Monday, February 28, 2011

စိတ်ကျောင်းသူ

“ဒကာကြီးက တူမလေးရှိနေတော့ ဒါမျိုးတွေ ကိုယ်တိုင်လုပ်ဖို့ မလိုဘူးပေါ့။ ဘုန်းကြီးကတော့ ဘယ်သူမှမရှိလို့ ကိုယ်တိုင်လုပ်ရတာပဲ …”

စနေနေ့က ဘာမင်ဂန် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သွားစဉ် ဆရာတော့်ထံ ၀င်တွေ့တော့ ဆရာတော်က ကုဋီဆေးနေဖို့ လုပ်နေရင်းမှ ထွက်လာပြီး အထက်ပါအတိုင်း ဦးရီးတော်ကို ပြောလေသည်။ ဦးရီးတော်က အလိုက်အထိုက် ရယ်နေသော်ငြား ကျမကတော့ မလုံမလဲဖြင့် ခေါင်းငုံ့ကာ ပြုံးမိ၏။ တကယ်တမ်း ကျမက သန့်ရှင်းရေးလုပ်ရန် အလွန်ငြီးငွေ့သူ ဖြစ်သည်။ မဖြစ်မနေ လုပ်ရတော့မည့် အချိန်မှသာ ထလုပ်ပြီး မလုပ်ဘဲ နေလို့ရသမျှ အချိန်ဆွဲကာ ပေပေတေတေ နေလေ့ရှိသည်။ ထိုသို့ အကျင့်ရှိသည့် ကျမက ဦးရီးတော် အိမ်မှ အိမ်သာ ရေချိုးခန်းကိုလဲ ပြီးပြီးရော အပေါ်ယံမျှသာ ဆေးကြောသည်က များပြီး ဆေးရည်တွေ ဘလိခ်ျတွေ ဘာတွေနှင့် အသေအချာ မဆေးသည်မှာ ကြာပင်ကြာနေပြီ။

တခါတလေ ဦးရီးတော် ဆေးထားမှန်း သိလျက်နှင့် မသိချင်ယောင်လဲ ဆောင်မိသေးသည်။ မကြာသေးခင် ကတောင် ဦးရီးတော်က မနေနိုင်၍လားမသိ၊ မီးဖိုချောင်မှ sink ကို ကျမ အပြင်သွားနေတုန်း ဆေးထားပေးသည်။ ဒါတောင် ကျမက “သမီးက ဒီတပတ် ဟင်းချက်ပြီးမှ တခါထဲ ပေါင်းဆေးမလို့၊ ဟင်းချက်ရင် ပြန်ညစ်ပတ်အုံးမှာလေ” … ဟု ဆင်ခြေတက်လိုက်သေး၏။ ထို့ကြောင့် ဆရာတော်က အထက်ပါ စကား မိန့်လိုက်သောအခါ ကိုယ့်ဘာသာ မလုံ၍ ရှက်နိုးနိုး ဖြစ်မိလေတော့သည်။

ဘိလပ်ကို ရောက်ခါစ ဦးရီးတော်အိမ် ရောက်ရောက်ချင်း သူ၏ စည်းမျဉ်း စည်းကမ်းတချို့သည် ကျမအတွက် အတော်လေး အူကြောင်ကြောင် နိုင်လှပေသည်။ မျက်နှာသစ်သည့် ဘေစင်ကို သုံးပြီးလျှင် သတ်မှတ်ထားသည့် အ၀တ်ဖြင့် ရေခြောက်အောင် ပြန်သုတ်ရမည်၊ ရေချိုးသည့် bath tub ကို ကာထားသည့် မှန်ပြား တံခါးလေးကိုလည်း ရေချိုးပြီးတိုင်း ရေစက်တွေ တင်ကျန်မနေအောင် သုတ်ရမည်ဟု ဆိုသည်။ မီးဖိုထဲက ပန်းကန်ဆေးသည့် sink ကိုလဲ ထိုနည်းတူစွာပဲ သုံးပြီးလျှင် ရေပြန်သုတ်ရမည် … တဲ့။ မြန်မာပြည်မှာလဲ ဒါတွေ သုံးခဲ့တာပါပဲ၊ သို့သော် ထိုသို့ ရေသုတ်ခြင်း အလေ့အထ မရှိခဲ့သည်မို့ ကိုယ်အသုံးပြုပြီးတိုင်း ပြန်ပြန် သုတ်နေရသည်ကို မလုပ်ချင်၊ အပိုအလုပ်ဟု မြင်မိသည်။

အမှန်ကတော့ အပိုမဟုတ်ပါ၊ တကယ်ကို လိုအပ်ပါသည်။ ဘိလပ်က ရေတွေသည် ထုံးဓာတ်ပါတော့ ဘေစင်မှာ, မှန်ပြားမှာ တင်နေသည့် ရေစက်တွေက ကြာတော့ စွဲသွားတတ်သည်။ မသုတ်ဘဲထားလျှင် ရေနွေးအိုးမှာ ရေချိုးကပ်သလို limescale တွေက ဂျွတ်တက်လာတတ်သည်။ ဒါကြောင့်မို့လဲ သုတ်ခိုင်းတာ ဖြစ်သည်။ နောက်တော့လဲ ထိုသို့ ရေသုတ်ရတာ အသားကျလာပါသည်။ သို့ပေမဲ့ အပျင်းကြီးသော ကျမက သေချာမသုတ်၊ သုတ်သည် မည်ကာမတ္တ အ၀တ်ကလေးနှင့် ဟိုယမ်း ဒီယမ်း ပြီးပြီးရော သုတ်လိုက်သည်က များသည်။ ထိုအခါ ဘေစင်မှာ လိုင်းမ်စကေး တွေက မသိမသာ တက်လာပြီး ၀ါညစ်ညစ် ဖြစ်လာလေတော့၏။
***
ထိုနေ့က ဆရာတော့် အခန်းမှာ အိမ်သာ ရေချိုးခန်း ဆေးကြောပေးခဲ့ပြီး အိမ်မှာလဲ ဆေးရအုံးမယ်ဟု စိတ်ကူးဖြင့် မနေ့ကတော့ ဆေးဖြစ်သည်။ သေချာ မဆေးတာကြာတော့ တော်တော်နှင့် မပြောင်၊ ကောင်းမည်ထင်သည့် ဆေးရည်တွေသုံးပြီး အားစိုက်ဆေးရသည်။ အမြဲတမ်း ဆေးကြောနေလျှင် ဆေးရတာ ခုလောက် ပင်ပန်းမည် မဟုတ်။ ထိုသို့ ဆေးနေရင်း ရောက်တတ်ရာရာ တွေးမိရာက ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး ဆန်းစစ်မိ၏။ ကျမ စိတ်သည်လဲ ထိုသို့ပါပဲလား … ။

ကျမက စိတ်ကို သိပ်အလိုလိုက်လွန်းသည်။ ကိုယ့်ကိုယ်ကိုယ်လဲ ညှာလွန်းသည်။ ကိုယ့်ကိုယ်ကိုယ် ညှာသလို ကိုယ့်ကိုယ်ကိုယ်လဲ ညာခဲ့ပါသေးသည်။ ကျမ အမကတော့ “နင်က သရုပ်ဆောင်နေတာ” ဟု မကြာသေးခင်ကပင် ကျမကို ဝေဖန်ခဲ့သေး၏။ ဘာကြောင့်ဆို … ကျမ ကျောင်းမဖွင့်ခင် သူက ကျမကို စာတွေ ကြိုဖတ်ခိုင်းတော့ ကျမက ဖတ်စာအုပ် ဖွင့်၊ စာကြောင်းတွေ မျဉ်းသား၊ ဟိုက်လိုက်တွေလုပ်၊ မြန်မာလို အဓိပ္ပါယ်တွေ ဘေးနားမှာရေး၊ အဲဒီလိုတွေ ရှုပ်ပွနေအောင် လုပ်ထားသည်။ တကယ်တမ်း စာက ခေါင်းထဲ ရောက်တာမဟုတ်၊ ဒါပေမဲ့ စာအုပ်ကို ကြည့်လိုက်လျှင်တော့ စာဖတ်ထားသည့်နှယ်။

“မေးခွန်းသဘော နားလည်အောင် မေးခွန်းဟောင်းတွေ ဒေါင်းလုတ်လုပ် ပရင့်အောက်ထုတ်ပြီး အရင်ကြည့်ပါဆိုတာ ငါပြောသလိုမလုပ်ဘဲ ဖတ်စာအုပ်ကို ဘာလို့ ဖတ်နေရတာတုန်း”
သူက ဒီဘာသာရပ်တွေကို ကျော်ဖြတ် အောင်မြင်သွားပြီမို့ အတွေ့အကြုံ များစွာရှိပါသည်။ ကျမကတော့ သူ့လမ်းညွှန်ချက်ကို မလိုက်နာခဲ့။
“စာအုပ်ကို ဦးရီးတော် ယူကြည့်ရင် စာဖတ်ထားသလို ဖြစ်အောင်လေ၊ သူစာမေးရင် ဖြေနိုင်အောင်လို့ မြန်မာလို အဓိပ္ပါယ်တွေ ရေးထားရသေးတယ်”

ထိုသို့ ကျမ ဖြေသည့်အခါ နင်က တကယ်စာဖတ်တာ မဟုတ်ဘူး၊ သရုပ်ဆောင်နေတာဟု သူက ကျမကို အပြစ်တင်လေတော့သည်။ ဟုတ်လဲ ဟုတ်တာပဲ။ ကျမက မုသာဝါဒ အပြစ်လွတ်အောင် လက်တလုံးခြားဖြင့် သူများကို လှည့်စားသလို ကိုယ့်ကိုယ်ကိုယ်လဲ လှည့်စားနေတာ မဟုတ်လား။

“ညတိုင်း တရားထိုင်တယ်”
ထိုသို့ ကျမ ပြောတော့ ကြားရသူတွေက တယ်ဟုတ်ပါလား၊ တော်တယ်၊ လိမ္မာလိုက်တာ စသဖြင့် ချီးကျူးကြသည်။ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်သာ သိပါသည်။ တရားထိုင်ချိန် နာရီဝက်မှာ ဘယ်နှမိနစ် အာရုံရရ ထိုင်ဖြစ်မှာလဲ။ ထိုင်ခါစ မိနစ်ဝက် လောက်သာ အာနာပါန အမှတ်ဖြင့် နှာသီးဖျားကို အာရုံပြုမိသော်လည်း နောက်ပိုင်းတော့ အိပ်ငိုက်တခါ စိတ်ပျံ့လွင့်တလှည့် ဖြစ်နေတတ်တာ ကိုယ်တိုင်သာ အသိဆုံး။ သို့သော်လဲ … ညတိုင်း တရားထိုင်တယ် ဆိုသည့်စကားကို လူကြားမှာ ခပ်ကြွားကြွား ပြောခဲ့သည်။ ဒါလဲ သရုပ်ဆောင်ခြင်း တမျိုးပေပဲလား ဟု ခုချိန်မှာတော့ ကျမတွေးနေမိပြီ။

တသက်လုံး နေချင်သလို နေလာသည့် စိတ်ကို ထိမ်းရသည်မှာ လုံးဝ မလွယ်ကူလှ။ စိတ်ကို စောင့်ကြည့်ရတာလဲ ပင်ပန်းလွန်းလှသည်။ တရက်တွင် ၂၄ နာရီ ရှိသည့်အနက် နာရီဝက်သာသာမျှ စိတ်ကို စုစည်း ထိမ်းသိမ်းရသည်ကိုပင် ကျမ စိတ်မရှည်ချင်၊ သည်းမခံနိုင်။ ပျံ့ချင်ပျံ့ လွင့်ချင်လွင့် ဆိုပြီး တရားထိုင်သည် မည်ကာမတ္တ ခန္ဓာကိုယ် မလှုပ်မယှက် ထိုင်နေရုံမျှဖြင့် သမာဓိ မရနိုင် စိတ်မတည်ကြည်နိုင် ဆိုတာ ကိုယ့်ဘာသာ သိပါသည်။

စဉ်းစားကြည့်တော့ ကျမတရားထိုင်တယ်ဆိုတာ ဘေစင်ရေသုတ်သလို အပေါ်ယံကြော ပြီးပြီးရော အ၀တ်ကလေးနှင့် ယမ်းလိုက်သလို ဖြစ်နေသည်။ ကြာလာတော့ ဘေစင်မှာ လိုင်းမ်စကေးတွေ စုလာသလို စိတ်မှာလဲ စိတ်အညစ်အကြေးတွေ အထပ်ထပ် တက်လာပြီ။ တော်ရုံတန်ရုံ ၀ီရိယမျိုးဖြင့် ခွါချဖို့ မလွယ်ကူလှတော့။ ဘေစင်က လိုင်းမ်စကေးတွေကို ကျွတ်အောင် အစွမ်းထက်သည့် ဆေးရည်မျိုး အသုံးပြု၍ အားသွန်ခွန်စိုက် တိုက်ချွတ်ရသလို စိတ်မှာ အထပ်ထပ် ကပ်ငြိတွယ်တာနေသည့် ကိလေသာ အညစ်အကြေးတွေကိုလဲ မြတ်စွာဘုရားပေးထားသည့် အစွမ်းထက် ဆေးရည်နှင့်တူသော ကမ္မဋ္ဌာန်း တမျိုးမျိုးဖြင့် ၀ီရိယ စိုက်ထုတ်ကာ တိုက်ချွတ် ဆေးကြောသင့်သည် မဟုတ်လား။

ဘေစင်နှင့် sink တွေ အားလုံး တိုက်ချွတ် ဆေးကြောပြီးသည့် အချိန်မှာ လက်တွေလဲ အတော်ညောင်းသွားပြီ။ ဒါပေမဲ့ ရလဒ်အဖြစ် ဖြူစင်သန့်ရှင်းနေသည့် ဘေစင်နှင့် bath tub ကို မြင်ရတာ အတော်လေး စိတ်ချမ်းသာဖို့ ကောင်းလှသည်။ ထိုသို့ ဖြူစင်ခြင်း မပျောက်ပျက် သွားရလေအောင် ထိမ်းသိမ်းထားရပေမည်၊ နောက်တခါ အရမ်းမညစ်ပေခင် မကြာခဏ ပြန်လည် တိုက်ချွတ်ရမည်၊ ထိုနည်းတူစွာ ကျမ၏ ညစ်ထေး ပေကျံနေသော စိတ်အစဉ်ကိုလဲ ဖြူစင်ရန် အလို့ငှာ အဖန်ဖန် အထပ်ထပ် သန့်စင်ရင်း ကိုယ့်စိတ်ကို ကိုယ် ပြန်လည် ထိမ်းကျောင်းရဦးမည်ဟု တွေးနေမိပါတော့၏။
***
မေဓာဝီ
၂၈၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၁၀း၂၂ နာရီ

Read More...

Friday, February 25, 2011

သရဲများနဲ့ ကျမ (၃)

ဂျီတော့ခ်ထဲက သူ့ဝိညာဉ်

သူ့အကြောင်းကို ဒီခေါင်းစဉ်အောက်မှာ ရေးရတာ စိတ်ထဲ မကောင်းလှဘူး၊ ပြန်တွေးမိတိုင်းလဲ သိပ်ဝမ်းနည်းရပါတယ်။ ဒါပေမဲ့လဲ ဆက်စပ်နေတဲ့ အကြောင်းအရာမို့ ဒီခေါင်းစဉ်အောက်ပဲ ထည့်လိုက်တာကို သူသိရင် ခွင့်လွှတ်နိုင်မှာပါ။ သူက ကျမကို အမြဲ နားလည် ခွင့်လွှတ်ပေးခဲ့သူ တယောက်ပဲလေ။

တလောက ကိုဆိုဆီ (တည်ငြိမ်အေး) ဆီမှာ ကွန်မန့်သွားပေးရင်း ဂျီတော့ခ်ထဲမှာ သရဲခြောက်သလို ကြုံဖူးတယ်လို့ ပြောခဲ့မိတော့ ကိုဆိုဆီက အဲဒီအကြောင်း ရေးဖို့ ပြောပါတယ်။ ကျမလဲ ရေးမယ် ရေးမယ်နဲ့ စိတ်ကူးသာရှိပြီး ရေးဖို့ရာ လက်တွန့်နေမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဖြစ်အပျက်ကို သရဲခြောက်တယ်လို့ ကျမအနေနဲ့ လက်မခံနိုင်လို့ပါပဲ။ ဒါဟာ ကျမနားမလည်တဲ့ နည်းပညာရဲ့ လျှို့ဝှက်ချက် တခုခုပဲ ဖြစ်မှာပါလို့ ကိုယ့်ဘာသာ သတ်မှတ်ခဲ့တယ်။

ဒီအကြောင်းကို အထူးပြုပြီး မရေးဖူးပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ ဘလော့မှာ ခဏခဏ ရေးဖူးလို့ တချို့လဲ ဖတ်ဖူးမယ်ထင်ပါတယ်။ အဖြစ်အပျက်ကတော့ ငါးနှစ်ကျော်လောက် ကြာခဲ့ပါပြီ။ အတိအကျ ပြောရရင် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်ည … တန်ဆောင်မုန်း လပြည့်ကျော်တရက် ညပေါ့။ အဲဒီည ညဦးပိုင်းလောက်မှာ သူ ကျမအိမ်ကို လာခဲ့တယ်။ အဲဒီညမှာပဲ သူ … သေဆုံးသွားခဲ့ပါတယ်။

သူသေဆုံးပြီး လေးငါးရက်လောက်ထိ သူသေသွားမှန်း ကျမ မသိခဲ့ဘူး။ သူ့ဆီ ဖုန်းဆက်မရလို့ ကျမစိတ်တွေ တိုနေခဲ့တယ်။ နောက်မှ သိရတာက သူနဲ့တကွ သူ့မိဘနှစ်ပါးလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ် ဆိုတာပဲ။ အဲဒီ ရက်ပိုင်းတွေမှာ သူ့ဇာတ်လမ်းက ဟိုးလေးတကြော် လူသိများခဲ့တယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ သူတို့သတင်းတွေ အမြဲပါပြီး လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ သတင်းတွေ ဖတ်တိုင်း ကျမစိတ်ထဲ ဘ၀င်မကျဖြစ်မိတဲ့ အလွဲတခုက နေ့စွဲ … ။

သူ နောက်ဆုံးလာတဲ့နေ့ကို ကျမ မှတ်မှတ်ရရ ဖြစ်ခဲ့မိတာက နိဗ္ဗာန်ဈေးမှာ မုန့်စားဖို့ ကျမ ၀ယ်ထားတဲ့ လက်မှတ်လေးကြောင့်ပါ။ သူနဲ့အတူ အဲဒီလက်မှတ်လေးနဲ့ မြို့ထဲမှာ မုန့်သွားစားဖို့ ပြောထားခဲ့တယ်။ လက်မှတ်ရဲ့ နောက်ဆုံး သတ်မှတ်ရက်က လပြည့်ကျော် တရက်ည။ လက်မှတ်ကလေးက လပြည့်နေ့နဲ့ လပြည့်ကျော် တရက်နေ့ … ၂ ရက် အတွင်းသာ သွားစားလို့ရတယ်။ လပြည့်နေ့ညမှာ သူ မလာဖြစ်ဘူး၊ နောက်ရက်မှ သွားစားမယ်လို့ သူကျမကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် ချိန်းထားတာ ပေါ်လာလို့ဆိုပြီး အဲဒီညလဲ မစားဖြစ်ပြန်ပါဘူး။

အဲဒီနေ့ကို ကျမ သေချာမှတ်မိနေပေမဲ့ သတင်းစာတွေမှာ ထုတ်ပြန်တဲ့ သတင်းက နိုဝင်ဘာ ၁၅ ရက်မှာ သတ်ခံရတာ … တဲ့။ သတ်တဲ့လူကလဲ အဲဒီလိုပဲ ဖြောင့်ချက်ပေးတယ်။ ဒါဆို ကျမက လွဲနေတာလား … သူ ကျမဆီလာတာ သေပြီးမှလား … ။

မဖြစ်နိုင်ဘူး။ သူလာတာကို ကျမတယောက်ထဲ မြင်တာမှ မဟုတ်တာ။ ခြံထဲမှာ လမ်းလျှောက်ရင်း ဆေးလိပ်သောက်နေတဲ့ ကျမအကိုဝမ်းကွဲလဲ မြင်တယ်။ ကျမတို့ အလုပ်ထဲက ကလေးမလေးတွေလဲ မြင်တယ်။ အဲဒီညမှာ သူက ကျမကြည့်ဖို့ မစ္စတာဘင်း ဇာတ်လမ်းလေးတွေ လာပေးပြီး ကျမကို ဒေါင်းလုတ် လုပ်ခိုင်းထားတဲ့ ဆော့ဖ်ဝဲတချို့ ပြန်ယူသွားတယ်။ သူခဏလာပြီး အပြန် ခြံဝင်းအပြင်မှာ ရပ်ထားတဲ့ သူ့ကားနား အထိတောင် ကျမ လိုက်ပို့ လိုက်သေးတာပဲ။ ဆိုတော့ … သေပြီး သူတယောက်နဲ့ ပစ္စည်း အပေးအယူ အလွယ်တကူ လုပ်လို့ရသလား … လုပ်နိုင်ပါသလား၊ ကျမတော့ မထင်ပါဘူး။ အကြောင်း တခုခုရှိလို့သာ ရဲက သေတဲ့ရက်ကို လွှဲထားတာပဲလို့ ကျမ ယူဆခဲ့တယ်။ ဥပမာ တရားခံတွေထဲက တယောက်ယောက်ကို အပြစ်ပေါ့လျော့ စေချင်လို့ ရက်လွှဲလိုက်တာမျိုးပေါ့။

ကျမစိတ်နဲ့ကျမဆို ရက်လွဲနေတဲ့အကြောင်း အားလုံးသိအောင် ပြောချင်တယ်။ ဒါပေမဲ့ အိမ်ကလူကြီးတွေက ရုံးပြင်ကန္နား ရှောင်ရှားကြသူတွေမို့ ကျမကို လျှာမရှည်ဖို့ အထပ်ထပ် သတိပေးကြတယ်။ နောက်ထပ် ထူးဆန်းတာတခုက သူ့ဖုန်းတွေရဲ့ အ၀င်ကောလ် အထွက်ကောလ် မှန်သမျှကို ရဲက စစ်တော့ ကျမဖုန်းနံပါတ် မပါခဲ့ဘူးလား မသိပါဘူး၊ တခြား သူနဲ့ ပတ်သက်သမျှ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ ရဲက ခေါ်စစ်ဆေးခဲ့ပေမဲ့ ကျမကတော့ လွတ်နေခဲ့တယ်။ အမှန်က သူမသေခင် တရက်ထိ ကျမနဲ့ညတိုင်းလိုလို ဖုန်းပြောဖြစ်ခဲ့ကြတာ။ သေမယ့်ညမှာတောင် သူက ကျမတို့ ခြံရှေ့မှာ ကားရပ်ပြီး သူရောက်ပြီဆိုတာ ဖုန်းဆက် ပြောလိုက်သေးတာပဲ။

သူသေသွားပြီး နောက်ပိုင်း အိပ်မက်ထဲကို သူခဏခဏ လာခဲ့တယ်။ အိပ်မက်က ကျမတယောက်ထဲ မက်တာမဟုတ်ဘူး။ သူနဲ့ သိပ်မရင်းနှီးတဲ့ ကျမအမကြီးပါ မက်တယ်တဲ့။ ကျမမက်တဲ့ အိပ်မက်ကတော့ ဒီလိုပါ။ သူခါတိုင်းလိုပဲ ကျမဆီရောက်လာပြီး သူ့အတွက် ဆွမ်းကျွေး အမျှဝေပေးဖို့ အန်တီ့ကို ပြောပေးပါလို့ ပြောတယ်။ အန်တီဆိုတာ အမေ့ကိုပြောတာပါ။ သူက အမြဲသပ်သပ်ရပ်ရပ် နေတတ်ပေမဲ့ အိပ်မက်ထဲမှာတော့ သူ့မျက်နှာက ရန်ဖြစ်ထားသလို ပေပေကျံကျံနဲ့ အ၀တ်အစားတွေကလဲ နွမ်းဖတ်လို့။ နောက်တခါ ထပ်မက်တော့ သူက ကတုံးကြီးနဲ့တဲ့။ အိပ်မက်တွေက နိုးတိုင်း ၀မ်းနည်းလို့ ကျမငိုမိတယ်။ သူ တကယ်မသေပါစေနဲ့ … ဒီအဖြစ်ကြီးဟာ အိပ်မက်ဆိုးကြီး တခုသာ ဖြစ်ပါစေလို့ မဖြစ်နိုင်မှန်း သိရက်နဲ့ ဆုတောင်းနေခဲ့မိတယ်။

သူသေပြီးနောက်ပိုင်း သူ့အရိပ်တွေက ကျမတို့ အိမ်နားမှာ ရှိနေသလိုပဲလို့ စိတ်ထဲ ခံစားနေရတယ်။ သူမသေခင် လပိုင်း ကာလတွေမှာ သူနဲ့ကျမ ပိုရင်းနှီးခဲ့ကြလို့ ထင်ပါရဲ့။ အိမ်မှာပဲ ထမင်းစားတယ်၊ အင်တာနက်သုံးတယ်၊ ကျမကို ဂစ်တာတီးပြီး သီချင်းဆိုပြတယ်၊ ပြီးတော့ ကျမနဲ့အတူ ဆော့ကြတယ်။ ကျမနဲ့ ကစားဖို့ဆိုပြီး သူ့အမေ မသိအောင် တိတ်တိတ်ကလေး လက်လှည့်ဘောလုံးကန်တဲ့ ခုံကလေးကို သူ့အိမ်က ယူလာခဲ့တာလေ။ သူမရှိတော့တဲ့ နောက်ပိုင်း သူ့အရိပ်တွေ လွှမ်းမိုးလွန်းလို့ ဘောလုံးကစားတဲ့ ခုံကလေး ပက်ကျိကို ပေးလိုက်တယ်။ ပက်ကျိဆိုတာက ကျမနဲ့ အွန်လိုင်းမှာခင်ရာက အပြင်မှာပါ သိနေတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်လေးပါ။ အွန်လိုင်းမှာသုံးတဲ့ နစ်ခ်နိမ်းက ပက်ကျိမို့ ပက်ကျိပဲ ခေါ်ဖြစ်တယ်။ သေတဲ့ရက်လွဲတဲ့ ကိစ္စ ပက်ကျိကို ပြောပြတော့ ပက်ကျိက စိတ်မကောင်းတဲ့ မျက်နှာနဲ့ ကျမကို ကြည့်ပြီး … အမကို လာနှုတ်ဆက်တာ နေမှာပါ အမရယ် … လို့ ပြောတယ်။ ကျမ ဘယ်လိုငြင်းရမလဲ မသိတော့ဘူး။

တရက်တော့ အိမ်က ကွန်ပျူတာတွေ အားလုံးကို defrag လုပ်ဖို့ ဖွင့်ထားရင်း ကျမက ကျမစက်နဲ့ ဂျီတော့ခ်ထဲ ၀င်ထားတယ်။ အဲဒီအချိန် စိတ်ထဲ ဒိန်းခနဲ ဖြစ်အောင် လန့်သွားတာက သူ့နာမည်နဲ့ အကောင့်ကြီး စိမ်းနေတာ မြင်လိုက်ရလို့ပဲ။ အွန်လိုင်းမှာ သူရှိနေတာလား … ။ လှုပ်ရှားနေတဲ့ စိတ် … တုန်ရင်နေတဲ့ လက်နဲ့ ကျမ သူ့အကောင့်မှာ အစက်ကလေး ချပြီး enter ခေါက်လိုက်တော့ တုံခနဲ အသံသဲ့သဲ့ ကြားရတယ်။ ကျမ သိလိုက်ပါပြီ။ သူအိမ်ကိုလာရင် အမြဲသုံးနေကျ ကွန်ပျူတာကို ဖွင့်ထားခဲ့တာကိုး။ သူ နောက်ဆုံးသုံးတုန်းက လော့အောက် မလုပ်ခဲ့လို့ဘဲ ဆိုပြီး အဲဒီစက်နား ခပ်ကြောက်ကြောက်နဲ့သွား၊ လော့အောက် သေချာလုပ်၊ စက်ကိုလဲ တခါထဲ ရှပ်ဒေါင်း လုပ်ခဲ့လိုက်တယ်။

ဒါပေမဲ့ နောက်တခါ မရဲတရဲ ပြန်ဖွင့်ကြည့်တော့ သူ့အကောင့် ဂျီတော့ခ်ကလေးက အလိုလို ဆိုင်းအင် ဖြစ်ပြီး ပြန်စိမ်း လာပြန်ရော။ ဘယ်လိုလဲ … ကျမ မသိတော့ဘူး။ ဒါနဲ့ လော့အောက် ထပ်လုပ်၊ အော်တိုဆိုင်းအင်များ လုပ်ထားလား သေချာစစ်ကြည့်တယ်။ တကယ်တော့ သူက အင်တာနက် အမြဲသုံးနေကျလူပဲ။ သူ့စက်မဟုတ်တဲ့ တခြားစက်မှာ အော်တိုဆိုင်းအင် မဖြုတ်ဘဲ သုံးမယ့်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပညာတွေကို ကျမလဲ သိပ်နားမလည်တော့ ဘာကြောင့် သူ့အကောင့် အလိုလို ဆိုင်းအင် ဖြစ်ရသလဲ စဉ်းစားမရခဲ့ဘူး။ ကိုယ့်ထက်ပိုတတ်တဲ့ ပက်ကျိကို ပြောပြတော့ လာလုပ်ကြည့်တယ်။ မရပါဘူး။ တခြားအကောင့် ပြောင်းဝင်၊ ပြန်ထွက်၊ စက်ပြန်ပိတ်၊ ပြန်ဖွင့်ရင် သူ့နာမည်ပဲ ၀င်ဝင်လာတယ်။ နောက်ဆုံးတော့ ပက်ကျိက ဂျီတော့ခ်ကို uninstall လုပ်ပစ်လိုက်တယ်။ အဲဒီတော့မှ အေးသွားတော့တာပဲ။ အကြောင်းသိနေတဲ့ ရုံးက ကလေးမလေးတွေ အဲဒီစက်ကို မသုံးရဲကြတော့ဘူး။

ကျမကတော့ ဒါကို သူလာခြောက်တယ်လို့ ခုထိ မထင်သေးပါဘူး။ ကျမ နားမလည်တဲ့ နည်းပညာဆိုင်ရာ အကြောင်းတခုခုတော့ ရှိရမယ်လို့ ယုံကြည်နေဆဲပါ။ ကျမတို့ညီအမ အိပ်မက်တွေ မက်တော့ အမေက သူ့ကို ရည်စူးပြီး ခြောက်ထပ်ကြီး ရတနာကျောင်းတိုက်မှာ သံဃာ အပါး ၂၀ ဆွမ်းကျွေးပေးပါတယ်။ ကျမကိုယ်တိုင် ရေစက်ချပြီး အမျှဝေခဲ့တယ်။ သူ့ကို ကောင်းရာမွန်ရာ အေးချမ်းတဲ့ ဘ၀ ရောက်စေချင်ပါတယ်။ နောင်ဖြစ်လေရာ ဘ၀မှာလဲ ခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့ … ။


အဲဒီနောက်ပိုင်း အိပ်မက်ထဲကို သူမလာတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ကျမရဲ့ မျက်ရည်တွေလဲ တဖြည်းဖြည်း ခြောက်ခမ်းခဲ့ပါပြီ။ ဒါပေမဲ့ ပြန်တွေးလိုက်တိုင်း မနေ့တနေ့ကလို ထင်မိနေတုန်းပဲ။ ငါးနှစ်ကျော်ဆိုတဲ့ အချိန်ကာလ တခုကို ဖြတ်သန်းခဲ့ရပေမဲ့ သူ့ကို မမေ့နိုင်သေးပါဘူး။ သူ ဘယ်ဘ၀များ ရောက်နေမလဲ တွေးမိရင်း ဂျီတော့ခ်ဝင်တဲ့အခါ Supermegalove ဆိုတဲ့ သူ့နာမည်လေး စိမ်းလာလေအုံးမလားလို့ တခါတလေ စောင့်ကြည့်နေမိပါသေးရဲ့။
***
မေဓာဝီ
၂၅၊ ၂၊ ၂၀၁၁
၁၃း၃၇ နာရီ

သူနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေ …
- လွမ်းဆွတ်ခြင်း များစွာဖြင့်
- လွမ်းမပြေ
- အမှတ်တရ စာလုံးလေးတွေ
- လွမ်းလျက်သာပင်
- မပြေတဲ့ အလွမ်း
- ကြည့်မိလိုက်သော ဗီဒီယိုဇာတ်ကား (ဒီပို့စ် လင့်ခ်ဖို့ မေ့ကျန်ခဲ့လို့ ခုမှလင့်ခ်လိုက်တယ်။)

Read More...

Thursday, February 24, 2011

ရွှေခေတ်ကိုမှန်း … လွမ်းမိသည် …

အွန်လိုင်း ရွှေဝတ္ထုတိုဆု … တဲ့။
ဒီနာမည်လေး မြင်တော့ ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလလောက်က စာပေနယ်ပယ်မှာ ၀တ္ထုတို ရွှေခေတ်ဆိုပြီး ရသ၀တ္ထုတိုတွေ တခေတ် ဆန်းခဲ့ဖူးတာ အမှတ်ရမိတယ်။ အဲဒီခေတ်က မဂ္ဂဇင်းတွေမှာ ၀တ္ထုတွေကို အဓိကထား ဖော်ပြပေးတဲ့အပြင် ၀တ္ထုချည်း သီးသန့်ထုတ်တဲ့ မဂ္ဂဇင်းတွေလဲ ရှိခဲ့ဖူးတယ်ဆိုရင် ပုံပြင်လိုများ ဖြစ်နေမလားဘဲ။

ခုနောက်ပိုင်း မဂ္ဂဇင်းတွေက အကောင်းစားစက္ကူနဲ့ လေးရောင်ခြယ် ရိုက်နှိပ်ထားပြီး ကွာလတီလို့ တံဆိပ်ကပ်နေကြပေမဲ့ ကိုင်ကြည့်ရင် လေးတာကလွဲလို့ လေးနက်တဲ့ စာ၊ အနှစ်သာရ ရှိတဲ့စာတွေ သိပ်မပါကြတော့ဘူး။ တ၀က်လောက်က ကြော်ငြာ၊ နောက်ထပ် လေးပုံ တပုံလောက်က ဖက်ရှင် ဒီဇိုင်း၊ ကျန်တာက ပြည်တွင်း ပြည်ပ သတင်းပလင်းနဲ့ အင်တာဗျူးတွေ၊ ၀တ္ထုဆိုတာမျိုးကတော့ ဟိုးနောက်ဆုံးနား ချောင်ကျကျ နေရာမှာ မထင်မရှား ဖော်ပြခံရတဲ့ ဘ၀ရောက်နေခဲ့ပြီ။

ဟိုစဉ်က ရသမဂ္ဂဇင်းတွေ တော်တော်များများက ကလောင်သစ်တွေကိုလဲ မြေတောင် မြှောက်ပေးကြတယ်။ ကိုယ်တိုင်တောင် ကလောင်သစ်အဖြစ် မကြာခဏ ရွေးခံခဲ့ရပါရဲ့။ ရေးပြီး ပို့ဖြစ်တာက ကြိုကြား ကြိုကြားမို့ အယ်ဒီတာမင်းများက မမှတ်မိဘဲ အမြဲတမ်း ကလောင်သစ်ထဲချည်း ထည့်နေတော့တာကိုး။ ခုထိလဲ ကလောင်က သစ်နေတုန်းပါပဲ။ ကီးဘုတ်ကလေးကသာ ခလုတ်တွေ ဟောင်းကုန်တာ၊ ကလောင်ကတော့ အသစ်ချပ်ချွတ်ပဲ ရှိသေးတယ်။ သစ်ဆို ကလောင်နဲ့ ရေးမှ မရေးဘဲလေ။ ထားပါတော့ … အဲဒီလို ၀တ္ထုတို ရွှေခေတ်ဆိုပြီး အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရသ ရေစီးကြောင်းထဲ ကိုယ်လဲ ဒိုက်တမျှင်လို တလည်လည်နဲ့ မျောပါခဲ့ဖူးတယ်။

အဲဒီခေတ်က ၀တ္ထုတိုရွှေခေတ် ဖြစ်တာတောင် ကလောင်သစ်တွေ ဘ၀က အခုခေတ် ဘလော့ဂါအသစ် တယောက်လို ကိုယ့်ရဲ့စာ ပရိသတ်ရှေ့မှောက် ရောက်ဖို့ရာ မလွယ်ကူလှပါဘူး။ အတော်လေး ခက်ခဲတယ်၊ မျက်နှာငယ်ရတယ်၊ အချိန်လဲ အများကြီး ပေးရတယ်။ ပိုက်ဆံမရှိ အသိမရှိ အုပ်စု အသိုင်းအ၀ိုင်း မရှိရင် ပိုဆိုးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါသနာပါတဲ့ သူတွေကတော့ ရေးနေတာပဲ၊ မဂ္ဂဇင်းတွေကို ပို့နေတာပဲ။ ပို့တဲ့သူတွေကလဲ သူလို ကိုယ်လိုတွေ အများကြီးဆိုတော့ ကိုယ်ပို့ထားတဲ့ ၀တ္ထုတပုဒ်ကို အယ်ဒီတာ ဖတ်ဖို့ရာ နှစ်နဲ့ချီစောင့်ရတယ်။ ဖတ်ပြီး ရွေးချင်မှလဲ ရွေးမယ်၊ တခါတလေလဲ ကိုယ့်စာ ဘယ်ချောင် ရောက်သွားမှန်း မသိဘူး၊ ရွေးမရွေး သွားမေးလဲ မပြောဘူး၊ ပြန်တောင်းတော့လဲ မပေးဘူး၊ ဒီလိုနဲ့ တချို့စာမူတွေ ဆုံးရှုံးခဲ့ရတယ်။

တချို့ မဂ္ဂဇင်း အယ်ဒီတာတွေကတော့ ရွေးမရွေး ကြေငြာပေးပါတယ်။ မရွေးရင် ဘာကြောင့်ဆိုတာ မှတ်ချက်ကလေးနဲ့တကွ ဖော်ပြပေးတယ်။ ကိုယ့်စာမရွေးလဲ အယ်ဒီတာ့ မှတ်ချက်ကလေး ဖတ်ရရင်ကို အင်မတန် ၀မ်းသာလှပြီ။ ကိုယ့်စာကို သူတကယ် ဖတ်တယ် ဆိုတာ သိရတဲ့အပြင် ကိုယ်ဘာလိုတယ် ဆိုတာတွေ ကိုယ်မမြင်တဲ့ ဟာကွက်တွေ ထောက်ပြပေးထားတော့ နောက်တပုဒ်ရေးတဲ့အခါ ပြုပြင်နိုင်တာပေါ့။ ဒါပေမဲ့ ဒီမှတ်ချက်တခု ရဖို့ကလဲ စောင့်ရတာ လပေါင်းများစွာ၊ တခါတလေ နှစ်နဲ့ ချီတယ်။ ခုခေတ် ဘလော့တွေက သိပ်ကောင်းပါတယ်။ ပို့စ်တခု တင်လိုက်တာနဲ့ မကြာခင်မှာ ကွန်မန့်ပေးတဲ့သူတွေ ရောက်လာကြရော။ ဘာပဲဖြစ်ဖြစ် ကိုယ့်စာကို အရေးတယူဖတ်ပြီး မှတ်ချက်ပေးကြတယ်ဆိုတာ စာရေးသူအတွက် အင်အားတရပ်ပဲ မဟုတ်လား။

ကလောင်သစ် တယောက်အနေနဲ့ မဂ္ဂဇင်းတစောင်က ကိုယ့်စာကို ရွေးလိုက်ပြီး ပါလာလို့ ၀မ်းသာအားရ စာမူခ သွားထုတ်ရင်လဲ မျက်နှာငယ်ရ ပြန်ပါသေးတယ်။ တခေါက်ထဲနဲ့ ထုတ်လို့ရခဲ့ရင် ကံကောင်းတဲ့နေ့ပဲ။ မှတ်မှတ်ရရ ပထမဆုံး ရွေးခံရတဲ့ ၀တ္ထုအတွက် စာမူခ ၁၅၀ ရပါတယ်၊ ဟုတ်ကဲ့ မြန်မာကျပ်ငွေပါ။ အဲဒီ ၁၅၀ ကျပ်ကို သွားထုတ်ဖို့ ကျောက်မြောင်းထဲမှာ တက်နေတဲ့ ကျူရှင်ကနေ မဂ္ဂဇင်းတိုက် တည်ရာ ကန်တော်လေးကို လေးဘီးကား ငှားသွားရတယ်။ ဘတ်စ်ကားနဲ့ မသွားတတ်လို့။ စာမူ ပို့တုန်းကတော့ စာတိုက်က ပို့တာကိုး။ အတူ အဖော်လိုက်ခဲ့တဲ့ သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးရတယ်၊ ပထမဆုံး ကိုယ့်ဝင်ငွေနဲ့ မိဘတွေကို ကန်တော့ချင်လို့ ပန်းသီးဝယ်ခဲ့တယ်၊ လက်ထဲ ဘယ်လောက်ကျန်လဲ ကိုယ်က ဘယ်လောက် စိုက်ရသလဲ မမှတ်မိတော့ပါဘူး။

တဆက်တည်း ကြုံလို့ပြောရရင် မဂ္ဂဇင်းတိုက်တခုမှာ စာမူခ သွားထုတ်တော့ အယ်ဒီတာ ဆရာကြပ် (ကြပ်ကလေး) က မရှိပါဘူး။ ထုတ်ဝေသူ အန်တီမမက အယ်ဒီတာ့ ကိုယ်စား ပိုက်ဆံပေးပါတယ်။ ထိုင်တောင် မထိုင်ခိုင်းဘဲ မတ်တပ်ရပ်လျက်နဲ့ ပြောင်လက်နေတဲ့ သူ့လက်ပွေ့အိတ် အကောင်းစား ကြီးထဲကနေ နွမ်းဖတ် အိုမင်းရင့်ရော်နေတဲ့ ငါးကျပ်တန် အစုတ်ကလေး ၂၀၀ တိတိ ထုတ်ပေးပါတယ်။ ငါးကျပ်တန်လေးတွေက အပြဲတမျိုး အရိတဖုံ သတင်းစာ စက္ကူနဲ့ ပိုးပြီး ကပ်ထားတာမျိုးက တသွယ် ဖွယ်ဖွယ်ရာရာလေးတွေမို့ အရမ်းမကိုင်ရဲဘဲ ဖွဖွရွရွ လွလွလေး ကိုင်ပြီး အိမ်ပြန်လာခဲ့ရတယ်။ စိတ်ထဲလဲ မကောင်းဘူး၊ အနှိမ်ခံလိုက်ရသလိုပဲ။ ၀ါသနာပါလို့ စာရေးပြီး ကိုယ်ရေးတဲ့စာ အများဖတ်စေချင်လို့သာ ပို့နေရတယ် အောက်ကျနောက်ကျ နိုင်လိုက်တာ … လို့ အိမ်အပြန်လမ်းမှာ တလမ်းလုံး တွေးလာခဲ့တယ်။ အဲဒီနောက်ပိုင်းကတည်းက မဂ္ဂဇင်းတွေကို ပို့ဖို့ ရွံ့လာတွန့်လာရင်း ရေစီးကြောင်းထဲက ဒိုက်မျှင်ကလေး ကမ်းပေါ်တင်သွားခဲ့တော့တာပါပဲ။ ရေမျောကမ်းတင် ဆိုတာ အဲဒါမျိုး ထင်ပါရဲ့။

နောက်ပိုင်းတော့ ၀တ္ထုတိုရွှေခေတ်လဲ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကွာလတီအမည်ခံ စာအုပ်တွေရဲ့ ရွှေခေတ် ဖြစ်လာပါတော့တယ်။ အရင်ကလို ရသ ၀တ္ထုတိုတွေ အများကြီးပါတဲ့ မဂ္ဂဇင်းတွေလဲ သိပ်မရှိတော့ဘူး။ ရသ၀တ္ထု စာရေးဆရာတွေလဲ စီးပွါးရေး ဆောင်းပါးတွေ ရေးလိုရေး၊ အင်တာဗျူးဆရာ လုပ်လိုလုပ် ဖြစ်လာကြတယ်။ နှမြောစရာ ... ။

ဘလော့တွေပေါ်လာတော့ ကိုယ့်စာကို အခုတင်လိုက်တာနဲ့ လူအများ ချက်ချင်း ဖတ်နိုင်တာမို့ ပျော်စရာပေါ့။ ဒါကြောင့်လဲ အင်တာနက်ပေါ်က ဒီဘလော့ စာမျက်နှာလေးတွေကို စွဲလမ်းခဲ့ပါတယ်။ ဘလော့စလုပ်ခါစမှာ ကိုယ်တိုင်လဲ နေ့တိုင်းလိုလို စာရေးဖြစ်ပြီး တခြားဘလော့တွေဆီလဲ လိုက်လံလည်ပတ် ဖတ်ရှုဖြစ်ခဲ့တယ်။ စာအရေးကောင်း အတွေးကောင်းတဲ့ ဘလော့တွေ တဖြည်းဖြည်း များလာတာလဲ တွေ့ရတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသ၊ ကိုယ်မသိ နားမလည်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုယ်မကြုံဖူးတဲ့ အကြောင်းအရာတွေ၊ ဘလော့တွေက တဆင့် သိခဲ့ရတယ်၊ လေ့လာခွင့် ရခဲ့တယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ အမျိုးအစား စုံလင်လှစွာသော ဘလော့တွေထဲက ရသတမျိုးမျိုး ပေးနိုင်တဲ့ ဘလော့တွေကိုသာ ပိုပြီး ဖတ်ဖြစ်တယ်။ ပိုလဲ နှစ်သက်မိတယ်။ စွဲစွဲလမ်းလမ်းလဲ ဖြစ်မိတယ်။

တကယ်တော့ ဘလော့ရေးသူတွေဟာ ပိုက်ဆံရတာ မရတာထက် ကိုယ့်ဝါသနာ သက်သက်ကြောင့် စာရေးနေကြတယ်၊ ကိုယ်သိတာလေးတွေ ဝေမျှကြတယ်၊ တယောက်နဲ့ တယောက် အားပေးကြရင်း အချင်းချင်း ခင်မင်ရင်းနှီးပြီး ၀ါသနာတူ မိတ်ဆွေတွေ တိုးပွါးလာကြတယ်။ ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ အချိန်တွေပါပဲ။ ပြန်ရတာက ခုနပြောတဲ့ အချင်းချင်း မျှဝေလို့ ရလာတဲ့ အသိညာ အတတ်ပညာတွေက လွဲရင် ကျန်တာက ပီတိ တခုထဲပါ။ တခါတလေ ခါးသီးမှုတွေ နာကျင်မှုတွေလဲ ရတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ၀မ်းသာစရာ ကောင်းတာကတော့ မြန်မာစာ ရေးသူ ဖတ်သူတွေ များပြားလာတဲ့ အချက်ပါပဲ။

အွန်လိုင်း ရွှေဝတ္ထုတိုဆု ဆိုတာ မြင်တော့ ဘလော့စာမျက်နှာတွေပေါ်မှာ ၀ါသနာအရ စာရေးနေသူတွေအတွက် အလွန်ကောင်းတဲ့ အစီအစဉ်ပဲလို့ သတိထားလိုက်မိတယ်။ ဆရာမြစ် (မြစ်ကျိုးအင်း) တို့ စီစဉ်တဲ့ ဒီ “အွန်လိုင်းရွှေဝတ္ထုတိုဆု”ရဲ့ ရည်ရွယ်ချက်ကိုက ဘလော့တွေမှာ ရသစာပေ ရေးသူ တိုးပွါးစေချင်လို့ပါတဲ့။ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်ပါ။

ပြီးတော့ ဆုရတဲ့သူတွေကို ထိုက်တန်တဲ့ ဆုကြေးတွေလဲ ချီးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ ပထမဆုကို ဒေါ်လာ တရာလို့ သတ်မှတ်ထားတဲ့အတွက် ခုလက်ရှိ မဂ္ဂဇင်းတွေမှာ ပေးနေတဲ့ စာမူခတွေနဲ့ ယှဉ်ရင် သာတယ်လို့ ဆိုနိုင်ပါတယ်။ ဆုအတွက် ၀ိုင်းဝန်း ပံ့ပိုးပေးတဲ့ အလှူရှင်တွေလဲ တဖြည်းဖြည်း တိုးလာသလို ဆုကလဲ တဆုကနေ သုံးဆုအထိ တိုးမြှင့်ပေးထားတာ တွေ့ရတယ်။ ဆုအတွက် စာမူတွေ ဖတ်ရှု ရွေးချယ်ပေးမယ့် သူတွေကလဲ ဆရာနေ၀င်းမြင့်တို့လို ရသ စာရေးဆရာတွေအပြင် ရသ၀တ္ထုတွေကို အားပေးနေတဲ့ ရွှေအမြုတေက ဦးဝင်းငြိမ်းတို့လို အယ်ဒီတာတွေ ပါတယ် ဆိုတော့ စနစ်တကျနဲ့ အားရစရာကြီးပါ။ ခုလို ရသစာပေ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဝင်တစား ၀ိုင်းဝန်း လုပ်ဆောင်နေကြတာကို ချီးကျူးမိသလို ၀မ်းလဲ ၀မ်းမြောက် မိတယ်။

ပြောခဲ့ပြီးသလိုပဲ ၀ါသနာရှင် ကလောင်သစ်တွေအနေနဲ့ စာနယ်ဇင်းလောကထဲ ရုတ်တရက် ခြေချဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကိုယ့်စာကို ခုလို ဆရာကြီးတွေ ဖတ်ဖြစ်ဖို့ဆိုတာ ပိုလို့တောင် ခက်ပါသေးတယ်။ ဒါကြောင့် ကိုယ့်စာမူလေး ဆုရသည် ဖြစ်စေ မရသည်ဖြစ်စေ ကြိုးစားပြီး ရေးပို့ကြ စေချင်ပါတယ်။ ဒါဟာ အကောင်းဆုံး လေ့ကျင့်ကွင်း တခုပဲ မဟုတ်လား။ ရသ၀တ္ထုတိုတွေကို စာဖတ်သူတွေ တစုတစည်း ဖတ်ရှုနိုင်ဖို့နဲ့ ၀င်ရောက် ယှဉ်ပြိုင် လိုသူတွေအတွက် ရသ၀တ္ထုတို နမူနာပုံစံလေးတွေ လေ့လာနိုင်စေဖို့ "ရသ၀တ္ထုတို ရွေးချယ်ခြင်း" ဆိုတဲ့ ဘလော့လေးတခု ဖန်တီးထားပြီး စာရေးဆရာတွေ ဘလော့ဂါတွေရဲ့ ရသ၀တ္ထုတိုလေးတွေ အလျဉ်းသင့်သလို တင်ပေးမယ်လို့လဲ သိရပါတယ်။ ကိုယ်တိုင် ရသ၀တ္ထု မရေးတဲ့သူ၊ စာသက်သက်သာ လိုက်ဖတ်ဖြစ်သူတွေလဲ ကိုယ်ဖတ်လို့ နှစ်သက်တဲ့ စာလေးတွေကို ဆုရွေးချယ်သူတွေ ဖတ်နိုင်အောင် လင့်ခ်လေးတွေ မျှဝေခြင်းနဲ့ ကူညီနိုင်ပါသတဲ့။ အဲဒီလို အဖက်ဖက်က အားလုံးဝိုင်းဝန်း ကူညီပံ့ပိုး ကြိုးစားကြမယ် ဆိုရင် တဖြည်းဖြည်း မှေးမှိန် တိမ်မြုပ်စပြုနေတဲ့ ရသစာပေ တခေတ်ကို ပြန်ရောက်လာလေမလား အတွေးများနဲ့ ရသ၀တ္ထုတို ရွှေခေတ်ကို မှန်းဆတမ်းတ နေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၇း၃၀ နာရီ

Read More...

Friday, February 18, 2011

အရုဏ်ဆွမ်း၊ သြ၀ါဒနှင့် လပြည့်ညအတွေး

ဒီမနက် နှိုးစက်ရဲ့အကူအညီနဲ့ အိပ်ရာစောစောထ၊ ကိုယ်လက်သန့်စင်၊ မနေ့ကထိုးထားတဲ့ ထမနဲလေးနွှေးပြီး ဘုရားကို အရုဏ်ဆွမ်းကပ်တယ်။ ဘုရားရှိခိုး၊ ကိုးပါးသီလယူ၊ ပရိတ်ရွတ်ပြီး မေတ္တာပို့ အမျှဝေတယ်။ ပြီးတော့မှ ဦးရီးတော်နဲ့အတူ ဘုရားဆွမ်းတော် စွန့်ထားတဲ့ ထမနဲလေးနဲ့ မနက်စာစားကြတယ်။ ကိုယ်တိုင် လုပ်ထားတာမို့လား မသိပါဘူး၊ အတော်စားလို့ ကောင်းပါတယ်။ ဦးရီးတော်ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကောက်ညှင်းတို့ အုန်းနို့တို့ ရှောင်တာမို့ သိပ်အများကြီး မစားပါဘူး။ ရာသီစာအဖြစ်နဲ့ တလုပ်တဆုပ်ပဲ စတိလောက် စားပါတယ်။


မနက်စောစော အိပ်ရာထတာမို့ လူက လန်းဆန်းနေတယ်။ သီလယူထားတာမို့ စိတ်က ကြည်လင်နေတယ်။ ဒီကနေ့ လပြည့်နေ့ ဆိုတဲ့အတွေးနဲ့ ငြိမ်းအေးနေတယ်။ လပြည့်နေ့ဆိုတာ ထူးခြားမြင့်မြတ်တဲ့ ကြည်နူးချမ်းမြေ့စရာ နေ့ပဲ မဟုတ်လား။
***
ဟိုးအရင် ခပ်ငယ်ငယ် ကျောင်းသူဘ၀လောက်ကတည်းက လပြည့်နေ့တွေမှာ ကျရောက်တဲ့ အခါကြီးရက်ကြီး ဆိုရင် အဖေ့ဘက်က အမျိုးတွေစုပြီး အိမ်တအိမ်အိမ်မှာ အခါတော်နေ့ အထိမ်းအမှတ်ပွဲ လုပ်လေ့ရှိတယ်။ ဥပမာ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ဆိုပါတော့ ... အဲဒီနေ့ မတိုင်ခင် တလလောက် ကတည်းက ဓမ္မစကြာနဲ့ ပတ်သက်ပြီး သိသင့်တာတွေ အဖေက အားလုံးကို သင်ပေးတယ်၊ ညီညီညာညာ ရွတ်တတ်အောင် ချပေးတယ်။ လပြည့်နေ့မှာတော့ ဓမ္မစကြာကို အားလုံး သံပြိုင်ရွတ်ဆိုပြီး ဘုရားကို ပူဇော်တယ်။ အိမ်ရှင်က အကျွေးအမွေးနဲ့ တည်ခင်း ဧည့်ခံတယ်။ နောက်တော့ ဆွေမျိုးတစု တရားဆွေးနွေးကြ၊ မေးစရာရှိတာ မေးမြန်းကြပြီး တနေ့တာ အခမ်းအနားကို အဆုံးသတ်တယ်။ အဲဒီလိုပဲ လစဉ်လိုလို လပြည့်နေ့တွေမှာ ဆွေမျိုးတွေနဲ့ အခါတော်နေ့လေးတွေ ကျင်းပဖြစ်ခဲ့ကြတယ်။

နောက်ပိုင်း ကျောင်းပြီးလို့ လုပ်ငန်းခွင် အသီးသီး ရောက်ကုန်တော့ ဒီအလေ့အထလေးက ပျောက်သလောက် ဖြစ်သွားတယ်။ ဆွေမျိုးတွေလဲ အိမ်အနီးအပါးမှာ မရှိကြတော့ဘူး၊ ဟိုဟိုဒီဒီ အဝေးတွေကို ရောက်ကုန်ကြတယ်။ တလတခါဆုံဖို့ တဖြည်းဖြည်း ခဲယဉ်းလာကြတယ်။ မနေ့ကတော့ အဖေ့ညီမက အဖေ့ကို သူ့အိမ်ဖိတ်ပြီး တပို့တွဲလပြည့်နဲ့ ဆိုင်ရာ တရားအကြောင်း ပြောပြ ပေးပါဆိုတာနဲ့ အဖေ သွားရတယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ အဖေနဲ့ ဆုံခိုက် အဖေပြောခဲ့တဲ့ တရားတွေ ပြန်ပြောပြဖို့ ကျမက တောင်းဆိုမိတယ်။

“တပို့တွဲလပြည့်ဆိုတော့ သြ၀ါဒပါတိမောက် ပြောပြရတာပေါ့၊ သြ၀ါဒ ပါတိမောက်ကတော့ သမီးသိပြီးသားပဲ မဟုတ်လား … အဖေ အဓိကထားပြီး ပြောခဲ့တာက သြ၀ါဒပါတိမောက်ရဲ့ အလယ်ပိုဒ် …

“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

“မကောင်းမှုမှန်သမျှ မပြုလုပ်ပါနဲ့၊
ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ၊
မိမိစိတ်ကို ဖြူစင်အောင် ထားပါ … ဆိုတဲ့ ၃-ချက်ပေါ့။

“မကောင်းမှုကို မပြုလုပ်ပါနဲ့ ဆိုတဲ့နေရာမှာ မကောင်းမှုဆိုတာ ဘာလဲဆိုတော့ …
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ယာ ကျူးလွန်ခြင်း၊ လိမ်ညာပြောခြင်း၊ မူးယစ်သောက်စားခြင်း ဆိုတဲ့ အခြေခံ အချက်ငါးချက်ကို မလုပ်ဖို့ပေါ့။ အဲဒီငါးချက်ကို သေသေချာချာ ရှောင်ကြဉ် လိုက်ရင် သီလနဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ် ဖြစ်တယ်။

“စိတ်ကို ဖြူစင်အောင်ထား … ဆိုတာကတော့ စိတ်ကို ဖြူစင်အောင် ဒီတိုင်းထားလို့ မရဘူး။ ကမ္မဋ္ဌာန်းတခုခုနဲ့ နေမှ ရတယ်။ ဥပမာ သတ္တ၀ါတွေကို ကောင်းစားစေချင်စိတ်နဲ့ မေတ္တာပို့နေရင် မေတ္တာကမ္မဋ္ဌာန်းပေါ့။ အဲဒီလို ပွါးများနေရင် ကိုယ့်စိတ်ထဲမှာ ဖြူစင် သန့်ရှင်းနေမှာပဲ။ ဒီထက်ပိုပြီး ၀ိပဿနာကမ္မဋ္ဌာန်း ပွါးများနိုင်ရင် ပိုကောင်းတယ်။ ကိုယ်အမူအရာ ဖြစ်တိုင်း သိရမယ်၊ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ တွေ့ထိတာမှန်သမျှ ပစ္စုပ္ပန်တည့်တည့်ထားပြီး မှတ်။ ပေါ်လာသမျှကို ရှုမှတ်နှလုံးသွင်း။ အဲဒီလို နှလုံးသွင်းနေရင် အဘိဇ္ဈာ ဒေါမနဿ ဆိုတဲ့ လောဘနဲ့ ဒေါသကင်းနေပြီး စိတ်ဖြူစင်နေမယ်။

“စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တယ်၊ ဒါကြောင့် အမှန်တရားကို မြင်အောင် ကြည့်ရမယ်၊ အမှန်ကို မြင်ရင် အမှားမဖြစ်ဘူး၊ အမှန်ကို မြင်တယ်ဆိုတာ ပေါ်လာသမျှကို သိပေးနေရုံပဲ၊ အဲဒီလို သိပေးနေရင် အကုသိုလ် မဖြစ်ဘူး၊ အမှားမဖြစ်ဘူးပေါ့။”

ကျမက အဖေပြောတာတွေရဲ့ အတိုချုပ်ကို ကွန်ပျူတာနဲ့ အမြန် လိုက်ရိုက်ပြီး မှတ်တယ်။ အဖေကတော့ ဆက်ပြောနေတာပါပဲ။

“ဧကာယနော'ယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ တိ။”

ရုတ်တရက် အဲဒီပါဠိကို အဖေက ရွတ်တော့ ကျမ လိုက်ရိုက်လို့ မမီတော့ဘူး။ ဒါနဲ့ အားလုံးပြောပြီးမှ အဖေ့ကို နောက်တခေါက် ပြန်ရွတ်ပြပါလို့ ပြောရတယ်။ ပါဠိရဲ့ အနက်ကို အဖေက ကျမနားလည်လွယ်အောင် ခုလိုရှင်းပြတယ်။

“သတ္တ၀ါတွေ စိတ်အညစ်အကြေး စင်ကြယ်ဖို့ …
သောက စိုးရိမ်ပူဆွေးခြင်းတွေ လွန်မြောက်ဖို့ …
ကိုယ်စိတ်ဆင်းရဲခြင်းတွေ ချုပ်ငြိမ်းကွယ်ပျောက်ဖို့ …
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ရရှိနိုင်ဖို့ …
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ …
တကြောင်းတည်းသော တခုတည်းသောလမ်းက သတိပဋ္ဌာန် ရှုမှတ်နေဖို့ပဲ … ”
***
အဖေပြောတဲ့ တရားတွေကို အဖန်ဖန်အထပ်ထပ် ဆင်ခြင်နှလုံးသွင်းရင်း မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ တရားတော်ရဲ့ ဂုဏ်တော်၊ သံဃာတော်ရဲ့ ဂုဏ်တော်တွေကိုပါ ကြည်ညိုပြီး ရှိခိုးမိတယ်။ ဒီလိုနေ့မျိုးမှာ အဖေ့ဆီက သြ၀ါဒစကား နာကြားရတာ အင်မတန်မှ အဖိုးတန်လို့ တကယ်ပဲ ၀မ်းမြောက်ပါတယ်။ ခုလို မိဘ အသိုင်းအ၀ိုင်းမှာ ရှင်သန်ကြီးပြင်းခွင့် ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လဲ ကျေနပ်မိတယ်။ နောင်သံသရာမှာ ဒီ့ထက်ဒီ မြင့်မြတ်ရာဘ၀ ရောက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရအုံးမှာပဲ။
***

အပြင်လောကကို ကြည့်လိုက်တော့ လပြည့်ညရဲ့ လမင်းက ထိန်ထိန်သာ … လို့။
လရောင်ဟာ ကမ္ဘာလောကကြီး တခုလုံးအပေါ် တူညီစွာ ဖြန့်ကျက် လွှမ်းခြုံထားတာပါပဲ။
ဒါပေမဲ့ မြတ်နိုးစွာ ခံယူသူသာ လရောင်ရဲ့ အရသာကို ခံစားနိုင်မယ် မဟုတ်လား … ။
***
အားလုံး ငြိမ်းချမ်းသော လပြည့်ည ဖြစ်ပါစေ …
မေတ္တာဖြင့် …

မေဓာဝီ
၁၈၊ ဖေဖော်ဝါရီ၊ ၂၀၁၁
တပို့တွဲလပြည့်နေ့
၁၀း၁၀ နာရီ

မှတ်ချက်။ ... ။ ပါဠိစာလုံးပေါင်းများကို ဖတ်ရှုပြင်ဆင်ပေးသော အကိုတော် ကိုမင်းထက်အား ကျေးဇူးတင်ပါတယ်။

Read More...

Thursday, February 17, 2011

တကိုယ်ထဲနွှဲတဲ့ တပို့တွဲ ထမနဲ

မနက်ဖြန်ဆို တပို့တွဲ လပြည့်နေ့ ... ။
ဒီလိုအချိန် မြန်မာပြည်မှာဆိုရင် ဟိုနေရာ ဒီနေရာ ထမနဲနံ့တွေ သင်းတပျံ့ပျံ့ ဖြစ်နေလောက်ပြီ။ စိတ်ကူးထဲ တွေးကြည့်ရုံနဲ့ ထမနဲအနံ့လေး ရလာသလို ခံစားရတယ်။ အိမ်မှာလဲ အမေ ထမနဲများ ထိုးနေလေမလား၊ အမေတို့ အဖေတို့နဲ့ စကားမပြောရတာ လေးငါးရက်လောက် ရှိသွားပြီ။ ဒီနေ့ အမေနဲ့ စကားပြောဖို့ ချိန်းထားတယ်။ အမေ့ကို ထမနဲထိုးနည်း မေးမယ်၊ အဖေ့ကိုတော့ သြ၀ါဒပါတိမောက်နဲ့ ပတ်သက်လို့ နည်းနည်းပါးပါး ဟောပြော သြ၀ါဒပေးဖို့ ပူဆာမယ်၊ တပို့တွဲလပြည့်ဆိုတာက သြ၀ါဒပါတိမောက် အခါတော်နေ့ပဲ မဟုတ်လား။

skype ထဲဝင်ပြီး ခဏစောင့်လိုက်တော့ အမေရောက်လာပါတယ်။ အမေက တွေ့တွေ့ချင်းပဲ ...
"သမီး ... နက်ဖြန် တပို့တွဲ လပြည့်နေ့နော်" ... လို့ သတိပေးတယ်။
"ဟုတ် ... သိတယ်အမေ ... အဲဒါကြောင့် အမေ့ကို ထမနဲထိုးနည်း မေးမလို့" ဆိုတော့ အမေက ဆက်တိုက်ပြောနေတာနဲ့ စာရွက်နဲ့ ဘောပန် ကမန်းကတန်းယူပြီး လိုက်ရေးမှတ်ရတယ်။ တခါတုန်းက အမေ့ထမနဲထိုးနည်း ဒီနေရာမှာ တင်ဖူးပါတယ်။ ဒါပေမဲ့ အမေပြောတာ ထပ်နားထောင်ပြီး မှတ်တယ်၊ သိချင်တာ ထပ်မေးတယ်။

"အိမ်မှာတော့ ခြောက်ထပ်ကြီးဘုန်းကြီးကျောင်းက ပို့ထားတဲ့ ထမနဲတွေ အများကြီးပဲ ... အန်တီထွေးတို့ကလဲ အုပ်နဲ့ တအုပ် လာပို့ထားသေးတယ်၊ များနေတော့ အိမ်မှာ မထိုးတော့ဘူးလားလို့ ... ဒါပေမဲ့ နှစ်တိုင်းထိုးနေကျမို့ ထိုးတော့ထိုးလိုက်ပါမယ်"

ခြောက်ထပ်ကြီးဘုန်းကြီးကျောင်းက နှစ်တိုင်း မိုးဗြဲဒယ်ကြီးတွေနဲ့ ဒယ်ပေါင်းများစွာ ထိုးတယ်၊ အိမ်ကလဲ ဘယ်နှစ်ဒယ်စာ လှူတယ်ဆိုပြီး နှစ်တိုင်းလှူတယ်၊ ထမနဲတွေ ထိုးပြီးရင်တော့ ဆရာတော်က နီးစပ်ရာ အလှူရှင်တွေဆီကို ကျောင်းသားလေးတွေ ကိုရင်လေးတွေကို အပို့ခိုင်းတယ်။ အရပ်ထဲကလူတွေ ဆွေမျိုးတွေ ထမနဲ ထိုးဖြစ်ကြရင်လဲ ကိုယ့်အိမ်နီးချင်း အမျိုးအဆွေတွေကို လိုက်ဝေငှပါတယ်။ အင်မတန် ချစ်ဖို့ကောင်းတဲ့ အလေ့အထပါပဲ။

"နည်းနည်းဖြစ်ဖြစ် ထိုးပေါ့ အမေရဲ့ ... အမေ့ထမနဲက သူများထမနဲနဲ့ တူမှ မတူတာ"

အဲဒီမှာကတော့ အသိုင်းနဲ့ အ၀ိုင်းနဲ့ ၀ိုင်းဝန်း လုပ်ကိုင်ပေးမယ့် လူတွေ တပုံကြီးဆိုတော့ အမေကိုယ်တိုင် ၀င်ထိုးဖို့တော့ မလိုပါဘူး၊ စီစဉ်ညွှန်ကြားရုံလောက်ပါပဲ။ ဒါပေမဲ့ အမေက သူကိုယ်တိုင် အပင်ပန်းခံပြီး လုပ်လေ့ရှိတယ်။ ကျမ ရန်ကုန်မှာရှိတုန်းက အမေထမနဲ ထိုးပြီဆိုရင် ၀ိုင်းကူလုပ်ပေး နှမ်းဖြူးပေးတာကလွဲလို့ အစအဆုံး တခါမှ မထိုးဖူးပါဘူး။ ခုတော့ ကိုယ်တိုင်ကိုယ်ကျထိုးတဲ့ ထမနဲကို ဘုရားကပ်ချင်စိတ်နဲ့ တကိုယ်ထဲ တပို့တွဲမှာ ထမနဲထိုးပါတော့မယ်။


အမေနဲ့ စကားစဖြတ် အွန်လိုင်းကထွက်ပြီး ထမနဲထိုးဖို့ စပြင်ရပါတယ်။ အမေပြောပြလို့ လိုက်ရေးထားတဲ့ အညွှန်းစာရွက်လေးကို ရေခဲသေတ္တာမှာ ကပ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပြီး အသင့်ပြင်တယ်။ ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း၊ အုန်းသီးဆံ၊ အုန်းနို့၊ ချင်း (ဂျင်း)၊ ဆီ ... ရှိရင် ထမနဲ တဒယ် ဖြစ်ပြီတဲ့။ ခက်တာက အိမ်မှာရှိတဲ့ မြေပဲက လှော်ပြီးသား မဟုတ်ဘူး၊ မြေပဲ အစိမ်း။ ခုနက အမေ့ကိုမေးတော့ လှော်ပြီး အခွံချွတ် လေးစိတ်ကွဲဖြစ်အောင် ပုလင်းနဲ့ ကြိတ်လို့ ပြောတယ်။ အဲဒါက အတော်လက်ဝင်မယ့် ကိစ္စ၊ ဒါပေမဲ့ စိတ်အားထက်သန်နေတော့လဲ ဘယ်လောက် ကရိကထ များများ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။


ကောက်ညှင်း ၄-ခွက်ကို ရေဆေး၊ ဆားနဲ့ သကြားထည့်၊ ရေနဲ့ အုန်းနို့ နှစ်မျိုးပေါင်း ၄ ခွက် ဖြစ်အောင် ချင်ပြီး ထမင်းပေါင်းအိုးထဲထည့် တည်လိုက်တယ်။ တည်ထားတုန်း မြေပဲကို မီးအေးအေးနဲ့ လှော်ရတယ်၊ ဒါတောင် နည်းနည်းတူးသွားလို့ မြေပဲတချို့က ခပ်မဲမဲ၊ ကိစ္စတော့မရှိပါဘူး၊ ရောင်းမှာမှ မဟုတ်တာ၊ ကိုယ်ပဲ စားမှာဆိုတော့ မဲလဲ ကိုယ်ပဲ တူးလဲ ကိုယ်ပဲ၊ ဝေဖန်မယ့်လူ မရှိဘူး။ မြေပဲလှော်နေတုန်း ထမင်းအိုး ခလုတ် တက်သွားသံ ကြားလို့ သွားကြည့်တော့ ရေတွေမခန်းသေးဘဲ ခလုတ်ကြီးက တက်နေပြီ။ ဒါနဲ့ အဖုံးဖွင့် မွှေတော့ အောက်မှာ ကပ်နေတယ်။ ဒီက အုန်းနို့ဗူးက ခရင်မ်လို တအားပျစ်တော့ မြန်မာပြည်မှာ အုန်းသီး လတ်လတ်ဆတ်ဆတ်ကို ညှစ်ပြီး ထည့်ချက်တဲ့ အုန်းနို့လို အရည်သိပ် မရပါဘူး။ ရေနဲ့ ရောတာတောင် ထမင်းအိုးက နားမလည်ဘဲ အောက်ကကပ်ပြီး မီးခလုတ် တက်တက်သွားတာ။ ဒီလိုနဲ့ ကောက်ညှင်းအိုးကို အဖုံးဖွင့်လိုက် မွှေလိုက် နပ်မနပ် မြည်းလိုက် လုပ်ရင်း တဖက်မှာလဲ လှော်ပြီးသား မြေပဲကို အခွံချွတ်ရတယ်။


ပြီးတော့ ချင်းထိုးပြီး သွေ့အောင် ခဏထားတယ်။ မြေပဲတွေကို ပုလင်းနဲ့ လှိမ့်ပြီး လေးစိတ်ကွဲ ဖြစ်အောင် ကြိတ်၊ တချို့ကလဲ လေးစိတ်မကအောင် ကွဲ၊ တချို့ကတော့ တခြမ်းလောက်ပဲ ကွဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်ထဲရောက်ရင် အကုန်ကြေသွားမှာပဲ ကွဲချင်သလောက်သာ ကွဲဆိုပြီး မြေပဲကြိတ်ခြင်း ကိစ္စ ရပ်နားလိုက်တယ်။

အကြော်ဆံ ကြော်မယ်။
ဆီကျက်ရင် အုန်းသီးဆံထည့်ကြော်၊ မြေပဲကြိတ်ထားတာ ဆက်ထည့်၊ မြေပဲလေး အရောင်ပြောင်းလာမှ နှမ်းထည့်ပြီး ချက်ချင်း အိုးကိုချ။ နှမ်းထည့်တာ မနည်းရဘူးဆိုလို့ မနည်းအောင် ထည့်လိုက်တာ များသွားတယ်။ ဆီကလည်းများ နှမ်းကလည်းများ ... ဘာနဲ့တူမှန်းမသိတဲ့ အကြော်ဆံ။


ကဲ ထမနဲ စထိုးတော့မယ်။
ဒယ်အိုးထဲ ဆီထည့်၊ ဆီကျက်ရင် ချင်းထည့်၊ ချင်းတွေ အရောင်ပြောင်းပြီး မွှေးလာရင် ချက်ထားတဲ့ ကောက်ညှင်းကိုထည့်၊ အားရပါးရ မွှေ။


မွှေရင်းနဲ့ ကောက်ညှင်းတွေ နူးနူးနပ်နပ် ဖြစ်လာမှ မြေပဲကိုထည့်မွှေ၊ ပြီးတော့ နှမ်းထည့်မွှေ၊ မွှေ ... မွှေ ... မွှေ ... ဆက်တိုက် မွှေ၊ သဝေထိုး မ ၀ဆွဲ ဟထိုးမွှေ ... မွှေရလွန်းလို့ လက်မောင်းတွေ ညောင်း လက်အံတွေသေတဲ့ အထိ မွှေ ... ။ မွှေရင်းနဲ့ မွှေးလာတယ်၊ ချင်းနံ့ကလေး မြေပဲနံ့ကလေး သင်းလာတယ်၊ စိတ်ကူးထဲက ထမနဲအနံ့ တကယ် လက်တွေ့ရလာပါလား ... လို့ အနံ့တွေ ရှူလိုက် ဆားသကြား မြည်းလိုက် ပြန်မွှေလိုက်နဲ့ နောက်ဆုံးမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမနဲလေး တဒယ် ဖြစ်လာပါတော့တယ်။

သြော် သူများတွေ တပို့တွဲလမှာ ထမနဲထိုးကြတယ်ဆိုတာ လူအင်အား စုံစုံညီညီ တက်ညီလက်ညီ ၀ိုင်းကြ ၀န်းကြ လုပ်ကိုင်ကြတဲ့ ပျော်စရာ ကြည်နူးစရာ စုပေါင်း ဆောင်ရွက်ကြတဲ့ ပွဲလေးပါ။ ကျမတကိုယ်ထဲနွှဲရတဲ့ ထမနဲထိုးပွဲကလေးကတော့ ခြေကုန်လက်ပမ်းကျပြီး ခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားပါတယ်။ ပင်ပင်ပန်းပန်း ထမနဲ ထိုးအပြီးမှာ ကိုယ့်ကို ချီးမြှောက်ဖို့ ပစ္စေကဗုဒ္ဓါတွေ ဘာတွေများ ကြွလာလေမလားလို့ စိတ်ထဲ မျှော်လင့်တကြီး တွေးနေမိသေးတယ်။ ဘိလပ်မှာ ပစ္စေကဗုဒ္ဓါရှိဟန် မတူပါဘူး။ မွန်းလွဲ ၁၂ နာရီလဲ ကျော်နေပြီမို့ ရှိလဲ ဘယ်သူမှ ဆွမ်းလာခံတော့မယ် မထင်ပါဘူး။ နက်ဖြန်မနက် အရုဏ်တက်မှပဲ မြတ်စွာဘုရားကို ထမနဲဆွမ်း ကပ်လှူပြီး ကိုးပါးဥပုသ် သီလ ဆောက်တည်ပါမယ်။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရတဲ့ ကောက်ဦး နှမ်းဦး ထမနဲ အလှူကြောင့် တရားဦး နာရပါစေ ... ဆုတောင်းရင် ကောင်းလေမလား ... စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
၁၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၁၆း၁၅ နာရီ

တပို့တွဲလပြည့် ဆိုင်ရာပို့စ်များ
နာယူမိသော အဆုံးအမ (၂၀၀၈)
မေ့လျော့မိသော အဆုံးအမ (၂၀၀၇)
ပေါင်းစည်းညီညွတ်ခြင်းရဲ့ ရသ (၂၀၀၇)

Read More...

Tuesday, February 15, 2011

မေ့ထားတဲ့ နေ့များ ...

ဟိုနေ့ ဒီနေ့
ဟို-ဒီ နေ့အား
မေ့ထားခဲ့တာ ကြာပါပြီ။

ကြုံ၍ ဆုံတွေ့
ဘုံဓလေ့အား
ထုံမွေ့ဖို့တွက် ခက်လှသည်။

ကမ္ဘာအရေး မြန်မာအရေး
အခါခါတွေးလဲ
စာရေးဖို့ဖြင့် မ၀ံ့ပြီ။

မေတ္တာ သစ္စာ
ချစ်သဒ္ဓါလဲ
နှစ်ကြာညောင်း၍ ဟောင်းခဲ့ပြီ။

ရှုံးလျက် မုန်းခက်
အဆုံးသတ်တော့
ပြုံးလျက်နှင့်သာ နေချင်သည်။

ကြမ္မာ ဖန်လာ
သံသရာတကွေ့
ပြန်ကာတွေ့ဖို့ ဆုတောင်းမည်။ ... ။
***
မေဓာဝီ
၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၀၀း၀၁ နာရီ

(ဖေဖော်ဝါရီရဲ့ ဟိုနေ့ ဒီနေ့တွေအတွက် အမှတ်တရ ဘာမှ မရေးဘူးလားဟု မေးလာသူများသို့ ... )

Read More...

Thursday, February 10, 2011

ဝဲ ပျောက်သွားတဲ့ ည

ဘလော့တခွင် ရွာစဉ်လည်ပတ် နှောက်ယှက်နေသော မယ်ဝဲ (Malware) ၏ ရိုက်ခတ်မှုကြောင့် မေဓာဝီလဲ အအိပ်ပျက်၊ စာကြည့်ပျက် ဖြစ်ခဲ့ရပါသည်။ ၀ဲ ဆိုသည့် အသံကြားလျှင် တင်ပါးအောင့်သလိုလို ပေါင်တန်းသလိုလို ယောင်ယမ်းကာ ငိုချင်မိသည်ကြောင့် ၀ဲသံကို အနည်းငယ်မျှ မကြားလို မနာလိုပါချေ။ အကြောင်းမူကား ငယ်စဉ်ကာလ ကလေးဘ၀အရွယ် ၀ဲကူးစက်ခြင်း ခံရခဲ့စဉ် ဦးရီးတော်က ဟောက်ဆာဂျင်ဘ၀ ဆေးထိုးအပ် လက်တည့်စမ်းချင် တပြင်ပြင်မို့ တင်ပါးလှန်၍ ပန္နဆလင် တပုလင်း တဆုံးသွင်းခြင်း ခံခဲ့ရသဖြင့် ပေါင်တန်းကာ တင်ပါးအောင့်သည့် အနှီအရသာကို ခံစားခဲ့ဖူးသည် တမုံ့။ သို့ဖြစ်ပါသောကြောင့် ၀ဲသံကြားလျှင် ဦးရီးတော်နှင့် ပန္နဆလင်ကို တွဲဖက်မြင်ယောင်ကာ ၀ဲကြောက်ရောဂါ ဖြစ်နေရှာသည့် မေဓာဝီ ခမျာမှာ ဘလော့ထဲ ၀င်စွဲနေသော မယ်ဝဲကြောင့် ပို့စ်ကို ဖြုတ်ရမလို ကွန်မန့်တွေကို ဖျက်ရမလို တောင်တောင်အီအီ အတွေးများနှင့် စိတ်ညစ်ညူးခဲ့ရပေ၏။ သို့သော် ၀ဲတိုက်ဖျက်ရေးအတွက် စေတနာထား၍ စွမ်းစွမ်းတမံ အသိပညာ ရှယ်ယာလုပ်ပေးကြသူများကြောင့် ဘလော့ထဲစွဲနေသည့် မယ်ဝဲကို မအိပ်မနေ ချေမှုန်းရေးစီမံကိန်း တရပ် ညတွင်းချင်း ရေးဆွဲခဲ့လေသည်။

ဤသို့ဖြင့် ငြိမ်သက်နေသည့် ဘလော့ရေပြင်ကို ဆိုးဝါးစွာ နှောက်ယှက်လာသော ထိုမယ်ဝဲအား အပြုတ်တိုက် ချေမှုန်းပြီး သကာလ အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ကဗျာတပုဒ် ရေးရန် စိတ်ကူးမိ၏။ ၀ဲပျောက်သည့် အထိမ်းအမှတ်ကဗျာသည် ၀ဲရိုက် ၀ဲသွင်း ကဗျာ အမျိုးအစားတော့ လုံးဝမဖြစ်စေရ ဟု ဆုံးဖြတ်သည်။ ၀ဲကို ရိုက်ထုတ်လိုသော်လဲ မည်သည့်အကြောင်းကြောင့်မှ ထိုဝဲအား ပြန်မသွင်းလိုတော့ပါ။ ထို့ကြောင့် ရောက်တတ်ရာရာ အောက်ပါ ကဗျာတပုဒ်ကို ကလောင်အစုတ် ကလေးဖြင့် ဖြစ်ညှစ်ကာ ရေးခြစ်လိုက်ရပါတော့သည်။

သြော် ... ၀ဲ ... ၀ဲ ... ၀ဲဆိုသည့် ၀ဲကား မည်သည့်ဝဲမှ မကောင်းပါချေ။ လေထဲက ၀ဲလဲ မကောင်း၊ ရေထဲက ၀ဲလဲ မကောင်း၊ အင်တာနက် စာမျက်နှာထက်က ၀ဲလဲ မကောင်း၊ သံသရာ ၀ဲသြဃသည်ကား အဆိုးတကာ့ အဆိုးဆုံး ဖြစ်ချေတော့သည် တကား။
***
ဝဲ ပျောက်သွားတဲ့ ည

ဟိုရှေ့က ဆူဆူညံ
ဘာသံလဲမေး
အလိုဗျာ ဘလော့ထဲ
မယ်ဝဲတဲ့ လေး … ။

မယ်ဝဲကွယ့် ဒီရောဂါ
ကူးမြန်လှတာ၊
လင့်ခ်တွေမှာ
ပါလာတဲ့ မယ်ဝဲ
ဘလော့မှာ သူလာစွဲ
ဆိုးလှလို့ပဲ။

မယ်ဝဲဆို ဘယ်လိုများ
ဖယ်ရှားမလဲ ကွယ်တို့ရေ
ပြောပြပါလေ၊
သိချင်နေ ဒီမှာလေ ဖြေထား
စေတနာ ဗလပွရယ်နဲ့
ဝေငှသူများ။

မေဓာဝီ ဘလော့မှာ
ဝဲကင်းကြောင်း ထောက်ခံစာ
ဟော့ဒီမှာပါ >>>>>>>>
ယုံကြည်ပါ ဘလော့ဂါအများ
အဖန်ဖန် ပြန်ကာစစ်ပေသမို့
သန့်ရှင်းလို့သွား။

လှပတဲ့ ကမ္ဘာမြေ
ဝဲရန်စွယ် ကာကွယ်ပေး
အေးချမ်းပါစေ၊
သံသရာ မြန်စွာလေ မနှေး
လွတ်ကင်းအောင် ရှောင်ခွါပြေး
ဝဲ ကင်းဖို့လေး ... ။ ... ။
***
မေဓာဝီ
၁၀၊ ၀၂၊ ၂၀၁၁
၂၂း၄၉

Read More...

Tuesday, February 08, 2011

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ

မနေ့ကပို့စ်ရဲ့ ကွန်မန့်မှာ ကိုသစ်နက်ဆူးက ၀န်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဖွဲ့ တျာချင်းရှိရင် တင်ပေးဖို့ တောင်းဆိုထားတာ တွေ့ရလို့ ကျမအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလို ၀မ်းသာသွားမိတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တနှစ်လောက်က ကျမဆီ အဖေပို့ပေးထားတဲ့ "မြန်မာကဗျာရွေးချယ်ချက်နဲ့ ရတုရွေးချယ်ချက်" ဆိုတဲ့ စာအုပ်ကလေးထဲမှာ အဲဒီကဗျာတွေ ရှိနေတဲ့အပြင် ကျမကလဲ ၀န်ကြီးပဒေသရာဇာ ရေးတဲ့ တျာချင်းတွေကို သိပ်ကြိုက်လို့ ဘယ်အချိန် ဘလော့မှာ တင်ရမလဲ ချောင်းနေတာပါ။ ဒါပေမဲ့ ဒီလို ရှေးကဗျာမျိုးတွေကို စိတ်ဝင်စားတဲ့သူကနည်းတော့ တင်ဖို့ နည်းနည်း လက်တွန့် နေမိတယ်။ ခုတော့ တောင်းဆိုသူ ရှိလာတာကြောင့် ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုသစ်နက်ဆူး တယောက်ဖတ်လဲ မနည်းပါဘူးလို့ စိတ်ထဲတွေးရင်း ဒီကဗျာတွေ တင်ဖို့ ဆုံးဖြတ်လိုက်တယ်။




မြင်တဲ့အတိုင်းပါပဲ၊ စာအုပ်ကလေးက ခြရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သနားစဖွယ် အလှကင်းမဲ့နေပါတယ်။ ဒါပေမဲ့ အထဲက ကဗျာတွေကတော့ ကျမအတွက် အလွန်အဖိုးတန်တဲ့ ကဗျာတွေပါပဲ။ သိပ်ကြိုက်လို့ ထပ်တလဲလဲ ဖတ်ဖြစ်တဲ့ စာအုပ်ကလေးပါ။ ဒီကဗျာတွေ တင်ချင်လွန်းလို့ ကိုသစ်နက်ဆူး တောင်းဆိုတဲ့ ထန်းတက်သမားဖွဲ့ တျာချင်းအပြင် ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ လယ်သမားဖွဲ့နဲ့ တခါမှ မသင်ခဲ့ဖူးတဲ့ ဆင်ဖမ်းသမားဖွဲ့ တျာချင်းတွေပါ ၀မ်းသာအားရ တင်လိုက်ပါတယ်။ ဆင်ဖမ်းသမားဖွဲ့ကလဲ ဖတ်ရတာ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ ကဗျာတပုဒ်ပါပဲ။ ၀န်ကြီးပဒေသရာဇာဟာ ဘုရင်ချီးမြှောက်ခြင်း ခံရသူတဦး ဖြစ်ပေမဲ့ သူ့ကဗျာတွေဟာ အခြေခံလူတန်းစားကို ကိုယ်စားပြု ရေးဖွဲ့ထားတာမို့ ဘုန်းတော်ဘွဲ့တွေ ဖတ်ရတာထက် ပိုပြီး နှစ်သက်မိတယ်။ တျာချင်း သုံးပုဒ်အပြင် ကဗျာစာအုပ်ရဲ့ ရှေ့ဆုံးမှာပါတဲ့ စာဆိုရှင်ရဲ့ အတ္ထုပ္ပတ္တိကိုလဲ bonus အဖြစ် ဖော်ပြလိုက်ပါတယ်။ တောင်းဆိုသူ ကိုသစ်နက်ဆူးနှင့်တကွ မြန်မာရှေးကဗျာတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသူ အားလုံးအတွက်ပါ။

***

ဝန်ကြီးပဒေသရာဇာ အတ္ထုပ္ပတ္တိ

နွေဦးကာလ၊ မြူထသောခါ-ချီ ထန်းတက်သမားဖွဲ့ တျာချင်းရေးသူ ၀န်ကြီးပဒေသရာဇာမှာ ၁၀၃၄-ခုနှစ်တွင် နန်းတက်တော်မူသော အင်းဝဘုရင် အင်္ဂါမင်း လက်ထက် ရတနာပူရ အင်းဝမြို့၌ ဖွားမြင်၍ ၁၀၆၀-ပြည့်နှစ် နန်းတက်သော စနေမင်း လက်ထက်တွင် စုရေးစုကိုင် အဖြစ်ဖြင့်၎င်း၊ အိမ်ရှေ့အချီတော်သား အဖြစ်ဖြင့်၎င်း၊ ၁၀၇၆-ခုနှစ် နန်းတက်သော မှန်နန်းရှင်ခေါ် တနင်္ဂနွေမင်း လက်ထက်တွင် ဂေါပလာမှူး ရာထူးဖြင့်၎င်း၊ ၁၀၉၅-ခုနှစ် နန်းတက်သော ဟံသာဝတီရောက် မင်းတရားကြီး လက်ထက်တွင် အိမ်ရှေ့မင်း၏ အချီတော်အဖြစ်ဖြင့်၎င်း၊ ဘယကျော်သူဘွဲ့, မင်းရဲ မင်းလှကျော်ထင်ဘွဲ့ ပေး၍ အသည်ဝန်ကြီးရာထူးဖြင့် ချီးမြှင့်ခံရသည့်ပြင် ဇလွန်မြို့ကိုလည်း စားရသည်၊ ထို့နောက် နတ်သျှင်နောင်ဘွဲ့, ပဒေသရာဇာဘွဲ့, မြို့တွင်းရှင်ဘုရင်ဘွဲ့တို့ဖြင့် ချီးမြှင့်ခံရပြန်သောကြောင့် စာဆိုရှင်ကြီးကို ပဒေသရာဇာ-ဟု အများခေါ်ဝေါ် သမုတ်ခြင်း ဖြစ်သတည်း။

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ
***
ထန်းတက်သမားဖွဲ့

နွေဦးကာလ၊ မြူထသောခါ။
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။
ထားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်-သည်နှင့်လေး။ … ။

ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေေ၀။
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ။
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း။
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ … ။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ။
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ။
ငုံး, ကြက်ကယ် ဖွတ်, မြွေ၊ ၀ံပုလွေ၊
မနေ ထွက်လာကြ-သည်တည့်လေး။ … ။

ဝမ်းသာအားရ၊ မယားကတသွယ်။
ဟင်းရွက် ဆိုးကောင်း၊ သောင်းပြောင်း ရော၍လွယ်။
လင်က တသွယ်၊ ယုန်ငယ်က-စ။
တောသတ္တ၀ါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချ-သည်နှင့်လေး။ … ။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်။
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော် ငရုတ်သီး-ငယ်နှင့်လေး။ … ။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ။
သမီးနှင့်သား၊ များလို့ မ၀င်သာ။
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်။
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှ အုန်းခွက်-ကယ်နှင့်လေး။ … ။

ငုံ့လျက် ကိုယ်စီသာ၊
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေမရှာ၊
ခွေးသာကျွေးတော့သည်။ … ။
***

လယ်သမားဖွဲ့

သန်ကာလ၊ မိုးကျတည့်လျှင်။
ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်။
လက်တွဲငယ် ခြေငင်၊ ကိုယ်တွင် အ၀တ်။
ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗောင်း တွတ်တွတ်-ကယ်နှင့်လေး။ … ။

မိုးရေစွတ်လို့၊ အ၀တ်ကယ်မပါ။
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်တခွင်၊ ထွန်ရေးငင်၊
ရေ၀င် ပုစွန်တွင်း-ငယ်နှင့်လေး။ … ။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရု ပီလော၊ ရောနှော၍သာလွယ်။
ဟင်းရွက်ကယ် နုနယ်၊ တသွယ် ကန်စွန်း။
ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံ၊
ဖူးငုံသာ ရော၍ပြွမ်း-သည်နှင့်လေး။ … ။

ချိုလည်း ချိုလွန်း၊ ရည်ရွှန်းများစွာ၊
ကြံဟင်း ကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာ ချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်-ကယ်နှင့်လေး။ … ။

အလုပ်ကယ် ဧရာသာ၊
ငုံ့ကာလွေးတော့သည်။
သားမြေးငယ် မာချာ၊
ဘယ်ညာ ထွေးတော့သည်။

***

တောဆင်ဖမ်းဖွဲ့

(၁)
ဝသန်ကာလ၊ ၀ါလကျွတ်ခါ။
အောက်မားတို့တမ်း၊ ရွှင်ဝမ်း ဓမ္မတာ။
ဆင်ပေါင်းများစွာ၊ ညီညာ ဆော်နှိုး။
မှူးကဲစီမံ၊ ရိပ်ခြည်သံ၊
မြဲမြံရွှင်အား ကြိုး-ပါလို့လေး။ … ။

တိမ်ညင်ငယ်တင့်နိုး၊ ကျင့်ရိုးငယ် စုံစီ။
တရော် ကင်ပွန်း၊ ပျံ့မွှန်းမွှေးလှိုင်ညီ။
ဗြဟ္မာငယ် သံချီ၊ အောင်ပြီလေ ဆော်ကြွေး။
ကိုးတွင်း ကိုးကန်၊ ရေသန့်ပြွန်၊
မန္တန် မန်းမှုတ် ဆေး-ပါလို့လေး။ … ။

နတ်စာ ပြုရေး၊ သန္တေးငယ် ဂြိုဟ်စာ။
အုန်း ကြံ ငှက်ပျော၊ မုံ့ရော ပျားသကာ။
ကြက် ၀က်ကယ် ဟင်းလျာ၊ သေစာ ဖိုမ။
ပရမေ သူရိန်၊ နတ်ဥတိန်၊
တင်ချိန် ပူဇော် သ-ပါလို့လေး။ … ။

ကြပ်မကြီးသူ။
တောင်ဝင်စခန်း၊ ဆော်မြန်းနှုတ်သံကြူ၊
မြင်းတော်သည်လူ၊ အတူငယ်မခြား။
တသင်းစေ့ကာ၊ တယောက်ကယ်ပါ၊
မှန်စွာ အပ်ကာထား-ပါလို့လေး။ … ။

စုံပြားရဂုံတွင်၊
ဝင်ချိန်နီးတော့သည်။
ဆောင်ဆုမြွက်ကာပန်၊
အောင်သံခြီးတော့သည်။

(၂)
တောဝင်ပါမြဲ၊ ချွန်းစွဲငယ် ထား,လှံ။
ဘယားအိတ်ဗူး၊ မီးကူးမှို့ ဆေးတံ။
နှစ်ဦးငယ် တောယံ၊ စိတ်ကြံ ပယ်ခင်း။
ဟိုင်းဆင် တည်ဆင်၊ တွေ့ပြန်လျှင်၊
ရှောင်အင်လွတ်ရာ ကွင်းရလေး။ … ။

စွယ်မုန်ဟန်ခင်း၊ လျှံဝင်း မာတင်။
တွေ့လျှင် ဆွတ်မူး၊ ပျံ့ပျူးစိတ်ရွှင်။
မယားငယ် အိမ်ရှင်၊ ဆံပင်ဖားလျား။
မချအပ်စွာ၊ မင်္ဂလာ၊
ရှောင်ရာ လက်ထပ်များ-ကိုတည့်လေး။ … ။

ပုန်းရည်တောင်းစား၊ သွားလားအိမ်ရာ။
လော်လည်တခန်း၊ ကူးသန်းမကျင့်ရာ။
ဆွေရင်းငယ်သူငါ၊ ဘာသာလက်ဆွဲ။
ကျွမ်းဝင်ကျီစယ်၊ ပြုရာဘွယ်၊
ပစ်ပယ် ရှောင်ကြဉ်မြဲ-ကိုတည့်လေး။ … ။

ထား,လှံ ကိုင်စွဲ၊ ထီးလဲ ဆောင်းကာ။
မြင်း, ဆင် စီးနင်း၊ ရွာတွင်း မ၀င်ရာ။
မင်းစေ ငင်ကာ၊ ပူဆာလောင်ပြင်း။
ကြွေးမြီအပ်နှံ၊ မတောင်းခံ၊
ရှောင်ရန် အခင်း-ကိုတည့်လေး။ … ။

ကြောင်းချင်း သိသာအောင်၊
ပုံဆောင်ခင်းတော့သည်။
ဘေးပေါင်း အန္တရာယ်၊
ပယ်ရှောင် ကွင်းတော့သည်။

(၃)
ဆိုရာ ဆိုမျှ၊ ကြောင်းစကုန်စင်။
လင်္ကာတထူး၊ ပျံ့ပျူးဆွဲကာစင်။
မှူးကဲစီရင်၊ ရှောင်အင် ပြစ်ကင်း။
ကျားကိုက်ကယ်သာ၊ မစားရာ၊
ဆူးပါ ကင်ပိမ့်ဟင်း-ကိုတည့်လေး။ … ။

စုံခြေမြိုင်တွင်း၊ ကြိုင်သင်းဘွယ်သာ။
ထွက်ဝင်ရှာသွား၊ ညာဖျား တောကန္တာ။
ရှေ့သွားနောက်သာ၊ ခြေရာမှတ်ထား။
သစ်ခက်ကယ်ချဟန်၊ ပြမြဲမှန်၊
စိတ်သန်လွန်ကြိုးစား-သည်နှင့်လေး။ … ။

လှည့်ပတ်ကယ် သွားလား၊ တွေ့ညားသာကြည်။
မှုကဲထံရင်း၊ မကြွင်းပြန်ရာသည်။
မေးမြန်းဖွေနှည်၊ တည်တည်အောက်မား။
နံနက်ကယ် လင်းရောင်၊
သန်မိုက်ကယ်လှောင်၊
ချည်နှောင်တွဲခံ-ပါလို့လေး။

ဆင်စိမ်းပြောငြား၊ တောပြားစုံခွင်။
ပဟိုရ်သံ-မှီး၊ ရိုက်တီး သုံးချက်တွင်။
ရွာနီးငယ်တပြင်၊ တင်ရန် မုံ့ငါး။
ပွဲနှီး နတ်ရကာ၊ စုံစွာ ပေးရငြား-သည်နှင့်လေး။

မမှားပ-သကာ၊
ဣန္ဒာကိုးတော့သည်။
အောင်ဆု တိုင်လျှောက်ပုံ၊
ရှိစုံမိုးတော့သည်။
***


မှတ်ချက် ။ ... ။ မူရင်းစာအုပ်၏ သတ်ပုံ သတ်ညွှန်း ပုဒ်မ ပုဒ်ဖြတ်အတိုင်း ရိုက်ထားခြင်း ဖြစ်ပါသည်။

Read More...

Monday, February 07, 2011

ရနံ့တောမှာ ...

ရနံ့။
ရနံ့တခုကို ရှူရှိုက်လိုက်ရသည်။
အနှစ်နှစ်အလလ စွဲမက်ခဲ့ဖူးသောရနံ့။
နှစ်အနည်းငယ်မျှ ကင်းဝေးနေခဲ့သော ရနံ့။
ပြန်လည်ရှူရှိုက်မိတိုင်း ရင်ခုန်လှုပ်ရှားမိသော ရနံ့။
အသက်ကို ဖြည်းဖြည်းချင်း မျှဉ်း၍ ရှူသွင်းလိုက်သည်။
ထိုရနံ့တို့က နှာသီးဖျားမှတဆင့် ရင်ဘတ်ထဲ … အဆုတ်ထဲ … ထို့နောက် နှလုံးသားထဲ၊ ပြီးတော့ တကိုယ်လုံး ပျံ့နှံ့သွားသယောင် ... နှလုံးသွေးတို့ ပူနွေးလာသည်။ ရင်ခုန်လှိုက်မောလာသည်။ ထိုသို့ ရင်ခုန်နွေးထွေးအောင် စွမ်းဆောင်စေသော ရနံ့သည်ကား အခြားမဟုတ်။ စာအုပ်ဟောင်းလေးများ၏ ရနံ့ပင်တည်း။

ဟုတ်သည်။
ဟောင်းနွမ်းနေသော စာအုပ်များ၏ စာရွက်ဝါကျင်ကျင်လေးတွေက ထွက်လာသည့် စာအုပ်နံ့။ ထိုရနံ့များ ထုံလွှမ်းကြီးစိုးရာ ၀န်းကျင်နှင့် ကင်းဝေးခဲ့တာ အတန်ကြာနေပြီ။ ခုတော့ ဒီရနံ့ကို ပြန်ပြီး နမ်းရှိုက်ခွင့် ကြုံခဲ့ရ၏။ ပြီးခဲ့သည့် စနေနေ့က ဘာမင်ဂန်ကျောင်းသို့ ဆွမ်းပို့သွားတော့ ဆရာတော့်ထံမှ စာအုပ်တထုပ် ရသည်။ ဆရာတော်ရန်ကုန်ပြန်စဉ် အဖေနဲ့ဆုံ၍ လူကြုံ ထည့်ပေးလိုက်သော စာအုပ်ကလေးများ ... ။

အဖေနှင့် အွန်လိုင်းမှာ စကားပြောဖြစ်တိုင်း ဖတ်ချင်သည့် စာအုပ်တွေ ကိုးကားလိုသည့် စာအုပ်တွေကို မှာဖြစ်ခဲ့သည်။ အဖေကလဲ မှာသည့် စာအုပ်တွေရော ဖတ်သင့်သည့် စာအုပ်တွေရော စာတိုက်ကပဲဖြစ်ဖြစ် လူကြုံနဲ့ပဲဖြစ်ဖြစ် ပို့ပေးလေ့ရှိ၏။ အမေကတော့ ကျောင်းစာကြည့် ပျက်မှာစိုးသဖြင့် ပို့ပေးဖို့ရာ စိတ်အားမထက်သန်လှ။ ဘာပဲဖြစ်ဖြစ် စာဖတ်လိုသူ၏ ဆန္ဒကို အဖေက တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့လေသည်။

အခု အဖေပို့လိုက်သည့် စာအုပ်တွေက ... ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့၊ လက်ဝဲသုန္ဒရ ရတုများ၊ ဦးပုည ၀တ္ထုများ၊ ဦးကြင်ဥ ပဒေသာသီချင်းများ၊ မင်းသုဝဏ်နှင့် မင်းယုဝေ ဆွေးနွေးသည့် ကဗျာ့ပရိယာယ်၊ တက္ကသိုလ်စန်း ရေးသည့် မြန်မာကဗျာဖွဲ့နည်း စာအုပ်များပင်ဖြစ်၏။ (ဦးပုည၀တ္ထုကတော့ ဆရာတော် ခေတ္တဖတ်အုံးမည်ဟုဆိုကာ ယူထားလိုက်သဖြင့် ပါမလာပါ။)

စာအုပ်တိုင်း၏ အတွင်း၌ ဖြစ်စေ အဖုံး၌ ဖြစ်စေ အဖေက သူ၏တံဆိပ်တုံးလေးတွေ နှိပ်ထားလေ့ရှိသည်။ ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့က ဟံသာဝတီတိုက်မှ ၁၉၆၅ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ပထမအကြိမ်က ၁၉၂၈ ခုနှစ်တွင် ထုတ်ဝေသည်ဟု ပုံနှိပ်မှတ်တမ်းမှာ ရေးထားသည်။ စာအုပ်၏ ပထမစာမျက်နှာတွင် အဖေ လက်မှတ်ထိုးပြီး 22nd Dec' 65 ဟု ရေးထားသည်ကို တွေ့ရ၏။ ဂါထာခြောက်ဆယ်ပျို့ကို လိုချင်သည်မှာ ကြာပြီ။ မြတ်စွာဘုရားကို ကာဠုဒါယီမထေရ် လျှောက်တင်သည့် ဂါထာများကို ပေလေးပင် ရှင်လေးပါးမှ တပါးအပါအ၀င် ဖြစ်သော ရှင်အုန်းညိုက ဂါထာခြောက်ဆယ်ပျို့ အဖြစ် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ (ဤနေရာတွင် တပိုဒ်တင်ခဲ့ဖူးပါသည်။)

လက်ဝဲသုန္ဒရ ရတုစာအုပ်ကို ၁၉၆၇ ခုနှစ် စက်တင်ဘာလတွင် ဟံသာဝတီစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ရတုပေါင်း ၃၃ ပုဒ် ပါဝင်သည်။ ကဗျာ၊ လင်္ကာ၊ ရတု အကြောင်း အကျဉ်းချုပ်နှင့် လက်ဝဲသုန္ဒရအမတ်ကြီး၏ အတ္ထုပ္ပတ္တိကို နိဒါန်းတွင် ဖတ်ရှုရသည်။ ထိုစဉ်က စာအုပ်တန်ဖိုး တအုပ် တကျပ်ဖြင့် ရောင်းချသော စာမျက်နှာ ၆၂ မျက်နှာ ပါရှိသည့် စာအုပ်ပါးလေး တအုပ်ဖြစ်၏။

ဦးကြင်ဥ၏ ပဒေသာသီချင်းများ စာအုပ်ကတော့ တချိန်က ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့ဖူးသည်ဟု အဖေပြောပြ၍ သိရသည်။ စာအုပ် အတွင်းဖုံး၌ ...

Padetha Songs
By
U Kyin U
(Approved by the Text book Committee)
A Hanthawaddy Publication for Schools.

ဟူ၍ တွေ့ရသည်။ ၁၉၆၂ ခုနှစ်တွင် ဟံသာဝတီမှ ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေသည်။ ဦးကြင်ဥ၏ ရာသီဘွဲ့၊ တောဘွဲ့၊ တာရာဘွဲ့၊ ၀ိဇ္ဇာဘွဲ့၊ သံဝေဂဘွဲ့၊ ပင်လယ်ငါးဘွဲ့၊ ပင်လယ်ခရုဘွဲ့များနှင့် မုဆိုးစကား၊ ဇော်ဂျီစကားတို့ ပါဝင်သည်။ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်မို့ ခက်ဆစ်၊ မှတ်စုနှင့် အက္ခရာစဉ် အညွှန်းပါ တွေ့ရ၏။

ကဗျာ့ပရိယာယ် စာအုပ်ကို ၁၉၆၇ ခုနှစ်က နှလုံးလှစာပေမှ ထုတ်ဝေသည်။ ၀ါသနာရှင်တို့၏ ကဗျာများကို ဆရာမင်းသုဝဏ်နှင့် မင်းယုဝေတို့က ဆွေးနွေးဝေဖန်ထားသော ဆောင်းပါးများ စုစည်းထားခြင်းဖြစ်သည်။ ငွေတာရီမဂ္ဂဇင်း၏ ကဗျာခန်းတွင် လစဉ်ထည့်သွင်းသော ကဗျာဆွေးနွေးချက် ဆောင်းပါးများအပြင် ကဗျာဆရာကြီးများ၏ ကဗျာဆိုင်ရာစာတမ်းများ ပါဝင်သည်။

တက္ကသိုလ်စန်း (ခ) ဦးထွန်းရှိန်ရေးသည့် အထက်တန်း မြန်မာကဗျာဖွဲ့နည်းစာအုပ်ကို ၁၉၆၁ ခုနှစ်က မြင့်သိန်းဧဂျင်စီမှ ထုတ်ဝေသည်။ ကဗျာအကြောင်း၊ မြန်မာအက္ခရာစဉ်နှင့် အသံများအကြောင်းများမှ အစပြု၍ ကဗျာရေးဖွဲ့နည်းများကို သဘောပေါက်လွယ်အောင် သင်္ကေတများ ဥပမာကဗျာများဖြင့် ရှင်းလင်းစွာ ရေးသားထားသည့်အပြင် လေ့ကျင့်ခန်းများလဲ ပါဝင်သည်။
***
ထိုစာအုပ်များနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်၊ မကြာခဏ ဖတ်ခဲ့ဖူးသည်။ ထိုရနံ့တောမှာ သာမောခဲ့ဖူးသည်။ ခုအချိန်မှာ ပြန်တွေ့ရတော့ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းများနှင့် ပြန်တွေ့ရသည့်နှယ် ၀မ်းသာပျော်ရွှင်မိ၏။ ကြည်နူးပီတိ ဖြစ်မိ၏။ ကြည့်မ၀ ရှုမ၀ ဖတ်မ၀ နမ်းမ၀ … ။ အရသာရှိလေစွ။ စာအုပ်များကို အမြည်းသဘော လှန်လှော ကြည့်ရှုပြီး ညမအိပ်ခင် ဖတ်ဦးမည်ဟု တွေးကာ အိပ်ရာနဘေးမှာ ထားလိုက်သည်။ အိပ်ရာထက် လဲလျောင်းရင်း စာအုပ်ရနံ့လေးတွေကို ခံစားနေမိပြန်သည်။ ဒီလိုနှင့် အိပ်ပျော်သွားလျှင် အိပ်မက်ထဲ၌ ထိုရနံ့များ လွှမ်းမိုးကြီးစိုးရာ ၀န်းကျင်သို့ ရောက်သွားလိမ့်အုံးမည်လား … အတွေးများနှင့် ဘာသာကြည်နူးနေမိပါတော့၏။
***
မေဓာဝီ
၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၉း၅၃ နာရီ

Read More...

Thursday, February 03, 2011

ခွေးကျောင်းသူ

ခေါင်းစဉ်ဖတ်ပြီး မေဓာဝီ တယောက် ဘိလပ်မှာ ခွေးကျောင်းတက်ပြီး ခွေးဘာသာစကား သင်နေသလားလို့ ထင်ယောင်ထင်မှား မဖြစ်ကြပါနဲ့။ မြန်မာစကားကလဲ သံတူ ကြောင်းကွဲ၊ သံမတူ ကြောင်းမကွဲတွေက ခပ်များများရယ်။ တကယ်က ဒီလိုပါ ... ။ နွားကိုကျောင်းရင် နွားကျောင်းသား၊ သိုးကိုကျောင်းတော့ သိုးကျောင်းသား ... လို့ ဆိုကြတယ် မဟုတ်လား။ သူတို့က နွားဘာသာစကား သိုးဘာသာစကား သင်ကြတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီလိုပါပဲ ... ကျမလဲ ခွေးကိုကျောင်းရတာမို့ ခွေးကျောင်းသူ ဖြစ်သွားတာ ဆိုပါတော့။ ဖြစ်ပုံကို ပြောရရင်တော့ ...

လွန်ခဲ့တဲ့ ရက်သတ္တ ၃-ပတ်လောက်က ဦးရီးတော်ရဲ့ မိတ်ဆွေ ဆရာဝန်ဇနီးမောင်နှံ မြန်မာပြည်ခဏပြန်တော့ သူတို့အိမ်မှာ မွေးထားတဲ့ ခွေးကလေးတကောင်ကို ကြည့်ပေးနိုင်မလားလို့ အကူအညီတောင်းတာနဲ့ ကျမလဲ ကျောင်းပိတ်ထားတုန်း အားနေခိုက် အပျင်းပြေ ခွေးလေးနဲ့လဲ ဆော့ရအောင် မေတ္တာရိ ကူညီပါ့မယ်လို့ ကတိပေးလိုက်မိတယ်။ ဒီလိုနဲ့ မေဓာဝီလဲ နေ့ချင်းညချင်း ခွေးကျောင်းသူဘ၀ ရောက်ရတော့တာပါပဲ။

ခွေးကလေးက ရန်ကုန်အိမ်မှာရှိတဲ့ ခွေးကလေး ကစ်ကစ်လို ရှီဇူးမျိုးပါပဲ။ နာမည်က muffin တဲ့။ ခွေးနာမည်လဲ မဟုတ်၊ မုန့်နာမည်ကြီး။ အစကတော့ မာဖီထင်လို့ မာဖီ မာဖီနဲ့ ခေါ်နေကြတာ။ နောက်မှ သူ့လည်ပတ်က နာမည်ကြည့်လိုက်တော့ မာဖီမှမဟုတ်ဘဲ၊ ဒါပေမဲ့ နှုတ်ကျိုးပြီး မာဖီလို့သာ ဆက်ခေါ်ဖြစ်တယ်။ သူကလဲ သူ့ခေါ်မှန်း သိပါတယ်။ အိမ်ရှင်တွေ မရှိတုန်း သူ့ကို ကြည့်ပေးရမယ်ဆိုတော့ ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့ ကစ်ကစ်အလွမ်းပြေ သူနဲ့ ဆော့မယ် ကစားမယ် လမ်းသလားကြမယ်လို့ တွေးထားပြီး ခွေးကျောင်းသူဘ၀ဟာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားရုံပဲလို့ ထင်ခဲ့မိတာ၊ တကယ်တမ်း လက်တွေ့ကျတော့ ... ခွေးတကောင် တာဝန်ယူရတာ တယ် မလွယ်ပါလားလို့ သိလိုက်ရတယ်။

ကစ်ကစ်နဲ့တုန်းကတော့ ကိုယ်တိုင်ကိုယ်ကျ ဘာမှလုပ်စရာမလိုဘဲ သူနဲ့ ပလူးပလဲ ပွတ်လိုက်သပ်လိုက် ပြေးလွှားကစားလိုက် ချစ်လိုက် ရန်ဖြစ်လိုက် နေရုံပဲကိုး။ တခါတလေ သူကိုက်ရင် ငိုပြီး ဆေးခန်းသွားလိုက်ရုံပဲလေ။ လွယ်လွယ်လေးပေါ့ ... ။ ခုတော့ ... .... ခုတော့ ... ။


ဖြတ်သန်းခဲ့ရ၊ ဒီလမ်းမထက်၊ ခွေးကျောင်းထွက်ရန်၊ ချိန်တန်ပြီမို့ ...

အိမ်ကနေ မာဖီ့အိမ်ရောက်ဖို့ လမ်းလျှောက်ရင် မိနစ် နှစ်ဆယ် အစိတ်၊ ဖြည်းဖြည်းလျှောက်ရင် နာရီဝက်နီးပါးလောက် ကြာတယ်။ ရာသီဥတု သာယာချိန်ဆို သိပ်အကြောင်းမဟုတ်ပေမဲ့ မိုးရွာရင် လေတိုက်ရင် အပူချိန် အနုတ်လက္ခဏာပြနေရင် လမ်းလျှောက်ရတာ အဆင်မပြေဘူး။ ဦးထုပ်၊ လက်အိတ်၊ ဂျာကင် ထူထူထဲထဲဝတ်ပြီး ဟေတုပစ္စယောနဲ့ ခပ်သုတ်သုတ် လမ်းလျှောက် ဟောဒီကွင်းကြီးနားရောက်ရင်တော့ မာဖီစံမြန်းရာ အိမ်ဂေဟာကို ရောက်ပြီဆိုပါတော့။ အဲဒီလို တနေ့ နှစ်ကြိမ် (မနက်တခါ ညနေ တခါ) မှန်မှန်သွားရတယ်။


ခွေးကျောင်းထွက်မယ်၊ ကွင်းပြင်ကျယ်မှာ၊ တနေ့နှစ်ခါ၊ မှန်မှန်လာ ...

ဒီက ရပ်ကွက်တိုင်းလိုလိုမှာ ကလေးကစားကွင်းနဲ့ ပန်းခြံရှိသလို တချို့ရပ်ကွက်တွေမှာ ခွေးကစားကွင်းပါ ရှိတယ်။ မာဖီ့အိမ်နောက်ဖေးမှာတော့ ဒီကွင်းပြင်ကျယ်ကြီးပေါ့။ ဟိုတလောက နှင်းတွေဖုံးနေတဲ့ ကွင်းကြီးလေ ... ။ ကွင်းထဲမှာ ခွေးကျောင်းနေသူတွေ တဦးစ နှစ်ဦးစတော့ အမြဲရှိနေတာပါပဲ။ ကျမ သတိထားမိသလောက်တော့ ဘိလပ်ကလူတွေဟာ ခွေးနဲ့ ကလေး အင်မတန်မွေးကြတာကလား။ လူခြောက်ယောက် ဖြတ်သွားရင် သုံးယောက်က ကလေးတွန်းလှည်း၊ နှစ်ယောက်က ခွေးကလေးဆွဲ ... ကျန်တယောက်ကတော့ ... အဲ ... ကျမပဲဖြစ်မယ် ထင်တယ်။ :)

....
ခွေးကျောင်းထွက်မယ်၊ လွယ်အိတ်လွယ်၊ ပျော်ပျော်ပါးပါးကွယ် ...

ကျေးလက်ဒေသက နွားကျောင်းသားတွေကတော့ နွားတွေကို စားကျက်ထဲလွှတ်ထားပြီးရင် ပြွေတိုတစင်းနဲ့ သစ်ပင်ရိပ်မှာ ကျောခင်းလိုခင်း၊ လွယ်အိတ်ထဲ လောက်စာလုံးအပြည့်ထည့်ပြီး လေးခွတလက်နဲ့ ငှက်ပစ်ထွက်ချင်ထွက် နှစ်သက်သလို နေနိုင်ကြပေမဲ့ ခွေးကျောင်းသူ မေဓာဝီခမျာမှာတော့ သူတို့လို ဇိမ်မကျအားပါဘူး။ ဒါပေမဲ့ နွားကျောင်းသားတွေကို အတုခိုးပြီး အမေပေးလိုက်တဲ့ မြန်မာပြည်ဖြစ် လွယ်အိတ်လေးကို စလွယ်သိုင်းလို့ ခွေးကျောင်းထွက်ရပါတယ်။ လွယ်အိတ်ထဲမှာတော့ လိုသလို ပုံရိုက်ဖို့ ကင်မရာ၊ လက်အိတ်၊ ဦးထုပ်၊ ရှူဆေး၊ တစ်သျှူး၊ စိပ်ပုတီး၊ အိမ်သော့ ... စသဖြင့် စုံစီနဖာ တွေ့ကရာ အကုန်ထည့်ခဲ့တာပဲ။


အင်အင်း ညှစ်ထား၊ ခပ်များများပါ၊ မြက်ထဲမှာ ...

ဒီကောင်ကလဲ အတော်ခက်ပါတယ်။ မနက်တိုင်း တံခါးဖွင့်လိုက်တာနဲ့ အုံတပီးက အမြဲအသင့် ကြိုဆိုနေတော့တာ။ ဒုက္ခနဲ့ မေဓာဝီ အဲဒီမှာ စတွေ့တော့တာပဲ။ ခွေးနဲ့ ဆော့ဖို့လောက်ပဲ တွေးမိခဲ့ပြီး ခွေးအညစ်အကြေးကိစ္စ လားလားမျှ မစဉ်းစားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ညံ့တာပဲလို့ အပြစ်တင်မိတယ်။ သူကလဲ အပြင်ထွက် ကျောင်းချိန်မှာ ရှူးပဲပေါက်တယ်၊ အဖိုးကြီးဆိုတော့ ကျမရှေ့ အီးပါရမှာ ရှက်လို့လားမသိဘူး။ ညလူခြေတိတ်မှ ထမင်းစားခန်းထဲ ကိစ္စပြီးထားလေရဲ့။ သူကိစ္စပြီးတာက ကျမအတွက် ကိစ္စများစေဖို့ ဆိုပါတော့။ လက်အိတ်စွပ်၊ မျက်နှာလွှဲပြီး ကျူံး၊ ပျို့တက်လာတဲ့ အန်ချင်စိတ်ကို ထိမ်းချုပ်ပြီး ကိုယ့်စိတ်ကို မနည်းဖြေရတယ်။ ကျမ ကြည့်ပေးရတဲ့ ၃-ပတ်လုံးလုံး အပြင်မှာ ပါတာဆိုလို့ တခါထဲရယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ မှတ်တမ်းတင် ထားလိုက်တယ်။ (အထက်ပါ ပုံ)


အမြီးယမ်းယမ်း၊ ကြိုးတန်းလန်းနဲ့၊ လမ်းသလားခဲ့ကြသေးသည်။

တကယ်တော့ သူက ခွေးအဖိုးကြီးပါ။ အသက်က ဆယ့်လေး ငါးနှစ်လောက်ရှိပြီတဲ့။ မျက်စိက ခပ်မှုန်မှုန်၊ လမ်းသွားရင်နှေးတုံ့တုံ့။ ခွေးစာခြောက် အလုံးလေးတွေကိုတောင် သိပ်မ၀ါးနိုင်ဘူး၊ သွားလဲ သိပ်မကောင်းဘူး ထင်တယ်။ ကြက်သားပြုတ်ကျော်ကို သေးသေးလေးနွှင်ပြီး ထမင်းနဲ့နယ် ကျွေးရတယ်။ အသားဖတ်ကြီးသွားရင်လဲ အစာမကြေလို့ အန်တော်မူသေးတာ။ ကြက်သားကိုလဲ လူစားသလို ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆီနဲ့ပျားနဲ့ အသေအချာပြုတ်မှ သုံးဆောင်ရှာပါတယ်။ မေဓာဝီဘ၀ ခွေးအီးကျုံးလိုက် အန်ဖတ်ကျုံးလိုက် အသားနွှင်လိုက် ထမင်းခွံ့လိုက် ချော့ဟယ် မြှူဟယ် ဟောက်ဟယ် ချောက်ဟယ်နဲ့ သုံးပတ် လုံးလုံး စခန်းသွားရတာ ဖျားတဲ့အထိပဲ။ ဖျားလဲ မနားရပါဘူး။ ကိုယ်မသွားရင် သွားမယ့်သူမရှိတော့ ဖျားရက်နဲ့ပဲ သူ့ဆီ အခစားဝင်ရပါတယ်။ ဒါနဲ့ပဲ ၂ ခါပြန် ဖျားတယ်။ တခါတလေတော့လဲ သူများကို သနားလို့ ကူညီရတာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်ပါလားလို့ သင်ခန်းစာ ရလိုက်မိတယ်။


ဝပ်ကျင်းထဲမှာ၊ ခွေကာအိပ်ပြီ၊ ကိုမာဖီ

မိသားစုကို တမျိုးပြီးတမျိုး မရိုးရအောင် လှည့်ပတ် ဂျီတိုက်တတ်တဲ့ ကျမ သူနဲ့မှ ၀ဋ်လည်ပါတော့တယ်။ အနားမှာ အသံပေါင်းစုံနဲ့ အော်ပြီး ကလေးတယောက်လို အမြဲဂျီတိုက်တယ်။ ဂျီတိုက်ရတာ မောရင် တခေါခေါဟောက်ပြီး ၀ပ်ကျင်းလေးထဲ ၀င်အိပ်တော့တာပဲ။ အမြင်ကပ်ဖို့ ဘယ်လောက်ကောင်းလဲ။ မအိပ်မချင်းကတော့ သူ့ဝပ်ကျင်းကို ကုတ်လိုက် ခြစ်လိုက် ထောင်လိုက် မှောက်လိုက်နဲ့ ဗြောင်းဆန်အောင် သောင်းကျန်းသေးတာ။ ကျမ အိမ်ပြန်မယ်ဆိုရင် သူအိပ်ပျော်သွားခါမှ အသာလေး တံခါးဖွင့်ပြီး တိတ်တိတ်အိမ်ပြန်ရတယ်။ ဒုက္ခပေးလို့ အမြင်ကပ်မိပေမဲ့ တကယ်တော့လဲ သနားစရာပါ။ သူတို့လို တိရစ္ဆာန်လေးတွေဆိုတာ လူပေးမှ ကျွေးမှ စားရသောက်ရတဲ့ ဘ၀ကိုး။


...

ဒီလိုနဲ့ ပြီးခဲ့တဲ့ ၁-ရက်နေ့က သုံးပတ် ပြည့်လို့ သူ့သခင်တွေ ပြန်လာပါပြီ။ ကျမလဲ ခွေးကျောင်းသူဘ၀က အငြိမ်းစားရပြီပေါ့။ သူ့ဆီမသွားရတော့ လွမ်းတော့ အလွမ်းသား။ လျှောက်နေကျ လမ်းကလေးရယ် ခွေးကျောင်းတဲ့ ကွင်းပြင်ကျယ်ကြီးရယ် သစ်ပင်အိုကြီးနဲ့ ငှက်ကလေးတွေရယ် ခပ်ဆိုးဆိုး ခွေးအိုလေး မာဖီရယ် ချမ်းချမ်းစီးစီး စိတ်ပျက်လက်ပျက် နေ့ရက်များကို နောင်အခါ ပြန်အမှတ်ရစေဖို့ ... ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်။

***
မေဓာဝီ
၃၊ ၂၊ ၂၀၁၁
၁၀း၁၅ နာရီ

Read More...