အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေသတဲ့ … ။ ဟုတ်ပါ့မလား … ကျမမှာ သံသယတပိုင်းတစနဲ့ … ။
***
အနမ်းပွင့်လေးတွေဟာ ကျမတို့မိသားစုအတွက်တော့ မထူးဆန်းခဲ့ပါဘူး။ ကျမတို့ ငယ်ငယ်ကတည်းက အဖေက အမေအပါအ၀င် သားသမီးတွေကို ချစ်မြတ်နိုးစွာ တယုတယ အမြဲတမ်း မွှေးမွှေးပေးနေကျ၊ ကျမတို့ကလည်း အဖေနဲ့ အမေ့ရဲ့ ပါးပြင်တွေကို တရွှတ်ရွှတ် နမ်းနေကျ။ ချစ်ခြင်းမေတ္တာတွေ ထုံလွှမ်းတဲ့ မိသားစု အနမ်းတွေနဲ့ ယဉ်ပါးခဲ့တဲ့ ကျမဟာ အနောက်တိုင်းက ပွေ့ဖက် နမ်းရှုံ့ခြင်းတွေကိုတော့ ရုတ်တရက် စိမ်းသက်နေခဲ့တယ်။ မိသားစုဝင် မဟုတ်တဲ့ ကျား-မ မရွေး ရင်ချင်းအပ်ပွေ့ဖက်ပြီး ပါးချင်းကပ် နမ်းရှုံ့တဲ့ အလေ့အထမှာ နေသားမကျခဲ့ဘူး။ ကျမတို့ရဲ့ မြန်မာမှု မြန်မာဓလေ့နဲ့ မနီးစပ်လှတဲ့ ဓလေ့ထုံးစံ မဟုတ်လား။
ကျမ ဘိလပ်ကို စရောက်တော့ မန်ချက်စတာ လေဆိပ်မှာ လာကြိုတဲ့ အမလတ် အမျိုးသား ဥရောပသားကြီးက တွေ့တွေ့ချင်း ၀မ်းသာအယ်လဲ ပွေ့ဖက်နှုတ်ဆက်ဖို့ လက်ကြီးကားလာပေမဲ့ ဒီယဉ်ကျေးမှုကို နားမလည်တဲ့ကျမ နောက်တွန့်ရင်း အသာရှောင်လွှဲခဲ့မိတယ်။ အားနာရကောင်းမှန်းလဲ မသိခဲ့ပါဘူး။ ခင်မင်မှုအရပဲဖြစ်ဖြစ် ထုံးတမ်းစဉ်လာအရပဲဖြစ်ဖြစ် နှုတ်ဆက်တဲ့အနမ်းနဲ့ ပွေ့ဖက်ခြင်းတွေဟာ အမှန်တကယ်လိုအပ်လို့လား … လို့ တွေးနေမိခဲ့သေးတယ်။
ဘိလပ်မှာ ပထမဆုံး တက်ရတဲ့ ကျောင်းက ကျောင်းအိပ်ကျောင်းစား နေရတာမို့ကမ္ဘာအနှံ့အပြားက လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရပြီး သူ့ဓလေ့ ကိုယ့်ဓလေ့ ရှင်းပြ ပြောပြ ဖလှယ်ကြရင်း တဖြည်းဖြည်း ဒီအလေ့အထတွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဒါပေမဲ့လဲ ဒီပွေ့ဖက်နမ်းရှုံ့မှုဟာ ကျမအတွက် တော်တော်နဲ့ အထာမကျခဲ့သလို ဒါဟာ လိုအပ်ချက်တခုလို့လဲ မထင်ခဲ့မိဘူး။
***
ကျမအမလတ်က အလုပ်ထဲမှာ စိတ်ရှုပ်စရာတခုခုနဲ့ ကြုံလာတဲ့ တရက်မှာတော့ … “နင် ငါ့ကို ခဏလောက် ဖက်ထားပေးနိုင်မလား” … လို့ ကျမဆီ တောင်းဆိုလာပါတယ်။ ကျမစိတ်ထဲမှာ…
“သြော် … သူက ဥရောသားနဲ့ အိမ်ထောင်ကျတော့ အနောက်တိုင်း အလေ့အထတွေ နှစ်သက်နေပြီထင်ရဲ့” လို့ တွေးမိပေမဲ့ သူစိတ်ကျေနပ်အောင် ပွေ့ဖက်ပေးခဲ့တယ်။ ကျမပွေ့ဖက်အပြီးမှာတော့ သူက စိတ်ပြေသွားသလို ပြုံးပြီး ကျေးဇူးပဲလို့ ပြောခဲ့တယ်။ တကယ်ပဲ သူစိတ်သက်သာရာ ရသွားသလား … ကျမအတွေးထဲ ဇဝေဇ၀ါနဲ့ပါပဲ။
တခါတော့ ဦးရီးတော်က သူ့မိတ်ဆွေ လူဖြူအဘိုးကြီး တယောက်နဲ့ ကျမကို မိတ်ဆက်ပေးပါတယ်။ အဲဒီအဘိုးကြီးက ကျမကို ဖက်ပြီး ပြွတ်ခနဲ ပါးကိုနမ်းလိုက်တော့ ကျမမှာ မျှော်လင့်မထားတာမို့ အံ့သြသွားမိတယ်။ ကျမကြုံလေ့ရှိတာက ကျောကိုသိုင်းဖက်ပြီး ဘယ်ပြန်ညာပြန် ပါးချင်းအပ် နှုတ်ဆက်တာလောက်ပဲလေ၊ ဒါပေမဲ့ အဲဒီအဘိုးကြီးက ပါးကို ပြွတ်ခနဲနေအောင် နမ်းထည့်လိုက်ချိန်မှာ ကျမ ရုတ်တရက် လန့်သွားမိတာ အမှန်ပါပဲ။ လူချင်းခွါလိုက်တော့ သူက ကိုယ့်သမီးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ကြင်ကြင်နာနာ ပြုံးပြီး ကျမကို ကြည့်တယ်။ ကြင်နာတဲ့သူ့မျက်ဝန်းနဲ့ ချိုသာတဲ့ အပြုံးကြောင့် ကျမရဲ့ အံ့သြခြင်းတွေ လွင့်စင်သွားပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲ ပြန်လည်ပြုံးပြဖြစ်ခဲ့ပါတယ်။
***
ဒီလိုနဲ့ တဖြည်းဖြည်း ကျောင်းမှာ အဆောင်မှာ တစိမ်းတရံစာတွေနဲ့ ပွေ့ဖက်နှုတ်ဆက်ရတဲ့ အလေ့အထကို အသားမကျတကျအချိန် … ။
မိသားစုရဲ့ အဝေးက University of Huddersfield ဆိုတဲ့ တက္ကသိုလ်နယ်မြေမှာ ကျမ ကျောင်းစတက်ရပြီး ကိုယ်အကျွမ်းမ၀င်တဲ့ ဘာသာရပ်တွေ သင်ယူရချိန်မှာ စိတ်တွေ အမြဲ ရှုပ်ထွေး နေခဲ့တာမို့ ကျောင်းမပျော်တဲ့ ကျောင်းသားတယောက် ဖြစ်ခဲ့ရတယ်။ စာတွေက အမြဲခက်နေတယ်၊ တက္ကသိုလ်စတိုင် စာသင်တာမို့ ဘာမှလဲ နားမလည်ဘူး၊ သူငယ်ချင်းလဲ များများစားစားမရှိတဲ့ ကျမက အတန်းထဲမှာ အူကြောင်ကြောင်နဲ့ပေါ့။ မနှစ်သက်တဲ့ ဘာသာရပ်တွေကို သင်နေရပေမဲ့ ကျမချစ်တဲ့ ဆရာမ ခရစ်စတင်းရဲ့ Taxation ဘာသာရပ်ကိုတော့ ကျမက တော်တော်လေး သဘောကျတယ်။ တခြားဘာသာတွေမှာ အမှတ်နည်းပေမဲ့ Tax ကိုတော့ ကျမက စာမှန်မှန်လုပ်ခဲ့တာမို့ မကြောက်ခဲ့ဘူး။ တရက်တော့ အတန်းထဲမှာ စစ်တဲ့ progress test တခု ဖြေရတယ်။ တကယ့် exam situation အတိုင်း ဖြေရတာမို့ သေချာလဲ စာဖတ်ထားခဲ့တယ်၊ ဖြေပြီးတော့လဲ ကိုယ့်ကိုယ်ကိုယ် ဖြေနိုင်တယ်လို့ထင်ခဲ့တယ်။ တကယ်တမ်း အမှတ်လဲ ထွက်လာရော အောင်မှတ်ရဖို့ ၄ မှတ်လောက် လိုနေတယ်။
ကိုယ့်အဖြေလွှာ ကိုယ်ကြည့်ပြီး ကျမစိတ်ထဲ ၀မ်းနည်းသွားလိုက်တာ … အားငယ်သွားလိုက်တာ … သေချာဖတ်ထားပါရက်နဲ့ … ဆိုပြီး စိတ်မကောင်းလဲ ဖြစ်လိုက်တာ။ တကယ့်စာမေးပွဲကြီး မဟုတ်ပေမဲ့ တော်တော်လေး စိတ်ထိခိုက်ရတယ်။ ရင်ထဲ တနုံ့နုံ့ ခံစားရင်း စာကြည့်တိုက်ကို သွားတော့ ကျမသူငယ်ချင်း အာဖရိကန်သူ ဂျူလီနဲ့ တွေ့တယ်။ သူနဲ့ကျမက အတူစာကြည့်နေကျ။ သူ့ကိုမြင်တော့ … ဖြစ်ကြောင်းကုန်စင် ပြောပြရင်း ၀မ်းနည်းလာပြီး နှုတ်ဖျားက အလိုလိုထွက်သွားမိတဲ့ စကားက …
“ကျေးဇူးပြုပြီး ငါ့ကို ဖက်ထားပေးပါ ဂျူလီရယ်”
ကျမစကား အဆုံးမှာ ဂျူလီက ခြေတလှမ်းရှေ့တိုးပြီး ကျမတကိုယ်လုံးကို ကျစ်ကျစ်ပါအောင် သိုင်းဖက်ရင်း ပါးချင်းအပ်လို့ အနမ်းလေးတွေ ပေးတယ်။ သူ့ခန္ဓာကိုယ်က ထွားထွားကျိုင်းကျိုင်း ၀၀ဖြိုးဖြိုးမို့ ထွေးဖက်ထားတဲ့ သူ့ရင်ခွင်ထဲမှာ ကျမက အိဝင်နစ်မြုပ်နေသလိုပဲ၊ ဖက်ထားရင်းနဲ့ ဂျူလီက ကျမကျောကို ညင်ညင်သာသာလေး တယုတယ ပုတ်ပြီး နှစ်သိမ့်ပေးတော့ ကျမစိတ်ထဲ နွေးထွေး လုံခြုံမှုရှိသွားသလို အားရှိသွားသလို ခံစားလိုက်ရတယ်။ ကျေးဇူးပါ ဂျူလီ … ။
***
အဲဒီအချိန်ကစပြီး ပွေ့ဖက်နမ်းရှုံ့ခြင်းမှာ စိတ်မသိုးမသန့် မဖြစ်မိတော့ဘူး၊ ဒါဟာ တခါတရံမှာ လိုအပ်တယ်လို့လဲ နားလည်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်ရွံ့မိလို့ပေါ့။ အနမ်းတွေကို မယဉ်ပါးစဉ်က ကျောင်းမှာ Yoga သင်ပေးတဲ့ ဘရာဇီးသူ မမအစ်ဇဘယ်လ် ရှင်းပြဖူးတာ ပြန်အမှတ်ရမိတယ်။
“အနမ်းက အမျိုးမျိုးရှိတယ်လေ … မေရဲ့ … မိသားစုအနမ်း၊ သူငယ်ချင်းအနမ်း၊ သမီးရည်းစား လင်မယားအနမ်း၊ ထုံးတမ်းစဉ်လာအနမ်း၊ သံခင်း တမန်ခင်း အနမ်းတွေရှိသလို ငြိမ်းချမ်းရေးအနမ်း၊ လေးစားခြင်းအနမ်း၊ ဂုဏ်ပြုအနမ်း၊ နှစ်သိမ့်အနမ်းနဲ့ ချွေးသိပ်အနမ်းတွေလဲ ရှိသေးတယ် …
“သွေးသားမတော်စပ်တဲ့ အနမ်းဆိုတိုင်း ညစ်ညမ်းတာ မဟုတ်ဘူး မေ … အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေတယ် …”
***
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKddKjdUhf5tWFodkePKWGVlSHqqgRP3uvMekktVEbh8MiED7fzlDRGIVkCM0AykccX0FnCDmu1iCl83jEPWRJeMWc_H959logLkVxCXAzWxzrdjKSqv-t0aRmu_3MHWOotVywHw/s320/Obama-kissing-Aung-San-Suu-Kyi..jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPao1AWEW1Ksfn3JcddA73zg2rPpc4ABiigBNA-oEHzyQvWMbmV3SlZR1PJwmH8t793vcT1RwRPXoFdmbqHntdRQlhpQ2HCJByRLxE5fuXo3xqmtatzjFDOp0gOsk56u0QgJdZvg/s320/Barack%252BObama.jpg)
မနေ့က ရုပ်သံကနေ ဖျတ်ခနဲ မြင်လိုက်ရတဲ့ အနမ်းကတော့ မေတ္တာတရားရယ် လေးစားမှုရယ် ဂုဏ်ပြုခြင်းတွေ ရောယှက် ပေါင်းစပ်ထားတဲ့ ဂန္ထ၀င်အနမ်း သမိုင်းဝင်အနမ်းလို့ ဆိုရလေမလားဘဲ၊ မလိုသူ တချို့က အမနာပ ပြောကြပေမဲ့ ဒီအနမ်းပွင့်လေးတွေအတွက် ကျမကတော့ ဂုဏ်ယူစွာ ကျေနပ်စွာ ပီတိတွေ ဖြစ်နေမိပါတော့တယ်။
***
မေဓာဝီ
၂၀၊ ၁၁၊ ၁၂
မြန်မာစံတော်ချိန် ၂၂း၅၄ နာရီ