Monday, September 10, 2007

အိုးပုတ်နှင့် ချိုးရုပ်

မနေ့က ဈေးသွားရင်း အရုပ်လေးတွေရောင်းတဲ့ဆိုင်ကို ၀င်ကြည့်ခဲ့ဖြစ်ပါတယ်။ ကျမဆီမှာ စာလာသင်နေတဲ့ ၂ တန်း ကျောင်းသားလေးရဲ့ မွေးနေ့အတွက် လက်ဆောင်ပေးဖို့ အရုပ်လေးတွေသွားကြည့်တာပါ။ ပုံစံမျိုးစုံ ပလတ်စတစ်ရုပ် လေးတွေ၊ သေနတ်တွေ၊ မွေးပွရုပ်လေးတွေ၊ ကားရုပ်၊ ဆိုင်ကယ်ရုပ် … အရုပ်တွေ အစုံကြားထဲ ဘယ်ဟာဝယ်ရမလဲ မဝေခွဲတတ်ခဲ့ပါဘူး။ အရောင်တွေစုံလင်နေပေမဲ့ တခုမှလည်း စိတ်တိုင်းမကျမိပါဘူး။ ဒါနဲ့ပဲ နောက်ဆုံးတော့ သူ့အတွက်လည်း အသုံးဝင်မယ့် စာရေး ကိရိယာ ပစ္စည်းလေးတွေပဲ ၀ယ်ပြီး ပြန်လာခဲ့လိုက်ပါတော့ တယ်။
***
ကျမတို့ ငယ်ငယ်တုန်းက အမေဈေးကပြန်လာရင် တခါတလေ အိုးပုတ်ကလေး တွေ ကျမတို့ ဆော့ဖို့ ၀ယ်လာတတ်ပါတယ်။ တခါတလေတော့ အိမ်အနီးအနား မှာရှိတဲ့ အိုးဆိုင်တန်းကို ခေါ်ပြီး လိုချင်တဲ့ အိုးပုတ်လေးတွေ ၀ယ်ပေးတတ်ပါတယ်။ အမေကိုယ်တိုင်လည်း ညောင်ရေအိုး၊ သောက်ရေအိုး၊ ငပိရည်အိုး၊ စလောင်းဖုံး စတဲ့ မြေနဲ့လုပ်တဲ့ ပစ္စည်းလေးတွေဝယ်ပါတယ်။ အိုးပုတ်ကလေးတွေနဲ့ ဆော့ ကစားလို့ ကွဲတော့လည်း နောက်တခါ အမေဈေးသွားရင် ထပ်မှာရပြန်တာပေါ့။ တခါတခါ အမေနဲ့ အဖေ တွံတေးဘက်ကပြန်လာရင်တော့ အိုးပုတ်တွေ ခြင်းနဲ့ တခြင်းကြီး ပါလာတတ်တယ်။ အဲဒီအိုးပုတ်တွေထဲမှာ ချိုးရုပ်ကလေး တရုပ် တလေပါလာရင် လိုချင်လို့ လုရတာအမောပါပဲ။ ချိုးကလေးကို လေနဲ့မှုတ်လိုက်လို့ တကူးကူးကူး မြည်တဲ့အခါ သိပ်သဘောကျခဲ့ကြတယ်။ ကျမတို့ ကလေးဘ၀ ကတော့ ကစားစရာဆိုတာ အိုးပုတ် ချိုးရုပ်တွေလောက်သာ ရှိတာပဲလေ။

ခုခေတ်ကလေးတွေ အိုးပုတ် ချိုးရုပ်တွေနဲ့ ကစားကြသေးရဲ့လားဆိုတာ ကျမ သိပ်မသိပါဘူး။ ကစားစရာတွေလည်း သူ့ထက်ငါ ကောင်းသည်ထက်ကောင်း အောင် ဖန်တီးတီထွင် ထုတ်လုပ်နေကြတော့ အိုးပုတ် ချိုးရုပ်လေးတွေရဲ့ အခန်း ကဏ္ဍဟာ ဒီခေတ်ကလေးတွေရဲ့ လက်ထက်မှာတော့ မှိန်ပြပြဖြစ်နေလောက်ပါပြီ။ သူတို့လေးတွေကို အိုးပုတ်ဝယ်ပေးရင်လည်း ကစားတတ်ကြမလား၊ ချိုးရုပ်လေး တွေကိုရော တန်ဖိုးထားတတ်ကြပါ့မလား။ ကျမတော့ မထင်မိပါဘူး။

ခုတော့ … အိမ်နားက အိုးဆိုင်တန်းမှာလည်း အိုးမရောင်းကြတော့ပါဘူး။ သူ့ခေတ် အခါအလိုက် လက်ဘက်ရည်ဆိုင်ဖြစ်လိုဖြစ်၊ ဗီဒီယို အငှားဆိုင် ဖြစ်လိုဖြစ်နဲ့ ပြောင်းလဲလို့ပေါ့။ ကျမတို့ ကိုယ်တိုင်တောင် မြေသောက်ရေအိုးကို မသုံးကြတော့ ပဲလေ။

တခါတခါတော့ ရေသန့်ဗူးထဲက သန့်မသန့် မသေချာတဲ့ ရေတွေကို နေ့စဉ် သောက်သုံးနေရင်း ရေစိမ့်သဲအိုးလေးထဲက ရေအေးအေးတွေကို သတိရမိတယ်။ အရုပ်ဆိုင်မှာ ၀က်ဝံရုပ်လှလှတွေ၊ ဗိုလ်မရုပ်လှလှတွေကိုငေးကြည့်ရင်း ငယ်ငယ် တုန်းက ဆော့ကစားခဲ့ဖူးတဲ့ အိုးပုတ် ချိုးရုပ်လေးတွေကို သတိရတယ်။ ခေတ်ရေစီးကြောင်းမှာ အလိုက်သင့်အလျားသင့် လက်ခံမျောပါရင်း တခါတလေ တော့လည်း သောင်တင်ချင် တင်နေတတ်ပါတယ်။ ရေတက်ချိန်ကြုံပြန်တော့ လည်း ၀ုန်းဆို ရိုက်ခတ်လာတဲ့ ရေလှိုင်းနဲ့အတူ ယက်ကန်ယက်ကန် ဆက်လက် မျောပါစီးဆင်းရပြန်ဦးမပေါ့။
***
အိုးပုတ် ချိုးရုပ်လေးတွေကို သတိရမိရင်းက … ကျမရဲ့ ဆရာတယောက် ရေးပေးခဲ့ ဖူးတဲ့ ကဗျာလေးကို အမှတ်ရမိလို့ ဖိုင်ဟောင်းတွေထဲ ပြန်ရှာကြည့်တော့ ထွက်လာပါတယ်။ ဆရာ့ကဗျာနာမည်က “အိုးပုတ်နှင့် ချိုးရုပ်” … တဲ့။ ဖတ်ကြည့် ကြပါဦး။
***အိုးပုတ်နှင့် ချိုးရုပ်

ကလေးအနှီးသည်
ကမ္ဘာကြီးကို ပန်းပန် …
ငြိမ်းချမ်းရေး အလံပါ။

အရုဏ်ဦး နေဆာလှုံ
ချစ်ကြည်ရေး သိုက်မြုံပါ။

ရင်သွေးထံ ပါးအပ်
လှိုက်လှဲမှု အနွေးဓာတ်ပါ။

ပုဆိုးကို ဖြဲသီ၍ဖြစ်ဖြစ် …
ပိုးဖဲ ကတ္တီပါဖြစ်ဖြစ်
သိုင်းရစ်ပတ်ရံ
သံယောဇဉ်သိုမှီး
အနှီးလေးပါ … ။

အနှီးလေးလွန့်လူး …
ဆူးခက် မငြိမစူးပါစေနှင့် … ။

အနှီးလေး နစ်မွန်း
သွေးစက် မစွန်းပါစေနှင့် … ။

အနှီးလေးနွမ်းညစ်
ရွှံ့နွံ မနစ်ပါစေနှင့် … ။

မိခင်တဘက်
ပုခက်ငယ်ဆင်
သံလွင်ပိုက်ထွေး
သားချော့တေးနွှေး
အနှီးလေးသည် …
ကမ္ဘာကြီးကို ပျံ့မွှေး၏ ..
ကမ္ဘာကြီးကို သန့်အေး၏ … ။

ဝေးသူ့ရွာလေး
ကွပ်ပြစ်ဘေး …
ချိုးရုပ်လေးရယ် ကူလှည့်ပါ .. ။
အိုးပုတ်လေးရယ် မြှူလှည့်ပါ … ။
……………………………………… စောကိုမြင့် (ပတ္တော်-ရုံးဒေါင့်)
***
ကရင်အမျိုးသားတယောက်ဖြစ်တဲ့ ဆရာဟာ သူ့ပြည်နယ်ကို ငြိမ်းချမ်းစေချင် တယ်၊ သာယာစေချင်တယ်။ အပြစ်ကင်းတဲ့ ကလေးတွေ ဆူးမစူး၊ နွံမနစ် ဒုက္ခမဖြစ်စေချင်ပါဘူး။ ဒါကြောင့် ဒီကဗျာလေးကို ရေးဖွဲ့တယ်လို့ ဆရာက ပြောပြ ခဲ့ဖူးပါတယ်။ ဒီကဗျာလေးကိုဖတ်တိုင်း နယ်စွန်မြို့ဖျားက ဒုက္ခရောက်နေရှာမယ့် ကလေးလေးတွေအတွက် ဆုတောင်းမိပါတယ် … ။ ကလေးတွေငြိမ်းချမ်းဖို့ဆိုတာ ကမ္ဘာကြီး ငြိမ်းချမ်းမှ ဖြစ်မှာ မဟုတ်လား … ။

အပြစ်ကင်းသော ကလေးများ … ငြိမ်းချမ်းကြပါစေသား … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၀၇
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်

Read More...

Sunday, September 09, 2007

စာဖတ်သူများသို့ တောင်းပန်ခြင်း

မနေ့က ကျမဘလော့ရဲ့ တမ်းပလိတ်တွေကို ဟိုဟိုဒီဒီ လျှောက်လုပ်ရင်း ဘလော့က ဘာဖြစ်သွားမှန်း မသိပါဘူး။ အယ်ရာတွေတက်ကုန်ပါတော့တယ်။ ဒါနဲ့ပဲ တင်မယ့်စာလည်း မတင်ဖြစ်တော့ဘဲ ဘလော့ကို ခဏပိတ်ထားပြီး ဟိုလူ ဒီလူ မေးမြန်းပြီး ပြန်လုပ်ခဲ့ရတယ်။ ကံကောင်းချင်တော့ တမ်းပလိတ်ထဲက ကုတ်ဒင်းတွေကို သိမ်းထားတဲ့ ဖိုင်အဟောင်းလေး ပြန်တွေ့တာနဲ့ အဆင်ပြေ သွားပါတယ်။ နောက်ကို ကိုယ်မတတ်တာ လျှောက်မလုပ်တော့ဘူးလို့လည်း သင်ခန်းစာရသွားတယ်။

ကျမဘလော့ဟာ စာဖတ်သူတွေကို စိစစ် ကန့်သတ်ထားခြင်းမရှိပါဘူး။ ကျမဘလော့ကို မည်သူမဆို ၀င်ရောက်ဖတ်ရှုလို့ရပါတယ်။ အခိုက်အတန့်လေး ခဏပိတ်ထားလိုက်ရတာကိုလည်း စိတ်မကောင်းပါဘူးရှင်။ ကျမဆီ တိုက်ရိုက် မေးလ်ပို့သူ တဆင့်မေးမြန်းသူ … မမေးမြန်းသော်လည်း စောင့်မျှော်ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း … ။

မေဓာဝီ
၀၉.၀၉.၂၀၀၇
နံနက် ၁၀ နာရီ ၄၅ မိနစ်

Read More...

Friday, September 07, 2007

အဖေပြောတဲ့ ကဗျာပုံပြင် (၃)

လောလောဆယ် စာအသစ်မရေးဖြစ်တာက တကြောင်း၊ အဖေ့ကဗျာလေးတွေ မတင်ရတာကြာပြီက တကြောင်းကြောင့် ဒီနေ့တော့ အဖေပြောတဲ့ ကဗျာပုံပြင် လေးကို တင်လိုက်ပါတယ်။ မေလ ၂၁-ရက်နေ့က ကဗျာပုံပြင် (၁) ဖြစ်တဲ့ “လူမိုက် ကျေးဇူးမသိဘူး” ကို တင်ခဲ့ပါတယ်။ ဇွန်လ ၁၇-ရက်မှာတော့ ကဗျာပုံပြင် (၂) ဖြစ်တဲ့ “တလမ်းသွား” ကိုတင်ခဲ့တယ်။ ဒီကနေ့ တော့ ကျန်နေသေးတဲ့ “အရေအတွက်မဟုတ် အရည်အချင်း” ဆိုတဲ့ ကဗျာ ပုံပြင်ကလေးရဲ့ အလှည့်ဆိုပါတော့။ စာအုပ်မှာ အဖေရေးထိုးထားတဲ့ ရက်စွဲအရ ၁၉၇၅-ခုနှစ် အောက်တိုဘာလက ရေးခဲ့တဲ့စာမို့ ဒီစာအုပ်ရဲ့ သက်တမ်းက အနည်းဆုံးတော့ နှစ်ပေါင်း ၃၂-နှစ် လောက် ရှိနေပါပြီ။ ဒါပေမဲ့ စာအုပ်ကလေး ဟာ ကျမလက်ထဲမှာ အကောင်းပကတိ ရှိနေဆဲပါပဲ။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ စာအုပ်ကလေး လည်း အနိစ္စသဘောနဲ့ ကိစ္စချောနိုင်တာမို့ စာအုပ်ကလေး မပျောက်ပျက်မီ အဖေ့လက်ရေးနဲ့ ရေးသားထားတဲ့ ဒီစာအုပ်ပါ စာမျက်နှာတချို့ကို အမှတ်တရ အနေနဲ့ စကန်ဖတ်ပြီး ဘလော့မှာ သိမ်းထားလိုက်ပါတယ်။
***

အရေအတွက်မဟုတ်/ အရည်အချင်း

*ပုံပြင်*
တခါက ခြင်္သေ့မကြီး သားမွေးနေတယ်ကြားလို့ မာကြောင်းသာကြောင်း သတင်း မေးဖို့ မြေခွေးတကောင် ရောက်လာတယ်။

“ခြင်္သေ့မကြီးနှယ် .. လပေါင်းများစွာ ကိုယ်ဝန်ကို ပင်ပင်ပန်းပန်း လွယ်ထား လိုက်ရတာ … မွေးလာတော့လဲ တကောင်ထဲ …” လို့ မြေခွေးက ကဲ့ရဲ့လိုက် သတဲ့။

“ဟုတ်တယ် … တကောင်ထဲဘဲ … ဒါပေမဲ့ … ခြင်္သေ့လေး… လေ …” လို့ ခြင်္သေ့ မကြီးက ပြန်ဖြေလိုက်တယ်။
***
ပုံပြင်ကတော့ ဒါပါပဲ။ ကဗျာကို ဖတ်ကြည့်ပါဦး။
***
အရေအတွက်မဟုတ်/ အရည်အချင်း

*ကဗျာ*
တခါတုန်းက တောထဲမှာ၊
ခြင်္သေ့မကြီး သားမွေးရှာ။
ရောက်လာသူက ကိုမြေခွေး၊
မာကြောင်း သာကြောင်း သတင်းမေး။

ကလေးမြင်တဲ့ မြေခွေးလျှင်၊
တကောင်ထဲမို့ အံ့စိတ်ဝင်။
ပြစ်တင်ဖွဲ့နွဲ့ ဋီကာချဲ့၊
တကောင်ထဲမို့ သူကဲ့ရဲ့။

မဲ့ရွဲ့ပြောဆို မြေခွေးကို၊
ခြင်္သေ့မကြီး နှုတ်သံချို။
“မပိုမလို တကောင်ထဲ
သူကလေးက ခြင်္သေ့ပဲ …”
အရည်အချင်းသာ ခေါင်ထိပ်စွဲ၊
မှတ်ပါအမြဲ … မှတ်အမြဲ … ။
***
ကဗျာပုံပြင်ကလေးကတော့ ဒါပါပဲရှင်။ အဖေ့ရဲ့ ဒီမှတ်စုလေးထဲမှာ ကျမဘလော့ အတွက် ယူစရာတွေ ကျန်ပါသေးတယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။
***
7th Sep, 2007
8:45 am

Read More...

Thursday, September 06, 2007

ကဗျာဟောင်းကလေးတပုဒ်

ကျမရဲ့ကဗျာလေးတွေ စုစည်းပြီး ရေးထားတဲ့ စာအုပ်ဟောင်းလေးတအုပ်ကို ဒီကနေ့ ပြန်ဖတ်မိပါတယ်။ ဒီထဲက တချို့ကဗျာ တော်တော်များများကတော့ ဘလော့မှာ ဖော်ပြခဲ့ပြီးသားပါပဲ။ ဘလော့ပေါ် မတင်ရသေးဘဲ ကျန်ကောင်း ကျန်ရာ ကဗျာလေးတွေထဲက တပုဒ်ကို ဒီနေ့ တင်မယ့် ပို့စ်အဖြစ် ရွေးခဲ့လိုက် ပါတယ်။ စာအသစ်ရေးဖို့ရာ အချိန်မရတာကြောင့် ဒီကဗျာဟောင်းလေးသာ တင်လိုက်ရတာပါ။ ငယ်ငယ်တုန်းက ကဗျာလေးမို့ တစုံတရာ အားနည်းချက် ချွတ်ယွင်းချက်တွေ ရှိကောင်းရှိမှာပါပဲ။ ခုချိန်မှာ ပြန်ဖတ်ပြီး ပြင်ချင်တဲ့ စာလုံး တွေ အသုံးအနှုန်းတွေ ရှိနေပေမဲ့ မပြင်ဘဲ သူ့အတိုင်းသာ တင်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ပေါ့ … ။
***

လမ်းသစ်

ငါ့ရဲ့ …
ချစ်တဲ့သူအားလုံးကို
မခွဲခွါလိုလဲ
ခေတ္တခွဲပြီး
သည်ခရီးကို လာခဲ့တယ်။

တကယ်ပါ …
ငါဟာ …
ကန္တာရခရီး၊ နီးနီးဝေးဝေး
အေးအေးပူပူ၊ ဖုန်ထူညစ်ညမ်း
ခရီးကြမ်းလဲ၊ မပန်းဘူးလို့ ထင်မိတယ်။

ဒါပေမဲ့ …
ခရီးဆုံးနောက်၊ လမ်းမပေါက်တော့
အခက်ရောက်ကာ
နောက်ပြန်ဆုတ်ဖို့ စဉ်းစားတယ်။

အို …
ငါဟာ လူသား …
လူ့စွမ်းအားသိ၊ သတ္တိရှိတယ်
ဘယ်ကိုရောက်ရောက်၊ မကြောက်မရွံ့
နောက်မတွန့်ဘဲ၊ ခက်ခဲသည်လမ်း
ကြမ်းတမ်းသည့်နောက်၊ လမ်းမပေါက်လဲ
လမ်းဖောက်ရန်တွက်၊ အသက်သေသေ
အရေခန်းခန်း၊ ပင်ပန်းလည်းခံ
အားမာန်မလျှော့၊ ခေါင်းမော့ပြီးလျှင်
ငါထွင်သည့်လမ်း၊ ငါမလှမ်းတောင်
နောင်လာနောက်သား၊ လူအများတို့
ပျော်ပါးဖွင့်လှစ်၊ ငါ့လမ်းသစ်အား
လျှောက်သွားနိုင်ကြပါစေသား … ။ … ။

………………………………………………. (14th June, 1991)
***
မေဓာဝီ

Read More...

Wednesday, September 05, 2007

ဗိုလ်လုပ်လိုသလား (၅)

သြဂုတ်လ ၂-ရက်နေ့က “ဗိုလ်လုပ်လိုသလား အမှတ် (၄)” ကိုတင်ပြီး ဆက်မတင် ဖြစ်ခဲ့တာ တလတောင် ကျော်သွားပြီမို့ ဒီတပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဗိုလ်လုပ်လို သလား အမှတ် (၅) ကို ဆက်လက် ဖော်ပြလိုက်ပါတယ်။ အမှတ် (၄) မှာ ၀ီရိယ ဗိုလ်ကို ဖော်ပြခဲ့ပါတယ်။ အခု အမှတ် (၅) မှာကတော့ တတိယမြောက် ဗိုလ် ဖြစ်တဲ့ သတိဗိုလ် အကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

၃။ သတိဗိုလ်

သတိဗိုလ်ဆိုတာ သတိ + ဗလ ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ သတိဆိုတာ မမေ့လျော့ခြင်း၊ အောက်မေ့ခြင်းကို ဆိုလိုပါတယ်။ ဗလဆိုတဲ့ အားကြီးခြင်း အားကောင်းခြင်း အဓိပ္ပါယ်နဲ့ ပေါင်းစပ်လိုက်တော့ အားကောင်း သော အားကြီးသော မမေ့လျော့ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

မမေ့လျော့ခြင်းမှာ ကောင်းသောအမှု၌ မမေ့ခြင်းကို သမ္မာသတိလို့ ဆိုပါတယ်။ မကောင်းသော အမှု၌ မမေ့ခြင်းကိုတော့ မိစ္ဆာသတိလို့ ဆိုပါတယ်။ တနည်း အားဖြင့် ပကတိသတိ၊ ဘာဝနာသတိ ရယ်လို့ နှစ်မျိုးကွဲပြားပါတယ်။ လောကီ ကုသိုလ်နဲ့ ယှဉ်တဲ့ သတိစေတသိက်ကို ပကတိသတိလို့ ဆိုပြီး ကာယဂတာ သတိ စတဲ့ ပွားများမှုကြောင့်ဖြစ်တဲ့ လောကုတ္တရာစိတ်နဲ့ ယှဉ်တဲ့ သတိ စေတသိက်ကိုတော့ ဘာဝနာသတိလို့ ဆိုပါတယ်။ ဘာဝနာသတိကသာ ဗိုလ် ထိုက်တဲ့ သတိဖြစ်တာကြောင့် သတိဗိုလ်လို့ အမည်ရပါတယ်။

ဒီနေရာမှာ သတိနဲ့ သညာနဲ့ ကွဲလွဲပုံကို သိထားသင့်ပါတယ်။ သညာ ဆိုတာ မှတ်သားတဲ့ သဘောဖြစ်ပါတယ်။ မှတ်တဲ့သဘောကို မပျောက်မပျက်အောင် အဖန်ဖန် အောက်မေ့ခြင်းကို သတိလို့ ဆိုပါတယ်။ သညာဟာ သတိရဲ့ ရှေ့ပြေး ဖြစ်ပါတယ်။ သတိဟာလည်း သညာရဲ့ အကူအညီကို ယူရပါသေးတယ်။ မမှတ် ရသေးတဲ့ အာရုံကို သတိမဖြစ်နိုင်ပါဘူး။ မှတ်ပြီးသား အာရုံကိုသာ သတိဖြစ်နိုင် ပါတယ်။ သတိဟာ မမေ့မပျောက်ဖို့အတွက် ပညာရဲ့ အကူအညီကို ယူရပါသေး တယ်။ ဒါကြောင့် သတိသမ္ပဇဉ်ဆိုတဲ့ အမည် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

မမေ့မလျော့မှု သတိရှိဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ များသောအားဖြင့် ဖြစ်တတ်တဲ့စိတ် (ဗရမ်းဗတာစိတ်) မျိုးဟာ မေ့ဖို့ကိုသာအားသန်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ မြှော်မြင်တတ်တဲ့ ပညာကင်းမဲ့လို့ ဖြစ်ပါတယ်။ ဆင်ခြင် နှိုင်းချိန်နိုင်တဲ့ ပညာမရှိရင် သတိလည်း ကင်းဝေးပါတော့တယ်။ ဒါကြောင့် သတိနဲ့ ပညာ ထပ်ချပ်မကွာရှိပြီး သတိသမ္ပဇဉ်ကို လက်ကိုင်ထားရပါမယ်။ အသက်ကြီးလို့ မေ့တာမျိုး၊ ရောဂါကြီးလို့ မေ့တာမျိုးကိုတော့ ဒီနေရာမှာ အပြစ် မဆိုပါဘူး။ အဲဒီလိုမဟုတ်ဘဲ သတိကင်းကွာ မေ့လျော့ခြင်းကိုသာ အပြစ်ဆို သင့်တယ်လို့ ဆိုထားပါတယ်။

သတိရှိသူတွေကို ဘုရားကိုယ်တော်တိုင် ချီးမွမ်းတော်မူပါတယ်။ မေ့လျော့သူ တွေကို မမေ့ရန်အတွက် “အပ္ပမာဒေန သမ္ပာဒေထ” လို့ အထူး တိုက်တွန်း တော်မူခဲ့ပါတယ်။ လောကီပညာရပ်မှာဆိုရင်လည်း မေ့လျော့တတ်သူများဟာ လက်တွေ့အကျိုးယုတ်တတ်ပါတယ်။ လောကုတ္တရာရေးမှာလည်း မေ့လျော့ပါ ရင် ချမ်းသာသုခမရနိုင်ဘဲ အပါယ်လေးပါးကိုသာ ကျရောက်နိုင်ပါတယ်။

မဂ္ဂင် ၈-ပါးမှာ သတိဟာ အဓိစိတ္တအပိုင်းမှာ ပါရှိပါတယ်။ ရုပ်နာမ်ဓမ္မ-သင်္ခါရ အစရှိသည်တို့ကို အောက်မေ့နိုင်ခြင်းဟာ သတိတရားပဲဖြစ်ပါတယ်။ အဲဒီ သတိ ကို သမ္မာသတိလို့ ဆိုပါတယ်။ သတိရှိပါရင် နက်နဲတဲ့အမှုကိုပင် သိနိုင်ပြီး သတိ ကင်းမဲ့ရင်တော့ ထင်ရှားတဲ့အမှုကိုပင် ပျောက်ပျက်နိုင်ပါတယ်။ ဒါကြောင့် မြန်မာ စကားပုံမှာ “သတိမမူ-ဂူမမြင်၊ သတိမူက မြူကိုမြင်” လို့ ပြောစမှတ်ရှိပါတယ်။

လောကမှာ သတိရှိသူ၊ သတိကိုလေးစားသူဟာ လောကအကျိုးအားလုံးမှာ လွယ်ကူစွာစံစားရနိုင်ပါတယ်။ လောကုတ္တရာအဖို့မှာလည်း သတိဟာ အဖော် တယောက်အနေနဲ့ နိဗ္ဗာန်ကို ပို့ဆောင်ပါတယ်။ နိဗ္ဗာန်ကိုရောက်အောင် ပို့ဆောင်တဲ့ သတိကို သမ္မာသတိလို့လည်း ဆိုပါတယ်။ အဲဒီသတိဟာ အားကြီး တဲ့ မမေ့မလျော့ခြင်း ဖြစ်တာကြောင့် သတိဗိုလ် လို့ ဆိုရပါတယ်။ ဗိုလ်ထိုက်တဲ့ သတိကို အပိုင်ရအောင် ယူတဲ့သူဟာ ဗိုလ်စိတ်ရှိသူဖြစ်ပါတယ်။ ဗိုလ်စိတ်နဲ့ ဗိုလ် အလုပ်ကို ဆက်လက်လုပ်ကိုင်တဲ့သူကို ဗိုလ်တယောက်လို့ ခေါ်နိုင်ပါတယ်။ ဗိုလ်အပြစ်နဲ့ ဗိုလ်ရဲ့ ချမ်းသာကို အလိုရှိတဲ့သူတွေဟာ ဗိုလ်စိတ်မွေးပြီး ဗိုလ် အလုပ်ကို ပြုလုပ်ပါရင် ဗိုလ်အဖြစ်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဥပဒေသ
မမေ့မလျော့မှုဆိုတဲ့ သတိကို မွေးမြူပါ၊ ဖြစ်ပေါ်လာသော သတိကို ဖျောက်မပစ် ပါနှင့်။ သတိကိုလက်ခံထားလျှင် ၎င်းသတိသည် ကြီးထွား၍လာသဖြင့် ဗိုလ်ထိုက်သော သတိဖြစ်လာပေမည်။ ထိုသတိနှင့် ဗိုလ်လုပ်ငန်းကိုလုပ်၍ ဗိုလ် အဖြစ် ရောက်အောင် ယူပါ။
***
ကိုးကား။ … ။
အရှင်ကေလာသဖ ၏ ဗိုလ်လုပ်လိုသလား
***
နောက်ဆက်တွဲ …

ဒီကနေ့ ဥပုသ်နေ့မို့ ထုံးစံအတိုင်း န၀င်္ဂသီလ ဆောက်တည်ထားပါတယ်။ မနက်က မြန်မာ့ရုပ်/သံမှာ ဆရာတော်တပါးက သီလပေးပါတယ်။ ခါတိုင်း ဘုရားရှေ့မှာ သီလယူနေကျပေမဲ့ ဒီနေ့တော့ ဆရာတော့်ထံမှာ သီလယူခဲ့တယ်။ ပါဠိ အနက်နဲ့တကွ ရှည်ရှည်လျားလျား ရွတ်ဆိုခဲ့ရတာမို့ စိတ်ထဲပိုပြီး ကြည်နူး ပီတိဖြစ်နေမိပါတယ်။ မေတ္တာနှင့်တကွဖြစ်သော သီလကို ဆောက်တည်ထား တာမို့ မေတ္တသုတ်ကို အနက်နဲ့တကွ ပြန်ပြီး ဖတ်မိပါတယ်။ အထူးသဖြင့် ကျမ အနှစ်သက်ဆုံး အပိုဒ်ရေ ၆ က ပါဠိနဲ့ အနက်ကို အထပ်ထပ်ပြန်လည် ရွတ်ဖတ် သရဇ္ဈာယ်နေမိပါတော့တယ်။

န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

***
မေတ္တာဖြင့် …

မေဓာဝီ
စက်တင်ဘာ ၅၊ ၂၀၀၇
နံနက် ၉ နာရီ ၅၀ မိနစ်

Read More...

Tuesday, September 04, 2007

မိမိကိုယ်ကို ဆုံးမခြင်း

ခုတလော စာအုပ်တွေနဲ့ နေရတာပျော်မွေ့ပြီး ဘာမှမလုပ်ဘဲ စာကိုသာ အမြဲဖတ် နေချင်တော့တာပဲ။ စာဖတ်ရင်း မျက်စိက ဘယ်လိုမှ မခံနိုင်တဲ့အဆုံးကျမှ စာအုပ် ကို လက်ကချမိတယ်။ ဒီနေ့ ဖတ်စရာစာအုပ်ရှာတော့ စင်ပေါ်မှာ ဟံသာဝတီ ဆုံးမစာပေါင်းချုပ်စာအုပ်ကလေး တွေ့တာနဲ့ ထိုင်ဖတ်နေလိုက်တယ်။ ဒီစာအုပ် ထဲက ဆရာတော်ကြီးတွေရဲ့ ဆုံးမစာတွေကို ဖတ်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ဆုံးမမိပါတယ်။ ကျမက … သူငယ်ချင်းတွေနဲ့ နောက်ပြောင် ပြောသလို “မလိမ္မာ အကြိမ်တရာ မိုက်စမြဲ” ဆိုသလိုပါပဲ။ တကြိမ်တခါ မဟုတ်ဘဲ အခါခါ မိုက်မဲ နေမိတဲ့ ကျမ … ကိုယ့်ကိုယ်ကို ပြန်လို့ဆုံးမတဲ့ အနေနဲ့ ဒီစာကို ကူးယူကာ ဘလော့မှာ ဖော်ပြလိုက်ပါတယ်။
***
ကထာန ကထာ

သုဘာသိတနှင့်၊ ပိယငယ် ၀ါစာ၊
သစ္စံ ဓမ္မံတည့်၊ ပြည့်၏ လေးဖြာ၊
သည်သင်္ချာ၊ အင်္ဂါဟု မှတ်အုံး၊
စကားစမြည်ဆိုက၊ သည်ကို မလွန်ရအောင်
ပြောကြလက်သုံး။ … ။

သိင်္ဂီရွှေခွက်တွင်းမှာမှ၊ သားမင်းခြင်္သေ့ဆီ၊
ငွေခွက်မှာ ဘယ်တည်လိမ့်၊ ပညာသည် ဆိုမိန့်ခွန်းမှာကြောင့်၊
မိုက်လွန်း သူယုတ်နား၊ ပါးမျှမသီ၊
ဂုဏ်ဝသီ စုံညီတဲ့တမ်း၊
နှိုက်နဲကြံယူလို့၊ ဇမ္ဗူ ရွှေခွက်နား၊
ထားလိမ့် ပြည့်လျှမ်း။ … ။

ရန်သူ လူယုတ်နှင့်၊ ကြမ်းကြုတ်တဲ့ သူကို၊
သိမ်မွေ့နုစွာဖြင့်၊ ခုမကြာ အောင်စေရမည်ဟု၊
ကျမ်းက မှာဆို။
များထိုထို မှုဆိုမျှခပင်း၊
နူးညံ့ခြင်းရာဖြင့်၊ မအောင်ရာ ဘယ်မရှိ၊
ထားသတိသွင်း။ … ။

လူ့ပြည်မှာ စန္ဒကူး၊ အထူးငယ် ချမ်းကြည်၊
ထိုထက်ကယ် ပိုမိုကဲလို့၊ လှုံ့ရဲလရောင်စန်း၊
ချမ်းပါလှသည်။
သူတော်သူမြတ်တို့၊ မိန့်အပ်တဲ့ စကားရည်၊
လူ့ပြည်ဝယ် အံ့အဲ။
လရောင် စန္ဒကူးထက်၊ အထူးပိုလျှမ်းအောင်၊
ချမ်းစိမ့်လှမြဲ။

ချမ်းမြေ့ပြေစကား၊ ဆိုညားတဲ့သူမှာ
ခပ်သိမ်းမှုပြေလို့။ လူ့မြေမှာ မိတ်ခင်ပွန်း၊
ကျွမ်းဖွဲ့များစွာ။
ဝါစာ ဖရုသ်နှင့်၊ ကြမ်းကြုတ်ကယ်ပြုသူမှာ၊
ဆွေသဟာရှိဘူး။
သည်အရာ … လမင်းနေစကြာကို
ပုံပမာ ဆောင်ယူပြ၊ များသိကြဦး။

ချိန်ခါသင့်မြတ်တွင်၊ မိန့်အပ်တဲ့ စကားရည်၊
တခွန်းပင် ဖြစ်သော်လဲ၊ ချစ်နှစ်ဘွယ်ပြန်မပြောင်း၊
ကောင်းရာ၌တည်။
ဆာလောင်ပူအပ်တဲ့၊ လူငတ်တို့ လျှာရည်မှာ၊
မကြည်တဲ့ထမင်း။
သိကြားနတ်စာသို့၊ မြတ်ရသာ မည်ပြန်ဘိ၊
လောကိ ခေတ်တွင်း။

ချိန်ခါကိုလွန်ဘိအောင်၊ တိုင်းမသိ ဆိုစကား၊
များနှင့်ဆင်ခြင်။
လူအ-ပမာသို့၊ ခပ်သိမ်းခါ အသံဆိတ်အောင်လဲ၊
တိတ်တိတ်ကယ် မနေတတ်ပါနှင့်၊ လျောက်ပတ်ကယ် ဆိုချိန်သင့်၊
ပြောခွင့်ရှိလျှင်။
မတုန်လျင်၊ ပီပြင်သန့်ရှင်း၊
ရှေ့နောက်ကို မြှော်ခေါ်လို့၊ တော်လျော်နေရာကျအောင်၊
ပြောပါကြမင်း။

ပြစ်ပြစ်ကယ် ပြေပြေ၊ စကားလိမ္မာက၊
မှုလိုရာ ရောက်နိုင်ခြင်း၊ ကြောင်းရင်းဖြစ်ပေ။
စကားငံမချေ၊ ဉာဏ်ပေတဲ့ သူမှာကောင့်၊
လိုရင်းကြိုးကိုင်သို့၊ ပိုင်ပိုင်ကြံရွယ်လို့၊
ဘယ့်နှယ်ရောက်နိုင်ပမယ်၊
တွေးဆထောက်တော့။ … ။
***
ကထာနကထာ နိဋ္ဌိတာ
***
4th Sep, 2007
1:10 pm

ကိုးကား။ … ။
၁၉၆၀ ခုနှစ်ထုတ် ဟံသာဝတီဆုံးမစာပေါင်းချုပ်
စဥ့်ပါဆရာတော်၏ ဓမ္မနီတိကျမ်းမှ

***

Read More...

Monday, September 03, 2007

ကလောင်အမည်နှင့် ပတ်သက်၍ ...

တနေ့က မိတ်ဆွေတယောက်ပြလို့ ဘလော့အသစ်တခုကို သွားရောက် ဖတ်ရှုမိခဲ့ပါတယ်။ ဘလော့လိပ်စာက http://tharkinwe.blogspot.com/ ဖြစ်ပါတယ်။ သာကီနွယ်ဆိုတဲ့ ဘလော့နာမည်ကြောင့်လည်း ဒီဘလော့ကို စိတ်ဝင်တစား ဖတ်ကြည့်မိပါတယ်။ ဒီနေရာမှာ ဘလော့ရေးသူရဲ့ ယုံကြည်ချက် နဲ့ ထင်မြင်ယူဆချက်များ ရေးသားထားခြင်းကို ဘာမှမပြောလိုပေမဲ့ သူ့ရဲ့ ကလောင်အမည်နဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောချင်ပါတယ်။

သာကီနွယ်ဆိုတဲ့ ဒီအမည်ကိုတွေ့တော့ စိတ်ထဲမှာ ရုတ်တရက် ကျမရဲ့ ဆရာကြီးကို သတိရလိုက်မိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးရဲ့ ကျန်ရစ်သူ သားသမီး ဆွေမျိုးတွေကများ ဆရာကြီးအမှတ်တရ … ဒါမှမဟုတ် ဆရာကြီးရဲ့ လမ်းစဉ်နည်းနာများကို ဘလော့တခု ဖန်တီးပြီး တင်ဆက်သလား လို့ စိတ်ထဲထင်လိုက်မိလို့ပါ။ ကျမရဲ့ ဆရာကြီးဆိုတာကတော့ အဘိဓမ္မာ ဆရာကြီး ဦးမြသောင်း (ခေါ်) သာကီနွယ် ဖြစ်ပါတယ်။

ဆရာကြီးဟာ “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်နဲ့ ဓမ္မဗျူဟာစာစောင်မှာ ရေးသားခဲ့သလို အခုဖော်ပြထားတဲ့ အဘိဓမ္မာစာအုပ်မျိုးလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဘာသာရေး သာသနာရေးနဲ့ ပတ်သက်လို့ ဆရာကြီးရဲ့ လုပ်ဆောင်ချက်တွေကတော့ အင်မတန် များပြားလှပါတယ်။ ဆရာကြီးဟာ “မင်္ဂလာဗျူဟာအသင်းချုပ်” ကို စတင်တည်ထောင်သူ တဦးဖြစ်သလို “မေတ္တာဗြူဟာ”အသင်းရဲ့ တည်ထောင်သူလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၇၆-ခုနှစ်က စပြီး ဗုဒ္ဓဘာသာသင်တန်းကျောင်းတွေ ဖွင့်လှစ်ကာ ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ်တွေကို တနင်္ဂနွေနေ့တိုင်း အခြေခံ-ဗုဒ္ဓဘာသာသင်တန်းတွေ ပို့ချပေးခဲ့ ပါတယ်။ အခြေခံ ဗုဒ္ဓဘာသာ သင်တန်းတွေရဲ့ အစဟာ ဆရာကြီးက အစပြုခဲ့ တာပါ။ ဆရာကြီးဟာ အခြေခံဗုဒ္ဓဘာသာသင်တန်း၊ အခြေခံ အဘိဓမ္မာ သင်တန်း၊ ယဉ်ကျေးမှုနဲ့ မြန်မာစာသင်တန်း၊ ပရိတ်သင်တန်း၊ ပဋ္ဌာန်းသင်တန်း၊ သက်ကြီးအဘိဓမ္မာသင်တန်း စသည်ဖြင့် သင်တန်းပေါင်းများစွာ ဦးဆောင် ဖွင့်လှစ်ခဲ့ပါတယ်။ အခုလက်ရှိ အဘိဓမ္မာနဲ့ ဘာသာရေးသင်တန်းများ သင်ကြား ပို့ချနေသူ ဒေါ်ခင်လှတင်ဟာ ဆရာကြီးရဲ့ သမီးကြီးဖြစ်ပါတယ်။

ဒါတွေကို ပြောနေရခြင်းကတော့ … “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်ဟာ ဘာသာရေးစာပေလောကမှာ အထင်အရှား ရှိခဲ့ဖူးတယ်ဆိုတာကို သိစေချင်တာ က တကြောင်း၊ “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်နဲ့ ပုဂ္ဂိုလ်ကြီးဟာ ဘယ်လိုမြင့်မြတ်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တယ်ဆိုတာကို သိစေချင်တာက တကြောင်းတို့ကြောင့် ပြောနေရခြင်းဖြစ်ပါတယ်။

အခု သာကီနွယ်အမည်ရ ဘလော့လိပ်စာရှင်ရဲ့ ရေးသားချက်တွေကိုတော့ ဖတ်ကြည့်ရင်သိနိုင်တာမို့ ကျမအထွေအထူး မပြောလိုပါဘူး။ ဘလော့လိပ်စာ၊ ၀က်ဘ်ဆိုက်လိပ်စာတို့ဆိုတာကတော့ မိမိနှစ်သက်ရာ နာမည်ပေးကြစမြဲပါပဲ။ ဥပမာ - လူတယောက်ဟာ မျိုးကျော့မြိုင် မဟုတ်ဘဲ မျိုးကျော့မြိုင် ဆိုတဲ့ လိပ်စာနဲ့ ဘလော့တခု ၀က်ဘ်ဆိုက်တခု ကိုယ့်ဘာသာ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလူဟာ အနုပညာလောကထဲကို ၀င်မယ်ဆိုရင်တော့ မျိုးကျော့မြိုင် ဆိုတဲ့ အမည်ကို သုံးလို့မရပါဘူး။ ဒီလိုပါပဲ ရွှေဥဒေါင်းရဲ့ စာပေတွေကို နှစ်သက်လို့ ရွှေဥဒေါင်းအမည်နဲ့ ဘလော့တခု ဖန်တီးထားသူတယောက်ဟာ ကိုယ်ရေးတဲ့စာတွေကို ရွှေဥဒေါင်း အမည် တပ်ခွင့်မရှိပါဘူး။ အဲဒီလိုတပ်မယ် ဆိုရင်လည်း မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။

သာကီနွယ် ဘလော့ပိုင်ရှင်ဟာ မိမိဘလော့အမည်တွင်မက ရေးသားချက် စာများမှာပါ သာကီနွယ်ဆိုပြီး ကလောင်အမည် ရေးထိုးထားတာကို တွေ့ရတဲ့ အတွက် ကျမ ခုလို ပြောရခြင်းဖြစ်ပါတယ်။ တခါတလေကျတော့လည်း လူတချို့ ဟာ ကလောင်အမည် (အနုပညာအမည်) ကို ကောင်းပေ့ ဆန်းပေ့ ညွန့်ပေ သာပေ့ ဆိုတာမျိုး ပေးချင်ကြတယ်။ ကိုယ့်နာမည်ကိုယ် ရွေးရတာ ဆိုတော့ လည်း အကောင်းပဲ ပေးချင်မှာပေါ့။ ဒါကတော့ သဘာဝပါပဲ။ နာမည်ကျော် သီချင်းရေးဆရာကြီး သုခမိန်လှိုင် ဆိုရင် သိဒ္ဓတ္ထလှိုင်ဆိုပြီး အနုပညာအမည် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိဒ္ဓတ္ထဆိုတဲ့ ဘုရားလောင်းရဲ့ အမည်ကို မသုံးသင့် ကြောင်း ၀ိုင်းဝန်းပြောတော့မှ သုခမိန်လှိုင် ဖြစ်သွားရတာလို့ ကြားခဲ့ဖူးပါတယ်။ နာမည်ပဲ ကြိုက်တာပေးလို့ ရကောင်းတယ် ဆိုပေမဲ့ အဲဒီလို မသင့်တော်တာ မျိုးတွေကိုတော့ အထူးသတိထားပြီး ရှောင်ရှားသင့်ပါတယ်။

ဒါကြောင့် ကလောင်အမည် (အနုပညာအမည်) ပေးတဲ့အခါမှာ စစချင်းတော့ အမည်တူရှိမရှိ သတိထားကြစေလိုပါတယ်။ တချို့ကလည်း အမည်တူရှိမှန်းမသိ ဘဲ ကိုယ်ပေးလိုက်ပြီးတော့မှ ရှိနေမှန်းသိခဲ့ရင် အားလုံးကို မပြောင်းသည့် တိုင်အောင် အမည်ရဲ့ အနောက်က ဖြစ်စေ ရှေ့က ဖြစ်စေ အထူးပြုစကားလုံး တခုခု ဖြည့်စွက် ထည့်သွင်းသင့်ပါတယ်။ ဒါ့အပြင် မိမိရေးတဲ့စာနဲ့ မိမိရွေးချယ် တဲ့ ကလောင်အမည်လည်း သဟဇာတ ဖြစ်ရင်တော့ ပိုပြီးကောင်းမယ် ထင်တာပါပဲ။ ဘာသာရေးစာပေ အတည်အခန့် ရေးသားနေသူတယောက်ဟာ “ဖိုးရှုပ်”ဆိုတဲ့ အမည်တပ်ရင် မသင့်တော်သလိုပေါ့။

နိဂုံးချုပ်ရရင်တော့ … သာကီနွယ်ဘလော့ပိုင်ရှင်အနေနဲ့ ဘလော့လိပ်စာကို မပြောင်းလဲသည့်တိုင် ကလောင်အမည်ကိုတော့ ပြောင်းလဲပေးစေချင်ပါတယ်။ မိမိနဲ့ သင့်တော်ရာ အခြားအမည်တခုခု ပြောင်းလဲ လိုက်တာ ကောင်းမယ်လို့ ကျမအနေနဲ့ အကြံပေး တိုက်တွန်းပါရစေရှင် … ။
***
သာကီနွယ်ဘလော့ကို ဖတ်မိရင်း ကျမဆရာကြီး သာကီနွယ်ကို သတိရမိရာက ဆရာကြီးရေးသားခဲ့တဲ့ အထက်ပုံပါ စာအုပ်ကို ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ဆရာကြီး ဟာ ကျမတို့ကို ဘက်ပေါင်းစုံအောင် အသိတရားတွေ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပါ။ ဒီစာအုပ် ဖတ်နေရင်း ကျမတို့ငယ်စဉ်က တမိသားစုလုံး ဆရာကြီးထံမှာ သင်တန်းတွေတက်ခဲ့ပုံ၊ လူမှုရေးလုပ်ငန်း ဘာသာရေးလုပ်ငန်း တွေကို ဆရာကြီးနဲ့အတူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလုပ်ကိုင်ခဲ့ပုံ၊ ဆရာကြီးရဲ့ စာသင်ကြားနည်း စနစ်၊ ဆရာကြီးရဲ့ ဆုံးမစကားတွေ၊ ဆရာကြီးရဲ့ အကျင့် သိက္ခာ သီလ သမာဓိနဲ့ လုပ်ရပ်တွေကို ပြန်လည်မြင်ယောင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဦးမြသောင်း (သာကီနွယ်) အား ရည်မှန်း လို့ ဦးညွတ် ကန်တော့လိုက်ပါတယ် … ။
***
မေဓာဝီ
3rd Sep, 2007
10:45 am

Read More...

Sunday, September 02, 2007

မဲဇာတောင်ခြေ

တလောက ကိုသက်ဦးရဲ့ တောင်းဆိုချက်ကြောင့် ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့တဲ့ “ပုရေနိသင်” အစချီရတုကို ဖော်ပြပေးခဲ့ပြီး ကိုသက်ဦးက “သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လည်း …” ဆိုတာကိုရော သိလား လို့မေးပြီး အဲဒါရှိရင်လည်း ပေးပါဦးလို့ ထပ်မံတောင်းဆို လာပြန်ပါတယ်။ အဲဒီစာသားဟာ ကျမတို့ ကျောင်းတုန်းက သင်ခဲ့ရတဲ့ လက်ဝဲသုန္ဒရအမတ်ကြီး ရေးခဲ့တဲ့ မဲဇာတောင်ခြေ ရတုထဲက စာသားလို့ သိထားပါတယ်။ ကံထပ်ကောင်းချင်တော့ ပုရေနိသင် တုန်းက ကျမ ကိုးကားခဲ့တဲ့ စာအုပ်လေးထဲမှာပဲ ဒီရတုကလည်း ရှိနေတာ ကြောင့် ဒီကနေ့တော့ တခြားစာလည်း မရေးဖြစ်တဲ့ အတူတူ မဲဇာတောင်ခြေ ရတုကလေးသာ တင်လိုက်ပါတယ်ရှင်။

လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ အတ္ထုပ္ပတ္တိကို ဦးစွာဖော်ပြလိုက်ပါတယ်။
***
လက်ဝဲသုန္ဒရ အတ္ထုပ္ပတ္တိ
မဲဇာတောင်ခြေ-ချီ မဲဇာသစ်တောဖွဲ့ရတုရေးသူ လက်ဝဲသုန္ဒရအမတ်ကြီးမှာ ရွှေဘိုမြို့တောင်ဘက် ခရီးလေးတိုင်အကွာ မန်ကျည်းတုံရွာတွင် ၁၀၈၅-ခုနှစ်၌ မွေးဖွားသူ ဖြစ်၍ ငယ်မည်မှာ မောင်မြတ်စံဖြစ်သည်၊ မောင်မြတ်စံ ၇-နှစ်သား အရွယ်မှစ၍ ပညာသင်လျက် ၁၁-နှစ်သားအရွယ်တွင် ရှင်သာမဏေပြုပြီး ၁၄-နှစ်သား အရွယ်တွင် လူဝတ်လဲသည်၊ သာမဏေဘ၀ ဖြစ်စဉ်ကပင် မဟော်ပျို့ကို စပ်ဆိုနိုင်သည်။

ဟံသာဝတီရောက်မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီဟု သမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့ နှင်းအပ်ပြီး ကေတုမတီတွင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်စေသောအခါ ဦးမြတ်စံသည် ကိုးသိန်းသခင်ထံတွင် စတင်ခစား အမှုထမ်းခွင့်ရလေသည်၊ သက္ကရာဇ် ၁၁၁၉-ခုနှစ်သို့ ရောက်သော အခါ အလောင်းမင်းတရားကြီးထံတွင် ခိုလှုံပြန်သည်၊ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ဦးစွာထမ်းရွက်ခွင့်ရသည်၊ နောက်ညီတော်အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ထမ်းရွက်နေထိုင်ခွင့် ရပြန်သည်။

ထိုအခိုက် ‘လက်ဝဲသုန္ဒရ’ ဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရ၏။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရလေသည်၊ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင် နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော် လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့ အပို့ခံရလေသည်။

မဲဇာတောင်ခြေ-ချီ ရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ဘဲ အမြင့်မင်းအိမ်မှာပင် ဘယရ န္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်၊ သားတော် စဥ့်ကူးမင်းလက်ထက်တွင်မူ အထူးအထွေ ချီးမြှင့်ခြင်း မခံရသည့်ပြင် မိမိသခင် အမြင့်မြို့စားကိုပင် မသင့်သောအမှု ကြံစည်ရမည်လားဟု ဆို၍ ကွပ်မျက်ခြင်း ပြုလေသည်။

သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းတရားကြီး မင်းအဖြစ် သို့ ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရ ဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီးအဖြစ်လည်း ထပ်လောင်း သူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုနှစ်လောက်တွင် ကွယ်လွန်အနိစ္စ ရောက်လေသတည်း။
***
မဲဇာသစ်တောဖွဲ့ (ရေးသူ - လက်ဝဲသုန္ဒရအမတ်)

၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။

၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည် … ၊ လေပြည်လာက အေးသောကြောင့်။ …. ။

၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည် … နေခြည်ဖြာမှ နွေးသောကြောင့်။ …. ။
***
တောင်းဆိုသူ ကိုသက်ဦးနှင့်တကွ မြန်မာကဗျာချစ်သူ အားလုံးအတွက်ပါ … ။

မေဓာဝီ
2nd Sep, 2007
8:00 pm
ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

Read More...

Saturday, September 01, 2007

ပြန်လည်ဖြေရှင်းခြင်း ...

သြဂုတ်လ ၂၄ ရက်နေ့က ရေးခဲ့တဲ့ “မြင်သမျှ … ဘ၀င်မကျ” ပို့စ်မှာ ကျောင်းသားဟောင်းဆိုသူရဲ့ ကွန်မန့် ၂ ခုကို ဖတ်လိုက်ရပါတယ်။ အဲဒီကွန်မန့်နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချင်လို့ ဒီစာကို ရေးပါတယ်။
***
အမည်မပါသော ကျောင်းသားဟောင်း ဆိုသူရှင့် …
အဲဒီကွန်မန့်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြန်ပြောပါရစေ … ။

(၁) ကျမရဲ့စာကို ဟစ်တိုင်မှာ ဖော်ပြတဲ့အတွက် အခကြေးငွေ တပြားတချပ်မှ မရပါဘူး။ ဟစ်တိုင်က ကျမစာကို ဖော်ပြချင်တယ်လို့ ကွန်မန့်ပေးထားတဲ့ အတွက် ကျမက ခွင့်ပြုလိုက်ရုံ သက်သက်ပါ။ ကလောင်အမည်နဲ့ပတ်သက်ပြီး ကျမပြောင်းလဲလိုက ပြောင်းပေးမယ်လို့ ဟစ်တိုင်က ပြောခဲ့ပေမဲ့ ကျမဘလော့ မှာ မေဓာဝီလို့ ပေးထားပြီးဖြစ်လို့ (အားလုံးသိပြိးဖြစ်တဲ့အတွက်) ဒီတိုင်းသာ ထည့်ဖို့ ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် professional ဆန်တယ်ဆိုတဲ့ စကားကို ရုပ်သိမ်းပေးစေလိုပါတယ်။

(၂) ကျမရဲ့ မည်သည့်စာမဆို ကိုယ်ပိုင်ခံစားချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ဒီစာမှာရေးထားတဲ့ ကိုယ်ပိုင်ခံစားချက်ဆိုတာကတော့ မိဘ၊ သားသမီး၊ အုပ်ချုပ်သူ၊ ပြည်သူ … အားလုံးကို ကိုယ်စားပြုတဲ့ ကိုယ်ပိုင်ခံစားချက် ဖြစ်ပါတယ်။ ဒါကြောင့် ကျမစာဟာ ကျမဘလော့မှာပဲရှိရှိ ဟစ်တိုင်မဟုတ်တဲ့ တခြား ဘယ်နေရာမှာပဲ ဖော်ပြ ဖော်ပြ ကျမရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်က သွေဖယ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမ လိပ်ပြာသန့်စွာ ဟစ်တိုင် အတွက် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

(၃) ကျမဟာ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ နိုင်ငံရေးလည်း နားမလည်ပါဘူး။ ကျမ ရေးချင်တဲ့စာကို ကျမ လွတ်လပ်စွာရေးသားခွင့်ရှိတဲ့ ကျမဘလော့မှာ ကျမ ရေးနေတာပါ။ ကျမခံစားချက်ဟာ ဒီကနေ့ ခေတ်ကို ထင်ဟပ်တဲ့ စာဖြစ်ချင်ဖြစ်မယ်၊ ရှေးကဗျာတွေအကြောင်းဖြစ်ချင်ဖြစ်မယ်၊ ဘာသာရေးနဲ့ ပတ်သက်ချင်ပတ်သက်မယ်။ ကျမစာတွေ အားလုံးကို ဖတ်ကြည့် ရင် ကျမရဲ့ သဘောထားကို သေချာသိနိုင်ပါတယ်။ တခုရှိတာကတော့ အမြင်မတော်ရင် ကျမက ဝေဖန်တတ်ပါတယ်။ အဲဒါကို နိုင်ငံရေးလို့ သတ်မှတ် ပါသလား။ ကျမ ဒီသတင်းစာ ဆောင်းပါး တခုထဲကို ဝေဖန်ခဲ့တာ မဟုတ်ပါဘူး။ အရင့်အရင်ကလည်း ဒီလိုပဲ ဝေဖန်ချက်တွေ ရေးခဲ့ဖူးပါတယ်။ နောက်ဆုံး ခေတ်ပြိုင်က ဆောင်းပါးကိုပါ ဝေဖန်ခဲ့သေးတာပဲ။

(၄) များသောအားဖြင့် ကွန်မန့်တွေမှာ ဆဲဆိုကြရင် ကျမ လစ်လျူရှု လေ့ရှိ ပါတယ်။ ကျမကိုဆဲထားတာတောင်မှ ကျမ ဖျက်လေ့မရှိပါဘူး။ လူတိုင်းရဲ့ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်ရာကျမှာစိုးလို့ပါ။ တရားလွန် စော်ကား လာရင်တော့ ကျမ ကန့်သတ်မှာဖြစ်ပါတယ်။ ဒါက ကျမဘလော့အတွက် ကျမရဲ့ ကိုယ်ပိုင်စည်းမျဉ်း တခုသာ ဖြစ်ပါတယ်။
“မမေဓာဝီကိုယ်တိုင် ဒီလို အောက်တန်းကျတဲ့လုပ်ရပ်ကို အားပေးသလို ဖြစ်နေတာကို ပြန်လည် ဆင်ခြင်နိုင်စေဖို့ပါ။”
အဲဒီလို ပြောပုံအရ ကျမကပဲ အောက်တန်းကျတဲ့ လုပ်ရပ်ကို အားပေးနေ သလိုဖြစ်နေပါတယ်။ အဲဒီပို့စ်မှာ လာရေးသမျှ ကွန်မန့်တွေကို ကျမက ဘာများ တုန့်ပြန်ခဲ့လို့ ဒီလို စွပ်စွဲရတာပါလဲရှင်။

(၅) ကျမကို ရယ်တဲ့ ကျောင်းသားဟောင်းရဲ့ ကွန်မန့်ကို ဖတ်ပြီး ကျမလည်း ရယ်နေမိပါတယ်။ ကျမ အကြောင်း မသိလို့ ဒီလိုရေးတာပဲ။ “အိမ်ကြီးပေါ်မှာ အခန့်သားအင်တာနက်သုံး၊ သွားစရာရှိကားလေးနဲ့သွား …” ဒီစာသားတွေဟာ ကျမအကြောင်းမသိလို့သာ ရေးတာပဲလို့ တွေးမိပြီး ကျမ ရယ်နေမိတာပါ။ နောက်တခုက ကျမက သူများ မြှောက်တိုင်း မြောက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစား မဆင်ခြင် လျှောက်လုပ်တတ်တဲ့ ဆယ်ကျော်သက် နှစ်ဆယ်ကျော် သက် အရွယ်မဟုတ်ပါဘူးရှင်။ ကျမအကြောင်း သေချာစုံစမ်းလိုက်ပါဦး။

(၆) “အခုရေးတဲ့ပို့စ်ဟာ ရာသီပေါ် သီးနှံလိုပါပဲ။ ငါးပွက်ရာ ငါးစာချတဲ့ မမေဓာဝီရဲ့ လုပ်ရပ်ကို မချီးကျူးတဲ့အတွက် ကျွန်တော့်ကို ကြိုက်သလို အပြစ်တင်စကား ပြောနိုင်ကြောင်းပါ။”
ကျမကို မချီးကျူးတဲ့အတွက် အပြစ်မတင်ပါဘူး။ သို့ပေမဲ့ အဲဒီပို့စ်ကို ရေးရခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ အုပ်ချုပ်သူနဲ့ ပြည်သူဟာ မိဘနဲ့ သားသမီး ဆိုတဲ့ လွဲမှားတဲ့အယူအဆကို လက်မခံနိုင်တဲ့အတွက် ရေးရခြင်းပါပဲ။ ဒါကို ရာသီပေါ် သီးနှံ … ငါးပွက်ရာ ငါးစာချခြင်းလို့ ဘာကြောင့်များ သတ်မှတ်ရတာပါလဲ။ ကျမဖြင့် စဉ်းစားလို့ မရပါဘူး။ အဲဒီစာကို ရေးလိုက်လို့ ရလာမယ်ထင်တဲ့ အကျိုးအမြတ်ကို ကျောင်းသားဟောင်းကပဲ ခန့်မှန်းပေးကြည့်ပါအုံး။

(၇) “ကိုယ်နာမည် ကြီးဖို့အတွက် လျှောက်မလုပ်ပါနဲ့ မမေဓာဝီ။ လိုင်းမပူးပါနဲ့။ စာပေဆိုရင် စာပေပေါ့။ နိုင်ငံရေးဆိုရင် နိုင်ငံရေးပေါ့။”
အဲဒါလည်း အတော်ရယ်ရတာပဲ။ စာပေနဲ့ နိုင်ငံရေးကို တလိုင်းစီခွဲထားတဲ့ ကျောင်းသားဟောင်းရဲ့ စကားကို ကျမ အလွန်သဘောကျမိတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဂျာနယ်ကျော်ဦးချစ်မောင်၊ သိန်းဖေမြင့် စတဲ့ နိုင်ငံရေးသမားကြီးတွေဟာ စာပေရော နိုင်ငံရေးရော လုပ်ခဲ့သူတွေ မဟုတ်ပါလား။ ဒီလိုပြောလို့ ကျမက နိုင်ငံရေးလုပ်နေသူလို့ မထင်ပါနဲ့အုံးနော်။ ကျောင်းသားဟောင်းပြောတဲ့ နိုင်ငံရေးမျိုး ကျမ နားမလည်ပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံမှာနေတဲ့ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဒီနိုင်ငံရဲ့ အရေးကိစ္စကို ကျမ တတ်စွမ်းသလောက် လုပ်ပါတယ်။ ဒါဟာ နိုင်ငံသားတိုင်းမှာ ရှိတဲ့ တာဝန်မို့ လုပ်တာပါ။ ကိုယ်နာမည်ကြီးဖို့ လျှောက်လုပ်တယ်ဆိုတဲ့ စကားကို ရုပ်သိမ်းပေးစေလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျမနာမည်ကြီး ချင်ရင် ဘလော့မရေးပါဘူး။ စာနယ်ဇင်းတွေမှာ ရေးမှာပေါ့။ ကိုယ်ပိုင် စာအုပ် တွေ ထုတ်မှာပေါ့။ ကျမ အပျော်တမ်း ဘလော့ရေးတယ်၊ ကိုယ်မြင်တွေ့ ကြားသိ ခံစားနေရတဲ့ လက်ရှိဘ၀တွေကို ရေးတယ်။ ဒါဟာ နာမည်ကြီးချင်စိတ်နဲ့ လုပ်နေတာ လုံးဝမဟုတ်ဘူးဆိုတာ ကျောင်းသားဟောင်းအနေနဲ့ သိစေချင် ပါတယ်။

(၈) “ကျွန်တော်တို့နဲ့ အမှန်တကယ် ပူးပေါင်းလိုရင် မမေဓာဝီဘလော့ဂ်မှာ ပို့စ်တစ်ခုတင်ပြီး မမေဓာဝီရဲ့ ခံယူချက်တွေ၊ အယူအဆတွေကို ပြောပြပေးပါ။ ကျွန်တော်တို့ ရအောင် ဆက်သွယ်ပါ့မယ်။”
ကျမရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ အယူအဆတွေကတော့ ကျမဘလော့မှာ စဉ်ဆက်မပြတ် ရေးခဲ့တဲ့ စာတွေကို ဖတ်ရင် သိနိုင်ပါတယ်။ ဒါတွေကိုသိလို့ ကျမကိုဆက်သွယ်လိုရင်လည်း လွယ်လွယ်လေးပါ။ ကျမ ဘာကိုမှ လျှို့ဝှက် မထားပါဘူး။ ကျမစာတွေကို ဖတ်ကြည့်ပြီးတာနဲ့ ကျမအမည်ရင်း၊ နေရပ်၊ လုပ်နေတဲ့ အလုပ်အကိုင် အားလုံးကို သိနိုင်ပါတယ်။ ကျမရုပ်ပုံကြီးကလည်း ဟိုးနဖူးစည်းမှာ ရှိနေတာပဲမို့ လူလည်း မမှားလောက်ပါဘူး။

(၉) “သြော် ဒါနဲ့ မမေဓာဝီ ရေးထားတာလေးတွေ့လို့ပါ။ အမှားတွေ့ရင် ထောက်ပြပါ။ ပြင်မှလည်း တိုးတက်မယ် ဆိုလို့ပါ။ မမေဓာဝီရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်ဖို့ ကျွန်တော်က ထောက်ပြနေပါပြီဗျာ။”
ကျမစာထဲမှာ မှားယွင်းမှု တစုံတရာ တွေ့ရင် ထောက်ပြဖို့ မနေ့ကပို့စ်မှာ ပြောခဲ့ပါတယ်။ အခု ကျမကို ထောက်ပြတာက စာကိုလား လူကိုလား။ ကျမ မြင်သလောက်တော့ အဲဒီနေ့က တင်ခဲ့တဲ့ စာထဲက အချက်အလက် မှားယွင်းလို့ ထောက်ပြတာမျိုး တစုံတရာ မတွေ့ရဘဲ ကျမကိုသာလျှင် သက်သက်မဲ့ တိုက်ခိုက် နေသလို ဖြစ်နေပါတယ်။

နိဂုံးချုပ်ရရင်တော့ … ကျောင်းသားဟောင်းရဲ့ ကွန်မန့် အစအဆုံးဖတ်ပြီး လိုရင်း က စာကိုပြောချင်တာလား၊ လူကို ပြောချင်တာလား နားလည်ရခက်လှစွာ ကျမ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
1st Sep, 2007
10:40 am

Read More...