Friday, June 15, 2007

ခဏတာ ဘုရားဖူး

ဓာတ်ပုံပို့စ် တင်တဲ့သူတွေကို အားကျတာကြောင့် မနေ့က ရာသီဥတုကလည်း သာယာ၊ မီးကလည်းပျက်နေလို့ အားနေတာနဲ့ ဘုရားလည်းဖူးရင်း ဓာတ်ပုံ လည်းရိုက်ရင်း တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အိမ်ကထွက်ခဲ့တယ်။ ဝေးဝေးလံလံတော့ မဟုတ်ပါဘူး။ အိမ်ကနေ လမ်းလျှောက်ရင် နာရီဝက် အတွင်း ရောက်နိုင်တဲ့ ငါးထပ်ကြီးဘုရားကိုပါ။ ငါးထပ်ကြီးဘုရားသွားရတာ အင်မတန်စိတ်ချမ်းမြေ့လို့ တခါတလေ စိတ်ရှုပ်ထွေးတဲ့အခါ စိတ်ပြေ လက်ပျောက် ရောက်ရောက်သွားဖြစ်တယ်။ ငါးထပ်ကြီးနဲ့ ခြောက်ထပ်ကြီးဟာ ကားလမ်းမကြီးတခုသာ ခြားပေမယ့် ငါးထပ်ကြီးဘုရားရဲ့ ၀န်းကျင်နဲ့ ရှုခင်းကို ပိုပြီး သဘောကျမိပါတယ်။

အိမ်ကအထွက်မှာ နေကျဲကျဲတောက် ပူနေတာနဲ့ ထီးကလေးယူလာမိတာ ကံကောင်းသွားတယ်။ သွားနေရင်း လမ်းတ၀က်အရောက် အနောက်ဘက် ကောင်းကင်ဆီမှာ မိုးတွေကညို့တက်လာပြီး ရာသီဥတုအခြေအနေ ရုတ်တရက် ပြောင်းလဲသွားပုံများ နေကျဲကျဲပူရာက မိုးရိပ်တွေဆင်၊ မိုးသက်လေတွေ တိုက် တော့တာပါပဲ။ ဘုရားပရ၀ုဏ်ထဲ မရောက်ခင် မိုးစက်တွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာပါလေရော။

အရင်တုန်းက ဒီလမ်းလေးဟာ မြေနီလမ်းကလေးပေါ့။ ခုတော့ ကြွေပြား တွေခင်းလို့ သပ်သပ်ယပ်ယပ်ဖြစ်သွားပေမဲ့ တခါတလေတော့လည်း ဟိုအရင်က မြေနီလမ်းလေးကို လွမ်းမိသား။

မြတ်စွာဘုရား ရုပ်ပွားတော်ကို ဦးခိုက်ကန်တော့စဉ် …
သတ္တ၀ါတွေ ငြိမ်းချမ်းစေသား … ။

ဒီနဂါးကြီးပေါ့၊ ကျမ သိပ်သဘောကျခဲ့တာ။ ဘုရားရဲ့ ဘယ်ညာတဖက်တချက် မှာ နဂါးကြီး တကောင်စီရှိတယ်။ ဒီနဂါးကြီး ခံတွင်းဝက ရေတွေလွှတ်ပြီး ဘုရားကိုပူဇော်တာ ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့ အဲဒီလို မြင်ကွင်းမျိုး မတွေ့ရတော့ဘူး။

ကြည်ညိုဖွယ်ရာ ဗုဒ္ဓမြတ်စွာနှင့် တပည့်သား သံဃာတော်များ။

မိုးတွေအရမ်းသည်းလာတာနဲ့ ခဏထိုင်နေတုန်း မိုးတွေကြားက ဘုံခုနစ်ဆင့် ကျောင်းတိုက်ကြီးကို အဝေးကလှမ်းပြီး မှတ်တမ်းတင်လိုက်တယ်။

မိုးနည်းနည်းစဲတော့မှ အောက်ကိုပြန်ဆင်းပြီး အဲဒီကျောင်းတိုက်ကြီးကို သွားငေး လိုက်မိသေး။

ဒီရှေးဟောင်း ကျောင်းတိုက်ကြီးဟာ သူ့အနားက တော်တော်နဲ့ မခွါနိုင်အောင် ကျမကို စွဲဆောင်ထားတယ်။

ငယ်ငယ်တုန်းက ကျမတို့ ညီအစ်မတတွေ တိုင်ဦးတမ်း ကစားခဲ့ကြတဲ့ ကျောင်းရဲ့အောက်ခြေက အုတ်တိုင်လုံးကြီးတွေဆီ လှမ်းကြည့်လိုက်တော့ …
အိုးအိမ်မဲ့ သူတယောက်လေလား၊ အေးရာအေးကြောင်း ဘုရားရိပ် သံဃာရိပ်မှာ ခေတ္တခိုလှုံလာသူလား၊ ပူလောင်တဲ့ဝန်းကျင်ကို စွန့်ခွါတိမ်းရှောင်လာသူပဲလား၊ ဝေခွဲမရစွာ ကြည့်နေဆဲ … ။ သူကတော့ဖြင့် … နှစ်ခြိုက်စွာ အိပ်မောကျလို့။

ဆုတောင်းပြည့်စေတီ လို့ ကမ္ဗည်းထိုးထားတဲ့ မှန်စီရွှေချ စေတီငယ်လေး။

အိမ်အပြန်လမ်းမှာ ပြန်ငေးကြည့်တော့ …ရေတွင်းငယ်ကလေး၊ စိမ်းစို အုပ်ဆိုင်း တဲ့ သစ်ပင်လေးတွေနဲ့ ကုန်းတော်ထက်က စေတီရဲ့ မြင်ကွင်းက ဆွတ်ပျံ့ဖွယ်။

“သားတို့ကို ဓာတ်ပုံတပုံလောက် ရိုက်ပေးပါ”
ပူဆာလာကြတဲ့ ကလေးငယ်လေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ကြည်လင်ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်လေးတွေရဲ့ အပြစ်ကင်းစင်သော အပြုံးနုနု လေးများ … ။
***
အိမ်ရောက်တော့ ညနေစောင်းနေပြီ။ မီးကတော့ မလာသေး။ အသိမပေးဘဲ အကြာကြီး ထွက်သွားလို့ အမေက မကြည်ဘူး။
ဓာတ်ပုံလေးတွေပြန်ကြည့်ပြီး ရိုက်ထားတဲ့ပုံတွေက အကောင်းကြီးမဟုတ်ပေမဲ့ ဘလော့မှာတင်ဖို့စိတ်ကူးယဉ်ရင်း ကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် ကိုယ့်ကိုယ် ကို ကျေနပ်လို့ နေမိပါရဲ့။
***
မေဓာဝီ
၁၅၊ ဇွန်၊ ၂၀၀၇
နံနက် ၉ နာရီ

(မနက်စောစောထဲက တင်ဖို့ ကြိုးစားပေမဲ့ မီးကလည်း တနေကုန် ပျက်လိုက် လာလိုက်၊ ကွန်နက်ရှင်ကလည်း မကောင်းလို့ ခုမှ တင်လိုက်ရပါတယ်။)
ညနေ ၄ နာရီ ၄၅ မိနစ်


9 comments:

သန့်ဇော်မင်း said...

မမေရေးမှဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်လာပြီ.. :D
နေတော့ ရန်ကုန်နဲ့ မဝေးတဲ့ ဒလမှာ...
အလုပ်လုပ်တော့ ၅ထပ်ကြီးနဲ့ မဝေးလှတဲ့ မြေနီကုန်းမှာ..
၆တပ်ကြီးဘုရားလည်းရောက်တယ်..
၅ထပ်ကြီးနားက ဓမ္ပဇောတိမှာလည်း တရားစခန်းဝင်ဖူးတယ်..

ဒီလောက်နီးနေတာတောင် ၅တပ်ကြီးဘုရားကို ခုထိမရောက်ဖူးသေးဘူး...
ဒီတပါတ်အတွင်းတော့ ရောက်အောင်ကို သွားမယ်ဗျာ..

AZURE said...

အစ်မ ပို့စ်လေးတွေ ကို ဖတ်ပြီး စိတ်ချမ်းသာရပါတယ်ဗျာ..။ ကလေးလေးနှစ်ယောက်ပုံ လေး ကို ယူသွားပါတယ်အစ်မ ရေ..။

pandora said...

အဲဒီလို ဓာတ်ပုံလေးတွေကလည်း အဝေးရောက်နေသူတွေ အတွက် အလွမ်းပြေစေတာပါပဲ မမေရယ်။

မေငြိမ်း said...

အမလဲ ရန်ကုန်သူဖြစ်ပြီး
ငါးထပ်ကြီးဘုရားမရောက်ဖူးဘူး..
ခုတော့ အတော်ပဲ..ဖူးရပြီ။

s0wha1 said...

ကြီးကိုးကြီးအဓိဋ္ဌာန်မှာ ငါးထပ်ကြီးဘုရားပါရင်တော့ ရောက်ဖူးတယ်...ငယ်ငယ်က ကြီးကိုးကြီး တခါဝင်ဖူးလို့...မပါဘူးဆိုရင်တော့ ရောက်ဖူးဘူး...ပုံတွေအတွက် ကျေးဇူးမမေ...

Hteink Min said...

ကျွန်တော် ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်ဟာ ငါးထပ်ရယ် ဘယ်ဟာ၆ထပ်ရယ်ဆိုတာတော့ ကျွန်တော်လည်း မသိခဲ့ဘူး။ ဘုရား၂ခုတော့ မျက်နှာချင်းဆိုင်ပဲ..တစ်ခုက လျှောင်းတော်မူ ဘုရား နောက်တစ်ခုက မမေ သွားခဲ့ တဲ့ ဘုရားပုံ။ ဟုတ်လား မသိဘူး။ တစ်နေ့ထည်းမှာ အမေက ကားငှားပြီး ဘုရားအကုန်လိုက်ပို့ပေးတော့ ကျွန်တော် လည်း ဘယ်ဘုရားမှန်းတောင် မသိတော့ဘူး။ အထပ်ကြီးနဲ့ ခေါ်ဝေါ်တဲ့ ဘုရားတွေတော့ ရောက်ခဲ့တာ အမှန်ပဲ။ ကိုစေးပြောတဲ့ အစစ်အမှန် အပြုံးလေးတွေ ဆိုတာ မမေ ရိုက်ထားတဲ့ ကလေး ဓါတ်ပုံတွေမှာ ပေါ်တာပါပဲ။ သူတို့ တကယ်ပြုံးပျော်ပြီး ဓါတ်ပုံ အရိုက်ခံ နေကြတာ..ကျွန်တော် အားကြမိပါတယ်။ မမေ ရေ များများသွားပြီးများများ ရိုက်ပေးပါ။ အိမ်သတိရဖြစ်နေတာမို့ ဒါလေးတွေနဲ့ ပဲ ကျွန်တော် ဖြေသိမ့်နေရတာပါဗျာ..သြော်နောက်တစ်ခုက ရန်ကုန်မြို့ရဲ့ လေထု ညစ်ညမ်းတာပါ။ ကျွန်တော် ဘုရားဖူးပြီးတော့ အိမ်ပြန်ရောက်တော့ နှာခေါင်းပေါက် သန့်ရှင်းရေးလုပ်တာ.. တစ်ရှုး ၂ရွက်ကုန်တယ်။ မဲတူးနေတာပဲ နှာခေါင်းထဲမှာ..မြန်မာပြည်မှာ ကားအဟောင်းတွေ များလို့ ထင်ပါတယ်။

Zaw said...

ကျေးဇူးကမ္ဘာ ပါ မမေဓာဝီ၊ မွေးရပ်မြေနဲ့ ဝေးနေတဲ့ ကျွန်တော် အတွက်တော့ ၅ထပ်ကြီးဘုရားကို ကိုယ်တိုင် သွားလည်လိုက်ရသလိုခံစားရခဲ့ပါတယ်။

Anonymous said...

မမေ.. ငါးထပ်ကြီးက ဘယ်နားမှာလဲဟင် ။

ညီမတခါမှမရောက်ဖူးပေမယ့် မမေပို့်စ်ကြောင့် ဖူးလိုက်ရတာ ကျေးဇူးပါ ။

MYO HAN HTUN said...

ဗဟုသုတအတွက် အထူးကျေးဇူးတင်ပါတယ်။

ကိုတိုး