို့မရတာ ... ဟော့ဒီ ပိတောက်ဝါ ... ။
.

မိုးကို မျှော်တဲ့ ပိတောက်ပန်း
မိုးရေစင် မပက်ဖြန်းဘဲ
နွေနေမှာ လန်းဆန်းခဲ့။


ဖူး ပွင့် ရွက် ခက်ဖြာ
စုံညီစွာ တင့်တယ်
နွေလယ်မှာ သူပျော်
အတာသင်္ကြန်ရဲ့ အဖော် ... ။  


ပိတောက် အိပ်မက်
သင်္ကြန်ရက်ရှည်
နွေရွက်ကြွေလို
ဝါ ရွှေ ညို ရင့်
အလွမ်းတွေ သင့်ခဲ့တယ် ... ။
***
မေဓာဝီ
၉၊ ဧပြီ၊ ၂၀၁၄
၂၃း၃၄ နာရီ

Read More...

Thursday, April 03, 2014

ကြောင်ကလေး ... ကျနော်


တကယ်တမ်း ဘယ်တုန်းကမှ ကြောင်ကို မချစ်ခဲ့ဖူးပါဘူး။

ငယ်ငယ်ကတည်းက ကြောင်တွေ အများကြီးနဲ့ နေခဲ့ဖူးပေမဲ့ ပွတ်သီးပွတ်သပ် လာလုပ်ရင် အလွန်မုန်းတယ်၊ တညောင်ညောင် အော်သံကို နားညည်းတယ်၊ သူတို့ အညစ်အကြေးတွေကို ရွံရှာတယ်။ ပြီးတော့ ကြောင်ဆိုတာ ခွေးတွေလောက် သခင့်ဒဏ်ကို မခံဘူး ... အိမ်ပူရင် ထွက်ပြေးတယ် ဆိုတဲ့ စကားကလဲ စိတ်ထဲမှာ စွဲနေလို့ တော်ရုံတန်ရုံ ကြောင်ကို မချစ်ခဲ့ဘူး၊ စိတ်လဲ မရှည်ခဲ့ဘူး။ သနားစရာ ကြောင် သတ္တဝါလေးတွေဟာ ကျမအတွက်တော့ အမြင်ကပ်စရာ ဖြစ်နေခဲ့ပါတယ်။

သခင်ကို တွယ်တာလို့ ပွတ်သီးပွတ်သပ်လုပ်တာ ... သခင်ကို ပူဆာဖို့ တညောင်ညောင် အော်တာ ... သခင်ကို ချစ်စနိုးနဲ့ ဆိုးနွဲ့တာ ... သခင်အလိုမကျလို့ အော်ငေါက်ရင် နားလည်သလိုမျိုး မျက်နှာလေး ငယ်သွားတာ ... တကယ်တော့ ကြောင်လေးတွေက အလိုက်မသိတဲ့ ကလေးဆိုးလေးတွေ လိုပါပဲ။ တခါတလေ ကိုယ်တိုင်လဲ ဒီလိုမျိုး ဖြစ်ရင် ဖြစ်ဖူးလိမ့်မယ် မဟုတ်လား။ အဲဒီလိုတွေးလိုက်တော့ ကြောင်လေးတွေကို သနားသွားတယ်။ ကြောင်လေး နေရာက ခံစားရင်း ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာပါပဲ။ ကြောင်ကလေး ကျနော် ... တဲ့။
***

ကြောင်ကလေး ... ကျနော်


အနားမှာရပ်ပြီး
ပွတ်သီးပွတ်သပ်
ကပ်ကပ်ပြီးလဲ ချွဲတတ်တယ်။

တစာစာ တလောင်လောင်
ညောင်ညောင် အသံပေး
အရေးလဲ ဆိုတတ်တယ်။

စိတ်ထင်ရင် အပိုးကျိုး
စိတ်မထင်ရင် အမျိုးမျိုး
တခါတလေလဲ ဆိုးတတ်တယ်။

ရိုက်ပုတ် ဆူငေါက်
အော်ဟောက်တဲ့အခါ
မျက်နှာလဲ ငယ်တတ်တယ်။

ချစ်ရင်မြှူ မုန်းရင်ဆူ
ငြူစူရင် ဝမ်းနည်း
မျက်ရည်လဲ ဝဲတတ်တယ်။

သခင်ရဲ့အနားမှာ
တဖဝါးမခွါ နေချင်ပေမဲ့
ထားခဲ့လဲ ခံရတတ်တယ်။

သခင့်ရဲ့ခြေရင်း
ဝပ်ဆင်းရစ်ခွေ
နေရတဲ့ ဘဝမှာပျော်
တညောင်ညောင် … အော်တဲ့
ကြောင်ကလေးဟာ … ကျနော် … ။ … ။
***
မေဓာဝီ
၃၊ ဧပြီ၊ ၂၀၁၄
၁၇း၃၅ နာရီ

Read More...