Thursday, September 30, 2010

ခရမ်းပြာ အကိုကြီးထံမှ ကဗျာ ၂ ပုဒ်

ကျမက ကဗျာတွေကို ချစ်တယ်၊ ကဗျာတွေ ဖတ်ရတာ နှစ်သက်တယ်၊ ကဗျာရေးဖွဲ့ရတာ ပျော်တယ်၊ ကဗျာရေးသူတွေနဲ့ ခင်မင်သိကျွမ်းရတာလဲ ၀မ်းမြောက်တယ်။ ခင်မင်ရာ ခင်မင်ကြောင်း ဘလော့တွေမှာ တခါတလေ ကဗျာနဲ့ ကွန်မန့်ပေးလေ့ရှိသလို ကိုယ့်ဆီမှာလဲ ကဗျာလေးတွေရေးပြီး ကွန်မန့်လာပေးကြရင် သိပ်ဝမ်းသာတာပဲ။ ကိုယ့်အတွက် တကူးတက ရည်ရွယ်ပြီး ကဗျာလက်ဆောင် ပေးလာရင်တော့ တခြားလက်ဆောင်တွေ ရတာထက် ပိုပြီး ကြည်နူး ကျေနပ်လို့ မဆုံးတော့ဘူး။

တမြန်မနေ့တုန်းက ကျမမေးလ်ထဲ ကဗျာဖွဲ့ထားတဲ့ စာလေး ၂ စောင် ရောက်လာပါတယ်။ ပို့သူကို ကြည့်လိုက်တော့ ခရမ်းပြာနှမအတွက် အမြဲ လွမ်းနာကျနေတတ်တဲ့ အကိုကြီး ကိုဟယ်ရီ ပါပဲ။ ကိုဟယ်ရီနဲ့ ခင်မင်ရင်းနှီးခဲ့တာ ဟိုးအရင် ကိုပြူးကျယ်သို့ ပေးစာများ ဆိုပြီး ရှေးကဗျာတွေ အကြောင်း တင်ခါစလောက်ကတည်းကပါ။ မြန်မာကဗျာတွေကို ချစ်မြတ်နိုးသူချင်း သိကျွမ်းရင်းနှီးခဲ့ကြပြီး သူ့ကဗျာ ကိုယ့်ကဗျာ ပေးဖတ် ဝေဖန်ဖြစ်ခဲ့ကြတယ်။ ကိုဟယ်ရီက မြန်မာကဗျာ စည်းမျဉ်း စည်းကမ်းနဲ့ ပတ်သက်ပြီး အတော်လေး ကျမ်းကျေသလို ကျမရေးတဲ့ ကဗျာတွေထဲမှာ မှားတာရှိရင်လဲ အမြဲထောက်ပြ ပြင်ဆင်ပေးတတ်သူပါ။ သူက ကျမဆီကို ကဗျာ ၂ ပုဒ် မေးလ်နဲ့ ပို့ပေးလာပါတယ်။ တပုဒ်က အဖြည့်ခံရတုအတွက် အဖြည့်ရတု တပိုဒ်နဲ့ နောက်တပုဒ်ကတော့ … အင်း … ဖတ်သာကြည့်ကြပါတော့ ... ။
***
အဖြည့်ခံရတုနှစ်ပိုဒ်ကို ဒီနေရာမှာ တင်ဖူးပါတယ်။ ၂၀၀၇ ဇူလိုင်တုန်းကဆိုတော့ ၃ နှစ်တောင် ကျော်ပြီပေါ့။ မူလရေးသူရဲ့ အဖြည့်ခံရတုကို ကျမဖြည့်ရေးခဲ့တဲ့ အပိုဒ်မှာ အချီပိုဒ်က ကာရန်နည်းနည်း လွဲနေတာကြောင့် (၃ နှစ် ကျော်မှ) ကိုဟယ်ရီက လာထပ်ဖြည့်ပေးပါတယ်။ မူလရေးသူရဲ့ ပထမ ၂ ပိုဒ်၊ ကျမဖြည့်ထားတဲ့ အပိုဒ်၊ ကိုဟယ်ရီ ဖြည့်စွက်တဲ့ အပိုဒ် အားလုံးကို ပြန်တင်ထားလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
(၁) ကျိုးမျှော်ကာရည်၊ သည်လိုစကား၊ ပြောပါငြားက၊ သည်ကားဖြစ်ရာ၊ သိနေပါလျှက်၊ သက်သက်တမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်မဲ့စွာ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ အခြားသူငှာ၊ ဂုဏ်သိက္ခာကို၊ ထိုသို့ညှိုးနွမ်း၊ ဖြစ်စေစမ်းဟု၊ စိတ်ကြမ်းရန်ငြိုး၊ အမျိုးမျိုးပြင်၊ ဖြူစင်သူများ၊ အထင်မှားအောင်၊ မီးလောင်လေပင့်၊ မြေခွေးကျင့်နှင့်၊ မသင့်ကြိုးပမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုသင့်မဆိုသင့်။ ။

(၂) နှိုးဆော်ပါသည်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ ဤကားသစ္စာ၊ ဖြစ်တည်ရာဟု၊ သူငှာအများ၊ သုတပွားအောင်၊ စကားချိုသာ၊ ပညာပြည့်ဝ၊ နှလုံးလှဖြင့်၊ ထောက်ပြဝေဖန်၊ အကြံဥာဏ်ကို၊ ညွှန်းဆိုသူအား၊ လိုလားခြိမ့်စွာ၊ ဖိတ်ခေါ်ကာလျှင်၊ အမြင်ဖလှယ်၊ ခင်တွယ်စိတ်ထား၊ မိတ်ဝတ္တရားနှင့်၊ စကားစစ်ပြင်၊ အခြေတင်ကို၊ အစဉ်ကြိုးပမ်း၊ ထိုနည်းလမ်းအား၊ လက်ကမ်းကြိုသင့်မကြိုသင့်။ (Philtre)

(၃) သို့သော် ငါသည်၊ ရွယ်ရည်စိတ်မှာ၊ စေတနာဖြင့်၊ သေချာထောက်ထား၊ မှန်မြင်အားကို၊ ပြောကြားဆိုလည်း၊ မလိုသူငါ၊ မုဒိတာမဖက်၊ ဣဿာစွက်လျက်၊ မုန်းဖက်ရန်လို၊ ဒေါသပိုကြ၊ “ငါကပညာ၊ တတ်သည်မာန”၊ ထောင်လွှားကြလျက်၊ အပြစ်စွက်၏၊ ပြောမိစကား၊ ရေးမိမှားက၊ တောင်းပန်ခကာ၊ မေတ္တာမပျက်၊ သစ္စာနက်ဖြင့်၊ ရန်ဖက်မသမ်း၊ အမှန်လမ်းကို၊ ဆက်လှမ်းလိုလင့် … မလိုလင့် … ။ … ။ (မေဓာဝီ)

(၄) မျိုးနော်ကွာသည်၊ လမ်းနှစ်လီတွင်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ စကားချိုချို၊ ညွန်းဆိုသူအား၊ လိုလားဖိတ်ခေါ်၊ အဖော်ကောင်းဖြစ်၊ စကားစစ်ပြင်၊ ခြေတင်ဆွေးနွေး၊ နွေးထွေးရည်မှန်း၊ ဤနည်းလမ်းအား၊ လက်ကမ်းကြိုဆို၊ သင့်ရာဆိုပါ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ တပါးသိက္ခာ၊ ညှိုးနွမ်းပါစေ၊ စိတ်မှာတမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်ကင်းလျက်၊ အဖျက်စိတ်ထား၊ ထင်မှားကုန်းတိုက်၊ မြေခွေးမိုက်သို့၊ စိုက်စိုက်စိတ်ကြမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုမှ၊ သင့်မည်ပလေ၊ နှုတ်စချိုသာ၊ စေတနာဖြင့်၊ သေချာတိကျ၊ ညွှန်ပြလက်ကမ်း၊ ဤနည်းလမ်းကို၊ တက်လှမ်းလိုသင့် မလိုသင့်။ (ကိုဟယ်ရီ)
***
ကိုဟယ်ရီရဲ့ ဖြည့်စွက်ရတု ကဗျာအတွက် ကျေးဇူးတင်ပါတယ်။ နောက်ကဗျာတပုဒ်ကတော့ တလောက ဆယ်စောင်တွဲထဲက ကောက်နုတ်ပြီး တင်ခဲ့ဖူးတဲ့ ဖိုးသူတော်ဦးနုရဲ့ စကားပုံတွေ ကို အတုယူရေးထားတဲ့ “မသူတော် ဟယ်ရီရဲ့ စကားပုံများ” ပါ … တဲ့။ ကျမပြောတာ မဟုတ်ဘူးနော် … သူ့ဟာသူ နာမည်ပေးထားတာပါ။ သူရေးထားတာ ဖတ်ရင်းနဲ့ ကျမမှာ ရယ်လိုက်ရတာ။ ကိုယ့်ကို နှိပ်ကွပ်ထားမှန်း သိသိနဲ့ ဖတ်လို့လဲ ကောင်းပါရဲ့ … ၊ များသောအားဖြင့် အလွမ်းကဗျာတွေချည်း သီဖွဲ့တတ်တဲ့ ကိုဟယ်ရီက ခုလို ရယ်စရာကဗျာလေး ရေးလာတော့ လူမသိ သူမသိ မေးလ်ထဲမှာပဲ ပျောက်ပျက်မသွားရလေအောင် အမှတ်တရ အနေနဲ့ ဘလော့မှာ တင်ဖို့ ခွင့်တောင်းပြီးသကာလ … ဖော်ပြလိုက်ပါတယ်။ မသူတော် ဟယ်ရီရဲ့ စကားပုံများတဲ့ … မှတ်သားစရာမို့ ဖတ်ကြားနာကြပါစို့လား … ။
***
မသူတော် ဟယ်ရီ စကားပုံများ

မြန်လယ်တလည်၊ ဉာဏ်ကြွယ်စီသည်၊ ဟယ်ရီကျွန်ုပ်၊ နားမရှိဗလာ၊ နားမခံသာအောင်၊ လင်္ကာစုတ်ဖြင့်၊ အာပုတ်ငိုပြ၊ စကားပုံမဟုတ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ရောက်အောင်ပို့ခဲ့မည်။

၁။ တွေးမိတွေးရာ ရေးမိရေးရာ မရေးပါနှင့်၊ ကြွေးရှိမပေးသာ ပြေးမိပြေးရာ မပြေးပါနှင့်။
တွေးမိတွေးရာ ရေးမိရေးရာ ရေးက အမြဲတမ်းကြံဆရမည်။ ကြွေးရှိမပေးသာ ပြေးမိပြေးရာပြေးက ရဲအဖမ်းခံကြရမည်။

၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။
ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။

၃။ ဒေဝါလီလည်း မခံနှင့်၊ မေဓာဝီလည်း မကြံနှင့်။
ဒေဝါလီခံက မွဲနစ်၍ လူဖြစ်ရှုံးတတ်သည်။ မေဓာဝီကြံက အမြဲမချစ်၍ သူပစ်မုန်းတတ်သည်။

၎။ သေရွာဆီကိုလည်း မသွားချင်နှင့်၊ မေဓာဝီလိုလည်း စကားမထွင်သင့်။
သေရွာဆီကိုသွားချင်က နတ်ရွာမရောက်လျှင် ခက်လိမ့်မည်။ မေဓာဝီလိုစကားထွင်က ပြဿနာပေါက် အစဉ် တက်လိမ့်မည်။

၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ)
ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)

သံသရာလောက၊ နှစ်ဝအကျိုး၊ ဆိုးများစေမည်၊ ကြံရွယ်ရည်လျက်၊ ဟယ်ရီမည်ခေါ်၊ ငါမသူတော်လျှင်၊ နာအော်ဖွယ်ရာ၊ ကုန်းတိုက်စာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
မသူတော်ဟယ်ရီ စကားပုံ ပြီး၏။
***
အဲဒါပါပဲ … ဘလော့ဖတ်သူများကတော့ မသူတော်ဟယ်ရီရဲ့ စကားပုံများကို နှစ်သက် သဘောကျကြမယ် ထင်ပါရဲ့။ မေဓာဝီကတော့ သူလုပ်တာနဲ့ ဒုက္ခရောက်ပါပြီ။ သူပြောတာ မယုံကြပါနဲ့ နော်း)))
မည်သို့ပင် ဖြစ်စေပေါ့လေ … မအားလပ်လို့ စာမရေးဖြစ်တဲ့ နေ့တွေမှာ “လွမ်းကာ ငိုညည်းတတ်တဲ့ ခရမ်းပြာ အကိုကြီး” ကိုဟယ်ရီရဲ့ နှစ်သက်စဖွယ် ကဗျာ နှစ်ပုဒ်နဲ့ ပို့စ်တခုတင်လိုက်ရပါကြောင်း … ။
***
မေဓာဝီ
၃၀၊ စက်တင်ဘာ၊ ၂၀၁၀
၂၃း၂၅ နာရီ

Read More...

Sunday, September 26, 2010

နွယ် နှင့် နွံ


နွယ်ပင်ပမာ
တွယ်ငင်လာသော
သံယောဇဉ်ကြိုး
နှောင်ဖွဲ့တိုး၍
တမြည့်မြည့်ချည်
ဖြည်နေလျက်နှင့် ရစ်ပတ်သည်။

နွံအိုင်တွင်းဝ
သက်ဆင်းကျရစ်
ကျွံဝင်နစ်ပြန်
လွတ်ရုန်းရန်ခက်
ရှောင်ခွါထွက်လည်း
လှုပ်လျက် မြုပ်ကာ နေတော့သည်။

နွယ်နှင့်နွံနက်
ရုန်းဖြတ်ခက်၍
လည်ပတ်နေကြ
ဝဲသြဃမှ
လွတ်ရစေကြောင်း
ကျွန် ဆုတောင်းသည် …
ကောင်းကျိုးဆန္ဒ ပြည့်စေသောဝ်။
***
MDW
25.9.2010
23:34

Read More...

Monday, September 20, 2010

နေ့ဝါ ည၀ါ စာဝါတွေတက်လို့ …

ကျောင်းပြန်ဖွင့်ပါပြီ။
ကျောင်းမဖွင့်ခင် ၂ ပတ်လောက်အလို စက်တင်ဘာ လဆန်းလောက်ကတည်းက စာတွေကြိုဖတ်မယ် စိတ်ကူးနဲ့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေဟိုလှန် ဒီလှန် လုပ်နေတာကို ဦးရီးတော်က မြင်တော့ သူ့တူမလေး လိမ္မာလှချည်ရဲ့ဆိုပြီး စာသင်ပေးဖို့ ပြင်ဆင်ပါတော့တယ်။ နွေကျောင်းပိတ်ရက် ၃-လနီးပါးလုံး စာမသင်ရလို့ ပျော်နေတဲ့ ကျမမှာ စာသင်ခံရတော့မယ်ဆိုတော့ တီကို ဆားနဲ့တို့သလို တွန့်လိမ်ရှုံ့တွလို့ပေါ့။ နေ့စဉ်နဲ့အမျှ ညစာစားပြီးလို့ ဆေးကြောသိမ်းဆည်းပြီးပြီဆိုရင် သက်ဆိုင်ရာ စာအုပ်တွေ တပွေ့ကြီးနဲ့ သူ့အနားမှာ ထိုင်ရတယ်။ ထုံးစံအတိုင်း အဘိဓာန်ထူထူကြီး အနားမှာ ယူထားခိုင်းပြီး ကျောင်းသင်ခန်းစာ ဖတ်စာအုပ်ကို ခေါင်းစဉ်ကစလို့ တလုံးမကျန် အသံကျယ်ကျယ်နဲ့ ဖတ်ခိုင်းတယ်။ ကျမကလဲ ထုံးစံအတိုင်း အိုးနင်းခွက်နင်းနဲ့ပါပဲ။

အဲဒီလို အိုးနင်းခွက်နင်း မဖြစ်ရလေအောင် နေ့ခင်းဘက်ကတည်းက ညအတွက် စာတွေကို ကြိုဖတ်ရတယ်။ အသံထွက်တွေ အဓိပ္ပါယ်တွေကို ကြိုမှတ်ရတယ်။ ဒါတောင် ညဘက် သူ့ရှေ့ရောက်တဲ့အခါ စာလုံးတလုံးဖတ်လို့ အသံထွက်လေး နည်းနည်းမှားလိုက်တာနဲ့ ကွန်ပျူတာထဲက အသံထွက်ပါတဲ့ အဘိဓာန်ကို ဖွင့်ပြီး ၅-ခါ ဆို၊ ၁၀-ခါဆို ဆိုပြီးဆိုခိုင်းပါလေရော။ ကျမကလဲ သူနဲ့ စာမသင်ရတာကြာတော့ မေ့မေ့လျော့လျော့ဖြစ်ပြီး အသံထွက်တွေက ပြန်မှားတာပေါ့၊ မှားပြီဆိုရင် “ဟင် ခုထိ ဗမာသံကြီးတွေ ထွက်တုန်း၊ ဒီလို စာလုံးပေါင်းတိုင်း ဒီလို အသံထွက်ရတာ မဟုတ်ဘူး …” စသဖြင့် အပြစ်တင်တာ ခံရပါတယ်။ ကျမကလဲ စိတ်ထဲကနေ ဗမာပဲဟာ ဗမာသံကြီးပဲ ထွက်မှာပေါ့ … လို့ မကျေမချမ်း ပွစိပွစိ ရေရွတ်မိတယ်။

စာလုံးတလုံးရဲ့ အဓိပ္ပါယ်မေးလိုက်လို့ မသိရင်လဲ ပထမအဆင့်အနေနဲ့ ရှာရမြန်တဲ့ ကွန်ပျူတာ အဘိဓာန်ထဲမှာ အရင်ကြည့်ခိုင်းတယ်။ ဒါမှ နားမလည်သေးရင် ဒုတိယအဆင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကြည့်ခိုင်းတယ်။ ဒါမှ သဘောမပေါက်သေးရင် တတိယအဆင့် အနေနဲ့ အင်္ဂလိပ် - အင်္ဂလိပ် အဘိဓာန်ထဲမှာ ဖြစ်နိုင်ချေရှိတဲ့ အဓိပ္ပါယ်တွေ အကုန်လုံး ရှာပြီး ချရေးခိုင်းတယ်။ နောက်ဆုံး ဘယ်အဓိပ္ပါယ်က အဖြစ်နိုင်ဆုံးလဲ ရွေးခိုင်းတယ်။ အဓိပ္ပါယ်တွေလဲ ရွေးလိုက်တိုင်း တလွဲလိုလိုချည်းပဲ ဖြစ်နေလို့ သူကလဲ စိတ်မရှည်၊ ကျမကလဲ စိတ်တွေအိုက်ပြီး စိတ်ညစ်လိုက်ပုံများ ပြောမပြတတ်အောင်ပါပဲ။

ဥပမာ ဆိုရရင် identify ဆိုပါတော့။
“Identify ဆိုတာ ဘာလဲ”
“ဖော်ပြသည်”
“ဟမ်”
“သြော် .. ဟိုဒင်း … သတ်မှတ်သည်”
“ဟင် ခုနကတော့ ဖော်ပြသည် ခုကျတော့ သတ်မှတ်သည်တဲ့ မဖြီးနဲ့ … သေချာမသိဘဲ ဖြီးတုတ်နေတာပဲ။ ကဲ ကဲ မြန်မာ အဘိဓာန်ထဲကြည့်”

ဖြီးတုတ်တယ်ဆိုပဲ၊ ပြောရက်လိုက်တာ … ။ စိတ်ထဲ ဖုတုတုနဲ့ ဦးတက်တိုး အဘိဓာန်ကို လှန်ပါတယ်။
“identify (v.t) မှတ်မိသိရှိသည်။ ရုပ်လက္ခဏာကို သတ်မှတ်ဖော်ပြသည် တဲ့ … နှစ်ခုလုံး မှန်နေတာပဲဟာကို” ခပ်တိုးတိုးနဲ့ ရေရွတ်မိတော့
“အဲဒါ ဒီနေရာမှာ သိပ်မမှန်သေးဘူး။ အင်္ဂလိပ်အဘိဓာန် ပြန်လှန်” တဲ့။

ဒါနဲ့ပဲ အောင့်သက်သက်နဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန် ပြန်လှန်ရတယ်။ များပြားလှစွာသော အဓိပ္ပါယ်တွေ ရွတ်ပြရတယ်။ အဲဒီထဲကမှ တလုံး နှစ်လုံး ရွေးထုတ်ပေးပါတယ်။ ကိုယ်ပြောတာနဲ့ သိပ်လဲကွာတာ မဟုတ်ပါဘူး။ တခါလဲ threaten ဆိုတာ ဘာလဲ မေးတော့ ခြိမ်းခြောက်သည် လို့ ဖြေမိပြန်တာကို မဟုတ်ဘူး … တဲ့။ ကြောက်ရွံ့အောင် လုပ်သည် ဆိုပဲ။ ခြိမ်းခြောက်တာနဲ့ ကြောက်ရွံ့အောင်လုပ်တာ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီးလိုပဲ ဘာများကွာလို့ပါလိမ့် … ။

အဲဒီလိုတွေ ဖြစ်ပါများလာတော့ စိတ်ထဲက အထင်လွဲချင်လာပြီး ခုလိုတွေးမိတယ်။
ငါဖြေတာ မှန်နေရင် မကြိုက်ဖူး ထင်တယ်၊ အဘိဓာန်ထဲက အတိုင်း မှန်နေတာတောင် မမှန်စေချင်လို့ ဒီ့ပြင် အဖြေတွေ လွှဲပြောနေတာပဲ၊ တော်ပြီ သိနေလဲ မသိဘူးဘဲ ပြောတော့မယ် ဆိုပြီး ညစ်တစ်တစ်နဲ့ ဘာပဲမေးမေး မသိဘူးချည်း ဘူးခံနေမိတယ်။ စိတ်ထဲလဲ နည်းနည်း ခိုးလို့ခုလု ဖြစ်နေပြီလေ။

တခါတော့ စာဖတ်နေရင်း တနေရာမှာ at the expense of ဆိုတာပါလာတော့ expense ဆိုတာ ဘာလဲ မေးတယ်။ ဒါလေးများ ဟင်းဟင်း ဆိုပြီး ကိုယ်သိတဲ့ expense ရဲ့ အဓိပ္ပါယ် အသုံးစရိတ်/ထွက်ငွေ လို့ပြောတော့ မဟုတ်ဘူးတဲ့။ လာပြန်ပြီ တမုံ့ ဆိုပြီး စိတ်ထဲ ကသိကအောက်နဲ့ သမီးသိတာတော့ income & expense ဆိုတာ ၀င်ငွေ ထွက်ငွေပဲလေ လို့ ဂျစ်တစ်တစ် လေသံနဲ့ ပြောမိတယ်။

“ဟင် … လုံးဝမဟုတ်ဘူး … အဲဒါကြောင့်ပြောတာ ကိုယ်သိတဲ့ တခုလေးကိုပဲ တရားသေ ဆုပ်ကိုင်ပြီး အရမ်းကာရော ပြောမနေနဲ့ အဘိဓာန်ကြည့်ဆိုရင် မကြည့်ချင်ဘူး ….”
အစချီပြီး နားရော စိတ်ရော ကလိကလိနဲ့ မချိတရိဖြစ်အောင် ပြောပါတော့တယ်။ ဖြစ်နိုင်ရင် နေရာကနေ ထပြီး ထွက်ပြေးလိုက်ချင်တယ်။ စာလဲ ဆက်မသင်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လဲ ငါငတုံးပဲ ငါ အတော်ညံ့တယ်လို့ သိမ်ငယ်စိတ်တွေ တဖွားဖွား ၀င်နေမိသလို တဖက်မှာလဲ ခုလို ညံ့နေတာဟာ ငါမလုပ်ချင်တာတွေ သူတို့ တအားဇွတ်လုပ်ခိုင်းလို့ ဆိုပြီး စိတ်ထဲကနေ ဆင်ခြေတွေ တက်နေမိသေးတယ်။

နောက်တော့ သူက ခုလို ဆက်ရှင်းပြပါတယ်။
“at the expense of ဆိုတာ တခုကို လုပ်လိုက်လို့ နောက်တခုကို ထိခိုက်စေတာမျိုး … ဥပမာ ဆိုရင် ဟိုကဗျာလိုပေါ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ …”
“သူ တယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း၊ ရွှေအိမ်နန်းနှင့် ….” ကိုယ်ရတဲ့အပိုင်းမို့ ၀မ်းသာအားရနဲ့ ဆက်ရွတ်မိတယ်။
“အင်း … တော်ပါတော့ … ဆိုလိုတာက အဲဒီကဗျာမှာ ရေးသလို တယောက်ကောင်းဖို့ တယောက်ပျက်စီးတာမျိုး၊ တခုလုပ်လို့ နောက်တခုမှာ ပျက်စီးစေတာမျိုးကို သုံးတာ”

အဲဒီရှင်းလင်းချက်ကို ကျမ သိပ်သဘောကျသွားတယ်။ ပေးထားတဲ့ ၀ါကျကို အစအဆုံး ပြန်ဖတ်တော့ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ ဟုတ်သားပဲ ကျမသိတဲ့ expense အဓိပ္ပါယ်နဲ့က တခြားစီပဲကိုး။ သူတည်းတယောက်နဲ့ ရှင်းပြတာကို သိပ်ကျေနပ်မိပြီး စိတ်ထဲ ခုတုတု ဖုတုတု ဖြစ်နေတာလေးလဲ နည်းနည်းလောက် လျော့ပါးသွားတယ်။ အကုန်တော့ မဟုတ်သေးဘူး။

ခဏနေတော့ ဆက်ဖတ်တဲ့ စာထဲမှာ objective ဆိုတဲ့ စာလုံးပါလာပါလေရော။ ကျမထွက်တဲ့ အသံထွက်ကို မှားသတဲ့။ ကွန်ပျူတာမှာ ဖွင့်နားထောင်လို့ ဆိုပါတယ်။ အနီးစပ်ဆုံးရေးရင် အော့ဘ်ဂျက်ခ်တစ်ဗ် လို့ ထင်တာပဲ။ ကြားတဲ့အတိုင်း လိုက်ပြောတော့ မဟုတ်သေးဘူးဆိုပဲ။ ဒါနဲ့ရွဲ့တတ်တဲ့ ကျမလဲ အော့ဘဂျက်ကတစ် လို့ ကကတစ်ကိုဆိုသလို တိတိကျကျလေး ဆိုလိုက်တယ်။ ၅ ခေါက်ဆို ဆိုလို့ ၅ ခေါက်လုံး အော့ဘဂျက်ကတစ်ချည်း အသံထွက်တော့ ဦးရီးတော် နားကြားပြင်းကပ်လာတယ် ထင်ပါ့။

“ကတစ် ကတစ်နဲ့ အဲဒီ ကတစ်ကလေးက ဘာလို့ထည့်ဆိုတာလဲ” တဲ့။
အဲလိုလဲ ပြောလိုက်ရော အရွဲ့တိုက်ချင်စိတ်နဲ့ တမင်ဆိုနေတဲ့ကျမမှာ မအောင့်နိုင်တော့ဘဲ တခွိခွိ ထရယ်မိပါတော့တယ်။ ကျမတခွိခွိနဲ့ အတောမသတ်နိုင်ဘဲ ရယ်နေတာကို ကြည့်ပြီး သူလဲ တဖြည်းဖြည်း မျက်မှောင်ကျုံ့ရာက ပြုံး၊ ပြုံးရာက တဟားဟား ရယ်လို့။ အဲဒီလိုနဲ့ ကျမနဲ့ ဦးရီးတော် နှစ်ယောက်သား ရယ်နေကြတာ မျက်ရည်ထွက်မတတ်ပါပဲ။ နောက်ဆုံးတော့ ဦးရီးတော်လဲ ကျမညံ့တာကို အားမလို အားမရတဲ့ စိတ်တွေ လတ်တလော ပျောက်သွားသလို ကျမလဲ tension တွေ လုံးဝ ပြေလျှော့သွားပါတော့တယ်။

အဲဒီလို စိတ်ကြည်ကြည်သာသာ ဖြစ်လိုက် စိတ်မအီမသာ ဖြစ်လိုက်နဲ့ ကျောင်းကလဲ ပြန်ဖွင့်တော့ ဘလော့တွေလဲ မလည်နိုင်၊ ကျောင်းစာမဟုတ်တဲ့ စာတွေလဲ မဖတ်နိုင်ဘဲ နေ့ဝါ ည၀ါ စာဝါတွေတက်ရင်း မေဓာဝီ အသက်ထွက်ခါနီးပြီ ဆိုတဲ့အကြောင်း ဖော်သဟာ ဘလော့ဂါတွေနဲ့တကွ ဘော်ဒါအပေါင်းတို့အား ၀မ်းသာစေရေး သတင်းကောင်းပေးလိုက်ပါတယ်။ … ။
***
မေဓာဝီ
၂၀၊ ၉၊ ၂၀၁၀
၀၁း၁၀ နာရီ

Read More...

Friday, September 10, 2010

စွေနဲ့ မိုး

ဒီမနက် အိပ်ရာထတော့ တလောကလုံး မှုန်မှုန်မှိုင်းမှိုင်း မိုးတွေအုံ့ဆိုင်းနေတယ်။ ကောင်းကင်ထက်မှာ ညို့မှိုင်းနေတဲ့ တိမ်ထုကြောင့် နေရောင်ခြည်လည်း ခါတိုင်းလို မလင်းလက်နိုင်ဘူး။ ညဥ့်လယ်ကတည်းက ရွာခဲ့တဲ့မိုးကြောင့် ခြံထောင့်က နှင်းဆီပန်းလေးတွေလည်း မလန်းဆန်းနိုင်တော့ဘူး။ အရိုင်းဆန်တဲ့ မိုးရေစက်တွေဟာ ပန်းပွင့်ဖတ် နုနုရွရွလေးတွေကို မြေခအောင် ခြွေချခဲ့ကြတယ်။ အုံ့ပျပျ ရာသီဟာ စိတ်ကို မှုန်မှိုင်း ထုံထိုင်းစေသလားမသိ … တခုခုကို လွမ်းယောင် ဆွေးယောင် အားငယ်သယောင် ခံစားမိစေတယ်။ တခါတလေမှာ မိုးတွေရွာစေချင်ပေမဲ့ တခါတခါတော့လည်း အုံမှိုင်း သည်းထန်နေတဲ့ မိုးတွေကို တားလို့ရရင် တားလိုက်ချင်ပါရဲ့။
ဒီလိုနဲ့ စွေနဲ့ မိုး ဆိုတဲ့ ကဗျာလေး ရေးဖြစ်သွားပါတယ်။ စိုးနဲ့ မေ … ပြီးတော့ ... စွေနဲ့ မိုး ပေါ့။

***
စွေနဲ့မိုး

စွေနဲ့မိုး …
ဘယ်အညှိုးကြောင့်
သွန်းဖြိုးသည်းထန်
ပန်းမာလ်နုရွ
မိုးပေါက်ခလျက်
လွင့်ကြွေပျက်အောင်
ရက်စက်ခြွေချိုး
စွေနဲ့မိုး … ။

စွေနဲ့မိုး …
ဂျိုးဂျိုးဂျိမ်းဂျိမ်း
မြည်ထစ်ခြိမ်းကာ
အာကာတခွင်
တိမ်မည်းဆင်၍
နေ့ကိုညနှယ်
မှောင်ရိပ်ခြယ်လျက်
ဖုံးကွယ်နေမင်း
ထိန်မလင်းအောင်
ရောင်ဝါကိုခိုး
စွေနဲ့မိုး … ။

စွေနဲ့မိုး …
ညှိုးသူ့ရင်မှာ
ဝေဒနာလွှမ်း
ပိုမိုလွမ်းအောင်
သူစွမ်းဆောင်လျက်
မိုးရေစက်လား
မျက်ရည်လားပင်
မယ့်ပါးပြင်မှာ
စွန်းထင်လာ၍
နံ့သာလည်းပြယ်
အားလည်းငယ်ပြီ
တလီပန်လျှိုး
စွေနဲ့မိုး … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၁၀
၁၅း၀၇ နာရီ

မိုးနဲ့ ပတ်သက်၍ ရေးခဲ့သမျှ
၁) မိုး ... သို့ (ကဗျာ)
၂) ဆည်းဆာမိုး (ကဗျာ)
၃) မိုးတွေ ရွာတဲ့ အခါ (tag post)
၎) ရွာချိန်သင့်ရာ ညဥ့်အခါ၌ (ဘာသာရေး)
၅) မိုးသည်း ညနေ (၁) (အက်ဆေး)
၆) မိုးသည်း ညနေ (၂) (ခံစားမှု စာစု)
၇) နွေ၏ အဆုံး (ကဗျာ၊ အက်ဆေး)
၈) နွေညနေ၏ ချွေးသိပ်မိုး (အက်ဆေး)
၉) မုန်တိုင်းအလွန် (အက်ဆေး)
၁၀) ခါတိုင်းလိုပဲ အထီးကျန်ဆဲ (ခံစားမှု စာစု)

Read More...

Tuesday, September 07, 2010

နမော်နမဲ့သူ၏ တခဏအပူ

မနက်ဖြန် ကျောင်းအပ်ရမယ်။
ဆိုတော့ ... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတော့မယ်ပေါ့။ လိုတာက များများစားစားတော့ မဟုတ်ပါဘူး။ ပတ်စ်ပို့, ဗီဇာ နဲ့ အမှတ်စာရင်းစာရွက် ... နောက်ပြီး ကျောင်းလခ ပိုက်ဆံပေးဖို့ ချက်လက်မှတ် စာအုပ် ... ဒါပါပဲ။ last minute မဖြစ်ရလေအောင် ဒီနေ့ကတည်းက အဆင်သင့်ပြင်မယ်ဆိုပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ထည့်လေ့ရှိတဲ့ အိတ်ရဲ့ ဇစ်ကိုဖွင့်ပြီး နှိုက်ကြည့်လိုက်တော့ ...

"ဟင် ... ဘာမှလဲ မရှိတော့ပါလားးးးးး"

သေချာအောင် အတွင်းကျကျ ထပ်စမ်းတယ်၊ မတွေ့ဘူး။ အိတ်ရဲ့ အတွင်းဘက်ဇစ်ကို ဖွင့်ပြီး ထပ်စစ်ကြည့်တယ်၊ မရှိဘူး။ သွားပြီ ... ဘယ်ရောက်သွားတာလဲ ... ။ ဒီနေရာမှာ ထည့်နေကျပါ။ ခု ဘာလို့ မရှိတော့တာလဲ ... ဒုက္ခပဲ။ အင်း ... ကျောင်းကနေ ဒီကိုလာတော့ ပါမှ လာခဲ့ရဲ့လားမသိ။ ဒီကို လာတုန်းကလဲ ဦးရီးတော်က သူ့ကားနဲ့ လာခေါ်တာပဲ၊ ရထားနဲ့လာတာဆိုရင် ရထားပေါ်မှာ ပျောက်ချင်ပျောက်နိုင်သေးတယ်။ ဒါဆို ဒီအိတ်ထဲ ထည့်ခဲ့တာ သေချာရဲ့လား မသိဘူး။ သြော် ... လက်ပ်တော့ပ်အိတ်ထဲ ထည့်ခဲ့မိတာထင်တယ်။ ရှာကြည့်အုံးမှ။

ဒီလိုနဲ့ လက်ပ်တော့အိတ်ထဲ ဟိုရှာဒီရှာ ရှာရပြန်တယ်။ ရှင်းနေတာပဲ၊ ဘာမှ မတွေ့ပါဘူး။ ဟယ် ... ခုမှ သတိရတယ်။ လက်ပ်တော့ကြီးက ဒီကိုမလာခင် ဦးရီးတော်မိတ်ဆွေအိမ်မှာ တပတ်လောက် မေ့ကျန်ခဲ့တာပဲ။ လူကြုံနဲ့ ပို့ပေးလို့ ပြန်ရတာ။ လက်အပြောင်းအလွဲမှာများ ပြုတ်ပျက် ကျသွားလားမသိဘူး။ အင်း အဲဒီလိုသာဆိုရင် မလွယ်ကျောပဲ။ ဘယ်နေရာ ပြန်လိုက်ရှာရမလဲ မသိ။ ဒါမှမဟုတ် ပါကို မပါခဲ့တာများလား။ ဒါလဲ မဖြစ်နိုင်ဘူး၊ ဟိုတနေ့ကပဲ အဲဒီကနေ ရှိသမျှပစ္စည်းတွေ အကုန်ပြန်သယ်လာသေးတာ။ အထုတ်တခုလုံး အံဆွဲနောက်ဘက်ကျနေလို့များ မမြင်မိတာလား မသိပါဘူး။ ခုမှ သွားပြန်ရှာလို့ နီးတဲ့ခရီးလဲ မဟုတ်၊ အခန်းသော့လဲ အိမ်ရှင်ကို ပြန်အပ်လိုက်ပြီ။ အရေးကြီးတာက ပတ်စ်ပို့နဲ့ ဗီဇာ။ ပျောက်ရင် ပြဿနာက အတုံးလိုက် တက်မှာ။ အမလတ် ပတ်စ်ပို့ပျောက်တုန်းက အသစ်ပြန်ထုတ်ဖို့ မြန်မာသံရုံးကို ပေါင် ၈၀၀ ဆိုလား ပေးရသတဲ့။ အဲဒီလိုသာဆို ကိုယ့်မှာက ၀င်ငွေတပြားမှ ရှိတာမဟုတ်ဘူး။ ဦးရီးတော်ဆီ ငိုချင်းချရင် အဆူခံက ထိအုံးမယ်။ ခက်လိုက်တာ။

ကိုယ့်ကိုယ်ကိုယ် စိတ်တိုတာက တမျိုး၊ ပျောက်နေတဲ့ဟာတွေ ပြန်မတွေ့ရင် ဆိုပြီး စိတ်ပူတာကတမျိုး၊ စိတ်ထဲမှာ လေးတေးတေးနဲ့ အောက်ထပ်ဆင်းလာခဲ့တယ်။ အောက်ထပ်ရောက်တော့ ဦးရီးတော်က ကျောင်းလခပေးဖို့ ပိုက်ဆံလွှဲပေးမယ် ဘဏ်သွားရအောင်လို့ ပြောလာတယ်။ သူက အွန်လိုင်းကနေ ဘယ်တော့မှ မလွှဲပါဘူး။ အွန်လိုင်းကို စိတ်မချလို့တဲ့၊ ရှေးရိုးနည်းအတိုင်း ချက်လက်မှတ် ပေးချင်ပေး၊ ဒါမှမဟုတ် ဘဏ်အထိ သွားပြီး လွှဲချင်လွှဲ ... အဲဒီလိုသာ လုပ်နေကျ။ အင်း ... သွားဆို သွားရတာပ။ အ၀တ်အစား ပြန်တက်လဲ၊ ဘဏ်ကဒ်ကလေး အိတ်ထဲထည့်ပြီး ဆင်းလာတော့ ချက်စာအုပ်ပါ လိုလိုမယ်မယ် ယူခဲ့တဲ့။

သေပြီ။ ချက်စာအုပ်က ပျောက်နေပါတယ်ဆိုမှ ယူခဲ့ဆိုတော့ ဘယ်လိုပြောရပါ့နော်။
"ချက်စာအုပ်က မလိုဘူးလေ ... ကဒ်ပါရင် ရတယ် ..." လို့ အရဲစွန့်ပြောကြည့်တော့ ...

"ရတော့ရတာပေါ့ ဒါပေမဲ့ လိုရမယ်ရ ယူခဲ့လို့ပြောတာ" တဲ့ ... ။
တတ်နိုင်တော့ဘူး ...
"ဟိုဟာလေ ... ချက်စာအုပ်က ရှာရမှာမို့ ......" လို့ အသံခပ်တိမ်တိမ်နဲ့ ပြောလိုက်ရတော့တယ်။

"ဟမ် ... ချက်စာအုပ်က ရှာရမှာမို့ ဟုတ်လား ... ချက်စာအုပ်တို့ ပတ်စ်ပို့တို့ဆိုတာ မရှာရအောင် ထားတာ မဟုတ်ဘူး ..." အစချီတဲ့ စကားလုံး စစ်ဆင်ရေးတွေ တရစပ် ထွက်လာတော့တာပဲ။

ချက်ချင်း ရှာလို့မတွေ့နိုင်တဲ့ ချက်စာအုပ်ကို မရှာခိုင်းတော့ဘဲ မြို့ထဲက ဘဏ်ကို သွားဖို့ ကားပေါ်တက်ကြတယ်။ စိတ်ထဲမှာတော့ တနုံ့နုံ့ပဲ။ ရင်တွေလဲ ပူနေတယ်။ မတွေ့ရင် ... ဆိုတဲ့ အတွေးကြီးက စိတ်ကိုဖိစီးနေတယ်။ ဦးရီးတော် မရိပ်မိအောင် မင်သေသေနဲ့ ကားပေါ်တက် ထိုင်ခုံခါးပတ်ပတ် ခပ်လျှောလျှော မှီထိုင်ပြီး စိတ်ကိုလျှော့လိုက်တယ်။

"ဘဂ၀န် ဘုန်းလှိုင် ... နှုန်းပြိုင်တုကင်း ..."

ဦးရီးတော် ကားစက်နှိုးတော့ စီဒီပလေယာထဲ ထည့်ထားတဲ့ ဆရာတော်ဦးဝိစိတ္တရဲ့ ပဋ္ဌာန်းခွေက အလိုလိုပွင့်ပြီး ပဋ္ဌာန်းအမွှန်းကို ရွတ်ဆိုတဲ့ ဆရာတော်ကြီးရဲ့ တည်ငြိမ်အေးချမ်းတဲ့ အသံတော်ကို ကြားလိုက်ရတယ်။ စိတ်ငြိမ်လို ငြိမ်ငြား ဆရာတော်ကြီးနဲ့ အတူ လိုက်ရွတ်ရင်း လှုပ်ရှားပူလောင်နေတဲ့ စိတ်တွေ တဖြည်းဖြည်း လျော့ပါးလာတယ်။ ဒီလိုနဲ့ ပစ္စယုဒ္ဒေသ ... ပစ္စယနိဒ္ဒေသ ... ဆက်ဆက် ရွတ်နေရင်း တည်ငြိမ် ကြည်လင်စပြုလာတဲ့ စိတ်က တစုံတခုကို ဘွားခနဲ အမှတ်ရလိုက်မိတယ်။

ပြီးခဲ့တဲ့ တလကျော်လောက်က အေဂျန်စီတခုမှာ ရယ်ဂျစ်စတာလုပ်ဖို့ ပတ်စ်ပို့ကို ကော်ပီကူးသေးတယ်။ နောက်ပြီး ... စီဗီနဲ့ တခြားစာရွက်စာတမ်းတွေလဲ ကူးသေးတာပဲ။ အဲဒီတုန်းက ကော်ပီကူးတာ အိမ်နားက စာကြည့်တိုက်မှာ။ ပြီးတော့ မြို့ထဲသွားတယ်။ ယူသွားတဲ့ အိတ်က ကျောပိုးအိတ်လား ... မဟုတ်သေးဘူး။ စလင်းဘက်လဲ မကိုင်သွားဘူး၊ အားးးး ဟုတ်ပြီ ... မှတ်မိပြီ ... ဖိုင်အိတ် အမည်းလေး ... ။ အိမ်ပြန်ရောက်လာပြီး အဲဒီအိတ်ကို အိပ်ရာပေါ်ပစ်တင်လိုက်တယ်၊ ကုတင်ဘေးကြားလေးထဲက စုံစီနဖာ စာအုပ်တွေထားတဲ့နေရာမှာ ဟိုနေ့ကတောင် မြင်မိသေး။ ဟုတ်ပြီ ... ။

မြို့ထဲမရောက်ခင် လမ်းခုလတ်မှာပဲ အဲဒီလို တဖြည်းဖြည်း သတိရလာတော့မှ စိတ်ကအေးသွားပြီး ဒုန်းဒုန်းချနိုင်တော့တယ်။ မြို့ထဲရောက်တော့ ဘဏ်ကိုသွား၊ ဈေးကိုဝင် ဘာညာသာရကာ လုပ်စရာရှိတာတွေ လုပ်ပြီးသကာလ အိမ်ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တာနဲ့ ကမန်းကတန်း အခန်းထဲပြေးဝင် ကုတင်ကြားက အဲဒီအိတ်အမည်းလေးကို ဆွဲထုတ် .... .... ....



ဝှူးခနဲ သက်ပြင်းကို ၀ရုန်းသုန်းကားချလိုက်မိပါတော့တယ်။
***
မေဓာဝီ
၇၊ စက်တင်ဘာ၊ ၂၀၁၀
၁၈း၄၇ နာရီ

Read More...

Monday, September 06, 2010

စိုးနဲ့ မေ ...

(က)


ဟိုတောင်မှာ ညိုရောင်မှိုင်းလို့
အုံ့ဆိုင်းကာ မုန်တိုင်းဆင်
ဂျိုးဂျိမ့်ဟန်ပြင်။
လျှပ်စီးရှင် အာကာခွင်ဖုံး
ချုန်းထစ်ရွာ ဒေ၀ါညှိုးရင်
မေ စိုးကာ ပုန်း။

စိုးနဲ့မေရယ် …
မိုးသက်လေ ရွာစွေပက်ရင်
မောင်ဖက်ကာ ကွယ်ပါ့မယ်။
ဒေ၀ါရယ် … နေပါကွယ့် အဝေး
မေလေးခင် ပူပင်အေးအောင်
မောင် ထွေးကာပေး။


(ခ)


ဖြူနီဝါ ရောင်စုံနှောတဲ့
ဟောဟိုက ဥယျာဉ်မှာ
ပန်းများဝေဆာ။
ပန်းမာလာ လှမ်းကာပေါ့ မေ ချိုး
ရိုးတံမှာ ဆူးချွန်မြရယ်ကြောင့်
မေ ရှမှာစိုး။

စိုးနဲ့မေခင် …
ပျိုးဥယျာဉ် နှင်းဆီနန်းသို့
မောင် မြန်းလို့ ၀င်။
ဆူးကိုထွင် မေ့ဆံပင်ထက်
ပန်းတော်ဝင် နှင်းဆီခက်ကို
မောင် လှမ်းကာဆက်။

(ဂ)


သံသရာ ရေယာဉ်ကြောမှာ
မျောပါတဲ့ မောင်နဲ့မယ်
နီးဖို့ကိုရွယ်။
နောင်ခါဝယ် မောင်ဟာဘယ်ဘဝ
မယ်နဲ့သာ မဆုံရမှာ
စိုးလှသည်ပ။

စိုးနဲ့ မေရာ …
ဒါန သီလာနဲ့ ဘာဝနာ မှန်စွာပွါးပါလို့
အားထုတ်စို့ကွာ။
သံသရာ မှန်ပါရဲ့ဒီခရီး
ပါရမီ အတူဖြည့်ရင်ဖြင့်
မယ်နဲ့ မောင် နီး … ။
***
မေဓာဝီ
၂၃၊ သြဂုတ်၊ ၂၀၁၀
၁၀း၃၀ နာရီ

ဖြည့်စွက်ချက်။ ... ။ ဒီကဗျာက မိန်းကလေးနဲ့ ယောက်ျားလေး တလှည့်စီ ပြောထားတဲ့ ပုံစံ ရေးထားတာပါ။ အစိမ်းရောင်ခြယ်ထားတဲ့ ပထမပိုဒ်တိုင်းက မိန်းကလေးပြောတာ ဖြစ်ပြီး အ၀ါရောင်ခြယ်တဲ့ စာပိုဒ်တွေက ယောက်ျားလေး ပြောတာပါ။ ထိုနည်းတူစွာ မောင်နဲ့ မေ ဆိုတာကလည်း အမျိုးသား နဲ့ အမျိုးသမီး (တွေ) ကို ကိုယ်စားပြုတာပါ။ အမည်တွင် မေ ပါသော မည်သူ့ကိုမှ မရည်ရွယ်ပါ။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ်လည်း ရည်ရွယ်တာ မဟုတ်ကြောင်းပါ။ ကဗျာတပုဒ် အနေဖြင့်သာ ရေးထားခြင်းဖြစ်ပါကြောင်း ထပ်လောင်း ဖြည့်စွက် အပ်ပါသည်။

Read More...

Saturday, September 04, 2010

ဖိုးသူတော်ဦးနု စကားပုံများ

ဟိုတလောက ဆယ်စောင်တွဲစာအုပ်ထဲက ကောက်နုတ်ပြီး စကားကြီး ၁၀ မျိုးကို တင်ခဲ့တာ တော်တော်များများ ကြိုက်ကြလို့ ၀မ်းသာမိပါတယ်။ အဲဒီစာအုပ်ထဲက ကောင်းနိုးရာရာလေးတွေ တင်မယ် စိတ်ကူးခဲ့ပေမဲ့ စာရိုက်ဖို့ပျင်းနေလို့ တော်တော်နဲ့ မတင်ဖြစ်ဘူး။ ခုတော့ လာမယ့် ရှေ့တပတ်ကျော်မှာ ကျောင်းဖွင့်တော့မှာမို့ ကျောင်းပြန်မဖွင့်ခင် အချိန်အားလေးရခိုက် အပြေးအလွှား စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်လို့လဲ ကောင်း၊ မှတ်ဖို့လဲ ကောင်းတဲ့ ဖိုးသူတော်ဦးနု စကားပုံတွေပါ။ ဖတ်ကြည့်ကြပါအုံး။
***
ဖိုးသူတော်ဦးနု စကားပုံ

မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

၎။ ဂေါဏမံသံကိုလည်း မစားနှင့်။ ကောဓခြံရံကိုလည်း မပွါးနှင့်။ *
ဂေါဏမံသံကိုစားက မိဘသဖွယ် ဖြစ်ပေသည်။ ကောဓခြံရံကိုပွါးက အထိကရ အပါယ်နစ်ချေသည်။

၅။ အယုတ်တရားကို အလိုမရှိနှင့်။ မဟုတ်စကားကို မဆိုဘိနှင့်။
အယုတ်ရားကို အလိုရှိက ဘဂ၀ါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပရလေသည်။

၆။ မြှူသလိုပုံနှင့် ကလေးကို မစနှင့်။ လူကို ယုံသဖြင့် အကြွေးကို မချနှင့်။
မြှူသလိုပုံနှင့် ကလေးကို စက ကလေးအမိုက်မို့ ဆဲတတ်သည်။ လူကို ယုံသဖြင့် အကြွေးကိုချက အရေးမစိုက်သဖြင့် မွဲတတ်သည်။

၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား။ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်။
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။ တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

၈။ အဟုတ်အမှန်ကိုလည်း သိမှ။ အလုပ်အကြံလည်း ရှိမှ။
အဟုတ်အမှန်ကို သိမှ သံသရာ ဘေးပ၍ အနေကျယ်ကြမည်။ အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတယ်ကြမည်။

၉။ သူဌေးလို ကြွယ်သော်လည်း မာန်စွယ်မထနှင့်။ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ် မပြနှင့်။
သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းလို့ ပြေ(ပြည်) မုန်းတတ်သည်။ မြွေပွေးကို ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည်။

၁၀။ မတော်ဘဲ မ၀ယ်နှင့်။ မခေါ်ဘဲ မလည်နှင့်။
မတော်ဘဲ ၀ယ်လေက အသပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲ လည်ချေက မကြာခဏ မုန်းတတ်သည်။

၁၁။ မတော်တာကို မမြည်းစားနှင့်။ အဖော်မပါလျှင် ခရီးမသွားနှင့်။
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါပွါးတတ်သည်။ အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။
ခရီးကို အပြင်းသွားက မှားတတ်သည်။ မိးကို အကြွင်းထားက ပွါးတတ်သည်။

၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်။ အနာရောဂါကို မကြီးပွါးစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွါးစေက ဒုက္ခရောက်တတ်သည်။

(က) စကားစကား ပြောဖန်များက စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။
(ခ) ဘုရား, တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါန အလွန် လှူတတ်သည်။
(ဂ) အမျိုးဖြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

သံသရာလောက၊ နှစ်ဝအကျိုး၊ ပွါးတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
ဖိုးသူတော်ဦးနုစကားပုံ ပြီး၏။

* ဂေါဏမံသံ = အမဲသား ၊ ကောဓ = အမျက်ထွက်ခြင်း
ကိုးကား။ ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ (ဦးမောင်မောင် - ဟံသာဝတီ)

Read More...

Friday, September 03, 2010

အဟုတ်တကယ်လေလာပြီ ... အသုပ်သယ် မေဓာဝီ

ငယ်ငယ်က လသာ ၂ မှာ ကျောင်းတက်တုန်းက သူငယ်တန်း မုန့်ဈေးတန်းမှာ ဒေါ်ကေ အသုပ်ဆိုတာ နာမည်ကြီးတယ်။ မုန့်စားကျောင်းလွှတ်ရင် ဒေါ်ကေ့ဆိုင်မှာ လူတွေကို အုံလို့။ နည်းနည်းနောက်ကျရင် တိုးလို့တောင် မပေါက်တော့ဘူး၊ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ပေဦးတော့။ ထမင်းသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်၊ အစုံသုပ် ... အစရှိသဖြင့် အသုပ်အမယ် အတော်လေး စုံပါတယ်။ ဒေါ်ကေက ဘာသုပ်ပဲဖြစ်ဖြစ် တခုတည်းသော ဇလုံကြီးထဲ တိုလီထွာလီတွေ အကုန်ထည့်၊ လက်နဲ့ အားရပါးရ နယ်ပြီးသကာလ ဒန်ပန်းကန်ပြား ပိစိလေးထဲထည့် ဆေးကွာနေတဲ့ ကြွေရည်သုတ် ဇွန်းလေးတချောင်း တပ်ပေးလိုက်တာပဲ။ ငယ်ငယ်က ငတ်တော့ ဘာဖြစ်ဖြစ် ကောင်းနေတာချည်းပေါ့။

အိမ်မှာလဲ အဘိုး (အမေ့အဖေ)က အသုပ်ကြိုက်တော့ အမေက မကြာခဏ အသုပ်လုပ်ကျွေးပါတယ်။ ကျောင်းမှာ ဒေါ်ကေ ... အိမ်မှာတော့ ဒေါ်မေ ပေါ့။ အမေ့နာမည်က မေ ပါတာကိုး။ ဒေါ်မေ အသုပ်လဲ အိမ်မှာရော အမျိုးတွေထဲမှာရော အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာပါ နာမည်ကြီးပါတယ်။ အမေကလဲ ဘာဖြစ်ဖြစ် အကုန်သုပ်တာပဲ။ အိမ်ရှေ့က ကသစ်ပင်ကြီးမှာ ကသစ်ပန်းတွေပွင့်ရင်တောင် ပြုတ်ပြီး သုပ်စားကြသေးတယ်။ ကိုယ့်အမေမို့လားတော့မသိဘူး၊ အမေဘာသုပ်သုပ် အကုန် ကောင်းပါတယ်။

ဒီရောက်လာတော့ ဦးရီးတော်က အသုပ်ကြိုက်သတဲ့၊ ကိုယ့်ထက်အရင် ရောက်တဲ့ အမက ဦးရီးတော်နဲ့ အတူနေရင် အသုပ်လေး ဘာလေး လုပ်ကျွေးဖို့ မှာပါတယ်။ ဒီတော့ ကျမလည်း တတ်သလောက် မှတ်သလောက် သုပ်ရလေသတည်း ဆိုပါတော့ ... ။ နေ့တိုင်း ထမင်းစားရင် အသုပ်တမျိုးပါအောင် ကြိုးစားပြီး သုပ်ပါတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ဆေးဘဲဥသုပ်၊ ခေါက်ဆွဲသုပ် ... အစပြုလို့ ဘာမှမရှိရင် အာလူးပြုတ် သုပ်တယ်၊ ကြက်ဥ ပြုတ်သုပ်တယ် ... အဲဒီလို သုပ်ရင်းပြုရင်း ကျမလည်း အသုပ်သယ်ဘ၀ ရောက်မှန်းမသိ ရောက်တော့တာပါပဲ။

ဒါကတော့ သုပ်စားဖြစ်တဲ့ အသုပ်တွေထဲက မှတ်မှတ်ရရ ဓာတ်ပုံရိုက်ဖြစ်ခဲ့တဲ့ အသုပ်တွေပါ။

ပန်းသီးသုပ်

cooking apple တွေ လက်ဆောင်ရလာလို့ ခြစ်ပြီး သုပ်ပါတယ်။ ပန်းသီးက ခြစ်ပြီးနည်းနည်းကြာရင် အရောင်မည်းသွားတတ်လို့ ဆားကလေးနဲ့ နယ်ထားရတယ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ငပိ၊ ငရုတ်သီးဆီကြော်လေး ထည့်ပြီး နယ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ အရသာက သရက်သီးသုပ်လိုပဲ ချဉ်ပြုံးပြုံးနဲ့ စားလို့ သိပ်ကောင်းပါတယ်။ ဦးရီးတော်တောင် ပန်းသီးသုပ်နဲ့ စားတာ ထမင်း နှစ်ပန်းကန်ကုန်တယ်။ (ကျမကတော့ တပန်းကန်ထဲပါ)


မြင်းခွါရွက်သုပ်

ဘိလပ်မှာ မြင်းခွါရွက် အစစ်ရဖို့ သိပ်မလွယ်ပါဘူး။ လန်ဒန်မှာတော့ ကုလားဆိုင်တွေမှာ ရောင်းပါတယ်။ ကျမတို့နေတဲ့ တောကတော့ dollar weeds တွေကို မြင်းခွါရွက်လုပ်ပြီး စားနေရတာ။ တလောက လန်ဒန်ရောက်တော့ အကိုတွေ လက်ဆောင်ပေးလိုက်လို့ မြင်းခွါရွက်အစစ်ကလေး ရလာတာနဲ့ သုပ်စားဖြစ်တယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲကလေး မညက်တညက်ထောင်း၊ ဆီချက်ကလေးထည့်ပြီး သုပ်လိုက်ရုံပါပဲ။ မြင်းခွါရွက်က ဆေးဘက်ဝင်တယ် လူနဲ့တည့်တယ်၊ စားလို့လဲ ကောင်းမှကောင်း။

မုန်လာဥသုပ်

မုန်လာဥဖြူ တလုံးဝယ်လိုက်တာ တော်တော်လေးကြီးနေတော့ အကုန်မချက်ဘဲ တ၀က်ကို ချဉ်ရည်ဟင်းချက်၊ တ၀က်ကို သုပ်စားဖြစ်တယ်။ ကျမနဲ့ ဦးရီးတော် နှစ်ယောက်ထဲဆိုတော့ ဟင်းတခါချက်ရင် တပတ်လောက် စားယူရတယ်။ ဟင်းတမျိုးထဲ အများကြီး မချက်ချင်တော့ မုန်လာဥတလုံး ဟင်း ၂ ခွက်ရအောင် လုပ်ရတာပေါ့။ မုန်လာဥကိုလည်း ခြစ်ပြီး သုပ်တာပါပဲ။ ခြစ်ပြီး အရည်တွေညှစ် ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးဆီကြော်၊ ပဲမှုန့်၊ ငံပြာရည်၊ အချဉ်ကြိုက်ရင် သံပုရာသီးလေးညှစ်ပြီး သုပ်ပါတယ်။

အသုပ်က ခံတွင်းလိုက်တယ်၊ ထမင်းမြိန်စေတယ်။ အသုပ်မကြိုက်တဲ့သူရယ်လို့ မရှိသလောက် ရှားမယ် ထင်ပါတယ်။ အသုပ်လုပ်စားတိုင်းလဲ ဓာတ်ပုံ မရိုက်ဖြစ်ပါဘူး။ ဒီနေ့တော့ ပန်းသီးသုပ်ကလေး သုပ်စားပြီး ဓာတ်ပုံရိုက်ဖြစ်ရင်း စဉ်းစားမိတယ်။ မြန်မာပြည်ပြန်ရင် အသုပ်ရောင်းစားရ ကောင်းမလား လို့ပါ။ ကျမကလဲ မေဓာဝီဆိုတော့ ဒေါ်မေ အသုပ်ဆိုပြီး ဆိုင်ဖွင့်မယ်ပေါ့လေ။

ဘလော့ဖတ်သူ လာလည်သူများ ဒေါ်မေ အသုပ်ကို အားပေးကြပါအုံး ... လောလောဆယ်တော့ ပိုက်ဆံမပေးရပါဘူး။ ဆိုင်ဖွင့်မှပဲ တောင်းတော့မယ်။ :)
***
မေဓာဝီ
၃၊ စက်တင်ဘာ၊ ၂၀၁၀
၁၃း၃၃ နာရီ

Read More...

Wednesday, September 01, 2010

အနီတွေ … အနီတွေ …

မြင်နေရသည် …
ထို အနီများ
တနံလျားဆီ
စွေးစွေးနီ။

လေထဲမှာ နီ … ကြေကွဲစွာ နီ …
မဝေခွဲစွာ နီ … နေမြဲသာ နီ …
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
ကွန်ယက်များဆီ
ချင်းချင်းနီ။

သိက္ခာအတွက် နီ … ရိက္ခာအတွက် နီ
စိတ်မပါလျက် နီ … အိပ်ရာထက် နီ
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
အာရုံများဆီ
တွေးတွေးနီ။

ပေါ်ပင် အနီ … တော်ဝင် အနီ
ပျော်ရွှင် အနီ … ဂေါ်ဂင် အနီ
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
စုတ်ချက်ဖျားဆီ
တွတ်တွတ်နီ။

စကား အနီ … အမှား အနီ
တရား အနီ … အလကား အနီ
အနီ … အနီ …
အိုဘယ့်အနီ … ထို အနီများ
ပါးစပ်ဖျားဆီ
မောင်းမောင်းနီ။

အပေါ်ယံ အနီ … တော်လှန် အနီ
အပျော်ဟန် အနီ … မလျော်ကန် အနီ
အနီ … အနီ … … … …
အိုဘယ့်အနီ … တကယ်နီလား
စဉ်းစားနေဆဲ ကိုယ်တိုင်လဲ …
အနီထဲမှာ “ရဲ” အုံးမည်။

***
မေဓာဝီ
၁၉၊ ဇူလိုင်၊ ၂၀၁၀
၉း၂၇ နာရီ

ရေးထားတာ တလကျော်လောက် ရှိပါပြီ။ ရေးပြီးပြီးချင်း ဆိုက်ဘားမှာ ခဏတင်ခဲ့ဖူးတယ်။ နောက်တော့ တခြားကဗျာတွေ တင်နေတာနဲ့ ဒီကဗျာကို ပြန်ဖြုတ်ထားလိုက်ပါတယ်။ ခုတော့ အသစ်မရေးဖြစ်သေးလို့ ရေးပြီးသား ဒီကဗျာလေးပဲ တင်လိုက်ပါတယ်။
***
၁၊ စက်တင်ဘာ၊ ၂၀၁၀
၀၀း၀၂ နာရီ

Read More...