Thursday, February 25, 2016

စန္ဒာလမ်းက သီရိမေ


***
အမှတ် ၂၁
ငွေစန္ဒာ
စန္ဒာလမ်း ...
မေမြို့။
. . . . .
 

ငယ်ငယ်က ဖွားဖွားနဲ့ ဘဘဆီစာရေးတဲ့အခါ အထက်ပါအတိုင်း လိပ်မူပြီး ရေးခဲ့ကြရတယ်။ ဘဘ နဲ့ ဖွားဖွားရဲ့ ငွေစန္ဒာ ခြံကြီးက စန္ဒာလမ်းမှာ မိုးကုတ်ရိပ်သာနဲ့ ကပ်လျက်ပေါ့။ နွေကျောင်းပိတ်ရက်ဆို မေမြို့သွားတိုင်း ငွေစန္ဒာ မှာ နေခဲ့ကြတာ။ နွေဆိုပေမဲ့ အေးမြမြ ရာသီဥတု ရှိတဲ့ မြို့ငယ်ကလေး။ တခါတလေ မနက်စောစောဆို ခြံထဲက ရေကန်လေးတောင် အပေါ်မျက်နှာပြင်လေး တင်းလို့။ အိမ်ထဲက အခန်းတိုင်းမှာတော့ မီးလင်းဖိုလေးတွေနဲ့။
.
ခြံထဲမှာ မက်မန်းပင်တွေ အများကြီးရှိတာ မှတ်မိတယ်။ ဖွားဖွားက စဥ့်အိုးကြီးတွေနဲ့ မက်မန်းဝိုင်စိမ်တတ်တယ်။ စတော်ဘယ်ရီခင်းလေးလဲရှိတာမို့ အသီးလေးတွေ ခူးပြီး နွားနို့နဲ့ ဖျော်သောက်ခဲ့ကြဖူးတယ်။ ခြံရဲ့ အဆုံးထိ မရောက်ဖူးပေမဲ့ အနောက်ဖက်မှာ ဂျုံခင်းကြီး ရှိတာ ရေးတေးတေးမှတ်မိတယ်။
.
အိမ်ရှေ့က မာလကာပင် ပေါ်တက်ဆော့ခဲကြဖူးတဲ့ အချိန်တွေ … ပရုတ်နံ့သင်းတဲ့ ယူကလစ်ပင် ဘော်တယ်ဘရှပ်ရှ်ပင်တွေရဲ့ အရွက်လေးတွေ ပွတ်ချေပြီး ရှူခဲ့ကြတာတွေ … မနက်စောစော အိမ်ရှေ့လမ်းမှာ စစ်သားတွေ ဘယ် ညာ ဘယ် ညာ အော်ပြီး ပြေးတဲ့အသံတွေနဲ့ နိုးထခဲ့တဲ့ မနက်ခင်းတွေ … ဘဘ လမ်းလျှောက်ရင် နောက်ကလိုက်ပြီး လမ်းတလျှောက် အလေ့ကျ ပန်းကလေးတွေ လိုက်ခူးခဲ့ကြတာတွေ … အဘိုးအဘွား အရိပ်အောက်က ငွေစန္ဒာခြံကြီးထဲမှာ နွေးထွေးလုံခြုံ ပျော်ရွှင်ခဲ့ကြဖူးတယ်။
.
ဘဘဆုံးတော့ မေမြို့မှာပဲ။ ဘဘဆုံးပြီးနောက်ပိုင်း ငွေစန္ဒာခြံကြီးကို ဖဲ့ရောင်းပြီး ဖွားဖွားက အိမ်လေးတလုံး ထပ်ဆောက်ပြီး သီရိမေလို့ အမည်ပေးခဲ့တယ်။ 1991 နွေရာသီမှာ ဖွားဖွားက ဘဘ ဆုံးတဲ့ နှစ်လည်ပွဲကို မိသားစု အားလုံးစုံစုံညီညီနဲ့ လုပ်ပြီးနောက် ကျန်တဲ့ သီရိမေ ခြံကိုပါ ရောင်းပြီး မေမြို့ကနေ ရန်ကုန်ကို အပြီးပြောင်းခဲ့ပါတော့တယ်။
.
အဲဒီနောက်ပိုင်းကတည်းက မေမြို့နဲ့ ဝေးခဲ့ရတာ။ အခု ပထမဆုံးအကြိမ် ပြန်ရောက်တော့ ငယ်ငယ်က ခြေရာကလေးတွေ အမှတ်တရ သွားကြည့်ပြီး ပုံလေးတွေ ရိုက်ယူဖြစ်ခဲ့တယ်။ ငွေစန္ဒာကို မတွေ့ခဲ့ပေမဲ့ သီရိမေ ခြံကလေးကတော့ စန္ဒာလမ်းက မိုးကုတ်ရိပ်သာနံဘေးမှာ အေးချမ်းစွာ ရှိနေဆဲပါပဲ။
***

မေဓာဝီ
25.02.16
ခေတ္တမေမြို့

Read More...

Sunday, February 21, 2016

မင်းကွန်း ပုထိုးတော်ကြီးအနီးက ပန်းချီခန်းလေးတွေ

***

မင်းကွန်းပုထိုးတော်ကြီးက အပြန် ဧရာဝတီမြစ်ကမ်းနဖူးက ပန်းချီခန်းလေးတွေဆီ ရောက်ခဲ့တယ်။ အဓိက ကြည့်ချင်တာကတော့ ... ကွယ်လွန်သူ ပန်းချီဆရာ ရာဟုလာရဲ့ ပန်းချီခန်းလေးကိုပါ။ ဒါပေမဲ့ ဆရာ့ပန်းချီခန်းလေး သော့ခတ်ထားတာနဲ့ တိုးလို့ မကြည့်ခဲ့ရဘူး။ ဆရာ့ချွေးမက သော့သွားယူပေးမယ် ပြောပေမဲ့ အားနာလို့ပါ။
.


လွန်ခဲ့တဲ့နှစ်က ဖေ့စ်ဘုတ်ပေါ်မှာ ပျံ့ခဲ့တဲ့ ရှင်ဒေဝီရိုက်ကူးတဲ့ ဆရာ ရာဟုလာ ဘဝတစိတ်တဒေသ documentary ကို ကြည့်ခဲ့ဖူးကတည်းက ဒီနေရာလေးကို ရောက်ဖူးချင်ခဲ့တာ။ ဒီနေ့ဒီနေရာကိုရောက်တော့ သူ့အငွေ့အသက်တွေ ကျန်နေသေးသလို …။

.
မန်ကျည်းပင်ရိပ်က သောက်ရေအိုးကလေးနဲ့ ကျိုးတိုးကျဲတဲ ဝါးကွပ်ပျစ်ကလေး၊ မြစ်ဆိပ်ကို ဆင်းတဲ့ ဖုန်ထူထူ မြေလမ်းကလေး၊ ညစ်ထေးထေး မြစ်ရေတွေ စီးဆင်းနေတဲ့ ဧရာဝတီ … ။


ရေပုံးကလေးဆွဲ၊ ရေလဲပုဆိုးလေး ပခုံးပေါ်တင်ပြီး မြစ်ဆိပ်ကို ရေချိုးးဆင်းခဲ့ပုံတွေ၊ ဆေးလိပ်တတို ဖွါရှိုက်ရင်း ပန်းချီကားတွေ ရေးဆွဲနေခဲ့ပုံတွေ … အနုပညာသည် စစ်စစ်တယောက်ရဲ့ ရိုးရှင်းတဲ့ဘဝဖြတ်သန်းမှု … နောင်ဘဝမှာလည်း ပန်းချီဆရာပဲ ဖြစ်ချင်တယ် ဆိုတဲ့အထိ ပန်းချီပညာပေါ်မှာ မြတ်နိုးခဲ့သူ … သူကျင်လည်ခဲ့တဲ့ ဒီနေရာလေးဟာ ချစ်ခင် နှစ်သက်ဖွယ် လွမ်းမောဖွယ်ရာ။
.

မာလာပန်းချီခန်းလေးရဲ့ ခပ်ဟဟဖွင့်ထားတဲ့ တံခါးက လှမ်းမြင်လိုက်ရတဲ့ ပန်းချီကားတခုကြောင့် အဲဒီပန်းချီခန်းလေးထဲ ဝင်သွားလိုက်မိတယ်။ အသားညိုညို မျက်မှန်ထူထူ လူတဦး ပန်းချီကားတချပ်ကို တိတ်ဆိတ်စွာ ရေးဆွဲလို့။ သူ့ဆီမှာခွင့်တောင်းပြီး ပန်းချီကားချပ်ကြီးနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ သူက ပန်းချီကိုကျော်နိုင် တဲ့။ ဧရာဝတီ မြစ်ကမ်းနံဘေးက ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်နေကြတဲ့ လေးစားစရာ အနုပညာရှင်တွေ … ။
.

အဲဒီနောက် … ဆရာ ရာဟုလာရဲ့ ချွေးမကို နှုတ်ဆက်၊ မြေပေါ်ကြွေကျနေတဲ့ တမာရွက်ဝါလေးတွေကို ဖြတ်ကျော် နင်းလျှောက်ပြီး ဒီနေရာလေးက ပြန်ထွက်ခဲ့တယ်။ ဧရာဝတီမြစ်ကြီးကတော့ ဖြည်းညင်းညင်သာစွာ စီးဆင်းနေဆဲ။
***
မေဓာဝီ
21.02.16

Read More...